ဆရာမင်းလွင်၏တရားဟောချက်များ ( အပိုင်း ၁ )

Rev.U Min Lwin ၏ ခရစ်ယာန်တရားဟောချက်စာပေများစုစည်းမှု

ရှေးဦးစွာဘုရားသခင်ကိုချီးမွမ်းပါတယ်။ ဘုရားသခင်ဘက်၌လွန်စွာ စိတ်အားထက်သန်သော ဆရာ ဦးမင်းလွင်သည် ( ၂၀.၇.၂၀၂၁ ) ခုနစ် တွင်ဘုန်းတော်ဝင်စားခဲ့ပါသည်။ ဆရာရေးသားခဲ့သောတရားဟောချက်စာပေများကို စုစည်းပြီး ယုံကြည်သူများ ခွန်အားရရှိဖို့ရန်


၁။ကျမ်းစာထဲက သရဖူ ( ၅ ) မျိုး 

ကျမ်းစာကို လေ့လာကြည့်သောအခါ ယုံကြည်သူများအတွက် ပြင်ဆင်ထားသော သရဖူ (၅)မျိုးကို ဖေါ်ပြထားသည်။ ဤနေရာတွင် သရဖူ ဆိုရာ၌ ကျွန်တော်တို့ ပြောဆိုနေကြသော ကယ်တင်ခြင်းကို ဆိုလိုခြင်းမဟုတ်ပါ။ ကယ်တင်ခြင်းရရန် တစ်စုံတစ်ရာ ကြိုးစားအားထုပ်ရန် မလိုအပ်ပါ။ သို့သော် သရဖူ ရရန်အတွက် အသက်တာထဲတွင် တစ်စုံတစ်ရာ ကြိုးစား အားထုပ်ရသည်။ အဖိုးအခပေးရမည်။ သရဖူ တစ်မျိုး စီတွင် ယုံကြည်သူများ၏ အကျင့် (သို့) လုပ်ဆောင်မှုများကို အခြေခံ၍ ခရစ်တော်၏ တရားပလ္လင်တွင် ထိုအရာများကို ပေးအပ်မည်ဖြစ်သည်။ ထိုတရားပလ္လင်ကို ဘီးမား တရားပလ္လင် (Bema Seat) ဟူ၍လည်း ခေါ်ဆိုပါသည်။

အကြောင်းမူကား ငါတို့ရှိသမျှသည် ကိုယ်ခန္ဓာကျင့်သော အကျင့် ကောင်းမကောင်း ရှိ သည့်အတိုင်း အကျိုးအပြစ်ကို အသီးအသီးခံခြင်းငှါ ခရစ်တော်၏တရားပလ္လင်ရှေ့တွင် ပေါ်လာရမည်။ (၂ကော ၅း၁၀)

အသက်သရဖူ

ဤအမျိုးအစားသည် ခရစ်တော်အတွက် အသက်ပင် ပေးဆပ်ရန် ၀န်မလေးသောသူများ အတွက် ဖြစ်သည်။ မာတုရများနှင့် မာတုရများကဲ့သို့ပင် ခရစ်တော်အတွက် အသက်ပေးထားသူများသာ ရရှိနိုင်သော သရဖူဖြစ်သည်။ အတွက်ဖြစ်ပြီး ကျမ်းစာထဲ တွင် (၂)ကြိမ်တိုင်တိုင် ဖေါ်ပြပါသည်။

စုံစမ်းနှောင့်ယှက်ခြင်းကို သီးခံသောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား စစ်ကြော စုံစမ်းခြင်းကို ခံပြီးမှ ဘုရားသခင် ချစ်သောသူတို့အား ကတိထားတော်မူသော အသက် သရဖူကို ရလိမ့်မည်။ (ယာကုတ် ၁း၁၂)

အထက်ပါ ကျမ်းပိုဒ်တွင် ဖေါ်ပြထားသော စုံစမ်းနှောင့်ယှက်ခြင်း ဆိုသော စကားလုံးသည် အလွန်ကျယ်ပြန့်ပါ သည်။ တခါတစ်ရံ အလွန် ဆိုးညစ်သော စကားလုံးများကို ကိုယ်စားပြုသည်။ လူ့အသတ်သတ်ရန် စုံစမ်း သွေးဆောင်ခံရသည်။ သူ့မယားကို ပြစ်မှားရန် စုံစမ်းနှောင့်ယှက်ခြင်း ခံရသည်။ တစ်ခါတစ်ရံတွင် ထိုစကားလုံးသည် ဘုရားသခင်၏ စစ်ဆေးစုံစမ်းခြင်းကိုလည်း ရည်ညွှန်းတတ်ပါသည်။ မည်သို့ပင်ဖြစ်စေ ယုံကြည်ခြင်းကြီးသူ (ဘုရားသခင်ကို ကိုးစားရာတွင် အမြင့်ဆုံး အနေအထားတွင် ရှိနေသူ) များအတွက်တော့ ထိုစုံစမ်းနှောင့်ယှက်ခြင်းဆိုသည်ကို အပြစ်မြင် ကြောက်ရွံ့လေ့ မရှိပါ။

သင်သီးခံရမည့်အရာ တစ်စုံတစ်ခုကိုမျှ မကြောက်နှင့်။ သင်တို့သည် စုံစမ်းခြင်းကို ခံရမည့်အကြောင်း မာန်နတ် သည် သင်တို့တွင်အချို့ကို ထောင်ထဲ၌လှောင်ထား၍ သင်တို့သည် ဆယ်ရက်ပတ်လုံး ဆင်းရဲ ဒုက္ခ ခံကြရမည်။ သေသည့် တိုင်အောင် သစ္စာစောင့်လော့။ သို့ဖြစ်လျှင် အသက်သရဖူကို ငါပေးမည်။ (ဗျာဒိတ် ၂း၁၀)

ဤနေရာတွင် မြန်မာဘာသာသို့ ပြန်ဆိုရာတွင် သေသည့်တိုင်အောင် (until death) ဟူ၍ ဘာသာပြန် ဆိုထားပါသည်။ မူရင်းတွင် သေခြင်းသို့ ဦးတည်သည်တိုင် (unto death) ဖြစ်ပါသည်။ မိမိပြောသည့် စကားကို ပြန်လည် ရုတ်သိမ်းမှုမပြု။ မာတုရ အဖြစ်အသေခံရမည့် အခြေအနေကြုံသည့်တိုင် သစ္စာရှိနေ ခြင်း ဖြစ်ပါသည်။ သူတို့ပြောပြီးစကားကို ပြန်လည် ရုတ်သိမ်းခဲ့ပါလျှင် ထိုသရဖူကို ဆုံးရှုံးမည်သာ ဖြစ် သည်။ ဤကျမ်းပိုဒ်၏ အဓိက ပြောချင်သော သူများမှာ “ဘေးဒါဏ်ကြီး ကာလ”တွင် ကြှုံတွေ့ရမည့် သူများ ကို ရည်ရွယ်၍ ဖော်ပြပါသည်။

အထက်ပါ ကျမ်းပိုဒ် နှစ်ပိုဒ်စလုံးသည် ခရစ်တော်ကို မျှော်လင့်ခြင်း၊ ယုံကြည်ခြင်း၊ ကိုးစားခြင်း တို့ကို အခြေခံပြီး မှ ရရှိခံစားနိုင်သည့် သရဖူအမျိုးအစားဖြစ်သည်။ မည်မျှပင် စုံစမ်းနှောင့်ယှက်ခြင်းတို့နှင့် တွေ့လာစေကာမူ၊ နောက်ဆုံး အသက်အန္တရာယ် သေဆုံးနိုင်သည့် အန္တရာယ်နှင့် တွေ့ကြုံသည့်တိုင် ခရစ်တော်အပေါ်တွင် စိတ်ထားလုံးဝ ပြောင်းလဲမှု မရှိသော သူများ အတွက်ဖြစ်သည်။

ပလ္လင်များကိုလည်း ငါမြင်၏။ ပလ္လင်ပေါ်မှာ ထိုင်သောသူတို့သည် တရားစီရင်ရသော အ ခွင့်ကို ရကြ၏။ သားရဲနှင့် သူ၏ ရုပ်တုကို မကိုးကွယ်၊ သူ၏ တံဆိပ်လက်မှတ်ကို နဖူး၌ မခံ၊ လက်၌မခံဘဲနေ၍ ယေရှု၏ သက်သေခံတော်မူချက်နှင့် နှုတ်ခပတ်တော်တို့ကြောင့် လည် ပင်းကို ဖြတ်ခြင်း ခံရသော ၀ိညာဉ်များကို ငါမြင်၏။ သူတို့သည် အသက်ရှင်၍ နှစ်တစ် ထောင်ပတ်လုံး ခရစ်တော်နှင့် အတူ စိုးစံရကြ၏။ (ဗျာဒိတ် ၂၀း၎)

ဘုန်းကြီးသော ပန်းဦးရစ်သရဖူ

ဤအမျိုးအစားမှာ သိုးထိန်းအကြီး ပေါ်ထွန်တော်မူသော ကာလ၌ သင်းအုပ်ဆရာများ၊ (Pastor and Elder) ကို ပေးမည့် သရဖူအမျိုးအစားဖြစ်သည်။ သို့သော် ငွေအတွက် အစေခံသောသူ (သို့) ဘုရား သခင်ပေးသော အမွေထက် ပိုမိုပြီး အခြားအရာများကို တပ်မက်သောသူများ မပါဝင်ပါ။

Dr. Joe Temple ဆိုသော သင်းအုပ်ဆရာကြီး တစ်ဦက သင်းအုပ်များအတွက် သရဖူ ဟူ၍ မခေါ်စေချင် ကြောင်း ပြောခဲ့ပြီး ကျမ်းစာ ဖေါ်ပြချက်အရ သိုးထိန်းအကြီးထံမှ သရဖူ ဟူ၍သာ ခေါ်ဆိုလိုကြောင်း ပြောကြားခဲ့သည်။ ဆိုလိုသည်မှာ သင်အုပ်ဆရာများအတွက် သီးသန့်သာမဟုတ်။ အချို့မှာ သင်းအုပ်ဆရာ ဟု တရားဝင်ခန့်ထားခြင်း မရှိသော်လည်း သင်းအုပ်ဆရာ လုပ်ဆောင်သော အလုပ်များ ကို ကြိုးစားဆောင်ရွက်သောသူ အများရှိကြသည်။ တနည်းအားဖြင့် ဘုရားသခင်၏ သိုးစုကို ၀န်တာရှိရှိ ထိန်းသိမ်းစောင့်ရှောက်သော သူတိုင်း ထိုသရဖူကို ရှိနိုင်သည်။

သင်တို့နှင့် အတူရှိသော ဘုရားသခင်၏ သိုးစုကို ထိန်းခြင်းအမှုမှာ အနိုင်ထိန်းရသော ကြောင့် မဟုတ်။ မစင်ကြယ်သော စီးပွားကို တပ်မက်သောကြောင့်မဟုတ်ဘဲ အလိုလို စေတနာစိတ်ရှိ၍ ကြည့်ရှုအုပ်ထိန်း ကြလော့။ အသီးအသီး အုပ်သော အသင်းတော်တို့ကို အာဏာထား၍ ပြုသည်မဟုတ်ဘဲ သိုးတော်စု ရှေ့မှာ ပုံသက်သေကို ပြသောသူ ဖြစ်ကြ လော့။ သို့ဖြစ်လျှင် သိုးထိန်းအကြီး ပေါ်ထွန်တော်မူသောအခါ သင်တို့သည် မညိုးနွမ်း တတ်သော ဘုန်းကြီးသော ပန်းဦးရစ်သရဖူကို ခံရလိမ့်မည်။ (၁ပေ ၅း၂-၄)

ဤလောကတွင် အသက်ရှင်စဉ်အခါ သင်းအုပ်ဆရာများသည် အကြိမ်ပေါင်းမြောက်များစွာ ကဲ့ရဲ့ခြင်းများ၊ အပြစ်တင်ခြင်းများနှင့် လစ်လျူရှုခြင်းများကို ခံရသည်။ သို့သော် ညီအကိုတော် လုပ်ဖော်ဆောင်ဖက် သင်း အုပ်ဆရာများကို အားပေးချင်ပါသည်။ ကျွန်တော်တို့သည် အိမ်တော်သို့ မရောက်ကြသေးပါ။ အိမ်တော်သို့ ရောက်သော အခါ ခရစ်တော်က အပြုံးမျက်နှာနှင့် “သာဓုသစ္စာရှိသော ငယ်သားကောင်း” ဟူ၍ ၀မ်းမြောက်ဝမ်းသာ ဆီးကြိုနေမည်ကို မျှော်လင့်ရင်း အမှုတော်ထဲမှာ ဆက်လက် ချီတက် လျှောက်လှမ်းရန် အားပေး တိုက်တွန်းလိုပါသည်။

၀မ်းမြောက်ခြင်း သရဖူ

ဤသရဖူသည် ဧ၀ံဂေလိ (ကယ်တင်ခြင်း သတင်းကောင်း)ကို ဟောပြောသူများအတွက် ဖြစ်သည်။ ဧ၀ံဂေလိ ဟောပြောသူဆိုရာတွင် သင်းအုပ်ဆရာများကိုသာ ရည်ညွှန်းပြောဆိုခြင်းမဟုတ်ပါ။ အမှုတော် ဆောင်များတင်သာမဟုတ်ပါ။ အယုတ်၊ အလတ်၊ အမြတ်မရွှေး၊ ကလေး၊ လူကြီးမရွှေး ဟောပြောသူတိုင်း ရနိုင်သော အခွင့်အရေးရှိပါသည်။ ဘုရားသခင်သည် လောက လူသားများ၏ အသက်ဝိညာဉ်ကို ဤစင်္ကြာဝဠာကြီးထက် ပိုမိုတန်ဘိုး ထားပါသည်။ ထိုဝိညာဉ်များကို ခရစ်တော်ထံ ပို့ဆောင်ပေး ခြင်းအားဖြင့် ခရစ်တော် ဒုတိယအကြိမ် ပြန်လည် ကြွချီလာသောအခါ ထိုအရာတို့သည် ကျွန်တော်တို့၏ ၀မ်းမြောက်ခြင်း ဖြစ်လိမ့်မည်။

ငါတို့ မျှော်လင့်ခြင်း အကြောင်း၊ ၀မ်းမြောက်ခြင်းအကြောင်း၊ ၀ါကြွားခြင်း၏ ဦးရစ်သရဖူ ကား၊ အဘယ်သို့ သော အကြောင်းအရာနည်း။ ငါတို့သခင်ယေရှုခရစ် ကြွလာတော်မူ သောအခါ ရှေ့တော်၌ သင်တို့သည် ထိုသို့သော အကြောင်းအရာဖြစ်ကြသည် မဟုတ် လော။ သင်တို့သည် ငါတို့၏ ဘုန်းအသရေ၊ ငါတို့၏ ငါတို့ ၏ ၀မ်းမြောက်ခြင်း အကြောင်း ဖြစ်ကြသတည်း။ (၁သက် ၂း၁၉-၂၀)

ထို့ကြောင့် ငါဝမ်းမြောက်ခြင်းအကြောင်း၊ ငါ့ဦးရစ်သရဖူ တည်းဟူသော ငါချစ်၍ အလွန် လွမ်းသော ညီအ ကိုတို့၊ ငါဆိုခဲ့ပြီးသည့်အတိုင်း သခင်ဘုရား၌ တည်နေကြလော့၊ ငါ့ချစ်သူတို့။ (ဖိလ္လိပိ ၄း၁)

ဓမ္မဟောင်းကျမ်းတွင် ဒံယေလက ထိုအကြောင်းကို တင်စားပြောဆိုခဲ့သော ကျမ်းပိုဒ်တခု ရှိပါသည်။ ထို ကျမ်းပိုဒ်ကပညာရှိသောသူတို့သည်လည်း ကောင်းကင်အရောင်မျက်နှာကျက်၏ အရောင်အ၀ါကဲ့သို့ လည်းကောင်း၊ လူများတို့ကို ဖြောင့်မက်ခြင်း တရားလမ်းထဲသို့ သွင်းသောလူတို့သည် လည်း ကြယ်များကဲ့သို့ လည်း ကောင်း အစဉ်ထွန်းလင်ကြလိမ့်မည်။ (ဒံယေလ ၁၂း၃)

ကျွန်တော်တို့သည် ပျောက်ဆုံးဝိညာဉ်များကို ခရစ်တော်ထံ များများပို့ဆောင်နိုင်လေလေ ကျွန်တော်တို့၏ သရဖူတွင် ကျောက်မြတ်ကြယ်ကလေးများ ပိုမိုများလေလေ ဖြစ်ပါမည်။ ထို့ကြောင့် ခရစ်တော် တန်ဘိုး ထားသော ၀ိညာဉ်များကို ခရစ်တော်ထံ ပို့ဆောင်နိုင်ရန် ကြိုးစားအားထုပ်ဘို့ တိုက်တွန်းနိုးဆော် လိုပါ သည်။

မညိုးနွမ်းတတ်သော ပန်းဦးရစ်

ဤသရဖူသည် အောင်မြင်သောသူတို့၏ ရရှိမည့် ဦးရစ်ဖြစ်သည်။ မိမိကိုယ်ခန္ဓာကို ထိန်းသိမ်းနိုင်သူများ၊ အထူးသဖြင့် တပ်မက်မှုများကို ရှောင်လွှဲနိုင်သောသူများအတွက် ဖြစ်သည်။ မိမိကိုယ်ကို မိမိ လောက၏ ပျော်ရွှင်မှု၊ တတ်မက်မှုတို့ ခံစားချင်သော မိမိကိုယ်ခန္ဓာ၏ တောင်းဆိုမှုတို့ကို ပယ်ရှားကာ အသက်ရှင် သော သူများအတွက်ဖြစ်သည်။ု မည်သူမဆို လွတ်လပ်စွာ ဆုံးဖြတ်လုပ်ဆောင်နိုင်ကြသည်။ သို့သော် မိမိကိုယ်ခန္ဓာ၏ စိတ်အလိုသို့ မလိုက်ဘဲ အရာရာတွင် ဇာတိကို ချုပ်တည်း အသက်ရှင်သော သူများအတွက် ထိုသရဖူကို ရရှိနိုင်သည်။

မြေတလင်း၌ ပြိုင်၍ ပြေးကြသော သူအပေါင်းတို့သည် ပြိုင်၍ပြေးကြသော်လည်း တစ် ယောက်တည်းသာလျှင် ဆုကိုရ သည်ဟု သင်တို့မသိကြသလော။ ဆုကို ရမည့်အကြောင်း ပြေးကြလော့။ ပွဲ၌ပြိုင်၍ အချင်းချင်း တိုက်သောသူမည်သည်ကား အရာရာ၌ တပ်မက် ခြင်းကို ချူပ်တည်းတတ်၏။ ထိုသူတို့သည် ညိုးနွမ်းပျက်စီးတတ်သော ပန်းဦးရစ်ကို ရခြင်း အလို့ငှါ ပြုကြ၏။ ငါတို့မူကား မညိုးနွမ်းမပျက်စီးတတ်သော ပန်းဦးရစ်ကို ရခြင်း အလိုငှါ ပြုကြ၏။ ထို့ကြောင့် ငါပြေးသောအခါ အမှတ်တမဲ့ ပြေးသည်မဟုတ်။ လက်ပွေ့သတ် သောအခါ အာကာသ ကောင်းကင်ကိုသာ ထိုး၍ သတ်သည်မဟုတ်။ သူတစ်ပါးကို ဆုံးမ ပြီးမှ ကိုယ်တိုင်ရှုံးသူ မဖြစ်ရမည့်အကြောင်း ကိုယ်ကို ထိုး၍ နှိပ်စက်လေ့ရှိ၏။ (၁ကော ၉း၂၄-၂၇)

ကျွန်တော်တို့သည် ခရစ်တော်ပြန်ကြွလာသောအခါ ရှက်ရသောသူ မဖြစ်မည့်အကြောင်း ကျွန်တော်တို့၏ ခန္ဓာကို ထိန်းသိမ်းစောင့်ရှောက်ကာ ခရစ်တော်ပေးမည့် မညိုးနွမ်းတတ်သော ပန်းဦးရစ်ကို ရရှိသောသူ များအဖြစ် အသက်ရှင် သင့်သည်။ တမန်တော်ကြီး ရှင်ယောဟန်ကလည်း သူရေးသော သြ၀ါဒစာထဲတွင် အောက်ပါကျမ်းပိုဒ်ကို ထပ်မံရေး သား ထားပြန် ပါသည်။

ချစ်သားတို့ သားတော်သည် ထင်ရှားပေါ်ထွန်းတော်မူသောအခါ ငါတို့သည် အထံတော်သို့ ရောက်လျှင် ရဲရင့်သော အခွင့်ရှိ၍ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း သား တော်၌ တည်နေကြလော့။ (၁ယော ၂း၂၈)

ဓမ္မ သရဖူ (သို့) ဖြောင့်မက်ခြင်း သရဖူ

ဤသရဖူ အမျိုးအစားသည် ခရစ်တော်၏ ပေါ်ထွန်းခြင်းကို မျှော်လင့်တောင့်တသူတိုင်း ရရှိနိုင်သည့် သရဖူ ဖြစ်သည်။ ထိုနေ့ရက်တွင် ပေးတော်မူမည် ဖြစ်သည်။ သရဖူ (၅)မျိုးထဲတွင် အလွယ်ကူဆုံး ရရှိနိုင်သော သရဖူအမျိုးအစားဖြစ်သည်။ မည်သူမဆို ရရှိနိုင်သော အခွင့်အရေးရှိနေသည်။

ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ၊ ပြေးရသော လမ်းကို အဆုံးတိုင်အောင် ငါပြေး ပြီ။ ယုံကြည်ခြင်း တရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဖို့ သိုထား လျှက် ရှိပြီ၊ ထိုနေ့ရက်၌ တရားသဖြင့် စီရင်တော်မူသောသူ တည်းဟူသော သခင်ဘုရား သည် ထိုသရဖူကို ငါ၌ အပ်ပေးတော်မူပြီ၊ ထိုမျှမက ပေါ်ထွန်းတော်မူခြင်းကို တောင့်တ သော သူအပေါင်းတို့၌လည်း အပ်ပေးတော်မူမည်။ (၂တိ ၄း၆-၈)

အထက်ပါ ကျမ်းပိုဒ်တွင် တမန်တော် ရှင်ပေါလုက ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ” ဟုဆိုရာတွင် သူအသက်တာတွင် ဇာတိ၏ တောင်းဆိုချက်များကို ခက်ခဲစွာ တော်လှန်ခဲ့ရသည်။ “တိုက်လှန်ခြင်းကို ငါပြုပြီ”ဟု ပြောဆိုရာတွင် ထိုအသုံး အနှုံးမှာ စစ်သားတစ်ယောက်က တိုက်ပွဲတွင် ပြောဆိုသော စကားနှင့်တူသည်။ နောက်တစ်ခုမှာ “ပြေးရသော လမ်းကို အဆုံးတိုင်အောင် ငါပြေးပြီ” ဆိုရာတွင် အပြေးသမားတစ်ယောက် ပြောဆိုသည့် ပုံစံမျိုးဖြစ်သည်။ ခရစ်ယာန်တစ်ဦးအတွက် နေ့စဉ်အသက်တာအတွက် မာရ သွန်ပြိုင်ပွဲ ဖြစ်ကြောင်း ယခင်က ရေးသားခဲ့ပြီးသော Post တွင် ဖေါ်ပြခဲ့ပြီး ဖြစ်သည်။ ယုံကြည်ခြင်း တရားကို ငါစောင့်ရှောက်ြပီ ဆိုရာတွင် စောင့်ရှောက် (kept)ဆိုသော စကားလုံးသည် လုံခြုံရေးသမားများ အသုံးပြုသော စကားလုံး ဖြစ်ပြီး သူစောင့်ရှောက်ရသော ပစ္စည်များကို ဂရုစိုက်ရမည် ဖြစ်သည်။ အထက်က ပြောဆိုခဲ့သော စကားလုံးများကို ခြုံငုံလေ့လာ ကြည့်သော် ရှင်ပေါလု ဘ၀အသက်တာတွင် သူလုပ်ဆောင်ရမည့် အငန်းအတာ တာဝန်များကို ပြီးဆုံးပြီ ဖြစ်သည်။ ထိုကြောင့် ခရစ်တော် ပြန်လာသော နေ့ရက်တွင် ရရှိမည့် ဆုသရဖူကို သေချာပေါက် ရရှိခံစားမည်ကို သိရှိပြီး ဖြစ်သည်။ သူအတွက် ထိုနေ့ကိုသာ မျှော်လင့်နေတော့သည်။ မည်သည့် အခြေအနေကိုမျှ စဉ်းစားစရာမလို။ အသက်တာတွင် မည်သည့်အရာများကို ကျော်ဖြတ်ရသည်ဖြစ်စေ သူအတွက် ဆုသရဖူ အတွက် မျှော်လင့်ပြီး၊ ရရှိပြီး၊ ခံစားပြီး ဖြစ်သောကြောင့် ခရစ်တော်ပြန်လာမည့် နေ့ရက်ကို မျှော်လင့် တောင့်တနေသည်။

ပတ်မုကျွန်းတွင် တမန်တော် ရှင်ယောဟန်က ဆုတောင်းခဲ့သည်။ ထိုဆုတောင်းချက်တွင်

သခင်ယေရှု ကြွလာတော်မူပါ။ (ဗျာဒိတ် ၂၂း၂၁)

၂။အမြုံမလေး ဟန္န 

တစ်ခါတုံးက ဧဖရိန်ပြည်နယ်၊ ရာမသိမ် ဇုဖိန်မြို့မှာနေသော ဧလကာနလို့ခေါ်တဲ့ လူတစ်ယောက်ရှိပါ တယ်။ သူ့မှာ ဇနီး နှစ်ယောက် ရှိပြီး တစ်ယောက်က ဟန္န၊ တစ်ယောက်ကတော့ ပေနိန္နလို့ခေါ်ပါတယ်။

အမြဲတမ်းတော့ ဟန္နက ကောင်းကြီးနှစ်ဆရလေ့ရှိသော်လည်း သူမမှာ သားသမီး မရစေရန် ဘုရား သခင်က သူမရဲ့ ၀မ်းကို ပိတ်ထားတယ်လို့ ကျမ်းစာက ပြောပါတယ်။ အဲဒီအကြောင်းကြောင့် ဟန္န ဟာအမြဲတမ်းမှာ ၀မ်းနည်းအားငယ်ရလေ့ရှိပြီး ရန်သူရဲ့ နှောက်ယှက်ခံရလေ့ရှိပါတယ်။ နှစ်တိုင်း နှစ်တိုင်းမှာ ဘုရားသခင်ရဲ့ ကျောင်းတော်ကိုသွားတဲ့ အခါတိုင်းမှာ သူမရဲ့ယှဉ်ပြိုင်ဘက်က သူမကို မျက်ရည်ဖြိုင်ဖြိုင်ကျလာအောင်၊ မစားမသောက်နိုင်လောက်အောင် နှိုးဆွ ပါလေတော့ တယ်။

ဟန္နရဲ့ အိမ်ထောင်ဘက် ဧလကာနက သူမကို “ဟန္န မင်းဘာဖြစ်လို့ ငိုနေတာလဲ” “ဘာဖြစ်လို့ အစာမစားတာလဲ”။ “ဘာဖြစ်လို့ စိတ်နှလုံး ညိုးငယ်နေရတာလ”ဲ။ “မင်းအပေါ်မှာ ငါက သားသမီး ဆယ်ယောက်ထက်ပို ကောင်းတယ်မဟုတ်လား”။ (ဓမ္မရာဇ၀င် ပထမစောင် ၁း ၁-၈) လို့ ပြောခဲ့ပါ တယ်။

ဧလကာနဟာ ဟန္နကို သူ့ရဲ့နှလုံးသားထဲကနေ အမှန်တကယ်ချစ်တာပါ။ ဟန္နရဲ့ အခြေအနေကတော့ အမှန်တယ် ကျေနပ်ဝမ်း မြောက်စရာပါဘဲ။ တစ်ယောက်ကို တစ်ယောက် အသက်မက ချစ်လှပေမဲ့ သူတို့ ရဲ့ ပြဿနာကတော့ ဟန္နက မြုံနေတဲ့အတွက် သားသမီး မရရှိခြင်းပါဘဲ။

ဧလကာနဟာ ဟန္နရဲ့နာကျင်မှု နဲ့ ကြေကွဲမှုတွေကို တွေ့မြင်နေပါသော်လည်း နောက်ဆုံးမှာ မဖြစ်မနေ ဆုံးဖြတ်ချက်ချပြီး လုပ်ဆောင်လိုက်တဲ့ အရာကတော့ သားသမီး မျိုးဆက်ရဘို့ ရည်ရွယ်ချက်နဲ့ နောက် အိမ်ထောင် ပြုလိုက်ရပါတော့တယ်။ အဲဒီနောက်မှာတော့ ဧလကာနရဲ့ နောက်မိန်းမ ပေနိန္နဟာ ဟန္န အတွက် ကြီးမားတဲ့ ပြဿနာတခု ဖြစ်လာပါတော့တယ်။ ပေနိန္နက သားသမီး တစ်ယောက်မွေးတိုင်း ဟန္န အတွက် သူမရဲ့ သားသမီး မမွေးနိုင်ဘဲ မြုံနေတဲ့ အဖြစ်ဟာ အရှက်ရ မျက်နှာပျက်စရာ ဖြစ်လာပါတော့ တယ်။

ပိုဆိုးတာက နှစ်စဉ်နှစ်တိုင်း ဘုရားသခင်ရဲ့ တဲတော် ရှိရာ ရှိလောမြို့ကို သွားတဲ့အခါတိုင်းမှာ ပေနန္န ကတော့ သားသမီး တစ်အုပ်ကြီးနဲ့ ဘုရားသခင်ရဲ့ ရှေ့မှာ ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်ကို အားရပါးရ ပူဇော်နေပေမဲ့ သားသမီးမရှိတဲ့ ဟန္နကတော့ ငိုကြွေးနေရုံမှအပ ဘာမှ မတတ်နိုင်ပါ။ ပေနိန္နရဲ့ ကျေးဇူး တော်ချီးမွမ်းခြင်း အသံတွေဟာ ဟန္နအတွက်တော့ ပြက်ရယ်ပြု လှောင်ပြောင်နေသော အသံတွေလို ကြား နေရပါတယ်။ ဒါကြောင့် ဟန္နဟာ စိတ်နှလုံးကြေကွဲ ၀မ်းနည်းစွာနဲ့ မျက်ရည်အပြည့်ဖြင့် နှစ်စဉ် သွားရတဲ့ အဲဒီခရီးစဉ်ကို အဆုံးသတ်ရပါတယ်။

ဧလကနရဲ့ ကြီးမားနက်ရှိုင်းတဲ့ ချစ်ခြင်းမေတ္တာတွေက ဟန္နရဲ့ နာကျင်မှုတွေကို မလွမ်းမိုးနိုင်ပေမဲ့၊ သူမမှာ မချိတင်ကဲ ဝေဒနာများ နာကျင်မှု ဝေဒနာများ ရှိနေပေမဲ့ ဘုရားသခင်ဟာ သူမရဲ့ ဘ၀ထဲမှာ ထင်ရှားပြက် သားစွာ အလုပ်လုပ်လာ ပါတော့တယ်။ မကြာခင်မှာ ဘဲ ဟန္နမှာ သားတစ်ယောက်ရလာပါတော့တယ်။

အထက်ပါ ကျမ်းစာအဖြစ်အပြက်ထဲမှာ ကျွန်တော်တို့ရဲ့ ၀ိညာဉ်ရေးရာ မြုံနေတဲ့ အသက်ရှင်မှုအကြောင်း တစ်စုံတစ်ရာကို ခံစားသင်ယူ နိုင်တဲ့ အရာတွေ ရှိနေပါတယ်။

ပထမဦးဆုံးအနေနဲ့ ဟန္နဟာ သူမရဲ့ လင်ယောင်္ကျားကို မည်မျှပင်ချစ်စေကာမှု ယောင်္ကျားအတွက် သား သမီး မွေးဖွားမှု ပြုလုပ်မပေးနိုင်ပါဘူး။ အဲဒီအချက်က နှစ်စဉ်အမြဲတမ်း သူမရဲ့ လင်ယောင်္ကျားနဲ့ ဆက်ဆံ ရေးကို အဖုအထစ်ဖြစ်စေပြီး သူမအတွက် နာကျင်မှုဖြစ်စေပါတယ်။ ကျွန်တော်တို့ ဘ၀အသက်ရှင်မှုထဲမှာ လည်း အဲဒီအဖြစ်အပျက်နဲ့ မခြားနားလှပါ ဘူး။

ကျွန်တော်တို့ဟာ ခရစ်တော်နဲ့ လျှောက်လှမ်းမှုမှာ ဘယ်လောက်ဘဲ ၀ိညာဉ်ရေးရာ ကောင်းနေသည်ဖြစ် ပါစေ။ တပည့်တော် ဖြစ်စေခြင်းအလုပ်နဲ့ ဧ၀ံဂေလိလုပ်ငန်းတွေမှာ မလုပ်ဆောင်နိုင်ဘူးဆိုရင် ကျွန်တော် တို့ဟာ ဘယ်တော့မှ ကျေနပ်မှု၊ ၀မ်းမြောက်မှု ရနိုင်မှာ မဟုတ်ပါဘူး။

ခရစ်ယာန်အသက်ရှင်မှုမှာ ဘုရားသခင်နှင့်အချိန်ယူခြင်း၊ သမ္မာကျမ်းစာကို ကျိုးစားလေ့လာခြင်း၊ ဘုရား ကျောင်း ပုံမှန်တတ်ခြင်း၊ စသည်တို့အားလုံးဟာ အရေးကြီးပါတယ်။ ဒါပေမဲ့ ဧ၀ံဂေလိဟောပြောခြင်း ဆိုတာကိုတော့ အရေးမကြီးသလို လွှတ်ထားလေ့ရှိတယ်။ အဲဒါဟာ ၀ိညာဉ်အသစ်တွေကို မမွေးဖွာဘဲ မြုံနေတဲ့သူနဲ့ တူပါတယ်။ ခရစ်ယာန်သက်တာမှာ အသီးသီးတယ်ဆိုတာ ရှိပါတယ်။ အဲဒီအရာကတော့ ခရစ်ယာန်အသက်ရှင်မှု လုပ်ငန်းစဉ်အားလုံး လုပ်ဆောင်ပြီး ဘုရားသခင်နဲ့ ရင်းနှီးကျွမ်းဝင်မှုကို ပြောချင် တာ ဖြစ်ပါတယ်။

ဒုတိယအချက်အနေနဲ့ကတော့ ဘုရားသခင်ဟာ ပေနိန္နနဲ့ သူမရဲ့ သားသမီးတွေကို အသုံးပြုပြီး ဟန္နကို ရန်စလှုံ့ဆော်မှု ပြုနေခြင်းဖြစ်ပါတယ်။ ဒါဟာ ဘုရားသခင်ရဲ့ ၀ိညာဉ်ရေးစကားတခုသာ ဖြစ်ပါတယ်။ ဒီကနေ့ ပေါ်ထွန်းလာတဲ့ အသင်းတော် အသစ်ကလေးများနဲ့ အသစ်ပြောင်းလဲလာသူများဟာ ဧ၀ံဂေလိ လည်းမလုပ်၊ တပည့်တော်ဖြစ်စေခြင်းကိုလည်း စိတ်မ၀င်စား တနည်းအားဖြင့် ၀ိညာဉ်ရေး မမွေးဖွားနိုင်တဲ့ အသက်ကြီးသူများ၊ အသင်းတော်ကြီးများကို လှောင်ပြောင် ကဲ့ရဲ့မှုပြုနေသယောင်ဖြစ်ပါတယ်။

ယနေ့ ဧ၀ံဂေလိဟောပြောတဲ့ လလူငယ်အတော်များများကို မြင်နေရပါပြီ။ သူတို့ရဲ့ ဧ၀ံဂေလိဟောပြောမှု နဲ့ တပည့်တော် ဖြစ်စေခြင်း လှုပ်ရှားမှုများဟာ မြုံနေသော အသင်းတော်များအတွက် ဟန္နကဲ့သို့ မျက်ရည် မျက်ခွက်နှင့် ဆုတောင်းရမည့် အခြေအနေပင်။ အဲဒီလူငယ် လှုပ်ရှားမှုတွေဟာ အသင်းတော်ကြီးများကို လှောင်ပြောင်ဟားတိုက်နေသကဲ့ ဖြစ်နေပါတော့တယ်။

သူတို့ရဲ့ တက်ကြွတဲ့ အားမာန်တွေဟာ ကမ္ဘာကြီးကို ပြောင်းလဲစေမယ်ဆိုတဲ့ အားမာန်အပြည့်နဲ့ ဆန္ဒတွေ ဟာ မြုံနေသော အသင်းတော်များနှင့် ယုံကြည်သူတွေအတွက် လှုံ့ဆော်မှုကြီး တစ်ခုပါဘဲ။

ယနေ့ သင်သည် မည်သည့်နေရာမှာ ရှိနေပါသလဲ။ သင်သည် ဧ၀ံဂေလိတရားအားဖြင့် လူများစွာကို ခရစ် တော်၌ ပို့ဆောင်ပြီး ဒုတိယမွေးဖွားခြင်းခံစေရန် ကြိုးစားအားထုပ်ခဲ့သော်လည်း ၀ိညာဉ်ရေးရာပိုင်းတွင် လူများကို မမွေးဖွားနိုင်ဘဲ မြုံနေသကဲ့သို့ ဖြစ်နေပါသလား။ သင့်အသက်တာ အားနည်း ငိုကြွေးစေရန် အများသူငါကို ဘုရားသခင်က အခွင့်ပေးပြီး သင့်ကို အားငယ်စေရန်ပြုလုပ်ကာ သင်ကိုယ်တိုင် အရှုံးပေး ခြင်သော နှလုံးသားမျိုးဖြစ်လာရန် ဘုရားသခင်က ပြုလုပ်ကောင်း ပြုလုပ်ပါလိမ့်မည်။

သင်သည် မည်သည့်နေရာမှာ ရောက်ရှိနေသည်ဖြစ်ပါစေ စိတ်မပျက်ပါနှင့်၊ အားမငယ်ပါနှင့်၊ ဘုရားသခင် က ဟန္န၏ မြုံနေသောဘ၀ (မိမိဘ၀ထဲက ဘာမှမလုပ်နိုင်သောအခြေအနေ)မှ ဘုရားသခင်က လွတ် မြောက်စေသကဲ့သို့ သင့်ကိုလည်း ဘုရားသခင်က ကယ်ဆယ်လွတ်မြောက်စေနိုင်ပါသည်။

