၅၇။ပျက်စီးခြင်းနှင့်ချမ်းသာခြင်း
ထို့ကြောင့် ခဲယဉ်း ဆိုးယုတ်သော နေ့ရက် ကာလ၌ ဆီးတားနိုင့်သဖြင့် ကိစ္စ အလုံးစုံ တို့ကို ပြီးစီး၍ ခံရပ်နိုင်မည့် အကြောင်း ဘုရား သခင်ပြင်ဆင် တော်မူသော လက်နက် စုံကို ယူဆောင်ကြလော့။ …ဘုရားသခင်၏ နှုတ်ကပတ်တော် တည်းဟူသော ဝိညာဉ် တော်၏ ထားကို၎င်း ယူဆောင်ကြ လော့။ (ဧ ၆း ၁၃၊ ၁၇)။
ဘုရားသခင်၏ နှုတ်ကပတ်တော်သည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင်ခြင်း၊ သန်လျက် တကာတို့ထက် ထက်ခြင်းနှင့် ပြည့်စုံသည် ဖြစ်၍ အသက်နှင့် စိတ်ဝိညာဉ် ကို၎င်း အရိုးအဆစ်နှင့် ခြင်ဆီကို၎င်း ပိုင်းခြား၍ ထုတ်ချင်း ခွင်းတတ်၏။ စိတ်နှလုံး အကြံအစည် များကို လည်း သိမြင်တတ် ၏။ (ဟေဗြဲ ၄း၁၂)။
ငါ၏ နှုတ်ကပတ် တော်သည် မီးကဲ့သို့၎င်း ကျောက်ကို ထုချေသော သံတူကဲ့သို့ ၎င်း ဖြစ်သည် မဟုတ်လောဟု ထာဝရဘုရား မေးတော် မူ၏။ (ယေ ၂၃း၂၉)။
ယုံကြည်ခြင်းကို အစအဦး စုံလင်စေသော သခင်ဘုရားကို စေ့စေ့ထောက်ရှု ဆင်ခြင် သော အခါတွင်လည်း သခင် ဘုရားသည် စာတန်၏ စုံစမ်း လှည့်ဖြားခြင်းများကို ပထမအာဒံကဲ့သို့ ကျဆင်း ဆုံးရှုံးသွားခြင်း မရှိဘဲ အောင်မြင်ခဲ့သည် မှာ ကျမ်းစာ အားဖြင့်သာ ဖြစ်ကြောင်း အထင်အ ရှားပင် ဖြစ်ပါသည်။
(ရှင်မဿဲ ၄း၁-၁၁)တွင် သခင်ဘုရားက ဤလောကတွင် နေစဉ် စာတန်၏ ပရိယာယ်များနှင့် လှည့်စား ဖြားယောင်း သွေးဆောင် ခြင်းများကို မည်ကဲ့သို့ အောင်နိုင်ကြောင်းကို သက်သေ ပြထား ပါသည်။ ဆရာကြီး ဒီအယ်မူးဒီက ‘သမ္မာကျမ်းစာ ဆိုတာ အသိတရား ရရှိရုံ သက်သက် မဟုတ်ပါ။ လက်တွေ့ နာခံလိုက်လျှောက်ဖို့ ဖြစ်သည်’ဟု အလွန် ဆီလျော်သော စကားကို ဆိုခဲ့ဖူး ပါသည်။
သခင် ဘုရားအား စာတန်မှ စုံစမ်းသွေး ဆောင်ခြင်းကို အရင်း စစ်ကြည့်သောအခါ ကမ္ဘာဦးကျမ်း ကတည်းက အာဒံအား သွေးဆောင်ဖြား ယောင်းခဲ့သော နည်းဗျူဟာ အဟောင်းကြီး ပင်ဖြစ် ကြောင်း သိရပါသည်။
၁။ ဘုရားသားဆိုတာ ပေးထားတဲ့ အခွင့်အာဏာကို အလွဲအသုံးချဘို့မဟုတ်။
သခင်ယေရှုခရစ်သည် ဘုရားသားအစစ် အမှန်ဖြစ်သလို ဘုရား စင်စစ်လည်းဖြစ်ပြီး လူ့ လောကသို့ လူ့ဇာတိကို ခံယူပြီးြ<ွကလာသော အရှင် သခင်ဖြစ်၍ တန်ခိုးတော် အနန္တလည်း ရှိပါသည်။ စာတန်က ထိုတန်ခိုးများကို အသုံးပြု၍ ကျောက်ခဲ များကို မုန့်ဖြစ်စေပြီး ဘုရား သားတော် မှန်ကြောင်း သက်သေ ပြခိုင်းပါသည်။ ဘုရား သားတော်မှန် သောကြောင့်၎င်း၊ မိမိ၌ရှိသော တန်ခိုးကို မိမိ ကိုယ်အား ပြစားရန် အလွဲ သုံးစား မပြုလို၍၎င်း စာတန်၏ လှည့်ဖြား သွေးဆောင်မှုကို သခင်ဘုရား အောင်မြင်ခဲ့သည်မှာ ကျမ်းစာကို နှလုံးသွင်းထား၍ ထိုနှုတ်ကပတ်တော် ထားဖြင့် အောင်မြင်ခဲ့ပါသည်။
လူသည် မုန့်အား ဖြင့်သာ အသက်မွေးရ သည်မဟုတ် သခင်ဘုရား မိန့်တော်မူသမျှ အားဖြင့် သာမွေးရမည်၊ ကျမ်းစာ လာသည်ဟု ပြန်၍မိန့် တော်မူ၏။(မဿဲ ၄း၎)။
၂။ ဘုရားသားဆိုတာ လူအထင်ကြီးလာအောင် ပြုမူဆောင်ရွက်ဘို့မဟုတ်။
စာတန်က ကျမ်းစာကို အသုံးပြုကာ ဗိမာန်တော် အထွဋ်မှ အောက်သို့ ခုန်ချလိုက်ပါက ကျမ်းစာ၌ (ဆာ ၉၁း၁၁-၁၂) ကတိ ရှိသည်အတိုင်း ကောင်းကင်တမန်များက သင့်ကို လက်ဖြင့် မစချီ ပင့် ထားမည်ဟု စုံစမ်း သွေးဆောင် ပြန်ပါသည်။ အချို့ အနက်ဖွင့်ကျမ်းများက သခင်ဘုရား ဤကဲ့သို့ ခုန်ချ လိုက်သော အခါ အောက်မှ ကောင်းကင် တမန်များက ချီပင့်ထားသည်ကို လူများ မြင်တွေ့ပါက သခင် ဘုရားအား အလွန်ပင် အထင်ကြီးပြီး ရိုသေ ရှိခိုးလာကြရန် စာတန်က ကလိမ်ညဏ် ဆင်သည် ဟု ဖေါ်ပြ ထားပါသည်။ တစ်နည်း ဆိုရသော် သမ္မာကျမ်းစာကို အသုံးချပြီး မိမိကိုယ်ကို လူအများအ ထင်ကြီး အောင် မိမိကို လူအများ ရိုသေရှိခိုးချင်လာ အောင် လုပ်သူ စာတန်၏ သွေးဆောင် ဖြားယောင်း မှုကို သခင်ဘုရားက
‘သင်၏ ဘုရားသခင်ကို သင် သည်အစုံအစမ်း မပြုရဟု ကျမ်းစာလာသည် ဟု မိန့်တော် မူ၏။ (မဿဲ ၄း၇)။
ဟု နှုတ်ကပတ်တော်ကို နှလုံးသွင်းကာ စာတန်ကို တုန့်ပြန်ခဲ့သည်ကို တွေ့နိုင်ပါသည်။ ယနေ့ နှုတ်ကပတ် တော်ကို အမှန်တကယ် ယုံကြည်သည်ထက် မိမိအတွက် စားပေါက်ချောင် လူအထင် ကြီးလာရန် ပြုလုပ်လိုသူများအတွက် သတိပြု ဆင်ခြင်စရာ ပင်ဖြစ်ပါသည်။
၃။ ဘုရားသားဆိုတာ စာတန်ကို ကိုးကွယ်ဘို့မဟုတ်။
နာက်ဆုံး စာတန်က သခင်ဘုရားအား အလွန် မြင့်လှသော တောင်ပေါ်သို့ ဆောင်သွားပြီး တစ်လောကလုံးကို မြင်စေကာ သူအား ညွတ်ပြပ် ကိုးကွယ်လျှင် တိုင်းနိုင်ငံများ၏ ဘုန်းကို ပေးမည် ဟု သွေးဆောင် ဖြားယောင်းခဲ့ပါသည်။ ဘုန်းရှိ လာသော လူများကို လူအများက ကိုးကွယ်လာ ကြပါ သည်။ တစ်နည်း ဆိုရသော် လူသားအချင်းချင်း၏ ကိုးကွယ်အားကိုးမှုကို လိုချင်၍ ဘုန်းတန် ခိုး ကြီးမားအောင် လုပ်ခဲ့သော ပုဂ္ဂိုလ်များစွာကို သမိုင်း အဆက်ဆက် ကျွန်ုပ်တို့ တွေ့ဖူးကြပါလိမ့်မည်။ ထိုစုံစမ်းခြင်း ကိုလည်း သခင်ဘုရားက
‘အချင်းစာတန် ငါ့နောက်သို့ ဆုတ်လော့။ သင်၏ ဘုရားသခင် ကို ကိုးကွယ်ရမည်။ ထိုဘုရားသခင် ကိုသာ ဝတ်ပြုရမည် ကျမ်းစာလာသည်ဟု မိန့် တော်မူ၏။'(မ ၄း၁ဝ)။
သခင်ဘုရား ကဲ့သို့ စာတန်၏သွေး ဆောင်မှုများကို အောင်မြင်နိုင်ရန် ကျွန်ုပ်တို့၌ နှုတ်ကပတ်တော် တည်းဟူသော ထားရှိနေပါပြီ။ ထိုထားကို ထက်အောင်သွေးကာ စာတန်၏ ပရိယာယ်နှင့် သွေးဆောင် ဖြားယောင်းမှုများ ကို အောင်မြင်ရန် ဘုရားသခင်ကောင်းကြီးပေး မစ ပါစေ။
ငါတို့သည် လူဇာတိ၌ ကျင်လည်သော်လည်း ဇာတိပကတိ အလိုသို့လိုက်၍ စစ်တိုက်ကြ သည် မဟုတ်။ ငါတို့ စစ်တိုက်၍ သုံးစွဲသော လက်နက်သည် ဇာတိ ပကတိ လက်နက်မဟုတ်။ ဘုရား သခင်၏ တန်ခိုးတော် အားဖြင့် မြို့ရိုးမြို့ပြတို့ကို ဖြို ဖျက်နိုင်သော လက်နက်ဖြစ်၏။ ထိုလက်နက်အား ဖြင့် လူတို့၏ အကြံအစည် တိုကို၎င်း၊ ဘုရားသခင်ကို သိသော ပညာကို ဆီးတားသော မာန်မာန ရှိသမျှ တို့ကို ၎င်း၊ နှိမ့်ချ မှောက်လှန်၍ ခပ်သိမ်းသော စိတ်တို့ကို ဖမ်းချုပ်ထားလျက် ခရစ်တော်၏ စကား တော်ကို နားထောင်စေကြ၏(၂ကော ၁ဝး၃-၅)။
”ကျွန်တော် ဘယ်လောက်ပဲ ပင်ပန်းနွမ်း နယ်ပါလေစေ..သမ္မာကျမ်းစာကို မဖတ်ဘဲ အိပ် ခဲ့တဲ့ည တစ်ညမှ မရှိပါ..”(ဗိုလ်ချုပ်ကြီးဒေါက် ကလပ်မက်အာသာ)။
နှုတ်ကပတ်တော်ကို မထီမဲ့မြင် ပြုသောသူသည် ပျက်စီးလိမ့်မည်။ ပညတ် တရားတော် ကို ခန့် ညားသော သူမူကား ချမ်းသာ ရလိမ့်မည်။ (သုတ္တံ ၁၃း၁၃)။
၂၀၁၀ ခုနှစ် သြဂုတ်လထုပ် စိန်ခေါ်သံမဂ္ဂဇင်းမှ Rev. ဦးအောင်သက်သက်ညွှန့်၏ စာမူကို ပြန်လည်ကူယူ ဖော်ပြပါသည်။
၅၈။ဝိညာဉ်ရေးရာသေခြင်း
ဒုစရိုက်အပြစ်၌၄င်း၊ ဇာတိပကတိ၏ အရေဖျားလှီးခြင်းကိုမခံသော အဖြစ်၌၄င်း သေလျက်ရှိနေသော သင်တို့ကို ခရစ်တော်နှင့် အတူ အသက်ရှင်စေ၍၊ သင်တို့ အပြစ်ရှိသမျှတို့ကို လွှတ်တော်မူ၏။ ငါတို့နှင့် ဆန့်ကျင်ဘက်ဖြစ်သော ဝိနည်း အထုံးအဖွဲ့ နှင့် စပ်ဆိုင်သော လက်မှတ်ကိုချေ၍၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားလျက်၊ ငါတို့စပ်ကြားထဲက ပယ်ရှင်းတော်မူပြီ။ အထွဋ်ိအမြတ်၊ အာဏာစက်များကို လုယူလျှင်၊ ထင်ရှားစွာ ထုတ်ပြ၍ လက်ဝါးကပ်တိုင်တော်အားဖြင့် အောင်ပွဲကိုခံတော်မူပြီ။ (ကောလော ၂း၁၃-၁၅)
တစ်စုံတစ်ယောက်သည် ၀ိညာဉ်ရေးရာတွင် သေဆုံး (သို့) အသက်ရှင်နေကြောင်း မည်သို့ သိနိုင်ပါမည်နည်း။
တစ်ခါက အသင်းတော် တစ်ခုမှ သင်းအုပ်ဆရာနှင့် အသင်းတော် လူကြီးများသည်။ ပန်းချီဆရာ တစ်ယောက်ကို သေဆုံးခါနည်း အသင်းတော်တစ်ခု၏ ပုံကို ရေဆွဲပုံဖော်ရန် ငှါးရမ်းခြင်း ခံရသည်။ ထိုသူသည် အတော်ကြာသော အခါ အသင်းတော်သို့ ပြန်လာည်ရောက်ရှိလာပြီး ရေးဆွဲပြီး ပုံများကို အပ်နှံလိုက်သည်။ ပထမ ပုံတစ်ပုံမှာ ခန့်ငြားထည်ဝါသော အမိုးချွန်ချွန်ကြီးနှင့် အဆောက်အဦးပုံကြီး၏ ပုံ၏ပုံကိုေ၇းဆွဲထားသည်။ ပုံတွင် လူမြောက်များစွာ သည် ၀တ်ကောင်း စားလှများဖြင့် တံခါးမှ ၀င်ရောက်နေပုံဖြစ်သည်။ နောက်တစ်ပုံမှာမူ အသင်းတော်၏ အတွင်း ပိုင်းတွင် ကောင်းမွန်သော ပရိဘောဂ တန်ဆာများ ရှိနေသည်သာမက တန်ဘိုးအလွန်တရာကြီးမားသော မီးပန်း ဆိုင်းကြီး များကိုလည်း ချိတ်ဆွဲထားသည်။ အခန်းထဲရှိ လူငယ် ၀တ်ပြုဆောင် ခန်းမကြီးထဲတွင် လူငယ်များက ခေတ်ပေါ် ပစ္စည်းများကို အသုံးပြုပြီး ဂိမ်းကစားနေကြသည်။ အခြား ပုံတစ်ခုတွင် `မိတ်သဟာရခန်းမဆောင်´ ထဲ တွင် ကောင်းမွန်သော ဖွယ်ဖွယ်ရာရာ စားသောက်စရာများ အပြည့် တင်ထားသည်။ ထိုင်နေသောသူတို့၏ ပန်းကန် များ ထဲတွင်လည်း စားသောက်စရာများက အပြည့် ဖြစ်နေသည်။
ထိုပုံများကို အသင်းတော်လူကြီးက မြင်သောအခါ `မင်းကို ဆွဲခိုင်းလိုက်တဲ့ပုံက သေခါနည်း အသင်းတော် တစ်ခုရဲ့ပုံကို ဆွဲခိုင်း လိုက်တာလေ´ `ငါတို့ မြော်လင့်ထားတာက အဆောက်အဦးကြီးက ပြိုပျက်ခါနီး ခြုံနွယ် ပိတ်ပေါင်း တွေ ကလည်း အပြည့်၊ တံခါးတွေက ကျိုးပျက်နေမယ်၊ အတွင်းပိုင်းမှာလည်း အရောင်မွဲခြောက် ခြောက်နဲ့ ရှုပ်ရှက် ခပ်နေတဲ့ အခန်း၊ ပရိဘောဂတွေ ကလည်း အားနည်းနေမယ်၊ စတဲ့ အရာတွေ ပါဝင်နေမယ် လို့မျှော်လင့်ထားတာ။ ဒါပေမဲ့ မင်းဆွဲလာတဲ့ပုံကလည်း အဲဒီလို မဟုတ်ပါလား။´
ထိုအခါ ပန်းချီးဆရာက ကျမ်းစာကို ဖွင့်ပြီး ဗျာဒိတ် ၃း၁ မှာ ရေးထားတဲ့ သွာဒိ အသင်းတော်အကြောင်းကို ဖတ်ပြ လိုက်ပါသည်။
သာဒိမြို့၌ရှိသောအသင်းတော်၏ တမန်ကိုဤသို့ရေး၍ မှာလိုက်လော့။ ဘုရားသခင်၏ ဝိညာဉ်ခုနစ်ပါးနှင့် ကြယ်ခုနစ်လုံးရှိသောသူ၏ အမိန့်တော်ကား၊ သင်၏အကျင့်ကိုငါသိ၏။ သင်သည်အသက် ရှင်ဟန်ရှိသော်လည်း သေလျက်နေသည်ကိုငါသိ၏။ (ဗျာဒိတ် ၃း၁)
သူက ကျမ်းစာကို ရွတ်ဆိုလျှက်ပင် ဆက်လက်၍ သွာဒိ အသင်းတော်အကြောင်းကို ဆက်လက် ပြောခဲ့ပါသည်။ အသင်းတော် သေဆုံးသည် ဆိုသည်မှာ ၀ိညာဉ်းရော သေခြင်းပင်ဖြစ်သည်။ ထိုအသင်းတော်တွင် ပြင်ပ လက္ခဏာ များ အားလုံး အပြည့်အစုံ ရှိနိုင်ပါသည်။ ထိုသွာဒိ အသင်းတော်သည် မြို့ထဲမှ အကောင်းဆုံး အဆောက်အဦး တစ်ခု ပင် ဖြစ်သည်။ ထိုအသင်းတော်မှ လူများသည် အားလုံး ၀တ်ကောင်းစားလှများ ရွှေငွေ တန်ဆာများ ရှိနိုင်ပါလိမ့် မည်။ သူတို့၏ သားသမီးများ၊ လူငယ်များတွင် ပျော်ရွှင်ဘွယ် အသက်တာ၊ ပြည့်စုံမှုများ ရှိနိုင်ပါသည်။ သူတို့၏ မိတ်သ ဟာရ ခန်းမကြီး ထဲတွင် အစားကောင်း အသောက်ကောင်းများ ရှိနိုင်ပါသည်။ သို့သော် အတွင်းထဲမှ လက် တွေ့အခြေအနေကို ကျမ်းစာမှ ဖေါ်ပြချက်အရဆိုလျှင် အသင်းတော်ဟာ သေနေသလား၊ အသက်ရှင်နေ သလား ဆိုသည်ကို သင်လက်တွေ့ ခန့်မှန်းနိုင်ပါလိမ့်မယ်။´ ဟု ပြောဆိုခဲ့ပါသည်။
၅၉။ခွန်အားသစ်
”ယခုပင် အကျွန်ုပ်ကိုယ်၌ ခွန်အား အလျှင်းမရှိပါ။ အကျွန်ုပ်အသက်လည်း ကုန်ပါပြီ။” (ဒံယေလ၊ ၁ဝး၁၇)
ဒံယေလက ဤစကားလုံးများ ပြောဆိုချိန်တွင် သူသည် ပင်ပန်းနွမ်းနယ်မှုနှင့် ခြေကုန်လက်ပန်း ကျမှုတို့လွန်စွာ ခံစားနေရ ချိန် ဖြစ်သည်။ ဘုရားသခင်က သူ့အား ရူပါရုံတစ်ခု ပေးအပ်ခဲ့ပြီး ဘုရားသခင်၏ အမှုတော်ကို သစ္စာရှိစွာ ဆက်လက် လုပ်ဆောင်ခဲ့သူ ဖြစ်သည်။ သို့သော် ဒံယေလအတွက် အလွန်တရာ မလွယ်ကူလှပါ။ ဘုရား သခင်ကသူ့အား မိန့်မြွက်တော်မူစဉ် အချိန်အတွင်း သူက ဦးညွှတ်ချလျှက် နှုတ်ဆိတ်နေခဲ့၏။ လုံးဝ အကူအညီ ကင်းမဲ့နေခြင်း နှင့် စိတ်သောက ထိုးနှက်မှုတို့ ခံစားခဲ့ ရသည်။ ဘုရားသခင်၏ ရူပါရုံက သူ့အတွက် နားလည်လက်ခံရန် အလွန် လိုအပ်သော အရာဖြစ်သည်။ စကားတစ်ခွန်းမျှ ဆက်၍ မပြောနိုင်အောင် သူအလွန် ပင်ပန်းနေ ခဲ့သည်။
ဤသို့သော အဖြစ်ကို သင် ခံစားဖူးပါသလား။ ကျွန်ုပ်တို့အတွက် အလွန်ပင်ပန်းပြီး စိတ်သောကနှင့် အားအင် ကုန်ခမ်းမှု ခံစားရသည့် အခြေအနေ တစ်ခုဆီသို့ ဘုရား သခင်က ကျွန်ုပ်တို့အား တခါတရံခေါ် ယူတတ်ပါသည်။ ဤအရာက ကျွန်ုပ်တို့မှားယွင်းသော လုပ်ဆောင်မှုကြောင့်ဟု ဆိုလိုခြင်း မဟုတ်ပါ။
ဘုရားသခင်၏ အမှုတော် ဆောင်ရွက် နေခြင်းကလည်း တခါတရံအလွန်ပင် အင်အားကုန်၊ စိတ်ပင်ပန်းမှု ဖြစ်နိုင်ပါ သည်။ ”ဘုရားသခင်၏ အလိုတော်၌ ရှိနေလျှင် အရာခပ်သိမ်းသည် လွယ်ကူလျှက်ရှိနေပြီး၊ ကျွန်ုပ်တို့အား ပေးအပ်ထားသော ကြီးမြတ်သည့် ဝမ်းမြောက်မှုနှင့် ကျေနပ်ခြင်းတို့ကိုအမြဲ ဖော်ဆောင်နိုင်ကြမည်” ဟု အချို့သောသူတို့က ကျွန်ုပ်တို့အား ပြောပါသည်။ သို့သော်ငြားလည်း များစွာသောဘုရားသခင်၏ အစေခံတို့သည် သူတို့၌ ဘုရားသခင် အပ်ပေးသော အလုပ်တာဝန်အောက်၌ များစွာနာကျင်ခံစားခဲ့ကြရသည်ကို ကျွန်ုပ်တို့ တွေ့ရှိရသည်။ ပရောဖက် ယေရမိက ဘုရားသခင်၏ အမှုတော်ထမ်းဆောင်စဉ်မှာ ထိုအလုပ်က ယေရမိအား နှစ်သက် ကျေနပ်မှု များစွာ မပေးခဲ့ပါ။ ထိုအရာအစား ဘုရားသခင်က သူ့အား လှည့်စားသည်ဟုပင် ခံစားခဲ့ရသည်။ (ယေရမိ၊ ၂ဝး၇) ”ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် အကျွန်ုပ်၌ ကဲ့ရဲ့ခြင်း၊ အစဉ်ပြက်ပြယ်ခြင်းကိုခံစရာအကြောင်းဖြစ် ပါ၏”(ယေရမိ၊ ၂ဝးဂ) ဟု ဟစ်ကြွေးခဲ့သည်။ ဘုရားသခင်၏ အမှုတော်က တောင်းဆိုခြင်းလည်း ဖြစ်နိုင်သည်။ ကျွန်ုပ်တို့၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ခံယူ နားလည်မှုထက်ပို၍ ဘုရားသခင်က ကျွန်ုပ်တို့ထံမှ တောင်းခံနိုင်ပါ သည်။ ဒံယေလလည်း ဤသို့ပင် ခံစားခဲ့ရပါသည်။
ဘုရားသခင်က ဒံယေလအား များစွာသော အကြောင်းအရာများကို ဖော်ပြခဲ့ပြီး ကြီးမြတ်သော အမှုများတွင် သူ့အား အသုံးပြုခဲ့သည်။ သို့သော် ဒံယေလအတွက် အဖိုးအခမှာ ပင်ပန်းမှုနှင့် စိတ်သောကများသာ ဖြစ်ခဲ့ရ၏။
ဘုရားသခင်၏ အစေခံများအဖြစ် ကျွန်ုပ်တို့က လွယ်ကူသော နည်းလမ်းကို အစဉ်မရွေးချယ်နိုင်ပါ။ ကြီးမြတ်သော ဝမ်းမြောက်မှုနှင့် ကျေနပ် နှစ်သက်မှုများကိုသာ အစဉ်အမြဲ မပြုလုပ်နိုင်ပါ။ ကျွန်ုပ်တို့ မသွားလိုသည့် နေရာများသို့သွားရန် ရှိနေပါသည်။ ကျွန်ုပ်တို့ မလုပ်ချင်သော အလုပ်ကို လုပ်ရမည်ဖြစ်ပြီး မပြောချင်သော စကားများ ပြောရ မည်လည်း ရှိပါသည်။
ကျွန်ုပ်တို့၏ ကိုယ်ပိုင် တွေးထင်မှု၊ ကျွန်ုပ်တို့၏ အလိုဆန္ဒနှင့် ကျွန်ုပ်တို့၏ ပင်ကိုယ်စွမ်းရည်များအား ဆန့်ကျင်၍ လုပ်ဆောင်ရန် များလည်း ရှိပါသည်။ ၄င်းအပြင် ကဲ့ရဲ့ပြစ်တင်ခြင်းနှင့် ချိုးဖျက်နှိပ်ကွပ်ခြင်းခံရနိုင်ပါသည်။ သိုရာ တွင် ဘုရားသခင်က သူ့အားပို၍မှီခိုအားကိုးရန်အခြေအနေများကိုအသုံးပြုတော်မူသည်။ ဤသို့သော အခြေအနေ များ တွင် ဘုရားသခင်ကိုချစ်သလား၊ ကိုယ့်ကိုကိုယ်ချစ်သလား၊ ကွဲပြားစွာသက်သေပြနိုင်သည်။ သခင် ယေရှုက ပေတရုအား”ငါအမှန်အကန်ဆိုသည်ကား၊ သင်သည် ပျိုသောအသက် ရှိစဉ် ကိုယ်ကိုကိုယ် ပတ်စည်း၍ အလိုရှိရာ အရပ်ရပ်သို့ သွားလာတတ်၏။ သင်သည် အိုသောအခါ လက်နှစ်ဘက်ကို ဆန့်ပြီးလျှင်၊ သူတပါးသည် သင့်ကို ပတ်စည်း၍ သင်အလိုမရှိရာ အရပ်သို့ ယူသွားလိမ့်မည်ဟု မိန့်တော်မူ၏” (ယော၊ ၂၁း၁၈) သခင် ယေရှုနှင့် အတူ ရှောက်လှမ်းခြင်း၌ ကျွန်ုပ်တို့ အလုံးစုံ အဆင်မပြေသော အတွေ့အကြုံများစွာ ဖြတ်သန်းသွားရန် လိုအပ်ပါလိမ့်မည်။ ဤလမ်းကို ဘယ်တော့မှ မသွားလိုဟု ကျွန်ုပ်တို့ ရွေးချယ်ကောင်း ရွေးချယ် ပါလိမ့်မည်။ သို့သော် သိုးထိန်းကြီးမှာမူ သူ၏ သိုးများအား ကြီးမြတ်သော ပညာနှင့် ဂရုစိုက် စောင့်ထိန်းပေး လျှက် ရှိနေပါသည်။ သူက တောင်းဆိုရုံမျှသာ မဟုတ်ပါ။ လေးသောဝန်ကို ကျွန်ုပ်တို့ ထမ်းရွက်စေခြင်းမျှသာ မဟုတ်ပါ။ ကူညီမစမှုလည်း ပေးသော အရှင် ဖြစ်သည်။ ဒံယေလလည်း ဤသို့ ကြုံတွေ့ခဲ့ရ၏။ ဘုရား သခင်၏ ရူပါရုံကိုခံရ၍ မောပန်း နွမ်းနယ်သည့် နောက်တွင် ဘုရားသခင်က သူ့အား ခွန်အားသစ်ပေး တော်မူခဲ့သည်။