၃။အစာရှောင်ဆုတောင်းခြင်း

ဆုတောင်းခြင်းနှင့် အစာရှောင်ခြင်း အဓိပ္ပါယ်

ဆုတောင်းခြင်းနှင့် အစာရှောင်ခြင်းသည် ဆန္ဒအလျှောက် အစာမစားဘဲ ဘုရားသခင်နှင့် မိတ်ဿဟာ ရဖွဲ့ကာ ဆုတောင်းခြင်းအမှုကို အာရုံပြုလုပ်ဆောင်ခြင်းဖြစ်သည်။ ဆုတောင်းခြင်းနှင့်အစာရှောင်ခြင်းကို အဖွဲ့လိုက် အတူတကွ လုပ်ဆောင်လေ့ရှိသော်လည်း အမြဲတစေ ထိုသို့ ပြုလုပ်ခြင်း မရှိကြပါ။ အစာမ ရှောင်ဘဲနှင့်လည်း ဆုတောင်းနိုင်ပါသည်။ အစာရှောင်ပြီး ဆုမတောင်းသူများလည်း ရှိပါသည်။ သို့သော် အကျိုးသက်ရောက်မှု အပြည့်အ၀ ရှိနိုင်ရန် ထိုလုပ်ဆောင်မှု နှစ်ခုစလုံးကို အတူတကွရန်လိုအပ်ပါသည်။ အစာရှောင်ခြင်းနှင့် ဆုတောင်းခြင်း ကို ဆက်ကပ်ပြုလုပ်ရာတွင် ကျွန်တော်တို့၏ ဆန္ဒအတိုင်း ဖြစ်လာရန် ဘုရားသခင်ကို ကြိုးကိုင်ခြင်းမဟုတ်ပါ။ ကျွန်တော်တို့ လိုအပ်နေသော ညဏ်ပညာ၊ ခွန်အားနှင့် ကျွန် တော်တို့၏ လိုအပ်မှုများရရှိနိုင်ရန် ဘုရားသခင်ကို ပိုမိုပြီး အမှီပြုအားထားရန်၊ မိမိအနေဖြင့် ဘုရာသခင် နှင့် ပိုမိုနီးကပ်လာရန် ခွန်အားယူခြင်းသာ ဖြစ်ပါသည်။

အစာရှောင်ခြင်းနဲ့ ပါတ်သတ်ပြီး ကျမ်းစာထဲမှာ ဘာပြောသလဲ

ဓမ္မဟောင်းပညတ်တော်တွင် ကာလတွင် ဆုတောင်းခြင်းနှင့်အစာရှောင်ခြင်းကို အချိန်အခါအလျှောက် အပြစ်ပြေရာ နေ့အဖြစ် လုပ်ဆောင်ကြသည်။ ဤဓလေ့ထုံးစံကို အစာရှောင်ရာနေ့အဖြစ် သိကြပါသည် (ယေရမိ ၃၆း၆)။ မောရှေသည် ဘုရားသခင်ထံမှ ပညတ်တော်ကျမ်းများကို ရယူသည့် အချိန်က သိန တောင်ပေါ်တွင် ရက်ပေါင်း (၄၀) အစာရှောင် ခဲ့ပါ သည် (ထွက်မြောက်ရာ ၃၄း၂၈)။ ရှင်ဘုရင် ယောရှ ဖတ်သည် မောဘလူမျိုးနှင့် အာမောရိလူမျိုးများကို တိုက်ခိုက်ရန် ဣသရေလလူမျိုးများကို အစာရှောင်ရန် ကြေညာ ဖိတ်ခေါ်ခဲ့ပါသည် (၂ချုပ် ၂၀း၃)။ ယောန၏ တရားဟောချက်ကြောင့် နိနေဝေမြို့သားတို့သည် လျော်တေအ၀တ်ကို ၀တ်ကာ အစာရှောင်ခဲ့ကြပါသည်။ (ယောန ၃း၅)။ အစာရှောင်ခြင်းကို သောက ဝေဒနာရှိနေသောအချိန်များနှင့် ပြဿနာများရှိသောအချိန်တွင်လည်း ပြုလုပ်ကြပါသည်။ ဒါဝိတ်သည် ရှောလုနှင့် ယောနသန်တို့ အသတ်ခံရသော အချိန်တွင် အစာရှောင်ခြင်းအမှုပြုခဲ့သည် (၂ရာ ၁း၁၂)။ နေဟမိသည် ယေရုရှလင်မြို့ ကြီး ပျက်စီးနေချိန်တွင် အစာရှောင်ဆုတောင်းခြင်းအမှုပြုခဲ့သည်။ ပါရှားတိုင်ပြည်၏ ရှင်ဘုရင် ဒါရိမင်းကြီးသည် တစ်ညလုံး အစာမစားဘဲ အစာရှောင်က ခြင်္သေ့တွင်း ထဲအချခံရသော ဒံယေလအတွက် ၀မ်းနည်းပူဆွေးမှု ဖြစ်နေခဲ့သည်။

အစာရှောင်ခြင်းကို ဓမ္မသစ်ကျမ်းထဲတွင်လည်း တွေ့ရှိနိုင်ပါသည်။ အန္နသည် ဆုတောင်းခြင်း အစာရှောင် ခြင်းကို ဗိမ္မာန် တော်တွင် အမြဲပြုနေသည်ဟု ဆိုထားပါသည် (လု ၂း၃၇)။ ဗတ္တဇံဆရာ ယောဟန်၏ နောက်လိုက် တပည့်တော်များသည် အစာရှောင်ခြင်းပြုလုပ်ကြသည်။ ယေရှုခရစ်တော်ကိုယ်တိုင် စာတန် ၏ စုံစမ်းဖြားယောင်းမှု ရောက်မလာမီ အစာရှောင်ခြင်း အမှုကို ပြုခဲ့သည် (မဿဲ ၄း၂)။ အန္တိအုတ် အသင်းတော်လည်း အစာရှောင်ခြင်းပြုလုပ်ခဲ့သည် (တမန် ၁၃း၂)။ ရှင်ပေါလုနှင့် ဗာနဗကို သာသနာ ပြုခရီးစဉ်စေလွှတ်ရန်အတွက် အစာရှောင်ခြင်းအမှုကို ပြုလုပ်ခဲ့သည် (တမန် ၁၃း၃)။ တမန်တော်ကြီး ရှင်ပေါလုနှင့် ဗာနဗတို့သည် အသင်တော် ဦးဆောင်သူများကို ရွေးချယ်ခွဲခန့်ပြီး အစာရှောင်ခြင်းအမှုကို ပြုကာ အသင်းတော်ကို ဘုရားသခင်ထံ အပ်နှံခဲ့သည်။ (တမန် ၁၄း၂၃)

 

မည်မျှကြာကြာ အစာရှောင်ကြသနည်း။

မောရှည်သည် သိနာတောင်ပေါ်တွင် ပညတ်တော်ဆယ်ပါး သွားရောက်ယူသည့်အခါ ရက်ပေါင်း လေးဆယ် အစာရှောင်ခဲ့သည်။ (ထွက် ၃၄း၃၈)။ ထို့အတူ သခင်ယေရှုခရစ်တော် စာတန်၏ စုံစမ်း သွေးဆောင်ခြင်း မခံမယူမီ အစာမစားဘဲ ရက်လေးဆယ် နေခဲ့သည် (လုကာ ၄း၂)။ ဒံယေလက အသီးအနှံကိုသာ သုံးဆောင်ကာ ဆယ်ရက်လုံး နှင့် နောက်တစ်နေရာတွင် နှစ်ဆယ်တစ်ရက် ခြိုးခြံ ခြင်းအမှုဖြင့် အစာရှောင်ခဲ့ပါသည်။ အရသာရှိသော အသားများနှင့် အချိုရည် (သို့) စပျစ်ရည်ကို မသုံး ဆောင်ဘဲနေခဲ့သည် (ဒံယေလ ၁၀း၃)။ ထို့ကြောင့် အစာရှောင်ရာတွင် မည်မျှအစာရှောင်ရမည်ဟု ကန့်သတ်ထားခြင်း မရှိပါ။ မိမိတတ်နိုင်သလောက် လုပ်ဆောင်နိုင်ပါသည်။ တစ်ရက်သာ တတ်နိုင်ပါက တစ်ရက်၊ နေ့တစ်ဝက် ခန့်သာ တတ်နိုင်ပါက နေ့တစ်ဝက် အစာရှောင် ဆုတောင်းခြင်းအမှု ပြုလုပ်နိုင် ပါသည်။

အစာရှောင်ခြင်း အမျိုးအစားမည်မျှ ရှိပါသနည်း။

သမ္မာကျမ်းစာအရ အစာရှောင်ဆုတောင်းခြင်း ပုံစံတစ်မျိုးနှင့် တစ်မျိုး ကွဲပြားခြားနားစွာ တွေ့နိုင်ပါသည်။ ၄င်းတို့မှာ

အစာလုံးဝမစားဘဲ နေသည်။ သို့သော် အရည်တစ်မျိုးမျိုး ကိုသုံဆောင်နိုင်သည်။ မဿဲ ၄း၁-၂ နှင့် လုကာ ၄း၂ တို့တွင် ယေရှုခရစ်သည် အစာအဟာရကို သုံးဆောင်တော်မမူ ဟုရေးသား ထားသောကြောင့် အရည်တော့ သောက်သုံးသည်ဟု သုံးသပ်ရပါသည်။

အစာလည်းမစား၊ ရေလည်းမသောက်သော အစာရှောင်ခြင်းမျိုးလည်း ရှိပါသည်။ ဧသတာ ၄း၁၆ နှင့် ဧဇရ ၁၀း၆ တို့တွင် မုန့်ကိုလည်းမစား ရေကိုလည်း မသောက်ဘဲ သုံးရက်တိုင်တိုင် အစာရှောင်သည်ဟု ဖေါ်ပြထားပါသည်။ တမန်တော်ကြီး ရှင်ပေါလုလည်း သုံးရက်တိုင်တိုင် အစာမစား ရေမသောက်ဘဲ နေခဲ့သည် (တမန် ၉း၉)

အရသာ မရှိသော အစားအသောက် အချို့ကို သတ်မှတ်ထားသည့် ရက်အတွင်း မသုံးဆောင် ဘဲ နေခြင်းဖြင့် ဆုတောင်းနိုင်ပါသည်။ အစာစားသုံးသော်လည်း အစာရှောင်ခြင်း အမျိုးအစား တွင် ထည့်သွင်းထားပါသည်။ ကျမ်းစကားအရ ခြိုးခြံခြင်း ပြုသည် ဟုခေါ်ဆိုပါသည် (ဒံယေလ ၁၀း၂)။ ဒံယေလသည် ဤနည်းဖြင့် အစာရှောင် ခြင်းကိုပြုလုပ်ပါသည် (ဒံယေလ ၁း၁၅၊ ၁၀း၂-၃)

ဆုတောင်းခြင်း အစာရှောင်ခြင်းနဲ့ပါတ်သတ်ပြီး လိုအပ်ချက် (သို့) တိုက်တွန်းချက်

နှုတ်ခပတ်တော်တွင် ဆုတောင်းခြင်းအစာရှောင်ခြင်းအမှု ပြုလုပ်ရန် အတင်းအကျပ် အမိန့်ပေးထားခြင်း မရှိပါ။ တစ်ချိန် တည်းမှာပင် ဆုတောင်းခြင်းနှင့်အစာရှောင်ခြင်းကိုလည်း ကျမ်းစာထဲတွင် အသေအချာ ပင် တွေ့ရှိနိုင်ပါသည်။ ထို့ကြောင့် အခါအားလျှော်စွာ လုပ်ဆောင်သင့်သည်ဟု တိုက်တွန်းလိုပါသည်။ အစာရှောင်သည် ဆိုရာတွင် အစာမစားဘဲနေခြင်းကို ဦးစားပေးခြင်းအားဖြင့် စစ်မှန်သောအစာရှောင်ခြင်း မှ ဝေးကွာသွားပေလိမ့်မည်။ ခရစ်ယာန်များ၏ အစာရှောင်သော ရည်ရွယ်ချက်သည် မိမိ၏ အာရုံအတွေး ထဲမှာရှိသော ရရှိလိုသည့် လောကအရာများကို ဦးစားပေးခြင်းမဟုတ်ဘဲ ဘုရား သခင် ပေါ်တွင်သာ အာရုံပြုထားရန် ဖြစ်သင့်ပေသည်။ အစာရှောင်ရာတွင် အမြဲတမ်း အချိန်ကို ကြိုတင်သတ်မှတ် ထားရ မည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အစာမစားသည့်အချိန်ကို ခံနိုင်ရန်ပေါ်တွင်မူတည်၍ တိုး၍ တိုး၍ သတ်မှတ်ခြင်း ဖြင့် ခန္ဓာကိုယ်၏ ခံနိုင်ရည်ကို ပျက်စီးသွားစေနိုင်သောကြောင့် ဖြစ်သည်။ အစာရှောင် ခြင်းသည် မိမိ၏ ကိုယ်ခန္ဓာကို အပြစ်ပေးသည့် စနစ်လုပ်ဆောင်ချက် တစ်ခုမဟုတ်ပါ။ အလားတူ အစာ ရှောင်ခြင်းသည် ခန္ဓာအတွက် တစ်စုံတစ်ရာ အကျိုးသက်ရောက်မှု ရှိစေရန် မလုပ်ဆောင်ရပါ (ဥပမာ – ၀သောသူများ ပိန်စေရန် လုပ်ဆောင်မှု)။ အဓိကအားဖြင့် ကျွန်တော်တို့၏ အစာရှောင်ခြင်း ရည်ရွယ် ချက်သည်။ ဘုရားသခင်နှင့် ပိုမိုနီးကပ်ရန်နှင့် ပိုမို မိတ်ဿဟာရ ပြုလုပ်ရန်ဖြစ်သည်။

သမ္မာကျမ်းစာနှင့်ညီသော အစာရှောင်ဆုတောင်းခြင်းဖြစ်စေရန် မိမိလိုချင် (သို့)လိုအပ်သော လောကအ ရာများကို အာရုံမှ ဖယ်ရှားရာတွင် ခရစ်တော်ကို ဗဟိုပြုကာ အာရုံစိုက်ရမည်ဖြစ်ပါသည်။ အောက်ပါကျမ်း ပိုဒ်ထဲတွင်

“သင်တို့သည် အစာရှောင်ခြင်းအကျင့်ကို ကျင့်သောအခါ ဟန်ဆောင်တတ် သောသူတို့ နည်းတူ မျက်နှာ ညှိး ငယ်ခြင်း မရှိကြနှင့်။ ထိုသူတို့သည် မိမိ တို့အစာရှောင်သည်ကို လူများတို့ ထင်ရှားစေခြင်းငှါ၊ မိမိတို့ မျက်နှာကို ဖျက်တတ်ကြ၏။ ငါအမှန်အကန်ဆိုသည်ကား သူတို့သည် မိမိတို့ အကျိုးကို ခံရကြ၏။ သင်သည် အစာရှောင် သောအခါ အစာရှောင်သည်ကို လူများ တို့ရှေ့မှာ မထင်ရှားစေဘဲ၊ မထင်ရှားသောအရပ်၌ ရှိတော်မူသော သင်တို့ အဘ ရှေ့တော်၌သာ ထင်ရှားစေခြင်းငှါ၊ ခေါင်းကို လိမ်းကျံလော့။ မျက်နှာ ကိုလည်း သစ်လော။ မထင်ရှားသော အရာကို မြင်တော်မူသော သင်တို့ အဘသည် အကျိုးကို ထင်ရှားစွာပေးတောမူလတံ့။” (မဿဲ ၆း၁၆-၁၈)

ဆုတောင်းခြင်း အစာရှောင်ခြင်းဖြင့် ဘာတွေကို ဖြစ်စေမလဲ။

အစာရှောင်ခြင်းနှင့် ဆုတောင်းခြင်း ပြုလုပ်သမျှအချိန်တိုင်း အစာရှောင်ဆုတောင်သူ၏ အလိုဆန္ဒ တောင့်တချက်များ အလိုလို ပြည့်စုံသွားရမည်၊ သေချာပေါက် အကျိုးသက်ရောက်မှုများ ရှိစေရမည် ဆိုသည်မှာ မဖြစ်နိုင်ပါ။ အစာရှောင် ဆုတောင်သည်ဖြစ်စေ၊ အစာမရှောင်ဘဲ ဆုတောင်းသည်ဖြစ်စေ အလိုတော်နှင့်ညီသော တောင်းလျှောက်ချက်များကို တောင်းလျှောက်လျှင် အဖြေပေးမည်ဟု ဂတိပြု ထားပါသည်။

ငါတို့သည် ဘုရားသခင်ထံတော်၌ ရဲရင့်ခြင်းအကြောင်းဟူမူကား ငါတို့သည် အလိုတော်နှင့် အညီ တစ်စုံတစ် ခုသော ဆုကို တောင်းလျှင် ဘုရားသခင် သည် နားထောင်တော်မူ၏။ ဆုတောင်းသမျှသော စကားတို့ကို နားထောင် တော်မူသည်ကို ငါတို့သိလျှင် အထံတော်၌ တောင်သောဆုတို့ကို ရမည်ဟု သိရကြ၏။ (၁ယော ၅း၁၄-၁၅)

သင်အစာရှောင် ဆုတောင်ရာတွင် တောင်းသောအရာများသည် ဘုရားသခင်၏ အလိုတော်နှင့် ညီ (သို့) မညီ ကို မည်သို့ သိနိုင်ပါမည်နည်း။ သင်သည် အစာရှောင်ဆုတောင်ရာတွင် ဘုရားသခင်ကို ရိုသေလေး မြတ်မှုနှင့် ဘုန်တော်ထင်ရှားရန် ပြုလုပ်နေပါသလား။ ဘုရားသခင်၏ အလိုတော်ကို သင့်အတွက် ကျမ်းစာက အမှန်တကယ် ဖွင့်ပြပါသလား။ ကျွန်တော်တို့ ဘ၀အတွက် ဘုရားသခင် အလိုတော်ရှိသော အရာ (သို့) အလိုတော်မရှိသောအရာတို့ကို ကျွန်တော်တို့ ဆုတောင်းခဲ့ပါက အစာရှောင်သည်ဖြစ်စေ မရှောင်သည်ဖြစ်စေ ဘုရားသခင်က ပေးမည်မဟုတ် ဟုဆိုလျှင် ဘုရားသခင်၏ အလိုတော်ကို မည်ကဲ့သို့ သိနိုင်ပါမည်နည်း။

အထက်ပါမေးခွန်းများအတွက် ဘုရားသခင်က ညဏ်ပညာကို တောင်းခံလျှင် ပေးမည်ဟု ကတိပြုထား ပါသည်။ ရှင်ယာကုတ် ကျမ်းတွင်

သင်တို့တွင် တစ်စုံတစ်ယောက်သောသူသည် ပညာကိုလိုလျှင် ကဲ့ရဲ့ပြစ် တင်ခြင်းကို ပြုတော်မမူဘဲ ခပ်သ်ိမ်းသောသူတို့အား စေတနာစိတ်နှင့် ပေးသနားတော်မူသော ဘုရားသခင်ကို တောင်းစေ။ တောင်းလျှင်ရ လိမ့်မည်။ (ယာကုတ် ၁း၅)

၄။ပဉ္စမမြောက် ဧဝံဂေလိသတင်းကောင်း ( ၂၀၁၁ )

ငါ့စကားကို နားမထောင်ဘဲလျက် ငါ့ကို သခင်၊ သခင်ဟု အဘယ်ကြောင့်ခေါ်ကြသနည်း။ (လုကာ ၆း၄၆)

“တပည်တော်”ဟူသော စကားလုံသည် ယုံကြည်သူ ခရစ်ယာန်များအားလုံးနှင့် မသတ်ဆိုင်ပါ။ ခရစ်တော်၏ ခြေရာအတိုင်း လိုက်လျှောက်သူ၊ ခရစ်တော်ကို အရှင်သခင်အဖြစ် အုပ်စိုးခြင်းခံသူ၊ ခရစ်တော်၏ အစေခံအဖြစ် မိမိကိုယ်ကို မိမိ သတ်မှတ်ကာ အစေခံလုပ်ကျွေးသူကိုသာ “တပည့်တော်”ဟူ၍ ခေါ်ပါသည်။ တနည်းအားဖြင့် ချစ်ခြင်း၊ ချီးမွမ်းခြင်း၊ ဆက်ကပ်ခြင်းအသက်တာနှင့် အသက်ရှင်သောသူကို သာ ရည်ညွှန်းခေါ်ဆိုနိုင်ပါသည်။

ကျမ်းစာအုပ်ထဲတွင် ယေရှုခရစ်တော်ကို အရှင်သခင်အဖြစ်ဖေါ်ပြထားရာ အဓိပ္ပါယ်မှာ အမြင့်ဆုံးသော အချုပ်အခြာ အာဏာ၊ အရာခပ်သိမ်း၏ အထွတ်အမြတ်၊ ဖန်ဆင်းသမျှ အရာအားလုံး၏ ပိုင်ရှင်ဟု ဆိုလိုပါသည်။

ယနေ့ခေတ်တွင် ယေရှုခရစ်တော်ကို အရှင်သခင်အဖြစ်ခေါ်ရန် အခက်အခဲမရှိကြပါ။ သို့သော် ယေရှုခရစ်တော်အသက်ရှင်စဉ်အခါက ယေရှုခရစ်တော်ကို အရှင်သခင်အဖြစ် သတ်မှတ်ခေါ်ဆိုပါလျှင် အသက်ပေးရသည်အထိ အဖိုးအခ ပေးရကြသည်။ အရှင်သခင်ကို ဂရိဘာသာစကားအားဖြင့် (Kurios) ဟုခေါ်ကာ သာမန်ကျွန်ပိုင်ရှင်များအတွက် စာလုံးအသေးဖြင့် (lord) ဟုခေါ်ဆိုပြီး ရှင်ဘုရင် ဆီဇာကိုမူကား စာလုံးအကြီး (Capital letter) ဖြင့် (Lord) ဟုခေါ်ဆိုရပါသည်။

လမ်းလျှောက်သည့်အခါ စစ်သားများနှင့်တွေ့လျှင် “ဆီဇာသည် အရှင်သခင်ဖြစ်သည်”ဟု ဆိုလျှင် တဖတ်က “ဟုတ်ပါသည်။ ဆီဇာသည်သာလျှင် အရှင်သခင်ဖြစ်သည်”ဟု ၀န်ခံပြောဆိုရပါသည်။ သာမန်လူများအတွက် အခက်အခဲ မရှိသော်လည်း ခရစ်ယာန်များအတွက်မူကား ပြဿနာကြီး တစ်ရပ်ဖြစ်ခဲ့သည်။ စစ်သားများက “ဆီဇာသည် ရှင်ဘုရင်ဖြစ်သည်”ဟု နှုတ်ဆက် ပြောဆိုလျှင် ခရစ်ယာန်များက “မဟုတ်ပါ။ သခင်ယေရှုခရစ်တော်သည်သာလျှင် အရှင်သခင်ဖြစ်သည်” ဟု ပြန်လည်ပြောဆို ကြသောအခါ အသက်ဘေး အန္တရယ်ကြုံတွေ့ရလေတော့သည်။ ဤမျှလောက် ဖော်ပြရေးသားသည်နှင့်ပင် ရှေးယခင်အခါက ယေရှုခရစ်တော်ကို အရှင်သခင်အဖြစ် လက်ခံယုံကြည် ၀န်ခံမိလျှင် အသက်အန္တရယ်ရှိကြောင်း သဘောပေါက်လောက်ပြီ ဟု ယုံကြည်မိပါသည်။

သမ္မာကျမ်းစာပါ ဧ၀ံဂေလိတရားသည် နိုင်ငံတော်နှင့်ယှဉ်သော သတင်းကောင်းဖြစ်သည်။ အလားတူပင် ထိုသတင်းကောင်းသည် ယေရှုကိုယ်တော်မြတ်ကို အရှင်သခင်၊ အချုပ်အခြာအာဏာပိုင်စိုးသူ၊ အဖြစ်ရည်ညွှန်းပြောဆိုထားသည်။ ယေရှုကိုယ်တော်သည် အရာခပ်သိမ်း၏ အချုပ်အခြာ အာဏာပိုင်ဖြစ်သည်။

သို့သော် ယနေ့ ဧ၀ံဂေလိဟောပြောသူများက “ယေရှုခရစ်တော်ကို မြည်းစမ်းကြည့်ပါ။ သူ့ကိုယုံကြည်ပြီး ဆုတောင်းရင် သင်တောင်းတဲ့အတိုင်းပေးလိမ့်မယ်။ ကျန်မာလာမယ်။ အောင်မြင်လာမယ်… “အစရှိသဖြင့်ဟောပြောသံကို ကြားဘူးပါသည်။ အတိအလင်းဆိုရလျှင် မိမိကိုယ်ကျိုးစီးပွားကို ဦးစားပေးကာ ယေရှုကို ယုံကြည်လက်ခံ ကိုးကွယ်နေကြသည်။ ဆုတောင်းသမျှ သည်လည်း အမှုတော်အတွက် လုံးဝမပါဘဲ မိမိကောင်းစားရေးကိုသာ နာမတော်ကို အမှီပြုပြီး ဦးစားပေး ဆုတောင်းနေကြသည်။ မှားယွင်သော နှလုံးသားများဖြင့် ဆုတောင်းနေကြသည်။

ထိုသို့လုပ်ဆောင် ဟောပြောမှုများမှာ မှားသည်ဟု မဆိုလိုချင်သော်လည်း ယုံကြည်သူများအတွက် မှားယွင်သော နှလုံးသားကို ဖြစ်စေသည်။ ကျွန်တော်တို့လုပ်ဆောင်သမျှသည် ဘုရားသခင်၏ အလိုတော်၊ ယေရှုသခင်၏ အမှုတော်လုပ်ငန်းများကို ဦးတည်ရမည်ဖြစ်သည်။

ကိုယ်တော်မြတ်ကို ယုံကြည်လက်ခံရာတွင် ထိုသခင်၌ ရှိသောအရာအားလုံးကို ယုံကြည်လက်ခံရမည်ဖြစ်သည်။ ထိုသခင်ကို ယုံကြည်လက်ခံသည့်အခါ ထိုသခင်သည် ကျွန်တော်တို့အတွက် ကယ်တင်ရှင်နှင့်အနာရောဂါကို ငြိမ်းစေသောအရှင်ဖြစ်သည်ကား မှန်ပေ၏။ ထိုသခင်၏ နာမ၌ ဆုတောင်းနိုင်သည်ကား မှန်ပေ၏။ သို့သော် ယေရှုခရစ်တော်ကို အပိုင်းပိုင်းဖြတ်ပြီး မိမိလိုချင်သည့် အပိုင်းလောက်ကိုသာ ရွှေးယူရန်အတွက်တော့ မဖြစ်နိုင်ချေ။

ကျမ်းစာတွင် ရှင်မဿဲ၊ ရှင်မာကု၊ ရှင်လုကာ နှင့် ရှင်ယောဟန်ဟူသော ဧ၀ံဂေလိကျမ်း (၄)ကျမ်းရှိပါသည်။ ထိုကျမ်းလေးကျမ်းတွင် ရှိသော ခရစ်တော်၏ အသက်တာနှင့် ကယ်တင်ခြင်း သတင်းကောင်းကို အပြည့်အ၀ ခံယူလိုက်လျှောက်သောသူ ဖြစ်ရန် အရေးကြီးပါသည်။ ထိုယုံကြည်သူများကို တပည့်တော်စစ်များဟု ခေါ်ဆိုသတ်မှတ်နိုင်ပါသည်။ သို့သော် ယနေ့ယုံကြည်သူများသည် ထိုဧ၀ံဂေလိ ကျမ်း (၄)ထဲမှ မိမိကြိုက်နှစ်သက်သော အပိုင်းများကိုသာ ထုပ်နုတ်ပြီး ခံယူကြသည် မကြိုက်မနှစ်သက်သော အပိုင်းများကိုမူကား ချန်လှပ်၍ထားကြသည်။

ပဉ္စမမြောက် ဧ၀ံဂေလိသတင်းစကားဆိုသည်မှာ ဧ၀ံဂေလိကို ဦးစားပေးသော ခရစ်ယာန်များက မူရင်း ခရစ်ဝင်ကျမ်း လေးကျမ်းအနက်မှ မိမိတို့ ကြိုက်နှစ်သက်သောအပိုင်းများကို စုစည်းကာ ထုပ်နုတ်ကာ ပြုစုထားသော ကျမ်းဖြစ်ပါသည်။ အပြစ်၊ နောင်တ၊ ယုံကြည် စသည့် စကားလုံးများကို ဖယ်ရှားကာ မိမိတို့ ကြိုက်နှစ်သက်သော စကားလုံးများဖြင့် သမ္မာတရားဟု အမည်တပ်ကာ ၄င်းတို့၏ မူပိုင် ဧ၀ံဂေလိတရားအဖြစ် ဟောပြောဝေငှကြသည်။

 

ပေတရုပြောသော ဧ၀ံဂေလိတရားကို လေ့လာကြည့်ကြပါစို့။

ထိုကြောင့် သင်တို့သည် လက်ဝါးကပ်တိုင်မှာ ကွပ်မျက်တော်မူသော ယေရှုကို ဘုရားသခင်သည် ခရစ်တော်အရာ၌လည်းကောင်း၊ အစိုးရတော်မူသော အရှင်အရာ၌လည်းကောင်း ခန့်ထားတော်မူသည်ကို သိမှတ်ကြလော့။ (တမန်တော် ၂း၂၆)

အလားတူ ရှင်ပေါလုပြောသော ဧ၀ံဂေလိသတင်းစကားကိုလည်း ကြည့်ပါဦး။

အဘယ်သို့နည်းဟစူမူကား သင်သည် သခင်ယေရှုကို နှုတ်ဖြင့် ၀န်ခံ၍ ဘုရားသခင်သည် သူကို သေခြင်းမှ ထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။ (ရောမ ၁၀း၉)

သည်လောက်ဆိုလျှင် ကျွန်တော်တင်ပြလိုသော ပဉ္စမမြောက် ဧ၀ံဂေလိသတင်းစကား အကြောင်းကို သင်ရိပ်မိ သိရှိပြီ ဟု ယူဆမိပါသည်။ ပိုမိုထင်ရှားစေရန် ထပ်မံတင်ပြလိုပါသေးသည်။ လုကာကျမ်းတွင် “သိုးစုငယ် သင်တို့သည် မကြောက်ကြနှင့်။ သင်တို့အဘသည် သင်တို့အား နိုင်ငံကို ပေးခြင်းငှာ အလိုရှိတော်မူ၏။” (လုကာ ၁၂း၃၂)။ ထိုကျမ်းပိုဒ်ကို ကျွန်တော်တင်သာမက လူတိုင်းကြိုက်ပါလိမ့်မည်။ ကျွန်တော်ကိုယ်တိုင်ပင် ထိုကျမ်းချက်ဖြင့် အကြိမ်ပေါင်းမြောက်များစွာ တရားဟောဘူးသည်။ သို့သော် ထိုကျမ်းချက်၏ နောက်တွင် ကပ်လျှက်ပါလာသော ကျမ်းပိုဒ်မှာ “သင်တို့ ဥစ္စာများကို ရောင်း၍ ဆင်းရဲသားတို့အား စွန့်ကြဲကြလော့။” (လုကာ ၁၂း၃၃)။ ထိုကျမ်းချက်နှင့် ပတ်သတ်ပြီး ခွန်းအားရသောသူ မရှိသလောက်နည်းပါနေပြီး တရားဟောဆရာများကလည်း လစ်လျှူရှုထားကြသည်။ အဘယ်ကြောင့် ဆိုသော် မိမိတို့ မခံယူနိုင်သော အပိုင်းဖြစ်နေသောကြောင့်တည်း။ ထိုအပိုင်းကိုမူကား ကျွန်တော်တို့ ကြိုက်နှစ်သက်သော ပဉ္စမြောက် ဧ၀ံဂေလိကျမ်းတွင် ထည့်မထားသောကြောင့် ထိုကျမ်းပိုဒ်ကို မည်သူကမျှ ဟောပြောသွန်သင်ကြခြင်း ခွန်အားယူကြခြင်တို့ မရှိကြချေ။

ထို့ကြောင့် ကျွန်တော်တို့သည် သမ္မာတရား တ၀က်လောက်ကိုသာ လက်ခံထားကြသူများဖြစ်ကြသည်။ ထို့ကြောင့် ယေရှုခရစ်ကို ကယ်တင်ရှင်အဖြစ်သာ လက်ခံကြပြီး အရှင်သခင် အဖြစ် ယုံကြည်လက်ခံရန်မူကား နှောင့်နှေးနေကြသည်။

ယေရှုသည် သူ့အသက်ကို မသတ်ရန် ဟောပြောသွန်သင်ထားပါသည်။

ယေရှုသည် ကိုယ်နှင့် စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်ရန် သွန်သင်ထားပါသည်။

ယေရှုက ဥစ္စာပစ္စည်းများကို ရောင်း၍ ဆင်းရဲသူများကို ပေးကမ်းရန်သွန်သင်ထားပါသည်။

အထက်ပါ ဟောပြောသွန်သင်ချက်များကို လည်း အမှန်တကယ်လိုက်လျှောက်အသက်ရှင်ရန် သွန်သင်ထားပါသည်။ ပဉ္စမမြောက် ဧ၀ံဂေလိသတင်းစကားများသည် လူတို့၏ အကြိုက်များသာ ဖြစ်နေကြသည်မှာ ထူးခြားဆန်းကြယ်လှပါသည်။

မိတ်ဆွေ သင်လည်း သမ္မာကျမ်းစာမှ ကျမ်းချက်များကို မခံယူနိုင်၊ မလိုက်လျှောက်နိုင်သော အပိုင်းများရှိလျှင် မခံယူဘဲ နေနိုင်ပါသည်။ မကြိုက်သောအရာများကို ငြင်းပယ်နိုင်ခွင့်ရှိပါသည်။ သို့သော် သင်ကြိုက်သော အရာများကိုသာ ယူထားသဖြင့် နိုင်ငံတော်နှင့် ယှဉ်သော ၀မ်းမြောက်ဘွယ် သတင်းကောင်းတော့ မဖြစ်နိုင်ပါ။

Juan Carlos Ortiz ၏ Disciple စာအုပ်မှ ပထမဦးဆုံးအခန်းဖြစ်သော (The fifth gospel) မှ အချို့အပိုဒ်များကိုယူကာ ဆီလျော်သလို ထုပ်နှုတ်ဘာသာပြန်ဆိုပါသည်။

၅။ဘုရားသခင်ကြီးမြတ်ခြင်းကိုဖော်ပြခဲ့သော ဟေရှာယ

ဟေရှာယ ၄၀း၁-၁၁၊ ၂၉-၃၁

အထက်ဖော်ပြပါ ကျမ်းချက်ဟာ ဘုရားသခင်နဲ့ သူရဲ့ ကျေးဇူးတော်တွေကို ပိုမိုပြတ်သားစွာ တွေ့နိုင်သောကြောင့် ဒီကျမ်းချက်ကို ဖတ်လိုက်တိုင်း ၀မ်းမြောက်ခြင်းကို ခံစားရပါတယ်။ ဒါဟာလဣသရေလ လူမျိုးတွေ ရဲ့ယုံကြည်အားကိုးမှုမရှိတဲ့ မျက်နှာပြင်တွေပေါ်မှာ ဘုရား သခင်ရဲ့ ယုံကြည်အားကိုထိုက်တဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။ အတ္တဆန်မှုနဲ့ သစ္စာမဲ့တဲ့ ဣသရေလလူမျိုးတွေရဲ့ မလိုမုန်းတီးမှုတွေထဲမှာ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာတွေ ပြသနေ ပါတယ်။ ဒီကျမ်းပိုဒ်ကို ဖတ်ရတဲ့အခါ ဘုရားသခင်ကို မှီခိုလိုတဲ့ အခြေအနေ တစ်စုံတစ်ရာကို တွန်းပို့နေသလို ခံစားရပါတယ်။

 

အခြေအနေကို စပ်ဆက် စဉ်စားကြည့်ခြင်း

ယုဒလူမျိုးတွေဟာ ဘုရားသခင်ကို အသိအမှတ်မပြုဘဲ ပစ်ပစ်ခါခါ ငြင်းပယ်ခဲ့ပြီး သူ့ရဲ့ ကျေးဇူးတော်တွေကိုလည်း မျက်ကွယ်ပြုခဲ့ပါတယ်။ ယုဒ လူမျိုးတွေဟာ ဘုရားသခင်က လွဲပြီး အကူအညီရနိုင်မည့်နေရာတွေကို ကြည့်ရှုခဲ့ပါတယ်။ ဒါတောင်မှ ဘုရားသခင်က ကူညီခဲ့တဲ့ ဇတ်လမ်း အဖြစ်အပျက်လေး ရှိနေပါတယ်။ ဣသရေလတိုင်ပြည်ရဲ့ မြောက်ဘက်ခြမ်းဟာ အာရှုရိတွေရဲ့ လက်အောက်ကို ကျရောက်သွား ခဲ့ပါတယ်။ အဲဒီ အချိန်မှာ ယုဒပြည်ကိုလည်း ထပ်မံ ခြိမ်းခြောက်ခဲ့ပါတယ်။ ဒါပေမဲ့ ဟေရှာယ ၂၂ မှာ ဖေါ်ပြထားသကဲ့သို့ ယုဒတိုင်းပြည် ဟာ အဲဒီ ညှင်းပန်းနှိပ်စက်တဲ့ လူတွေရဲ့ လက်ထဲကနေ ဘုရားသခင်က ကယ်နှုတ်ခဲ့ပါတယ်။ ဟေရှာယကျမ်းမှာ အခန်းကြီး ၁ မှစပြီး အခန်းကြီး ၃၉ အထိကြည့်ရင် ဘုရားသခင်က ယုဒလူမျိုးတွေကို အကြိမ်ကြိမ်ကယ်နှုတ်ခဲ့တဲ့အကြောင်း ရှင်းရှင်း လင်းလင်း တွေ့ရ မှာ ဖြစ်ပေမဲ့ ယုဒတွေကတော့ ဘယ်တော့မှ ကျေးဇူးတင်တယ် ဆိုတာ မရှိပါဘူး။ ယုဒလူမျိုးတွေ မှာ ဘယ်တော့မှ အောက်ကြို့ တယ်၊ နှိမ့်ချတယ်ဆိုတာ မရှိပါဘူး။ ဒါကြောင့် ဘုရားသခင်က သူတို့ အပြုအမူကို အလွန်ဘဲ ရွံရှာ မုန်းတီးသွားပါတော့တယ်။

မည်မျှပင် ဘုရားသခင်က ဣသရေလကို အဘက်ဘက်က ထောက်ခံအားပေးနေလင့်ကစား ရှင်ဘုရင် ဟေဇကိကတော့ အာရှုရိတွေ ကို ကြောက်ရွံ့နေဆဲပင်။ ဒီနေရာမှာ ဟေရှာယ အခန်းကြီး ၃၉ တွင် ဗာဗုလုန် ရှင်ဘုရင်၏ စေတမန်များကို သဘောကျနှစ်ခြိုက်စေ ဘို့ နိုင်ငံပိုင် ဥစ္စာပစ္စည်းများကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပြသခဲ့တဲ့အကြောင်း ဖတ်ရပါတယ်။ ဒါဟာ ဘာနဲ့ တူသလဲဆိုရင် ဟေဇကိဘုရင်က ဗာဗုလုန်နဲ့လက်တွဲပြီး အနာဂတ်တွင် ကျရောက်နိုင် သည့် အာရှုရိနိုင်ငံ၏ မည်သည့် ညှင်းပန်းနှိပ်စက်မှုမျိုးမဆို တော်လှန်ဖယ်ရှား သွားမယ်လို့ ဆိုလို လိုက်တာဘဲဖြစ်ပါတယ်။ ထို့နောက် ဟေရှာယ ရောက်လာပြီး ထိုသူတွေဟာ ဘယ်တိုင်းပြည် ကလဲ၊ ဘာတွေ လိုချင်လို့ ရောက်လာတာလဲ အစရှိသဖြင့် မေးမြန်းပါတယ်။ အဲဒီအခါမှာ ဟေဇကိက အနည်းငယ် စိတ်မသက်မသာဖြစ်သွားပြီး သူတို့ဟာ ဗာဗုလုန် တိုင်းပြည်က လာတဲ့အကြောင်းနဲ့ သူတို့ အားလုံးကိုမြင်တွေ့ခဲ့ပြီး ဖြစ်ကြောင်း ပြောပြလိုက်ပါတယ်။

ဟရှာယက ဘုရားသခင်ထံက ရရှိတဲ့ နှုတ်ခပတ်တော်ကို ပြန်ပြောပြလိုက်တာကတော့ မင်းကြီးနဲ့တကွ အရှင်မင်းကြီးရဲ့ ထီးနန်းနဲ့ ဥစ္စာပစ္စည်းတွေ အားလုံး ဗာဗုလုန်သို့ သိမ်းယူခြင်း ခံရလိမ့်မယ်။ သားစဉ်မြေးဆက်လည်း အဲဒီ ဗာဗုလုန်ရဲ့ ထိမ်းသိမ်းမှု ခံရမယ်လို့ ပြော လိုက်ပါ တယ်။ ဒါပေမဲ့ ဟေဇကိက ယုံကြည်မှုမရှိဘဲ သူအတွက် အားလုံး ကောင်းမွန်တဲ့ အနေအထား အခြေအနေ ရှိတဲ့အကြောင်း ပြန် လည်ပြောဆိုခဲ့ပါတယ် (ဟေရှာ ၃၉း၈)။ ဗာဗုလုန်ကတော့ ဣသရေလရဲ့ ကြွယ်ဝချမ်းသာမှုကို ကြည့်ပြီး ဣသရေလ တိုင်းပြည်ဟာ လွယ်ကူတဲ့ သား ကောင်လို ဖြစ်နေတာကြောင့် သူ့ကို သိမ်းပိုက်လိုက်တာနဲ့ သူတို့ဟာ အလိုအလျှောက် ချမ်းသာကြွယ်ဝလာမယ်ဆိုတာ ဗာဗုလုန်ဟာ ခံစား သိမြင်လိုက်ပါတော့တယ်။

ပြဿနာ

ဟေရှာယကျမ်း အခန်းကြီး ၄၀ မှ ၆၆ အထိအပိုင်းတွင် သူ့ကျွန်ဘ၀မှ လွတ်မြောက်ခါနီး အခြေအနေကို ဖော်ပြထားတာကို ဖတ်ရပါတယ်။ ယခု ဣသရေလ၏ စိတ်နှလုံးသားထဲမှာ ဖြစ်ပေါ်နေတဲ့ မေးခွန်းတခု ရှိပါတယ်။ ဘုရားသခင်ကို အစဉ်မပြက် ဆန့်ကျင်ခဲ့သူ၊ ဘုရားသခင် ရဲ့ အကူအညီနဲ့ လမ်းပြမှုတွေကို ပစ်ပစ်ခါခါငြင်းပယ်ခဲ့တဲ့သူတွေကို ဘုရားသခင် ဘယ်လိုသဘောထား သလဲဆိုတဲ့ မေးခွန်းပါဘဲ။ တကယ်တော့ ကျွန်တော်တို့လည်း အဲဒီ လူတွေလိုပါဘဲ။ သင်ဘယ်လို ထင်ပါသလဲ။ ဘုရားသခင်ဟာ ကျွန်တော်တို့ကို ကယ်တင်ခြင် သေး ရဲ့လား။ နောက်ပိုင်းမှာတော့ ဣသရေသ လူမျိုးတွေဟာ ကမ္ဘာအရပ်ရပ်သို့ ကွဲလွင့်သွား တဲ့အခါမှာ ဘုရားသခင်ဟာ သူ့လူမျိုးကို ကျော ခိုင်းလိုက်ပြီလား၊ သူရဲ့ပဋိညာဉ်တွေကို မေ့ပစ် လိုက်ပြီလား ဆိုပြီး တွေးမိပါတယ်။ ဒီအခြေအနေကို ခံစားနေရတဲ့ ဣသရေလ အမျိုး သား တွေအတွက် ဘုရားသခင်ဟာ အနန္တ တန်ခိုးရှင် မဟုတ်ဘူးပေါ့။ သမိုင်းထဲမှာ ကျွန်တော်တို့ သိနားလည်ခဲ့တဲ့ ဘုရားမျိုး မဟုတ်ဘူးပေါ့။

ဟေရှာယ၏ တုန့်ပြန်မှု

ပရောဖတ်တို့၏ ဓလေ့ထုံးစံ သဘောသဘာဝအတိုင်း ဘုရာံးသခင်ကို တရားမဲ့ပြောဆိုနေတဲ့ အသံများဟာ ဟေရှာယရဲ့ ဦးခေါင်းမှာ လာရောက်ရိုက်ခတ်ပါတော့တယ်။ အမိုက်ကစပြဒ်ဿမီးလောင် မဖြစ်ရလေအောင် ဟေရှာယ ပြန်လည်ချေပလိုက်တဲ့ နှုတ်ခပတ်စကား ကတော့ ဟေရှာယ ၄၀း၁၂-၂၆ တွင် ဘုရားသခင်သည် ဤလောက စင်္ကြ၀ဠာကြီးကို အစိုးပိုင်သော ဘုရားဖြစ်သည့် အကြောင်းပင်တည်း။ ဘုရားသခင်နှင့် တူညီသော ဘုရားမရှိ။ ဂီတပညာရှင်တဦးမှ တူရိယာတခုကို မြင့်လွန်းသော အသံနှင့် စူရှစွာ အော်မြည်သကဲ့သို့ ဘုရားသခင်နှင့် ပတ်သတ်ပြီ ဟေရှာယ တင်ပြလိုက်သည့် အရာသည်ကား ဘုရားသခင်၏ ကြီးမြတ်သည့် အကြောင်းပင်တည်း။

ဘုရားသခင်၏ ကြီးမြတ်ခြင်း

ဘုရားသခင်သည် အလွန်ကြီးမားပါတယ်။ နိုင်ငံတွေဟာ ခြင်းထဲမှာ ဆွဲထည့်လိုက်သလိုပါဘဲ။ လူတွေဟာ မြေမှုန့်ကလေးလောက်ဘဲ ရှိပါတယ်။ စိတ်ကူးယဉ်ကြည့်ပါ။ တရုပ်၊ အန္ဒိယ နဲ့ အမေရိကန် ပေါင်းလိုက်ရင် လူဦးရေ ၃ ဘီလီယံလောက်ရှိပါတယ်။ ဒီလူတွေလည်း ဘုရားသခင်ရှေ့ရောက်ရင် မြေမှုန့်ကလေးလောက်ပါဘဲ။

ဘုရားသခင်ကို စိတ်ကူးနဲ့ တွေးကြည့်လို့တောင် သိနိုင်တာမဟုတ်ပါ။ ထာဝရဘုရား၏ စိတ်ဝိညာဉ်ကို အဘယ်သူ စစ်ကြောသနည်း။ ထာဝရဘုရားနှင့် တိုင်ပင်၍ အဘယ်သူသည် အကြံပေးသနည်း (ဟေရှာ ၄၀း၁၃)။ ထာဝရဘုရာမှာ အကြံပေးမလိုအပ်ပါ။ ဘုရားသခင်ကို မည်သည့်ထည့်စရာတခုခုနှင့်မျှ ထည့်လို့မရနိုင်ပါ။ ဟေရှာယက ဆက်လက်ပြောဆိုရာမှာ “ဘုရားသခင်ကို အဘယ်သို့ ပုံပြရအံ့နည်း။” လူတွေမှာ ဘုရားသခင်ကို သိနိုင်ဘို့ ခပ်ရေးရေး လေးတောင် မဖြစ်နိုင်ပါဘူး။ ဘုရားသခင်ဟာ ဖန်ဆင်းရှင်ဖြစ်တယ်။ အရာခပ်သိမ်းကို သိနိုင် တယ်။ သူ မစွမ်းဆောင်နိုင်တဲ့အရာဆိုတာ မရှိပါဘူး။ သူဟာ ထာဝရကာလ ရှိနေတဲ့ ဘုရားပါ။

ဘုရားသခင်ဟာ အားကိုးထိုက်သော ဘုရား

ဟရှာယဟာ သူပြောချင်တဲ့ ဒုတိယပိုင်းကို ဆက်လက်ပြောပါတယ်။ ဘုရားသခင်ဟာ ကျွန်တော်တို့၏ ကယ်တင်ခြင်းအတွက် အမြဲတမ်း အားကိုးရမည့်သူ ဖြစ်ပါတယ်။ ကျွန်တော် တို့ရဲ့ မယုံကြည်နိုင်ခြင်းဟာ သူရဲ့ သစ္စာရှိခြင်းကို မပျက်စီးစေပါဘူး။ ဟေရှာယဟာ ဘုရား သခင်ရဲ့ ကတိတော်ကို ယုံကြည်သိမှတ်ထားတဲ့အရာက “မင်းတို့ကို ပင်ပန်းတဲ့အချိန်မှာ ခွန်အားကို ငါပေးမယ်။ မင်းတို့ အားနည်းတဲ့အခါ မှာ တန်ခိုးကို တိုးပွားစေမယ်လို့ ပြောထား ပါတယ်။

“လူပျိုတို့သည် မော၍ ပင်ပန်းခြင်းသို့ ရောက်ကြလိမ့်မည်။ လုလင်တို့သည် ထိမိ၍ လဲကြလိမ့်မည့်။ ထာဝရဘုရားကို မျှော်လင့်သောသူတို့မူကား အားပြည့်ကြလိမ့်မည်။ ရွေလင်းယုန်ကဲ့သို့ မိမိတို့အတောင်ကို အသစ်ပြုပြင် ကြလိမ့်မည်။ ပြေးသော်လည်း မပင်ပန်း။ ခရီးသွားသောအခါ မမောရကြ”။

(ဟေရှာယ ၄၀း၃၀-၃၁)

ကဲ ဘယ်လောက်တောင် ကောင်းလိုက်တဲ့ ဘုရားဖြစ်သလဲ။ ဘယ်လောက်အားကိုးထိုက်တဲ့ ဘုရားဖြစ်ပါသလဲ။ ဘယ်လောက် ကောင်း လိုက်တဲ့ သတင်းဖြစ်သလဲ။ ဟေရှာယခေတ်မှာ ရှိတဲ့လူတွေအတွက် သတင်းကောင်းဖြစ်သလို ကျွန်တော်တို့ အတွက်လည်း သတင်းကောင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်ကတော့ ဘုရားသခင်ကို မျှော်လင့်ကိုစားပြီး အသက်ရှင် ဘို့ လိုအပ်ကြောင်း ခွန်အားပေး တိုက်တွန်းလိုက်ပါတယ်။

၆။ရှိသမျှကို ကိုယ်တော့်ထံအပ်နှံ ( ၂၀၁၁ )

စစ်သူရဲ ယောရှု သေဆုံးပြီးနောက် ဣသရေလ လူမျိုးများသည် ဂတိတော် နယ်မြေသို့ ချီတတ် သိမ်းပိုက်ကြလေသည်။ ထိုလူမျိုးကို တရားသူကြီးများက ခေတ်အဆက်ဆက် အုပ်ချုပ်ခဲ့ ကြလေသည်။ နောက်ဆုံး ပရောဖတ် ရှမွေလ လက်ထက် တိုင်အောင်ဖြစ် သည်။ နောက်ဆုံး ပရောဖတ်ဖြစ်သော ရှမွေလသည် သူ၏ အသက်ရှင်မှု သက်တမ်းတစ်လျှောက်လုံးတွင် ဘုရားသခင်ကို ဆက်ကပ် အပ်နှံလျှက် အသက်ရှင်လျှောက်လှမ်းသွားလေသည်။ အကြောင်းမှာ ရှမွေလ၏ မိခင်က သူမမွေးခင်ကပင် ဘုရားသခင်ကို ဆက်ကပ် အပ်နှံခဲ့သောကြောင့် ဖြစ်သည်။

နှစ်ပေါင်း အတော်ကြာကပင် မိခင်နှင့် ဘခင်တို့သည် ကလေး ရရှိနိုင်ရန် ကြိုးစား အားထုပ်ခဲ့ကြသည်။ သို့သော် ဘုရားသခင်က သူမကို သားသမီး မွေးဖွားခွင့် မပြုခဲ့ပေ။ နှစ်အတန် ကြာအောင် သူမ၏ သားသမီး ရတနာ ရလိုသော ဆန္ဒ မပြည့်ဝ ခဲ့သောကြောင့် ဟန္န၏ ဘ၀ အသက်ရှင်မှုသည် အဓိပ္ပါယ် မရှိဖြစ်လာ ခဲ့ပြီး၊ လူအများက ရှုံ့ချစရာဖြစ်လာခဲ့သည်။ ထိုကြောင့် ညှိးငယ် ၀မ်းနည်းစွာ ဖြင့် မျက်ရည်ဖြိုင်ဖြိုင် ကျကာ ငိုယိုကာ ဆုတောင်း ခဲ့တော့သည် (၁ရာ ၁း၁၀)။ နောက်ဆုံးတွင် ဟန္နသည် စိတ်နှလုံး ညွတ်ပြောင်း နုညံ့စွာဖြင့် သားရမည် ဆိုပါက ဘုရားသခင်ထံ ပေလှူ အပ်နှံပါမည်ဟူ၍ ဆုတောင်း ပဌနာ ပြုလေတော့သည်။ “အို ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား၊ ကိုယ်တော်၏ ကျွန်မကို ကြည့်ရှု အောက်မေ့သဖြင့်၊ သားယောင်္ကျားကို ပေးသနားတော်မူလျှင် သူ၏ ဆံပင်ရိတ်ခြင်းကို အလျှင်းမပြု။ တစ်သက်လုံး ထာဝရဘုရား၏ ကျွန်ဖြစ်စေခြင်းငှါ ကျွန်မအပ်ပါမည်ဟု သစ္စာကတိပြုလေ၏။ (၁ရာ ၁း၁၁)။ ဘုရားသခင်သည် ဟန္န၏ သစ္စာကတိကို အားရ ၀မ်းမြောက်မှု ရှိခဲ့ပုံရသည်။ နောက် မကြာမည်မှာပင် သူမသည် ကိုယ်ဝန် ရှိလာ ခဲ့လေသည်။ ထို့နောက် ရှမွေလလေးကို မွေးဖွားပြီး မကြာမှီ မှာပင် ထိုကလေးကို ယဇ်ပရောဟိတ်ကြီး ဧလိထံ ပို့ဆောင် အပ်နှံလေတော့သည်။

၁ ရာ ၁း၂၇-၂၈ တွင်ဖော်ပြထားသည်မှာ “ထိုအခါ ဤသူငယ်ကို ရမည်အကြောင်း ဆုတောင်းပါ၏။ တောင်းသည့်အတိုင်း ထာဝရဘုရားသည် ပေးသနားတော်မူပြီ။ ထိုကြောင့် ကျွန်မသည် သူ့ကို ထာဝရဘုရားအား ငှါးပါပြီ။ သူသည် တသက်လုံး ထာဝရ ဘုရားထံတော်၌ အငှါးခံ၍ နေရပါမည် သခင်ဟု လျှောက်ပြီးမှ၊ ထိုအရပ်၌ ထာဝရဘုရားကို ကိုးကွယ်ကြ၏။

ဟန္နသည် သူမ ဆုတောင် သစ္စာပြု နေချိန်တွင် သူမ၏ ကြီးမားသော ဆန္ဒနှင့် လိုအပ်ချက် ဖြစ်သော်လည်း အမှန်တကယ် စိတ်ရင်း နှလုံးသားမှာ ဘုရားသခင်၏ ဘုန်းတော်နှင့် အမှုတော်အတွက် ပိုမိုစိတ်အားကြီးခဲ့ပါသည်။ သူမ၏သားကို ဘုရားသခင်ထံတွင် ပြန်လည် ပေးအပ်လိုသောစိတ်ဆန္ဒက ပိုမိုအားကြီး ခဲ့ပါသည်။ ထိုစိတ်ဆန္ဒကြောင့်ပင် ဘုရားသခင် ပိုမိုကောင်းကြီးပေးခဲ့သည်ကို မြင်တွေ့နိုင်ပါသည်။ (၁ရာ ၂း၂၁) တွင် “ထာဝရ ဘုရားသည် ဟန္နကို အကြည့်အရှု ကြွလာတော်မူသဖြင့်၊ သူသည် ပဋိသန္ဓေယူ၍ သားသုံးယောက်၊ သမီး နှစ်ယောက်တို့ကို ဘွားမြင်လေ၏”။ ဤနေရာတွင် သတိထားရမည်မှာ ဘုရားသခင်သည် ဟန္န၏ သစ္စာ အဓိဌါန်ကြောင့် ကောင်းကြီးပေးခဲ့ခြင်းမဟုတ်ပါ။ ကျွန်တော်တို့သည် ဘုရားသခင် မည်သည့်အခါမှ အပေးအယူလုပ်ဘို့ မစဉ်းစားပါနှင့်။ ဟန္နကို ဘုရားသခင်က ကောင်းကြီးပေးရသည်မှာ သူမ၏ မှန်ကန်သောနှလုံးသားနှင့် ဘုန်းတော်ထင်ရှားရန်နှင့် အမှုတော်ကျယ်ပြန့်ရန်ကိုသာ ဦးထိပ်ပန်ဆင် စဉ်းစားခဲ့သော ကြောင့်ဖြစ်သည်။

ကျွန်တော်တို့၏ အသက်တာထဲတွင် ဟန္န၏ အမြင် ရှုထောင်မှ တွေးခေါ်ဆင်ခြင်ကာ အရာခပ်သိမ်းကို စဉ်းစားဆင်ခြင် သင်ယူလေ့လာသင့်ပေသည်။ ကျွန်တော်တို့၏ အစွမ်းအစ ခွန်အား၊ ကြိုးစား အားထုပ်မှုများမှာ မည်သည့်အရာကိုမျှ လုပ်ဆောင် ဖန်တီး နိုင်ခြင်းမရှိချေ။ ကျွန်တော်တို့တွင် ရှိသမျှ ပိုင်ဆိုင်သမျှ အရာအားလုံးသည် ဘုရားသခင် ပေးသနားတော် မူသောကြောင့်သာ ရရှိနိုင်ခြင်း ဖြစ်ပေသည်။ အရာ ခပ်သိမ်း ဆိုရာတွင် ကျွန်တော်တို့၏ အလုပ်အကိုင်၊ ပညာအရည်အချင်း၊ စီးပွားရေး၊ ကျွမ်းကျင်မှု၊ ဆုကျေးဇူး၊ သားသမီး၊ အစရှိသော အရာဟူသမျှ ပါဝင်နေပါသည်။ အရာခပ်သိမ်းကို ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်သာ ခံစားရယူနိုင်ခြင်းဖြစ်ပေသည်။

ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာများကို မိမိ၏လုပ်ဆောင်ကြိုးစားမှုကြောင့် ရရှိခံစားရသည်ဟု ဆိုသူများသည် ၀ါကြွားမှု အပြစ် ကျူးလွန် နေကြသူများသာဖြစ်သည်။ ထိုအရာသည် ရှက်ဖွယ်လိလိ ဖြစ်ပြီး၊ ဘုရားသခင်ပေးသည် ဆိုသည်သော အမှုအရာကို ၀န်မခံနိုင်ဘဲ၊ ရှောင်ဖယ် နေသူများသာဖြစ်သည်။ ကျွန်တော်တို့ကို ပေးထားသော ကောင်းကြီး မင်္ဂလာများမှာ ဘုရားသခင်က ရည်ရွယ်များဖြင့် ပေးသနား ထားခြင်းဖြစ်ပါသည်။ အမှုတော်နှင့် ဘုန်းတော် ဆိုသော အရေးကြီးသောအရာကို လစ်လျူရှုထားပါက (သို့) ဘုရားသခင် ပေးထားသော အရာများကို မိမိ၏ ကိုယ်ကျိုး အတ္တနှင့် အသွေးအသား ပျော်ရွင်မှု ဇာတိကို ဦးစားပေး ထားပါကကြောင်းကို ကျွန်တော်တို့သည် ပေါ့ပျက်သော ဘ၀အနှစ်သာရများကို ခံစားရပေလိမ့်မည်။

ကျွန်တော်တို့ ကောင်ကင်ဗိုလ်ခြေ ထာဝရ ဘုရားကို သူပေးထားသည့် ကောင်းကြီး မင်္ဂလာ များနှင့် ပြန်လည် ကောင်းကြီး ပေးကြပါစို့။ ဘုရား သခင်ထံ ထိုကောင်းကြီး မင်္ဂလာ များကို ပြန်လည် ပို့ဆောင်ကာ သူ၏ ဘုန်းတော် ထင်ရှားမှုကို ရှာဖွေလုပ်ဆောင်ကြပါစို့။ ဘုရားသခင်၏ အမှုတော်မြတ် ကျယ်ပြန့်စေရန် မိမိ ခံစားရသော ကောင်းကြီး မင်္ဂလာများဖြင့် ပါဝင်ကြပါစို့။ သူသည်လည်း ကျွန်တော်တို့ကို ပြန်လည် ကောင်းကြီးပေးမည်ဖြစ်ပြီး၊ ထိုကောင်းကြီး များသည်လည်း ဘုရားသခင်အတွက်သာ ဖြစ်စေရမည်ဟု စိတ်ပိုင်းဖြတ်ကာ ဆုတောင်ကြပါစို့။

၇။မျက်မှောက်တော်တွင်အသက်ရှင်ခြင်း ( ၂၀၁၁ )

ထွက်မြောက်ရာ ၃၃း၁၂-၁၃

နိဒါန်း

တခါက တောရွာလေးတစ်ရွာမှာ အစိုးရရဲ့ လျှပ်စစ်မီး ရရှိရေး စီမံချက်အရ လျှပ်စစ်ရလာတဲ့အခါ အမျိုးသမီး တစ်ယောက်ဟာ လျှပ်စစ်မီးလျှောက်ဘို့ ပြင်ဆင်ပါတယ်။ အဲဒီလို ပြင်ဆင်တဲ့အခါမှာ ငွေကြေးအခက်အခဲ ရှိတဲ့ကြားထဲမှာ လျှောက်ခဲ့ပါတယ်။ လအနည်းငယ် ကြာတဲ့အခါမှာ တာဝန်ရှိ သူတွေက လျှပ်စစ် သွယ်တန်းပေးလိုက်ပါတယ်။ အဲဒီအခါ လျှပ်စစ်မီး စတင် သုံးဆွဲခွင့် ရလာပါတော့ တယ်။ အဲဒီအခါမှာ တာဝန်ရှိတဲ့ ၀န်ထမ်းတွေက မီးကို အရမ်းမသုံးဘို့ သတိပေးသွားခဲ့ပါတယ်။ လကုန်တဲ့အခါ မီတာကြေးကောက်တဲ့ ၀န်ထမ်းဟာ မီတာ နံပါတ်ဖတ်ဘို့ ရောက်လာခဲ့ပါတယ်။ အဲဒီအခါမှာ မီတာကိုလည်း ကောင်းစွာ စစ်ဆေးပါတယ်။ အဲဒီအခါမှာ မီတာလဲ ဘာမှ ပြဿနာ မရှိဘဲ လည်ပတ်နေတာကို တွေ့ပါတယ်။ သို့သော်လည်း မီတာ ကောင်းနေပါလျက် မီတာ သုံးစွဲမှု မှတ်တမ်း မှာ ဘာနံပါတ်မှ မတွေ့ရတဲ့အခါမှာ မီတာဖတ်စာရေးက အိမ်ရှင် အမျိုးသမီးကို “မီတာ သုံးရဲ့လား” လို့ မေးလိုက်ပါတယ်။ ထိုအိမ်ရှင်မက ပြန်ဖြေလိုက်သည်မှာ “သိတ်သုံးတာပေါ့။ ကျွန်မတို့ နေ့တိုင်း မီးဖွင့်ကြည့်တယ်။ မီးလင်းတာ တွေ့ရင် ပြန်ပိတ်လိုက်တယ်။” လို့ ပြန်ဖြေလိုက် ပါတော့တယ်။

မည်မျှလောက်တောင် ရယ်စရာ ကောင်းလိုက်ပါသနည်း။ လိုအပ်သလောက် အသုံးပြုနိုင်သည့် လျှပ်စစ်မီးကို ကြည့်ရုံလေးသာ ကြည့်ပြီး အသုံးပြုခဲ့သည်။ ကျွန်တော်တုိ့သည် ဘယ်သောအခါမျှ ထိုသို့ မပြုလုပ်ခဲ့ဘူးပါ။ အဘယ်ကြောင့်ဆိုသော ထိုသို့သော စိတ်ကူးမျိုးပင် မရှိခဲ့ဘူးသော ကြောင့် ဖြစ်သည်။ သို့သော်လည်း ကျွန်တော်တို့သည် ဘုရားသခင်၏ မျက်မှောက်တော်နှင့် ပတ်သတ်သော အရာအကြောင်းကို အလားတူ လျှပ်စစ်မီး ပြဿနာကဲ့သို့ ပုံစံတူ အဖြစ်အပျက် တစ်ခုအဖြစ် တင်ပြ ပြောဆိုလိုပါသည်။

ကျွန်တော်တို့သည် အသင်းတော်သို့ ဘုရားသခင်နှင့် ၀တ်ပြုကိုးကွယ်ရန် သွားကြပါသည်။ သို့သော် အပတ်စဉ်တွင် ဘုရားသခင်ကို အနည်းငယ်မျှသာ ဆက်သွယ်မှု ပြုခဲ့သည်။ ကျွန်တော်တို့သည် ကြီး မားသော ပြဿနာများ ရှိနေချိန်တွင် အသင်းတော်သို့သွားသည်။ ဘုရားသခင်၏ အကူအညီဖြင်ံ ပြဿနာများ အောင်မြင်သောအချိန်တွင် အသင်းတော်သို့သွားသည်။ ပြဿနာများ မဖြေရှင်းနိုင်သော အချိန်များတွင် အသင်းတော်သို့သွားသည်။ ထိုသို့ဆိုသော် ကျွန်တော်တို့သည် အမှန်တကယ် ဘုရား သခင်၏ မျက်မှောက်တော်တွင် အသက်ရှင် ရပ်တည်မည်ဟု ရည်ရွယ် စဉ်းစားပြီး အသင်းတော်သို့ ၀တ်ပြု ကိုးကွယ်ရန် သွားခဲ့ပါ သလား။

ကျွန်တော်တို့သည် ဘုရားသင်၏ တန်ခိုးတော်ကို အချိန်တိုင်းတွင် အလိုရှိသလောက် ရနိုင်ပါသည်။ သို့သော် ကျွန်တော်တို့သည် ကိုယ့်ခွန်အားကို အသုံးပြုပြီး အသက်ရှင်ရန် နေ့စဉ်အသက်တာတွင် ကြိုးစား အားထုပ်နေကြပါသည်။ ကျွန်တော်တို့သည် အထက်ပါ လျှပ်စစ်မီး သုံးစွဲသည့် အမျိုးသမီး ကဲ့သို့ပင် ရူးကြောင်ကြောင် တွေးခေါ် ကြံစည်နေကြကြောင်း သိမြင်နိုင်ပါသည်။

လျှပ်စစ်မီး၏ အောက်တွင် ကျွန်တော်တို့ ရှိနေသောအခါ အလင်း၏တန်ခိုးကို ခံစားရသကဲ့သို့ ဘုရား သခင်၏ မျက်မှောက်တွင် နေသောအခါ ဘုရားသခင်၏ တန်ခိုးကို ခံစားရပါသည်။ အကယ်၍ ကျွန်တော်တို့သည် ဘုရားသခင်၏ မျက်မှောက်တော်မှ ထွက်လိုက်ပါက ဘုရားတန်ခိုးတော်ကိုလည်း အလိုလို ဖယ်ရှားပြီး ဖြစ်ပေတော့မည်။

ထွက်မြောက်ရာ ၃၃း၁၂-၂၃

မောရှေကလည်း၊ ဤလူတို့ကို ပို့ဆောင်လော့ဟု ကိုယ်တော်ကို မိန့်တော်မူသည်တွင် အကျွန်ုပ်တို့ နှင့်အတူ အဘယ်သူကို စေလွှတ်တော်မူသည်ကို အကျွန်ုပ် မသိရ။ သို့သော်လည်း ကိုယ်တော်က သင့်ကို သင်၏ နာမဖြင့် ငါသိ၏။ သင်သည် ငါ့ရှေ့၌ မျက်နှာရပြီဟု အကျွန်ုပ်အား မိန့်တော်မူပြီ။ သို့ ဖြစ်၍ အကျွန်ုပ်သည် ရှေ့တော်၌ မျက်နှာရလျှင် မျက်နှာရကြောင်းကို အကျွန်ုပ် သိပါမည် အကြောင်း ကိုယ်တော်၏ လမ်းကို ပြတော်မူပါ။ ဤလူမျိုးသည် ကိုယ်တော်၏ လူဖြစ်ကြောင်းကို ဆင်ခြင် တော်မူပါ၊ အကျွန်ုပ် တောင်းပန်းပါ၏ဟု ထာဝရ ဘုရားအား လျှောက်ဆို၏။ ငါကိုယ်တိုင် သွား၍ ငြိမ်ဝပ်ခြင်း ချမ်းသာကို ပေးမည်ဟု မိန့်တော်မူ၏။ တဖန် မောရှေက၊ ကိုယ်တော်တိုင် မသွားလျှင် အကျွန်ုပ်ကို ဤအရပ်မှ ပို့တော်မမူပါနှင့်။ အကျွန်ုပ်နှင့် ကိုယ်တော်၏ လူတို့သည် ရှေ့တော်၌ မျက်နှာရသော အကြောင်းသည် အဘယ်သို့ ထင်ရှားပါမည်နည်း။ အကျွန်ုပ်တို့နှင့် ကြွသွားတော် မူသော အားဖြင့်သာ ထင်ရှားပါမည် မဟုတ်လော။ ထိုသို့ အကျွန်ုပ်နှင့် ကိုယ်တော်၏ လူတို့သည် မြေကြီးပေါ်မှာ ရှိသမျှသော လူတို့နှင့် ခြားနားရပါမည်ဟု လျှောက်ဆိုလျှင်၊- ထာဝရ ဘုရားက သင်လျှောက်သည့်အတိုင်း ငါပြုမည်။ သင်သည် ငါ့ရှေ့၌ မျက်နှာရပြီ။ သင့်ကို သင်၏ နာမဖြင့် ငါသိ၏။ ဟု မောရှေအား မိန့်တော်မူ၏။ တဖန်တုံ၊ ကိုယ်တော်၏ ဘုန်းကို အကျွန်ုပ်အား ပြတော်မူပါ ၏။ အကျွန်ုပ် တောင်းပန်ပါ၏ ဟုလျှောက်လျှင် ထာဝရ ဘုရားက ငါ၏ ကောင်းမွန်ခြင်း ရှိသမျှကို သင့်ရှေ့၌ ငါရှောက်သွားစေမည်။ ထာဝရ ဘုရား၏ နာမတော်ကိုလည်း၊ သင့်ရှေ့၌ ငါကြွေးကြော်မည်။ ငါသည် ကျေးဇူးပြုလိုသောသူကို ကျေးဇူးပြုမည်။ သနားလိုသော သူကိုလည်း သနားမည်။ သို့ရာတွင် သင်သည် ငါ့မျက်နှာကို မမြင်နိုင်ရာ။ ငါ့မျက်နှာကို မြင်လျှင် အသင်ရှင်ရသော လူတစ်စုံ တစ်ယောက် မျှ မရှိဟူ၍ လည်းကောင်း၊ ငါ့အနားမှာ နေရာတစ်ခုရှိ၏။ သင်သည် ကျောက်ပေါ်မှာ ရပ်ရမည်။ ငါ့ဘုန်း ရှောက်သွားသောအခါ သင့်ကို ကျောက်ကြား၌ ငါသွင်းထား၍ ငါကြွသွားသည်အခိုက်၊ သင့် ကို ငါ့လက်နှင့် ဖုံးအုပ်မည်။ ငါလက်ကို သိမ်းရုပ်သောအခါ ငါ့ကျောကိုသာ မြင်ရမည်၊ ငါ့မျက်နှာကို မမြင်ရ ဟူ၍လည်းကောင်း မိန့်တော်မူ၏။

မျက်မှောက်တော်တွင် အသက်ရှင်ခြင်း (အငယ် ၁၂-၁၄)

ဘုရားသခင်သည် လူသားနှင့် နက်ရှိုင်းသော ဆက်ဆံရေး (A deep personal relationship) ရှိရန် လူသားကို ဖန်းဆင်းခဲ့သည်။ ဘုရားသခင်သည် အာဒံ နှင့် ဧ၀ တို့နှင့်တကွ အေဒင်ဥယာဉ်ကြီးထဲတွင် အမှန်တကယ် လမ်းလျှောက်ခဲ့ဘူးပေမည်။ ထိုအဖြစ်အပျက် သေချာစွာ စဉ်းစားကြည့်ပါ။ ဘုရားသခင် သည် အာဒံ၊ ဧ၀ တို့နှင့် အတူတကွ စကားပြောနေမည်။ လမ်းလျှေက်နေမည်။ ကမ္ဘာဦး လူသား နှစ်ဦး သည် ဘုရားသခင်၏ မျက်မှောက်တွင် အမှန်တကယ် ပျော်ရွှင်နိုင် စွမ်း ရှိသောသူများ ဖြစ်ခဲ့ပေလိမ့် မည်။ ထိုကဲ့သို့ပင် ဘုရားသခင်သည် သင်နှင့် လေးနက်သော ဆက်ဆံရေး တည်ရှိရန် ဆန္ဒရှိနေပါ သည်။ ဘုရားသခင်သည် သင့်ကို သူ၏ မျက်မှောက်တော်ထဲတွင် ရှိနေစေချင်ပါသည်။

အထက်တွင် ဖော်ပြထားသော ကျမ်းပိုဒ်ထဲတွင် မောရှေသည် ဘုရားသခင်နှင့် စကားပြောရာတွင် ဘုရားသခင် ပြုတော်မူခဲ့သော ကတိတော်နှင့် ပတ်သတ်ပြီး သတိပေးခဲ့ပါသည်။ မောရှေက အဘယ် ကြောင့် ထိုသို့ ပြုလုပ်ခဲ့ပါသနည်း။ ဘုရားသခင်က ပြုတော်မူခဲ့သော ကတိတော်နှင့် ပတ်သတ်ပြီး မေ့လျော့နေသောကြောင့် မဟုတ်ပါ။ ဘုရားသခင်သည် သူ၏ မျက်မှောက်တော်မှ ဣသရေလ လူမျိုး တို့ကို ဖယ်ရှားခဲ့သောကြောင့် ဖြစ်ပါသည်။ ထိုသို့ ပြုလုပ်လိုက်ခြင်းဖြင့် ဣသရေလ လူမျိုးတို့သည် ဘုရားသခင် ပတ်သတ်သော ဓမ္မအာရုံကို ဘယ်သောအခါမျှ ခံစားရတော့မည် မဟုတ်ပါချေ။

ဘုရားသခင်၏ ရှေ့တော်မှောက်တွင် ရှိနေသော အသင်းတော်ကို ဓမ္မဟောင်းမှ ဣသရေလ လူမျိုးတို့ ကဲ့သို့ အပြောခံရမည်ကို အလွန်စိုးရိမ်မိပါသည်။ ကျွန်တော်တို့သည် ဘုရားသခင် မျက်မှောက်တော် သို့ တပတ်ပြီး တစ်ပတ် အကြိမ်ပေါင်း များစွာ လာခဲ့သော်လည်း ဘုရားသခင်နှင့် ပတ်သတ်ပြီး ကြီးမား သော အတွေ့အကြုံ (ဓမ္မအာရုံ) မရရှိသည်မှာ အဘယ်ကြောင့်နည်း။ မည်သည်က ပြဿနာဟု သင် ထင်မြင်ပါသနည်း။

ကျွန်တော်တို့သည် ဘုရားသခင်ကို ရှာဖွေခြင်း မပြုကြ။ ကျွန်တော်တို့သည် ဘုရားသခင်ရှေ့တွင် ဂုဏ်ပကာသန အတွက်၊ သို့ လူအထင်ကြီးဘို့ အတွက်သာ ရပ်နေကြသည်ဆိုလျှင် ဘုရားသခင် ထံမှ ဓမ္မအာရုံကို မည်သို့ ခံရပါမည်နည်း။ ကျွန်တော်တို့သည် ဘုရားသခင်နှင့် အတူလျှောက်လှမ်းသည့် အတွေ့အကြုံ မရှိပါလျှင် မည်သို့မျှ ကြီးထွား ရင့်ကျက်နေပါသည်ဟု ပြောဆို၍ မရနိုင်ချေ။ ဘုရား သခင်ထံမှ သမ္မာတရား နှုတ်ခပတ်တော်များကို ဖတ်သည့်အခါတိုင်းတွင်လည်း မည်သို့မျှ ကျွန်တော် တို့ ထံတွင် ထူခြားသော အရာများ ဖွင့်ပြ ခံစားနိုင်တော့မည် မဟုတ်ချေ။

မောရှေသည် ဘုရားသခင်၏ မျက်မှောက်တော်တွင် စိတ်အားထက်သန်မှု အပြည့်ဖြင့် တောင်းဆု ပြု နေသည်ကို တွေ့ရပါသည်။ ဘုရားသခင်၏ မျက်မှောက်တော်တွင် ဒူးထောက်လျှက် ရှိနေပါသည်။ စိတ်နှလုံးသား အကြွင်းမဲ့ ဖြင့် ဆုတောင်းနေသည်။ ယနေ့ ယုံကြည်သူများ (အသင်းတော်)တွင် အကြီး မားဆုံး ပြဿနာမှာ ဘုရားသခင်နှင့် နက်ရှိုင်းသော ဆက်ဆံရေး (A Deep Relationship with God) မရှိခြင်းပင် ဖြစ်သည်။ ဆုတောင်းရန်အတွက် အဖိုးအခ မပေးလိုကြချေ။ ဘုရားသခင်နှင့် ရင်းနှီးသော ဆက်ဆံရေး အဖြစ်တည်ရှိလာရန် ကြိုးစားအားထုပ်မှု မရှိကြချေ။ တစ်ညတာမျှပင် အချိန်မပေးလိုကြ။