”နောက်တဖန်လူသဏ္ဌာန်ရှိသောသူသည်လာ၍ငါ့ကိုလက်နှင့်တို့လျှက်အားပေးပြီးလျှင်၊ အလွန်ချစ် အပ်သောသူ၊ မကြောက်နှင့်။ ငြိမ်သက်ခြင်းရှိပါစေ။ အားရှိလော့။ ခွန်အားနှင့်ပြည့်စုံလော့ဟုဆို၏။ ထိုသို့ဆိုပြီးမှ ခွန်အားကို ငါရ၍၊ အကျွန်ုပ်၏သခင်၊ မိန့်တော်မူပါ။ အကျွန်ုပ်ကို ခွန်အားပေးတော်မူပြီ”ဟုလျှောက်၏။(ဒံယေလ၊ ၁ဝး၁၉-၂ဝ)
ဘုရားသခင်နှင့် မိဿဟာယဖွဲ့ခြင်း၌ ခွန်အားသစ်ကို ဒံယေလ တွေ့ရှိခဲ့ရသည်။ ထိုခွန်အားသစ်သည် သူ့အား ပြန်လည် တည်ဆောက်မှု ဖြစ်စေသော ဘုရားသခင်၏ အားအင် ပြည့်ဝသည့် နှုတ်ကပတ်တော်နှင့် မေတ္တာနှင့် သင်ကြား ပြသခြင်း တို့အားဖြင့် ရရှိခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင်နှင့် နက်ရှိုင်းစွာ မိဿဟာယ ဖွဲ့ပါ။ မိန့်တော်မူ သမျှကို နားထောင် ကြားနာခြင်းသည် ခွန်အား၏ အံ့သြဘွယ် အရင်းအမြစ် တစ်ခုဖြစ်သည်။ အမှုတော် ထမ်းဆောင်စဉ် ခံစားရသော ပင်ပန်းနွမ်းနယ်မှု အတွက် ဆေးတစ်ခွက် ဖြစ် သည်။ သူ့အနား သို့သွားပါ။ သူ၏ မျက်မှောက် တော်ကို ရှာဖွေပါ။ သင့်အားမိန့် တော်မူချက်ကို နားထောင်ပါ။
ဒံယေလက ဘုရားသခင်ထံမှ စကား(၄)ခွန်း ကြားခဲ့ရသည်။ ပထမဦးစွာ သူကြားရသည်မှာ – ”အလွန် ချစ်အပ်သောသူ”၊ ဘုရားသခင်က သင့်အား ဤသို့ ခေါ်ဝေါ်သည်ကို သင်ကြားနိုင်ပါသလား။ အချိန်ယူ၍ နားထောင်ပါ။ နောက်တဖန် သူကြားရသည်မှာ ”မကြောက်နှင့်”၊ ပူပန်မှုများအား ဘုရားသခင်ရှေ့မှာ ချထားပါ။ဘုရားသခင်နှင့် မှန်ကန်သော မိဿဟာယဖွဲ့မှု ရှိလျှင် ဤစကားကို သင်ကြားရပေမည်။ သခင်ယေရှုက သူ့ထံ လာသူတိုင်းအား ”မကြောက်နှင့်” ဟု အားပေးလို ပါသည်။ ဒံယေလ ကြားရသည့် တတိယစကား မှာ ”ငြိမ်သက်ခြင်း ရှိပါစေ”ဟူ၍ဖြစ်သည်။
နောက်ဆုံးတွင် ”အားရှိလော့။ ခွန်အားနှင့်ပြည့်စုံလော့” ဟုကြားခဲ့ရသည်။ ဤစကားလုံးများကြားနာရခြင်းမှ ခွန် အားသစ်ကို ဒံယေလ ရရှိခဲ့သည်။ ဘုရားသခင်၏ မိန့်တော်မူခြင်းကို ကြားနာခဲ့ရပြီး သူရှေ့ဆက်ရန် လိုအပ်မှု အားလုံးကို ဘုရားသခင်က ပေးတော်မူခဲ့သည်။ အသစ်သော ခွန်အားနှင့် ဝမ်းမြောက်ပျော်ရွှင်မှုကိုလည်း ရရှိခံစား ခဲ့ရပေသည်။
မေးခွန်းများ။
သင်၏ လက်ရှိသာသနာနှင့်ဘုရားသခင်၏ အမှုတော်နှင့် ပတ်သက်၍ သင်မည်ကဲ့သို့ခံစားရသနည်း။သင်ရရှိသော ကြီးမြတ်သည့် ပျော်ရွှင်မှု၊ သင်လုပ်ချင်သောအရာများ၊ သင်မနှစ်သက်သောအရာများနှင့် အလွန်စိတ်ပင်ပန်းစေသော အရာများ စသည်တို့နှင့် ရှုတ်ထွေးနေပါသလား
နာကျင်မှုနှင့် ဒုက္ခ ဆင်းရဲများက ရောင်ပြန်ဟပ်မှုရှိပါသလား။ ဤအရာများက သင့်အတွက် ဘုရားသခင့် အကြံ အစည်တော်၏ အစိတ်အပိုင်းဖြစ်ကြောင်း သင်မည်မျှစဉ်းစားတွေးတောမိပါသနည်း။ အခြေအနေ အားလုံးတွင် သင်ကဘုရားသခင်အားချစ်သည်ကို မည်သို့ဖော်ပြနိုင်မည်နည်း။
ဤသို့သောအခြေအနေတွင် သင့်အားပြောကြားသော ဘုရားသခင်၏စကားတော်မှာမည်သို့ဖြစ်သနည်း။ သူ၏နှုတ်ကပတ်တော်ကြားနာရန်နှင့် ဘုရားသခင်၏သွန်သင်မှုအားတွေ့ကြုံခံစားရန် သူနှင့်နီးကပ်စွာရှိ နေပြီလား။
နာမတော်မြတ်၌
ဦးမင်းလွင်
၆၀။ရှောလမုန်ဘုရင်၏အသက်တာကို ဆင်ခြင်အောက်မေ့ခြင်း
တစ်စုံတစ်ယောက်က သင့်ထံလာ ရောက်၍ ”သင်တောင်းသမျှကို ပေးပါမည်။ တောင်းလိုသမျှကို တောင်းပါ” ဟု ဆိုလာခဲ့ သည်ရှိသော် သင်မည်ကဲ့သို့ တုန့်ပြန်ပါမည် နည်း။ စိတ်ကူးယဉ်ကြည့်ပါ။ ထိုအရာသည် သင့်အတွက် နှစ်ခါ မရနိုင်သော အခွင့်အရေး ဖြစ်သည်မဟုတ်ပါလော။ ကုန်ကုန်ပြောရလျှင် သင့်အတွက် ငွေကြေးပူပင်စရာမရှိ။ ကလေး များအတွက် ပညာရေးလည်း ကောင်းမည်။ အလုပ် ကောင်းကောင်းလည်း ရနိုင်သည်။ အိမ်နီးချင်းများနှင့် မတည့်မှာလည်း မပူပင်ရ ဟု ပြောလာသည်ဆိုပါစို့။ ထိုအရာသည် ဘု ရားသခင်က နှစ်သက်သော အရာ ဖြစ်မလားဟု စဉ်းစားရ ဦးမည် မဟုတ်ပါလား။ သမ္မာကျမ်း စာမှ ကျမ်းပိုဒ်အချို့ကို ကြည့်စေချင်ပါသည်။
နိဒါန်း
ဣသရေလ လူမျိုးများ ချစ်မြတ်နိုးသည့် ရှင်ဘုရင်ကြီး ဒါဝိတ် သည် နိုင်ငံကို အနှစ် (၄ဝ) တိုင်တိုင် အုပ်ချုပ် ခဲ့သည်။ သူ အုပ်ချုပ်သည့် ကာလ တစ်လျှောက် လုံးတွင် နိုင်ငံသည် ငြိမ်းချမ်း သာယာခဲ့သည်။ သူသည် ဘုရားသခင်၏ မျက်မှောက် တော်တွင် သစ္စာရှိ စွာဖြင့် အသက်ရှင် လျှောက်လှမ်း ခဲ့သည်။ သူမသေမီ နိုင်ငံတော်ကို အုပ်ချုပ်ရန် သားဖြစ်သူ ရှောလမုန်၏ လက်တွင် အုပ်နှံခဲ့ပြီး ဘုရားသခင်၏ အလိုတော်နှင့် အညီ အသက်ရှင်ရန်၊ နိုင်ငံကို အုပ်ချုပ်ရန် မှာကြား ခဲ့ပါသည် (၃ရာ ၂း၂-၃)။ ဒါဝိတ် သေဆုံးပြီးနောက် ရှင်ဘုရင် ရှောလမုန် သည်လည်း နိုင်ငံကို အကောင်းဆုံး အုပ်ချုပ် တည်ထောင်နိုင် ခဲ့ပါသည် (၃ရာ ၂း၁ဝ-၁၁)။ ထိုသို့ တည်ထောင်နိုင် ခဲ့သော် လည်း နေ့စဉ် အသက် တာတွင် ကြီးမားသော တာဝန်များ နှင့် စိတ်ခေါ်မှုများ ရှိနေခဲ့ပါသည်။
သင့်၏ကျမ်းစာအုပ်ကို ဖွင့်ပြီး (၃ရာ ၃း၃-၁၅) ကို ဖတ်ပါ။ (ဤစာမျက်နှာနာ၏ နဖူးစီး မီးနူးတွင် ကျမ်းစာကို တစ်ပါတည်း ဖတ်ရှုနိုင်ပါသည်။)
သင့်မည်သည့်အရာကို တွေ့မြင်ပါသလဲ။ ရှော လမုန်သည် ဖခင်ဒါဝိတ်၏ သွန်သင်ချက်နှင့် အညီ အသက်ရှင်လိုက်လျှောက်ခဲ့ပါသလား။
အပိုဒ်ငယ် ၃ တွင် မည်သို့ ဖေါ်ပြထားပါ သနည်း။
———————————————————————————————————————————————————————————-
ထိုကျမ်းပိုဒ်အရ ရှောလမုန်သည် သူ၏ ဖခင် ဒါဝိတ်၏ သွန်သင်ချက် အတိုင်း အမှန် တကယ် လိုက်လျှောက် ခဲ့ပါသည်။ ဘုရားသခင် နှင့် ဘုရားသခင်၏ လူမျိုးတော် အတွက် သူ၏ မေတ္တာ တရားကို ပြသခဲ့ပါသည်။ ဘုရားသခင် ၏လူများသည် ဘုရားသခင်နှင့် လျှောက်လှမ်းသည့် အသက်တာတွင် ဒါဝိတ်နှင့် ရှောလမုန် တို့ကဲ့သို့ စံပြအသက် တာ ဖြစ်ရ မည်ဖြစ်သည်။ ကျွန်တော်တို့၏ ပတ်ဝန်းကျင်မှ လူများအား လုံးအတွက် ကျွန်တော်တို့ သည် စံပြဖြစ်ရမည် ဖြစ်သည်။ ဘုရားသခင်နှင့် လျှောက်လှမ်းရာတွင် ကျွန်တော်တို့ တစ်ဦး တည်းသာ မဟုတ် ကြောင်းကို သတိရပါ။ ကျွန်တော်တို့ ရှေ့မှ အသက်ရှင် လျှောက်လှမ်း သွားသော သူများသည်လည်း ကျွန်တော်တို့နှင့် အတူ ယခု လျှောက် လှမ်းနေကြသည် ဆိုသည်ကို သတိရပါ။
ရှောလမုန်သည် ဘုရားသခင်ကို ချစ် မြတ်နိုးကြောင်းကို သူ၏အသက်တာနှင့် ပြသ ခဲ့လေသည်။ အခန်းငယ် ၅ ကို ကြည့်ပါ။ ဘုရားသခင်က ရှောလမုန်ကို အိမ်မက်ထဲတွင် မည်ကဲ့သို့ ပြောဆိုခဲ့ပါသနည်း။
———————————————————————————————————————————————————————
ကြီးမားသောအရာကြီးများ ဖြစ်လာ ရန် တောင်းလျှောက်ရမည်လား။
ကြီးကျယ် သောအရာများကို တောင်းလျှောက်ရမည်လား။
ရှုပ်နေသော ပြဿနာများကို ဖြေရှင်းခိုင်းရ မည်လား။
ဘာမျှပူပင်စရာ မရှိသောဘဝကို တောင်းလျှောက်ရမည်လား။
သို့သော်လည်း ရှောလမုန် တောင်းလျှောက်သည့်အရာမှာ မည်သည့်အရာဖြစ်ပါသလဲ။
ပထမဦးစွာ ဘုရားသခင်သည် ဖခင် ဒါဝိတ်ကို သူ၏ချစ်မေတ္တာကို ပြသခဲ့သလို သူ့ကိုလည်း ဘုရားသခင်က ချစ်မြတ်နိုးသည်ကို သူလည်းသိပါသည်။ ဘုရားသခင်ကို ရှောလ မုန်က မည်သို့ပြောလိုက်ပါသနည်း။ သူကိုယ် တိုင် သိရှိနားလည်ထားသည်မှာ ဘုရားသခင် အပ်နှင်းထားသောလူများကို အုပ်ချုပ်ရသည်မှာ အလွန်ကြီးမားသော တာဝန်နှင့် အလုပ်ဖြစ် ကြောင်း သိရှိ နားလည်ထား ပါသည်။ မည်သည့် အရာများ လိုအပ်နေ ပါသနည်း။ သူ၏ကိုယ်ပိုင် အစွမ်းခွန်အားနှင့် နိုင်ငံကို အုပ်ချုပ် မင်းလုပ် ပါက အမှန်တကယ် မလွယ်ကူမှန်း သိရှိနား လည်ပြီး ဖြစ်ပါသည် (အခန်းငယ် ၇-၈)။
ထို့နောက် သူ့ကိုယ်သူ နှိမ့်ချစွာပြောဆို ပြီးနောက် ဘုရားသခင်ထံမှ မည်သည့်အရာကို တောင်းလျှောက်ခဲ့ပါသနည်း။ (အခန်းငယ် ၉)။
———————————————————————————————————————————————————————————။
”ကိုယ်တော်ကျွန်သည် ကိုယ်တော်၏လူ တို့ကို တရားစီရင်နိုင်မည်အကြောင်း ကောင်း မကောင်းကို ပိုင်းခြား၍ သိတတ်သောဥာဏ်ကို ပေးသနားတော်မူပါ။ ဤမျှလောက် များစွာ သော ကိုယ်တော်၏လူတို့ကို အဘယ်သူသည် ကိုယ်အလို အလျောက်တရား စီရင်နိုင်ပါမည် နည်းဟု တောင်းလျှောက်၏။” (အခန်းငယ် ၉)
မည်မျှအံ့သြစရာ ကောင်းလိုက်ပါသနည်း။ တောင်းချင်သမျှအရာရာကို တောင်းလျှောက်နိုင် ပါသည်။ ရွှေ၊ ငွေ၊ နန်းတော်ကြီး၊ သား သမီး၊ အသက်ရှည်ခြင်း . . . စသည်တို့ကို တောင်းလျှောက်နိုင်ပါသည်။။ သို့သော်လည်း သူ၏ကိုယ်ရေးကိုယ်တာ အကျိုးအတွက် တောင်းလျှောက်ခြင်းမဟုတ်ဘဲ လူတို့၏ဘဝ အသက်ရှင်မှုအတွက် ဦးစားပေး တောင်းလျှောက် ခဲ့ပါသည်။ ရှောလမုန်သည် ဘုရားသခင် အပ်နှံထားသောသူတို့ကို မှန်သောနည်းလမ်း ဖြင့်သာ အုပ်ချုပ်လိုသည်ကို တွေ့မြင်ရပါ သည်။ သင်မည်ကဲ့သို့ ထင်မြင်ပါသနည်း။ ထို ကဲ့သို့သော ဆန္ဒနှလုံးသားမျိုးကို ဘုရားသခင် နှစ်သက်ပါသလား။ နှစ်သက်ပါသည်။ အခန်း ငယ် ၁ဝ ကိုဆက်လက် ဖတ်ရှုပါက ”ထိုသို့ ရှောလမုန် တောင်းလျှောက်သော ပဌနာစကားကို ထာဝရဘုရား သည် နှစ်သက်တော်မူ၏။” ဟု ရေးသားထားသည်ကို တွေ့မြင်ရပါသည်။
ဘုရားသခင် မည်ကဲ့သို့ တုန့်ပြန်ခဲ့ပါ သနည်း (အခန်းငယ် ၁၂)။
—————————————————————————————————————————————————————————-။
ဘုရားသခင်သည် ရှောလမုန်၏ဆန္ဒ နှင့် တောင်းလျှောက်ချက်ကို လက်ခံခဲ့ပြီး၊ ဘုရားသခင်၏လူများကို အုပ်ချုပ်နိုင်ရန် စဉ်း စား ဆုံးဖြတ်နိုင်သော ဥာဏ်ပညာကို ပေးအပ် ခဲ့သည်သာမက မတောင်းလျှောက်ခဲ့သော စည်း စိမ်ဥစ္စာနှင့် ဂုဏ်အသရေကိုလည်း ပေးမည်ဟု ထပ်မံ၍ ကတိရရှိခဲ့လေသည်။
မဿဲ ၆း၃၃ ကို ဖွင့်၍ဖတ်ကြည့်ပါ။ မည်သို့ ရေးသားထား ပါသနည်း။
———————————————————————————————————————————————————————-။
ဘုရားသခင်၏ နိုင်ငံတော်အကြောင်း ကို ပြောဆိုသောအခါ ကျွန်တော်တို့သည် ဘုရားသခင်၏ နိုင်ငံတော်ကို ဦးစွာရှာကြသော လူများအကြောင်းကို လေ့လာရာတွင် အခြားအ ရာများကိုလည်း ရရှိခံစားခဲ့ကြကြောင်း ကျွန်ုပ် တို့ သင်ယူခဲ့ရကြသည်။ သို့သော်လည်း ကျွန်ုပ် တို့သည် ဘုရားသခင်၏နိုင်ငံတော်ကို မရှာဖွေဘဲ မိမိ၏ အတ္တကောင်းကျိုး များကိုသာ ရှာဖွေ ခဲ့သူများ ဖြစ်နေကြပါသည်။ အချိန်တော်တော် များများတွင် ကျွန်ုပ်တို့သည် ဘုရားသခင်၏ အရေးကြီးသော အရာများကို ဂရုစိုက်ရ မည့်အ စား ကိုယ်ရေးကိုယ်တာ လိုအပ်ချက်များကိုသာ ဦးစားပေးခဲ့ကြသည်။ ကျွန်တော်တို့သည် စီး ပွားရေး လုပ်ငန်းကောင်းကောင်း၊ ငွေကြေး၊ ကလေးများ အတွက် ကောင်းသောပညာရေး စ သည်တို့ကိုသာ ဦးစားပေး ရှာဖွေနေကြပြီး ပို၍ ပို၍ မြင့်မားလာစေရန်သာ ဦးစားပေး ရှာဖွေနေ ကြသည်။ သို့သော် လည်း ရှောလမုန် ဘုရင်ကြီး ၏အသက်တာကမူ ကျွန်တော်တို့ကို ခြားနား သော သွန်သင်ချက်များကို ပေးနေပါသည်။ သူသည် ဘုရားသခင်၏လူများနှင့် ပတ် သက်ပြီး မည်သို့မည်ပုံ အကောင်းဆုံး လုပ် ဆောင်ရမည်ကို အရေးကြီးကိစ္စအဖြစ် သတ်မှတ် ထားသည်။ သူ၏နှလုံးသားသည် ဘုရားသ ခင်၏ ရှေ့တော်တွင် နှိမ့်ချသောနှလုံးသား ရှိ နေသည်။ သူ၏ကိုယ်ပိုင်ခွန်အားများနှင့် မည် သို့မျှ လုပ်ဆောင်ကြိုးစား၍ မရနိုင်ကြောင်း သိရှိထားသည်။ ထိုနှလုံးသားသည် ဘုရားသ ခင် အလိုချင်ဆုံးသော နှလုံးသားဖြစ်၍ နှစ် သက်ပါသည်။
အချိန်အနည်းငယ်ယူကာ စဉ်းစား၍ ဆုတောင်းစေချင်ပါသည်။
ဘုရားသခင်အတွက် အရေးကြီးသောအရာများနှင့် သင်၏အတ္တဆန္ဒ များအပေါ်တွင် အခြေခံသော သင်၏စိတ်နှလုံး သားထဲက အရာများ နှိုင်းယှဉ်လာပါက မည် သို့ဆုံးဖြတ်မည်နည်း။ သင့်နှလုံးသားကို မည်သို့ ပြောင်းလဲရမည်နည်း။
—————————————————————————————————————————————————————————–။
ရှောလမုန်သည် မြေကြီးပေါ်တွင် ရှိသမျှသော ရှင်ဘုရင်များတွင် လေးစား ထိုက်ဆုံးသော ဘုရင် တစ်ပါး ဖြစ်ပါသည်။ သူသည် သူ၏ နိုင်ငံတွင် သာမက အခြားသော တိုင်းနိုင်ငံများ အထိ ကျော်ကြားသူ ဖြစ်လာပါသည်။ လူပေါင်း မြောက်များစွာက သူထံမှ အကြံညဏ်များကို တောင်းခံ ခဲ့ကြသည်။ သူ၏ နှိမ်ချသော နှလုံးသား အပေါ်တွင် ဘုရားသခင်က အဖြေပေး ခဲ့ပါသည်။ ရှောလမုန်၏ နှလုံးသားနှင့် တောင်းလျှောက် ချက်များကို ကျွန်တော်တို့၏ အသက်တာ တွင် စံပြ အတု ယူလျက် လိုက်လျှောက် အသက် ရှင်ခြင်း အားဖြင့် ဘုရားသခင်၏ အသုံးတော် ခံများ ဖြစ်ကြပါစို့။
ဘုရားသခင်ကောင်းကြီးပေးပါစေ။
နာမတော်မြတ်၌
ဦးမင်းလွင်
၆၁။ဘုရားသခင်နှင့်အတူလျှောက်လှမ်းသည်ဆိုရာဝယ်
မသုရှလဘွား မြင်သော နောက်၊ ဧနောက်သည် အနှစ်သုံးရာပတ်လုံးဘုရားသခင်နှင့်အတူသွားလာ၍၊ သားသမီးများ ကို မြင်လေ၏။ (ကမ္ဘာ ၅း၂၂)
နိဒါန်း
ယုံကြည်သူ ဆိုသည်မှာ ဘုရားသခင်ကို အမှီပြု အသက်ရှင် ကြသောသူများ ဖြစ်သည်။ ယုံကြည်သူ တိုင်းသည် ကိုယ့်ခွန် အားထက် ဘုရားသခင် ပေးသော ခွန်အားဖြင့် အသက်ရှင်ရမည် ဆိုသည်ကို နားလည် သဘော ပေါက်ကြ ပါသည်။ ယုံကြည်သူ များသည် ဘုရားသခင်နှင့် အတူလျှောက်လှမ်း အသက်ရှင်ရ မည်ဟူသော အသိတရား ရှိကြ သည်။ သို့သော် မည်သို့ ဘုရားသခင်နှင့် အတူ လျှောက်လှမ်းရမည်ကို မသိကြ။
အချင်းလူ၊ ကောင်းသောလမ်းကို ပြတော်မူပြီ။ တရားသဖြင့်ပြုခြင်း၊ ကရုဏာကိုနှစ်သက်ခြင်း၊ သင်၏ ဘုရားသခင် ရှေ့တော်၌ နှိမ့်ချသောစိတ်နှင့် ကျင့်နေခြင်းမှတပါး အဘယ်ပူဇော်သက္ကာကို ထာဝရဘုရား တောင်းတော်မူသနည်း။ (မိက္ခာ ၆း၈)
ဘုရားသခင်နှင့် လျှောက်လှမ်းခြင်းဆိုသည်မှာ အဘယ်နည်း။
ဘုရားသခင်နှင့် အတူလျှောက်လှမ်းခြင်းဆိုသည်မှာ သွန်သင်ချက်များအတိုင်း လိုက်လျှောက်အသက်ရှင်ခြင်းဖြစ်သည်။
ဘုရားသခင်၏ လမ်းတော် ဆိုရာတွင် “ထိုသခင်၌ ငါသိ၏ဟု ဆိုသောသူသည်၊ ထိုသခင်ကျင့်တော်မူသည် နည်းတူ ကျင့်ရမည်” (၁ယော ၂း၆) ဟု ဆိုထားပါသည်။ ဆိုလိုသည်မှာ ထိုသခင် ယေရှု ခရစ်တော် မည်သို့ အသက်ရှင် လုပ်ဆောင် ကျင့်ကြံ ခဲ့ပါသနည်း။ ထိုသခင်၏ အသက်တာကို ခရစ်ဝင် ကျမ်းများတွင် တွေ့ရှိနိုင်ပါသည်။ ခရစ်တော် အသက်ရှင် လိုက်လျှောက်သည့်အတိုင်း လျှောက်လှမ်းရမည် ဟုဆိုလိုခြင်းဖြစ်ပါသည်။
ဘုရားသခင်၏ လမ်းသည် ကောင်းသည်ဟု အထက်က မိက္ခာကျမ်းတွင် ဖော်ပြထားသည် မဟုတ်ပါလော။
မတရားသော သူတို့၏ တိုက်တွန်းခြင်းသို့ မလိုက်၊၊ လူဆိုးတို့၏ လမ်းတွင်မ ရပ်မနေ၊ မထီမဲ့မြင် ပြုသောသူ တို့၏ အစည်း အဝေး၌ မထိုင်၊ ထာဝရဘုရား၏ တရားတော်၌ မွေ့လျော်၍ တရားတော်ကို နေ့ညဉ့် မပြတ် ဆင်ခြင်အောက် မေ့ သော သူသည် မင်္ဂလာရှိ၏၊၊ (ဆာလံ ၁း၁-၂)
ဘုရားသခင်နှင့် လျှောက်လှမ်းခြင်းဆိုသည်မှာ ဘုရားသခင်၏ အကြံအစည် တော်ထဲတွင် အသက်ရှင်ခြင်း ဖြစ်သည်။
ဘုရားသခင်၏ အကြံအစည်တော် ဆိုသည်မှာ ဘုရားသခင်က ဘာဖြစ်မည်။ မည်သို့ ဖြစ်မည်ကို ရှေးမဆွကပင် ဆုံးဖြတ် ထားသည့် ဆုံးဖြတ်ချက် ဖြစ်သည်။ ယုံကြည်သူတိုင်း သည် ဘုရားသခင်က စီစဉ်ထား သည့်အတိုင်း ဖြစ် ပျက်နေကြပါသည်။ တစ်ခါတစ်ရံ ထိုဖြစ်စဉ်များတွင် မိမိတို့ မလိုချင်သည့် အမှုများ ပါရှိနေတတ်ပါသည်။ သို့သော် လည်း ဘုရားသခင်၏ အကြံအစည် တော်ဖြစ်သည်ကို ခံစားနားလည်ပါလျှင် စိတ်ထဲ၌ သက်သာမှု တစ်စုံတစ်ရာကို ခံစားနိုင်ပါသည်။