မောရှေသည် ဘုရားသခင်ကို ပြောဆိုတောင်းပန်သော အချက်ကို အခန်းငယ် (၁၃) တွင် မြင်တွေ့ နိုင်ပါသည်။ သူ့ကို ဘုရားသခင်က နှစ်သက် မျက်နိုးပါ လျှင် အချက် (၃)ချက်ကို ရလို ရရှိလိုပါကြောင်း လျောက်ထားလေသည်။

သို့ဖြစ်၍ အကျွန်ုပ်သည် ရှေ့တော်၌ မျက်နှာရလျှင် မျက်နှာရကြောင်းကို အကျွန်ုပ် သိပါမည်အကြောင်း ကိုယ်တော်၏ လမ်းကို ပြတော်မူပါ။ ဤလူမျိုးသည် ကိုယ်တော်၏ လူဖြစ်ကြောင်း ကို ဆင်ခြင်တော်မူပါ၊ အကျွန်ုပ်တောင်းပန်ပါ၏ ဟု ထာဝရဘုရားအား လျှောက်ဆို၏။

ရှေ့တော်တွင် မျက်နှာရချင်သည်။ ။ဘုရားသခင်ကို သိကျွမ်းသောသူ အစစ်အမှန် ဖြစ်ပါက ဘုရားသခင်ထံမှ မျက်နှာတော်ရချင်သည်။ ဘုရားသခင်၏ အလိုတော်နှင့် အကြံ အစည်တော်ထဲတွင်သာ အသက်ရှင်ချင်သည်။ ဘုရားသခင်ကို ငြိုငြင်မှာကို အရမ်း စိုးရိမ် သည်။ သင်ကိုယ်တိုင်လည်း ဘုရားသခင်ကို အမှန်တကယ် သိကျွမ်းပါက ဘုရားသခင်၏ ရှေ့တွင် မျက်နှာရချင်သော နှလုံးသားဖြင့် အသက်ရှင်ချင်လာပါလိမ့်မည်။

ကျွန်ုပ်သိပါမည် (သိချင်သော နှလုံးသား ရှိသည်)။ ။မောရှေသည် ဘုရားသခင်နှင့် တိုက် ရိုက် ဘုရား သခင်ကို သိကျွမ်းခြင်းဖြင့် ဆက်သွယ်သည်။ ဘုရားသခင်၏ သဘောတော် ကို အစဉ်အမြဲ သိချင်သော နှလုံးသား ရှိသည်။ သိပါရစေဟု တောင်းလျှောက်သည်။ ကျွန်ုပ်တို့ သည် ဘုရားသခင်၏ နှုတ်တော်ထွက် စကားတော်များကို သိနားလည်ခြင်းမရှိလျှင် ဘုရားသ ခင်ကို သိသည်ဟု သင်မပြောနိုင်ပါ။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို အမှန်တကယ် သိရှိလာ ပြီဆိုပါက ဘုရားသခင်၏ လူတစ်ယောက်ဖြစ်ကြောင်း အသိအမှတ်ပြုနိုင်ပါသည်။

ကိုယ်တော်၏ လမ်းကို ပြတော်မူပါ။ ။မောရှေသည် ဘုရားသခင်၏ လမ်းတော်ကို အမှန် တကယ်သိချင်သော နှလုံးသားရှိနေပါသည်။ အဘယ်ကြောင့် ဆိုသော် ထိုလမ်းတွင် အမှန် တကယ် အသက်ရှင် လျှောက်လှမ်းလိုသောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ လမ်းတော်ကို သိမှသာ ဘုရားသခင်၏ နောက်တော်သို့ အမှန်တကယ် လိုက်သောသူတစ်ဦး ဖြစ်လာမည်။

ကျွန်ုပ်တို့သည် အထက်ပါ အချက် (၃)ချက်ကို လုပ်ဆောင်နေသည်ဆိုပါက ဘုရားသခင်၏ မျက် မှောက်တော်တွင် အသက်ရှင်နေပြီ ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ လမ်တော်နှင့် ဘုရားသ ခင်ကို သိကျွမ်းရမည်ဖြစ်သည်။ ထိုအခါ ဘုရားသခင်သည် သူ၏ ကောင်းကင် တံခါးပေါက်ကြီးများ ကိုဖွင့်ကာ သင့်ကို မျက်နှာသာပေးမည်ဖြစ်သည်။

ကျေးဇူးတော် ၀မ်းမြောက်ခြင်းထဲမှာ အသက်ရှင်ခြင်း (၁၅-၁၇)

မောရှေက ဘုရားသခင်ကို ဆက်လက်တောင်းလျှောက်ခဲ့သည်မှာ ဘုရားသခင်၏ သစ္စာတရားကို သက်သေထူရန် တောင်းလျှောက်ခဲ့သည်။ ဘုရားသခင်၏ မျက်မှောက်တော်ဟု ဆိုရာတွင် အမှန်တ ကယ် ရှိနေသော ဘုရားသခင်၏ အားရ၀မ်းမြောက်ခြင်းနှင့် စပ်ဆက် ဖြစ်တည်နေသည်။ ဘုရားသ ခင်သည် ကျွန်တော်တို့၏ အသက်ရှင် လုပ်ဆောင်မှုကို အားမရ မနှစ်သက်ခဲ့သည်ရှိသော် ဘုရားသ ခင်ကိုယ် တိုင်ပင် ကျွန်တော်တို့ထံတွင် ရှိနိုင်မည်မဟုတ်ပေ။ ဘုရားသခင်၏ ယုံကြည်သူများနှင့် ကျန်သည့် လောကလူသားများအကြား ခွဲခြားမှုပြုရာတွင် ဘုရားသခင်၏ မျက်မှောက်တော်တွင် အသက် ရှင်ခြင်းသောသူများအား သူ၏ အားရ၀မ်းမြောက်ခြင်းကို ပြသခဲ့သည်။

ယုံကြည်သူ (အသင်းတော်)သည် ဘုရားသခင်၏ မျက်မှောက်တော်တွင် မရှိခဲ့ပါလျှင် သူတို့ကိုယ်တိုင် လည်း ဘုရားသခင်ကို အားရ၀မ်းမြောက်မည် မဟုတ်ချေ။ ဘုရားသခင်၏သစ္စာတရားကို ဘုရားသ ခင်၏ မျက်မှောက်တော်တွင် တိုး၍ အသက်ရှင်သောသူတိုင်းအား သက်သေထူလျှက် ရှိပါသည်။ ဘုရားသခင်သည် ကျွန်တော်တို့၏ မျက်မှောက်တွင် မရှိပါဟုဆိုလျှင် ကျွန်ုပ်တို့ကိုယ်တိုင် ဘုရားသခင် ကို မနှစ်သက် သောကြောင့် ဖြစ်ပါသည်။ ဘုရားသခင် အားရကျေနပ်သောသူဖြစ်ရန် မည်ကဲ့သို့ ကျွန်ုပ်တို့ အသက် ရှင်နိုင်ပါမည်နည်း။

1) ဘုရားသခင်ကို ချစ်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ဘုရားကို ၀မ်းမြောက်စေနိုင်ပါသည်။ (မဿဲ ၂၂း၃၇-၃၈) ကျွန်ုပ်တို့ ပထမ ဦးစားပေးသည် ဘုရားသခင်ကို မြတ်နိုးရန်သာ ဖြစ်သည်။ ဘုရားသခင်ကို အမြင့်ဆုံးနှင့် အကြီးမားဆုံး ချစ်ရန်အတွက် ခေါ်ယူခြင်း ခံရသည်။ ဘုရား သခင်ကို ပထမနေရာ (အဓိကနေရာ) ထားရန် ဘုရားသခင် ဆန္ဒရှိပါသည်။

2) ဘုရားသခင်ကို ယုံကြည်ခြင်းအားဖြင့် ဘုရားကို ၀မ်းမြောက်စေနိုင်သည်။ (ဟေဗြဲ ၁၁း၆) ယုံကြည်ခြင်း မရှိလျှင် ဘုရားသခင်၏ စိတ်တော်နှင့်မတွေ့နိုင်။ ကျွန်တော်တို့သည် ဘုရား သခင်ကို မယုံကြည်နိုင်လျှင် ဘယ်သောအခါမျှ ဘုရားသခင်၏ စိတ်တော်နှင့် တွေသောသူဖြစ် ရန် အခြားနည်းလမ်း မရှိနိုင်ပါချေ။ ကျွန်တော်တို့သည် ဘုရားသခင်ကို လုံးလုံး အားကိုးသော သူဖြစ်ပါက ဘုရားသခင်ကို ယုံကြည်ခြင်း ထားသောသူ ဖြစ်ပါသည်။

3) ဘုရားသခင်ကို နာခံခြင်းအားဖြင့် ဘုရားကို ၀မ်းမြောက်စေနိုင်သည်။ (ယော ၁၅း၁၄)။ သခင် ယေရှုခရစ်တော်က နာခံခြင်းရှိလျှင် ငါ၏ အဆွေဖြစ်လာမည်ဟု ပြောဆိုထားပါသည်။ ကျွန်တော်တုိ့၏ နာခံခြင်းသည် ဘုရားသခင်နှင့် ဘယ်လောက် မိဿဟာရ နက်ရှိုင်းမှုရှိသည် ကို ဖော်ပြပေးနေပါသည်။

4) ဘုရားသခင်ကို ချီးမွမ်းခြင်းဖြင့် ဘုရားကို ၀မ်းမြောက်စေနိုင်ပါသည်။ (ဆာ ၁၅၀း၁-၂)။ ဘုရားသခင် သည် ကျွန်ုပ်တို့ တစ်ဦးခြင်းစီတိုင်း၏ ချီးမွမ်းခြင်းကို ခံထိုက်သောသူဖြစ်သည်။ ချီးမွမ်းခြင်း ဆိုသည်မှာ ဘုရားသခင်ကို ကောင်းကြီးသြဘာ ပေးနေခြင်းဖြစ်ပြီး ဘုရားက သင့်ကို မည်သည့်အရာများမဆို ပြန်လည်ပေးနိုင်သော အရာဖြစ်ပါသည်။ ဤအကြောင်းကို ယခုပင် ခေတ္တမျှ စဉ်းစားကြည့်ပါ။ ဘုရား သခင်ကို ချီးမွမ်းရန် အချက် (၃) မည်သည့်အရာ ရှိပါသနည်းဟူ၍ ချက်ခြင်း တွေးကြည့်လိုက်ပါ။

5) အမှုတော် ထမ်းဆောင်ခြင်းသည် ဘုရားသခင်ကို ၀မ်းမြောက်စေသည်။ (ယေရမိ ၄၈း၁၀)။ အမှုတော်ကို ကျိုးစား မဆောင်သောသူသည် ကျိန်ဆဲခြင်းကို ခံစေ။ ဘုရားသခင်သည် သင့်၏ အသက်တာ ဘ၀ တစ်ခုလုံးကို အမှုတော် ထမ်းဆောင်ခြင်းဖြင့် ပါဝင်စေလိုသည်။ အဓိပ္ပါယ်မှာ တနင်္ဂနွေ ဘုရားကျောင်း တက်ရုံထက် ပိုမို၍ ဘုရားသခင် မျှော်လင့်နေပါသည်။

ဘုရားသခင်၏ ဘုန်းတော်ထဲတွင် အသက်ရှင်ခြင်း (၁၈-၂၃)

ဘုရားသခင်၏ ဘုန်းတော်သည် ဘုရားသခင်ထံတွင်ရှိသော သာလွန်ထူးကဲ မြင့်မြတ်သည့် အရာများ နှင့် မည်သည့်အခါမျှ ကုန်ဆုံးနိုင်ခြင်း မရှိသည့် ဘုရားသခင်၏ ဘုန်းအသရေတော်များကို ဖော်ပြ လျက် ရှိပါသည်။ ဘုရားသခင်၏ ဘုန်းအသရေတော်သည် ကျွန်ုပ်တို့ နားလည် သဘော ပေါက် ခံယူ ထားသော အရာခပ်သိမ်း၏ အခြားတစ်ဖတ်တွင် ရှိနေသော အရာဖြစ်ပါသည်။

ဘုန်းတော်ဟု ဆိုရာတွင် ဟီဘရူး ဘာသာစကားအားဖြင့် “Kabod” ဟု ခေါ်ပြီး အဓိပ္ပါယ်မှာ သိသာ ထင်ရှားစွာ အရိုအသေပေးခြင်း၊ အကြီမြတ်ဆုံးသော နာမည် ဂုဏ်အသရေတော်ဖြစ်ခြင်း၊ အမြင့်ဆုံး သော ကြည်ညိုလေးစားဖွယ်ဖြစ်ခြင်း ဟု ဆိုလိုပါသည်။ အမှန်တကယ် အနေအထားတွင် မောရှေသည် ဘုရားသခင်၏ ထည်ဝါမှုအားလုံး၊ ဘုရားသခင်၏ ကြီးမြတ်မှုအားလုံး၊ ဘုရားသခင်၏ တန်ခိုးအစွမ်းသတ္တိအားလုံးနှင့် ဘုရားသခင်၏ ဖြစ်ခြင်းအားလုံးကို မြင်တွေ့နိုင်ရန် တောင်းလျှောက် နေပါသည်။ မောရှေသည် ဘုရားသခင်ကို အတားအဆီး အကွယ်အကာမရှိ မြင်တွေ့ချင်ပါသည်။ မောရှေသည် ဘုရားသခင်၏ ဖြစ်ခြင်း၊ ဖြစ်သမျှအားလုံးကို မြင်တွေ့နေချင်သူ ဖြစ်ပါသည်။ သင့်ကို လည်း မေးခွန်းတခု မေးပါရစေ။ ဘုရားသခင်၏ ခမ်းနားထယ်ဝါမှုများကို သင်ကိုယ်တိုင် မြင်တွေ့ ချင်သူ အမှန်တကယ် ဖြစ်ပါသလား။ ဘုရားသခင်ကို အတားအဆီး၊ အကွယ်အကာမရှိ မြင်တွေ့ ချင်သူ အမှန်တကယ် ဖြစ်ပါသလား။ ဘုရားသခင်၏ ဘုန်းအသရေတော်အားလုံးကို မြင်တွေ့ ချင်သူ ဖြစ်ပါသလား။

မောရှေသည် ဘုရားသခင်၏ မျက်နှာတော်မှတပါး အားလုံးကို မြင်တွေ့နိုင်ခဲ့ပါသည်။ ဘုရားသခင် သည် သူ၏ မျက်နှာတော်ကို မြင်တွေ့နိုင်ရန် အခွင့်မပေးခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် လူနှင့် ဘုရား သခင်အကြားတွင် ခြားနားမှုများ ရှိရန် လိုအပ်နေသေးသောကြောင့် ဖြစ်သည်။ ဘုရားသခင်နှင့် အရင်း နှီးဆုံး မိသဟာရ ရှိနေသည့်တိုင်အောင် ကွာဟမှုများကို စေ့စပ်ပေးနိုင်ရန် မဖြစ်နိုင်သေးချေ။ ထိုအကြောင်းအရာကပင် သခင်ယေရှုခရစ်တော်ကို လူ့လောက ဌာနီသို့ ပို့ဆောင်ရန် အချေအနေ တစ်ခု ဖြစ်လာတော့သည်။ ထိုကြောင့် သခင်ယေရှုခရစ်တော်ကို လူ့လောကသို့ လာရောက်ခြင်းဖြင့် ကျွန်ုပ်တို့နှင့် အတူရှိသော ဘုရား ဧမာနွေလ “Immanuel” ဖြစ်လာခဲ့သည်။ ဘုရားသခင်၏ မျက်မှောက်တော်တွင် ကျွန်ုပ်တို့သည် အတူရှိနေကြပါသည်။ အဘယ်ကြောင့်ဆိုသော် သခင်ယေ ရှုသည် အသက်ရှင်နေသောကြောင့် ဖြစ်ပါသည်။

သခင်ယေရှုသည် လက်ဝါးကားတိုင်ပေါ်တွင် အသေခံချိန်တွင် ဗိမ္မာန်တော်မှ ကလားကာကြီး နှစ်ခြမ်း ကွဲသွားခဲ့သည်ကို သတိရပါ။ ထိုကလားကာကြီးမှာ လူနှင့်ဘုရားအကြားမှ ခြားနားချက်များကို ဖယ် ရှင်းပေးလိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် ယေရှုခရစ်တော်၏ လုပ်ဆောင်မှုအားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ မျက်မှောက်တော်တွင် ဘုရားသခင်နှင့် အတူရှိသော အတွေ့အကြုံသစ်ကို ခံစားနိုင် ပြီဖြစ်သည်။

ကျွန်ုပ်တို့ အသက်ရှင် နေထိုင်မှု ဘ၀ထဲတွင် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားပြသနိုင်ရန် အချက် နှစ်ချက် တင်ပြလိုပါသည်

(၁) ကျွန်ုပ်တုိ့သည် နေ့စဉ်အသက်ရှင်မှုတွင် ဘုရားသခင်၏ မျက်မှောက်တော်ထဲတွင်သာ အသက် ရှင်သင့်ပါသည်။ ကျွန်ုပ်တို့၏ အသက်ရှင်မှုထဲတွင် ဘုရားသခင်၏ မျက်မှောက်တော်ကို ရှာဖွေ ရန်နှင့် ဘုရားသခင်နှင့်သာ အသက်ရှင်ချင်သော ဆန္ဒ ရှိဘို့လိုအပ်ပါသည်။

သင်သည် ဘုရားသခင်ကို ရှာဖွေနေပါသလား။ (သို့မဟုတ်) အာဒံကဲသို့ ဘုရားသခင်ကို ရင်မဆိုင်ရဲသောကြောင့် ပုန်းအောင်းနေသောသူလား။

(၂) ကျွန်ုပ်တို့သည် နေ့စဉ်ဘ၀ အသက်ရှင်မှုထဲတွင် ဘုရားသခင် နှစ်သက်စေရန် အသက်ဘို့ လိုအပ်ပါသည်။ ဘုရားသခင်ကျွန်ုပ်တုိ့၏ ကြိုးပမ်းမှု ဟူသမျှသည် ဘုရားသခင် နှစ်သက် စေရန်သာ ပြုမူ လုပ်ဆောင်ဘို့ လိုအပ်ပါသည်။

သင်၏ အသက်ရှင်မှုသည် ဘုရားသခင် နှစ်သက် စေသော အသက်တာ ဖြစ်ပါသလား။

နိဂုံး

(၁) သင်သည် ဘုရားသခင်၏ မျက်မှောက်တော်ထဲတွင် အသက်ရှင်နေပါသလာ။

(၂) သင်သည် ဘုရားသခင် နှစ်သက်စေရန် အသက်ရှင်နေပါသလား။

(၃) သင်သည် ဘုရားသခင်၏ ဘုန်းတော်ထဲတွင် အသက်ရှင်နေပါသလား။

ဤနေ့သည် ဘုရားသခင်နှင့် သင့်အကြားတွင် နက်ရှိုင်းသော မိသဟာရ ဆက်ဆံရေး အတွေ့အကြုံ တစ်ခု ရရှိလာရန် သင့်ကို ဘုရားသခင်က ဆွဲကိုင်ခေါ်ယူချင်နေပါသည်။ သင့်ကိုယ်တိုင် ဘုရား သခင်ကို ပိုမိုသိကြွမ်းပြီး သူ၏ မျက်မှောက်တော်ထဲတွင် အသက်ရှင်လိုသော နှလုံးသားကို သင့် အထဲတွင် ထည့်ပေးခြင်ပါသည်။ သင်ကိုယ်တိုင် ဘုရားသခင်၏ မျက်မှောက်တော်တွင် ပိုမိုအသက် ရှင်လိုပါလျှင် ဘုရားသခင်၏ ပလ္လင်တော် ခြေရင်းဆီသို့ လှမ်းလျှောက်လာပြီး ဘုရားသခင်ထံတွင် သင်အလိုရှိသောအရာများကို တောင်းလျှောက်ကာ ပျော်ရွှင်ချမ်းမြေ့သော ဘ၀တစ်ခုကို တည်ဆောက် နိုင်ပါစေ။

၈။ဘုရားသခင်ကို ကိုးစားတဲ့ ဒါဝိဒ် ( ၂၀၁၁ )

သရေလလူမျိုးတို့၏ ရှင်ဘုရင် ရှင်ဘုရင်ဒါဝိတ်သည် ဘုရားသခင်၏ စိတ်တော်နှင့် တွေ့သောသူ ဟူ၍ အခေါ်ခံခဲ့ရ ပါသည်။ ၁ရာ ၁၃း၁၄ တွင် ရှမွေလက ရှောလုကို ပြောသည်မှာ သင်ဟာ မိုက်မဲသော အမှုကို ပြုပြီ၊ သင်ဟာ ဘုရားသ ခင်ရဲ့ ပညတ်တော်တွေကို မစောင့်ရှောက်ဘူး။ အခုတော့ ဣသရေလနိုင်ငံဟာ အရှည်တည်တံ့လိမ့်မယ်။ ဒါပေမဲ့ မင်း ရဲ့နိုင်ငံတော်ကတော့ တည်တံ့မှာ မဟုတ်ဘူး။ ထာဝရဘုရားသည် စိတ်နှလုံးတော်နှင့်ညီညွတ်သောသူကို ရှာတော်မူ ၏။ ထိုသူသည် လူမျိုးတော်ပေါ်မှာ မင်းဖြစ်စေခြင်းငှါ ထာဝရဘုရား မိန့်တော်မူပြီ။

ဒါဝိတ်ဟာ ရှင်ဘုရင်ဖြစ်စေရန်အတွက် ဘုရားသခင် ကိုယ်တော်တိုင် ဘိဿိတ်ပေးထားသောသူ ဖြစ်သည်။ ထိုအရာ သည် သူအပေါ်တွင် ဘုရားသခင်ထားရှိတော်မူသော အကြံအစည်တော်ဖြစ်သည်။

ဒါဝိတ်ဟာ ဘုရားသခင်ရဲ့ စိတ်တော်နှင့် တွေ့သောသူဖြစ်စေဘို့ အများကြီး သင်ယူခဲ့ရပါတယ်။ ဒါဝိတ်ဆိုတဲ့ ကောင်း ကလေး ဘ၀မှာပင် မိသားစုထဲ၌ ဘုရားစိတ်တော်နှင့် တွေ့စေသည့် ၀တ်ပြုကိုးကွယ်ခြင်းနှင့် ဆိုင်သော သင်ခန်းစာ များကို စတင်သင်ကြားခဲ့ရသည်။ ဘုရားသခင်နှင့် နှလုံးသားခြင်း ထပ်တူဖြစ် ရင်နှီးစွာ ထိတွေ့မှုများကို သင်ယူခဲ့သည်။

သိုးထိန်းဒါဝိတ်အဖြစ် သိုးများနှင့်အတူ တောင်ကုန်း တစ်နေရာမှ စားကျက်ထဲတွင် အချိန်နာရီ ပေါင်း မြောက်မြားစွာ အသုံးပြုခဲ့သည်။ ထိုနေရာတွင် သူ၏ ၀ိညာဉ်သည် ၀ဲလွင့် မျောပါလျှက် စိတ်နှလုံး အကြွင်းမဲ့ လွင့်မျောကာ ဘုရားသ ခင် ကို ချီးမွမ်းခြင်း အမှုများ ပြုခဲ့သည်။ ဘုရားသခင်ကို ချီးမွမ်းသီချင်းများ သီကုန်းရေးစပ်ကာ သီဆိုချီးမွမ်း၍ ဘုရားသ ခင်နှင့် အနီးကပ်ဆုံး အနေအထား တွင် ရှိခဲ့သည်။ ထိုသီချင်းများသည် ဂျူလူမျိုးများ၏ ချီးမွမ်းခြင်း သီချင်းများ ဖြစ်လာ ခဲ့သည်။ ဒါဝိတ်ဟာ သူရဲ့ ချီးမွမ်းခြင်း သီချင်းများကို သီဆိုချီမွမ်းပြီး ဘုရားသခင်ထံ ချဉ်းကပ်တိုးဝင်ခြင်းဖြင့် ဤ စင်္ကြာဝဠာကြီး၏ ဘုရားသခင်နှင့် ရင်းနှီးကျွမ်းဝင်စေသော နည်းလမ်းတခုဖြစ်ကြောင်း ပို၍ပို၍ သိရှိနားလည် လာခဲ့သည်။

ဆာလံ ၆၃း၁-၃

အိုး ဘုရားသခင်၊ ကိုယ်တော်သည် ကျွန်ုပ်၏ ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်ကို ကျိုးစား၍ ရှာပါ၏။ ရေမရှိ သွေ့ခြောက် သော လွင်ပြင်၌ အကျွန်ုပ်၏ ၀ိညာဉ်သည် ကိုယ်တော်ကို ဆာငတ် ပါ၏။ အကျွန်ုပ် ကိုယ်ခန္ဓာသည်လည်း ကိုယ်တော်ကို လွမ်းစွတ်ပါ၏။ ဘုန်းတန်ခိုး အာနုဘော် တော်ကို မြင်ခြင်းငှါ သန့်ရှင်းရာဌာနတော်၌ ထိုသို့ ကိုယ်တော် ကို ဖူးမျှော်ပါပြီ။ ကရုဏာတော်သည် အသက်ထက် သာ၍ကောင်းသောကြောင့် အကျွန်ုပ်၏ နှုတ်သည် ကိုယ်တော်ကို ချီးမွမ်းရပါမည်။

ဘုရားသခင်၏ စိတ်တော်နှင့် တွေ့သောသူအဖြစ် ဒါဝိတ်သည် ဘုရားသခင်နှင့် မည်ကဲ့သို့ရင်းနှီး နိုင်မလဲ ဆိုသည့် အချက်ကို အမြဲတမ်း သင်ယူခဲ့သည်။ သိုးများကို ထိန်းကျောင်းနေရသော သိုးထိန်းတစ်ယောက်အနေဖြင့် သူကိုယ်တိုင် ဘုရားသခင်၏ သိုးတစ်ကောင်ကဲ့သို့ ခံစားကြည့်သည်။ ဆာလံ ၂၃ တွင် သူကိုယ်တိုင် ဖော်ပြထားသည်မှာ ထာဝရဘု ရားသည် ငါ၏ သိုးထိန်း ဖြစ်တော်မူ၏။ ငါ၌ ဆင်းရဲမခံရ။

ဘုရားသခင်သည် သူ၏သိုးတော်စုအတွက် နေ့စဉ်နှင့်အမျှ လိုအပ်သော အဟာရကို ကျေနပ်လောက်အောင် ကျွေးမွေး ခဲ့သည်။ သူတို့သည် လိုလေသေးမရှိ ကောင်းကြီးမင်္ဂလာ ပြည့်ဝစွာ သွန်လောင်းခံရမည်ဖြစ်သည်။

ဘုရားသခင်၏ သိုးထိန်း ဒါဝိတ်အနေဖြင့် သူသည် သူ၏နိုင်ငံသားများကို သိုးထိန်းကောင်း ပီသစွာ စောင့်ရှောက်ခဲ့ပြီး ဘုရားသခင်ကို တွေ့ရှိစေရန် လမ်းပြသွန်သင်ခဲ့သည်။ သူသည် ဣသရေလ နိုင်ငံသားများကို ဘုရားသခင်ထံ ပြန် လည် လာစေရန် အသံပြုပေးခဲ့သည်။ ဘုရားသခင်၏ မျက်နှာတော်ကို ရှာဖွေရန် လူကြီးလူငယ် အားလုံးအတွက် အကောင်းဆုံး စံပြနမူနာ အဖြစ် အသက်ရှင်ပြခဲ့သည်။

၉။ကိုယ်တော်နဲ့လျှောက်လှမ်းဖို့ ယုံကြည်ခြင်းသင့်မှာရှိပါသလား။ ( ၂၀၁၁ )

ကျမ်းပိုဒ် = မာကု ၅း၂၁-၄၃

ဒီတရားဟောချက်ဟာ စိန်ခေါ်မှုတွေနဲ့အတူ စိတ်လှုပ်ရှားစရာ ကျမ်းပိုဒ်တွေ ပါဝင်နေပါတယ်။ ဒီအထဲမှာ မတူညီ သီးခြားစီ ရပ်တည်နေ ကြတဲ့ အဖြစ်အပျက် နှစ်ခုပါဝင်ပါတယ်။ သို့သော်လည်း ထိုအဖြစ်အပျက်နှစ်ခုသည် တစ်နေ ရာတည်းတွင် နဖူးတွေ့ ဒူးတွေ့ တွေ့ကြုံကြ ရလေသည်။ ထိုနှစ်ခုအကြားတွင် သခင်ယေရှုနှင့် တွေ့ကြုံ ဆက်နွှယ်နေသည် အခြေအနေများကို ရှင်းလင်းသွား ပါမည်။

ပထမဦးစွာ ယာဣရုနဲ့ မိတ်ဆက်ပေးလိုပါတယ်။ သူဟာ တရားဇရပ်မှူးတယောက်ဖြစ်ပါတယ်။ တနည်းအားဖြင့် အမှုတော်ဆောင် တစ်ဦးဖြစ်သည်။ သူ၏ လူမျိုးစုများအကြားတွင် အလွန်အလုပ်များ ပြီး အလွန်ကြီးမား များပြားသော တာဝန်တွေကို ထမ်းဆောင်နေရသည်။ နှုတ်ခပတ်တော်ကို ယုံကြည်လေးစား အားကိုးသော ဘုရားသခင်၏ သန့်ရှင်းသူ တစ်ဦးဖြစ်ပါသည်။ အမှုတော်အတွက် မိမိအသက်တာကို ဆက်ကပ်ထားသော ယုံကြည်သူတဦးပါ။ အထူးသဖြင့် ထာဝရဘုရားကို ယုံကြည်ကိုးစားသောသူ တစ်ဦးဖြစ်ပါသည်။

သူသည် နေ့တိုင်းအစဉ် တပါးသူများ၏ ပြဿနာများကို ကူညီနေရသူ တစ်ဥိး ဖြစ်ပါသည်။ တရားဇရပ်တွင် နာမကျန်းသူများ၊ မေတ္တာငတ်နေသူများဖြင့် အလုပ်ရှုပ်နေသူ တစ်ဦးဖြစ်သည်။ ပြဿနာ ရှိသူ၊ ဒုက္ခခံစားနေရသူများအကြားတွင် အမှုတော် ထမ်းဆောင်ရန် ဘုရားသခင်က ရွေးကောက်ထားသည်။ အမှုတော်ဆောင် တစ်ဦး ဖြစ်သောကြောင့် အိမ်တွင်လည်း ဧည်သည်များနှင့် အမြဲ ပြည့်နေသူ တစ်ဦးဖြစ်သည်။

ဤမျှ လေးစားစရာကောင်းသော အမှုတော်ဆောင် တစ်ဦး ဖြစ်သည့် ယာဣရုသည် သူကိုယ်တိုင် ပြဿနာ တစ်ခုကို ရင်ဆိုင် ကြုံတွေ့ရ လေတော့သည်။ သူတပါး ကျန်းမာလာဘို့ ဆုတောင်းပေးရလေ့ ရှိသော အမှုတော်ဆောင်ကြီး ယာဣရုသည် သမီးဖြစ်သူ၏ ကျန်းမာရေး ဆိုးရွားမှုကို တွေ့ကြုံ ခံစား လာရသည်။ ဘခင်တဦးအတွက် မည်သို့မျှ ဖြေသိမ့်လို့ မရနိုင်ပါ။ အလွန်ငယ်ရွယ်သေးသည့် သမီးငယ်တွင် ဆရာဝန်၏ ဆေးစစ်တမ်း အရ မကြာခင် သေဆုံးရတော့မည်။ သိသလောက် ကြိုးစား ကုသခဲ့သော်လည်း ဆရာဝန်၏ နောက်ဆုံး အဖြေကြောင့် တုန်လှုပ် ချောက်ခြားရပါတော့သည်။ အခြား နည်းလမ်းတစုံတစ်ရာများ ရှိနေပါသလား။

မိဘအချို့တို့သည် ဤကဲ့သို့ အခြေအနေ တွေ့ကြုံလာပါက ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ကာ စိတ်ခံစားမှု များပြားလွန်းသဖြင့် ဘာလုပ်၍ ဘာကိုင်ရမှန်း မသိ ဖြစ်နေလေတော့သည်။ အချို့က ဘုရားသခင်ကို အပြစ်တင်မည်။ တချို့က မိမိကိုယ်ကို မိမိ အပြစ်တင်မည်။ ကျွန်တော်ကိုယ်တိုင် သား သမီးများရှိသည့် ဘခင်တဦး ဖြစ်သောကြောင့် ကိုယ်ခြင်းစာမိသည်။ မည်မျှ ကြီးမားသော စိတ်ခံစားမှု များနှင့် နဘမ်းလုံးနေမည်ကို သင်ကိုယ်တိုင် စိတ်ထဲတွင် မြင်ယောင်ကြည့်ပါ။

နောက်ဆုံးတော့ သူဟာ ဘုရားသခင်ကို အားကိုးကာ ဆုတောင်လိုက်သလားဟု ကျွန်တော်တွေး မြင်ကြည့်လိုက်သည်။ “ဘုရားသခင် ကျွန်တော်ဟာ ကိုယ်တော်ရဲ့ အမှုတော်မြတ်မှာ အစွမ်းကုန် ကြိုးစားပါဝင်ခဲ့ပါတယ်။ အခုကျွန်တော်ဘာလုပ်သင့်ပါသလဲ။ ကျွန်တော့်ကို လမ်းပြပါ။ ကိုယ်တော်ရဲ့ လမ်းပြ သွန်သင်မည့် အရာကို ကျွန်တော်မျှော်လင့်နေပါတယ်။ ကျွန်တော်ကို သနားတော်မူပါ။”

အဲဒီလို ဆုတောင်းလိမ့်မလားလို့ ကျွန်တော် တွေးကြည့်မိပါသည်။ ဘုရားသခင်သည် သူ့ကို လမ်းပြလိုက်သည်။ သူသည် တစ်စုံတစ်ရာကို သတိရမိလိုက်သည်။ သူ၏ တရားဇရပ်တွင် ဂျူးလူမျိုး ယုံကြည်သူတွေ ပြောနေသော လူငယ် တရားဟော ဆ၇ာလေးလား၊ ပရောဖတ်လားမသိ၊ ထိုတစ်ယောက်ကို သတိရလိုက်သည်။ ထိုလူငယ်လေး ယေရှုသည် ဘာသာရေးဆရာတွေ၊ ကျမ်းတတ်တွေရဲ့ အမြင်ကို ပြောင်းလဲဘို့ ကြိုးစားနေသူ တစ်ဦးအဖြစ် ပတ်ဝန်ကျင်တွင် ပြောနေကြသည်။ ထို ယေရှုဆိုသော လူငယ်လေးသည် တရားဇရပ်များတွင် ရဲဝင့်စွာ တရားဒေသနာ တွေ ဟောပြောနေဟု ကြားဘူးသည်။ အချို့ မြို့များတွင် တရားဟောသည့်အခါ တစ်မြို့လုံး ကုန်မတတ် သွားကြသည်ကို ကြားဘူးသည်။ အထူးသဖြင့် ထိုလူငယ်လေးသည် ကျန်းမာခြင်းကို ပေးကြောင်း ကြားသိနေရသည်။ သူ့အားဖြင့် ကျန်းမာသွားကြသော လူများ အလွန်များပြားလှကြောင်း ကြားသိဘူးပါသည်။

သူသည် မွေးကတည်းကပင် ခြေလက်သေနေသူများကို အကောင်းပကတိ ပြန်လည်ဖြစ်စေသည်။ သင်းချိုင်းမှာ နတ်ဆိုးစွဲနေသော သူကိုလည်း ပြန်လည် ကောင်းမွန်စေသည်။ မင်္ဂလာဆောင်မှာလည်း ရေကို စပျစ်ရည်ဖြစ်စေခဲ့သည်။ အမျိုးစုံအောင် ထိုယေရှုဆိုသော လူငယ်လေး၏ သတင်းကို ကြားသိ နေရသည်။ ထိုလူငယ်သည် အမှန်တကယ် ပရောဖတ်လား။ တတ်ရောင်ကား ဆရာကြီးလားမသိ။ သို့သော်လည်း ကြားသိသလောက် ပြန်လည် သုံးသပ်ရသော် သေအံ့ဆဲဆဲ ဖြစ်သော သမီးအတွက် ကူညီနိုင်သောသူ ဖြစ်နိုင်ချေ ရှိသည်။

ထိုနောက် ယာဣရုသည် သခင်ယေရှုကို မည်သို့ စုံစမ်းလိုက်သည်ကို ကျွန်တော်မသိပါ။ တရားဇရပ်မှူး သိလာခဲ့သည်မှာ ဒီနေ့ ဒီမြို့ကလေးကို သခင်ရောက်လာမည်။ သူကိုယ်တိုင် သွားရောက် ပင့်ဖိတ်လိုက်မည်ဟု ပြင်ဆင်နေပါသည်။ သခင်ယေရှုသည် လှေပေါ်မှ ဆင်းလျှင်ဆင်းခြင်း များပြားလှသော လူအုပ်ကြီးသည် ကိုယ်တော်ကို စောင့်နေလျှက် ရှိပါသည်။ ကျမ်းစာထဲတွင် အလွန်များပြားသော လူအုပ်ကြီးဟု ဖေါ်ပြထားပါသည်။

ကျမ်းစာထဲတွင် သခင်ယေရှုအနားတွင် ယာဣရု ရောက်ရှိနေပါပြီ။ လူအုပ်ကြီးသည် ကိုယ်တော်၏ အနားတွင် တိုးကြိတ်လျှက် ရှိပါသည်။ သူသည် ကိုယ်တော် သခင်ယေရှုထံ ၀င်ရောက်ကာ “သခင် အားပါသလား၊ အားလျှင် ကျွန်တော်၏အိမ်သို့ ကျေးဇူးပြု၍ လိုက်ပေးပါ။” စသည်ဖြင့် မေးမြန် ခြင်းမပြုတော့ဘဲ အိမ်သို့ လိုက်လာပါရန် တောင်းဆိုလေတော့သည်။

ကျွန်တော် သေချာပေါက် ပြောနိုင်သောအရာ တစ်ခုတော့ရှိပါသည်။ ဤဖခင်ကြီးသည် သခင် ယေရှုနှင့် မတွေ့ခင် ကြိုတင် စဉ်းစားထားသည်။ သခင်နှင့် တွေ့လျှင် မည်သို့ ပြောဆိုရမည်ကို တွေးထားသည်။ ယဉ်ကျေး သိမ်မွေ့စွာ ပြောမည်၊ တောင်းပန်ပြီး ပြောဆိုမည်။ သို့သော် ကျွန်တော် တို့၏ တွေးခေါ် စဉ်းစားထားသမျှတို့သည် သခင်ယေရှု နှင့်တွေ့သောအခါ ပြတင်းပေါက် အပြင်ဘက်သို့ ထွက်စဉ် ပျောက်ဆုံးသွားလေတော့သည်။ သခင်ယေရှုကို တွေ့သည်နှင့် မျက်ရည် များက အလိုလို စီးဆင်းလာကာ အမှုတော်ဆောင် တဦး၏ ဣဒြေ သိက္ခာများပင် အလိုလိုမဆည်နိုင် တော့ဘဲ ခြေတော်ရင်းတွင် ဒူးထောက် ဦးညွှတ်ခြင်းဖြင့် ကူညီမှု ပြုပါရန် တောင်းဆိုလာ လေတော့သည်။ သခင်က အဖြေမပေးပါ။ အထပ်ထပ် တောင်းဆိုခဲ့သည်ဟု ကျမ်းစာထဲတွင် ဖော်ပြထားပါသည်။

ဘခင်ဖြစ်သော တရားဇရပ်မှူးက မည်မျှယုံကြည်ကြောင်း ပြောဆိုနေသော်လည်း ကိုယ်တောသည် သူ၏ ယုံကြည်ခြင်းကိုတော့ စမ်းသပ်လိုပါသေးသည်။ သူ၏ တောင်းဆိုမှုကို ကိုယ်တော်က မည်သို့ မျှ ပြန်လည် တုန့်ပြန်မှု မပြူခဲ့ချေ။ သို့သော် သူခေါ်ရာသို့ ချက်ချင်းလိုက်ပါခဲ့ကြောင်း ကျမ်းစာတော် မြတ်တွင် ဖေါ်ပြထားသည်။ သခင်ယေရှုသည် ဘခင်၏က တောင်းဆို လွန်းအားကြီးသော ကြောင့် လိုက်လာခဲ့သည့်တိုင် သူ၏ ယုံကြည်ခြင်း ကို မည်သို့မျှ မှတ်တမ်းတင်ထားခြင်း မရှိချေ။ ကျမ်းစာကို ပြန်လည်လေ့လာကြည့်ပါ။ အခန်းငယ် (၂၄)တွင် “ကိုယ်တော်သည် သူနှင့်အတူ သွား၍…..” ဟူသော အသုံးအနှုံးကို တွေ့ရပါသည်။ ကိုယ်တော်သည် ကောင်း၏ ဆိုး၏ မည်သို့မျှ ပြန်လည်တုန်ပြန်မှု မပြုဘဲ ချက်ခြင်းလိုက်လာခဲ့သည်ကို မြင်တွေ့ရပါသည်။

ဤနေရာတွင် ယာဣရု၏ ခံစားမှုမှာ အားရကျေနပ်နေကြောင်း သိမြင်နိုင်ပါသည်။ သူဖိတ်ကြား လိုက်သည့် ခဏမှာပင် ကိုယ်တော်က ချက်ခြင်းလိုက်လာခဲ့သည်မှာ အလွန် ၀မ်းမြောက်ဘွယ်ရာ ဖြစ်သည်မဟုတ်ပါလော။ သို့သော် ဆက်လက်ကြည့်လိုက်ပါဦး။ ကိုယ်တော်မြတ်သည် လမ်းခရီးတွင် လူအလွန်များသောကြောင့် တားဆီး ပိတ်ဆို့မှုကို ခံနေရသည်။ သခင်ယေရှုသည်လည်းကောင်း၊ ယာဣရုသည်လည်းကောင်း၊ တပည့်တော်များသည် လည်းကောင်း လမ်းတွင် ကြီးမားသော လူအုပ် ကြီးကို ကျော်ဖြတ်ရသည်မှာ မလွယ်ကူလှချေ။

ထိုအချိန်တွင် ရောဂါသည် အမျိုးသမီးတစ်ဦးသည် လှို့ဝှက်စွာလာ၍ ကိုယ်တော်၏ အ၀တ်တော်ကို တို့ထိလိုက်သည်။ ထိုအမျိုးသမီးသည် ယုံကြည်ခြင်းဖြင့် တို့ထိလိုက်ပါသည်။ သခင်သည် ပတ်ဝန်း ကျင်ကို လှည့်ကြည့်ပြီးနောက် တရားခံကို ရှာဖွေလိုက်သည်။ မေးခွန်း တစ်ခု မေးလိုက်သည်မှာ “ငါ့ကို ဘယ်သူ ထိသနည်း”။ တပည့်တော်များက ကိုယ်တော်ကို ပြန်လည် ပြောဆိုလိုက်သည်မှာ “ကိုယ်တော်ရယ် ဒီလောက် လူတွေများနေတာ ကိုယ်တော့်ကို ထိတာ အဆန်းလား၊ တစ်ယောက်နဲ့ တစ်ယောက် ထိမိမှာပေါ့။” သို့သော် ကိုယ်တော်က ပြန်လည် ပြောဆိုလိုက်သည်မှာ “မဟုတ်ဘူး။ ငါ့ကိုယ်က တန်ခိုးထွက်တယ်”

တနည်းအားဖြင့်ဆိုသော “တစ်ယောက်ယောက်က ငါ့ရဲ့ စွမ်းရည်တွေကို အမှီပြုပြီး တစ်ခုခု လုပ်သွားတယ်။” ဟူ၍ ဆိုနိုင်ပါလိမ့်မည်။

ယခု ဖခင်တဦး၏ ခံစားချက်ကို တခါပြန်လည်ကြည့်ကြပါဦးစို့။ သူသည် မိမိ၏ တစ်ဦးတည်းသော သမီးလေး သေမင်းတံခါးဝသို့ ရောက်ခါနီးဆဲဆဲတွင် ကြံရာမရ စိတ်ဂယောင်ခြောက်ခြား ဖြစ်ကာ သခင်ယေရှုထံသို့ အတင်း လူအုပ်ကြီးကို ဖြတ်ပြီး တောင်းပန်မှုပြုခဲ့ရသည်။ သူသည် ကိုယ်တော်ကို အလျှင်အမြန် အိမ်သို့ ခေါ်သွားချင်သည်။ ခဏလေးတောင်မှ အချိန်မဖြုန်းချင်ပါ။ အိမ်ကို မြန်မြန်ရောက်ဘို့လိုသည်။ သမီးလေး အသက်မသေမီ ကိုယ်တော်က ကြိုတင်ရောက်မှ ဖြစ်လိမ့်မည်။ သမီးလေး၏ အခြေအနေမှာ အချိန်မရွေး သေဆုံးသွားနိုင်သည်။ ကြည့်ပါ။ အမျိုးသမီးတစ်ဦးသည် လမ်းခရီးတွင် ခိုးကြောင်ခိုးဝှက်ရောက်လာကာ ယုံကြည်ခြင်းဖြင့် တို့ထိသည်ဟု ဆိုကာ သခင်ထံမှ သခင်၏ စွမ်းရည်များကို တိတ်တခိုး ယူဆောင်လေသည်။ ထိုသို့ သူမ၏ လုပ်ဆောင်မှုကို ကိုယ်တော်ကလည်း သဘောကျ နှစ်ခြိုက်နေပုံ ရပါသည်။ လမ်းခရီးတွင် ကိုယ်တော်က လူမှုရေး အမှုတော်ကို ဆောင်ရွက်နေပြန်ပါသည်။ ထိုအရာများ အားလုံးကို ယာဣရု မြင်တွေ့နေရပါသည်။ စိတ်မရှည်နိုင်တော့ပါ။ သူ့ကိစ္စက ပိုအရေးကြီးသည်မဟုတ်ပါလော။ စိတ်ထဲတွင် တွေးနေသောအရာ များစွာ ရှိနေပေလိမ့်မည်။

ဒါမတရားဘူး။

ဒီအမျိုးသမီက ခံစားနေရတာ (၁၂)တောင်ရှိနေပြီး။ သေလောက်တဲ့ ပြဿနာလည်း မဟုတ်ဘူး။ ကျွန်တော့်သမီးက တကယ်သေရမည့် အချိန်ရောက်နေပြီ။

ကျွန်တော်က ကိုယ်တော့်ထံမှာ အရင်ရောက်တဲ့သူပါ။

ကျွန်တော့်အိမ်ကို အရင်လိုက်ပြီး သမီးကိစ္စကို အရင်ဆောင်ရွက်ပြီးမှ ဒီအမျိုးသမီးရဲ့ ပြဿနာကို ဆက်လက် ဆောင်ရွက်သင့်ပါတယ်။

ဒီအမျိုးသမီက မသန့်ရှင်းပါဘူး။ ဒီနေရာတောင် မရှိသင့်ပါဘူး။

ဒီအချိန်မှာ ၀တ်ပြုရာကျမ်းထဲက ကျမ်းပိုဒ်တစ်ခုမှာ သွေးထွက်နေတဲ့ ဒီမိန်းမဟာ မသန့်ရှင်း ဘူးလို့ ဖော်ပြထားတယ်မဟုတ်လား။

ပညတ်တော်အရဆိုလျှင် ဒီမိန်းမဟာ ကျောက်ခဲနဲ့တောင် ပေါက်ပြီး သတ်ရမယ်မဟုတ်လား။

ယခုကဲ့သို့ ကြန့်ကြာနေခြင်းကို သင်မည်ကဲ့သို့ ထင်မြင်သည်ကို ကျွန်တော်မသိပါ။ ကျွန်တော့်ထံတွင် ထိုကဲ့သို့ ကြန့်ကြမှုများအတွက် ကျေးဇူးတော် ချီးမွမ်းစရာတွေ ရှိနေပါသည်။ ထိုကြန့်ကြာမှုထဲတွင် သင်ယူစရာပေါင်း မြောက်များစွာ ရှိနေပါသည်။ ရာထူးတတ်ဘို့ တစ်စုံတစ်ခုသော အချိန်ကို စောင့်ရသည် မဟုတ်လော။ ကျန်းမာခြင်းဆိုတာကို ရနိုင်ဘို့ တစ်စုံတစ်ရာသော အချိန်ကို စောင့်ရသည် မဟုတ်ပါလော။ ပြဿနာတွေ ပြေလည်ဘုိ့ တစ်စုံတစ်ရာ အချိန်ကို စောင့်ဆိုင်းရသည် မဟုတ်ပါလော။ ထိုကဲ့သို့ စောင့်ဆိုင်းရသည့် (နှောင့်နှေးနေရသည့်) အချိန်ကြုံ လာတိုင်း မိမိ အခြေအ နေများကို ပြန်လည် စစ်ဆေးခွင့် ရနိုင်သည်မဟုတ်ပါလော။ လူတို့၏ စိတ်သဘာဝအရ ပြဿနာ၊ အဆင်မပြေမှုများ ကြုံတွေ့လာပါ အလျှင်အမြန် ပြေလည်ချင်ပါသည်။ ထိုသို့ မပြေလည်သည့် တိုင်အောင် ဘုရားသခင်၏ ကျေးဇူးတော်ကတော့ လုံလောက်လျှက် ရှိသည်ဟု ကျွန်တော် ဆိုချင်ပါ သည်။

ယခုကဲ့သို့ စောင့်ဆိုင်းနေရသော ယာဣရု၏ ဘ၀ထဲတွင် သူ၏ ယုံကြည်ခြင်းကို တဆင့်မြင့်လာနိုင်မည့် အခြေအနေကို တွေ့ကြုံခွင့်ရပါသည်။ သူ၏ ပုံမှန်ဖြစ်ရမည့် အစီအစဉ်ထဲတွင် တစ်ဆယ်နှစ်နှစ်ပတ်လုံး သွေးသွန်ရောဂါစွဲနေသည့် မိန်းမက ၀င်ရောက်နေရာယူသွားသည်။ ထိုမိန်းမသည် ငွေတွေကုန်ပြီး ဆေးသမား (ဒေါက်တာ) စုံနေသော်လည်း ရောဂါက ပျောက်ကင်းသွားခြင်း မရှိချေ။ ကျမ်းစာက ပြောသည်မှာ ရောဂါ ပိုဆိုးလာသည်ဟု ဆိုပါသည်။ ဤနေရာတွင် သခင်ယေရှုသည် တန်ဘိုးရှိလှသော အချိန်များကို သေအံ့ဆဲဆဲဖြစ်သော သမီးဖြစ်သူအတွက် အသုံးပြုရမည့်အစား ပညတ်တော်အရ အပြစ်ရှိပြီး ပယ်ထားရမည့် အမျိုးသမီး တစ်ယောက်အတွက် အသုံးပြုနေသည်။

ဤနေရာတွင် သခင်ယေရှုသည် လူပုဂ္ဂိုလ်များကို အားနာမှု လုံးဝမရှိကြောင်း သက်သေပြလျှက် ရှိပါသည်။

ကိုယ်တော်သည် ချမ်းသာကြွယ်ဝသူများ၊ အရာရှိများကိုလည်း ဘုရားသခင်ကို ယုံကြည်စေရန် ကြည့်ရှုသည်။ ဂရုစိုက်သည်။

ကိုယ်တော်သည် ဆင်းရဲနွမ်းပါးသူများ၊ အပယ်ခံများကိုလည်း ဘုရားသခင်ကို ယုံကြည်လာစေရန် ကြည့်ရှုသည်။ ဂရုစိုက်သည်။

ကိုယ်တော်သည် ယာဣရု၏ ယုံကြည်ခြင်းကိုလည်း တုန့်ပြန်မှုပြုသလို၊ ဆင်းရဲသား အပယ်ခံ မိန်းမတစ်ဦး၏ ယုံကြည်ခြင်းကိုလည်း ဂရုစိုက်ခဲ့သည်။

ကိုယ်တော်သည် ချမ်းသာကြွယ်ဝသောသူများ သက်သက်ကိုသာမကြည်ဘဲ အခြေအနေအားလုံး အတွက် ကြည်ရှုပေးသည်မှာ သေချာလေသည်။

လုံလောက်သော ယုံကြည်ခြင်း ရှိသောသူတိုင်းကို ရှာဖွေကြည့်ရှုပေးလျှက်ရှိပါသည်။

ယာဣရုအကြောင်း ဆက်လက်ကြည့်ကြပါစို။ သူသည် အလွန်ဝမ်းမြောက်ခြင်း ခံစားနေရမည်မှာ သေချာပါသည်။ သူအားကိုး မြှော်လင့်ယုံကြည်သော ခရစ်တော်၏ အစွမ်းအစကို မြင်သောအခါ အလွန်အားရ ကျေနပ်လျှက် ရှိသည်။

သူ၏ ၀ိညာဉ်သည် လေထဲမှာ ၀ဲလွှင့် ပျံသန်းနေသယောင် ပေါ့ပါး လန်းဆန်းနေလိမ့်မည်။ သူ့ကိုယ်သူလည်း သခင်၏ ကျန်မာခြင်း တန်ခိုးတော်နှင့် ပတ်သတ်ပြီး သက်သေခံလျှက် ရှိနေပါသည်။ ယခုအခါ မိမိသမီး၏ ကျန်မာရေး အတွက် စိတ်ချမှု အပြည့် ရှိသွားပါပြီး။ သို့သော် စာတန်သည် သတင်းကောင်းအတွက် ၀မ်းမြောက်လျှက် ရှိသောသူတို့ကို ကြာကြာ ၀မ်းမြောက်နိုင်သော အခွင့် မပေးခဲ့ချေ။ သတင်းစကားတခု ရောက်လာခဲ့ပါသည်။ ထိုသတင်းစကားကြောင့် ကျောက်တုံကဲ့သို့ ခိုင်ခန့်နေသော သူ၏ ကမ္ဘာလေးသည် ရုတ်တရက် ဆပ်ပြာဘူဘောင်းလေးပမာ လွှင့်စင် ပျောက်ပျက်သွားခဲ့လေသည်။

သခင်ယေရှုသည် ထိုအမျိုးသမီးနှင့် စကားပြောနေခိုက် ယာဣရု၏ အိမ်မှ လူတစ်ယောက် ရောက်ရှိ လာပြီး သတင်းစကားတစ်ခု ပေးပို့လာသည်။ ထိုသတင်းစကားမှာ “ကိုယ်တော်၏ သမီး သေဆုံး သွားပါပြီး။ သခင့်ကို ဒုက္ခမပေးပါနဲ့တော့။” ထိုသတင်းစကားကို သခင် ယေရှု ကိုယ်တိုင်လည်း ကြားခဲ့ လေသည်။ ထိုအခါ တုန်လှုပ် ချောက်ခြားနေသော ဘခင်ဘက်သို့ လှည်ပြီးနောက် ရုတ်တရက် ပြောလိုက်သော စကားသည်ကား “မကြောက်ပါနဲ။ ယုံကြည်ခြင်း တခုသာ ရှိပါလော့” ဟူ၍ ဖြစ်သည်။ အဓိပ္ပါယ်မှာ “လုံးဝ မတုန်လှုပ်ပါနှင့်။” ဟု ဆိုလိုခြင်း ဖြစ်ပါသည်။ ထိုစကားကို သခင်ယေရှုသည် သတင်းဆိုးကို ရုတ်တရက် ကြားလိုက်သည့် ခဏခြင်းတွင် ပြောလိုက်ခြင်း ဖြစ်ကြောင်း သမ္မာ ကျမ်းစာက ပြောဆိုထားပါသည်။

ကျွန်ုပ်တို့သည် မကောင်းသော သတင်း တစ်စုံ တစ်ရာကို ကြားပြီ ဆိုပါက ကျွန်ုပ်တို့၏ ယုံကြည် ခြင်းသည် အမြဲတမ်း ကျဆင်း သွားလေ့ရှိသည်။ သို့သော် သခင်သည် ကျွန်တော်တို့၏ ယုံကြည်ခြင်း ကို အနည်းငယ်မျှပင် လျော့နည်းရန် အလိုတော် မရှိချေ။ သတင်းဆိုး ကြားသည်နှင့် တပြိုင်နက် ကိုယ်တော်သည် ချက်ခြင်း တုန့်ပြန်လိုက်သည်မှာ “မကြောက်နှင့်။ ယုံကြည်ခြင်း တခုသာ ရှိစေလော့။” ဟူ၍ ချက်ခြင်း တုန့်ပြန်ခဲ့လေသည်။ ထို့ကြောင့် သတင်းဆိုးကြားသည်နှင့် တပြိုင်နက် နှုတ်ခပတ်တော်က ဘာပြောသလဲ ဆိုသည်ကို ချက်ခြင်း ရှာဖွေဘို့ လိုအပ်ပါသည်။ သို့သော် လူတို့သည် သတင်းဆိုး ကြားသည့်အခါတိုင်း အောက်ပါ အပြုအမူတို့ဖြင့် တုန့်ပြန်လေ့ ရှိပါသည်။

စိတ်ဓါတ်ရေးရာ ကျဆင်းသွားသည်။

အော်ဟစ် ငိုကြွေးမည်။

တစ်ဦးကို တစ်ဦး အပြစ်တင်ကြမည်။

တယ်လီဖုန်းဆက်ကာ တစ်စုံတစ်ယောက်ကို အကြောင်းကြား အကူအညီယူမည်။

မိမိကိုယ်ကို မိမိ အပြစ်တင်မည်။

ယုံကြည်သူဆိုပါက အထက်ပါတို့ကို လုပ်ဆောင်ပြီးမှ သခင်ယေရှုကို သတိရမည်။ နောက်ဆုံးအချိန်ကျမှ အရေးကြီးသည့် ကျွန်ုပ်တို့၏ သခင် ယေရှုထံတွင် နှုတ်ခပတ်တော်အားဖြင့် ခွန်အားယူကြမည်။ မည်သို့ပင် ဖြစ်စေ သခင်ယေရှုထံတွင် ကျွန်တော်တို့အတွက် ၀မ်းမြောက်စရာ သတင်းစကားနှင့် နှစ်သိမ့်ခြင်း စကားများ ရှိနေပါသည်။

ယာဣရု အနေဖြင့် သခင် ယေရှုနှင့် ပတ်သတ်ပြီး ခံစားမိသော ယုံကြည်ခြင်း တရား အချို့ ရှိနေပါသည်။ သေခြင်းတရား ဆိုသည်မှာ ဖျားနာခြင်း ဆိုသောအရာထက် ပိုမို စိမ်ခေါ်နေသော အချက် တချက် မဟုတ်ချေ။ သခင့်ထံတွင် တန်ခိုးရှိနေသည် ဆိုခြင်းကြောင့် ထွက်ခွာသွားသော အသက်ကိုလည်း ပြန်လည် ပေးစွမ်းနိုင်ပါ သည်။ ယုံပါသည်။ သခင့်ထံတွင် ထိုအစွမ်းတန်ခိုးများ ရှိနေသည် မိမိ၏ သမီးကို ပြန်လည် အသက်ရှင်စေမည်။ ထို့ကြောင့် သခင်ယေရှုက “မတုန်လှုပ်ပါနှင့်” ဟု ပြောလာသော စကားကို ယုံကြည်သည်။ သင့်ကိုလည်း သခင်ယေရှုက ပြဿနာ အသီးအသီးတွင် သူနှင့် အတူ လျှောက်လှမ်းရန် တောင်းဆိုနေပါသည်။ ကိုယ်တော်နှင့် အတူ လျှောက်လှမ်းရန် လုံလောက်သော ယုံကြည်ခြင်း ရှိနေပါသလား။”

သင်ကိုယ်တိုင် အောက်ပါ အဖြစ်အပျက်များ ရင်ဆိုင်လာရပါက သင်မည်ကဲ့သို့ ဖြေရှင်း အသက်ရှင်ပါမည်နည်း။

သင်သည် ဆိုးသည်ထက် ဆိုးလာသော အခြေအနေတစ်ခုကို ရင်ဆိုင်လာရပါက မည်သို့ လုပ်ဆောင်မည်နည်း။

သင်၏ အိမ်ထောင်ရေး ဆိုးသည်ထက် ဆိုးလာပါက သင်မည်ကဲ့သို့ လုပ်ဆောင်ပါမည်နည်။

သင်၏ အလုပ်တွင် ဆိုးသည်ထက် ဆိုးလာပါက သင်မည်ကဲ့သို့ လုပ်ဆောင်ပါမည်နည်း။

သင်၏ ကလေးများ ဆိုးသည်ထက် ဆိုးလာပါ သင်မည်ကဲ့သို့ လုပ်ဆောင်ပါမည်နည်း။

သင်၏ ငွေရေးကြေးရေး အခြေအနေ ဆိုးသည်ထက် ဆိုးလာပါ သင်မည်ကဲ့သို့ လုပ်ဆောင်ပါမည်နည်း။

သင်သည် မတရားသော စွပ်စွဲမှုများဖြင့် စွပ်စွဲလာပါက သင်မည်ကဲ့သို့ လုပ်ဆောင်ပါမည်နည်း။

ဤနှုတ်ခပတ်တော် ဆင်ခြင်မှုအရ ကျွန်တော်ကို သခင်ပြောခဲ့သည်မှာ ကိုယ်တော်နှင့် အတူ လျှောက်လှမ်းရန် လုံလောက်သော ယုံကြည်ခြင်း ရှိနေပါသလား။”။ ကျွန်တော်တို့ ရင်ဆိုင်နေရသော ဆိုးသည်ထက် ဆိုလာသော အခြေအနေတခုကို ရင်ဆိုင်ရချိန်တွင် ကျွန်တော်တို့သည် ဘုရားသခင်၏ နှုတ်ခပတ်တော်က ပြောနေသော အရာကို သင်၏ နှလုံးသားထဲတွင် ထိုးဖောက် ၀င်ရောက်ခွင့် ပြုနိုင်ပါသလား။ ယာဣရုကို ပြောလိုက်သော စကားသည် ကျွန်ုပ်တို့ကိုလည်း ပြောနေသယောင် ခံစားမိပါသည်။ ကိုယ်တော်နှင့် အတူ လျှောက်လှမ်းရန် လုံလောက်သော ယုံကြည်ခြင်း ရှိနေပါသလား။”

ယာဣရု၏ နှလုံးသားနှင့် စိတ်ခံစားမှုများကို သတင်းဆိုး မကြားမီကပင် ကြီးမားသော ယုံကြည်ခြင်းနှင့် တို့ထိ ခံစားပြီး ဖြစ်သောကြောင့် နောက်ထပ် ဖြစ်ပျက်လာမည့် အရာတို့အတွက် ကြိုတင် ခံစား ယုံကြည်ပြီး ဖြစ်ပေတော့မည်။

ကျွန်ုပ်တို့ သိရှိရမည့်အချက်တခုမှာ သခင်ယေရှုသည် မည့်သည့်အခါမျှ ဈာပန အစီအစဉ်များကို မပြုလုပ်ခဲ့ချေ။ သခင်ယေရှု၏ အစီအစဉ် ဇယားထဲတွင် သေခြင်း ဆိုသည်မှာ မရှိချေ။ ယခု ယာဣရု၏ အိမ်သို့ သွားရောက်သည့် အစီအစဉ်သည် ဈာပန အစီအစဉ် ပြုလုပ်ရန်မဟုတ်ကြောင်း နားလည်ထားပါ။ ဖခင် ကိုယ်တိုင်လည်း သိမည်ဟု ထင်ပါသည်။ သခင် အိမ်သို့ လိုက်လာခဲ့ခြင်းမျာ အသုဘ အစီအစဉ် ပြုလုပ်ရန် မဟုတ်ကြောင်း သိရှိနေပါသည်။

သခင်ယေရှုက ပြောနေပါသည်။ “ငါနှင့်အတူ လျှောက်လှမ်းဘို့ လုံလောက်သော ယုံကြည်ခြင်း သင့်မှာ ရှိသလား” အခန်းငယ် ၂၄ ကိုကြည့်ပါ။ “ကိုယ်တော်သည် သူနှင့်အတူသွား၍ . . . ” အငယ် ၃၆ “မ ကြောက်ကြနှင့်။ ယုံကြည်ခြင်း တခုသာ ရှိစေလော့”

ကိုယ်တော်နှင့် အတူ လျှောက်လှမ်းနေသ၍ “ကျွန်ုပ်တို့တွင် အချိန်နှောင်းသွားပြီ” “နောက်ကျသွားပြီ” “လွန်သွားပြီ” ဆိုသည့် စကားလုံးများ မရှိပါ။ ယာဣရု ကြားသိရသော သတင်းစကားသည် သတင်းဆိုး ဖြစ်သော်လည်း ကိုယ်တော်ကို ယုံကြည်သောသူတို့အတွက် အဆိုးထဲတွင် အကောင်းများ အစဉ်လွှမ်းမိုးလျက် ရှိသည်။ လူတို့သည် ယခုအချိန်တွင် ကိုယ်တော်ရောက်လာသော်လည်း အကျိုးမရှိဟု ခံစားယုံကြည်နေကြ သည်။ ကိုယ်တော်သည် ထိုအခြေအနေမျိုးတွင် မည်သို့မျှ မတတ်နိုင်သောသူမဟုတ်။ အခြေအနေ အမျိုးမျိုးတွင် တတ်နိုင်သော အရှင်ဖြစ်သည် မဟုတ်ပါလော။

ကိုယ်တော်သည် ယာဣရု၏ အိမ်သို့ ရောက်သောအခါ သေဆုံးသွားသော သမီးငယ်၏ အခန်းသို့ ၀င်ရောက်ကာ သမီးငယ်၏ လက်ကို ဆွဲကိုင်လျှက် “မိန်းမငယ်၊ ထလော့” ဆိုသည်နှင့် သေဆုံးနေသော မိန်းမငယ်လေးသည် ပြန်လည်ထမြောက်လာကြောင်း တွေ့ရှိရပါသည်။ သင်ကိုယ်တိုင် ခံစားကြည့်ပါ။ ယာဣရုသည် ခံစားရသော ကောင်းကြီးမင်္ဂလာအတွက် မည်မျှ ကျေနပ် ၀မ်းမြောက်နေပါမည်နည်း။

သင်၏ ဘ၀ အသက်ရှင်မှု ထဲတွင် ထိုကောင်းကြီး မင်္ဂလာကို ရယူ ခံစားနိုင်ပါသည်။ ယာဣရုသည် ဖြစ်ပျက်သမျှ အရာများကို ပြန်လည် စဉ်စားကြည့်လိုက်တိုင်း ကျေနပ်အားရ ၀မ်းမြောက်ခြင်းကို ခံစားရပေလိမ့်မည်။ မည်မျှပင် ပြဿနာ ဆိုးရွား ကြီးထွားနေစေကာမူ ကိုယ်တော်နှင့် လျှောက်လှမ်းလိုသော စိတ်နှလုံး အပြည့်အ၀ ရှိနေပါသည်။ ထိုစိတ်နှလုံးသည် ကိုယ်တော်နှင့် အတူ လျှောက်လှမ်းလိုသည့် ယုံကြည်ခြင်း ပင်ဖြစ်သည်။ ယာဣရုတွင် လုံလောက်သော ယုံကြည်ခြင်း ရှိနေပါသည်။ ကျွန်ုပ်မေးပါရစေ။ သင့်မှာ ကိုယ်တော်နှင့်အတူ လျှောက်လှမ်းရန် လုံလောက်သော ယုံကြည်ခြင်း ရှိနေပါသလား။ ထိုမေးခွန်းကို ကိုယ်တော်က သင့်ကို မေးခဲ့လျှင် သင်မည်ကဲ့သို့ ဖြေပါမည်နည်း။

သခင်ယေရှုက သင့်ကိုပြောနေပါသည်။ ယနေ့ပင် နားထောင်ပါ။

မင်းငါနဲ့အတူလျှောက်လှမ်းဘို့ လုံလောက်တဲ့ ယုံကြည်ခြင်း ရှိသလား။ ငါဟာ သင့်ရဲ့ အိမ်ထောင်ရေးကို ပြန်လည်တည့်မတ် ကောင်းမွန်စေနိုင်သောသူ ဖြစ်တယ်။

မင်းငါနဲ့အတူလျှောက်လှမ်းဘို့ လုံလောက်တဲ့ ယုံကြည်ခြင်း ရှိသလား။ ငါဟာ သင့်ရဲ့ ငွေရေး ကြေးရေး ပြဿနာ တွေကို ပြန်လည် ကောင်းမွန် စေနိုင်သောသူ ဖြစ်တယ်။

မင်းငါနဲ့အတူလျှောက်လှမ်းဘို့ လုံလောက်တဲ့ ယုံကြည်ခြင်း ရှိသလား။ မင်းငါနဲ့ အတူ လျှောက်လှမ်းမယ်ဆိုရင် သေဆုံးနေတဲ့ မင်းရဲ့ မျှော်လင့်ခြင်းတွေကို ပြန်လည် ထမြောက်စေမည့်သူ ဖြစ်ပါတယ်။

မင်းငါနဲ့အတူလျှောက်လှမ်းဘို့ လုံလောက်တဲ့ ယုံကြည်ခြင်း ရှိသလား။ မင်းရဲ့ ဆုံးရှုံးနေတဲ့ အလုပ်တွေကို ပြန်လည်အောင်မြင်စေနိုင်တဲ့ အရှင်ဖြစ်တယ်။

မင်းငါနဲ့အတူလျှောက်လှမ်းဘို့ လုံလောက်တဲ့ ယုံကြည်ခြင်း ရှိသလား။ မင်းကြည့်နေတဲ့ လောကအရာတွေဟာ အစစ်အမှန် တွေမဟုတ်ပါဘူး။

မင်းငါနဲ့အတူလျှောက်လှမ်းဘို့ လုံလောက်တဲ့ ယုံကြည်ခြင်း ရှိသလား။ မင်း နောက်ကျသွားပြီလို့ တွေးထင်နေတဲ့ အရာတွေဟာ မူလထက် ကောင်းမွန်ထက် အစီအစဉ်တွေနဲ့ ပြန်လည် လည်ပတ်စေမယ်။

မင်းရဲ့ ယုံကြည်ခြင်းတွေ မပျောက်ဆုံးပါစေနဲ့။

သင့်ရဲ့ အမြင်ကို အားမကိုးပါနဲ့။ ယုံကြည်ခြင်းနဲ့ လျှောက်လှမ်းပါ။

အခြား ပတ်ဝန်းကျင်က ပြောဆိုနေတာတွေကို နားမထောင်ပါနဲ့။ ကိုယ်တော်ကိုသာ ယုံကြည်ခြင်းတွေနဲ့ အရာရာကို ရင်ဆိုင်လိုက်စမ်းပါ။

ဘုရားသခင် ကောင်းကြီးပေးပါစေ။

မင်းလွင်

ကိုးမိုင် ခရစ်ယာန်အသင်းတော်

၁၀။ကိုးကွယ်ခြင်းတန်ခိုး ( ၂၀၁၂ )

သန်းခေါင်အချိန်၌ ပေါလုနှင့် သိလတို့သည် ပဌနာပြု၍ ဘုရားသခင်ကို ချီးမွမ်းလျက် သီချင်းဆိုလေ၏။ ထောင်ထဲ မှာ နှောင်ဖွဲ့ခြင်း ကို ခံရသော သူတို့သည် နားထောင်ကြ၏။ ထိုခဏခြင်းတွင် မြေကြီး သည် ပြင်းစွာ လှုပ် သော ကြောင့် ထောင်ခြေရင်းလည်း လှုပ်ရှား၏။ တံခါးရှိသမျှတို့သည် ချက်ခြင်းပွင့်၍ လူအပေါင်းတို့ သည် နှောင့်ဖွဲ့ခြင်းနှင့် ကင်းလွတ်ကြ၏။ (တမန် ၁၆း၂၅-၂၆)

ကျမ်းစာထဲတွင် ပေါလုနှင့် သိလတို့သည် တရားမျှတမှုကင်းမဲ့စွာဖြင့် ဖမ်းဆီးနှိပ်စက်ခြင်းခံနေရကြသည်။ အကြောင်းမှာ အနာဂတ်ကို ဟောပြောနိုင်သော မိန်းကလေးငယ်တစ်ယောက်၏ အထဲမှ နတ်ဆိုကို နှင်ထုပ် လိုက်သောကြောင့်ဖြစ်သည်။ ထိုနတ်ဆိုးမျိုး ပိုင်သွန်ဝိညာဉ် (Python spirit) ဟုခေါ်ပါသည်။ ထိုမိန်းကလေး သည် နတ်ဆိုး၏ ထိန်းချုပ်မှု အောက်တွင် ရောက်ရှိနေခဲ့ပြီး ထိုနတ်ဆိုးမှတဆင့် သတင်းစကားများကို ရရှိနေခဲ့ ပြီး လူတို့၏ အနာဂတ်ကို ဟောပြောကာ သူမ၏ ဆရာသခင်များကို စီးပွားဖြစ်ထွန်းစေသူ တစ်ဦးဖြစ်သည်။ ထိုမိန်းကလေးသည် ပေါလုနှင့် သိလတို့နောက်သို့ပြီး သူတို့၏ အခြေအနေမှန်ကို အော်ဟစ်ပြောဆိုနေခဲ့သည်။ သို့သော် အခြေအနေမှန်ဆိုရာတွင် ဘုရားသခင်ကို လှော်ပြောသရော်လိုသော စိတ်ဓါတ်ဖြင့်သာ ပြောဆိုနေ ခြင်း ဖြစ်သည်။ ထို့ကြောင့် ပေါလုနှင့် သိလတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ တံခိုးကို အသုံးပြုကာ ထိုမိန်းကလေး၏ အထဲမှ နတ်ဆိုးကို နှင်ထုပ်လိုက်လေတော့သည်။ ထိုကြောင့် သူမ၏ ဆရာသခင်များက ဝင်ငွေ ရရှိစေနိုင်သည့် နည်းလမ်း ပိတ်သွားလေတော့သည်။ ထို့ကြောင့် မကြေမနပ်ဖြစ်ကာ ရုံးတွင် ဖမ်းဆီးပြီး ရိုက်နှက်ကာ ထောင်ထဲသို့ ပို့ထားလိုက်လေတော့သည်။ သူတို့သည် ထောင်ထဲတွင် နာကျင်မှု ဝေဒနာများကို ခံစားရသည်သာမက လက်ခြေတို့ကိုလည်း လှုပ်ရှား၍မရနိုင်ရန် သံကြိုး၊ သံခြေကျင်းတို့ဖြင့်လည်း ချည်းနှောင် ထားလိုက်လေသည်။ သူတို့ကို ခိုင်ခန့် လုံခြုံသော အချုပ်ခန်းတွင် ထည့်ထားပြီး အစောင့်များလည်း ချထား လိုက်သည်။

ထိုအခြေကို မျက်စိတွင် မြင်အောင်ကြည့်လိုက်ပါ။ သူတို့သည် ကိုယ်လက်များ နာကျင်ကိုက်ခဲ နေမည်။ သွေလေ လည်ပတ်၍မရနိုင်အောင်လည်း ချည်နှောင်ထားမည်။ လှုပ်ရှား၍လည်း မရ ဖြစ်နေမည်။ အခြေအနေ မှာ ညည်းတွားနေရုံမှအပ ဘာမျှ မတတ်နိုင်သည့် အခြေအနေ ဖြစ်သည်။ ညပိုင်းသို့ ရောက်လာသောအခါ ပတ်ဝန်းကျင်ကလည်း တစ်ဖြေးဖြေး မှောင်မိုက်ဖုံးလွှမ်းလာပေမည်။ ထောင်ဆိုသည်မှာ သန့်ရှင်းသော နေရာ တစ်ခုမဟုတ်သဖြင့် ညစ်ပတ် နံစော်သော နေရာတစ်ခု ဖြစ်နေပေမည်။ ထိုနေရာတွင် ကြမ်းပိုးများ၊ ကြွက်များ၊ ခိုလှုံနေထိုင်ရာလည်း ဖြစ်နိုင်သည်။ မည်မျှ ဆိုးရွားလိုက်သည့် နေရာဖြစ်ပါသနည်း။ ထိုအခြေအနေတွင် ပေါလုနှင့် သိလတို့သည် ညည်းတွားရမည့်အစား ဘုရားသခင်ကို အော်ဟစ်ချီးမွမ်းလိုက်လေတော့သည်။ ခံစား ရသမျှကို ဒုက္ခဟု ခံစားမနေတော့ပါ။ ချီးမွမ်းစရာဟုပင် ခံစားအောက်မေ့လိုက်တော့သည်။ နာကျင်နေသော လူ နှစ်ယောက်သည် ဆိုရွားနံစော်နေသော နေရာမှ အမှောင်တကာ့ အမှောင်ထဲမှာပင် အမြင့်ဆုံးသော ဘုရားကို အော်ဟစ်ချီးမွမ်းလိုက်လေသည်။

ထိုသူတို့သည် ရူးသွပ်သွားခြင်း မဟုတ်ကြောင်း သိစေချင်ပါသည်။ သံသယ မရှိပါနှင့်။ ဘေးတွင် ရှိနေသော သူတို့နှင့်အတူ ထောင်ကျနေသော လူများက သူတို့၏ အသံကို ကြားသောအခါ အော်ဟစ်ဆဲဆိုကောင်း ဆဲဆို နိုင်ပါသည်။ အခြေအနေဆိုးထဲတွင် ဘုရားကို ချီးမွမ်းနေသောကြောင့် ရူးမိုက်နေသူများဟု ထင်မြင် ကောင်း ထင်မြင်နေပေလိမ့်မည်။