ငါနှင့်တူသောသူ မည်မျှမရှိ။ ငါသည် နှုတ်တွက် အတိုင်းပြုမည်။ ကြံသည်အတိုင်း စီရင်မည်။ (ဟေရှာယ ၄၆း၁၁)
ဘုရားသခင်၏ အကြံအစည်တော် ရည်ရွယ်ချက် များကို တစ်ခါတစ်ရံ ကျွန်တော်တို့ ကြိုတင် သိရှိနိုင် ပါသည်။ သို့သော်လည်း တစ်ခါတစ်ရံတော့ ကျွန်တော်တို့ မသိရှိနိုင်ပေ။ ဘုရားသခင်နှင့် အကျွမ်းဝင် မိဿဟာရဖွဲ့သူတို့ အနေ ဖြင့် လုပ်ငန်းစဉ် တော်တော် များများကို မည်သို့ပင်ဖြစ်နေ စေကာမူ အလိုတော်ကို ဝန်ခံနိုင်ကြသည်။ ဘုရား သခင်၏ အကြံအစည်တော်နှင့် ရည်ရွယ်ချက်များသည် တစ်ခါတစ်ရံ အလွန်မြန်ဆန်စွာ ဖြစ်တတ်ပြီး၊ တစ်ခါတစ်ရံ အလွန်နှေးကွေး စောင့်ဆိုင်းရသည့် အခြေအနေများ ရှိနေတတ်ပါသည်။ တစ်ခါတစ်ရံ လုပ်ငန်းစဉ်များ ရပ်တန့်သွားသည်အထိ ဖြစ်တတ်သည်။ (အာဗြဟံနှင့် စာရာတို့၏ အသက်တာကို လေ့လာကြည့်ပါ။)
ဘုရားသခင်နှင့် လျှောက်လှမ်းခြင်းဆိုသည်မှာ တိုးတက် ရင့်ကျက်သော အသက်တာသို့ တက်လှမ်းနေခြင်း ဖြစ်သည်။
ဘုရားသခင်နှင့် လျှောက်လှမ်း လိုသူသည် အသက်တာကို တစ်ဆင့်ပြီး တစ်ဆင့် တိုးတက်မှု ရှိရပါမည်။ ပထမဦးဆုံး ဘုရားသခင် သတ်မှတ်ထားသော အဆင့်တစ်ခုကို ဖြတ်သန်း ရသည်။ ထိုအရာမှာ ဧဝံဂေလိ တရားကို သိရှိလာပြီး ကယ်တင်ခြင်း ရရှိရမည်။ ထိုအရာကို ဒုတိယမွေးဖွားခြင်းဟု ကျမ်းစာတော်မြတ်က ခေါ်ဆိုထားပါသည်။
အဆင့်ဆင့် ဆိုရာတွင် ပထမဦးစွာ လမ်းလျှောက်သူမည့်သူသည် ပထမ မတ်တပ်ရပ်နိုင်ရပါမည်။ အနည်း ငယ် ရှေ့ကို ဆက်လက် ကြည့်မည်ဆိုပါက မတ်တပ်မရပ်ခင် ကလေးငယ် အဆင့် ဖြစ်သော လေးဘက်ထောက် သွားသော အခြေအနေ တစ်ခု ရှိရပါမည်။ လေးဘက်ထောက် မသွားမီ အမိ ဝမ်းတွင်းမှ မွေးဖွား ရပါဦးမည်။ ထို့ကြောင့် ကိုယ်တော်က
“ဒုတိယမွေးခြင်းကို ခံရမည်ဟု ငါဟောပြောသည်ကို အံ့သြခြင်းမရှိနှင့်။ “(ယောဟန် ၃း၇)
ကြီးထွားခြင်းဆိုသည်မှာ ကယ်တင်ခြင်း ရရှိပြီးသူအတွက် ပုံမှန် လုပ်ငန်းစဉ် တစ်ခု ဖြစ်သည်။ ထိုအဆင့်များကို တစ်ဆင့်ပြီး တစ်ဆင့် မဖြတ်သန်းဘဲ ကိုယ်တော်နှင့် အတူ လျှောက်လှမ်းဘို့ လုံး၀ မဖြစ်နိုင်ပါ။ သမ္မာကျမ်းစာတွင် အသင်းတော် ခေတ်ဦး အချိန်က ယုံကြည်သူများသည် ကယ်တင်ခြင်း ရရှိပြီးသည့် အချိန်မှ စတင်ကာ တစ်ဆင့်ပြီး တစ်ဆင့် ရင့်ကျက်တိုးတက်လာကြသည်ကို အောက်ပါ ကျမ်းပိုဒ်က ဖော်ပြနေပါသည်။
ထိုသူများသည် တမန်တော်တို့၏ ဆုံးမသြဝါဒကို ခံခြင်း၊ အပေါင်းအသင်းဖွဲ့ခြင်း၊ မုန့်ကိုဖဲ့ခြင်း၊ ပဌနာ ပြုခြင်း တို့ ကို အမြဲဆောင်ရွက်၍ နေကြ၏၊ လူအပေါင်း တို့သည် ကြောက်လန့်ခြင်း ရှိသည်ဖြစ်၍ တမန် တော် တို့သည် များစွာသော နိမိတ် လက္ခဏာ၊ အံ့ဘွယ်သော အမှုတို့ကို ပြုကြ၏။ ယုံကြည်သော သူ အပေါင်း တို့သည် တစုတဝေး တည်း နေသဖြင့်၊ မိမိတို့၌ ရှိသမျှကို ဆက်ဆံ၍ သုံးဆောင်ကြ၏။ မိမိတို့ဥစ္စာ ပစ္စည်းများကို ရောင်းပြီးလျှင်၊ လူ များ ဆင်းရဲသည် အတိုင်း အသီးသီး တို့အား ဝေငှခြင်းကို ပြုကြ၏။ ထိုသူတို့ သည်လည်း ဗိမာန်တော်၌ နေ့တိုင်း အစဉ် တညီ အညွတ်တည်း နေ၍၊ ကိုယ်အိမ်၌ မုန့်ကို ဖဲ့ လျက် ကြည်ဖြူ ရွှင်လန်းဝမ်းမြောက်သောစိတ်နှင့် အစာ အာဟာရကိုသုံးဆောင်ကြ၏။ (တမန် ၂း၄၂-၄၆)
ဘုရားသခင်နှင့် လျှောက်လှမ်းခြင်း သည် ကိုယ်တော်နှင့် ရင်းနှီးကြွမ်းဝင်မှုကို ဝေငှခြင်းဖြစ်သည်။
ဘုရားသခင်နှင့် လျှောက်လှမ်းရန် ဘုရားသခင်နှင့် ရင်းနှီး ကျွမ်းဝင်မှု ရှိရပါမည်။ အမှန်တကယ်တွင် ဘုရားသခင်က လူသား များနှင့် ရင်နှီး ကျွမ်းဝင်လိုသောကြောင့် ဘုရားသခင်ကပင် စတင်ကာ လူသားတို့နှင့် ရင်နှီး အကျွမ်းဝင်ရန် စတင်ခဲ့သည်ကို တွေ့ရပါသည်။
အဘယ်ကြောင့်ဆိုသော် မေတ္တာကြီးမားသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် ရင်နှီးလိုသူများကို ရှာဖွေလျက် ရှိသည်။
ငါသည်လည်း၊ ညီညွတ်သော စိတ်နှလုံးနှင့် အသစ်သော သဘောကို သွင်းပေးမည်။ သူတို့ခန္ဓာ ကိုယ်ထဲက ကျောက် နှလုံးကိုနှုတ်၍၊ အသားနှလုံးကို ပေးသောကြော့င်၊ သူတို့သည် ငါစီရင်ထုံးဖွဲ့သော ပညတ် တရားလမ်းသို့ လိုက်၍ စောင့်ရှောက်သဖြင့်၊ ငါ၏ လူဖြစ်ကြလိမ့်မည်။ ငါသည်လည်း သူတို့၏ ဘုရားသခင် ဖြစ်မည်။ (ယေဇကျေလ ၁၁း၁၉-၂၀)
ဘုရားသခင်သည် သူ၏ သားသမီးများကို သူနှင့်ရင်းနှီး ကျွမ်းဝင်ခြင်းအားဖြင့် အသက်တာတွင် သိရှိ ခံစားလာ ရသည့် နှုတ်ကပတ်တော်များ၊ ကောင်းကြီးမင်္ဂလာများ၊ တန်ခိုးတော်များ အစရှိသည် တို့ကို သူတစ်ပါးအား ဝေငှ သက်သေခံ ရန် ခွင့်ပြုထားပါသည်။
ဘုရားသခင်သည် ကျွန်တော်တို့၏ မျှော်လင့်ခြင်း၊ အိပ်မက်နှင့် ပြင်းပြသော ဆန္ဒကို အဆင်ပြေခြင်း၊ မပြေခြင်းနှင့် ပြဿနာ တို့ကို ကိုယ်တော့်ထံတွင် တောင်းလျှောက်ရန် မိန့်တော်မူထားပါသည်။ အဘယ်ကြောင့် ဆိုသော် အခြား ကိုယ်တော်ကို မသိကျွမ်းသေးသူများလည်း ကိုယ်တော်နှင့် သိကျွမ်းရင်းနှီးလာစေရန်ဖြစ်သည်။
ငါ့ကိုခေါ်လော့။ ငါထူးမည်။ ကြီးသောအရာ၊ သင်မသိနိုင်အောင် နက်နဲသော အရာတို့ကို ငါပြမည်။ (ယေရမိ ၃၃း၃)
ဘုရားသခင်နှင့် လျှောက်လှမ်းခြင်းဆိုသည်မှာ မျှော်လင့်ချက် ရှိသည့်နေရာသို့ သွားရောက်နေခြင်းဖြစ်သည်။
ဧဝဂေလိတရားကို ယုံကြည်ပြီး ယေရှုခရစ်တော်ကို မိမိ၏ ကယ်တင်ပိုင်ရှင်အဖြစ် ယုံကြည် လက်ခံသော သူတိုင်း သည် ကောင်းကင် ရွှေပြည်သို့ ဝင်စားရမည်မှာ သေချာပါသည်။ ထိုအရာသည် ဘုရားသခင် ကိုယ်တော်တိုင် မျှော်လင့် နေသော အရာဖြစ်ပြီး ယုံကြည်သူတိုင်း အတွက်လည်း မျှော်လင့်ချက်ဖြစ်ပါသည်။ ထိုမျှော်လင့်ချက် အဘို့အလို့ ငှါ အသင်းတော် ဆိုသည်မှာ ပေါ်ထွန်းလာခြင်းဖြစ်ပါသည်။
အဘယ်သို့နည်း ဟူမူကား၊ တမန်တော် မှစ၍ ပရောဖက်များတည်း ဟူသော တိုက်မြစ်အပေါ်၌ သင်တို့သည် ထပ်ဆင့်၍ တည်ဆောက်လျက်ရှိကြ၏ (ဧဖက် ၂း၂၀)
ဘုရားသခင် ရောက်စေချင်သော နောက်ဆုံးပန်းတိုင်မှာ ကောင်းကင်ဘုံဖြစ်သည်။
ဧနောက်သည် ယုံကြည်ခြင်းအားဖြင့် သေခြင်းနှင့်လွတ်၍ ဘဝပြောင်းရ၏။ ဘုရားသခင်သည် သူ့ကို ဘဝပြောင်းစေတော်မူသောကြောင့်၊ သူသည် နောက်တဖန်မပေါ်မရှိ။ သူသည် ဘဝမပြောင်းမှီ ဘုရားသခင်၏ စိတ်တော်နှင့် တွေ့သောသူဖြစ်သည်ဟု သက်သေခံခြင်းကို ရလေ၏။ (ဟေဗြဲ ၁၁း၅)
ဧနောက်သည် ဘုရားသခင်နှင့် အတူလျှောက်လှမ်းသည်ဆိုရာတွင် မျှော်လင့်ထားသည့် ကောင်းကင်ဘုံသို့ သွားရောက်ရန် ဘုရားသခင်ကို စတင်သိကျွမ်းကတည်းက ထားရှိခဲ့သော ပန်းတိုင်းဖြစ်သည်။ ထိုကဲ့သို့ ထားရှိသည့် ပန်းတိုင်ကြောင့် မည်သည့် ပြဿနာ အခက်အခဲ ရှိနေစေကာမူ ကိုယ်တော်ကို မလွှတ်တမ်း ကိုင်ဆွဲ အသက်ရှင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်နှင့် မဝေးချင်သောကြောင့်ဖြစ်ပါသည်။
နိဂုံးချုပ်
ယနေ့ ဤနှုတ်ကပတ်တော်ကို ဖတ်ရှုကြသော ယုံကြည်သူအပေါင်းကို တိုက်တွန်းနိုးဆော်လိုက်ပါရစေ။ သင့်အသက်တာတွင် ကိုယ်တော်နှင့် အတူ လျှောက်လှမ်းရန် စိတ်ပိုင်းဖြတ်ထားသည် ဆိုပါက
၁။ ကျမ်းစာကိုဖတ်၍ သွန်သင်ချက်အတိုင်း လိုက်လျှောက် အသက်ရှင်ပါ။
၂။ ကိုယ်တော်၏ အကြံအစည်တော်ထဲတွင် အသက်ရှင်ပါ။
၃။ ကယ်တင်ခြင်းရရင် လုံလောက်ပြီဟု စိတ်တွင်မထားဘဲ ရင့်ကျက်သော အသက်တာသို့ တက်လှမ်းပါ။
၄။ ကိုယ်တော်နှင့် ရင်နှီးကျွမ်းဝင်မှု ရှိစေရန် တည်ဆောက်ပြီး ထိုရင်းနှီးမှုကိုလည်း သူတစ်ပါးကို ဝေငှပါ။
၅။ မျှော်လင့်ချက်ရှိသည့် ကောင်းကင်နိုင်ငံတော်သို့ ရောက်ရမည်ကို အစဉ်ဝမ်းမြောက်လျက် အသက်ရှင်ပါ။
ဘုရားသခင် ကောင်းကြီးပေးပါစေ။
၆၂။ချီးမွမ်းခြင်းများနှင့်ကိုးစားလိုက်ပါ
လူတိုင်းလူတိုင်းဟာ ကိုယ့်ကို သူတစ်ပါး ချီးမွမ်းတာကို ခံယူချင်ကြတဲ့ ဆန္ဒတွေ ရှိတတ်ကြ ပါတယ်။ ကိုယ်ရဲ့လုပ် ဆောင်မှု တစ်ခုခုအတွက်ပဲ ဖြစ်ဖြစ်၊ ကိုယ့်ရဲ့လေးစားရတဲ့သူ၊ ကိုယ့်ရဲ့ခင်မင် ရင်းနှီးရတဲ့သူ၊ ကိုယ့်ရဲ့မိဘများ၊ ညီ အစ်ကို မောင် နှမများ ထံက ချီးမွမ်းစကားကို ရယူချင်တတ်ကြ ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ “အသိအမှတ်ပြု ခံချင်လို့” ပဲဖြစ်တယ် မဟုတ်လား။ ဒီအကြောင်းအ ရာကို သိစေချင်တဲ့ ကျွန်ုပ်ရဲ့ ဆန္ဒအရင်းခံ တစ်ခုကတော့ အထက် က ဖော်ပြ ထားတဲ့ စိတ်နေ သဘောထား ဆန္ဒတွေဟာ လောကမှာ အသက်ရှင်ချိန် လေးအတွက် တခဏလေးပဲ အသိအမှတ်ပြုခြင်း ကိုခံရတာဖြစ် တယ်ဆိုတာကို နားလည်လက်ခံဖို့ လိုအပ်ပါတယ်။ တစ်ခါတရံ (အမှန်အတိုင်းပြောရ ရင် အချိန်တော်တော်များများမှာ) ဘုရားသခင် ကျွန်တော်တို့ အသက်တာရဲ့ လိုအပ်ချက် များကို ဖြည့်ဆည်း လုပ်ဆောင်ပေး ခဲ့တဲ့ ကောင်းကြီး မင်္ဂလာတွေ ကိုတော့ အကန့်အသတ်မရှိ ခံစားရယူနေပြီး ဘုရားသခင် ကို ကျေးဇူးတင် ချီးမွမ်းတဲ့ စကားလေး တစ်ခွန်းကို ပြောဖို့ မေ့လျော့နေ တတ် ကြပါတယ် …။(ဥပမာ – နေ့စဉ်ရှူရှိုက်ရတဲ့ လေအတွက်)
မိတ်ဆွေအနေနဲ့ ကိုယ့်အပေါ်မှာ ခင်မင် တွယ်တာပြီး ကိုယ့်ကို ချစ်လျက်၊ ဂရုစိုက်တဲ့ လူရဲ့ အကြောင်းဆိုရင် အမြဲဘဲ သတိတရနဲ့ စိတ်ထဲမှာ ပဲဖြစ်ဖြစ်၊ တစ်ခါတရံ နှုတ်ကပဲဖြစ်ဖြစ်၊ ရင်ထဲ ကနေ ဘယ်လောက်တောင် ကျေးဇူး တင်ရှိပါ ကြောင်း၊ အတိုင်းမသိဝမ်းမြောက်ရပါကြောင်းကို မျက်ရည်ထွက် မတတ်ခံစားပြီး ကျေးဇူးတင်တတ် ကြပါတယ်။
ဘုရားသခင် ကျွန်တော်တို့အယောက်စီ တိုင်းအပေါ်မှာ ထားရှိတဲ့ သူ့ရဲ့မေတ္တာတော်၊ ဂရုဏာတော်၊ သစ္စာတော်၊ ကျေးဇူးတော်အစရှိတဲ့ စိတ်နေသဘောထား ဂုဏ်တော်တွေကို မိတ်ဆွေ အနေနဲ့ လေးလေးနက်နက် ဆင်ခြင်စဉ်းစားစေ ချင်လို့ ဒီဆောင်းပါးကို ကျွန်တော့်အသက်တာမှာ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံကနေတဆင့် ဘုရားသခင်အကြောင်းကို ဆင်ခြင်ရင်း ဝေမျှပါတယ်။
ယုံကြည်သူ ခရစ်ယာန်တစ်ဦးအနေနဲ့ ခရစ်တော်အားဖြင့် ဘုရားသခင် ပြင်ဆင်ပေးခဲ့တဲ့ ကယ်တင်ခြင်း ဆိုတဲ့ ကောင်းကြီး မင်္ဂလာကို ခံယူပြီးတဲ့ အချိန်ကစပြီး ခရစ်တော်ဟာ ကျွန်တော်တို့ရဲ့ အရှင်သခင်၊ ကျွန်တော်တို့ကို အပြစ် ငရဲကနေပြီး သူ့ရဲ့အသွေးတော်နဲ့ ရွေးနှုတ် ထားပြီးပြီဖြစ်လို့ ခရစ်တော် အရှင်သခင်ရဲ့ အကြောင်း၊ အမိန့်တော် ကိုကျွန်တော်တို့ အမြဲဘဲ ဆင်ခြင် နှလုံးသွင်းပြီး အလိုတော်ကို နာခံ လိုက်လျှောက် ဖို့ရန် မပျက် မကွက် တာဝန်ရှိပါတယ်။ အဲဒီလို လိုက်လျှောက် ရာမှာလည်း ကျွန်တော်တို့ရဲ့ ခွန်အား၊ အစွမ်းအစ တွေကို အမှီပြုလို့ မရတဲ့ အတွက်ကြောင့်မို့ သန့်ရှင်း သောဝိညာဉ်တော်ကို ကျွန်ုပ်တို့ မှီခို ကိုးစားဖို့ ပေး ထားပါတယ်။ ကျွန်ုပ်တို့ရဲ့ အသက်တာ ကဏ္ဍတိုင်း မှာ ဘုရားသခင် အပေါ် ဘယ်လောက် ယုံကြည် ကိုးစား မှီခိုသလဲ ဆိုတာကို ဘုရားသခင်ဟာ ကျွန်ုပ် တို့ရဲ့နေ့စဉ်အသက်တာမှာ အတွေ့ အကြုံသစ် လေးတွေနဲ့ ဖြတ်သန်းအသက်ရှင်နေထိုင်ခွင့်ကို ပေးထားခြင်းအားဖြင့် စစ်ဆေးနေတတ်ပါတယ်။
ကျွန်တော်တို့ ယုံကြည်သူအများစုဟာ လိုချင်တာကိုရော၊ လိုအပ်တာ ကိုရော မရမချင်း ကလေးငယ်တစ်ယောက် ဖခင်ကိုပူစာသလိုမျိုး တောင်းတတ်ကြပါတယ်။ အဖြေချက်ချင်းရရင် တော့ Praise the Lord အဖြေမရရင်တော့ Why? ဆိုတဲ့မေးခွန်းတွေနဲ့ ဘုရားသခင်ကို တုံ့ပြန်တတ် ကြပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဒီအတွေ့အကြုံတွေကို ဖြတ်သန်းခဲ့ရ ပါတယ်။ ဒါပေမဲ့ ဘုရားသခင်ရဲ့ ကြီးမြတ်တဲ့နာမတော်များကို နှုတ်ကပတ်တော် ထဲက ဖတ်ရှုဆင်ခြင်တဲ့အခါ ကျွန်တော်ရဲ့ဘုရားသခင် အပေါ်ထားရှိတဲ့ အမြင်၊ သဘောထား၊ ခံယူချက်တွေ ပြောင်းလဲ ခဲ့ရပါတယ်။ ဘာလို့လည်းဆိုတော့ ဘုရားသခင်ရဲ့ နာမတော်တွေဟာ အင်မတန်မှ ကြီးမြတ်တော် မူပါတယ်။ ဘုရား သခင်ဟာ သူ့ရဲ့နာမတော်တွေရှိတဲ့အတိုင်း ကမ္ဘာလောကတစ်ခုလုံး၊ လူ့သမိုင်း ကြောင်းတစ်ခုလုံး၊ လူသားတစ်ဦးချင်းစီရဲ့ အသက်တာ ကို စီမံကွပ်ကဲနေတဲ့ အရှင်ဖြစ်တဲ့အတွက် ဖြစ်ပါတယ်။
ဒါကြောင့် (၁သက် ၅း၁၈) ”အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အကြောင်းမူ ကား၊ သင်တို့သည် ထိုသို့ကျင့်စေခြင်းငှါ၊ ယေရှု ခရစ်၌ ဘုရားသခင် အလိုတော် ရှိ၏။”
ဘုရားသခင်ကို ချီးမွမ်းခြင်းအားဖြင့် ရရှိတဲ့ တိကျမှန်ကန်သော အကျိုးကျေးဇူး(ရလဒ်)ကို ဆင်ခြင်ဖို့ အနည်းငယ်ဝေငှလိုက်ပါတယ်။
ချီးမွမ်းခြင်းသည် ဘုရားသခင်ကို ကြီးမြတ်စေသည်။
ချီးမွမ်းခြင်းသည် ဘုရားသခင်ကို ကြီး မြတ်စေသည်။ ချီးမွမ်းခြင်းသည် ကျွန်ုပ်တို့၏ ပြဿနာများထက် ဘုရားသခင်အပေါ် မျက် မှောက်ပြုခြင်းကြောင့် ဘုရားသခင်၏ တန်ခိုးတော်၊ ဘုရားသခင်ကျွန်ုပ်တို့နဲ့ အတူရှိခြင်း၊ ဘုရား သခင်၏တတ်စွမ်းနိုင်ခြင်းတို့သည် ကျွန်ုပ်တို့၏ စဉ်းစားခံယူမှုကို ပြောင်းလဲစေပါသည်။
ချီးမွမ်းခြင်းသည် ယုံကြည်ခြင်းကို တည်ဆောက်ပေးသည်။
ဘုရားသခင် ကြီးမြတ်တော်မူခြင်းကို မြင် တွေ့ခံစားရလေလေ ကျွန်ုပ်တို့၏ ပြဿနာများ သည် သေးငယ်သွားလေလေ ဖြစ်သည်။ ချီးမွမ်း ခြင်းသည် ကျွန်ုပ်တို့ ဘုရားသခင် အပေါ် ယုံကြည် ခြင်းအရာကို တည်ဆောက်ပေးသည်။
ချီးမွမ်းခြင်းသည် ခံစားမှုများကို ပျောက်လွင့်စေသည်။
ကျွန်ုပ်တို့၏ ခံစားမှုများ ဖြစ်ကြသော စိုး ရိမ်ပူပန်ခြင်း၊ ကြောက်ရွံ့ခြင်း၊ သံသယဖြစ်ခြင်းများ သည် ဘုရားသခင်ကိုချီးမွမ်းခြင်းအားဖြင့် ပျောက် လွှင့်သွားစေပါသည်။ ထို့ကြောင့် ဘုရားသခင်ကို ဆုတောင်းပြီးလျှင် ကျွန်ုပ်တို့အနေဖြင့် ဘုရား သခင်သည် ကျွန်ုပ်တို့၏တောင်းလျှောက်မှုကို လုပ် ဆောင်ပေးနေပြီ ဖြစ်ကြောင်း ယုံကြည် စိတ်ချခြင်းကို ချီးမွမ်းခြင်း အားဖြင့် သက်သေထူကြပါစို့။
၆၃။ဧဝံဂေလိဆိုသည်မှာအဘယ်နည်း
ဧ၀ံဂေလိ၏ အဓိပ္ပါယ်နှင့် စကားလုံးဧ၀ံဂေလိ ဆိုသည်မှာ ဂရိစကားလုံးကို ဆရာကြီး ယုဒဿန်က မြန်မာမှုပြုပြီး မွေးစားထားခြင်း ဖြစ်ပါသည်။ မူရင်း မှာ εὐαγγέλιον ( euaggelion) ဖြစ်ပါသည်။ ထိုစကားလုံးကို နောက်ပိုင်းတွင် ရေးသား သုံးနှုံးကြသော စကားလုံး မှာ Gospel ဖြစ်ပါသည်။ Gospel မှာ အင်္ဂလို ဆက်ဆွန် စကားလုံးဖြစ်ပြီး Godsepl (သို့မဟုတ်) Good story ဖြစ်ပါသည်။ နောက်ပိုင်းတွင် ဂရိဘာသာ စကားလုံး နေရာတွင် အစားထိုး အသုံးပြု လာသည်ဟု မှတ်သားဘူး ပါသည်။ Euaggelion ဖြစ်စေ Gospel ဖြစ်စေ ထိုစကားလုံးများကို မြန်မာဘာသာသို့ ပြန်ဆိုသော် သတင်းကောင်း ဟူ၍ ဖြစ်ပါသည်။ မည်သည့် သတင်းကောင်းမျိုး ဖြစ်ပါသနည်း။ ယေရှုခရစ်တော်က ကျွန်တော်တို့အတွက် လုပ်ဆောင် ပေးသော ကျေးဇူးတရားနှင့်ဆိုင်သော သတင်းကောင်း ဖြစ်ပါသည်။
၁ကော ၁၅း၁-၄ တွင် သတင်းကောင်း (ဧ၀ံဂေလိ) နှင့် ပတ်သတ်ပြီး ဖော်ပြထားသည့် အချက်မှာ
ညီအစ်ကိုတို့၊ ငါသည် သင်တို့အား ဟောပြောဘူးသည်နှင့်အညီ၊ သင်တို့သည်ခံယူ၍ မှီဝဲဆည်းကပ်သော ဧဝံဂေလိတရားကို သင်တို့အား တဖန် ငါကြားလိုက်၏။ အထက်က ငါဟောပြော သည်အကြောင်းများကို သင်တို့သည် အကျိုးမဲ့မယုံဘဲ စိတ်စွဲလန်းလျှင်၊ ထိုဧဝံဂေလိ တရားအားဖြင့် ကယ်တင်တော် မူခြင်းသို့ ရောက်ကြ၏။ ငါသည် ကိုယ်တိုင် ခံယူသည် အတိုင်း သင်တို့အား ရှေ့ဦးစွာအပ်ပေးသော အကြောင်းအရာဟူမူကား၊ ခရစ်တော် သည် ကျမ်းစာလာ သည်အတိုင်း ငါတို့အပြစ်ကြောင့် အသေခံတော်မူ၏။ သင်္ဂြိုဟ်ပြီးမှ၊ ကျမ်းစာလာ သည်အတိုင်း သုံးရက်မြောက်သောနေ့၌ ထမြောက်တော် မူ၏။ (၁ကော ၁၅း၁-၄)