ပေါလုနှင့် သိလတို့သည် ချီးမွမ်းကိုးကွယ်ခြင်း၏ တန်ခိုးကို နားလည်သဘောပေါက်ပြီး ဖြစ်သည်။ သူတို့သည် သူတို့၏ အခြေအနေကို သဘောပေါက်ထားပြီး မည်သို့ပင် အခြေအနေက ဖြစ်နေစေကာမူ ကိုးကွယ် ခြင်း၏ တန်ခိုးက ပြောင်းလဲမသွားကြောင်း သိထားပါသည်။ သူတို့က အသေအချာ နားလည်ထားသည်မှာ ပျက်စီးခြင်း တံပိုးမှ လွတ်မြောက်စေသည့်အရာမှာ ချီးမွမ်းကိုးကွယ်ခြင်းသာ ဖြစ်ကြောင်း ယုံကြည်ထားပါသည်။ လက်ရှိ မှောင်မိုက်တွင်းထဲမှ အခြေအနေကို ပြောင်းလဲလိုလျှင် ဘုရားသခင်ကို ကိုးကွယ်ခြင်းအမှု ပြုရမည် ဖြစ်ကြောင်း နားလည် ထားသည်။ သူတို့သည် ချီးမွမ်းကိုးကွယ်မှုကို ပြုလုပ်လိုက်လျှင် ကောင်းကြီးမင်္ဂလာများ သက်ရောက် လာမည် ဖြစ်ကြောင်း ယုံကြည်ထားပါသည်။

ကျမ်းစာတွင်ဖော်ပြထားသည်မှာ “ထိုခဏခြင်းတွင် မြေကြီးသည် ပြင်းစွာလှုပ်သောကြောင့် ထောင်ခြေရင်း လည်း လှုပ်ရှား၏။ တံခါးရှိသမျှတို့သည် ချက်ခြင်းပွင့်၍ လူအပေါင်းတို့သည် နှောင့်ဖွဲ့ခြင်းနှင့် ကင်းလွတ်ကြ၏။” ဟူ၍ ရေးသားထားပါသည်။

စာတန်ကလည်း သူ့ကိုကိုးကွယ်စေချင်သည်။။

ကြည့်ပါ။ ။ ဤလောကသည် လူများကို ချီးမွမ်ကိုးကွယ်ခြင်းဆိုသည့် အရာထဲတွင် အရေမရ အဖတ်မရ နစ်မြုတ်နေကြောင်း နားလည်သဘောပေါက်နေကြသည်။ သေချာစွာ စဉ်းစားကြည့်ပါ။ သင်ဟာ တစ်ခုခု မရခဲ့ရင် ချီးမွမ်းကိုးကွယ်ရန် ရည်ရွယ်ချက် တစ်စုံတစ်ရာလည်း မရှိပါ။ ရှင်မဿဲ အခန်းကြီး (၄) တွင် သခင် ယေရှုသည် ရက်ပေါင်းလေးဆယ် အစာရှောင်သည်။ ထိုအချိန်တွင်လည်း တောထဲ၌ စာတန်၏ စုံစမ်း သွေးဆောင်ခြင်း ကိုခံယူခဲ့ရသည်။ ထိုအဖြစ်အပျက် အစမှအဆုံးအထိ လေ့လာကြည့်ပါက ပထမဦးဆုံး ကျောက်ခဲမှ မုန့်ဖြစ်စေရန် တောင်းဆိုသည်။ ဗိမ္မာန်တော်မှ ခုန်ချရန်တောင်းဆိုသည်။ ထိုတောင်းဆိုချက် နှစ်ခု စလုံးကို ကြည့်ပါက “ဘုရားသခင်၏ သားတော်မှန်ပါက” ဟူသော စကားလုံးဖြင့် ဖော်ပြထားသည်။ သို့သော် ကိုယ်တော်က နှစ်ခုစလုံးကို နှုတ်ခပတ်တော်ဖြင့် ပြန်လည်တုန့်ပြန်ခဲ့ပြီး စာတန်၏ တောင်းဆိုမှုကို ငြင်းပယ်ခဲ့ပါ သည်။ နောက်ဆုံးတွင် မြင့်မားသော တောင်ပေါ်သို့ ခေါ်ဆောင်သွားခဲ့ပြီး လောက စည်းစိမ် များကို ပြညွှန်ကာ စာတန်က သူ့ကို ဝတ်ပြုကိုးကွယ်ရန် တောင်းဆိုခဲ့ပါသည်။ သို့သော် ကိုယ်တော်က စာတန်ကို အော်ဟစ်ငေါက် ငမ်းကာ ငြင်းပယ်ခဲ့ပြီး နောက်ဆုံးတွင် နှုတ်ခပတ်တော်ဖြင့်ပင် ချေပခဲ့သည်ကို ဖတ်ဖူးပြီးသားဖြစ်ပေလိမ့်မည်။

စာတန်၏ လုပ်ဆောင်မှု ပထမအချက်ကို ကြည့်ပါ။ ကျောက်တုန်းကနေ မုန့်ဖြစ်စေဘို့ တောင်းဆိုသည်။ စာတန်သည် ခန္ဓာအသွေးအသား၏ ဆန္ဒနှင့် တောင်းဆိုမှုဖြင့်ချဉ်းကပ်ခဲ့သည်။ အစားအသောက်ဆိုသည်မှာ လူတိုင်းအတွက် ဦးစားပေး အရေးကြီးနေရာတွင် ထားကြသည်မဟုတ်ပါလား။ ဒုတိယအချက်အနေဖြင့် နှုတ်ခပတ်တော်ကို ဦးစားပေးသောသူကို နှုတ်ခပတ်တော်ကို ဆန့်ကျင်မှု ပြုပြီး အသက်ရှင်လာဘို့ ဆောင်ရွက် သည်။ တတိယအချက်အနေဖြင့် စာတန်သည် သူ့ကို ဝတ်ပြုကိုးကွယ်လာစေရန် လုပ်ဆောင်ခဲ့သည်ကို တွေ့ မြင်နိုင်ပါသည်။ ဤနေရာတွင် ခြုံငုံသုံးသပ်ကြည့်မည်ဆိုပါက ထိုအချက်သုံးချက်စလုံး လုပ်ဆောင်ခဲ့သည့် ရည်ရွယ်ချက်မှာ သူ၏လက်အောက်သို့ ရောက်ရှိသွားပြီး သူ့ကို ဝတ်ပြုကိုးကွယ်လာရန် လုပ်ဆောင်သည်ဟု နားလည်သဘောပေါက်မိပါသည်။ အဘယ်ကြောင့်ဆိုသော ကိုးကွယ်ခြင်းကို ခံယူခြင်းဖြင့် သူ၏ ဘုန်းတန်ခိုး ကြီးထွား လာစေရန် ဆောင်ရွက်လျက် ရှိပါသည်။

စာတန်ကို ချီးမွမ်းကိုးကွယ်သူများကို စာတန်က ပစ္စည်းဥစ္စာများ ပေးကမ်းမစနိုင်ပါလျှင် ဘုရားသခင်က ပိုမို၍ ပေးကမ်းမစနိုင်ပါလိမ့်မည်။

Worship (ကိုးကွယ်ခြင်း) ဆိုသော စကားလုံးသည် အင်္ဂလိပ် ရှေးဟောင်းစကားလုံးဖြစ်သော Weordhscipe မှ ဆင်းသက်လာပြီး အဓိပ္ပါယ်မှာ “ချီးမွမ်းထိုက်သော၊ ချီးမြှင့်ထိုက်သော” ဟူ၍ ဖြစ်ပါသည်။ ဘုရားသခင်သည် ချီးမွမ်းကိုးကွယ်ခြင်းကို ခံထိုက်သောအရှင်ဖြစ်ပါသည်။

ဂရိဝေါဟာရအားဖြင့် “Proskyneo” ဟုခေါ်ဆိုပြီး ဟီးဘရူးဘာသာအားဖြင့် “shachac” ဟူ၍ဖြစ်ပြီး ဘာသာစ ကားနှစ်မျိုးစလုံး၏ အဓိပ္ပါယ်မှာ ဆက်ကပ်အပ်နှံသည့် ကိုယ်ဟန် အနေအထားနှင့် ဘုရားသခင်၏ အုပ်စိုးမှုကို ကို ရည်ညွှန်းနေပါသည်။ ၎င်း၏ မူရင်းအဓိပ္ပါယ်မှာ “ဒူးထောက်ခြင်း” သို့ “ဂါရဝပြုရန် ပျက်ဝပ်ခြင်း” သို့ “ဦးညွှတ်ခြင်း၊ ရှိခိုးခြင်း”၊ “အရိုအသေပေးခြင်း”၊ “အသနားခံခြင်း၊ ရိုသေခန့်ညားသော စိတ်နှလုံးကို ဖော်ပြခြင်း၊” စသည့် အဓိပ္ပါယ် များ ပါဝင်နေပါသည်။ ထိုအရာတို့မှာ ကိုးကွယ်ခြင်း ဟူသော ဝေါဟာရဖြင့် စပ်ဆက်လျက် ရှိပါသည်။ ထိုစကား လုံးတို့မှာ အစေခံခြင်း၊ ဆက်ကပ်ခြင်း၊ ရိုသေလေးမြတ်ခြင်း စသည့်တို့ကို ပြုလုပ်ခြင်သည့် စိတ်နှလုံး သဘော ကို ညွှန်ပြနေပါသည်။

တန်ခိုးအစွမ်းသတ္တိတို့၏ မြစ်ဖျားခံရာ အရင်းသည် ကိုးကွယ်ခြင်းဖြစ်သည်။

အသင်းတော်ဆိုသည်မှာ ယုံကြည်သူများ အစုအဝေဖြစ်ပြီး ဝတ်ပြုကိုးကွယ်မှု ပြုလုပ်သည့် နေရာတစ်ခုအဖြစ် အများက အသိအမှတ်ပြုထားပါသည်။ ရှင်မဿဲ ၁၈း၁၆-၂၀ တွင် ကိုယ်တော်သည် တပည့်တော်များနှင့် နောက်ဆုံးတွေ့ဆုံခဲ့ပြီး၊ ပြောကြားခဲ့သည်မှာ

ယေရှုသည် အနီးအပါးသို့ ချဉ်းကပ်တော်မူပြီးလျှင်၊ ကောင်းကင်ဘုံ၌၎င်း၊ မြေကြီးပေါ်၌၎င်း၊ စီရင်ပိုင် သော အခွင့်တန်ခိုး ရှိသမျှတို့ကို ငါခံရပြီ။ သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်။ သန့်ရှင်းသော ဝိညာဉ်တော်၏ နာမ၌ ဗတ္တိဇ့ကို ပေးကြလော့။ ငါသည် သင် တို့အား ပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှါ ဆုံးမသြဝါဒပေးကြလော့။ ငါသည် လည်း ကပ်ကမ္ဘာကုန်သည့်တိုင်အောင် သင်တို့နှင့် အတူ အစဉ်မပြတ် ရှိသည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏။ (မဿဲ ၂၈း၁၈-၂၀)

အသင်းတော်သည် ဝတ်ပြုကိုးကွယ်သော နေရာမှ အစပြုခဲ့ပါသည်။ (တမန် ၂း၁-၁၃) ပင်တေကုတ္တေနေ့တွင် သခင်ဘုရားကို ဝတ်ပြုကိုးကွယ်မှုကို ပြုနေကြသော သူတို့အပေါ်တွင် သန့်ရှင်းသော ဝိညာဉ်တော်ကို ဘုရား သခင်က သက်ရောက်စေကာ ဘုရားသခင်၏ နိုင်ငံတော်ကို အစပြုခဲ့ပါသည်။ ကျွန်တော် ဆိုလိုသည်မှာ ဘုရားသခင်သည် ကိုးကွယ်မှုပြုနေသော သူတို့အပေါ်တွင် ကြီးမားသော နိမိတ်လက္ခဏာကို ပြုလုပ်ချင်သော ဘုရားဖြစ်ပါသည်။

သခင်ဘုရား၏ နာမတော်၌ ကိုးကွယ်မှု ပြုနေကြသော သူတို့သည် ကြီးမားသော တန်ခိုးကို ခံစားခဲ့ရကြသည်။ ဘုရားသခင်၏ ရည်ရွယ်ချက်မှာ အသင်းတော်ထဲတွင် ထိုသို့ ဖြစ်စေချင်ပါသည်။ ကျမ်းစာထဲတွင် စိတ်ကြိုက် လေ့လာကြည့်ပါ။ အသင်းတော်ထဲတွင် ဆုတောင်းမှုပြုခြင်း (သို့) ကိုးကွယ်မှုပြုခြင်း လုပ်သော နေရာတိုင်းတွင် ထူးခြားသော အမှုအရာများ ရှိနေကြသည်။ တမန်တော် (၁၃)ကို ဖတ်ကြည့်ပါ။ သခင်ဘုရားဝတ်ကို ပြု၍ ကိုးကွယ်မှုကို ပြုလုပ်ခြင်းဖြင့် ဘုရားသခင်က အမှုတော်အတွက် လိုအပ်သောအရာများကို ဖွင့်ပြခဲ့သဖြင့် တမန်တော်တို့က ဖော်ပြသည့်အတိုင်းလုပ်ဆောင်ခဲ့ရာ အံ့သြဘွယ်နိမိတ်လက္ခဏာပေါင်း မြောက်မြားစွာကို မြင်တွေ့ ခံစား ခဲ့ရလေသည်။

ကိုကွယ်ခြင်း၏ တန်ခိုးက ဘာတွေဖြစ်နိုင်သလဲ။

ကိုးကွယ်ခြင်းသည် ဘုရားသခင် အုပ်စိုးသည့် နေရာတစ်ခုကို ဖန်တီးနေခြင်းဖြစ်ပြီး၊ လူတို့တွင် ဘုရားသခင် ဖန်းဆင်ကာစက ရှိခဲ့သည့် မူလအခြေအနေတစ်ခုကို ပြန်လည်ရှာဖွေနေခြင်းဖြစ်ပါသည်။ လူသည် အာဒံအပြစ် ပြုလုပ်လိုက်ခြင်းဖြင့် ဘုရားသခင်နှင့် မိတ်သဟာရ ဆုံးရှုံးသွားသည်သာမက ဘုရားသခင်၏ မူလရည်ရွယ်ချက် ဖြစ်သည့် ကမ္ဘာမြေကြီးကို အုပ်စိုးမှုပြုရန် ဟူသည့် ကောင်းကြီးမင်္ဂလာပါ ဆုံးရှုံးသွားခဲ့ပါသည်။ သို့သော်လည်း ကျွန်တော်တို့ လူသားများကို ထိုအရာများ ပြန်လည် ပေးအပ်ရန် သခင်ခရစ်တော်က ကားတိုင်တော်တွင် ပြုတော်မူခဲ့သည့် လုပ်ဆောင်ချက်သည် ယုံကြည်သူများအတွက် အဓိက ကျသော အရာတစ်ခု ဖြစ်လာခဲ့သည်။ ဘုရားသခင်ကို ကိုးကွယ်ရာနေရာတါင် ဘုရားသခင်၏ တန်ခိုးအစွမ်းများက မှောင်မိုက်ကို ချိုးဖြတ်ပြီး စီးဆင်းလာသည်။ ကိုယ်တော်သည် သူ၏အုပ်စိုးမှုကို သူ၏ ရွေးနှုတ်ခြင်းဖြင့် ပြန်လည်လုပ်ဆောင်ခဲ့ပါသည်။ ဘုရားသခင်၏ မျက်မှောက်တော်တွင်သာ တန်းခိုးတော် တည်ရှိနိုင် ပါသည်။ ဝတ်ပြုကိုးကွယ်သော နေရာတွင် လွတ်မြောက်ခြင်း ရှိပါသည်။ ကျွန်တော်တို့၏ နှလုံးသားသည် စစ်မြေပြင်တစ်ခုတွင် ရှိနေသကဲ့သို့ ဆုံးဖြတ်ရ မည်ဖြစ်သည်။ အကယ်၍ ဘုရားသခင်ကို ကိုးကွယ်မှုပြုရန် လမ်းကို ရွေးချယ်ခဲ့ပါက ဘုရားသခင်၏တန်းခိုးနှင့် အုပ်စိုးခြင်းသည် ပြန်လည်တည်ဆောက်လာပေလိမ့်မည်။ ထိုမျှမက ကျွန်တော်တို့အားဖြင့် အခြားလူများထံသို့ လည်း ဆက်လက် စီးဆင်းသွားမည်ဖြစ်သည်။

လူတို့၏ ကိုးကွယ်ခြင်းသည် လူတို့စတင်ဖြစ်တည်ကတည်းကဖြစ်သည်။ လူသည် ဘုရားသခင်၏ သားသမီးများ ကဲ့သို့ဖြစ်ပြီး ဝတ်ပြုကိုးကွယ်မှု စတင်ကတည်းက ဆက်ကပ်အပ်နှံမှုများဖြင့် စတင်ခဲ့သည်။ ကိုးကွယ်ခြင်း အားဖြင့် လူသည် ဘုရားသခင်၏ ရှေ့တွင် ရှင်ဘုရင်များကဲ့သို့၎င်း၊ ယဇ်ပရောဟိတ်များကဲ့သို့၎င်း ဖြစ်ကြသည် (ဗျာဒိတ် ၁း၆)။ ကိုးကွယ်ခြင်းဖြင့် ရှင်ဘုရင်ဖြစ်နိုင်သည့် အခွင့်အလမ်းများနှင့် ခရစ်တော်၏ နိုင်ငံတော်ကို အုပ်စိုးနိုင်သောသူများ ဖြစ်လာကြသည်။

နိဂုံးချုပ်အားဖြင့် ပြောဆိုပါမည်။

ရှင်ပေါလုနှင့် သိလတို့သည် ကိုးကွယ်မှုကို ပြုလုပ်သောအခါ မြေကြီးလှုပ်ခြင်းနှင့် ထောင်တံခါးပွင့်ခြင်း၊ လက် ထိပ်သံကြိုးများ ပြုတ်ထွက်ခြင်း ဖြစ်ပေါ်လာခဲ့သည်။ ထိုအရာသည် ကိုးကွယ်ခြင်း၏ တန်ခိုးဖြစ်သည်။ ကိုးကွယ်ခြင်းအားဖြင့် အောင်မြင်ခြင်းကို ခံစားရယူနိုင်သည်။ ကိုးကွယ်ခြင်းအားဖြင့် ဘုရားသခင်ထံမှ လွှတ်ခြင်း အခွင့်ကို ရရှိနိုင်ပါသည်။ သင်လိုအပ်သမျှ အရာခပ်သိမ်းကို သင်၏ ဝတ်ပြုကိုးကွယ်ခြင်းဖြင့် ရှာဖွေပါ။ အသက် ရှင်သော ဘုရားသည် သင်လိုသမျှကို ပေးစွမ်း နိုင်ပါသည်။ ထိုဘုရားကို ဝတ်ပြုကိုးကွယ်ခြင်းဖြင့် အသက် တာ၏ ငြိမ်သက်ခြင်းကို ရှာဖွေပါ။

၁၁။ဘုရားသခင် အသိအမှတ်ပြုသောကိုးကွယ်ခြင်း ( ၂၀၁၂ )

ကိုးကွယ်ခြင်းဆိုသည်မှာ အလွန်နက်နဲသောအရာဖြစ်ပါသည်။ ကျွန်တော်ရေးသားခဲ့သော တရားဟောချက် ဆောင်းပါးများတွင် အလျဉ်းသင့်သလို ဖော်ပြရေးသားခဲ့ပြီး ဖြစ်ပါသည်။ ယခု ဤဆောင်းပါးတရားဟောချက် ဆောင်းပါးကိုလည်း အသွင်တမျိုးဖြင့် တင်ပြရေးသားထားပါသည်။

ဘုရားသခင်သည် နံဝိညာဉ်ဖြစ်တော်မူ၏။ ဘုရားသခင်ကို ကိုးကွယ်သော သူတို့သည် နံဝိညာဉ်ဖြင့် လည်းကောင်း၊ သစ္စာဖြင့် လည်းကောင်း ကိုးကွယ်ရမည်။ (ယောဟန် ၄း၂၄)

အထက်ပါ ကျမ်းတော်မြတ်အရ ကိုးကွယ်သောသူအပေါင်းတို့သည် ဘုရားသခင်ကို ကိုးကွယ် ရာတွင် နံဝိညာဉ်နှင့်ကိုးကွယ်ရမည်။ သစ္စာလည်း ပါဝင်ရမည် ဖြစ်သည်။ ဘုရားသခင်ကို ကိုးကွယ် ရတွင် နံဝိညာဉ်ရော၊ သစ္စာရော နှစ်မျိုးစလုံးလိုအပ်ပါသည်။ သို့သော် ယနေ့ယုံကြည်သူများ ကိုးကွယ်ခြင်းအမှုပြုရာတွင် မိမိတို့ နားလည်သလိုသာ သစ္စာရှိရှိဖြင့် ကိုးကွယ်နေ ကြသည် ကို တွေ့မြင်နေရသည်။ ထိုသို့သော ယုံကြည်သူများ၏ အသက်တာကို လေ့လာကြည့်ပါက တနင်္ဂနွေနေ့မို့ ဘုရားကျောင်းတတ်သည်။ ခရစ်ယာန်ဖြစ်လို့ ဆယ်ဘို့ တစ်ဘို့ ထည့်သည်။ ယုံကြည်သူဖြစ်လို့ မိတ်သဟာရ အစီအစဉ်များတွင် ပါဝင်သည် . . . အစရှိသဖြင့် လုပ်ဆောင်နေကြ လုပ်ငန်းစဉ်တရပ်အနေဖြင့် သစ္စာရှိရှိ လုပ်ဆောင် ပြုမူနေကြ သည်ကို မြင်တွေ့ နေရပါသည်။ သူတို့နားလည်သော သစ္စာတရားကိုသာ ဦးစားပေး ဆောင်ရွက်နေကြ သည်ကို မြင်တွေ့နေရပါသည်။ ထိုသူတို့၏ အသက်တာတွင် နံဝိညာဉ်ဖြင့် ကိုးကွယ်နေမှုကို ရှာဖွေ၍ မတွေ့နိုင်ချေ။ နံဝိညာဉ်ဘုရား ဆိုသည်ကိုလည်း နားမလည်၊ ဝိညာဉ်ဖြင့် မည်သို့ ကိုးကွယ်ရမည်ဆိုသည်ကိုလည်း စိတ်မဝင်စားကြချေ။

သမ္မာကျမ်းစာထဲတွင် မိမိတို့ကို ဘုရားသခင်သခင်ပေးသည့် အသက်ဝိညာဉ်ကို ရရှိကာ ဘုရားသခင် ဖွင့်ပြသည့် ဝိညာဉ်အလင်းရသည့်အတိုင်း ကိုးကွယ်၍ သစ္စာတရားကိုလည်း ဖတ်တွယ်ကာ ကိုးကွယ်အသက် ရှင်သောသူအချို့ကို ဖော်ထုပ် လေ့လာခွန်အားယူလိုပါသည်။

ယုံကြည်ခြင်း ပါသော ကိုးကွယ်ခြင်း

ပထမဦးစွာ ကမ္ဘာဦးကျမ်း အခန်းကြီး (၄)တွင် ကာဣန နှင့် အာဗေလ ဆိုသည်ညီအကို နှစ်ဦး အကြောင်းကို ဖော်ပြလိုပါသည်။ ထိုညီအကို နှစ်ဦးစလုံးသည် ဘုရားသခင်ကို ဝတ်ပြု ကိုးကွယ် ခြင်းအမှုကို အတူတကွ ပြုကြသော်လည်း သမ္မာကျမ်းစာကမူ ညီအာဗေလ၏ ကိုးကွယ်ခြင်းကိုသာ ဘုရားသခင်က လက္ခံခဲ့ကြောင်း အတည်ပြုဖော်ပြထားပါသည်။ အဘယ်ကြောင့် ကာဣန ၏ ဝတ်ပြုကိုးကွယ်ခြင်းကို ဘုရားသခင်က လစ်လျှူရှုခဲ့ပါသနည်း။

ထိုအကြောင်းအရာကို ဟေဗြဲကျမ်းတွင် ပြန်လည်ဖော်ပြရာတွင် အာဗေလသည် ယုံကြည်ခြင်း အားဖြင့် ယဇ်ပူဇော်ခဲ့ကြောင်း ဖော်ပြထားပါသည်။ ဘုရားသခင်ရှေ့တော်မှောက်သို့ တိုးဝင် ချဉ်းကပ်ရာတွင် ယုံကြည်ခြင်းသည် အလွန်အရေးကြီးပါသည်။ ဘုရားသခင်ကို ယုံကြည်ခြင်း ဆိုသည်မှာ လူတစ်ဦး၏နှလုံးသားထဲ အသက် ဝိညာဉ်ထဲက ပေါ်ထွက်လာခြင်းသာ ဖြစ်သည်။

အကြင်အရပ်၌ လူနှစ်ဦး သုံးဦးတို့သည် ငါ၏နာမကို ထောက်၍ စည်းဝေးကြ၏။ ထိုအရပ်၌ သူတို့အလယ်မှာ ငါရှိသည်ဟု မိန်တော်မူ၏။ (ရှင်မဿဲ ၁၈း၂၀)

ထိုကျမ်းစာအရ လူနှစ်ယောက် သုံးယောက်တို့သည် ခရစ်တော်၏နာမ၌ စုဝေးသည်ဆိုပါက ဤနေရာတွင် ကိုယ်တော်အတူတည်ရှိနေကြောင်း သင်ယုံကြည်နိုင်ပါသလား။ အကယ်၍ သင်သည် အမှန်တကယ် ယုံကြည် နိုင်သည်ဆိုပါက ဘုရားသခင်ရှေ့သို့ လာရောက်သော သူတို့သည်။ အပြောအဆိုဝတ်စားဆင်ရင်ပုံကိုဂရုစိုက်ရ မည်ဖြစ်သည်။ ယုံကြည်သူများ၏ ဇာတိ သဘောတို့ကို ယူဆောင်လာမည်မဟုတ်ပေ။ ဘုရားကျောင်းသို့လာ ခြင်းဖြင့် သစ္စာဝတ် ကို ပြုကြ သော်လည်း မိမိတို့၏ အပြုအမူတို့သည် ဇာတိသဘောတို့ကို သယ်ဆောင် လာသော ကြောင့် ၀ိညာဉ်ဖြင့် ကိုးကွယ်နေသည်ဟု မဆိုနိုင်ပေ ဟေဗြဲ ကျမ်းကို ရေးသားသူက မမြင်ရသော အရာကို ယုံကြည်ခြင်းဖြင့် ကျင့်ဆောင်သည်ဟု ဖော်ပြ ခဲ့ပါသည်။ ဆိုလိုသည်မှာ ကိုယ်တိုင်မ တွေ့မမြင်သော်လည်း မိမိ၏ စိတ်ဝိညာဉ် အလင်းက ဖော်ပြသည့်အတိုင် ယုံကြည်သော စိတ်ဖြင့် ပြုမူဆောင် ရွက်သည်ဟုဆိုလိုပါသည်။ ရောမသြဝါဒ စာထဲတွင် အာဗြဟံကိုယ်တိုင်က မိမိယုံကြည်သည့်အတိုင်း ပြုမူသည် ဟု ဖေါ်ပြပါသည်။ ကျွန်တော်တို့သည် ယုံကြည်သည့်အတိုင်း ပြုမူမည်ဟု ဆုံးဖြတ်ထားပါက ကျမ်းစာက ဖော်ပြသည့် အတိုင်းယုံကြည်သည် ဆိုပါက အဘယ်ကြောင့် ယုံကြည်သူများသည် ဘုရားကျောင်းတွင် ဝတ်ပြု ကိုးကွယ်ရာ တွင် မိမိတို့ ဆန္ဒအလိုအတိုင်း ပြုမူနေကြပါသနည်း။ ထိုသို့ ပြုမူကိုးကွယ်သူများကို ကာဣန ကိုးကွယ် သကဲ့သို့ ပြုမူဆောင်ရွက်နေသောသူများဟု ဆိုနိုင်ပါသည်။ ထိုသူတို့တွင် ယုံကြည်ခြင်း မပါရှိချေ။

သစ္စာတရားကို ဖက်တွယ်ပြီး ကိုးကွယ်မှုပြုခြင်း

တဖန် ဒံယေလ အနာဂတ္တိကျမ်းတွင် ဖော်ပြထားသော အဖြစ်အပျက်ကို ပြန်လည်လေ့လာ ကြည့်ပါက ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါဆိုသော လူငယ်သုံးဦး၏ အသက်တာကို မြင်တွေ့ နိုင်ပါသည်။ ထိုသူတို့၏ ဝတ်ပြုကိုးကွယ်ခြင်းကို ပြန်လည်လေ့လာကြည့်ပါက ယုံကြည်ခြင်းပါဝင်၍ သစ္စာတရားကိုလည်း ဖက်တွယ် ထားကြောင်း မြင်တွေ့နိုင်ပါသည်။ ဒံယေလ ၃း၁၇-၁၈ တွင် ထိုလူငယ် သုံးယောက်က ရဲရင်ပြတ်သားစွာဖြင့် ဘုရင်က ရှိခိုးဝတ်ပြုခိုင်းသော ရုပ်တုကြီးကို ဦးမချ ဝတ်မပြုနိုင်ကြောင်း ဘုရင်ကို ပြောဆိုခဲ့သည်။ ဘုရားသခင်က ကယ်နှုတ်မည်ဟု ယုံကြည်ခြင်း အပြည့်ဖြင့် ပြန်လည်ပြောဆိုခဲ့သည်။ အကယ်၍ မကယ်နှုတ်ခဲ့လျှင်လည်း အသက်ရှင်သော ဘုရားသခင်မှလွှဲ၍ မည်သည့်အရာကိုမျှ ဝတ်ပြုကိုးကွယ်ခြင်း မပြုနိုင်ကြောင်း ပြောဆိုကာ ငြင်းပယ်ခဲ့လေသည်။ ထိုသူတို့၏ ဝတ်ပြုကိုးကွယ်မှုကို ကြည့်ပါက နှလုံးသား၏ အနက်ရှိုင်းဆုံး နေရာထက်ပို နက်ရှိုင်းသော ဝိညာဉ်ထဲက ယုံကြည်ခြင်း ဖြင့် ဘုရားကို ကိုးကွယ်ခဲ့သည်အပြင် သစ္စာတရားကို လည်း ဦးထိပ်ပန်ဆင်ကာ ဘုရားသခင်၏ ရှေ့တော်မှောက်တွင် အသက်ရှင်ရပ်တည်ခဲ့လေသည်။

ယုံကြည်သူတို့သည် ဆုတောင်းချက်များကို တောင်းခံရာတွင် မိမိဆုတောင်းသည့်အတိုင်း အဖြေတစ်စုံတစ်ရာ မရခဲ့လျှင် စိတ်ပျက် လက်လျှော့သွားလေ့ရှိသည်။ ခရစ်ယာန် တစ်ဦး ဖြစ်သောကြောင့် အသက်ရှင်သော ဘုရားကို သိကြွမ်းသူ ဖြစ်သဖြင့် ဆုတောင်းရမည် ဟူသော အချက်ကို သစ္စာရှိရှိဖြင့် လုပ်ဆောင်ခဲ့သော်လည်း ဆုတောင်းချက် အဖြေမရရှိပါက စိတ်ပျက်အားငယ်ကာ ယုံကြည်ခြင်း ပျက်ပြားသွားတတ်ကြပါသည်။ ဆုတောင်းချက် အဖြေမရ လျှင် မိမိအသက်တာကို ပြန်လည် ဆန်းစစ်ရမည့်အစား “ဆုတောင်းလျှင်လည်း အလကားပါဘဲ” ဟူသော အသံမျိုးသာ ထွက်ပေါ်လာတော့သည်။ ဘုရားသခင်က ပေးနိုင်သည်၊ အရာခပ်သိမ်းကို တတ်စွမ်းနိုင်သည်၊ အလုံးစုံတို့ကို မစနိုင်သည် ဟူသော ယုံကြည်ချက်ဖြင့် ဘုရားသခင် ထံတိုးဝင်ချဉ်းကပ်ကာ ဘုရားသခင်က မပေးခဲ့လျှင်လည်း မည်သို့မျှ ယုံကြည်ခြင်း ပျက်ပြားသွား မည် မဟုတ်ဟူသော စိတ်ပိုင်းဖြတ်မှုဖြင့် ယုံကြည်ဆုတောင်းသင့်ပါသည်။ သူတို့သည် ဝိညာဉ်ထဲက ကိုးကွယ် ဆုတောင်းနေသူများဟု ဆိုနိုင်ပါမည်လား။ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါ တို့၏ အသက်တာနှင့် မိမိအသက်တာကို နိုင်ယှဉ်ကြည့်ကာ မိမိ၏ အသက်တာထဲက ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်နေသည့် ပုံစံကို ပြန်လည် ပြင်ဆင်သင့်ပါသည်။

အချို့သော ခရစ်ယာန် ယုံကြည်သူဆိုသည့် သူများသည် မိမိတို့ကို ကယ်တင်ခြင်းငှါ မစွမ်းနိုင်သော ဗေဒင်ဆရာ၊ နတ်ဆရာများကို အားကိုးခိုလှုံကာ အထက်၊ အောက်၊ စသည့် ယုတ်ညံ့သောနည်းလမ်းတို့ကို အားကိုးမျှော်လင့်နေသောသူများတို့သည် မိမိကိုယ်မိမိ အသက်ရှင်သော ဘုရားကို ယုံကြည်သူများဟု ကြွေးကြော်ထားကြသော်လည်း ဝိညာဉ်နှင့် လည်းကောင်း၊ သစ္စာနှင့်လည်းကောင်း ကိုးကွယ်နေသူများဟု မဆိုနိုင်ပါချေ။

ဘုရာနှင့် အတူသွားနေရင်း ကိုးကွယ်မှုပျက်ယွင်းသွားသူ

တဖန်ထပ်မံ၍ ဓမ္မရာဇဝင် အခန်းကြီး (၅)တွင် ဖော်ပြထားသော ဗိုလ်ချုပ်ကြီးနေမန်၏ အသက်တာကို တဖန် ဖော်ပြလိုပါသည်။ ထိုသူသည် ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ် သော်လည်း နူနာစွဲကပ်နေသောအခါ ဣသရေလတိုင်း နိုင်ငံမှ ဧလိရှဲထံ သွားရောက်ကုသခံခဲ့သည်။ ယော်ဒန်မြစ်တွင် ခုနှစ်ကြိမ် နှစ်လိုက်သောအခါ နူနာပျောက်ကင်း သွားလေသည်။ ထိုအခါ အသက်ရှင်သော ဘုရားကို ဝိညာဉ်ထဲက သိကြွမ်းလာခဲ့သည်။ သို့သော်လည်း သူ၏ အနေအထားမှာ မင်းမှုထမ်းဖြစ်သောကြောင့် ရှင်ဘုရင်၏ အလိုကို ဦးစားပေးရသဖြင့် သစ္စာဖြင့် ဝတ်ပြုကိုးကွယ်နိုင်ရန် မဖြစ်နိုင်ကြောင်း ဧလိရှဲထံတွင် ဖွင့်ဟ ဝန်ခံခဲ့ပါသည်။ (၄ရာ ၅း၁၇-၁၈)တွင် ကျွန်တော်သည် မည်သည့်အခါမျှ အခြားဘုရားကို ယဇ်ပူဇော်မှုမပြုတော့ပါ။ သို့သော် သူအမှုထမ်း ခစားနေသော ရှင်ဘုရင်မှာ အခြားကို ကိုးကွယ်သောသူဖြစ်သောကြောင့် ဘုရင်နှင့် ရိမ္မာန် ဘုရားကျောင်းသို့ သွားသောအခါ ကိုယ်ဦးညွှတ်ရမည်ဖြစ်ကြောင်း ကြိုတင်ဝန်ခံထားပါသည်။ အထိုအခြေအနေကို ဧလိရှဲ သဘောက်ပေါက်နားလည်သလို ဘုရားသခင်ကလည်း ထိုသူတို့အတွက် ထူးခြားသော အပြစ်တင်ပြောဆို မှုမလုပ်ခဲ့ပါ။

ဤနေရာတွင် ပြောလိုသည့် ပုဂ္ဂိုလ်တစ်ဦးရှိပါသည်။ ထိုသူမှာ ဧလိရှဲ၏ တပည့်တစ်ဦးဖြစ်သူ ဂေဟာဇိ ဆိုသူအကြောင်းဖြစ်သည်။ သူသည် နှုတ်ခပတ်တော်များကို ဧလိရှဲထံမှ သိကြွမ်းပြီးသူ တစ်ဦးဖြစ်သဖြင့် အသက်တာတွင် မည်သို့ ဝတ်ပြုကိုးကွယ်ရမည်ကို သိရှိနားလည် ပြီးသူတစ်ဦးဖြစ်သည်။ သို့သော် နှုတ်ခပတ်တော် နားလည်ပြီးသူဖြစ်သော်လည်း ဘုရားသခင်၏ ငြင်းပယ်ခြင်း ခံလိုက်ရသည်။ အကြောင်းမှာ နေမာန်သည် နူနာပျောက် ကင်းသွားသောအခါ တန်းဘိုးရှိသော ရုပ်ဝတ္ထုပစ္စည်းများကို ပေးလှူသော်လည်း ဧလိရှဲမှာ ငြင်းပယ်ကာ မခံယူခဲ့ချေ။ ထိုအခါ တပည့်ဖြစ်သူ ဂေဟာဇိက အားမလိုအားမရဖြစ်ကာ သူ့၏ ဆရာ ဧလိရှဲမသိမှီ နေမန်ထံမှ ထိုပစ္စည်းများကို တောင်းခံကာ ယူလိုက်သည်။ ဧလိရှဲ သိသောအခါ ဧလိရှဲက ကျိန်လိုက်သဖြင့် နေမန်၏ နူနာမှာ ဂေဟာဇိထံ ကျရောက်သွား လေတော့သည်။

ဘုရားသခင်ထံသည် ရုဝတ္ထုပစ္စည်းများကို ပေးနိုင်သူဖြစ်ကြောင်း သိရှိသော်လည်း ယုံကြည်မှုအားနည်းသည် ဟုပြောရမည်ထင်ပါသည်။ နေမန်ထံမှ လိမ်ညာတောင်းခံခဲ့သဖြင့် သစ္စာလည်း ပျက်ခဲ့ပါသည်။ ဘုရားသခင်၏ အမှုတော်ထဲတွင် တစ်သက်လုံး ပါဝင်အသက် ရှင်နေသော်လည်း ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာဖြင့်လည်းကောင်း ကိုးကွယ်နေသူတော့ မဟုတ်ပါချေ။ ထို့ကြောင့် ဘုရားသခင်၏ အမှုတော်ထဲမှာ ပါဝင်နေရင် ကျိန်စာ သင့်သွားခဲ့ပါသည်။ သင့်အသက်တာကိုလည်း ပြန်လည် ဆန်းစစ်ပါ။ မိမိကိုယ်ကို ဘုရားသခင်နှင့် အမြဲတမ်း သွားလာအသက်ရှင်နေသူ တစ်ဦးအဖြစ် မိမိကိုယ်ကို သတ်မှတ်ထားပါက အမှန်တကယ် ဝိညာဉ်ဖြင့်၎င်း၊ သစ္စာဖြင့်၎င်း။ ကိုးကွယ်နေသူဖြစ်ပါသလား။ အကယ်၍ မိမိ၏အသက်တာသည် ဘုရားသခင် နှစ်သက်သော ကိုးကွယ်မှုမျိုးမရှိသေးပါက မိမိအသက်တာာကို ပြန်လည် ဆင်ခြင်ကာ ပြင်ဆင်မှုပြုနိုင်ရန် ဝေငှလိုက်ပါသည်။

၁၂။အဦးသီးသောအသီး ( ၂၀၁၂ )

သင်၏ဘုရားသခင်ထားဝရဘုရားသည်၊ သင့်အမွေခံစရာဘို့ ပေးတော်မူသောပြည်သို့ သင်သည်ဝင်စားသောအခါ သင်၏ဘုရား သခင် ထာဝရဘုရား ပေးတော်မူသောပြည်၌ အဦးသီးသော အသီးအမျိုးမျိုးကိုယူ၍ ခြင်းတောင်း၌ထည့်ပြီးမှ သင်၏ဘုရားသခင် ထာဝရဘုရား၏ နာမတော်တည်စရာဘို့ ရွှေးကောက်တော်မူသော အရပ်သို့သွား၍ ထိုကာလ၌ ယဇ်ပုရောဟိတ်လုပ်သောသူထံသို့ ချဉ်းကပ်လျက်၊ ထာဝရဘုရားသည် ငါ့ကိုပေးခြင်းငှါ ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသောပြည်သို့ ကျွန်ုပ်ရောက်ပါပြီဟု ကိုယ်တော်၏ ဘုရားသခင်ထာဝရဘုရားအား ယနေ့ ကျွန်ုပ်ဝန်ခံပါသည်ဟု ယဇ်ပရောဟိတ်အား ပြောဆိုရမည်။- ယဇ်ပရော ဟိတ်သည်လည်း ခြင်းတောင်းကို သင့်လက်မှယူ၍ သင်၏ဘုရားသခင် ထာဝရဘုရား၏ရှေ့မှာ ချထားရမည်။(တရားဟော ၂၆း၁-၄)

အထက်ပါကျမ်းပိုဒ်ကို လေ့လာကြည့်ပါ။ အစ္စရေးလူမျိုး (သို့)ယုံကြည်သူတစ်ယောက်အနေဖြင့် မိမိ၏စိုက်ပျိုးမြေ (သို့) မိမိ၏ခွန်အားဖြင့် လုပ်သောအလုပ်မှ ရရှိထားသော အဦးသီးသောအသီးကို ထာဝရဘုရားထံတွင် ဆက်သရမည်ဖြစ်ကြောင်း ဖေါ်ပြထားသည်။ တမန်တော် ရှင်ယာကုတ်က ကျွန်တော်တို့ကို အဦးသီးသော အသီးကဲ့သို့ ဖြစ်စေခြင်းငှါ ကျွန်တော်တို့ကို သမ္မာတရားအားဖြင့် ဖြစ်ဘွားစေသည်လို့ ဆိုထားပါတယ်။ ထိုကျမ်းပိုဒ်အရ ကျွန်တော်တို့သည် အဦးသီးသော အသီးအနှံများ ဖြစ်ကြပါတယ်။ ကိုယ့်ကိုကိုယ် ဆက်သနိုင်ဘို့ရန်သာ ကြိုးစားအားထုပ်ဘို့သာ ရှိပါတယ်။ ထိုသို့ဘုရားသခင်ကို ဆက်သရာတွင် ကျွန်တော်တို့၏ ငွေကြေး (ဆယ်ဘို့တစ်ဘို့)၊ အချိန်၊ ခွန်အား၊ စသည်တို့ ပါဝင်ပါသည်။ အသက်တာတခုလုံးကို ဆပ်ကပ် ဘို့ရန်ဖြစ်ပါသည်။ တချို့ မိမိတို့၏ငွေကြေးများ ပါဝင်ပေးလှူလိုက်သည်နှင့် လုံလောက်ပြီဟု ထင်နေကြသည်။ အသက်တာတခုလုံး ပေးဆပ်ပေးလှူသင့်ပါသည်။ ထိုသို့ပေးလှူရာတွင် ၀တ်ကျေတန်းကျေ သဘောမျိုးမဟုတ်ဘဲ စေတနာစိတ်နှင့် ပေးလှူဘို့ လိုအပ် ပါသည်။

စေတနာစိတ်နှင့် ပေးလှူသည့်တိုင် ထိုအလှူ (ငွေ၊ အချိန်၊ ခွန်အား)ကို ကိုယ်တိုင်ဆပ်ကပ်ပေးလှူနိုင်ခွင့် မရှိပါ။ အထက်ပါ ကျမ်းပိုဒ်တွင် အလှူပစ္စည်းများကို ယဇ်ပရောဟိတ်က တဆင့်သာ ပေးလှူနိုင်ပါသည်။ ထိုအလှူပစ္စည်းများကို ယဇ်ပရောဟိတ် ထံပေးအပ်ရပြီး ထိုယဇ်ပရောဟိတ်က ဘုရားသခင်ရှေ့သို့ ယူဆောင်သွားကာ ဆပ်ကပ်အပ်နှံပေးပါသည်။ ကျွန်တော်တို့ ပေးလှူ သော အလှူပစ္စည်းများကို ခရစ်တော် မှတဆင့်သာ ပေးလှူနိုင်ပါသည်။ ဘုရားသခင်သည် ကျွန်တော်တို့ကို ကယ်တင်ခြင်း အမှုပြုရာတွင် ခရစ်တော်အားဖြင့်သာ ပြုလုပ်ခဲ့သလို ကျွန်တော်တို့မှ ဘုရားသခင်ကို ပြန်လည်အပ်နှံသော မည်သည့်အရာမဆို ဘုရားသခင်သည် ခရစ်တော်အားဖြင့်သာ လက်ခံပါသည်။ အချို့သော သူများ၏ ပေးလှူမှုသည် အလွန်တရာ အံ့သြဘွယ် ကြီးမားများ ပြားသော ပမာဏ၊(သို့)ဆပ်ကပ်အပ်နှံမှုများသည် လူအမြင်တွင် ကြီးမားလှသော်လည်း ဘုရားသခင်၏ အမြင်တွင် ခရစ်တော်မပါသဖြင့် အရာမရောက်သော ပေးလှူအပ်နှံမှုများဖြစ်သည်ကို ၀မ်းနည်ဘွယ်ရာ တွေ့မြင်ရပါသည်။

အချို့သောလူများ၏ ဆပ်ကပ်အပ်နှံမှုများသည် အားကျအတုယူဘွယ်ရာဖြစ်သည်။ အချို့သော ဆပ်ကပ်အပ်နှံမှုများသည် မိမိအသက်ကိုပင် အပ်နှံကြသည်။ အရှေ့အလယ်ပိုင်း ဒေသများတွင် သူတို့၏ ယုံကြည်မှုများအတွက် အသက်ကိုပင် စတေးခံကာ ဆပ်ကပ်အပ်နှံ နေကြသည်။ သို့သော် ထိုသူတို့သည် ခရစ်တော်မပါသဖြင့် အသက်ပင် အပ်နှံပေး လှူကြသော်လည်း အချည်းအနှီး ပင်ဖြစ်နေကြသည်။ မိတ်ဆွေ သင်သိကျွမ်းခွင့်ရသော ခရစ်တော်အတွက် ကျေးဇူးတော်ချီးမွမ်းပါ။ ထိုသခင် ခရစ်တော်အားဖြင့် ပေးလှူဆပ်ကပ်ခွင့် ရရှိနေသည်ကို ကျေးဇူးတော်ချီးမွမ်းပါ။ အောက်ပါ ကျမ်းပိုဒ်နှစ်ပိုဒ်ကို လေ့လာပြီး ဆက်လက်ခွန်အားယူ ဆင်ခြင်ပေးပါ။

ရောမ ၁၂း၁

ညီအကိုတို့ အသက်ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်ခြင်းလက္ခဏာ၊ ဘုရားသခင်နှစ်သက်တော်မူဘွယ်သော လက္ခဏာနှင့် ပြည့်စုံသော ယဇ်ကို သင်တို့သည် ပူဇော်၍ မိမိကိုယ်ခန္ဓာကို ဘုရားသခင်အား ဆပ်ကပ်ခြင်းတည်းဟူသော သင်တို့ပြုအပ်သောဝတ်ကို ပြုမည့် အကြောင်း သင်တို့ကို ငါတိုက်တွန်းနှိုးဆော်ပေသည်။

ဖိလိပ္ပိ ၁း၁၁

ယေရှုခရစ်အားဖြင့် ဘုရားသခင်၏ဘုန်းအသရေတော်ကို ထင်ရှားစေတတ်သော ဖြောင်မက်ခြင်းအကျင့်နှင့် သင်တို့သည် ပြည့်စုံ၍ ခရစ်တော်၏ နေ့ရက်တိုင်အောင် စိတ်ကြည်ဖြူလျက် တိမ်းလဲခြင်းအမှုနှင့် ကင်လွှတ်လျက် ရှိမည်အကြောင်းကို၎င်း၊ ငါဆုတောင်း ပဌနာပြု၏။

၁၃။ပဋိညာဉ် ( ၂၀၁၂ )

ပဋိညာဉ် (Covenant)

ယနေ့ခေတ်ကာလ၌ လူမှုအဖွဲ့အစည်းများတွင် အမှန်တကယ် ကိုက်ညီမှု မရှိသည့် ပဋိညာဉ် ပြုလုပ်သော ဓလေ့ထုံးစံ တခုကို လွန်ခဲ့သော ကျမ်းစာခေတ်က ပြုလုပ်ခဲ့သည်။ ထိုအရာမှာ လူနှစ်ဦးသည် သူတို့၏ နေထိုင်မှု ဘ၀နှင့် ပိုင်ဆိုင်မှု ပစ္စည်းများ အတွက် အချင်းချင်း ကတိက၀တ်ပြုလျက် တယောက်ကို တစ်ယောက် လုံးဝ အပ်နှံသော သဘောတူညီမှု ဖြစ်သည်။ ထိုသဘောတူညီမှုကို လက်ဆောင်ပစ္စည်း လဲလှယ်ခြင်း အားဖြင့်သော် လည်းကောင်း၊ ကတိသစ္စာများ ပြု၍သော်လည်းကောင်း (သို့) ပွဲတခုပြုလုပ်၍ သော်လည်းကောင်း ပြုလုပ်ခြင်း အားဖြင့် သူတို့သည် သွေးသောက်ညီအကိုများ ဖြစ်လာကြသည်။ ထိုပဋိညာဉ်ကို စောင့်ထိန်းနေသ၍ ကောင်းကြီးဖြစ်လျက် ရှိနေသော်လည်း၊ ထိုပဋိညာဉ်ကို ချိုးဖောက် ခဲ့သော် ထိုချိုဖောက်သူသည် အသတ်ခံရပြီး သူ၏မိသားစုသည်လည်း ပြိုကွဲ ပျက်စီးသွားတော့သည်။

လူနှင့် ဘုရားသခင်၏ ပဋိညာဉ်

သမိုင်းကြောင်း စတင်သည့် အချိန်က စတင်ပြီး ဘုရားသခင်သည် လူနှင့် ပဋိညာဉ် တခုကို ထူထောင် တည်ဆောက် ခဲ့သည်။ ဖန်းဆင်းမှုကြီး တခုလုံးကပင်လျှင် ဘုရားသခင်က သူ့ထဲတွင် ရှိသည့်အရာ တခုကို အပ်နှံမှု တခု ဖြစ်နေခဲ့ပြီး မြေကြီးပေါ်တွင် ရှိနေသည့် အရာများဖြင့် အပြည့်အ၀ ပါဝင်ခဲ့သည်။ လူဘက်မှ ဘုရား သခင်ကို ဆက်နွယ်ပတ်သတ်ရာတွင် ပြန်လည် ဆက်ကပ်မှုနှင့် သူ့ကို လုံးဝ မှီခိုမှုသာ ဖြစ်သည်။ ဘုရားသခင်၏ တခုတည်းသော တောင်းဆိုမှုမှာ နာခံခြင်း (Obedience) တခုတည်း သာဖြစ်သည်။ (ကမ္ဘာ ၂း၇)

လူ၏ ကျဆင်းခြင်း။ ။ဘုရားသခင်ထံတွင် ဆက်ကပ်မှုနှင့် မှီခိုအသက်ရှင်မှုကို လူဘက်က အမိန့်တော်ကို မနာခံခြင်းနှင့် စတင်ရုတ်သိမ်းပြီး ပဋိညာဉ်ကို ချိုးဖောက်လိုက်သည် (ကမ္ဘာ ၃း၁-၆)။ လူသည် ကိုယ့်ကိုကိုယ် မာနကြီးခြင်း၊ ပုန်ကန်ထကြွခြင်း၊ ဘုရားကဲ့သို့ ဖြစ်ခြင်လာခြင် စသည်တို့ဖြင့် ဘုရားသခင်ကို ငြင်ပယ်ခဲ့ကြသည်။ (အလားတူဖြစ်ရပ်များ စာတန်တွင်လည်း ရှိခဲ့သည်ကို သတိရပါ (ဟေရှာ ၁၄း၁၂-၁၄)။

လူတွင် ကျဆင်းခြင်းနှင့် မနာခံမှုများ ရှိနေလျက်ပင် ဘုရားသခင်ဘက်မှ သူ၏ ပဋိညာဉ်ကို ပြန်လည်ပြီး အသစ်ပြုလုပ်ခဲ့သည်။ ဘုရားသခင်က လူ၏အနာဂတ် ကယ်တင်ခြင်းအတွက် ကတိပြုခဲ့သည်။ ထို့နောက် သူ့ကိုယ်သူ တံဆိပ်ခတ် အပ်နှံပြီး အသွေးဖြင့် ပြုလုပ်သော ကွယ်ကာမှုတရပ်ကို လူသား၏ အရှက်တရား အတွက် ပြုလုပ်ပေးခဲ့သည်(ကမ္ဘာ ၃း၁၅၊ ၂၁)

အဓိကကျသော ပဋိညာဉ် – အာဗြဟံ

အာဒံအချိန်မှ စပြီး ဘုရားသခင်သည် သူ၏အပ်နှံမှုအား ပြန်လည်တုန့်ပြန်မည့် ဖြောင့်မက်သောသူ ဖြစ်ကာ ထိုသူအားဖြင့် လူသားအားလုံးထံသို့ ကောင်းကြီးမင်္ဂလာများ စီးဆင်းစေမည့် လူတစ်ဦးကို အပြစ်တရား၏ အကျိုးဆက်မှ လုံဝ လွှတ်မြောက်စေရန် အတွက် ရှာဖွေခဲ့သည်။ အာဒံမှ နှစ်ပေါင်း နှစ်ထောင်ခန့် ကြာသောအခါ အာဗြဟံဆိုသူ လူတစ်ဦးအား ရှာဖွေတွေ့ရှိခဲ့သည်။ (ကမ္ဘာ ၁၇း၁-၁၄)

အာဗြဟံ၏အပိုင်း – ငါ့ရှေ့မှာ သွားလာ၍ စုံလင်ခြင်း ရှိလော့ (ကမ္ဘာ ၁၇း၁)

ဘုရားသခင်၏အပိုင်း – အာဗြဟံကို ကြီးမြတ်သော ကတိတော်တခုပေးခဲ့သည်။ ထိုကတိမှာ “သင်သည် လူအများတို့၏ အဘဖြစ်လိမ့်မည်။…………ငါသည် သင့်ကို အလွန်ပွားများစေမည်။ ငါသည် သင်၏ ဘုရားဖြစ်လိမ့်မည်….စသည်ဖြင့် ကတိပေးခဲ့သည်။ (ကမ္ဘာ၁၇း၎၊ ၆၊ ၇)

ပဋိညာဉ်ကို တံဆိပ်ခပ်ခြင်း – သင်နှင့်တကွ သင့်နောက်၌ သင်၏အမျိုးအနွယ်သည် ငါ၏ရှေ့မှာ စောင့်ရှောက်ရသော ပဋိညာဉ်တရားမူကား သင်တို့တွင် သားယောင်္ကျားတိုင်း အရေဖျားလှီး မင်္ဂလာ ခံရမည် (၁၇း၁၀-၁၁)။ ထပ်မံ၍ အသွေးထွက်ရမည်။ အာဗြဟံနှင့် အိမ်သားအားလုံးသည် ဘုရားသခင်ထံ အပ်နှံဆပ်ကပ်ခဲ့ကြသည်။ ဘုရားသခင်သည်လည်း အာဗြဟံကို ပြန်လည် အပ်နှံခံသည်။

အာဗြဟံကို ဘုရားသခင် စုံစမ်းခြင်း

ဘုရားသခင်၏ အကြံအစည်တော်နှင့် စီမံချက်အပေါ် အာဗြဟံ၏ ဆပ်ကပ် အပ်နှံမှု နာခံမှု မည်မျှလောက် ရှိသည် ဆိုသည်ကို ဘုရားသခင် စမ်းသပ်မှုပြု ခဲ့သည်။ အာဗြဟံတွင် ရှိသော ဘုရားသခင်၏ ကတိတော်ကို ပြည့်စုံစေနိုင်မည့် တဦးတည်းသောသား ဣဇတ်ကို ယဇ်ပူဇော်ရန် တောင်းဆိုခဲ့သည်(၁၈း၎-၈၊ ၁၉)။ အာဗြဟံသည် ဘုရားသခင်၏ ကတိတော်ကို ပြည့်စုံစေနိုင်မည် ဆိုသည်ကို လုံးဝ သံသယ မရှိခဲ့ပါ။ ထို့ကြောင့် ဘုရားသခင်၏ တောင်းဆိုမှုကို ချက်ခြင်း အကောင်အထည် ဖေါ်ပေးခဲ့သည် (ကမ္ဘာ ၂၂း၃)

အာဗြဟံသည် ဘုရားသခင်နှင့် ထားရှိသာ ပဋိညာဉ်ကို စောင့်ထိန်းကြောင်း တွေ့ရှိသောအခါ သူ့အား ထပ်မံ၍ ကတိတော်များကို ဒုတိယ အကြိမ် အတိပြု ပေးခဲ့သည်။ (ကမ္ဘာ၂၂း၁၆-၁၈)။ ထိုအချိန်မှ စတင်ကာ အာဗြဟံအားဖြင့် ဣသရေလ (အစ္စရေး) လူမျိုးများ ဖြစ်လာခဲ့ပြီး သူ၏ မျိုးဆက်ဖြစ်သော ယေရှုခရစ်တော် အားဖြင့် ဤကမ္ဘာ လောကကြီးကို ကယ်တင်မှု ပြုခဲ့ပါသည်။

ဓမ္မဟောင်းကာလ လူ၏တုန့်ပြန်ချက်ကြောင့် ထိုပဋိညာဉ်သည် ပျက်ပြယ်သွားနိုင်ပါသလား။ ဘုရားသခင်၏ လူများနှင့် ပဋိညာဉ် ပြုလုပ်ရာတွင် အပိုင်း(၄)ပိုင်းကို တိုးတက် လုပ်ဆောင်ခဲ့သည်။ ထိုအရာများကို စုပေါင်းကာ ဓမ္မဟောင်း ပဋိညာဉ် ဟုခေါ်ဆိုပါသည်။ ထိုအရာများမှာ

ဘုရားသခင်၏ ဖြောင့်မက်ခြင်း အဆင့်ကို ရှင်းလင်းစွာ တည်ဆောက်ခဲ့သည်။ ။ ငါသည် သန့်ရှင်း သောကြောင့် သင်တို့သည် သန့်ရှင်းရမည် (၀တ်ပြု ၁၁း၄၅၊ ထွက် ၂၀း၁-၁၇ ကိုဖတ်ပါ။)

ဘုရားသခင်၏ ကတိတည်ခြင်းနှင့် သစ္စာရှိခြင်းတို့ကို ဖော်ထုပ်ပြသခဲ့သည်။ ။ဣသရေလ လူမျိုးအဖို့ မိန့်တော်မူသော ကောင်းကျိုးတစ်စုံတစ်ပါးမှ မလျော့။ ရှိသမျှတို့သည် ပြည့်စုံကြ၏ (ယောရှု ၂၁း၄၅ ဆာလံ ၈၆း၁၅ ကိုဖတ်ပါ။)

နာခံဘို့ ရိုးရိုးရှင်းရှင်းသာ ပြောဆိုခဲ့သည်။ ။သို့ဖြစ်၍ သင်သည် သင်၏ ဘုရားသခင် ထာဝရ ဘုရားကို ချစ်ရမည်။ စီရင် ထုံးဖွဲ့တော်မူချက်၊ မှာထားသော ပညတ်တော်တို့ကို အစဉ် စောင့်ရှောက်ရမည်။ (တရာဟော ၁၁း၁၊ ၁၃-၁၅၊ ၂၂-၂၈)

လူ၏ လုံးဝ ဥဿုံ ပျက်စီးနေမှုကို သက်သေထူခဲ့သည်။ ။လူသား အားလုံးတို့သည် လမ်းလွဲကြပြီ။ တညီတညွတ်တည်း ဆွေးမြေ့ ယိုယွင်းခြင်း ရှိကြ၏။ ကောင်းသော အကျင့်ကို ကျင့်သောသူ မရှိ တစ်ယောက်မျှမရှိ။(ဆာလံ ၁၄း၃၊ ယေရမိ ၁၁း၆-၈)

ဓမ္မသစ်ကာလ နောက်ဆုံးဖြစ်သော ဓမ္မသစ်ပဋိညာဉ်ကို ယေရှုခရစ်တော်၏ အသေခံခြင်း၊ ရှင်ပြန် ထမြောက် ခြင်းအားဖြင့် တည်ဆောက်ခဲ့ပါသည်။ ကျဆင်းနေသော လူသားများနှင့် သူတို့၏ အပြစ်များ အတွက် နောက်ဆုံးသော အသွေးဖြင့် ယဇ်ပူဇော် မှုကို ပြုလုပ်ခဲ့ပါသည်။ (ဟေဗြဲ ၇း၂၇)

ဘုရားသခင်သည် သူ၏ လူမျိုးနှင့် အလျင်က ပြုလုပ် ထားခဲ့သော သဘော တူညီချက်ကို ပြည့်စုံစေရန် မစုံလင်သော တရားဟောင်း (ပဋိညာဉ်ဟောင်း) ကို ဖယ်ရှားပေးခဲ့ပါသည်။ အကြောင်းမှာ အသစ်သော ပဋိညာဉ်ကသာ အပြစ်နှင့် ပြည့်နေသော လူသားများကို ပြောင်းလဲမှု ဖြစ်လာရန်တန်ခိုးနှင့် ပြည့်စုံသောကြောင့် ဖြစ်သည်။ သူနှင့် မိဿဟာရ ဖွဲ့ကာ ဘုရားသခင်၏ ဖြောင့်မက်ခြင်းကို တောင့်တ ငတ်မွတ်မှုကို ဖြစ်လာစေသည်။ (၁ကော ၁း၃၀၊ ၂ကော ၅း၁၇၊ တမန်တော် ၁၃း၃၂-၃၃၊ ၃၈-၃၉၊ ရောမ ၆)

ငါတို့သည် ခရစ်တော်ကို သိကြွမ်းခြင်း အားဖြင့် ဘုရားဝတ်၌ အမှန်ပင် မွေ့လျော်နိုင်စေရန် ဘုရားသခင်သည် မဟာ တန်ခိုးတော်ဖြင့် ငါတို့ လိုအပ်သော အရာ ရှိသမျှကိ ချပေး တော်မူ၏။ ခရစ်တော်သည် မိမိ၏ ဘုန်း အသရေတော်နှင့် ကောင်းမြတ်ခြင်းကို ငါတို့အား ခံယူ နိုင်ကြစေရန် ငါတို့အား ခေါ်ယူ ရွှေးကောက် တော်မူပေသည်။ ဤနည်းအားဖြင့် ကတိ ထားတော်မူသော အလွန်ကြီး၍ အဖိုးထိုက်သည့် ဆုကျေးဇူးများကို ကိုယ်တော်သည် ငါတို့အား ပေးတော်မူ၏။ ထိုဆုကျေးဇူးအားဖြင့် သင်တို့သည် ဤလောကတွင် ဖောက်ပြန် ပျက်စီးတတ်သော ကိလေသာ ဆိုးညစ်မှုများမှ လွတ်မြောက် နိုင်ကြလျက် ဘုရားဇာတိတွင် ပါဝင်ကြစေရန် ဖြစ်သည်။ (၂ပေ ၁း၃-၄ ခေတ်သုံး ကျမ်းစာ)

ပဋိညာဉ် ပြုလုပ်ခြင်း၏ ရည်ရွယ်ချက် ပဋိညာဉ် ပြုလုပ်တိုင်း ဘုရားသခင်၏ အကြံအစည်တော် ရည်ရွယ်ချက်မှာ မပြည့်စုံခဲ့ပါ။ ယခုနောက် အသစ် ဖြစ်သော ပဋိညာဉ် အသစ်မှာ အာမခံချက် အပြည့်အ၀နှင့် ခိုင်ခံ နေပါသည်။ ယခု အခါ ဘုရားသခင်သည် သူပိုင် ဆိုင်သော လူစုတော်၊ သူပိုင်သော အသင်းတော် နှင့် သူပြင်ဆင်ထားသော ကယ်တင်ခြင်း ကိုလက်ခံပြီး သူ့ကို သခင်အရာတွင် ထားသော သူများ ရှိနေပြီ ဖြစ်သည်။ ထိုသူတို့ အားလုံးသည် ဘုရားသခင်ကို အကြွင်းမဲ့ အပ်နှံလျက် ယေရှုခရစ်တော်၏ အခွင့်အာဏာနှင့် တန်ခိုးတော်ကိုလည်းကောင်း၊ သူ၏ပုံသက်သေကို လည်းကောင်း ရယူကာ အကောင်းဆုံး အသက်ရှင် နေကြပေပြီ။

၁ပေ ၂း၉ ကိုဖတ်ပြီး ထွက်မြောက် ၁၉း၅-၆၊ တမန် ၁၅း၁၄ တို့ကို နှိုင်းယှဉ် ကြည်ပါ။

ရွေးချယ်သော လူမျိုးတော် – ဘုရားသခင်ကို ချစ်လျက် နီးကပ်စွာ အသက်ရှင်သောသူ (ဟောရှည် ၂း၁၉၊ ဧဖက် ၅း၂၅)

သန့်ရှင်းသော လူမျိုး – ဘုရားသခင်၏ ဖြောင့်မက်ခြင်း၊ စုံလင်ခြင်း၊ အညစ်အကြေးနှင့် ကင်းစင်သော အသင်းတော်ကို အများရှေ့တွင် ဖေါ်ပြသော လူမျိုး (ဧဖက် ၅း၂၅-၂၆)

မင်းစည်းစိမ် ရှိသော ယဇ်ပရောဟိတ် – ဘုရားသခင် အလိုတော် အတိုင်း ၀တ်ပြု ကိုးကွယ်၍ ချီးမွမ်းခြင်း အမှုကို ပြုသောသူ (ယောဟန် ၄း၂၃-၂၄၊ ၆ရာ ၅း၁၂၊ ၁၃)

ထူးခြားသော လူမျိုး – ဘုရားသခင်ကို ကိုးစားသောသူ၊ သူ၏ အခွင့်အာဏာကို တန်ဘိုးထား လေးစားသူ နှင့် သူ၏ ကောင်းကြီး မင်္ဂလာ များဖြင့် ကြွယ်ဝ နေသော ဘုရား သခင်၏ လူများအားဖြင့် ဘုရား သခင်၏ ဘုန်းတော် ထင်ရှား လာစေရန် ဖြစ်သည်။ဧဖက် ၃း၉-၁၀၊ ဟေရှာယ ၄၀း၅ ကျွန်တော်တို့၏ အပိုင်း – ဘုရားသခင်ကို စိတ်နှလုံး အကြွင်းမဲ့ ဆပ်ကပ် အပ်နှံရန်ဖြစ်သည်။ အသက်ရှင်ခြင်း လက္ခဏာ၊ သန့်ရှင်းခြင်း လက္ခဏာ၊ ဘုရားသခင် နှစ်သက်ဘွယ်သော လက္ခဏာနှင့် ပြည့်စုံသော ယဇ်ကို သင်တို့သည် ပူဇော်၍ မိမိကိုယ်ခန္ဓာကို ဘုရားသခင်အား ဆပ်ကပ်ခြင်း တည်းဟူသော သင်တို့ ပြုအပ်သော ၀တ်ကို ပြုမည့် အကြောင်း ဘုရားသခင်၏ ဂရုဏာတော်ကို ထောက်ထား၍ သင်တို့ကို ငါ တိုက်တွန်း နိုးဆော် ပေ၏။(ရောမ ၁၂း၁)ဘုရားသခင်၏ အပိုင်း – ဘုရားသခင်ကလည်း ကျွန်တော်တို့ထံ ပြန်လည် အပ်နှံ၍ ချီမြှေက်သည်။ သင်တို့သည် အရာရာ၌ သုံးလောက်သော ဥစ္စာအမျိုးမျိုး အစဉ်ရှိ၍ ကောင်းသော အကျင့်အမျိုးမျိုးနှင့် အထူးသဖြင့် ပြည့်စုံမည့်အကြောင်း အမျိုးစုံသော မင်္ဂလာ ကျေးဇူးနှင့် အထူးသဖြင့် ပြည့်စုံစေခြင်းငှါ ဘုရားသခင် တတ်နိုင်တော်မူ၏။ (၂ကော ၈း၉)

ဓမ္မသစ် ကျမ်းစာထဲတွင် ရှိသမျှသော ကျမ်းပိုဒ်တို့သည် ကျွန်တော်တို့အတွက် ယေရှုခရစ်၏ အသွေးတော်က လုပ်ဆောင်ပေးသော အရာနှင့် ပဋိညာဉ် တရားသစ်က ကျွန်တော်တို့ ရရှိခံစားရမည့် အမွေတော် အကြောင်းကို ဖွင့်ပြ ပြောဆိုနေပါသည်။ပဋိညာဉ်သစ်၏ တံဆိပ်ခပ်နိုပ်မှုများ

ယေရှုခရစ်၏ အသွေးတော် (ဟေဗြဲ ၉း၁၁-၂၈၊ ၁ပေ ၁း၁၈-၁၉)

သန့်ရှင်းသော ၀ိညာဉ်တော် (ဧဖက် ၁း၁၃၊ ၁၄၊ တမန် ၂း၃၈-၃၉)

ကျွန်တော်တို့ ရှိသမျှသည် ဘုရားသခင်ကို ဆပ်ကပ်အပ်နှံလျှက် ရှိကြပြီး ဘုရားသခင်ကလည်း ကျွန်တော်တို့ ထံ သူ၏ အခွင့်အာဏာနှင့် အရာအားလုံးကို အပ်နှံထားပြီး ဖြစ်သည်။ ယေရှုခရစ်တော် ဒုတိယ အကြိမ် ပြန်လည် ကြွချီလာသည့်အခါ လောကကမ္ဘာပေါ်တွင် ရှိကြသော လူသား အားလုံးတို့သည် ဘုရားသခင်နှင့် ၀မ်းမြောက်စွာ မိဿဟာရ ပြုလျှက် အာဒံအပါအ၀င် လူသား အားလုံးတို့သည် ဘုရားသခင်၏ ပြည့်စုံသော ရွေးနှုတ်ကယ်တင်မှုကို ခံစားရရှိပြီး ဖြစ်ပေလိမ့်မည်။ (ရောမ ၈း၁၉-၂၁၊ ဗျာဒိတ် ၂၁း၁-၄)

၁၄။ကျေးဇူးတော်အကြောင်း ( ၃ ) ( ၂၀၁၂ )

ရှင်ယောဟန် ၈း၁၁ တွင်တွေ့ရသည့် “ငါလည်း သင်၏ အမှုကို မစီရင်”ဆိုသည့် အပိုင်းသည် ကျေးဇူးတော်၏ ပထမပိုင်းဖြစ်သည်။ ထိုအပိုင်းသည် ကျွန်တော်တို့ကို ကယ်တင်သည့်အပိုင်း ဖြစ်သည်။ ဒုတိယပိုင်းမှာ သွားလော့၊ နောက်တဖန် ဒုစရိုက်ကို မပြုနှင့် ဆိုသည့် အပိုင်း သည် ကျွန်တော်တို့ ကျေးဇူးတော်ကို ခံစားပြီးနောက် ပြန်လည် တုန့်ပြန် ရမည့် အပိုင်း ဖြစ်သည်။

ပြန်လည် တုန့်ပြန်ရမည့်ကျေးဇူးတော် (တိတု ၂း၁၂-၁၃)

ပြစ်မှားသော မိန်းမကို ယေရှုခရစ်တော် ပြောသည့် စကားတွင် နောက်တဖန် ဒုစရိုက်မပြုနှင့် ဟု ပြောဆိုခဲ့ရာ မပြုနှင့်ဆိုသော အပိုင်းသည် ကျွန်တော်တို့ကို သွန်သင်နေခြင်း ဖြစ်ရာ ဘုရားတရားမဲ့ နေခြင်း၊ လောကီ တပ်မက်ခြင်း တို့ကို မပြုရန် သွန်သင် နေခြင်း ဖြစ်သည်။ ဤနေရာတွင် ကျွန်ုပ်တို့၏ တပ်မက်ခြင်း များကို ရည်ညွှန်း ပြောဆိုနေခြင်း ဖြစ်သည်။ ကျွန်တော်တို့သည် ဘုရားသခင်နှင့် ယေရှုခရစ်တော် ဘုန်းတော်ထင် ရှားမည့် အချိန် ကာလ ကောင်းကြီး မင်္ဂလာများကို မျှော်လင့်နေချိန်တွင် မိမိကိုယ်ကို ချုပ်ထိန်းခြင်း၊ ဖြောင့်မက်စွာ အသက်ရှင်ခြင်း၊ ဘုရားဝတ်၌ အသက်ရှင်ခြင်း တို့ဖြင့် ဤဘ၀တွင် အသက်ရှင် ရမည်ဖြစ်သည်။ ထိုအရာသည် သင်နောက်တဖန် ဒုစရိုက် မပြုနှင့် ဆိုသည့် အပိုင်းဖြစ်သည်။ကျေးဇူးတော် ဆိုသည့် စကားလုံးသည် ကျွန်တော်တို့ကို ကယ်တင်ရုံ မျှသာမကဘဲ ဘုရားမဲ့ တရားမဲ့ နေခြင်း၊ လောကီ အညစ် အကြေး တပ်မက်ခြင်း တို့ကို မပြုနှင့် ဟူ၍လည်း သင်ကြား ပေးနေပါသည်။ ထိုစကားလုံးပင် ရှင်ပေါလုက ရောမ ၁း၁၈ တွင် အသုံးပြု ထားသည်မှာ သမ္မာတရားကို အဓမ္မဖြင့် ဆီးတား နှိပ်စက်သော သူတို့ ပြုတတ်သော ဘုရားမဲ့နေခြင်း အမှု၊ တရားကို ကျူးလွန်ခြင်းအမှု၊ အမျိုးမျိုးတို့ တဘက်၌ ဘုရားသခင်၏ အမျက်တော်သည် ကောင်းကင်မှ ထင်ရှားလျှက် ရှိ၏။ ရှင်ပေါ်လုက ထပ်မံ၍ လောကီတပ်မက်ခြင်း ဆိုသော စကားလုံးကို ရှင်းလင်းရာ၌

ရောမ ၁း၂၁ အကြောင်းမူကား ထိုသူတို့သည် ဘုရားသခင်ကို သိလျှက်ပင် ဘုရားသခင်ကို ချီးမွမ်းသင့်သည်အတိုင်း မချီးမွမ်း ကျေးဇူးတော်ကိုလည်း မသိမမှတ် အချည်းနှီး တွေးဆခြင်း၊ သတိမရှိသော စိတ်နှလုံး မိုက်မဲခြင်းသို့ ရောက်ကြ၏။

ရောမ ၁း၂၃ မဖောက်ပြန် မပျက်စီးနိုင်သော ဘုရားသခင်၏ ဂုဏ်တော်ကို ပယ်လျက်၊ ဖောက်ပြန် ပျက်တတ်သော လူ၏ ရုပ်တု၊ သားငှက်၊ အစရှိသော တွားတတ်သော တိရစ္ဆာန်၏ ရုပ်တုတို့ကို ဘုရားသခင် အရာ၌ ချီးမြှောက်ကြ၏။

ရောမ ၁း၂၆ မိန်းမတို့သည် ပကတိ ထုံးစံကို စွန့်၍၊ ပကတိနှင့် ဆန့်ကျင်ဘက် ထုံးစံကို လိုက်ကြ၏။

ရောမ ၁း၂၁ ထို့အတူ ယောင်္ကျားတို့သည်လည်း မိန်းမနှင့် ဆက်ဆံခြင်း၊ ပကတိ ထုံးစံကို စွန့်၍ အချင်းချင်း ကိလေသာ စိတ်ပူလောင် သဖြင့် ရှက်ကြောက်ဖွယ်သော အမှုကို ယောင်္ကျားချင်း ပြုလျက်၊ မိမိတို့ မှားယွင်းခြင်းနှင့် အလျောက် မိမိတို့ အပြစ်ဒါဏ်ကို ခံရကြ၏။

ဤမျှလောက် ဘုရားသခင် ရွံရှာ စက်ဆုတ်တော် မူသော အမှုအရာကြီးကို အချို့နိုင်ငံများက ဥပဒေ ထုပ်ပြန်ကာ ခွင့်ပြုထားကြသည်မှာ စိတ်ပျက်စရာပင် ဖြစ်သည်။ သို့သော် ကျေးဇူးတော်က ထိုအရာများကို မပြုနှင့်ဟူ၍ အတိအလင်း သွန်သင်ထားပါသည်။ ခွင့်မပြုတာ ဖြစ်နိုင်တယ် ဟူ၍လည်း မပြောပါ။ အခုတော့ လုပ်ပါ။ နောက်ပိုင်း ကျရင် မလုပ်နဲ့ဟူ၍လည်းမပြောပါ။ အတိအကျ ပြောထားသည် မှာ နောက်တဖန် ဒုစရိုက် မပြုနှင့်။ ထိုမပြုနှင့် ဆိုသော စကားလုံးသည် ပြက်သားပါသည်။ ထပ်မံစဉ်းစား ကြည့်ပါ။ သင့်ကို စာတန်က မင်းနဲ့ငါ ခဏလောက် တွဲကလို့ ရမလား၊ ခဏလေးပါ၊ တကယ်ကို ခဏလေးပါ၊ (တစ်မိနစ် လောက်လေးပါ) ဟုပြောလာလျှင် သင်၏အဖြေက အားနာပြီး ဟုတ်ကဲ့ ဟုပြောလျှင် သင်သည် စာတန်၏ လွှမ်းမိုးမှု အောက်က မလွတ်သေးဘူး ဆိုတာ သိသာပါသည်။ သို့သော် သင်က ပြက်သားစွာ မဖြစ်နိုင်ဘူး၊ ငါအဲဒီလို မလုပ်နိုင်ဘူး ဟူ၍ ပြက်သားစွာ ငြင်းဆိုခဲ့ပါက သင်သည် စာတန်၏ လွှမ်းမိုးမှု နှင့် လွတ်ကင်းပြီး ဘုရားသခင် ဘက်တွင် အပြည့်အ၀ ရပ်တည်နေကြောင်း သိသာ ထင်ရှားပေသည်။ အားနာခြင်းဖြင့် ကျွန်တော်တို့၏ ယုံကြည်ခြင်းကို မပျက်ပြားစေပါနှင့်။