ဘုရားသခင်က ကျွန်တော်တို့ကို ယေရှုခရစ်တော် ကားတိုင်ပေါ်တွင် လုပ်ဆောင်ပေးသော အမှုအရာ အားဖြင့် ပျော်ရွင်စေချင်ပါသည်။ ကျွန်တော်တို့ လူသားတိုင်းတွင် ရှိနေသော အပြစ်တရားသည် သေခြင်းနှင့် ထိုက်တန်သည် ကို ဘုရားသခင်က သိစေချင် ပါသည်။ သို့သော်လည်း ထိုသေခြင်း တရားကို သခင်ယေရှု ခရစ်တော်က ကားတိုင် ပေါ်တွင် ချေဖျက်ကာ အဖိုးအခ ပေး၍ ကယ်နှုတ်လိုက်ခြင်းဖြင့် ထာဝရ ကာလတိုင်အောင် ဘုရားသခင်နှင့် အသက် ရှင်ခွင့် ရခဲ့ပါပြီ။ ၄င်းကို သတင်းကောင်းဟု ခေါ်ပါသည်။
သတင်းကောင်းသည် အလုံးစုံသော ကျေးဇူးတော် ဖြစ်ပါသည်။
တမန်တော် ရှင်ပေါ်လုသည် သူယုံကြည်သော သတင်းကောင်း အတွက် သူ၏ အသက်တာ တစ်ခုလုံးကို ဧ၀ံဂေလိ ဝေငှခြင်း လုပ်ငန်းများတွင် နှစ်မြုတ်ထားသည်။ ဘုရားသခင် တပါးတည်းသာ ပေးနိုင်သော ဘုရားသခင်ထံမှ အခမဲ့ လက်ဆောင်ကို လူတိုင်း ရရှိနိုင်သောကြောင့် သတင်းကောင်းဟု ခေါ်ဆိုခြင်း ဖြစ်ကြောင်း သူနားလည်ထားသည်။ ကိုယ်တိုင် ကျိုးစားအားထုပ်မှု မပြုရပါဘဲနှင့် မထိုက်မတန်ရရှိသော ကျေးဇူးတော်အားဖြင့် အခမဲ့ ရရှိသည့် ကယ် တင်ခြင်း လက်ဆောင်ဖြစ်သည်။ တမန်တော် ၂၀း၂၄ တွင် ဖော်ပြထားသည်မှာ
သို့ရာတွင် ဘုရားသခင်၏ကျေးဇူးတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို သက်သေခံစေခြင်းငှါ၊ သခင်ယေရှု၏ လက်မှ ငါခံခဲ့ပြီးသော ဓမ္မဆရာ အမှုတည်း ဟူသော ငါဆောင်ရွက်ရသောအမှုကို ဝမ်းမြောက်စွာပြီးစီးစေမည် အကြောင်း၊ ထိုညှဉ်းဆဲခြင်း အမှု တစုံတခုကိုမျှ ငါသည် ပမာဏမပြု၊ ကိုယ်အသက် ကိုလည်း နှမြောခြင်းမရှိ။ (တမန်တော် ၂၀း၂၄)
သတင်းကောင်း ဆိုသည်မှာ ဘုရားသခင်၏ လုပ်ဆောင်မှုနှင့် ဖြောင့်မက်ခြင်း အကြောင်း ဖြစ်သည်။
ကျွန်တော်တို့သည် မိမိတို့ ကယ်တင်ခြင်းသို့ ရောက်စေရန် ကိုယ်တိုင် ကျိုးစား အားထုပ်မှုများကို လုံးဝ ပြုလုပ် နိုင်ခြင်း မရှိ။ အသေးဆုံး အစိတ်အပိုင်းကလေးပင် ပါဝင်ဆောင်ရွက်နိုင်စွမ်းမရှိ။ မိမိတို့၏ ကောင်းသော အကျင့်များ နှင့် ကျိုးစားအားထုပ်၍မရပါ။ ဘုရားသခင်၏ လုပ်ဆောင်ချက် သက်သက်သာ ဖြစ်သည်။ သတင်းကောင်း ဟူ၍ အခြား တနည်းဖြင့် ပြောရသော် ကျွန်တော်တို့သည် သခင်ယေရှုခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ရယူနိုင်ခြင်းဖြစ်သည်။ ကျွန်တော်တို့ကို ကယ်တင်ခြင်း အစမှ အဆုံးတိုင် ယုံကြည်ခြင်း တစ်ခုတည်းသာ လိုအပ်ပါသည်။ ရောမ ၁း၁၆-၁၇ တွင် ဖော်ပြထားသည်မှာ
ငါသည် ခရစ်တော်၏ ဧဝံဂေလိတရားကြောင့်၊ ရှက်ကြောက်ခြင်းမရှိ။ အကြောင်းမူကား၊ ထိုတရားသည် ရှေ့ဦးစွာ၌ ယုဒလူ၊ နောက်၌ ဟေလသလူ၊ ယုံကြည် သမျှသော သူအပေါင်းတို့ကို ကယ်တင် စေသော ဘုရားသခင်၏ တန်ခိုးတော် ဖြစ်၏။ အဘယ်သို့ ဖြစ်သနည်း ဟူမူကား၊ ဖြောင့်မတ်သော သူသည် ယုံကြည်ခြင်း အားဖြင့် အသက်ရှင် လိမ့်မည်ဟု ကျမ်းစာလာ သည်နှင့်အညီ၊ ယုံကြည်ခြင်း၌ တည်သော ဘုရားသခင်၏ ဖြောင့်မတ်ခြင်း တရားသည် ယုံကြည်ခြင်းဘို့ အလိုငှါ ဧဝံဂေလိ တရားဖြင့် ထင်ရှားလျက်ရှိ၏။ (ရောမ ၁း၁၆-၁၇)
အကျင့်တရားများသည် သတင်းကောင်းနှင့် မဆိုင်ပါ။
နောက်ဆုံးအနေနှင့် ကျွန်တော်တို့၏ အသက်တာထဲတွင် ဘုရားသခင်၏ ကျေးဇူးတော် များကို အသက်တာတွင် တသွင်သွင် စီဆင်းစေချင်ပါသည်။ ထိုသို့ အသက်တာထဲတွင် ကယ်တင်ခြင်း ရယူခံစားပြီးပါက ဘုရားသခင်၏ ကျေးဇူးတော်ကို သိမှတ်ကာ ကောင်းသော အသက်တာဖြင့် အသက်ရှင်ရန် သိစေချင်ပါသည်။ သို့သော် အကျင့်တရားကို အခြေခံသော သတင်းကောင်းသည် စစ်မှန်သော သတင်းကောင်း မဟုတ်ကြောင်း သိစေချင်ပါသည်။ အဘယ်ကြောင့် ဆိုသော် ကျွန်တော်တို့သည် မိမိတို့၏ ကြိုးစားအားထုပ်မှုဖြင့် ရရှိလာသော ဖြောင့်မတ်ခြင်းကို ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် နှိုင်းယှဉ်ကာ ဘုရားသခင်ကို စိတ်အနှောင့် အယှက် ဖြစ်စေကြသည်။ ကျွန်တော်တို့သည် ပြည့်ဝ စုံလင်တော်မူသော ဘုရားသခင်ကို ရှာဖွေနေချိန်တွင် ကျွန်တော်တို့၏ ကောင်းခြင်းများကို အမှီပြုနေခြင်းသည် ကျွန်တော်တို့ကို မျှော်လင့်ချက် မဲ့စေပါသည်။ ရှင်းလင်းစွာ ဆိုရပါလျှင် ကျွန်တော်တို့သည် ဘုရားသခင်မပါဘဲ ဘယ်သော အခါမျှ ကောင်းလာမည်မဟုတ်ပါ။
ခရစ်တော်၏ ကျေးဇူးအားဖြင့် သင်တို့ကို ခေါ်တော်မူသော သူနှင့် ဤမျှလောက် မြန်မြန်ခွာ၍ သင်တို့သည် အခြားသော ဧဝံဂေလိ တရားကို ခံယူကြ သောကြောင့် ငါသည် အံ့သြခြင်းရှိ၏။ ထိုဧဝံဂေလိ တရားသည် ဧဝံဂေလိ တရား မဟုတ်။ သင်တို့ကို နှောင့်ရှက်၍ ခရစ်တော်၏ ဧဝံဂေလိ တရားကို မှောက်လှန် ချင်သောသူ အချို့ရှိ ကြ၏။ သို့သော်လည်း သင်တို့အား ငါဟောပြော သော ဧဝံဂေလိ တရား မှတပါး အခြားသော ဧဝံဂေလိ တရားကို ငါတို့သည် ဟောပြောသော်၎င်း၊ ကောင်းကင်ဘုံမှ လာသော ကောင်းကင် တမန် ပြောသော်၎င်း၊ ဟောပြောသော သူသည် ကျိန်တော် မူခြင်းကို ခံစေ။ တဖန်တုံ၊ သင်တို့ ခံယူပြီးသော ဧဝံဂေလိ တရားမှတပါး အခြားသော ဧဝံဂေလိ တရားကို တစုံ တယောက် သောသူ ဟောပြောလျှင်၊ ထိုသူသည် ကျိန်တော် မူခြင်းကို ခံစေဟု ငါတို့ ဆိုခဲ့ပြီး သည်အတိုင်း ယခု ငါထပ်၍ဆိုသေး၏။ (ဂလာတိ ၁း၆-၉)
သတင်းကောင်းသည် ဘုရားသခင်ထံမှ အရေးကြီးသော အကြောင်းအရာဖြစ်သည်။
ဘုရားသခင်သည် ကျွန်တော်တို့ကို သူ၏ ကျေးဇူးတော် ကယ်တင်ခြင်းကို သိမြင် ရရှိစေချင်သည်။ လူသားများ၏ လက်တွေ့ အသက်တာ ထဲက အခြေခံ ပြဿနာ များကို ဖြေရှင်းပြီးသား ဖြစ်သောကြောင့် ဘုရားသခင်၏ ကျေးဇူးတော်သည် ကျွန်တော်တို့အတွက် သတင်းကောင်းဖြစ်ပါသည်။ ကျွန်တော်တို့သည် ကျဆုံးသူများ၊ ကျွန်တော်တို့သည် ပုန်ကန်သူများ၊ ကျွန်တော်တို့သည် ပြည့်စုံခြင်းတရား၏ အဝေးတွင် ရောက်နေသူများ၊ ဖြစ်ကြပါသည်။ ကျွန်တော်တို့ အသက်တာအတွက် ဘုရားသခင်၏ စုံလင် ပြည့်ဝသော လုပ်ဆောင်မှု မပါမရှိဘဲ စုံလင်သော ကောင်းကင်နိုင်ငံတော်သို့ မ၀င်နိုင်ကြပါ။ ကျွန်တော်တို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ယုံကြည်ခြင်း အားဖြင့်သာ ကယ်တင်ခြင်း ၇ရှိနိုင်ပါသည်။ ထိုအရာကို သတင်းကောင်းဟု ခေါ်ပါသည်။ ဘုရားသခင် သည် သာမန် အကူအညီမျှသာ ပေးအပ်သူ မဟုတ်ပါ။ သူသည် အလုံးစုံတို့ကို လုပ်ဆောင် ပေးခဲ့ ပါသည်။ ဘုရားသခင်၏ ကျေးဇူးတော်သာလျှင် “စစ်မှန်သော သတင်းကောင်း” ဖြစ်ပါသည်။ ထိုအရာများကို ဧ၀ံဂေလိ ဟု လည်း ကောင်း၊ Gospel ဟုလည်းကောင်း၊ သတင်းကောင်းဟုလည်းကောင်း ခေါ်ပါသည်။
ထိုအကြောင်းအရာတို့ကို လူတို့အား ပြောပြခြင်းကို သတင်းကောင်း ဝေငှခြင်းဟု ခေါ်ပါသည်။
နာမတော်မြတ်၌
ဦးမင်းလွင်
၆၄။စစ်မှန်သောချီးမွမ်းခြင်း
ဒီကမ္ဘာပေါ်မှာ ရှိတဲ့ အကျဉ်းထောင် တွေမှာ ထောင်မှူးက အကျဉ်းသားတွေရဲ့ ဒဏ်ရာ တွေကို ဆေးကြောပေးပြီး သူရဲ့ အိမ်ကို ဖိတ်ခေါ်ပြီးတော့ စားကောင်း သောက်ကောင်း တွေနဲ့ ဧည့်ခံတယ် ဆိုတဲ့ ထောင်မျိုး သင်ကြားဖူးပါ သလား။ နောက်ပြီး ထောင်တံခါးတွေက သူ့အလိုလို ပွင့်သွားပြီး ဘယ်တစ်ဦး တစ်ယောက် ကမျှ သော့မဖွင့်ပေးဘဲ ထောင်သားတွေကို ချည်နှောင် ထားတဲ့ သံကြိုးတွေ အလိုလို ပွင့်သွား တယ်ဆိုတဲ့ ထောင်မျိုးကော သင်ကြားဖူး ပါသလား။ ကောင်းပြီ။ ဒါဟာ တမန်တော် ၀တ္ထု အခန်းကြီး ၁၆ မှာ ပေါ လုနဲ့ သိလ ဆိုတဲ့ ဘုရားသခင်ကို ယုံကြည် တဲ့ သူတို့ရဲ့ တကယ့်ဖြစ်ရပ်မှန် အဖြစ်အပျက် တစ်ခု ဖြစ်ပါ တယ်။ ဒီအရာဟာ ချီးမွမ်းခြင်း တန်ခိုးတော်ကြောင့် ဖြစ်တယ်။
တမန်တော် ( ၁၆း၁၀ ) မှာ ဘုရားသခင်က ပေါလုကို မာကေဒေါနိပြည်ကို သွားဖို့အတွက် တိတိကျကျ ပြောထားခဲ့ပါတယ်။ ပေါလုကလည်း နာခံခြင်းနဲ့ သွားခဲ့တယ်။ အဲ့ဒီမြို့ကို ရောက်တဲ့အခါ ပေါလုနဲ့ သိလတို့ဟာ မိန်းကလေး တစ်ဦးထံမှ နတ်ဆိုးကို နှင်ထုတ် ပေးခဲ့တယ်။ “ဒီမိန်းကလေးရဲ့ သခင်တွေ က ပေါလုနဲ့ သိလကို အရမ်း ကျေးဇူးတင်ပြီး လက်ဆောင်တွေ ပေးမယ်လို့ ထင်ပါလား။ မဟုတ်ပါဘူး။ အဲ့ဒီအစား သူ့ရဲ့သခင်က အစိုးရမင်း ရုံးကို သွားပြီး သူတို့နှစ်ယာက်ကို တိုင် တန်းခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကျွန်မ မိန်းကလေးအားဖြင့် ငွေများများ ရနိုင်တဲ့ အခွင့်အရေးတွေ ပျက်စီးသွားလို့ ဖြစ်တယ်။ နောက်ဆုံးမှာတော့ ပေါလုနဲ့ သိလတို့ဟာ အရိုက်အနှက် ခံရပြီး ထောင်ထဲမှာ လှောင်ထားခြင်းပါ ခံခဲ့ရတယ်။ ထောင်တဲ့လား . . .။ ဘုရားသခင် ကိုယ်တိုင် သူတို့ကို မာကေဒေါနိ ပြည်ကို စေလွှတ် ခဲ့တာ မဟုတ်လား။ ပေါလုနဲ့သိလတို့က ဘုရားသခင်ရဲ့ စကားကို နာခံခဲ့တယ် မဟုတ်လား။ ဒါဆို ဘုရားသခင်က သူ့ရဲ့စကား နာခံနေရဲ့သားနဲ့ ဘာကြောင့် ထောင်ထဲမှာ အဆုံးသတ် စေရ တာလဲ။
ဒါက ကျွန်တော်တို့ ဒီလိုအဖြစ်အပျက်မျိုး တွေ့ကြုံခဲ့ရင် ဘုရားသခင်ကို ပထမဦးဆုံး ကျွန်တော် တို့ရဲ့ နှုတ်ခမ်းကနေ ထွက်လာမဲ့ စကားတွေကတော့ – ဘုရားသခင်. . . ကျွန်တော် ကိုယ်တော့် စကားနာခံခဲ့တယ် မဟုတ်လား။ ဘာကြောင့် ကျွန်တော် အရိုက်ခံရတာလဲ၊ မမှန်ဘဲနဲ့ ဘာကြောင့် အစွပ်စွဲခံရတာလဲ။ ကိုယ်တော် ဘာကြောင့် ဒီမှာ ဒီလိုမျိုး တွေ့ကြုံ ခံစားစေရတာလဲ . . . ဆိုတဲ့ မေးခွန်း တွေဘဲ မဟုတ်လား။ ဒါပေမယ့် ပေါလုနဲ့ သိလ တို့ရဲ့ လုပ်ဆောင်ချက်ကို ကြည့်ရအောင်။
“သန်းခေါင် ချိန်၌ ပေါလုနှင့်သိလတို့သည် ပဌနာပြု၍ ဘု ရားသခင်ကို ချီးမွမ်းလျက် သီးခြင်းဆိုလေ၏။ ထောင်ထဲမှာ နှောင်ဖွဲ့ခြင်းကို ခံရသောသူတို့ သည် နားထောင်ကြ၏။” (တမန်တော် ၁၆း၂၅ )
သိပ်ဟုတ်တာပေါ့။ သူတို့တွေ ဘုရားသခင်ကို သန်ခေါင်ယံချိန်မှာ ချီးမွမ်းသီးချင်း သီဆိုပြီး ဆုတောင်း နေကြတယ်။ သူတို့ဟာ ဟိုဒီထိုင်ပြီး ထွက်ပြေးဖို့ လမ်းစကို ရှာမနေကြပါ ဘူး။ အိပ်ရာပေါ်မှာလဲပြီး မာကေဒေါနိ ပြည်ကို လာရတဲ့အတွက် နောင်တရမနေကြပါဘူး။ ထောင်ထဲကို ရောက်ရခြင်းအတွက် ဘုရားသခင်ကို အပြစ် တင်မနေပါဘူး။ ဘာလို့လဲဆိုတော့ ဘုရားသခင်ဟာ သူတို့အပေါ်မှာ ကောင်းမြတ် တယ်ဆိုတာ ယုံကြည်နေကြလို့ ဖြစ်တယ်။ အဲ ဒီအစား သူတို့ဟာ ဘုရားသခင်ကို ချီးမွမ်း သီချင်းဆိုပြီး ဆုတောင်းခဲ့ကြတယ်။
အခန်းငယ် ၂၆ မှာဆိုရင် ဘုရားသခင် က ထောင်မြေပြင်ကို ပြင်းစွာလှုပ်စေပြီး ထောင် တံခါးအားလုံးကိုလည်း ပွင့်စေကာ ထောင်သား များအားလုံးကို ချည်ထားတဲ့ သံကြိုးတွေမှလည်း လွတ်မြောက်စေခဲ့တယ်။ သူတို့တွေ လွတ်မြောက်ဖို့ရန် ထွက်ပြေးလို့ ရပေမယ့် သူတို့တွေဟာ ရှိနေတဲ့ နေရာကနေ ဘယ်ကိုမှ ရွေ့မသွား ခဲ့ကြပါဘူး။ ဘာကြောင့်လဲဆိုတော့ ပေါလုက အားလုံးကို ပြောထားတာ ဖြစ်နိုင်တယ် (အငယ် ၂၉)။ သို့မဟုတ် မယုံကြည်သူ ထောင် သားတွေဟာ ပေါလုနဲ့ သိလတို့ရဲ့ ချီးမွမ်းသီ ချင်းဆိုခြင်းကို ဘုရားသခင် ကြားတယ်ဆိုတာ ကိုသိပြီး ဘုရားသခင်ကို ကြောက်ရွံကြလို့ဖြစ် နိုင်တယ်။ ထောင်သားတွေဟာ ဒီလူနှစ်ယောက် နဲ့ ပတ်သက်ပြီး ထူးခြားမှု တစ်စုံတစ်ခုရှိတယ် ဆိုတာကို မသိဘဲ နေမှာမဟုတ်ကြပါဘူး။ အ သေအချာ သိနေကြမှာ ဖြစ်တယ်။ ဘယ်လို ဖြစ်ပြီး ထောင်တံခါးတွေက သူ့အလိုလိုပွင့် သွားပြီး ထောင်သားတွေကို ချည်နှောင်ထားတဲ့ သံကြိုးတွေလည်း အလိုလို ပြုတ်ထွက်သွားရ တာလဲ။ ဒါဟာ ချီးမွမ်းခြင်း တန်ခိုးတွေကြောင့် ဖြစ်တယ်။ ချီးမွမ်းခြင်းက လွတ်မြောက်ခြင်းကို ဖြစ်စေနိုင်တယ်။
ဒီလွတ်မြောက်ခြင်းက ရုပ်ပိုင်းဆိုင်ရာ လွတ်မြောက်ခြင်းသာမက ၀ိညာဉ်ပိုင်းဆိုင်ရာ လွတ်မြောက်ခြင်းကို ပို၍ပုံဆောင်ထားခြင်း ဖြစ် တယ်။ သမ္မာကျမ်းစာက သင့်ရဲ့ရန်သူကို ချစ် ပါလို့ ပြောတယ်။ အဲဒါကို လိုက်လျှောက်ဖို့ ရန် အရမ်းခက်ခဲတယ်ဆိုတာ မကြာမကြာဆိုသလို ကျွန်မတို့ တွေ့မြင် လာတယ် မဟုတ်လား။ ကျွန်တော်တို့ ကျန်းမာရေး အတွက် ကလေးတွေအတွက် စိုးရိမ်မှုတွေ ရှိနေတဲ့အခါ သို့မဟုတ် ငွေရေးကြေး ရေး အခက်အခဲတွေ ကြောင့် ၀န်ပိနေတဲ့အခါ ပြုံးရယ်နေဖို့ အရမ်း ခက်ခဲတဲ့ အရာ ဖြစ်နေတယ် မဟုတ်လား။ စိုးရိမ်ခြင်းများနဲ့ နာကျင်မှု တွေမှ လွတ်မြောက် စေနိုင်တဲ့ ဘုရားသခင်ကို ခွင့်ပြု လက်ခံပြီး ချီးမွမ်းမယ်ဆိုရင် သင်ဘယ်လို တုန့် ပြန်မှာလဲ။ ကျွန်တော်တို့ရဲ့ ပြဿနာတွေကို ကြည့် ပြီး ဖြေရှင်းဖို့ ကိုယ်တိုင်ကြိုးစားနေတာထက် ကျွန်တော် တို့ရဲ့ နှလုံးသား တွေကို ချီးမွမ်းခြင်းတွေ နဲ့ ပြည့်စေမယ်ဆိုရင် ဘုရားသခင်က ကျွန်တော် တို့အတွက် တစ်စုံတစ်ခုကို လုပ်ဆောင် ပေး မှာ ဖြစ်တယ်။ ကျွန်တော်တို့ ကိုယ်တိုင် ဘယ်တုန်းကမှ တွေးမထားခဲ့တဲ့ နည်းလမ်းကို ဘုရားသခင် က ပြင်ဆင် ပေးမှာဖြစ်တယ်။ ကျွန်တော်တို့ မမြင်ရတဲ့ ချည်နှောင်ထားတဲ့ သံကြိုးတွေထဲကလည်း လွတ်မြောက် သွားမှာ ဖြစ်တယ်။
တစ်ကယ်လို့ ထောင်မှူးဟာ ထောင်သားတွေကို လွတ်သွား စေတယ်ဆိုရင် ထောင်သားတွေ ခံရမယ့် အပြစ် ဒဏ်ကို ထောင်မှူးက ကိုယ် စားခံရမယ် ဆိုတဲ့ ဥပဒေတစ်ခု ရောမမှာ ရှိ တယ်။ တမန်တော် အခန်းကြီး ၁၆ မှာ တွေ့ ရတဲ့ ထောင်မှူးဟာ ထောင်သားတွေ လွတ် မြောက်သွားတယ် ဆိုတာကို အစိုးရမင်းတွေ သိသွားရင် ဂုဏ်သိက္ခာ ကျဆင်းပြီး အသတ်ခံရ တာထက် ကိုယ့်ကိုယ်ကို သတ်သေဖို့ရန် (အ ငယ် ၂၇) ကြိုးစားခဲ့တယ်။ လက် စားချေချင်တဲ့ စိတ်ရှိပြီး စာနာစိတ် မရှိတဲ့ ထောင်သား တစ် ယောက်က ထောင်မှူး ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြိုးစားတာကို တွေ့ခဲ့မယ် ဆိုရင် သတ်သေဖို့ အလိုရှိခဲ့မှာဘဲ။ ဒါပေမယ့် ပေါလုက အဲ့ဒီလိုမျိုး လူစားထဲက မဟုတ်ပါ ဘူး။ အဲဒီအစား ပေါလုက ကိုယ့်ကိုယ်ကို နာကျင်အောင် မလုပ် ပါနဲ့ ငါတို့တွေ ဒီမှာရှိကြပါတယ်လို့ ထောင်မှူးကို ပြောလိုက်တယ်။ ပေါလုက ထောင်မှူး ရဲ့ အသက်ကို ကယ်တင်ခဲ့ရုံမျှမက ခရစ်တော်၌ ထာဝရအသက်ကို ရရှိဖို့ရန် ခေါ်ဆောင်ခဲ့တယ်(အငယ် ၃၄)။
ရှင်ပေါလုက အဲဒီအချိန်တုန်းက ကိုယ့် အတွက်ဘဲ မစဉ်းစားခဲ့ပါဘူး။“ဝေး. . ဟေး ထောင်တံခါးတွေ ပွင့်သွားပြီ ထောင်ထဲက ထွက်ပြေးကြရအောင်ဟေ့ . .”။ အဲဒီလို မပြော ခဲ့ပါဘူး။ ပေါလုဟာ ရောမနိုင်ငံသားဖြစ်ပြီး ပညာတတ် တစ်ယောက်လည်း ဖြစ်တယ်။ သူက ရောမ ဥပဒေအရ ထောင်သားတွေ လွတ်သွားရင် ထောင်မှုး ခံရမယ့် နောက် ဆက်တွဲ အကျိုးဆက် ကိုလည်း သိနားလည်တဲ့ သူဖြစ်တယ်။ ဒါကြောင့် သူဟာ ထောင်မှုး အပေါ် အာရုံစိုက် ထား တယ်။ ထောင်မှုးကို ပြောလိုက်တဲ့ ပေါလု ရဲ့ အဖြေစကားဟာ “ငါ ဒီထောင်ထဲမှာ ကြာ ကြာဆက်နေပါ့မယ်” ဆိုတဲ့ အဓိပ္ပါယ်သက် ရောက်သွားနိုင်ပါတယ်။ ဒါပေမယ့် ပေါလုအတွက် အဲ့ဒီအချိန်မှာ အဓိက အရေးကြီးဆုံးက ထောင်မှုး ရဲ့ အသက်ပါဘဲ။ ဒါက ချီးမွမ်းခြင်း ရဲ့ တန်ခိုးပါဘဲ။ ချီးမွမ်းခြင်းက ကိုယ့်အတွက် စဉ်းစားမှုတွေကနေ သူများတွေ အတွက် ဆင် ခြင်တတ်သော နှလုံးသားကို ပြောင်းလဲစေပါ တယ်။ ဘုရားသခင်က သူ့ကို ချီးမွမ်းကိုးကွယ် တဲ့အခါ ကျွန်တော်တို့ရဲ့ ဦးတည်ချက်ကို ပြောင်းလဲစေတဲ့ သူဖြစ်တယ်။ ”ကျွန်တော်တို့က ကိုယ် တော်ကိုတော့ ချစ်ပါတယ်၊ ဒါပေမဲ့ တစ်ခြား သူတွေကိုတော့ မချစ်နိုင်ပါဘူး” ဒီလိုပြောလို့ မရပါဘူး။
အချိန်က သန်းခေါင်ယံ ဖြစ်နိုင်တယ်။ ဒါပေမယ့် ထောင်မှုးဟာ နမိတ်လက္ခဏာကို ကိုယ်တွေ့ မြင်တွေ့ပြီးတဲ့ နောက်မှာ ပေါလုနဲ့ သိလတို့ရဲ့ သတင်းစကားကို ကြားနာပြီး ယုံ ကြည်ခဲ့တယ်။ ထောင်မှုးဟာ သူတို့နှစ်ဦးရဲ့ ဒဏ်ရာများကို ဆေးကြောပေးပြီး မိမိအိမ်ကို ခေါ်သွားကာ ကျွေးမွေး ဧည်ခံခဲ့တယ်။ တမန် တော် ၁၆း၃၄ မှာ ထောင်မှုးဟာ ၀မ်းမြောက် ခြင်းကို ပြည့်ဝစွာ ခံစားရတယ်လို့ ဆိုထားတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူဟာ ဘုရား သခင် ကို သိမြင်လာလို့ ဖြစ်တယ်။ ဒါက ချီးမွမ်းခြင်းရဲ့ တန်ခိုးတော်ကြောင့် ဖြစ်တယ်။ ချီးမွမ်းခြင်းက ဘုရား သခင် ရဲ့ ဘုန်းတော်ကို ထင်ရှားစေပါ တယ်။ ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကိုအတွက် သာ အာရုံစူးစိုက်မနေဘဲ ဘုရား သခင်နဲ့ အခြား သောသူများအတွက် စဉ်းစားပေးမယ်ဆိုရင် ဘု ရားသခင်ရဲ့ ဘုန်းတော်ကို ထင်ရှားစေသော သူ တွေ ဖြစ်လာမှာ ဖြစ်ပါတယ်။ ထိုအရာဖြင့် အ ခြားသူများကိုလည်း ဘုရားသခင်ထံကို ခေါ် ဆောင်လာနိုင်သော သူများ ဖြစ်လာမှာဖြစ်တယ်။
သင်ကိုယ်တိုင် အခက်အခဲတွေ တွေ့ကြုံ တဲ့အ ခါ သင်ဘယ်လို တုန့်ပြန်လေ့ရှိသလဲ။ သင် ကိုယ်တိုင်လည်း ပေါလုနဲ့ သိလ တို့ရဲ့ အသက် တာလိုဘဲ ဘုရားသခင်ကို ချီးမွမ်းလျက် ကိုး ကွယ်ခြင်းရှိတဲ့ အသက်တာကို ရွေးချယ်ချင်ပါ သလား။ ဘုရားသခင်က ပေါလုနဲ့ သိလတို့ကို ကယ်တင်ခဲ့သလိုဘဲ သင့်ကိုလည်း သူ့ရဲ့တန် ခိုးကြီးသော လက်တော်နဲ့ ကယ်တင်မယ်ဆိုတာ ကို သင်ယုံ ကြည်ပါသလား။ ထိုကဲ့သို့သော အခက်ခဲများကို ဘုရားသခင်ရဲ့ ဘုန်းတော်ထင် ရှားစေဖို့ အသုံးပြုပြီး အခြားသောသူများ ပြောင်းလဲလာသော အသက်တာများကို တွေ့ မြင်လာဖို့ရန် ရွေးချယ်ချင်ပါသလား။ ဒါဆိုရင် ဘုရားသခင်အား ချီးမွမ်းခြင်းကို ရွေး ချယ်ခြင်းဖြင့် အမှုတော်ထဲမှာ ဘုရားသခင် ရဲ့တန်းခိုး တော် ကို လက်တွေ့ခံစားလိုက်ပါ။
နာမတော်မြတ်၌
မင်းလွင်
၆၅။ဘာကြောင့်ဘုရားကျောင်းတတ်ရသလဲ
ကျွန်တော် တွေ့ဘူးတဲ့ ခရစ်ယာန်အချို့ဟာ ဘုရားကျောင်း သွားတယ် ဆိုတာ ခရစ်ယာန် ဖြစ်လို့ သွားတယ် လို့သာ သဘော ထားကြတယ်။ အချို့က ရွာကို လူကြုံ တစ်ဦး တစ်ယောက်များ ရှိမလား ဆိုပြီး သွားကြတယ်။ အချို့ အသင်းတော်က အကူအညီ တစ်ခုခု ရမလားဆိုပြီး သွားကြတယ်။ အချို့ အလုပ်အကိုင် ရှာဖွေရာ နေရာ သဘောမျိုး ရှိကြတယ်။ အချို့က သီချင်းဆို လေ့ကျင့်ရာနေရာမျိုး သဘောထားကြတယ်။ အခြား အကြောင်း အရင်းတွေလည်း ရှိပါဦးမယ်။ ဒါပေမဲ့ ခရစ်ယာန်ဆိုတာ နက်နက်နဲနဲ ပြောမယ်ဆိုရင် ယုံကြည်သူဆိုတာ၊ ဒီထက် နက်နဲရဦးမယ်ဆိုရင် ကယ်တင်ခြင်းရပြီး သူတိုင်းဟာ ဘုရားကျောင်းကို သွားသင့်ပါတယ်။
ခရစ်ယာန် တစ်ဦးဟာ ဘာကြောင့် ဘုရားကျောင်းကို သွားရတာလဲ ဆိုတာကို သင်စူးစမ်းလေ့လာဘူး ပါသလား။ သင့်ကိုယ်တိုင် အဲဒီအကြောင်းကို လေ့လာခဲ့ဘူးခြင်း မရှိဘူးဆိုရင် အခု ဖော်ပြလိုက်တဲ့ အချက် (၁၃) ချက်ဟာ သင့် အတွက် အထောက်အကူ ဖြစ်စေပါလိမ့်မယ်။
ဘုရားကျောင်းကို သွားတယ်ဆိုတာ ကယ်တင်ခြင်းရဘို့ ကောင်းကင်ကို သွားဘို့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဘုရား ကျောင်းကို သွားတယ်ဆိုတာ အရေးကြီးပါတယ်။ သင့်အသက်တာကို တိုးတက်ဘို့ အကူအညီ ပေးပါလိမ့်မယ်။ ဒါကြောင့် အဲဒီ ဘုရားကျောင်းကို သွားတဲ့ အလေ့အကျင့်ကို ထိန်းသိမ်းရပါလိမ့်မယ်။
အောက်ပါ အချက်များကို လေ့လာကြည့်ပါ။
၁။ ဘုရားသခင် သတ်မှတ်ထားတဲ့ နေ့ရက်ကို တန်ဘိုးထား လေးစားခြင်းကို နာခံမှုနဲ့ သက်သေထူ တာဘဲ ဖြစ်ပါ တယ်။ ဓမ္မဟောင်းခေတ်မှာကတည်းက ဘုရားသခင်အတွက် တစ်ပတ်မှာ တစ်ရက် အချိန်ပေးဘို့ တောင်းဆို ထားတာ ရှိပါတယ်။ (ထွက်မြောက်ရာ ၂၀း၈)
၂။ ကျွန်တော်တို့လို ခရစ်တော်၌ ရှိသော ညီအကို မောင်နှမများရှိတဲ့ ယုံကြည်ခြင်းနဲ့ ဆိုင်တဲ့ အသိုင်းအဝိုင်းနဲ့ သက်ဆိုင် မှု ရှိကြောင်း ဖော်ပြဘို့
၃။ ကျွန်တော်တို့ကိုယ်တိုင် ကျမ်းစာဖတ်ခြင်းကိုသာ အမြဲတမ်း မှီတည်နေတာထက် အခြားလူများရဲ့ ဦးဆောင်ခြင်း၊ သွန်သင်ခြင်း တွေအားဖြင့် ပိုမို အကျိုးရှိနိုင်တဲ့ အသက်တာကို တတ်လှမ်းဘို့
၄။ ကျွန်တော်တို့ဟာ ခရစ်တော်၌ ရပ်တည်နေခြင်းကို အမြဲသတိရရန်၊ ကျွန်တော်တို့ လုပ်ဆောင်ခဲ့ သော အပြစ်နှင့် ဒုစရိုက် ကို သိမြင် ဝန်ခံနိုင်ရန်၊ သမ္မာတရားကို သင်ကြားခံယူရန် ဖြစ်ပါတယ်။
၅။ ကျွန်တော်တို့ဟာ အစာရှောင်ဘို့၊ ဆုတောင်းဘို့၊ ဆယ်ဘို့တစ်ဘို့ ပေးဘို့
၆။ သမ္မာကျမ်းစာက အကြောင်းအရာတွေနဲ့ ပတ်သတ်ပြီး ယုံကြည်ခြင်းနဲ့ အသက်တာမှာ ရင်ဆိုင်ရတဲ့ အမှုအရာ တွေကို အကူအညီ ရယူဘို့
၇။ အခြားသော ယုံကြည်သူတွေရဲ့ ခြားနားတဲ့ အမြင်များမှ ယုံကြည်ခြင်းနဲ့ အသက်ရှင်မှုမှာ ရုန်းကန်ရတဲ့ အကြောင်း အရာ တွေကို ကြားနာနိုင်ဘို့
၈။ အသင်းတော်ထဲမှာ ရှိတဲ့ မိမိတို့ရဲ့ လက်တွဲဖော် ယုံကြည်သူများရဲ့ သက်သေခံချက်တွေ၊ အတွေ့အကြုံတွေကို ကြားနာနိုင်ဘို့
၉။ ဘုရားသခင်ရဲ့ မေတ္တာနဲ့ သတိပေးချက်တွေကို ကြားနာနိုင်ဘို့
၁၀။ ဘုရားသခင်ကို မသိကျိုးကျွန်ပြုပြီး မိမိရဲ့ ထုံးစံအစဉ်အလာတွေကိုဦးစားပေး ဆောင်ရွက်မှုတွေ ရှိခဲ့ရင် သတိရ ဆင်ခြင်နိုင်ဘို့
၁၁။ ကျွန်တော်တို့၏ ယုံကြည်ခြင်းကို ဆုတောင်းခြင်း၊ အစာရှောင်ခြင်း၊ ဆယ်ဘို့တစ်ဘို့ ပေးခြင်း၊ ဂုဏ်တော် ချီးမွမ်း ခြင်း၊ သက်သေခံခြင်းအားဖြင့် ဖော်ပြရန်
၁၂။ ယုံကြည်သူများဟာ နှုတ်ကပတ်တော်ကို ကြားသိခဲ့ပြီး အသက်ရှင်ရတဲ့ ရက်သတ္တပတ်နဲ့ အသက်တာရဲ့ အစိတ်အပိုင်းကို ကျေးဇူးသိ တုန့်ပြန်ဘို့
၁၃။ အသက်တာထဲက ဒုက္ခ၊ ပြဿနာ၊ မိသားစု၊ အလုပ်အကိုင်တွေ အကြားမှာ နစ်မြုတ်နေပေမဲ့ ကိုယ်တော့်ကို မမေ့ ဘူး။ ကိုယ်တော်နဲ့ မိတ်သဟာရပြုတယ်ဆိုတာ သက်သေထူဘို့
အခြားဖော်ပြနိုင်တဲ့ အကြောင်းအရာတွေလည်း ရှိကောင်းရှိနိုင်ပါသေးတယ်။ တကယ်တော့ စာတန် ဟာ ယုံကြည်သူတွေကို နည်းပရိယာယ် အမျိုးမျိုးနဲ့ ဘုရားကျောင်းတွေကို မရောက်နိုင်အောင် လုပ် ဆောင်နေပါတယ်။ ယခုခေတ်မှာ ဘုရားကျောင်းမသွားနိုင်သော်လည်း အင်တာနက်ကနေ နှုတ်ကပတ်တော်ကို ကြားနာနိုင်တယ်။ ယုံကြည်သူခြင်း မိတ်သဟာရဖွဲ့နိုင်တယ်။ အလှူငွေ ပို့ပေး လို့ရတယ်။ ဆုတောင်းချက်တွေ တင်လို့ရတယ် ဆိုပြီး လူတိုင်း ခံစားနေကြပါတယ်။ အင်တာ နက် မရှိရင်တောင် တယ်လီဖုန်းနဲ့၊ အခြားဆက်သွယ်ရေး မီဒီယာတွေနဲ့ ဝတ်ပြုကိုးကွယ်ခြင်းတွေကို လုပ်ဆောင်နေကြပါတယ်။ ဒါကြောင့် ဘုရားကျောင်းကို မသွားရင် ဖြစ်တယ်လို့ ခံစား နေသူတွေ ရှိပါတယ်။
ကိုယ်တော်ကို ချစ်ပြီး နှုတ်ကပတ်တော်တွေကို တန်ဘိုးထားတယ်ဆိုရင် ဘုရားကျောင်း ဆိုတာ တကယ် သွားသင့် ပါတယ် (သေချာပေါက် သွားရမယ်။)
အခုဖော်ပြလိုက်တဲ့ အချက်တွေဟာ ကျွန်တော့် ကိုယ်တိုင် ယုံကြည် လက်ခံထားတဲ့အချက်တွေ ဖြစ်ပြီး သဘောမတူ လက်မခံနိုင်သူများ ရှိခဲ့ရင်လည်း ကျွန်တော်ဟာ ငြင်းမှာ မဟုတ်ပါဘူ။ ကိုယ့်သဘော ကိုယ့်ဆန္ဒသာလျှင် အရေး အကြီးဆုံး ဖြစ်ပါတယ်။
အဲဒီနေရာမှာ မိမိ ဖတ်ခဲ့တဲ့၊ သိခဲ့တဲ့၊ ကြားခဲ့တဲ့ နှုတ်ကပတ်တော်တွေကို အတည်ပြုပြီး ဘဝအသက်တာအတွက် မှတ်တမ်း တင်ရမယ့် နေရာဖြစ်တယ်ဆိုတာ ဝေငှလိုက်ပါတယ်။
ဘုရားသခင် ကောင်းကြီးပေးပါစေ။
နာမတော်မြတ်၌
ဦးမင်းလွင်
၆၆။ခရစ်ဝင်ကျမ်းများတွင်ဖော်ပြသော ခရစ်တော်ပြုလုပ်ခဲ့သည့်နိမိတ်လက္ခာများ
ယခုဖေါ်ပြပေးမှာက ယေရှုခရစ်တော်ရဲ့ နိမိတ်လက္ခဏာတွေ အကြောင်းပါ။ ဒီနိမိတ်လက္ခဏာတွေထဲမှာ ခရစ်တော်ရဲ့ မွေးဖွားခြင်ကို မဖော်ပြတော့ဘဲ ကိုယ်တော်တိုင် လက်နဲ့ လုပ်ဆောင်ခဲ့တဲ့ အရာတွေကို ဖော်ပြလိုက်ပါတယ်။
ဒီနေရာမှာ ဖော်ပြထားတာတွေကတော့ အတတ်နိုင်ဆုံး အစဉ်လိုက် ဖြစ်ဘို့ ကြိုးစားဖော်ပြလိုက်ပါတယ်။ တကယ်လို့ သင့်အမြင်နဲ့ ကွဲပြားခဲ့မယ်ဆိုရင် ကျွန်တော်တို့ ကိုင်တွယ်အသုံးပြုတဲ့ အနက်ဖွင့်ကျမ်း (Commentary) တွေ မတူညီလို့ ဖြစ်ပါတယ်။ ဘာမှာ ငြင်းစရာတော့ မရှိပါဘူး။ အချိန်နဲ့ နေရာတွေကိုတော့ မဖော်ပြတော့ပါဘူး။ နိမိတ်လက္ခဏာ ဖြစ်ပွားပုံတွေသာ ဖော်ပြလိုက်ပါမယ်။
- ရေမှ စပျစ်ရေ ဖြစ်စေခြင်း (ယောဟန် ၂း၁-၁၁)
- အမတ်ကြီး၏သားကို ကျန်းမာစေခြင်း (ယောဟန် ၄း၄၆-၅၄)
- ပေတရုနှင့်အဖွဲ့ကို ငါးများရစေခြင်း (လုကာ ၅း၁-၁၁)
- တရားစရပ်တွင် ညစ်ညူသော နတ်ဆွဲသူအား ကျန်းမာစေခြင်း (မာကု ၁း၂၁-၂၈၊ လုကာ ၄း၃၁-၃၇)
- ပေတရု၏ ယောက္ခမကို ကျန်းမာစေခြင်း (မဿဲ ၈း၁၄-၁၅၊ မာကု ၁း၂၉-၃၁၊ လုကာ ၄း၃၈-၃၉)
- နူသောသူကို သန့်ရှင်းစေခြင်း (မာကု ၁း၄၀-၄၅၊ လုကာ ၅း၁၂-၁၅)
- ခြေလက်သေနေသူအား ကျန်းမာစေခြင်း (မဿဲ ၉း၂-၇၊ မာကု ၂း၃-၁၂၊ လုကာ ၅း၁၈-၂၆)
- ဗေသေသဓရေကန်အနီးမှ မကျန်းမာသူကို ကျန်းမာစေခြင်း (ယောဟန် ၅း၁-၁၈)
- လက်တဘက် သေသူကို ကျန်းမာစေခြင်း (မဿဲ ၁၂း၉-၁၂၊ မာကု ၃း၁-၆၊ လုကာ ၅း၆-၁၂)
- တပ်မှူ၏ ငယ်သားကို ကျန်းမာစေခြင်း (မဿဲ ၈း၅-၁၃၊ လုကာ ရး၁-၁၀)
- မုဆိုးမ၏သားကို ထမြောက်စေတော်မူခြင်း (လုကာ ရး၁၁-၁၇)
- မုန်တိုင်းကို ငြိမ်းစေခြင်း (မဿဲ ၈း၂၃-၂၇၊ မာကု ၅း၁-၂၀၊ လုကာ ၈း၂၇-၃၁)
- ဂါဒရအိုင်အနီးတွင် နတ်ဆိုးစွဲမှ နတ်ဆိုးနှင်ထုပ်ခြင်း (မဿဲ ၈း၂၈-၃၄၊ မာကု ၅း၁-၂၀၊ လုကာ ၈း၂၇-၃၉)
- သွေးသွန်နာစွဲသော အမျိုးသမီးကို ကျန်းမာစေခြင်း (မဿ ၉း၂၀-၂၂၊ မာကု ၅း၂၅-၃၄၊ လုကာ ၈း၄၃-၄၈)
- ယာဣရု၏သမီးကို ထမြောက်စေခြင်း (မဿဲ ၉း၁၈-၂၆၊ မာကု ၅း၂၂-၄၃၊ လုကာ ၈း၄၁-၄၆)
- မျက်စိကန်းသောသူကို မြင်စေခြင်း (မဿဲ ၉း၂၇-၃၁)
- စကားအသောနတ်ကို နှင်ထုပ်ခြင်း (မဿဲ ၉း၃၂-၃၅)
- ယေရှု လူငါးထောင်ကို မုန့်ကျွေးခြင်း (မဿဲ ၁၄း၁၃-၂၁၊ မာကု ၆း၃၀-၄၄၊ လုကာ ၉း၁၀-၁၇၊ ယောဟန် ၆း၁-၁၄)
- ရေပေါ်တွင် လမ်းလျှောက်ခြင်း (မဿဲ ၁၄း၂၂-၃၃၊ မာကု ၆း၃၀-၄၄၊ ယောဟန် ၆း၁၅-၂၁)
- ခါနန်အမျိုးသမီး၏သမီးထံမှ နတ်ဆိုးနှင်ထုပ်ခြင်း (မဿဲ ၁၅း၂၁-၂၈၊ မာကု ရး၂၄-၃၀)
- ဆွံ့အ နားမကြားသူကို ပြန်လည်ကောင်းမွန်စေခြင်း (မာကု ရး၃၁-၃၃)
- လူ လေးထောင်ကို ကျွေးမွေးခြင်း (မဿဲ ၁၅း၂၁-၂၈၊ မာကု ရး၂၄-၃၀)
- မျက်စိကန်းသူကို ပြန်မြင်စေခြင်း (မာကု ၈း၂၂-၂၆)
- ဝက်ရူးနာစွဲသောသားကို ပြန်ကောင်းစေခြင်း (မဿဲ ၁ရး၁၄-၂၁၊ မာကု ၉း၁၄-၂၉၊ လုကာ ၉း၃၇-၄၃)
- ငါးပါးစပ်ထဲမှ အကြွေစေ့ကို ထုပ်ပေးခြင်း (မဿဲ ၁ရး၂၄-၂၇)
- မွေးရာပါမျက်ကန်းကို ပြန်မြင်စေခြင်း (ယောဟန် ၉း၁-၇)
- စာတန်ကြောင့် ကျောကုန်းနေသော မိန်းမကို ပြန်ကောင်းစေခြင်း (လုကာ ၁၃း၁၀-၁၇)
- ရေဖျဉ်းစွဲသူကို ပြန်ကောင်းစေခြင်း (လုကာ ၁၄း၁-၆)
- လာဇရုကို ထမြောက်စေတော်မူခြင်း (ယောဟန် ၁၁း၁-၄၆)
- လူနူ (၁၀) ဦးကို သန့်ရှင်းစေခြင်း (လုကာ ၁ရး၁၁-၁၉)
- ဗာတိမဲကို ပြန်မြင်စေခြင်း (မဿဲ ၂၀း၂၉-၃၄၊ မာကု ၁၀း၄၆-၅၂၊ လုကာ ၁၈း၃၅-၄၃)
- သဖန်းပင်ကို အကျိန်ပေးခြင်း (မဿဲ ၂၁း၁၇-၂၂၊ မာကု ၁၁း၁၂-၁၄၊ ၂၀-၂၄)
- မာလခု၏နားကို ပြန်တပ်ပေးခြင်း (မဿဲ ၂၆း၅၁-၅၆၊ မာကု ၄း၄၆-၄၇)
- ကရာနီမှ အံ့သြဘွယ်ရာများ
- ပေတရု၏ ငါးဖမ်းခြင်းကို မစခြင်း (ယောဟန် ၂၁း၁-၁၄)
ဤဖော်ပြချက်များကို [Larry Richards. “Every Miracle of the Bible.” ( Nashville: Thomas Nelson Pub., 1998) pp. 198-199] မှ ကူးယူ ဖော်ပြပါသည်။
ခရစ်တော်၏ နိမိတ်လက္ခဏာများကို ဖော်ပြရာတွင် အသုံးပြုသော အနက်ဖွင့်ကျမ်း များ၏ ကွဲပြားခြားနားချက်များအရ မတူညီနိုင်ကြပါ။ အချို့ (၃၃) ခု ဖော်ပြပြီး အချို့က (၄၀) ခန့်လောက်အထိ ဖော်ပြကြပါသည်။
ဓမ္မသစ်ကျမ်းစာထဲတွင် နိမိတ်လက္ခဏာများကို ဖေါ်ပြရာတွင်
နိမိတ်လက္ခဏာ (၃၅) ခုစလုံးကို ခရစ်ဝင်ကျမ်း ရေးသားသူတစ်ဦးစီက အကုန်အစင်မဖော်ပြကြပါ။
ကျမ်းစာက ရှင်းလင်းစွာ ဖောပြခဲ့သည်မှာ နိမိတ်လက္ခဏာ မြောက်များစွာ ပြုလုပ်ခဲ့ပြီး ရေးသား၍ ပင် မဖြစ်နိုင်ဟု ဖေါ်ပြခဲ့ပါသည်။ (ယောဟန် ၂၀း၃၀-၃၁)
အချို့ နိမိတ်လက္ခဏာများမှာ ခရစ်ဝင်ကျမ်း (၄) စောင်စလုံးက ဖော်ပြပြီး တချို့မှာမူ (၁) စောင်တည်းကသာ ဖော်ပြပါသည်။
နိမိတ်လက္ခဏာများကို ဖော်ပြရာတွင် တစ်ခုနှင့်တစ်ခု အဖြစ်အပျက် အစီအစဉ် နေရာ အထားအသို ကွာခြားပါသည်။
၆၇။မိခင်ဟူသည်
ရှေးဦးစွာ Happy Mother day လို့ နှုတ်ခွန်း ဆက်သလိုက် ပါတယ်။ အမေများအားလုံး ဘုရားရှင်ထံပါးမှ ခန္ဓာ၊ စိတ်၊ ဝိညာဉ်တို့ အတွက် လိုအပ်သော ကောင်းကြီးများ ရရှိ ခံစားကြပါစေ။ အမျိုးသမီး တိုင်းသည် ဇနီးသည်ဖြစ် ရသော အခွင့်ကိုယ်စီရှိ ကြသည်။ သို့သော်လည်း ဇနီးသည်တိုင်းသည် မိခင်ဖြစ်ရသောအခွင့်ထူးကိုမူ လူတိုင်း မရရှိနိုင် ကြပေ။ ဤထူးမြတ်သော အခွင့်ထူးကို ရရှိပိုင်ဆိုင် ထားကြသော မိခင်များ အသက်တာအတွက် ဘုရားသခင်ကို အထူးပင် ကျေးဇူးတင်မိသည်။
အဘယ်ကြောင့် ဆိုသော် မိခင်များ၏အသက်တာ သည် ခင်ပွန်းသည်များအတွက်သော်၎င်းင်း၊ သား သမီးများအတွက်သော်၎င်းင်း ခန္ဓာ၊ စိတ်၊ ဝိညာဉ် (၃)ပါး၏ လိုအပ်ချက် ကို အစဉ်ဖြည့်ဆည်းပေးနေ ကြရသောကြောင့်ဖြစ်ပါသည်။ အဘယ်ကြောင့် ဆိုသော် ကျွနု်ပ်ကိုယ်တိုင်ခံစားခဲ့ရသောကြောင့် ဖြစ်ပါသည်။ ကျွနု်ပ်၏မိခင်သည် သူမ၏ ကလေး များနှင့် ခင်ပွန်းသည်အတွက် မိမိကိုဘုရားသခင် ပေးအပ်ထားသောတာဝန်ဟုခံယူပြီး အလွန်ပင် တာဝန်ကျေပြွန်စွာ သက်ဆုံးတိုင် မညည်းမညူဘဲ အနစ်နာခံ အသက်ရှင် လုပ်ဆောင် သွားခဲ့ပါသည်။ အထူးသဖြင့် ခင်ပွန်းသည်နှင့် သားသမီးများအ တွက်သစ္စာ ရှိစွာ မပျက်မကွက်ဆုတောင်းပေး ခဲ့ပါသည်။ သူမ၏ ခံယူချက် သဘောထား ကိုလည်း သားသမီးများအား ပြောပြသွန်သင်ခဲ့ပါသည်။
“မင်းတို့လေးတွေကို ဘုရားသခင်ကငါ့ကို အပ် ထားတာဖြစ်တယ်၊ မင်းတို့အားလုံးကိုငါချစ်တယ်၊ ငါ့ထက်ဘုရားသခင်က ပိုပြီးချစ်တယ်၊ မင်းတို့အား လုံးကို ငါဂရုစိုက်တယ်၊ ငါ့ထက်ဘုရားသခင်က ပို ပြီးတော့တောင် ဂရုစိုက်တယ်၊ ဒါကြောင့် မင်းတို့ကို ငါချစ်တာထက် ပိုချစ်ပြီး၊ ငါဂရုစိုက်တာထက်ပို ဂရုစိုက်တဲ့ ဘုရားသခင်ကို ငါ့ထက်ပိုပြီးချစ်ပါ။ ဘာ လို့လဲဆိုတော့ မင်း တို့လေးတွေကို သူပိုင်တယ်၊ ငါ ကဆိုင်ပဲဆိုင်တယ်လေ” လို့ ကျွန်တော်တို့တွေကို အသိပေး ဆုံးမခဲ့တာကို ဘယ်တော့မှမမေ့နိုင်ခဲ့ပါ။
ကျွန်တော့်လိုပဲ အခြားသော သူများရဲ့ အသက် တာ မှာလည်း သူတို့နဲ့သက်ဆိုင် ခဲ့ရတဲ့ မိခင်များရဲ့ ကောင်းမြတ်မှုများ ဝေငှသက်သေခံ ထားတာကို ခံစားကြည့်ကြပါစို့။
လူငယ်လေး တစ်ဦး..နာမည်ကတော့ W.P.L Mackay ဖြစ်ပါတယ်။ သူဟာအသက် (၁၇)နှစ်အရွယ်မှာ တက်္ကသိုလ်တက်ဖို့ အိမ်ကနေ ထွက်ခွာခဲ့ပါတယ်။ သူ့ရဲ့ မိခင်က နှုတ်ကပတ် တော် တစ်ပိုဒ်နဲ့ အတူ သူ့ နာမည်ထိုးထားတဲ့ သမ္မာ ကျမ်းစာအုပ်ကိုပေး လိုက်တယ်။ တက္ကသိုလ် ရောက်တဲ့အခါ သူဟာ ဘဝကို ရေစုန်မျောပြီး အ ပျော် လွန်ကာ မိခင်ပေးလိုက် တဲ့သမ္မာကျမ်းစာ ကို အရက်နဲ့ လဲပြီးသောက်ခဲ့တယ်။ ဒါပေမဲ့ မိခင် ကတော့ အသက်တာရဲ့နောက်ဆုံးအချိန်အထိ ဒီသားအတွက် ဆုတောင်းပေး ခဲ့တယ်။
နောက်ဆုံး မှာ W.P.L Mackay ဟာ ဆရာဝန် တစ်ယောက် ဖြစ်လာခဲ့တယ်။ တစ်နေ့ ဆေးရုံတွင် တာဝန်ထမ်း ဆောင်နေချိန်မှာ ရောဂါ အတော်ကျွမ်းနေပြီဖြစ် တဲ့ လူတစ်ယောက်နဲ့ တွေ့ခဲ့ရတယ်။ အဲဒီလူနာ ဟာ သူ့ရဲ့စာအုပ်တစ်အုပ်ကို ထပ်ခါတလဲလဲ တောင်းနေတာကိုလည်း သူကြားခဲ့ရတယ်။ မကြာခင် ရက်အနည်းငယ် အတွင်းမှာပဲ အဲဒီလူနာဆုံး သွားခဲ့ပါတယ်။ Mackay ဟာ အဲဒီလူနာက သူ့ ဘဝအတွက် အတော်အရေးထား၊ တန်ဖိုးထားတဲ့ စာအုပ်ဟာ ဘာစာအုပ်လဲဆိုတာကို သိချင်တာ နဲ့လူနာနေခဲ့တဲ့ အခန်းမှာသွားရှာ ခဲ့တယ်။ အဲဒီ စာအုပ်ကို သူတွေ့တဲ့အခါမှာတော့ သူအင်မတန် မှအထိတ်တလန့်ဖြစ်ခဲ့ရတယ်။ အဲဒီ စာအုပ်က တော့ သူကိုယ်တိုင် အရက်နဲ့ လဲ သောက်ခဲ့တဲ့ မိခင် ပေးထားခဲ့တဲ့၊ သူ့နာမည်ထိုးထားတဲ့ “သမ္မာကျမ်း စာအုပ်” ဖြစ်နေလို့ပဲဖြစ်တယ်။ သူဟာ သမ္မာ ကျမ်းစာထဲမှာရှိတဲ့ သူ့မိခင် လိုင်းတားထားတဲ့ ကျမ်း ပိုဒ်များကို အချိန်အတော်ကြာ ဖတ်ရှုဆင် ခြင်နှလုံးသွင်းပြီးတဲ့နောက် ဘုရားသခင်ထံ ဝန်ချ တောင်းပန် ဆုပဌနာပြု လိုက်ပါတယ်။ အဲဒီအချိန် ကစပြီး သူဟာ ဆရာဝန် ဘဝကနေ ဘုရားသခင် အတွက် အမှုတော်ဆောင် တစ်ယောက်ဖြစ် လာ ပါတယ်။ တစ်ချိန်က သူတန်ဖိုးမထားခဲ့တဲ့သမ္မာ ကျမ်းစာဟာ အခုတော့ သူ့ဘဝအတွက် မရှိမဖြစ် တန်ဖိုးမဖြတ်နိုင်တဲ့ စာအုပ်ဖြစ်ခဲ့ပါတယ်။
ကျွန်တော်ရဲ့မိခင်လည်း ကျွန်တော့်အတွက် သူ့ရဲ့ နောက်ဆုံးအချိန် အထိ ဘုရားသခင်ထံမှာ ဆု တောင်း ဆက်ကပ်ပေးခဲ့ပါတယ်။ သူ့ရဲ့ဆုတောင်း ချက်ဟာ ဘုရားသခင်ရဲ့ အလိုတော်နဲ့ အညီဖြစ်ခဲ့ ပါ တယ်။ မိခင်ဆုံးပါးပြီး (၃)နှစ်အကြာမှာ မိခင်ဆု တောင်းခဲ့တဲ့အတိုင်းပဲ ဘုရားသခင်ဟာ ကျွန်တော့် ကို အမှုတော်ဆောင် တစ်ယောက် အနေနဲ့ ရွေး ကောက်ခဲ့ပါတယ်။
ဒါကြောင့် မိခင်များဟာ ဘုရားသခင်နဲ့ အတူ သားသမီးများရဲ့အသက်တာမှာ ဘုရားဘုန်း ထင်ရှားဖို့အတွက် လက်တွဲလုပ်ဆောင်နေကြတဲ့ သာသနာ့ လုပ်ဖော်ဆောင် ဖက်တွေဖြစ်ပါတယ်။ သားသမီးတွေကိုပြုစု ပျိုးထောင်တဲ့အခါ ခန္ဓာပိုင်း၊ စိတ်ပိုင်းဖွံ့ဖြိုးတိုးတက်ဖို့ အရေးကြီးတာထက် ထာဝရကာလနဲ့သက်ဆိုင်တဲ့ဘုရားကို သိကျွမ်း ခြင်းဖြင့် အသက်တာ ဖွံ့ဖြိုး တိုးတက်ဖို့ရန် အင်မတန် မှအရေးကြီးတာပါတယ်။
ယုံကြည်သူမိခင်အ ယောက်စီတိုင်းအနေဖြင့် မိမိတို့ရဲ့သားသမီးများ ဘုရားသခင်၌ကိုးစားခြင်း၊ သိကျွမ်းခြင်းအရာမှာ တိုးတက်ဖွံ့ဖြိုးလာဖို့ နှုတ်ကပတ်တော်နဲ့ သွန်သင် ပြီးသစ္စာရှိစွာ ဆက်ကပ်ဆုတောင်းပေးခြင်းဖြင့် သားသမီးတွေရဲ့အသက်တာမှာ ဘုရားရဲ့မေတ္တာ၊ အလင်းတရား၊ ကယ်တင်ခြင်းဆုကျေးဇူးတွေကို ရရှိခံစားနိုင်စေရန် ဘုရားသခင် ပေးထားသော တာဝန်ကိုသက်ဆုံးတိုင် ဆက်ကပ်လုပ်ဆောင်သွား ကြပါလို့ တိုက်တွန်း နိုးဆော်လိုက်ပါရစေ . . . .။
၂၀၁၀ ခုနှစ် မေလထုပ် စိန်ခေါ်သံမဂ္ဂဇင်းမှ ဆရာ ပေါဇံ၏ ရေးသားချက်ကို ပြန်လည်ဖော်ပြပါသည်။
၆၈။ဘုရားသခင်နှင့်ဆက်သွယ်ခြင်း
အခြေပြုကျမ်းချက်။ ။လုကာ ၈း၅-၈
ကျွနု်ပ်တို့ ခရစ်ယာန်နှင့် အခြား ဘာသာများအကြား အဓိက ခြားနားချက်တစ်ခုမှာ ဘုရားသခင်သည် အသက်ရှင်ပြီး ကျွနု်ပ်တို့နှင့် ဆက်ဆံရေးရှိရန် အလွန်ပြင်းပြသော ဆန္ဒရှိသော အရှင်ဖြစ်သည်။ အမှန်တကယ်တွင် ကျွနု်ပ်တို့၏ ကယ်တင်ခြင်းသည် ဘုရားသခင်နှင့်ရှိသော ဆက်ဆံရေး အပေါ်တွင် အခြေခံထားသည်။ ဆက်သွယ်ရေး ဆိုသောအရာ မရှိလျှင် ဆက်ဆံရေး ဆိုသောအရာ မရှိနိုင်။ သင်သည် တစ်စုံ တစ်ယောက်ကို စကားပြောရမည်။ သူပြောသည်ကို နားထောင်ရမည်။ ဆက်ဆံရေးဆိုသည်မှာ တစ်ယောက်နှင့် တစ်ယေက် ပိုမို သိကျွမ်းလာစေရန် အထောက်အကူပေးသည်။ ပျော်ရွှင်စရာ ဆက်ဆံရေးဆိုသည်မှာ တစ်ယောက်နှင့် တစ်ယောက် ဆက်ဆံရေး မရှိဘဲ တည်ဆောက်၍ မရနိုင်ပါ။ ဆက်ဆံရေး မရှိလျှင် တစ်ယောက်နှင့် တစ်ယောက် မငြိမ်မသက်ဖြစ်စေခြင်း၊ ရှုပ်ထွေးစေခြင်း၊ အမြတ်ထုပ်ခြင်း စသည်တို့ ဖြစ်လာလိမ့်မည်။ ကောင်းသော ဆက်ဆံရေးဆိုသည်မှာ ထိုအရာများ မပါရှိပါ။
ဓမ္မဟောင်းမှ ဗာဗုလုန် ရဲတိုက်ကြီးများ ဆောက်လုပ်သည့် အဖြစ်အပျက်ကို သင်မှတ်မိပါသလား။ အဘယ်ကြောင့် ထိုလုပ်ငန်းကြီး ရပ်ဆိုင်းသွားရသည်ကို မှတ်မိပါသလား။ တစ်ယောက်နှင့် တစ်ယောက် ဆက်သွယ်မှု မပြုနိုင်သော ထိုအချိန်တွင် ထိုလုပ်ငန်းကြီး ရပ်ဆိုင်းသွားခဲ့ရသည်။ လူများက ဘုရားသခင်ထက် ကြီးမား ကြီးမြတ်ခြင်းကို တောင့်တ ခဲ့ကြသည်။ ထို့ကြောင့် ဘုရားသခင်က လူတို့တွင် ဘာသာစကား အမျိုးမျိုးတို့ ဖြစ်ပေါ်စေခဲ့သည်။ ထိုအချိန်မှ စ၍ ဆက်ဆံရေးဆိုသော အရာသည် ပျက်ဆီးသွားခဲ့သည်။ ထိုလူများ တစ်ယောက်နှင့် တစ်ယောက် မဆက်သွယ် နိုင်လျှင် သူတို့၏ အောင်မြင်မှုနှင့် သူတို့၏ လုပ်ဆောင်နိုင်မှုများ ဘယ်သောအခါမှ ရှိလာမည် မဟုတ်ကြောင်း ဘုရားသခင်က သိရှိခဲ့ပါသည်။ တစ်ယောက်နှင့် တစ်ယောက် နားလည်မှု မရှိနိုင်သည့် အချိန်မှ စတင်ကာ ဆက်ဆံရေး ကျဆုံးသွား ခဲ့ကြသည်။
အကျိုးဖြစ်ထွန်းမှုရှိရန် ဆက်သွယ်ပြောဆိုနိုင်သူ ဖြစ်ရမည်။
ဤအချက်သည် မိသားစုများ အတွက် သော်လည်းကောင်း၊ စီးပွားရေး လုပ်ဖော် ဆောင်ဖက်များ အတွက် သော်လည်းကောင်း၊ သင်နှင့် အဆက်အသွယ် ပြုလျက်ရှိသော အခြားသူများ အတွက် သော်လည်းကောင်း မှန်ကန်လျက်ရှိပြီး ဘုရားသခင်နှင့် ဆက်သွယ်ရေး တွင်လည်း အလားတူပင် ဖြစ်သည်။ သင်သည် ဆက်ဆံရေး ပျက်ပြားသွားပါက သင်၏ အကျိုး ဖြစ်ထွန်းမှုများလည်း ဆုံးရှုံးသွားရပါလိမ့်မည်။
ယခု ကျွနု်ပ် ဝေငှလိုသည်မှာ ဘုရားသခင်နှင့် ဆက်ဆံရေး မည်သို့ တည်ရှိနိုင် မည်နည်း ဟူသည့် အကြောင်း အရာပင် ဖြစ်ပါ၏။ ကျွနု်ပ်တို့သည် ဘုရားသခင်၏ အသံတော်ကို မည်သို့ ကြားကြ ပါသနည်း။ ကျွနု်ပ် ယခု ဖတ်လိုသော ကျမ်းတော်မြတ်မှာ ရှင်လုကာ အခန်းကြီး (၈) တွင် တွေ့ရသော အကြောင်းအရာပင် ဖြစ်ပေ၏။
ရှင်လုကာ ၈း၅-၈
မျိုးစေ့ ကြဲသောသူသည် မျိုးစေ့ကို ကြဲခြင်းငှါ ထွက်သွား၏။ အစေ့ကို ကြဲသည်တွင် အချို့သော အစေ့တို့သည် လမ်း၌ ကျသဖြင့် ကျော်နင်းခြင်းကို ခံရ၍ မိုဃ်းကောင်းကင် ငှက်တို့သည် ကောက်စားကြ၏။ အချို့သော အစေ့တို့သည် ကျောက်ပေါ်၌ ကျသဖြင့် အပင်ပေါက် သောအခါ မြေသြဇာမရှိ သောကြောင့် ညှိုးနွမ်း ပျက်စီးခြင်း သို့ရောက်ကြ၏။ အချို့သောအစေ့ တို့သည် ဆူးပင်တို့တွင် ကျသဖြင့် ဆူးပင် တို့သည် အတူပေါက်၍ ညှင်းဆဲကြ၏။ အချို့သော အစေ့တို့သည် ကောင်းသောမြေ၌ ကျသဖြင့် အပင်ပေါက်၍ အဆတရာပွါးများ၍ အသီးသီးကြ၏။ ဟုမိန့်တော်မူပြီးမှ၊ ကြားစရာ နားရှိသောသူမည်သည်ကား ကြားပါစေဟု ကြွေးကြော်တော်မူ၏။ (ရှင်လုကာ ၈း၅-၈)
ဤကျမ်းပိုဒ်၏ စကားလုံး တစ်လုံး ဖြစ်သော “ကြားစရာ နားရှိသောသူ” ဆိုသော စကားလုံးကို သတိရပါ။ သခင် ယေရှုက မိမိ၏ တပည့်တော်များကို နားထောင်မှုသည် မည်မျှ အရေးပါကြောင်းကို နားလည်ရန် ဖော်ပြသော စကားလုံး ဖြစ်ပေ၏။
သခင်ယေရှုက ထိုဥပမာ၏ အ နက်အဓိပ္ပါယ်ကို ရှင်လုကာ ၈း၁၁-၁၈ တွင် ဖော်ပြခဲ့ပါ၏။
ထိုဥမာ အနက်အဓိပ္ပါယ်ကား၊ မျိုးစေ့သည် ဘုရားသခင်၏ တရားစကားဖြစ်၏။ လမ်း၌ရှိသောသူကား၊ တရား စကားကို ကြားသည် ရှိသော်၊ ယုံကြည်ခြင်း၊ ကယ်တင်ခြင်းသို့ မရောက်စေခြင်းငှါ၊ မာရ်နတ်သည် လာ၍ တရား စကားကို နှလုံးထဲမှနှုတ် ယူသောသူကို ဆိုလိုသတည်း။ ကျောက် ပေါ်၌ ရှိသော သူကား၊ တရားစကားကိုကြား၍ ဝမ်းမြောက်သော စိတ်နှင့် ခံယူသော်လည်း စိတ်နှလုံး၌ အမြစ်မစွဲ၊ ခဏသာ ယုံကြည်သဖြင့် စုံစမ်း နှောင့်ရှက် ခြင်းကို ခံရသောအခါ ဖောက်ပြန်သောသူကို ဆိုလိုသတည်း။ ဆူးပင်တို့တွင် ရှိသောသူကား၊ တရား စကားကို ကြားသည် ရှိသော်၊ လောကီ စိုးရိမ်ခြင်း၊ စည်းစိမ်ကြွယ်ဝခြင်း၊ ကာမဂုဏ် ခံစားခြင်း တို့သည် နှိပ်စက်၍ အသီးမသီး သောသူကို ဆိုလိုသတည်း။ ကောင်းသောမြေ၌ ရှိသောသူကား၊ ဖြောင့်မတ်စင် ကြယ်သော စိတ်နှလုံးနှင့် တရားစကားကို ကြားလျှင်၊ စွဲလမ်း သောအားဖြင့် မြဲမြံစွာ အသီးသီးသော သူကို ဆိုလိုသတည်း။
ဆီမီးထွန်းပြီးလျှင် အိုးမှောက်၍ဖုံးထားလေ့မရှိ။ ခုတင်အောက်၌လည်းထားလေ့မရှိ။ ဝင်သောသူ သည် အလင်းကိုမြင်စေခြင်းငှါ ဆီမီးခုံအပေါ်မှာ တင်ထားလေ့ရှိ၏။ ဆိတ်ကွယ်ရာ၌ ရှိသမျှတို့သည် ထင်ရှားလိမ့်မည်။ ဝှက်ထားလျက် ရှိသမျှတို့သည်လည်း ထင်ရှားစွာပွင့်လင်းလိမ့်မည်။ ထိုကြောင့် သင်တို့သည် အဘယ်သို့ကြား နာရသည်ကို သတိပြုကြလော့။ အကြောင်းမူကား၊ အကြင်သူသည် ရတတ်၏။ ထိုသူအား ပေးဦးမည်။ အကြင်သူသည် ဆင်းရဲ၏။ ထိုသူ၌ ဥစ္စာရှိဟန်ဆောင်သမျှကိုပင် နှုတ်လိမ့်မည်ဟု မိန့်တော်မူ၏။
အထက် ဖော်ပြပါ အခန်းငယ် (၁၈) သခင်ယေရှုပြောကြားချက်တွင် “သင်တို့သည် အဘယ်သို့ ကြားနာ ရသည်ကို သတိပြုကြလော။” ဟု ဖေါ်ပြထားသည်။
အခန်းငယ် (၈) တွင်သော်လည်းကောင်း၊ အခန်းငယ် (၁၈) တွင်သော်လည်းကောင်း သခင်ယေရှု ပြောကြား ချက်တွင် နားထောင်ရန် ပြောပါသည်။ နားထောင်ခြင်းသည် ဆက်ဆံရေး အလွန် ရေးကြီးပါ၏။ သင်သည် အခြားလူပြောသော စကားကို နားမထောင်ပါက သင်သည် ထိုသူနှင့် ဆက်သွယ်နေသည်ဟု မပြောနိုင်ပါ။
ဤပုံဥပမာ ပြောကြားချက်တွင် လူတို့၏ နားထောင်ခြင်း (၄) မျိုးကို မြင်တွေ့မိပါသည်။ နားထောင်မှု ပုံစံလေးမျိုး ကို လေ့လာကြည့်ကြပါစို့။
၁။ အချို့သောလူများသည် နားထောင်ခြင်းကို လုံး၀ စိတ်မဝင်စားကြပါ။
မျိုးစေ့ကြဲသောသူသည် မျိုးစေ့ကိုကြဲခြင်းငှါ ထွက်သွား၏။ အစေ့ကို ကြဲသည်တွင် အချို့သောအစေ့တို့သည် လမ်း၌ကျသဖြင့် ကျော်နင်းခြင်းကိုခံရ၍ မိုဃ်းကောင်းကင်ငှက်တို့သည် ကောက်စားကြ၏။ (လုကာ ၈း၅)
လမ်းပေါ်တွင် စိုက်ပျိုးရန် မျိုးစေ့ချသည်။ ဤသည်မှာ နားမထောင်ခြင်းသဘောပင် ဖြစ်ပေ၏။
သမ္မတကြီး ဖရန်ကလင် ရုစဗဲ့ နှင့် ပတ်သတ်သော အဖြစ်အပျက်တစ်ခုကို ကျွနု်ပ်ကြားဘူးပါသည်။ သူသမ္မတဖြစ်စဉ်အခါ အိမ်ဖြူတော် ကြိုဆိုရေး ဝန်ထမ်းများသည် တာဝန် ဝတ္တရားအရ သာမာန် နားထောင်ရုံ မျှသာ ဖြစ်ကြောင်း သိရှိခဲ့သည်။ တစ်ခုသော ညနေခင်းတွင် သူ၏ စကားကို မည်မျှ အလေးထား နားထောင် သည်ကို သိရှိရန် လေ့လာမည်ဟု ဆုံးဖြတ်ချက် ချခဲ့သည်။ သူ့ထံသို့ လာရောက်သောသူများသည် အပြုံး ချိုချိုလေးများဖြင့် လာရောက်လက်ဆွဲ နှုတ်ဆက်ကြချိန်တွင် သမ္မတကြီး ရုစဗဲ့က အပြုံးမျက်နှာဖြင့် “ဒီမနက် ကျွန်တော်ရဲ့ အဖွား အသက်ခံရတယ်ဗျာ” ဟုပြောလိုက်ရာ ထိုသူတို့က ပြန်လည်တုန့်ပြန်ကြသည်မှာ “တကယ် ချစ်စရာ ကောင်းပါတယ် သမ္မတကြီးရယ်” “ကြားရတာ ဘယ်လောက်တောင် ချိုမြိန်လိုက်သလဲဗျာ” စသည်ဖြင့် တုန့်ပြန်ကြသည်။ ထိုအခါ သမ္မတကြီး ရုစဗဲ့ နားလည်သဘောပေါက်လိုက်သည်မှာ ထိုသူတို့ အားလုံးသည် သူ၏ စကားကို ကောင်းစွာ နားမထောင်ကြကြောင်း သိရှိခဲ့ကြသည်။ နောက်ဆုံးတွင် သံတမန်တစ်ဦးနှင့် လက်ဆွဲ နှုတ်ဆက်ချိန်တွင် “ကျွန်တော့်အဖွား ဒီမနက်အသက်ခံရတယ်ဗျာ” ဟူ ပြုံးပြီး ပြောလိုက်ရာ ထိုသံတမန်သည် အနည်းငယ် အံ့အားသင့်သော အမှုအရာဖြင့် တုန့်ပြန်ခဲ့သော်လည်း ပြန်ပြောခဲ့သည်မှာ “သေချာပါတယ်ဗျာ။ ဒီမနက် သူလာမှာပါ” ဟု ပြောလိုက်လေသည်။
အချို့လူများမှာ လုံး၀ နားမထောင်တတ်ကြပါ။ ထိုကဲ့သို့သော သူများကို သင်တွေ့ဘူးပါသလား။ သင်ဘာပြောနေသည်ကိုပင် ထိုသူသည် မသိ၊ နားမလည်၊ ဂရုမစိုက်ကြ။ အဘယ်ကြောင့် ထိုသူတို့သည် နားမထောင်ကြပါသနည်း။ အကြောင်းအရင်း အချို့ရှိပါသည်။
က. အချို့လူတို့သည် အလွန်အလုပ်များကြပြီး သူတို့၏ စိတ်အစဉ်မှာ ခက်ခဲမှု ပြဿနာ များကြောင့် နားထောင်နိုင်မှု မရှိကြချေ။
ကျွန်တော်၏မိတ်ဆွေတစ်ယောက်အကြောင်း ပြောပြချင်ပါသည်။ သူသည် ဆန့်ကျင်တတ်သောသူမဟုတ်။ နားထောင်ရန် ဆန္ဒရှိပါသည်။ သို့သော်လည်း သူသည် အလွန်အလုပ်များနေလေ့ရှိပြီး အလုပ်လုပ်ရာတွင် အလွန်လျှင်မြန်သည်။ သို့သော် ဂရုတစိုက် နားထောင်ရန် အမြဲ နှေးကွေးနေတတ်သည်။ ထို့ကြောင့် ကျွနု်ပ်တို့နှင့် အမြဲ အစဉ်မပြေ ဖြစ်ရကြသည်။
ကျွနု်ပ်တို့သည် ဘုရားသခင်ထံမှာ ကြားနာရန် ဆန္ဒရှိကြသည်။ သို့သော်လည်း ကျွနု်ပ်တို့၏ စိတ်အစဉ်သည် အလွန်အလုပ်များသောကြောင့် အာရုံစိုက်ရန် မလွယ်ကူသော အခြေအနေများ ရှိနေကြသည်။ ထို့ကြောင့် ကြားရသောအရာ အများရှိသော်လည်း မှတ်သားနိုင်သော အခြေအနေ မရှိကြ။ ထို့ကြောင့် နားထောင်မှုများတွင် ဘာမျှ မမှတ်မိတော့ဘဲ အစဉ်လွတ်သွားလေ့ရှိသည်။
ဘုရားသခင်သည် ယနေ့တွင် သင့်ကို စကားပြောနေပါသည်။ သင်သည် အလုပ်များကို ခဏရပ်ပြီး စကားနားထောင်လိုက်ပါ။ အချို့သောသူများကတော့ နားမထောင်နိုင်လောက်အောင် အလုပ်များနေဆဲ ဖြစ်သည်။
ခ. အချို့သောသူများသည် နားမထောင်ကြပါ။ အဘယ်ကြောင့်ဆိုသော သူတို့၏ စိတ်သည် ပိတ်ထားကြပြီး သူတို့၏နှလုံးသားများလည်း မာကြောနေကြသောကြောင့်ဖြစ်သည်။
ဘုရားသခင်သည် ကျွနု်ပ်တို့ကို စကားပြောချင်ပါသည်။ သို့သော် ကျွနု်ပ်တို့၏ စိတ်အစဉ်နှင့် နှလုံးသားများကို ဖွင့်လှစ်ထားရပါမည်။ ကျွနု်ပ်တို့မှ အချို့သောသူများသည် ဘုရားသခင်ထံမှ စကားတော်ကို နားထောင်ရန် ဆန္ဒမရှိကြပါ။ အဘယ်ကြောင့်ဆိုသော် ကျွနု်ပ်တို့၏ အချိန်နာရီနှင့် လုပ်ငန်းဆောင်တာ လုပ်ဆောင်မှုအစီအစဉ်များကို ပြောင်းလဲရန် မဆောင်ရွက်နိုင်သောကြောင့် နားထောင်ခြင်းအမှုကို မပြုလုပ်ကြပါ။ ကျွနု်ပ်တို့ စိတ်အစဉ်နှင့် နှလုံးသားကို ပိတ်ဆို့ထားသော အကြောင်းရင်းများလည်း ရှိနေသည်။ ထိုအကြောင်းရင်းများမှာ
က) မာနကြီးခြင်း
ကျွနု်ပ်တို့၏ အတွေးများမှာ “ဘုရားမလိုပါဘူး။” ” ငါဘာသာ လုပ်နိုင်ပါတယ်။” ” ငါသိပြီးသားပါ။” ” ငါအားလုံး သိပါတယ်။” ” ငါလက်နဲ့ ငါလုပ်တာ အစဉ်အပြေဆုံးပါဘဲ၊” ” ငါဖြေရှင်းနိုင်ပါတယ်။” စသည်ဖြင့် ပြောဆို ထင်မြင်တတ်ကြသည်။ ထိုအရာ အားလုံးမှာ မာန်မာနများပင်ဖြစ်ပေသည်။ ထိုအရာများသည် ဘုရားသခင်၏ စကားတော်ကို ကြားနာရန် ပိတ်ပင်မှု ဖြစ်စေသောအရာများ ဖြစ်ကြသည်။ ဘုရားသခင်သည် လေထဲတွင် စကားပြောသူမဟုတ်။ ကျွနု်ပ်တို့၏ နှလုံးသားတွင် စကားပြောသူဖြစ်သည်။ သတိရပါ။ ဘုရားသခင် လုပ်ဆောင်ပေးသောအရာများသည် အကောင်းဆုံးဖြစ်ပြီး သူ့ကို အစဉ် တန်ဘိုးထားပါ။
ခ) ခါးသီးခြင်း
ကျွနု်ပ်တို့ နာကျင်ရသည့်အခါတိုင်း ရွေးချယ်မှု တစ်စုံတစ်ရာကို လုပ်ဆောင်ခဲ့ကြသည်။ အချို့က ပိုကောင်းသောအရာကို ရွေးချယ်ကြပြီး အချို့က ပိုမိုခါးသည်းမှုများကို ရွေးချယ်ခဲ့ကြသည်။ ထိုအခါ သူတို့သည် နားမထောင်နိုင်သော အခြေအနေ ဖြစ်သွားသည်။ ကျွနု်ပ်တို့ နာကျင်ရသည့်အခါတိုင်း တံတိုင်းကြီးများကို တည်ဆောက်မိကြသည်။ ထိုတံတိုင်းကြီးများ၏ နောက်ကွယ်တွင်သာ နေထိုင်မိတော့သည်။ “ဘယ်သူမှ မလာနဲ့” ဟု အော် ဟစ်မိကြသည်။ ထိုအခြေအနေမျိုးတွင် ဘုရားသခင်ကိုပင် အပြစ်တင်ပြောဆို မိကြပြီး နားထောင်ခြင်းကို မလုပ်ဆောင်နိုင်တော့ပေ။ ခါးသည်မှု များသည် ဘယ်သောအခါမှ ကောင်းမြတ်ခြင်းတရားကို မခံစားနိုင်သော အခြေအနေသို့ ရောက်ရှိသွားတတ်သည်။
ဂ) နားမလည်ခြင်း
အချို့သောသူတို့သည် စကားတော်ကို နားမထောင်ကြပါ။ အဘယ်ကြောင့်ဆိုသော ဘုရားသခင်သည် သူတို့ကို စကားပြောချင်ကြောင်းကို မသိကြသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် သင်၏ အာရုံစူးစိုက်မှုကို ရယူချင်ပါသည်။ သူသည် သင်နှင့် စကားပြောချင်နေပါသည်။ သူသည် သင့်ကို ဆက်ဆံမှု (သို့မဟုတ်) ဆက်သွယ်မှု ပြုချင်ပါသည်။ နာထောင်ခြင်းသည် ဆက်သွယ်မှုပြုခြင်းတွင် ကြီးမားသော အစိတ်အပိုင်း တစ်ခုအဖြစ် ရှိနေပါသည်။
နှိမ့်ချလျက်ရှိသောသူတို့ကို တရားလမ်း၌ သွေးဆောင်တော်မူ၏၊၊ နှိမ့်ချလျက်ရှိသော သူတို့အား ခရီးတော်တို့ကို သွန်သင်တော်မူ၏၊၊ (ဆာလံ ၂၅း၉)
နှိမ့်ချလျက်ရှိသောသူတို့အား မည်သို့ သွေးဆောင်၍ မည်သို့ သွန်သင်ပါသနည်း။ စကားပြောခြင်းဖြင့်သာ ဖြစ်ပါ၏။ နှိမ့်ချခြင်းဆိုသည်မှာ သင်ကြားနိုင်သည့် အခြေအနေ စိတ်သဘောရှိခြင်း အဓိပ္ပါယ်ပင် ဖြစ်ပါ၏။ ဆရာထံမှ နားထောင်ခြင်းအမှုကို ပြုနိုင်သောသူသည်သာလျှင် သင်ကြားပေးနိုင်ပါလိမ့်မည်။ တနည်းဆိုရသော် ကြားစရာ နားရှိသောသူသာလျှင် ဘုရားသခင်က စကားပြောတော်မူ၏။
ဘုရားသခင် စကားပြောနိုင်သူ ဖြစ်လာစေရန် သင့်ကို ကျွနု်ပ် အားပေးပါ၏။ ထိုအရှင်သည် နားကန်းနေသူများကို စကားမပြောပါ။ ထိုအရှင်ကိုစကားမပြောနိုင်လောက်အောင် (သို့မဟုတ်) စကားနားမထောင်နိုင်လောက်အောင် အလုပ်များနေသူများကို စကားမပြောပါ။ တစ်ခါတစ်ရံ ကျွနု်ပ်တို့သည် တိတ်ဆိတ်စွာနေ၍ ကိုယ်တော်၏ စကားကို နားထောင်ဘို့ရန်သာ လိုအပ်ပါသည်။ ဘုရားသခင်၏ စကားတော်ကို နားထောင် တတ်သူသာ ဖြစ်ဘို့ လိုအပ်ပါသည်။ ဘုရားသခင်သည် ထိုကဲ့သို့ နားထောင်မည့်သူများကို ရှာဖွေလျက်ရှိပါ၏။
၂။ အချို့သောသူများမှာ နားထောင်သော်လည်း မေ့တတ်ကြ၏။
တရားစကားကို ကြား၍ နားထောင်သော်လည်း မေ့တတ်သူများမှာ ကျောက်ပေါ်တွင် ကျသော မျိုးစေ့ကဲ့သို့ဖြစ်၏။ သူတို့သည် ကြားခြင်းငှာ လျှင်မြန်ကြသော်လည်း မေ့လျော့ရန်လည်း လွယ်ကူကြ၏။
အချို့သောအစေ့တို့သည် ကျောက်ပေါ်၌ကျသဖြင့် အပင်ပေါက်သောအခါ မြေသြဇာမရှိ သောကြောင့် ညှိုးနွမ်းပျက်စီးခြင်းသို့ရောက်ကြ၏။ (လုကာ ၈း၆)
သင်သည် ကျောက်ဆောင်များပေါ်တွင် ဥယျာဉ်ခြံ စိုက်ပျိုးဘူးပါသလား။ သင်သည် ကျောက်ဆောင် ကျောက်ခဲများပေါ်တွင် မျိုးစေ့ကြဲခဲ့လျှင် အစိုဓါတ်ရသည့်အခါ အပင်ပေါက်လာပါလိမ့်မည်။ သို့သော်လည်း ထိုအပင်သည် အမြစ်မစွဲနိုင်သဖြင့် အလျှင်အမြန် ပျက်စီး ဆုံးရှုံးသွားလိမ့်မည်။ မြေဆီလွှာ နဲပါးပြီး မြေထုမရှိသောနေရာတွင် အပင်စိုက်ပါက အားနည်းသော အပင်များသာ ပေါ်လာပါလိမ့်မည်။ ကြားနာမှု နည်းပါးသည်ဆိုပါက ထိုယုံကြည်သူသည် အားနည်းသော ယုံကြည်သူသာလျှင် ဖြစ်ပေလိမ့်မည်။ ကျွနု်ပ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လေ့လာရမည်။ ဆင်ခြင်အောက်မေ့ရမည်။ ထိုအရာများကို လက်တွေ့လုပ်ဆောင်ပါက အားရှိသော ခရစ်ယာန် ယုံကြည်သူများဖြစ်လာပေလိမ့်မည်။
ကိုယ်ကိုကိုယ် လှည့်ဖြား၍၊ နှုတ်ကပတ်တရားကို နာရုံမျှသာ ပြုသောသူမဟုတ်၊ တရားကိုကျင့်သော သူဖြစ်ကြလော့။ (ယာကုတ် ၁း၂၂ )
အမေရိကန်နိုင်ငံ လေတပ်စခန်းတစ်ခုကို လေ့လာမှု ပြုလုပ်ခဲ့ရာ ကြားသမျှအရာအားလုံး၏ ၉၀.၉၅ ရာခိုင်နှုန်းကို မေ့လျော့တတ်ကြကြောင်း တွေ့ရှိရပါသည်။
အချို့က အချိန်မကြာသေးသော်လည်း မေ့လျော့ တတ်ကြသည်။ တစ်ခါတစ်ရံ ကျွန်တော်တို့နှင့် အရင်းနှီးဆုံး အချစ်ဆုံးသောသူများထံမှ ပြောသော စကားများကိုပင် မေ့လျော့နေတတ်ကြသည်။ “မနက်က ငါ့ကို ဘာလုပ်ဘို့ ပြောခဲ့သလဲ” ဟူသော စကားကို ပြန်လည် မေးမိသော အချိန်တွေ အများအပြား ရှိနေတတ်ကြသည်။ အဘယ်ကြောင့် ဆိုသော် စိတ်ထဲတွင် သိမ်းပိုက်ထားသောအရာများ ရှိနေတတ်ကြပြီး ထိုအရာများကြောင့် အားလုံးကို မေ့လျော့သွားကြသည်။
နှုတ်ကပတ်တော်တွင် ဆိုသည့်အတိုင်း ကျွနု်ပ်တို့တွင် အချိန်တိုင်း ဖြစ်ပျက်နေသည် မဟုတ်ပါလော။ ဤသည်မှာ ကျွနု်ပ်တို့၏ စိတ်နှလုံးသည် အခြားအရာများနှင့် ပြည်လျှံနေပြီး ထိုအခြေအနေထဲတွင် ဘုရားသခင်က ကျွနု်ပ်တို့ကို စကားပြောရန် ကြိုးစားနေသည်။ သတိရပါ။ ဘုရားသခင်သည် သင့်ကို သူ၏ နှုတ်ကပတ်တော် များနှင့် စကားပြောချင်နေပါသည်။ တနင်္ဂနွေနေ့အတွက်သာ စကားပြောချင်သည်မဟုတ်။ သူ၏နှုတ်က ပတ်တော်များနှင့် အညီ ကျွနု်ပ်တို့၏ ဘဝကြီးတစ်ခုလုံးကို ပြောင်းလဲစေချင်သည်။ ဘုရားသခင်သည် ကျွနု်ပ်တို့ကို ပြောင်းလဲရန် ကြီးသော ဆန္ဒရှိနေပါသည်။
ကျွနု်ပ်တို့သည် တရားတော်များကို ဆင်ခြင်နှလုံးသွင်းပြီး လိုက်လျှောက်ပါ ကျွန်တော်တို့ကို ပြောင်းလဲစေပါ လိမ့်မည်။ ကျွနု်ပ်တို့သည် နှုတ်ကပတ်တော်၏ အရေးပါမှုကို နားလည်သဘောပေါက်ရန် လိုအပ်ပါသည်။ တရားတော်ကို ရှုမှတ်ဆင်ခြင်အောက်မေ့ခြင်းသည် မျိုးစေ့ကို ကြီးထွားစေသည် အစိုဓါတ်ကဲ့သို့ဖြစ်ပါသည်။
ထိုပညတ္တိကျမ်းစာ၌ ရေးထားသမျှအတိုင်း ကျင့်မည်ဟု စောင့်ရှောက်ခြင်းအလိုငှါ ကျမ်းစာကို မဘတ်မရွတ်ဘဲမနေ၊ နေ့ညဉ့်မပြတ်ကြည့်ရှုဘတ်ရွတ်ရမည်။ သို့ပြုလျှင် သင်သည် အကြံထမြောက်၍ အောင်မြင်လိမ့်မည်။ (ယောရှု ၁း၈)
၁အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင်ဖြစ်တော်မူ၏၊၊ ကိုယ်တော်ကို ကြိုးစား၍ ရှာပါ၏။ ရေမရှိ သွေ့ခြောက်သော လွင်ပြင်၌ အကျွန်ုပ်၏ဝိညာဉ်သည် ကိုယ်တော်ကို ငတ်ပါ၏၊၊ အကျွန်ုပ်၏ ကိုယ်ခန္ဓာ သည်လည်း ကိုယ်တော်ကိုလွမ်းဆွတ်ပါ၏၊၊ ၂ဘုန်းတန်ခိုးအာနုဘော်တော်ကို မြင်ခြင်းငှါ သန့်ရှင်းရာဌာန တော်၌ ထိုသို့ ကိုယ်တော်ကို ဖူးမျှော်ပါပြီ၊၊ ကရုဏာတော်သည် အသက်ထက်သာ၍ ကောင်းသောကြောင့် အကျွန်ုပ်၏နှုတ်သည် ကိုယ်တော်ကို ချီးမွမ်းရပါမည်၊၊ ၄ထိုသို့အသက်ရှင်စဉ်တွင် ကိုယ်တော်ကို ကောင်းကြီးပေး ပါမည်။ နာမတော်ကို အမှီပြု လျက် လက်ကို ချီပါမည်၊၊ ၅အိပ်ရာပေါ်မှာ ကိုယ်တော်ကို အောက့်မေ့၍ ညဉ့်ယံ တို့၌ ကိုယ်တော် ကို ဆင်ခြင်လျက် နေသောအခါ၊ ဆီဥကို၎င်း၊ ဆူသောအသားကို၎င်း စား၍ ဝသကဲ့သို့၊ အကျွနု်ပ်၏ဝိညာဉ်သည် ဝ၍ရွှင်လန်းသောနှုတ်ခမ်းနှင့် အကျွန်ုပ်၏နှုတ်သည် ကိုယ်တော်ကို ချီးမွမ်းပါမည်။ ၆အကျွန်ုပ်ကို မစေတော်မူသောကြောင့် အတောင်တော်အရိပ်၌ ဝမ်းမြောက်ပါမည်။ ၇အကျွန်ုပ်၏ဝိညာဉ်သည် ကိုယ်တော်၌ မှီဝဲ၍ လက်ျာလက်တော်သည် အကျွန်ုပ်ကို ထောက်မတော်မူ၏၊၊(ဆာလံ ၆၃း၁-၇)
၁၁ထာဝရဘုရား၏ အမှုတော်တို့ကို အောက်မေ့ပါမည်။ ရှေးကာလ၌ ကိုယ်တော်ပြုဘူးသော အံ့သြဘွယ်တို့ကို အောက်မေ့ပါမည်။ ၁၂ပြုတော်မူသမျှ တို့ကိုဆင်ခြင်၍ စီရင်တော်မူသောအရာ တို့ကို မြွက်ဆိုပါမည်။ ၁၃အိုဘုရားသခင်၊ ကိုယ်တော်၏လမ်းသည် သန့်ရှင်းခြင်းနှင့် ယှဉ်ပါ၏။ ဘုရားသခင်ကဲ့သို့ အဘယ်မည်သော ဘုရားသည် ကြီးမြတ်သနည်း။ (ဆာလံ ၇ရး၁၁-၁၃)
၁၄၇မိုဃ်းမလင်းမှီ အကျွန်ုပ်အော်ဟစ်တတ်ပါ၏၊၊ နှုတ်ကပတ်တော်ကို မြော်လင့်လျက် နေပါ၏၊၊ ၁၄၈ဗျာဒိတ်တော်တို့ကို ဆင်ခြင်အောက်မေ့လိုသောငှါ ညဉ့်ယံမလွန်မှီ အကျွန်ုပ်နိုး တတ်ပါ၏၊၊ ၁၄၉အိုထာဝရဘုရား ကရုဏာတော်ရှိသည်အတိုင်း အကျွန်ုပ်စကားကို နားထောင်တော်မူပါ၊၊ စီရင်တော်မူချက်နှင့်အညီ အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ၊၊ (ဆာလံ ၁၁၉း၁၄၇-၁၄၉)
အခုအချိန်ဟာ ဘုရားသခင်သည် ကျွနု်ပ်တို့အား ပြောနေသောအရာကို စတင်သတိရ အကောင်အထည်ဖော် ဆောင်ရွက်ရမည့်အချိန်ဖြစ်သည်။ ကျွနု်ပ်တို့သည် ကိုယ်တော်၏ နှုတ်ကပတ်တော်များကို ဆင်ခြင်အောက်မေ့ ရန် ဖြစ်ပါသည်။ နှုတ်ကပတ်တော်ကို နားထောင်ရုံမျှသာ (သို့မဟုတ်) ဖတ်ရှုရုံမျှသာ မပြုပါနှင့်။ နှုတ်ကပတ်တော် မျိုးစေ့ကို ကျောက်ပေါ်ကျ၍ အမြစ်မစွဲ နိုင်သောအခြေအနေ မဖြစ်ပါစေနှင့်။
၃။ အချိုသောသူများမှာ နားထောင်သော်လည်း အရေးမကြီးဟု ခံစားသောသူများရှိနေပါသည်။
အချို့သောအစေ့ တို့သည် ဆူးပင်တို့တွင်ကျသဖြင့် ဆူးပင် တို့သည် အတူပေါက်၍ ညှင်းဆဲကြ၏။ (လုကာ ၈း၇)
ဤလူများသည် မျိုးစေ့ကို စိုက်ပျိုးရန် စိတ်အားထက်သန်သူများဖြစ်ပြီး နှုတ်ကပတ်တော်ကို သေချာစွာ နားထောင်သူများနှင့်တူသည်။ သို့သော် သူတို့သည် မြက်ပင် ပေါင်းပင်များကို ဦးစားပေးတတ်သော သဘောလည်း ရှိနေသည်။
ကျွနု်ပ်တို့ ၏ စိတ်ထဲတွင် အခြားအကြံအစည်များနှင့် ပြည့်ဝစည်ပင်လျက်ရှိသည်။ ထိုအကြံအစည်များကိုသာ စိတ်ထဲတွင် စွဲလမ်းနေသည်။ နေ့စဉ်ရင်ဆိုင်ရသော စားဝတ်နေရေး၊ စိုးရိမ်ပူပန်မှု၊ စီမံကိန်းများ၊ ပန်းတိုင်များ၊ ရည်ရွယ်ချက်များ၊ အထွေထွေ အခွန်အခများ၊ ကလေးနှင့်ပတ်သတ်သောအရေးများ. . .စသည်ဖြင့် မရေမတွက်နိုင်သော အရေးများဖြင့် ပြည့်နှက်နေသည်။။ ကျွနု်ပ်တို့၏ စိတ်တွင် စွဲလမ်းနေသောအရာ (၃) ခုကိုသာ ဖော်ပြပါမည်။
က. စိုးရိမ်ပူပန်မှုများ
သင်သည် စိုးရိမ်ပူပန်မှုနှင့် ဘုရားသခင်၏ စကားတော်ကို နားထောင်ခြင်းအမှုကို တစ်ချိန်တည်း တစ်ပြိုင်တည်းတွင် လုပ်ဆောင်၍ မရပါ။ ဂရိ ဘာသာစကားတွင် စိုးရိမ်ပူပန်ခြင်းကို “ခြားနားသော ဦးတည်ချက်သို့ စွဲထုပ်ခံရခြင်း” ဟု အဓိပ္ပါယ် ရှိနေပါသည်။ သင်၏ စိတ်အစဉ်သည် ခြားနားသော လမ်းသို့ ဦးတည်စေရန် ဆွဲထုပ်ခြင်းကို ခံနေရပါပြီလား။ သင်သည် ထိုအရာများကို အာရုံစိုက်နေပါက လမ်းကြောင်းအမှန်ပေါ်တွင် ရပ်တည်နိုင်မှာ မဟုတ်ပေ။ ထိုအရာသည်သာလျှင် စိုးရိမ်စရာ ဖြစ်ပါ၏။ ဆိုလိုသည်မှာ ထိုလမ်းကို လျှောက်ရန် ကျွနု်ပ်တို့တွင် အချိန်မရှိပါ။ ကျွနု်ပ်တို့၏ စိုးရိမ်းပူပင်မှုကို ရပ်တန့်ရန် လိုအပ်ပါသည်။ ကျွနု်ပ်တို့သည် စိုးရိမ်နေသမျှ ကာလပတ်လုံး ဘုရားသခင်ထံမှ စကားတော်ကို နားထောင်ရန် မဖြစ်နိုင်ပါ။
ခ. ငွေကြေး
ကျွနု်ပ်တို့သည် အချိန်တိုင်းတွင် လုံးလောက်သော ငွေကြေးမရှိခြင်းနှင့် ငွေကြေးကို မည်သို့ အသုံးပြုရမည် ဆိုသော ငွေကြေးနှင့်ပတ်သတ်သောအရာများကသာ စိတ်ထဲတွင် ရှိနေပါသည်။ ငါခရီးသွားရင် လောက်ပါ့မလား။ ငွေကြေးကို ဘယ်လို ထိန်းသိမ်းရမလဲ။ ဘယ်လို အသုံးပြုရမလဲ။ ဘယ်လို ရှာရမလဲ. . . စသည်ဖြင့် ထိုအရာများကသာ လွှမ်းမိုးနေပါသည်။ ယေရှုသည် ငွေကြေးနှင့်ပတ်သတ်သော အကြောင်းအရာများထက် ကောင်းကင်နိုင်ငံတော်နှင့်ပတ်သတ်သော အကြောင်းအရာများသာ ဦးစားပေး ပြောဆိုခဲ့သည်ကို သင် သိပါသလား။ အကြောင်းရင်းမှာ လူများတို့ ငွေကြေးနှင့်ပတ်သတ်သော အရာများကိုသာ စဉ်းစားတတ်ကြပြီး ကိုယ်တော်၏ အကြံအစည်တော်မှာ သင်စဉ်းစားသော အရာများထက် ပိုကောင်းသော အစီအစဉ်များရှိသောကြောင့်ဖြစ်သည်။ သင်၏ စိတ်နှလုံးကို ငွေကြေးနှင့်ပတ်သတ်သောအရာများ မလွှမ်းမိုးမိပါစေနှင့်။
ဂ. အလုပ်များခြင်း
ကျွနု်ပ်တို့သည် အမှန်တကယ် အသက်မရှင်ချင်လောက်အောင် အသက်ရှင်နှင့်သက်ဆိုင်သော အလုပ်များက ဒုက္ခပေးလျက် ရှိသည်။ ကျွနု်ပ်တို့သည် အနားယူချိန်ပင် မရှိ။ နံနက် မိုးလင်းချိန် မျက်စိနှစ်လုံး ပွင့်သည့်အချိန်မှစ၍ တစ်နေကုန် ညအိပ်ချိန်တိုင်အောင် တစ်နေကုန် လှုပ်ရှားနေရသည်။ အိပ်ရာထဲ ရောက်သည့်တိုင်အောင် နောက်တစ်နေ့ ရင်ဆိုင်ရမည့် ပြဿနာနှင့် အလုပ်များကို စဉ်စားနေကြဆဲ။ ဘုရားသခင်သည် ကျွနု်ပ်တို့၏ အချိန် အကျန်အကြွင်းကိုသာ ရရှိနေရသည်။ ကျွနု်ပ်တို့သည် ဘုရားသခင်ကို မေ့လျှော့နေတတ်ပြီး အာရုံမစိုက်ကြဘဲ နေကြ၏။ ကျွနု်ပ်တို့သည် ဘုရားသခင်၏ စကားကို နားမထောင်နိုင်လောက်အောင် အလုပ်များနေကြပါသည်။
ကြွင်းသေးသောစကားဟူမူကား၊ ညီအစ်ကိုတို့၊ သမ္မာတရားနှင့်ဆိုင်သော အကျင့်၊ လျောက်ပတ်သော အကျင့်၊ ဖြောင့်မတ်သောအကျင့်၊ စင်ကြယ်သောအကျင့်၊ သူတပါးနှစ်သက်ဘွယ်သော အကျင့်၊ ချီးမွမ်းဘွယ်သော အကျင့် ရှိသမျှတို့ကို၎င်း၊ ပါရမီတပါးပါး၊ ကောင်းသောသီတင်း တပါးပါးနှင့်ဆိုင်သော အကျင့်တို့ကို၎င်း၊ နှလုံးသွင်း ကြလော့။ သင်တို့သည် အထက်ကသင်ယူ၍ ငါ၌ကြားမြင်ခဲ့ပြီးသမျှတို့ကို ကျင့်ကြလော့။ ထိုသို့ကျင့်လျှင်၊ ငြိမ်သက်ခြင်း၏ အရှင်ဘုရားသခင်သည် သင်တို့နှင့်အတူ ရှိတော်မူလိမ့်မည်။ (ဖိလိပိ ၄း၈-၉)
ကျွနု်ပ်သည် မှားယွင်းမှုများနှင့်ပတ်သတ်သော နားထောင်ခြင်း အကြောင်းကို ဖော်ပြခဲ့ပေပြီ။ ယခု မှန်သော လမ်းကိုလည်း တဖန်ကြည့်ပါဦးစို့။
၄။ အချို့သောသူတို့သည် နားထောင်တတ်ကြပြီး ကြားတတ်သော သူများ ဖြစ်ကြ၏။
ဘုရားသခင်က ကြားစရာနား ရှိသောသူများကို စကားပြောလျက်ရှိပါ၏။
အချို့သောအစေ့တို့သည် ကောင်းသောမြေ၌ကျသဖြင့် အပင်ပေါက်၍ အဆတရာပွါးများ၍ အသီးသီးကြ၏။ (လုကာ ၈း၈)
ဘုရားသခင်သည် သင့်ကို စကားပြောချင်နေပါသည်။ အမှန်တကယ်ပင် စကားပြောချင်နေပါသ်ည်။ သင်လက်ခံပါသလား။ သင်သည် ကောင်းသောမြေဖြစ်ပြီး ဘုရားသခင်၏ စကားတော်ကို နားထောင်ရန် အစဉ်သင့် ဖြစ်နေပါသလား။ သခင်ယေရှုက သူ၏ နောက်လိုက်တပည့်တော်များအာ ပြောကြားခဲ့သည်မှာ
ယောဟန် ၁၀း၂၇ ” ငါ့သိုးတို့သည် ငါ့စကားသံကိုနား ထောင်၍ ငါ့နောက်သို့ လိုက်ကြ၏။ ထိုသိုးတို့ကိုငါသိ၏။”
တစ်ခါက တောရွာရှိ လူငယ်လေးတစ်ဦးသည် သူငယ်ချင်းရှိရာ နယူရောက်မြို့ကြီးသို့ အလည်အပတ်ရောက် ရှိလာခဲ့သည်။ သူတို့သည် ပျော်ရွှင်စွာ လျှောက်လည်ခဲ့ကြသည်။ နယူယောက်မြို့ကြီး၏ အလယ် တိုင်းစကွဲယား နေရာ အထိ သွားရောက်လည်ပတ်ခဲ့ကြသည်။ ကားသံ၊ လူသံ များဖြင့် ဆူညံလျက်ရှိသော နေရာဖြစ်သည်။ ထိုအချိန်တွင် လူငယ်လေးက “ငါ ပုရစ်အော်သံ ကြားရတယ်” ဟု ပြောလိုက်ရာ သူငယ်ချင်းက “မင်းလာနောက် နေတာလား။ ဒီလို ဆူညံနေတဲ့ မြို့လယ်ကြီးထဲမှာ ဘယ်လိုလုပ် ပုရစ်သံကို ကြားရမှာလဲ။” ဟု ပြန်လည် မေးခဲ့ရာ ထိုတောသား လူငယ်လေးက “မဟုတ်ဘူး။ ငါ သေသေချာချာ ကြားရတယ်” ဟု ပြန်လည် ပြောဆိုခဲ့သည်။ သူတို့ သူငယ်ချင်း နှစ်ယောက်စလုံး သေချာစွာ ပြန်လည် နားထောင်ခဲ့ကြသည်။ ထို့နောက် ထိုတောသားလေးသည် လမ်းတစ်ဖက်ရှိ အလွန်ကြီးသော ဘိလပ်မြေကန်ကြီးနှင့်စိုက်ခင်းပြုလုပ်ထားသော နေရာသို့ရောက်ရှိခဲ့ကြသည်။ ထိုနေရာတွင် ချုံနွယ်များဖြင့် ပြည့်နေလေရာ ထိုခြုံပုတ်ကြီးထဲတွင် ပုရစ်များ ခိုအောင်းနိုင်သော နေရာ ဖြစ်နေသည်။ မြို့သား ကောင်လေးက တောသားကောင်လေးကို သေချာစွာ ကြည့်လိုက်ပြီး “မယုံနိုင်စရာပါဘဲ” ဟုပြောပြီးနောက် “မင်းရဲ့ နားဟာ စူပါမင်းရဲ့ နားဖြစ်မယ်ထင်တယ်” ဟု ပြောလိုက်၏။ ထိုအခါ တောသားလူငယ်လေးက “ငါ့ရဲ့ နားဟာ မင်းတို့ရဲ့ နားနဲ့ အတူတူပါဘဲ။ ဘယ်အရာကို သေသေချာချာ နားထောင်နေတာလဲ ဆိုတဲ့အပေါ်မှာဘဲ ကွဲပြားသွားတာပါ” ဟု ပြန်ပြောလိုက်၏။
ယနေ့ သင်ဟာ မည်ကဲ့သို့သော အသံမျိုးကို နားထောင်နေပါသလဲ။ ဘုရားသခင်ကတော့ သင့်ကို စကားပြောချင်နေပါသည်။
ဆုတောင်းကြပါစို့။
အို… ဘုရားသခင် ကိုယ်တော်ရဲ့ အသံကို ကြားနိုင်ဘို့ ကျွန်တော့်ကို မစပါ။
ကိုယ်တော့်ကို လစ်လျူရှုသူ မဖြစ်ဘို့ ကျွန်တော့်ကို ကူညီတော်မူပါ။
ကိုယ်တေ်ာ ပြောသောအချိန်တိုင်း ပြောသမျှကို ဘယ်သောအခါမျှ မမေ့သောသူနှင့် အစဉ်သတိရနေပါမည်အကြောင်း ကယ်မတော်မူပါ။
ကျွန်တော်ရဲ့ ဘဝတစ်လျှောက်လုံး ကိုယ်တော်ရဲ့ စကားတော်ကို နားမထောင်နိုင်လောက်အောင် အလုပ်များနေခြင်းထဲမှ ကယ်မ ကူညီတော်မူပါ။
ကိုယ်တော်ရဲ့ စကားတော်ကို ကျွန်ုပ်တို့၏ နှလုံးသားမှ ရရှိပြီး ကိုယ်တော်၏ စကားတော်ကို နှစ်သက်တတ်သောသူ ဖြစ်စေတော်မူပါ။
၆၉။အလိုတော်နှင့်ညီသောကိုးကွယ်ခြင်း
ဘုရားသခင်သည် နံဝိညာဉ်ဖြစ်တော်မူ၏။ ဘုရားသခင်ကို ကိုးကွယ်သောသူတို့သည် နံဝိညာဉ် ဖြင့်လည်း ကောင်း၊ သစ္စာဖြင့်လည်းကောင်း ကိုးကွယ်ရမည်။ (ယောဟန် ၄း၂၄)
အထက်ပါ ကျမ်းတော်မြတ်အရ ကိုးကွယ်သောသူအပေါင်းတို့သည် ဘုရားသခင်ကို ကိုးကွယ်ရာတွင် နံဝိညာဉ်နှင့်ကိုးကွယ်ရမည်။ သစ္စာလည်း ပါဝင်ရမည် ဖြစ်သည်။ ဘုရားသခင်ကို ကိုးကွယ်ရတွင် နံဝိညာဉ်ရော၊ သစ္စာရော နှစ်မျိုးစလုံးလိုအပ်ပါသည်။ သို့သော် ယနေ့ယုံကြည်သူများ ကိုးကွယ်ခြင်းအမှုပြုရာတွင် မိမိတို့ နားလည်သလိုသာ သစ္စာရှိရှိဖြင့် ကိုးကွယ်နေကြသည်ကို တွေ့မြင်နေရသည်။ ထိုသို့သော ယုံကြည်သူများ၏ အသက်တာကို လေ့လာကြည့်ပါက တနင်္ဂနွေနေ့မို့ ဘုရားကျောင်းတတ်သည်။ ခရစ်ယာန်ဖြစ်လို့ ဆယ်ဘို့ တစ်ဘို့ ထည့်သည်။ ယုံကြည်သူဖြစ်လို့ မိတ်သဟာရ အစီအစဉ်များတွင် ပါဝင်သည် . . . အစရှိသဖြင့် လုပ်ဆောင်နေကြ လုပ်ငန်းစဉ်တရပ်အနေဖြင့် သစ္စာရှိရှိ လုပ်ဆောင် ပြုမူနေကြသည်ကို မြင်တွေ့နေရပါသည်။ သူတို့နားလည်သော သစ္စာတရားကိုသာ ဦးစားပေးဆောင်ရွက်နေကြသည်ကို မြင်တွေ့နေရပါသည်။ ထိုသူတို့၏ အသက်တာတွင် နံဝိညာဉ်ဖြင့် ကိုးကွယ်နေမှုကို ရှာဖွေ၍ မတွေ့နိုင်ချေ။ နံဝိညာဉ်ဘုရားဆိုသည်ကို လည်း နားမလည်၊ ဝိညာဉ်ဖြင့် မည်သို့ကိုးကွယ်ရမည်ဆိုသည်ကိုလည်း စိတ်မဝင်စားကြချေ။
ယုံကြည်ခြင်းဖြင့် ကိုးကွယ်မှုပြုခဲ့သူ
သမ္မာကျမ်းစာထဲတွင် မိမိတို့ကို ဘုရားသခင်သခင်ပေးသည့် အသက်ဝိညာဉ်ကို ရရှိကာ ဘုရားသခင် ဖွင့်ပြသည့် ဝိညာဉ်အလင်းရသည့်အတိုင်း ကိုးကွယ်၍ သစ္စာတရားကိုလည်း ဖတ်တွယ်ကာ ကိုးကွယ်အသက် ရှင်သော သူအချို့ကို ဖော်ထုပ်လေ့လာခွန်အားယူလိုပါသည်။ ပထမဦးစွာ ကမ္ဘာဦး ကျမ်း အခန်းကြီး (၄)တွင် ကာဣန နှင့် အာဗေလ ဆိုသည်ညီအကို နှစ်ဦးအကြောင်းကို ဖော်ပြလို ပါသည်။ ထိုညီအကို နှစ်ဦးစလုံးသည် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်းအမှုကို အတူတကွ ပြုကြ သော်လည်း သမ္မာကျမ်းစာကမူ ညီအာဗေလ၏ ကိုးကွယ်ခြင်း ကိုသာ ဘုရားသခင်က လက္ခံခဲ့ကြောင်း အတည်ပြုဖော်ပြထားပါသည်။ အဘယ်ကြောင့် ကာဣန၏ ဝတ်ပြု ကိုးကွယ်ခြင်းကို ဘုရားသခင်က လစ်လျှူရှုခဲ့ပါသနည်း။
ထိုအကြောင်းအရာကို ဟေဗြဲကျမ်းတွင် ပြန်လည်ဖော်ပြရာတွင် အာဗေလသည် ယုံကြည်ခြင်း အားဖြင့် ယဇ်ပူဇော်ခဲ့ကြောင်း ဖော်ပြထားပါသည်။ ဘုရားသခင်ရှေ့တော်မှောက်သို့ တိုးဝင်ချဉ်းကပ်ရာတွင် ယုံကြည်ခြင်း သည် အလွန်အရေးကြီးပါသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ လူတစ်ဦး၏ နှလုံးသားထဲ အသက် ဝိညာဉ်ထဲက ပေါ်ထွက်လာခြင်းသာ ဖြစ်သည်။
အကြင်အရပ်၌ လူနှစ်ဦး သုံးဦးတို့သည် ငါ၏နာမကို ထောက်၍ စည်းဝေးကြ၏။ ထိုအရပ်၌ သူတို့အလယ် မှာ ငါရှိသည်ဟု မိန်တော်မူ၏။ (ရှင်မဿဲ ၁၈း၂၀)
ထိုကျမ်းစာအရ လူနှစ်ယောက် သုံးယောက်တို့သည် ခရစ်တော်၏နာမ၌ စုဝေးသည်ဆိုပါက ဤနေရာတွင် ကိုယ်တော်အတူတည်ရှိနေကြောင်း သင်ယုံကြည်နိုင်ပါသလား။ အကယ်၍ သင်သည် အမှန်တကယ် ယုံကြည် နိုင်သည်ဆိုပါက ဘုရားသခင်ရှေ့သို့လာရောက်သောသူတို့သည်။ အပြောအဆိုဝတ်စားဆင်ရင်ပုံကိုဂရုစိုက်ရ မည်ဖြစ်သည်။ ယုံကြည်သူများ၏ ဇာတိသဘောတို့ကိုယူဆောင်လာမည်မဟုတ်ပေ။ ဘုရားကျောင်းသို့လာ ခြင်းဖြင့် သစ္စာဝတ်ကို ပြုကြသော်လည်း မိမိတို့၏ အပြုအမူတို့သည် ဇာတိသဘောတို့ကို သယ်ဆောင် လာသောကြောင့် ဝိညာဉ်ဖြင့် ကိုးကွယ်နေသည်ဟုတ်မဆိုနိုင်ပေ ဟေဗြဲ ကျမ်းကိုရေသောသူက မမြင်ရသော အရာကို ယုံကြည်ခြင်းဖြင့်ကျင့်ဆောင်သည်ဟုတ်ဖော်ပြခဲ့ ပါသည်။ ဆိုလိုသည်မှာ ကိုယ်တိုင်မ တွေ့မမြင်သော် လည်း မိမိ၏ စိတ်ဝိညာဉ်အလင်းက ဖော်ပြသည့်အ တိုင် ယုံကြည်သောစိတ်ဖြင့် ပြုမူဆောင်ရွက်သည် ဟုဆိုလို ပါသည်။ ရောမသြဝါဒ စာထဲတွင် အာဗြဟံ ကိုယ်တိုင်က မိမိယုံကြည်သည့်အတိုင်း ပြုမူသည်ဟု ဖေါ်ပြပါသည်။ ကျွန်တော်တို့သည် ယုံကြည်သည့် အတိုင်း ပြုမူမည်ဟု ဆုံးဖြတ်ထားပါက ကျမ်းစာက ဖော်ပြသည့် အတိုင်းယုံကြည်သည် ဆိုပါက အဘယ် ကြောင့် ယုံကြည်သူများသည် ဘုရားကျောင်းတွင် ဝတ်ပြုကိုးကွယ်ရာ တွင် မိမိတို့၏ ဆန္ဒအလိုအတိုင်း ပြုမူနေကြပါသနည်း။ ထိုသို့ ပြုမူကိုးကွယ်သူများကို ကာဣန ကိုးကွယ်သကဲ့သို့ ပြုမူဆောင်ရွက်နေသော သူများဟု ဆိုနိုင်ပါသည်။ ထိုသူတို့တွင် ယုံကြည်ခြင်း မပါရှိချေ။
ဝိညာဉ်ဖြင့်၎င်း၊ သစ္စာဖြင့်၎င်း ကိုးကွယ်ခဲ့သူများ
တဖန် ဒံယေလ အနာဂတ္တိကျမ်းတွင် ဖော်ပြထားသော အဖြစ်အပျက်ကို ပြန်လည်လေ့လာ ကြည့်ပါက ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါဆိုသော လူငယ်သုံးဦး၏ အသက်တာကို မြင်တွေ့နိုင်ပါသည်။ ထိုသူတို့၏ ဝတ်ပြု ကိုးကွယ်ခြင်းကို ပြန်လည်လေ့လာကြည့်ပါက ယုံကြည်ခြင်းပါဝင်၍ သစ္စာတရားကိုလည်း ဖက်တွယ် ထားကြောင်း မြင်တွေ့နိုင်ပါသည်။ ဒံယေလ ၃း၁၇-၁၈ တွင် ထိုလူငယ် သုံးယောက်က ရဲရင်ပြတ်သားစွာဖြင့် ဘုရင်က ရှိခိုးဝတ်ပြုခိုင်းသော ရုပ်တုကြီးကို ဦးမချ ဝတ်မပြုနိုင်ကြောင်း ဘုရင်ကို ပြောဆိုခဲ့သည်။ ဘုရား သခင်က ကယ်နှုတ်မည်ဟု ယုံကြည်ခြင်း အပြည့်ဖြင့် ပြန်လည်ပြောဆိုခဲ့သည်။ အကယ်၍ မကယ်နှုတ် ခဲ့လျှင်လည်း အသက်ရှင်သော ဘုရားသခင်မှလွှဲ၍ မည်သည့်အရာကိုမျှ ဝတ်ပြု ကိုးကွယ်ခြင်း မပြုနိုင်ကြောင်း ပြောဆိုကာ ငြင်းပယ်ခဲ့လေသည်။ ထိုသူတို့၏ ဝတ်ပြုကိုးကွယ်မှုကို ကြည့်ပါ က နှလုံးသား၏ အနက်ရှိုင်းဆုံး နေရာထက်ပို နက်ရှိုင်းသော ဝိညာဉ်ထဲက ယုံကြည်ခြင်းဖြင့် ဘုရားကို ကိုးကွယ်ခဲ့သည်အပြင် သစ္စာတရား ကိုလည်း ဦးထိပ်ပန်ဆင်ကာ ဘုရားသခင်၏ ရှေ့တော်မှောက်တွင် အသက်ရှင်ရပ်တည်ခဲ့လေသည်။
ယုံကြည်သူတို့သည် ဆုတောင်းချက်များကို တောင်းခံရာတွင် မိမိဆုတောင်းသည့်အတိုင်း အဖြေတစ်စုံတစ်ရာ မရခဲ့လျှင် စိတ်ပျက်လက်လျှော့သွားလေ့ရှိသည်။ ခရစ်ယာန်တစ်ဦး ဖြစ်သော ကြောင့် အသက်ရှင်သော ဘုရားကို သိကြွမ်းသူဖြစ်သဖြင့် ဆုတောင်းရမည်ဟူသော အချက်ကို သစ္စာ ရှိရှိဖြင့် လုပ်ဆောင်ခဲ့သော်လည်း ဆုတောင်းချက် အဖြေမရရှိပါက စိတ်ပျက်အားငယ်ကာ ယုံကြည် ခြင်း ပျက်ပြားသွားတတ်ကြပါသည်။ ဆုတောင်းချက် အဖြေမရလျှင် မိမိအသက်တာကို ပြန်လည် ဆန်းစစ်ရမည့်အစား “ဆုတောင်းလျှင်လည်း အလကားပါဘဲ” ဟူသော အသံမျိုးသာ ထွက်ပေါ်လာ တော့သည်။ ဘုရားသခင်က ပေးနိုင်သည်၊ အရာ ခပ်သိမ်းကို တတ်စွမ်းနိုင်သည်၊ အလုံးစုံတို့ကို မစနိုင်သည် ဟူသော ယုံကြည်ချက်ဖြင့် ဘုရားသခင် ထံ တိုးဝင် ချဉ်းကပ်ကာ ဘုရားသခင်က မပေးခဲ့လျှင်လည်း မည်သို့မျှ ယုံကြည်ခြင်း ပျက်ပြားသွားမည် မဟုတ်ဟူသော စိတ်ပိုင်းဖြတ်မှုဖြင့် ယုံကြည်ဆုတောင်းသင့်ပါသည်။ သူတို့သည် ဝိညာဉ်ထဲက ကိုးကွယ်ဆုတောင်းနေသူများဟု ဆိုနိုင်ပါမည်လား။ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၏ အသက်တာနှင့် မိမိအသက် တာကို နိုင်ယှဉ်ကြည့် ကာ မိမိ၏ အသက်တာထဲက ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်နေသည့် ပုံစံကို ပြန်လည် ပြင်ဆင်သင့်ပါသည်။
အချို့သော ခရစ်ယာန် ယုံကြည်သူဆိုသည့် သူများသည် မိမိတို့ကို ကယ်တင်ခြင်းငှါ မစွမ်းနိုင်သော ဗေဒင်ဆရာ၊ နတ်ဆရာများကို အားကိုးခိုလှုံကာ အထက်၊ အောက်၊ စသည့် ယုတ်ညံ့သောနည်းလမ်းတို့ကို အားကိုးမျှော်လင့်နေသော သူများတို့သည် မိမိကိုယ်မိမိ အသက်ရှင်သော ဘုရားကို ယုံကြည်သူများဟု ကြွေးကြော်ထားကြသော်လည်း ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာနှင့်လည်းကောင်း ကိုးကွယ်နေသူများဟု မဆိုနိုင်ပါချေ။
ကိုးကွယ်မှုပြုလျှက်ပင် ဘုရားနှင့် ဝေးသွားခဲ့သူ
တဖန်ထပ်မံ၍ ဓမ္မရာဇဝင် အခန်းကြီး (၅)တွင် ဖော်ပြထားသော ဗိုလ်ချုပ်ကြီးနေမန်၏ အသက်တာကို တဖန်ဖော်ပြ လိုပါသည်။ ထိုသူသည် ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သော်လည်း နူနာစွဲကပ်နေ သောအခါ ဣသရေလ တိုင်း နိုင်ငံမှ ဧလိရှဲထံ သွားရောက်ကုသခံခဲ့သည်။ ယော်ဒန်မြစ် တွင် ခုနှစ်ကြိမ် နှစ်လိုက်သောအခါ နူနာပျောက်ကင်း သွားလေသည်။ ထိုအခါ အသက်ရှင် သော ဘုရားကို ဝိညာဉ်ထဲက သိကြွမ်းလာခဲ့သည်။ သို့သော်လည်း သူ၏ အနေအထားမှာ မင်းမှုထမ်းဖြစ်သောကြောင့် ရှင်ဘုရင်၏ အလိုကို ဦးစားပေးရသဖြင့် သစ္စာဖြင့် ဝတ်ပြုကိုးကွယ်နိုင်ရန် မဖြစ်နိုင်ကြောင်း ဧလိရှဲထံတွင် ဖွင့်ဟ ဝန်ခံခဲ့ပါသည်။ (၄ရာ ၅း၁၇-၁၈)တွင် ကျွန်တော် သည် မည်သည့်အခါမျှ အခြားဘုရားကို ယဇ်ပူဇော်မှုမပြုတော့ပါ။ သို့သော် သူအမှုထမ်း ခစားနေသော ရှင်ဘုရင်မှာ အခြားကို ကိုးကွယ်သောသူဖြစ်သောကြောင့် ဘုရင်နှင့် ရိမ္မာန် ဘုရားကျောင်းသို့ သွားသောအခါ ကိုယ်ဦးညွှတ်ရမည်ဖြစ်ကြောင်း ကြိုတင်ဝန်ခံထားပါသည်။ အထိုအခြေအနေကို ဧလိရှဲ သဘောက်ပေါက်နားလည်သလို ဘုရားသခင်ကလည်း ထိုသူတို့အတွက် ထူးခြားသော အပြစ်တင်ပြောဆို မှုမလုပ်ခဲ့ပါ။
ဤနေရာတွင် ပြောလိုသည့် ပုဂ္ဂိုလ်တစ်ဦးရှိပါသည်။ ထိုသူမှာ ဧလိရှဲ၏ တပည့်တစ်ဦးဖြစ်သူ ဂေဟာဇိ ဆိုသူ အကြောင်းဖြစ်သည်။ သူသည် နှုတ်ခပတ်တော်များကို ဧလိရှဲထံမှ သိကြွမ်းပြီးသူ တစ်ဦးဖြစ်သဖြင့် အသက်တာ တွင် မည်သို့ ဝတ်ပြုကိုးကွယ်ရမည်ကို သိရှိနားလည် ပြီးသူတစ်ဦးဖြစ်သည်။ သို့သော် နှုတ်ခပတ်တော် နားလည်ပြီးသူဖြစ်သော်လည်း ဘုရားသခင်၏ ငြင်းပယ်ခြင်း ခံလိုက်ရသည်။ အကြောင်းမှာ နေမန်သည် နူနာပျောက်ကင်းသွားသောအခါ တန်းဘိုးရှိသော ရုပ်ဝတ္ထုပစ္စည်းများကို ပေးလှူသော်လည်း ဧလိရှဲမှာ ငြင်းပယ် ကာ မခံယူခဲ့ချေ။ ထိုအခါ တပည့်ဖြစ်သူ ဂေဟာဇိက အားမလိုအားမရဖြစ်ကာ သူ့၏ဆရာ ဧလိရှဲမသိမှီ နေမန် ထံမှ ထိုပစ္စည်းများကို တောင်းခံကာ ယူလိုက်သည်။ ဧလိရှဲသိသောအခါ ဧလိရှဲက ကျိန်လိုက်သဖြင့် နေမန်၏ နူနာမှာ ဂေဟာဇိထံ ကျရောက်သွားလေတော့သည်။
ဘုရားသခင်ထံသည် ရုဝတ္ထုပစ္စည်းများကို ပေးနိုင်သူဖြစ်ကြောင်း သိရှိသော်လည်း ယုံကြည်မှုအားနည်းသည် ဟုပြောရမည်ထင်ပါသည်။ နေမန်ထံမှ လိမ်ညာတောင်းခံခဲ့သဖြင့် သစ္စာလည်း ပျက်ခဲ့ပါသည်။ ဘုရားသခင်၏ အမှုတော်ထဲတွင် တစ်သက်လုံး ပါဝင်အသက်ရှင်နေသော်လည်း ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာဖြင့်လည်း ကောင်း ကိုးကွယ်နေသူတော့ မဟုတ်ပါချေ။ ထို့ကြောင့် ဘုရားသခင်၏ အမှုတော်ထဲမှာ ပါဝင်နေရင် ကျိန်စာ သင့်သွားခဲ့ပါသည်။ သင့်အသက်တာကိုလည်း ပြန်လည် ဆန်းစစ်ပါ။ မိမိကိုယ်ကို ဘုရားသခင်နှင့် အမြဲတမ်း သွားလာအသက်ရှင်နေသူ တစ်ဦးအဖြစ် မိမိကိုယ်ကို သတ်မှတ်ထားပါက အမှန်တကယ် ဝိညာဉ်ဖြင့်၎င်း၊ သစ္စာဖြင့်၎င်း။ ကိုးကွယ်နေသူဖြစ်ပါသလား။ အကယ်၍ မိမိ၏အသက်တာသည် ဘုရားသခင် နှစ်သက်သော ကိုးကွယ်မှုမျိုးမရှိသေးပါက မိမိအသက်တာာကို ပြန်လည် ဆင်ခြင်ကာ ပြင်ဆင်မှုပြုနိုင်ရန် ဝေငှလိုက်ပါသည်။ (အာမင်)
၇၀။ပဿခါပွဲတော်အကြောင်း
ပဿခါ ပွဲတော်
ပဿခါပွဲတော်ဖြစ်သည်။ ဣသရေလလူမျိုးများ အဲဂုတ္တုတွင် နှစ်ပေါင်းလေးရာ ကျွန်အဖြစ် နေခဲ့ရသည်။ မောရှည်လက်ထက်ရောက်သောအခါ မောရှည်ကို စေလွှတ်ပြီး ဖာရောဘုရင်ထံ ပြောရမည့် စကားကို ပြောခိုင်းခဲ့သည်။ ပြောသည့်စကားကတော့ ငါ့လူတွေကို လွှတ်ပေးပါ တဲ့။
မောရှည်က ဘုရားသခင်ပြောခိုင်းတဲ့အတိုင်း ဖာရောဘုရင်ကို သွားပြောခဲ့တယ်။ ဒါပေမယ့် အဲဒီဘုရင်က ခေါင်းမာတဲ့အတွက် ဘုရားစကားကို နားမထောင်ခဲ့ဘူး။ ဒါကြောင့်ဘုရားသခင်က မောရှည်နဲ့အတူရှိကြောင်း သက်သေထူဘို့ ဘေးဒါဏ်တစ်ခုပြီးတစ်ခု ပေးခြင်းဖြင့် သက်သေထူခဲ့သည်။ အဲဒီဘေးဒါဏ်တွေ ခံစားပြီးတိုင်းမှာ ကျေးဇူးပြု၍ အဲဒီကပ်ဘေးတွေ ရပ်တန့်ပေးပါလို့ပြောခဲ့ပါတယ်။ ဒါပေမယ့် နောက်မှာတော့ ခေါင်းမာမြဲ ခေါင်းမာနေခဲ့ပါတယ်။ ကျွန်ပြုမြဲ၊ ဒုက္ခပေးမြဲ ဆက်လက်ပြီး လုပ်ဆောင်ခဲ့ပါတယ်။
ထိုအခါ မောရှေက၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သန်းခေါင်အချိန်၌ အဲဂုတ္တုပြည်အလယ်သို့ ငါထွက်သွားမည်။ ၅နန်းထိုင်သော ဖာရောဘုရင်၏ သားဦးမှစ၍၊ ကြိတ်ဆုံနောက်၌ ထိုင်သော ကျွန်မ၏သားဦး တိုင်အောင်၊ အဲဂုတ္တုပြည်၌ ရှိသမျှသော သားဦးတို့နှင့် တိရစ္ဆာန်တို့၏ သားဦးရှိသမျှတို့သည် သေကြလိမ့်မည်။ ၆အဲဂုတ္တုပြည်တရှောက်လုံးတွင်၊ ရှေးကာလ၌ မဖြစ်စဖူး၊ နောင်ကာလ၌လည်း မဖြစ်လတံ့သော ကြီးစွာသော ငိုကြွေးခြင်း ဖြစ်ရလိမ့်မည်။ ’” (Exodus 11:4-6)
အဲဒီနောက်မှာ ဘုရားသခင်က ဣသရေလလူမျိုးတွေ ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာ ပြောပြခဲ့တယ်။ မိသားစုတိုင်းက အခါလည် သိုးတစ်ကောင်ကို ယူရမယ်။ အပြစ်မပါရဘူး။ အကောင်းဆုံး အကောင်ဖြစ်ရမယ်။
လူများမေ့နေတတ်တဲ့အရာဖြစ်ပါတယ်။ လူတွေက ဘုရားသခင်ကို အကောင်းဆုံးပေးရမယ်ဆိုတာ မေ့နေတတ်ကြတယ်။ မိမိအတွက်တော့် အကောင်းဆုံးတွေ ယူထားတတ်ကြတယ်။ အခု သိထားရမှာက ဘုရားသခင်က အကောင်းဆုံးသော အကောင်ကိုယူခိုင်းတယ်ဆိုတာက အကောင်းဆုံးသော အကောင်ကို ဘုရားသခင်အတွက် ပေးပါလို့ ပြောနေတာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အကောင်းဆုံးအရာတွေကို ပေးမယ်ဆိုရင် ဘုရားသခင်ကလည်း ကျွန်တော်တို့ကို အကောင်းဆုံးအရာတွေ ပြန်ပေးမှာဖြစ်ပါတယ်။
ဟုဿုပ်ပင်ညွန့်တစည်းကို ယူ၍ အင်တုံ၌ထည့်သော အသွေးထဲမှာနှစ်ပြီးလျှင်၊ တံခါးထုပ်တံခါးတိုင် နှစ်ဘက်တို့ကို ထိုးသုတ်ကြလော့။ ထိုနောက်မှ နံနက်တိုင်အောင် အဘယ်သူမျှ မိမိအိမ်တံခါးပြင်သို့ မထွက် မသွားရ။ (Exodus 12:22)
တချိန်ထဲမှာ ဘုရားသခင် လုပ်ဆောင်မယ့်အရာက
“ဟုဿုပ်ပင်ညွန့်တစည်းကို ယူ၍ အင်တုံ၌ထည့်သော အသွေးထဲမှာနှစ်ပြီးလျှင်၊ တံခါးထုပ်တံခါးတိုင် နှစ်ဘက်တို့ကို ထိုးသုတ်ကြလော့။ ထိုနောက်မှ နံနက်တိုင်အောင် အဘယ်သူမျှ မိမိအိမ်တံခါးပြင်သို့ မထွက် မသွားရ။ ၂၃အကြောင်းမူကား၊ ထာဝရဘုရားသည် အဲဂုတ္တုလူတို့ကို ဒဏ်ခတ်ခြင်းငှာ ထုတ်ချင်းခတ်သွားတော်မူ မည်။ တံခါးထုပ်နှင့် တံခါးတိုင်နှစ်ဘက်၌ရှိသော အသွေးကို မြင်သောအခါ၊ ထာဝရဘုရားသည် တံခါးကို လွန်သွားတော်မူမည်။ ဖျက်ဆီးသောသူသည် သင်တို့ကို ဒဏ်ခတ်ခြင်းငှာ၊ အိမ်ထဲသို့ဝင်ရသောအခွင့်ကို ပေးတော်မမူ။
“အကြောင်းမူကား၊ ယနေ့ညဉ့်တွင် အဲဂုတ္တုပြည်ကို ငါသည် ထုတ်ချင်းခပ်သွား၍၊ အဲဂုတ္တုပြည်၌ရှိသော လူတို့၏ သားဦးများနှင့် တိရစ္ဆာန်တို့၏ သားဦးများအပေါင်းတို့ကို ဒဏ်ခတ်၍၊ အဲဂုတ္တုပြည်၏ ဘုရားတို့ကို တရားစီရင်မည်။ ငါသည် ထာဝရဘုရားဖြစ်၏။ ၁၃သိုးသငယ်၏ အသွေးသည် သင်တို့နေရာအိမ်၌ သင်တို့၏လက္ခဏာသက်သေဖြစ်၍၊ ထိုအသွေးကို ငါမြင်သောအခါ၊ သင်တို့ကို ငါလွန်သွားမည်။ ထိုသို့ အဲဂုတ္တုပြည်ကို ငါသည် ဒဏ်ခတ်သောအခါ၊ ဖျက်ဆီးခြင်း ဘေးဥပဒ်သည် သင်တို့ကို မသင့်မရောက်ရ။.” (Exodus 12:12-13)
ဣသရေလ လူမျိုးတို့သည် ဘုရားသခင်ပြောတဲ့အတိုင်း ဟုသုတ်ပင်ညွန့်ကို ယူပြီး အင်ဒုံထဲက အသွေးမှာ နှစ်ပြီး တခါးထုပ် တံခါးတိုင်တွေမှာ သုတ်ထားလိုက်တယ်။ အဲဒီညမှာ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းက အဲဂုတ္တုမှာ ရောက်ရှိလာပြီး တိုင်းပြည်တစ်ခုလုံးကို ငိုသံတွေ ဖုံးလွှမ်းသွားပါတော့တယ်။ ဒါပေမယ့် ဘုရားသခင်ရဲ့ ကောင်းကင်တမန်က အသွေးသုတ်ထားတဲ့ အိမ်တွေကိုတော့ ကျော်သွားခဲ့ပါတယ်။
Exodus 12:33 ကပြောတာက အဲဂုတ္တုလူတွေက မနက်မိုးလင်းတာနဲ့ ဟေဗြဲလူတွေကို မြန်မြန်ထွက်သွားဘို့ တိုက်တွန်းပြောဆိုကြတယ်။ ငါတို့ အားလုံးသေရတော့မယ်။ မြန်မြန်သွားတော့ လို့ပြောလိုက်ပါတယ်။ အဲဒီလိုနဲ့ နှစ်ပေါင်း လေးရာကျွန်ခံရတဲ့ သူတို့ဘဝတွေ လွတ်မြောက်ခွင့်ရရှိသွားခဲ့တာဖြစ်ပါတယ်။
ဘုရားသခင်ပြောတာက , “ဤနေ့ရက်သည်လည်း သင်တို့အောက်မေ့စရာဘို့ဖြစ်၍၊ သင်တို့၏အမျိုး အစဉ်အဆက်မပြတ် ဤနေ့ရက်၌ ထာဝရဘုရားအား ပွဲခံရကြမည်။ ပညတ်တော်ရှိသည်ဖြစ်၍၊ ထိုပွဲကို အစဉ်အမြဲ ခံရကြမည်။ (Exodus 12:14)
ယခုအခါ နှစ်ပေါင်း (၃၅၀၀) ကျော်ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ဣသရေလလူမျိုးများသည် ယနေ့တိုင် ထိုပွဲတော်ကို မမေ့မလျော့ ကျင်းပနေဆဲဖြစ်သည်။