အပေါစားကျေးဇူးတော်

ကျွန်တော်တို့ အားလုံး တို့သည် ကျေးဇူးတော်ကို ကြိုက်နှစ်သက် ကြပါသည်။ ထိုကျေးဇူးတော်၏ နောက်က အပိုင်းကို ကြောက်ကြပါသည်။ ကျေးဇူးတော်တွင် ဈေးပေါသော ကျေးဇူးတော်နှင့် တန်ဘိုးကြီးသော ကျေးဇူတော် နှစ်ခုအကြောင်းကို ပြောလိုပါသည်။ ကျေးဇူးတော်ဟု ပြောလိုက်သည်နှင့် ရွှေ၊ ငွေ အစရှိသော မြင်နိုင်သော ကောင်းကြီးမင်္ဂလာများကိုသာ သင်မျက်စိထဲမှာ မြင်နေလျှင် ဈေးပေါသော ကျေးဇူးတော်ကိုသာ သင်မျှော်လင့် နေသည်ဟု ပြောနိုင်ပါသည်။ ဈေးပေါသော ကျေးဇူးတော်ကတော့ ကျွန်တော်တို့ကို ခွင့်လွတ်ခြင်း တရားလောက်သာ ဟောသည်။ နောင်တရဘို့ မတောင်းဆိုပါ။ အသင်းတော် စည်းကမ်းတွေ မပြောပါ။ ပွဲတော်မင်္ဂလာ အကြောင်း မပြောပါ။ နှစ်ခြင်း အကြောင်းလည်း မပြောပါ။ ၀န်ချ တောင်းပန်ခြင်းအကြောင်းလည်း မပြောပါ။ ဆုတောင်းဘို့လည်း မတိုက်တွန်းပါ။ နှုတ်ခပတ်တော်နဲ့ အသက်ရှင်ဘို့လည်း မတောင်းဆိုပါ။ ထိုဈေးပေါသော ကျေးဇူးတော်ကတော့ တပည့်တော် ဖြစ်စေခြင်းလည်း မရှိ။ ကားတိုင်လည်း မရှိ။ ယေရှုခရစ်တော်လည်း မရှိ။ ၀ိညာဉ်တော် တန်ခိုးကိုလည်း နားမလည်။ ခရစ်တော်၏ အသက်ရှင်မှုတွေလည်း မသိ….. အစရှိသည် တို့ဖြစ်သည်။

တန်ဘိုးကြီးသော ကျေးဇူးတော်

တန်ဘိုးရှိသော ကျေးဇူးတော်ကတော့ ကျွန်တော်တို့ကို ယေရှုခရစ်တော်၏ နောက်လိုက် ဖြစ်စေသည်။ အဘယ်ကြောင့် ဆိုသော ထိုသူ၏ အသက်တန်ဘိုးကို ပေးချေပြီးသား ဖြစ်သည်ကို နားလည် သွားသော ကြောင့်ဖြစ်သည်။ ထိုကျေးဇူးတော်သည် သူ့ကို မှန်သော အသက်ကို ရရှိစေသောကြောင့်ဖြစ်သည်။ ထိုတန်ဘိုးကြီးသော ကျေးဇူးတော်ကို ခံစားရရန် အပြစ်ကို စီရင်ပြီး အပြစ်သားကို ဖြောင့်မက်သူ ဖြစ်လာစေရန် လုပ်ဆောင်ပေးသောကြောင့် တန်ဘိုးကြီးပါသည်။ ထိုတန်ဘိုးရှိသော ကျေးဇူးတော်ကို လူသားများ ခံစားရန်အတွက် ဘုရားသခင်သည် သူ၏ တစ်ဦးတည်းသော သားကို စွန့်လွှတ် ရသောကြောင့် တန်ဘိုး ကြီးပါသည်။ ယေရှု ခရစ်တော်က အသက်နှင့် ရင်းပြီး ပေးဆပ် ရသောကြောင့် တန်ဘိုးရှိပါသည်။ သို့သော် ကောင်းကင်သို့ ပြန်လည် ထမြောက်စေခဲ့ပါသည်။ ယေရှု ခရစ်တော်သည် ဘုရားစင်စစ် ဧကန်ဖြစ်ပါလျှက် လူဇာတိ ခံယူရသောကြောင့် တန်ဘိုးများစွာ ပေးဆပ်ရသည်။ ထိုကြောင့် တန်ဘိုး အလွန်ကြီးပါသည်။

နောက်ဆုံးအနေဖြင့် ပြောကြားလိုသည်မှာ သင်ရယူခံစားသော ကျေးဇူးတော်သည် အပေါစား ကျေးဇူးတော်လား၊ တန်ဘိုးရှိသော ကျေးဇူးတော်လား။ သေချာစွာ ပြန်လည် သုံးသပ်ပြီး လေ့လာပါ။ အကယ်၍ တန်ဘိုးရှိသောကျေးဇူးတော်ကို သင်ရယူ ပိုင်ဆိုင်မှု မရှိသေးဘူး ဆိုလျှင် အလွန်ဝမ်းနည်းစရာ ကောင်းပါသည်။ သင်တို့ အသက်တာထဲမှာ တန်ဘိုးရှိသော ကျေးဇူးမင်္ဂလာများ ရယူပိုင်ဆိုင် ပါစေဟု ဆုတောင်းပေးလိုက်ပါသည်။

၁၅။ကျေးဇူးတော်အကြောင်း ( ၂ ) ( ၂၀၁၂ )

ကျေးဇူးတော် ခံစားရတဲ့ မေဖိဗောရှက်

ဓမ္မသစ်မှ အကြောင်းအရာ တစ်ခုနှင့် ဓမ္မဟောင်းမှ ပုံပမာ အကြောင်းအရာ တခုစီကို ကြည့်ရှုပြီးနောက် ဘုရားသခင်၏ကျေးဇူးတော်ကို ထပ်မံလေ့လာကြပါစို့။ ဓမ္မရာဇ၀င် ဒုတိယစောင် အခန်းကြီး (၉)ရှိ မေဖိဘောရှက်၏ ဇတ်လမ်းသည်ကျေးဇူးတော်အကြောင်းကို လေ့လာရန် အလှပဆုံးသော အကြောင်း အရာ ဖြစ်သည်။ ရှင်ဘုရင် ရှောလုသည် စစ်ပွဲတွင် သေးဆုံးသွားသည်။ သူ၏သားဖြစ်သူ ယောနသန် လည်း ထိုစစ်ပွဲတွင် သေဆုံးသွားသည်။ ထိုအခါဒါဝိတ်သည် ရှင်ဘုရင် ဖြစ်လာသည်။ သူသည် ရှင်ဘုရင် ဖြစ်လာသောအခါ “ဘုရားသခင်၏ အလိုတော်အတိုင်း ငါကျေးဇူးပြုစရာ အခွင့်ရှိစေခြင်းငှါ ရှောလု၏ အဆွေအမျိုး တစ်စုံတစ်ယောက်မျှ မရှိသလော။” (၂ရာ ၉း၃)။ ဟုမေးမြန်းပြီး ရှာဖွေခဲ့ရာယောနသန် ၏သား မသန်မစွမ်း ဖြစ်နေသူ မေဖိဘောရှက် ကိုတွေ့လေသည်။ သူနေထိုင်သော နေရာကို မေးမြန်ရာဒေလောဗာရွာ တွင် နေထိုင်ကြောင်း သိရှိရလေသည်။ ဒေလောဗာ ဟူသော အမည်၏ အဓိပ္ပါယ်မှာ စကားလုံး မရှိ၊ ပစ္စည်းမရှိ၊ နေစရာမရှိ ဟူ၍ အဓိပ္ပါယ်ရပါသည်။ မေဘိဘောရှက်တွင် ဘာဆို ဘာမျှ မရှိပါ။ သို့သော်လည်းမေဘိဗောရှက်ကို ဒါဝိတ်က ပြောသည်မှာ” မကြောက်ပါနဲ့၊ မင်းအဖေ ယောနသန်အတွက် ငါကျေးဇူးပြုမည်” ဟူ၍ ပြောဆိုခဲ့ပါသည်။” မင်းအဖေ၊ မင်းအဘိုးရဲ့ မြေယာ ပိုင်ဆိုင်မှုတွေကို ငါပြန်ပေးမယ်။ မင်းလည်း ငါနဲ့အတူ ငါ့စားပွဲ မှာ ထိုင်ရလိမ့်မယ်” ဟူ၍ ပြောဆိုခဲ့ပါသည်။ မေဖိဗောရှက် ပြန်လည် တုန့်ပြန်ခဲ့သည်မှာ “ကျွန်တော်ကဲ့သို့သော ခွေးသေကောင်ကို ကိုယ်တော် ကြည့်ရှုရမည့် အကြောင်း ကိုယ်တော်ကျွန်သည် အဘယ်သို့သောသူ ဖြစ်ပါသနည်း” ဟူ၍ ပြန်လျှောက်ခဲ့သည်။ ထိုစားပွဲတွင် ထိုင်နေမည့် မေဖိဗောရှက်ကို စိတ်ကူးယဉ်ကြည့်ပါ။ ထိုနေရာတွင် ညဏ်ပညာ အလွန်ကြီးသည့် ရှောလမုန်လည်း ထိုင်နေလိမ့်မည့်။ ရှောလမုန်က ညဏ်ပညာနှင့် ဆိုင်သော စာပေတွေကို ရေးသားသည့် အတွေ့အကြုံတွေ ပြောနေလိမ့်မည်။ သို့မဟုတ် အချစ်သီချင်းတွေ ရေးစပ်နေလိမ့်မည်။ ထိုသီချင်းများကို ညစာစားပွဲတွင် ဆိုပြကောင်း ဆိုပြနိုင်သည်။ ထိုစားပွဲတွင် အလွန်လှပသည့် အဗရှလုံလည်း မကြာခဏ လာရောက်ထိုင်ပေလိမ့်မည်။ အဗရှလုံသည် တမျိုးသားလုံးတွင် အလှဆုံး ဖြစ်ကြောင်း ကျမ်းစာက ဖော်ပြပါသည်။ ထိုနေရာတွင် ဒါဝိတ်၏ သမီး အလွန်လှပသည့် တာမာ မင်းသမီးလည်း ရှိကောင်းရှိနိုင်ပါသည်။ အလွန်စိတ်လှုပ်ရှားစရာ ကောင်းသော ညစာ စားပွဲဖြစ်ပေလိမ့်မည်။

သူသည် အလွန်စိတ်လှုပ်ရှားစွာဖြင့် အတွေးပေါင်း မြောက်မြားစွာကို တွေးနေလိမ့်မည်။ ငါဒီနေရာကို ဘာကြောင့် ရောက်လာတာလဲ။ ရှောလမုန် လို ညဏ်ပညာလဲမရှိ။ အဗရှလုံလို ကြည့်လို့လည်း မကောင်း၊ တာမာလို ချောမောသူလဲမဟုတ်။ သည့်အပြင် ရှောလုသည် ဒါဝိတ်၏ ရန်သူတော် တဦးပင် ဖြစ်သည်။ ထိုကဲ့သို့သော နေရာသို့ကျေးဇူးတော်ကြောင့်သာ ရောက်ခွင့်ရသည်။ အဘယ်ကြောင့် ဆိုသော် ရှင်ဘုရင် ကိုယ်တိုင်က ဘိတ်ခေါ် ထားသောကြောင့် ဖြစ်သည်။ “သင်သည် နေတိုင်းအစဉ် ငါ့စားပွဲ၌ စားရမည်။”

ဒေလောဗာရွာမှာ သင်ရှိနေသလား

ဒေလောဗာ ဆိုသော နေရာသည် အမြဲတမ်း နေရမည့် နေရာမဟုတ်။ ထိုနေရာသည် စောင့်ဆိုင်းရသော နေရာတစ်ခုသာ ဖြစ်သည်။ မေဘိဘောရှက်သည် ထိုနေရာတွင် စောင့်ဆိုင်ခဲ့ရသည်။ ယခုအချိန်၌ သင်သည် ဒေလောဗာမှာ စောင့်ဆိုင်းနေသူ တစ်ဦးဖြစ်နိုင်ပါသည်။ သင်မည်မျှ ကြာအောင် စောင့်ဆိုင်း နိုင်ပါသနည်း။ သင် မည်သည့်နေရာတွင် ရှိနေသည် ဆိုသည်ကို ရှင်ဘုရင် သိနေသည် ဆိုသည်ကို သတိ ရပါ။ ဒေလောဗာ ရွာ၌ပင် ကျေးဇူးတော် ရှိနိုင်ပါသည်။ ဘုရားသခင်သည်ကျေးဇူးတော်ကို သွန်းလောင်း ရန် အဆင်သင့် ရှိနေပါသည်။ ကျွန်တော်သည် မေဖိဗောရှက်၏ ဇတ်လမ်းလေးကို အလွန်ကြိုက် နှစ်သက် ပါသည်။ အဘယ်ကြောင့် ဆိုသော် ကျွန်တော်တို့ ကိုယ်တိုင်ပင် ထိုမေဘိဘောရှက်ကဲ့သို့ ဖြစ်နေသော ကြောင့် ဖြစ်ပါသည်။ အပြစ်တရားသည် ကျွန်တော်တို့ကို မသန်မစွမ်း ဖြစ်စေသည်။ နှုတ်ကို မသန်မစွမ်း ဖြစ်စေသည် ။ ကျွန်တော်တို့ ပြောချင်သည့် အမှန်တရားကို ပြော၍မရ။ မပြောချင်သည့် မုသာစကား တွေကို ပြောနေရသည်။ စိတ်အာရုံကို မသန်မစွမ်း ဖြစ်စေသည်။ ကျွန်တော်တို့သည် မှားယွင်သော အကြောင်း တရား များ၏ လှုံ့ဆော်မှုများနှင့် အရာရာကို လုပ်ဆောင် နေကြသည်။ ကျွန်တော်တို့ လုပ်ဆောင် လိုသည့် အတိုင်း လုပ်ခွင့်မရ။ အပြစ်တရား၏ ဦးဆောင်မှု အောက်တွင် လုပ်ဆောင် နေကြသည်။ သို့သော်လည်း ကျွန်တော်တို့၏ ဘုရားသခင် ရှင်ဘုရင်က ကျွန်တော်တို့ထံလာ၍ ငါ၏ စားပွဲတွင် စားပါ ဟူ၍ ပြောလာသည်။ တစ်နေ့တွင် ကျွန်တော်တို့သည် ရှင်ဘုရင်၏ စားပွဲတွင် ထိုင်၍ ထိုဘုရင်နှင့်အတူ စားသောက်ခွင့် ရပေဦးမည်။ ကျွန်တော်တို့၏ မသန်မစွမ်း ဖြစ်နေသော အစိတ် အပိုင်းများ အားလုံး အကောင်း ပကတိ ဖြစ်လာဦးမည်။ အဘယ်ကြောင့် ဆိုသော ထိုဘုရားသခင်သည် အရာ ခပ်သိမ်းကို ပြန်လည် အသစ်ပြုပြင် ဖန်ဆင်းဦးမည် ဖြစ်သည်။

ပြစ်မှားတဲ့ မိန်းမလဲ ကျေးဇူးတော် ခံစားရ

နောက်ထပ် အခြား ဥပမာ တခုကို ဓမ္မသစ် ကျမ်းမှ ထပ်မံ ပြပါဦးမည်။ သင် သိကောင်း သိနိုင် ပါသည်။ ရှင်ယောဟန် ၈း ၁-၁၁ တွင် မှားယွင်သော အမှုကို ပြုသော မိန်းမ တစ်ယောက် အကြောင်း တွေ့ရ ပါသည်။ ကျမ်းတတ် ဆရာများ နှင့် ဖာရိရှဲ များက ထိုမိန်းမကို ခေါ်ဆောင် လာသည်။ ယေရှု ဗိမ္မာန်တော်တွင် ရှိနေချိန်တွင် ထိုအဖြစ် အပြက် ဖြစ်လာခြင်း ဖြစ်သည်။ ထိုသူတို့က “ဆရာ ဒီမိန်းမ မှားယွင်းခြင်း အမှုကို ပြုနေစဉ် ဖမ်းမိပါတယ်။ ကျမ်းစာထဲမှာတော့ ခဲနဲ့ပေါက်သတ်ရမယ်လို့ ပြောထား ပါတယ်။ ဒါပေမဲ့ ဆရာ ဘယ်လို ပြောမလဲ ဆိုတာ သိချင်ပါတယ်” စသည်ဖြင့် မေးမြန်းလေသည်။ သူတို့၏ ရည်ရွယ်ချက်မှာ ပညတ်တော်က စေခိုင်း ပြောဆိုသည့် အတိုင်း လုပ်ဆောင် လိုသည့် ရည်ရွယ်ချက် မပါချေ။ ယေရှုကို ထောင်ချောက်ဆင် ဖမ်းသည့် သဘောဖြင့် လာရောက် ပြောဆိုခြင်းသာ ဖြစ်သည်။ ရှင်ယောဟန်က “ကိုယ်တော်ကို အပြစ်တင်ခွင့် ရှိစေခြင်းငှါ စုံစမ်း နှောင့်ယှက်သော သဘောဖြင့် မေးမြန်းကြောင်း ရေးသားထားပါသည်။ ကိုယ်တော်သည် မည်သို့မျှ အကြောင်းမပြန်သောအခါ အထပ်ထပ် မေးလျှောက်သဖြင့် ခရစ်တော်က ပြန်လည် ဖြေကြားရာတွင် “အပြစ်ကင်းသောသူက ရှေးဦးစွာ ကျောက်ခဲနှင့် ပစ်ပါ” ဟု ပြောလိုက်သည်။ ဤအဖြစ်အပျက်ကို သင်ကိုယ်တိုင် သိပြီး ဖြစ်သောကြောင့် အရှည် မပြောလိုတော့ပါ။ အကြီးဆုံးမှ အငယ်ဆုံး ထိတိုင်အောင် အပြစ်နှင့် မကင်းကြသဖြင့် ခဲနှင့်ပေါက် သတ်ဘို့ ကိစ္စ ပြီးပြက်သွားတော့သည်။ နောက်ဆုံးတွင် ယေရှုခရစ်တော်နှင့် ထိုအမျိုးသမီး နှစ်ယောက်တည်းသာ ကျန်တော့သည်။

ထိုအဖြစ်အပျက်ကို သေသေချာချာ မြင်အောင် ကြည်လိုက်ပါ။ ယေရှုက အမျိုးသမီးကို ကြည့်ရှုလျှက် ‘မင်းကို စီရင်တဲ့သူ တစ်ယောက်မှ မရှိဘူးလား’ ဟု အပြုံးမျက်နှာနှင့် မေးလိုက်သည်။ ထိုအချိန်၌ ထိုမိန်မ ကိုယ်တိုင်ကပင် မျက်စိ မှိတ်ထားလျှက် ပတ်ဝန်းကျင်ကို မကြည့်ရဲ လောက်အောင် ကြောက်ရွံ့ နေလိမ့်မည်။ အဘယ်ကြောင့် ဆိုသော အသက် သေဆုံးရမည့် အန္တရယ် ကြောင့် ဖြစ်သည်။ ထိုမိန်းမက မော့ကြည့်လိုက်လျှင် တစ်ယောက်မျှ မရှိတော့ချေ။ မျက်စိ မှိတ်ထားချိန်တွင် စိတ်ကြီးဝင် ပြီး ကိုယ့်ကိုကိုယ် အထင်ကြီး နေသောသူများ၏ ပါစပ်က ထွက်သော စကားလုံးများဖြင့် ပြောဆိုသွားသော စကားများကို ကြားနေခဲ့ရသည်။ ထိုမိန်းမသည် အမှန်တကယ် ကျောက်တုံးနှင့် အပေါက်မခံရသော်လည်း ပါစပ်ကျောက်တုံးများဖြင့် ပေါက်ခံရကာ စိတ်နှလုံးတွင် နာကျင်စွာ ခံစားခဲ့ရသည်။ ထိုမိန်းမသည် နောက်ဆုံးတွင် ခရစ်တော်နှင့် နှစ်ယောက်တည်း တွေ့ချိန်၌ သူ့ကို အပြင်အထန် အပြစ်တင် ကြိမ်းမောင်း လိမ့်မည် ဟု တွေးနေမိသည်။ သို့သော် သူမ မျှော်လင့်မထားသော စကားကို ကြားလိုက်ရသည်။ ထိုစကားမှာ “ငါလည်း သင်၏ အမှုကို မစီရင်၊ သွားလော့၊ နောက်တဖန် ဒုစရိုက်ကို မပြုနှင့်”

ကျေးဇူးတော်ဟာ ပြန်လည် တုန့်ပြန်ဘို့လို

အထက်ပါ အဖြစ်အပျက်ကို လေ့လာကြည့်ပါ။ ကျမ်းတတ်ဆရာများတွင် ကျေးဇူးတော်မရှိ၊ ဖာရိရှဲများတွင်ကျေးဇူးတော်မရှိ။ ယေရှုခရစ်တော်၌သာ ကျေးဇူးတော်ရှိကြောင်း တွေ့နိုင်ပေသည်။ John Newton ဆိုသူက ရေးသားထား၌ “ကျေးဇူးတော်က ကျွန်တော်ရဲ့ နှလုံးသားကို ကြောက်ရွံ့ခြင်း ဆိုတဲ့အရာတခု သွန်သင်ပေးခဲ့ပါတယ်။ အဲဒီကျေးဇူးတော်ကဘဲ ကျွန်တော်ရဲ့ ကြောက်ရွံ့ခြင်းများကိုလည်း သက်သာစေခဲ့ပါတယ်” ဟု ရေးသားခဲ့လေသည်။ အဲဒီကျေးဇူးတော်ဟာ အလွန် တန်ဘိုးကြီး အဖိုးထိုက်တန်ကြောင်း ယခု သိလောက်ပြီ ဖြစ်သည်။

“ငါလည်း သင်၏ အမှုကို မစီရင်”ဆိုသည့် အပိုင်းသည် ကျေးဇူးတော်၏ ပထမပိုင်းဖြစ်သည်။ ထိုအပိုင်းသည် ကျွန်တော်တို့ကို ကယ်တင်သည့်အပိုင်း ဖြစ်သည်။ ဒုတိယပိုင်းမှာ သွားလော့၊ နောက်တဖန် ဒုစရိုက်ကို မပြုနှင့် ဆိုသည့် အပိုင်းသည် ကျွန်တော်တို့ ကျေးဇူးတော်ကို ခံစားပြီးနောက် ပြန်လည် တုန့်ပြန် ရမည့်အပိုင်း ဖြစ်သည်။

ဆက်လက်ဖော်ပြပါဦးမည်

၁၆။ကျေးဇူးတော်အကြောင်း ( ၁ ) ( ၂၀၁၂ )

တိတု ၂း၁၁-၁၄

တိတုသည် ကရေတေကျွန်းမှ ဘုရားသခင်၏ လူစုတော်ကို ကြည့်ရှုရသော အသက် ငယ်ရွယ်သူ သင်းအုပ်ဆရာတဦး ဖြစ်သည်။ ထိုအသင်းတော်သည် တမန်တော် ၀တ္ထုထဲတွင် ရှင်ပေါလုပြောသည့် အသင်းတော်ကို တည်ထောင်ပြီး မကြာခင်တွင် တိတုထံ အပ်နှံခဲ့ပုံရသည်။ အဘယ်ကြောင့်ဆိုသော တိတုသည် ငယ်ရွယ်၍ အတွေ့အကြုံနုနယ်သော သူဖြစ်သည်။ ရှင်ပေါလုက သူ့ထံသို့ သိသင့်သိထိုက် သည့်အရာများကို သြ၀ါဒ စာစောင်အဖြစ် ရေးသားခဲ့သည်။ ပေါလုသည် သူ၏ စာစောင်ထဲတွင် မစုံလင် မပြီးပြတ်သေးသော အမှုများကို ပြင်ဆင်ပြီး သင်အုပ်ဆရာများကို ခန့်ထားရန် သွန်သင်ထားသည်(တိတု ၁း၅)။ အလားတူပင် မှန်ကန်သော သြ၀ါဒများကို သွန်သင်ရန်လည်း ထပ်မံပြောကြားထားသည်(တိတု ၂း၁)။ ထို့နောက် တိတု ၂း၁၁-၁၄ တွင် ရှည်လျားသော ၀ါကျစာကြောင်းကြီးကို ရေးသားကာ တိတုအတွက် သတင်းကာင်း (Gospel) ကို ရေးသားခဲ့သည်။ ကရေတေကျွန်း အသင်းတော်တွင် ရှိသော ပြဿနာကဲ့သို့ ကျွန်တော်တို့ အသင်းတော်များတွင် ပြဿနာများ ရှိသောကြောင့် ထိုစာပိုဒ်သည် ကျွန်တော်တို့ အတွက် ဆီလျော်မှုရှိပေသည်။ ထိုနေရာတွင် သင်အုပ်ဆရာ မခန့်နိုင်သေးကြောင်း တွေ့ရသည်။ အသစ်ပြောင်းလဲလာသူထဲတွင် သင်အုပ်ဆရာနေရာ အတွက် သင့်တော်သော လူတစ်စုံတစ်ယောက် မတွေ့သေးသောကြောင့် ဖြစ်နိုင်သည်။ ပညာရှင် တစ်ယောက် ရေးသားထား သည်မှာ ထိုနေရာတွင် အသင်းတော် လုပ်ငန်းများကို အေးဆေးစွာနေနိုင်သူ၊ အလယ်အလတ်တန်းစား အသိုင်းအ၀ိုင်းနှင့် ရိုသေလေးစားမှုခံရသော အသိုင်းအ၀ိုင်းတွင် အသင်းတော် လုပ်ငန်း စတင်ရန် ရည်ရွယ်ချက် ထားရှိပုံမရပါ ဟူ၍ ရေးသားထားသည်။ သတင်းကောင်းသည် မသေချာ မရေရာသောသူ အများစုအတွက် ဖြစ်သည်။

ကယ်တင်သောကျေးဇူးတော်

ဘုရားသခင်၏ ကျေးဇူးတော်များက လူအပေါင်းထံသို့ ကယ်တင်ခြင်း ကောင်းကြီးများ ယူဆောင်လာ ပေးသည်။ ကျွန်တော်တို့၏ ကယ်တင်ခြင်းသည် ဘုရားသခင်၏ ကျေးဇူးတော် သက်သက်ဖြင့်သာ ဖြစ်ပါသည်။ ဧဖက် ၂း၈-၉ တွင်”ယုံကြည်ခြင်းအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏၊ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာဖြစ်သတည်း။ ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ၀ါကြွားစရာ မရှိ။” ဟု ရေးသားထားပါသည်။ Calvin Miller ရေးသားထားသော Spirit, Word and Story စာအုပ် ထဲတွင် ကျေးဇူးတော်ကို အနက်အဓိပ္ပါယ် ဖွင့်ဆိုရာတွင် “မထိုက်တန်ဘဲ မျက်နှာသာ ပေးခံရသည်” ဟု ရေးသားထားပါသည်။ ကျွန်တော် တို့သည် ကျေးဇူးတော်ကြောင့် အသက်ရှင်နေ ကြသည်။ ကျွန်တော်တို့သည် ကျေးဇူးတော်ကြောင့် ယနေ့ ဤနေရာတွင် ရှိနေကြသည်။ ကျွန်တော်တို့သည် ကျေးဇူးတော်ကြောင့် အပြစ်မှ ကယ်တင်ခြင်း ခံရပြီ၊ ထာဝရ စီရင်ခြင်းနှင့် လွတ်မြောက်ခွင့် ရသည်။ သို့သော် စဉ်းစားစရာ ရှိလာသည်မှာ ထိုကျေးဇူးတော်သည် ကျွန်တော်တို့ထံ မည်ကဲ့သို့ ရောက်ရှိ လာပါသနည်း။ ၂တိ ၂း၁၄ က ပြောသည်မှာ “ထိုသခင် ယေရှုခရစ်သည် ခပ်သိမ်းသော ဒုစရိုက်မှ ငါတို့ကို ရွေးနှုတ်ခြင်းငှါ လည်းကောင်း၊ ကောင်းသော အကျင့်ဘက်၌ စိတ်အားကြီး၍ ပိုင်ထိုက်တော်မူသော အမျိုးကို မိမိအဖို့ စင်ကြယ်စေခြင်းငှါ လည်းကောင်း၊ ကိုယ်ကိုကိုယ် စွန့်ကြဲတော်မူပြီ။”

John Bunyan ကရေးသားထားသည်မှာ

“အို – ဘုရားသခင်ရဲ့သားတော် —

ကျေးဇူးတော်ဆိုတာ ကိုယ်တော်ရဲ့ မျက်ရည်ထဲမှာ ရှိပါတယ်။

ကျေးဇူးတော်တွေဟာ ကိုယ်တော်ရဲ့ နံဘေးတော်ကနေ သွေးများနဲ့ တစက်စက် စီးထွက်နေပါတယ်။

ကျေးဇူးတော်တွေဟာ ကိုယ်တော်ရဲ့ နှုတ်ဖျားတော်ကနေ ချိုမြိန်မှုတွေနဲ့ ထွက်ပေါ်လာနေပါတယ်။

ကျေးဇူးတော်တွေဟာ ကိုယ်တော်ရဲ့ ကျောပေါ်က ကြာပွတ်ဒါဏ်ရာတွေမှာ တွေ့မြင်နေရပါတယ်။

ကျေးဇူးတော်ကိုယ်တော်ရဲ့ ပလ္လင်တော်ပေါ်မှာ လည်းတွေ့နေရပါတယ်။

ကျေးဇူးတော်တွေဟာ ကိုယ်တော်ရဲ့ လက်ဖ၀ါးပေါ်က သံချက်ရာ တွေမှာလည်း မြင်နေရပါတယ်။

အိုး— မြတ်သော သားတော် …ဒီနေရာတွေမှာ ကြီးမား နက်နဲလှတဲ့ ကျေးဇူးတော်တွေ ရှိနေပါတယ်။

ကျွန်တော်တို့ ရှာဖွေလို့ မရနိုင်တဲ့ကျေးဇူးတော်တွေပါ၊

ကျွန်တော်တို့ စဉ်းစားဘို့တောင် မဖြစ်နိုင်တဲ့ ကြွယ်ဝတဲ့ကျေးဇူးတော်တွေပါ။

အဲဒီကျေးဇူးတော်တွေဟာ ကောင်းကင်တမန်တွေကို အံ့သြမှု ဖြစ်စေပါတယ်။

အပြစ်သားတွေကိုတော့ ၀မ်းမြောက်မှု ဖြစ်စေပါတယ်။ … အစရှိသည်ဖြင့် ရေးသားခဲ့ပါသည်။

C. S. Lewis ကလည်း အံ့သြစရာ သူ၏ စိတ်ကူးယာဉ် ကြောင်းအရာလေးဖြင့် ရေးသား သက်သေ ထူထားသည်မှာ ငရဲပြည်မှ ခရီးသည်များကို တင်ဆောင်ကာ ကောင်းကင်နိုင်ငံတော်သို့ ခရီးစဉ်တခုအဖြစ် သွားသော ဘစ်ကားတစ်စီးပေါ်တွင် လူတစ်ဦးလိုက်ပါလာသည်။ ထိုကားသည် ကောင်းကင် နိုင်ငံတွင် ရွေများဖြင့် ခင်းထားသော လမ်းပေါ်တွင် မောင်းနှင်နေသည်။ ထိုအချိန်တွင် ဘတ်စ်ကားထဲမှ လူသည် ထိုရွှေလမ်းပေါ်တွင် လမ်းလျှောက်နေသော သူ၏ မိတ်ဆွေဟောင်း တစ်ဦးကို တွေ့လိုက်သည်။ ထိုအခါ သူသည် ရုတ်တရတ် ထကာ အားကုန် အော်ဟစ်လိုက်သည်မှာ “ဒါမတရားဘူး၊ လုံးဝမတရားဘူး၊ အဲဒီလူဟာ သူ့ဘ၀ တစ်လျှောက်လုံးမှာ အပြစ်တွေနဲ့ အသက်ရှင် ခဲ့သူဖြစ်တယ်။ ဒါဟာ မတရားဘူး၊ ကျွန်တော် ဖြောင့်မက် မှန်ကန်မှုကို လိုချင်ပါတယ်၊ အမှန်တရားအတိုင်း ဖြစ်ချင်ပါတယ်။” ဟု အသံကုန် အော်ဟစ် လိုက်သည်။ ထိုရွှေလမ်းပေါ်မှ အခြားသော လူတစ်ဦးသည် သူ့မိတ်ဆွေထံသို့ ကယ်ပြီး ပြောလိုက်သည်မှာ “ဒီလူဟာ သနားစရာဘဲ။ ငါတို့နဲ့ မထိုက်တန်တဲ့ ဖြောင့်မက်ခြင်း တရားကဘဲ ငါတို့ကို ဒီနေရာ ပို့ပေးလိုက်တယ် ဆိုတာ သူ မသိရှာဘဲကိုး။ ငါတို့ ဒီနေရာမှာ ရှိနေတာ ကျေးဇူးတော်ကို ခံရလို့ပေါ့။”

လူအချို့က ပြောသည်မှာ ဘုရားသခင်၏ ကျေးဇူးတော်သည် ဓမ္မသစ်ကာလ အသင်းတော် ခေတ်တွင် ပိုမို တိုးတက်လာသည် ဟုပြောပါသည်။ နောက်ထပ် သေချာစွာ လေ့လာကြည့်မည် ဆိုလျှင် ဘုရားသခင်၏ကျေးဇူးတော်သည် ကမ္ဘာဦး စတင်ကတည်းက လူသားများ အပေါ်တွင် သွန်းလောင်းခဲ့သည်။ အာဒံနှင့် ဧ၀ အပြစ်တရား လုပ်ပြီး အရှက်တရားနှင့် ခံစားနေရချိန်တွင် ထိုအရှက်ကို လုံခြုံစေရန် ဖန်တီးပေးခဲ့သည် (ကမ္ဘာ ၃း၂၁)။ ထိုအရာသည်ကျေးဇူးတော်ပင် ဖြစ်သည်။ ဒါဝိတ် ဘုရင်သည် ဗာသရှေဗနှင့် ပြစ်မှားပြီး နောက် သူမ၏ ယောင်္ကျားကို သတ်လိုက်သည်။ ထို့နောက် သူသည် ၀မ်းနည်း ပက်လက် ခံစားရကာ ကျေးဇူး တရားကို ရရှိရန် ဆုတောင်း၍ ခံစားရသော နှုတ်ခပတ်တော်ကို ချရေးလိုက်သည်။ ချရေး လိုက်သော အကြောင်းအရာသည် နှစ်ပေါင်း ထောင်ချီသည့် တိုင်အောင် အပြစ်တရားနှင့် ပတ်သတ်သည့် သွန်သင်ချက် ဖြစ်လာသည်။ ” အို ဘုရားသခင် ကျေးဇူးပြုချင်သော စေတနာ စိတ်တော် ရှိသည့်အတိုင်း ကျွန်ုပ်ကို သနားတော်မူပါ။ စုံမက်တော်မူခြင်း ဂရုဏာ များပြားသည်နှင့်အညီ ကျွန်ုပ် ကျူးလွန်ခြင်း အပြစ် ဖြေတော်မူပါ။ ဒုစရိုက် အညစ်အကြေးကို အကုန်အစဉ် ဆေးကြော၍ အကျွန်ုပ်ကို သန့်ရှင်း စေတော်မူပါ” (ဆာလံ ၅၁း၁-၂)။ ဘုရားသခင်သည် ဒါဝိတ်၏ အပြစ်ကို ဖြေလွှတ်ပေး လိုက်သည်။ ထိုအရာသည် ကျေးဇူးတော်ပင်ဖြစ်သည်။

ကျေးဇူးတော်အကြောင်း (၂)ကို ဆက်ဖတ်ပါ။

၁၇။ပြိုင်ပွဲဝင်သူတိုင်း အောင်ပွဲဆင်နိုင်ဘို့ ( ၂၀၁၂ )

ထို့ကြောင့် ဤမျှလောက် များစွာသော သက်သေအပေါင်းတို့သည် ငါတို့ကို ၀န်းရံ လျှက်ရှိသည်ကြသည် ဖြစ်၍ ငါတို့သည် ခပ်သိမ်းသော ၀န်တို့ကိုလည်း ကောင်း နှောင့်ယှက်တတ်သော ဒုစရိုက်ကို လည်း ကောင်း ဖယ်ရှား၍ ငါတို့ မျက်မှောက်၌ ထားသော ပန်းတုံးတိုင်သို့ ရောက်ခြင်းငှါ အားမလျော့ဘဲ ပြေးကြ ကုန်အံ့။ (ဟေဗြဲ ၁၂း၁)

ယေရှုခရစ်တော်ကို ယုံကြည်လက်ခံပြီးသည်နှင့် သင်သည် မာရသွန်ပြေးပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်သော ပြိုင်ပွဲဝင်တဦး ဖြစ်လာသည် (၁ကော ၉း၂၄ တွင်ကြည့်ပါ)။ တဦးနှင့်တဦး ပန်းတိုင်မတူညီကြပါ။ ထိုပန်း တိုင်ကို ဘုရားသခင်က တစ် ယောက်ခြင်းစီတိုင်အတွက် ပြင်ဆင်သတ်မှတ်ပြီးသား ဖြစ်သည်။ ထိုပြိုင်ပွဲ မ၀င်ခင်ကတည်းကပင် ပြိုင် ပွဲဝင်တိုင်းသည် ထာဝရ အသက် တည်းဟူသော လက်ဆောင်တခုစီ ရပြီး သား ဖြစ်သည်။ ယုံကြည် သူများသည် ထိုပြိုင်ပွဲကို ၀င်ရာတွင် ကောင်းကင်၌ ရရှိမည့် ဆုလဒ်သရဖူ အ တွက် ပြိုင်ပွဲ ၀င်ခြင်းသာ ဖြစ်သည်။ ပြိုင်ပွဲ မ၀င်ခင်ကပင် အကောင်းဆုံး လက်ဆောင် ရရှိပြီး ဖြစ်သည့် အတွက် အကယ်၍ အနိုင် မရခဲ့လျှင်လည်း အရှုံးဟူ၍ မသတ်မှတ်နိုင်ချေ။

အထက်ပါ ကျမ်းပိုဒ်၏ ပထမပိုင်းတွင် ဤမျှလောက်သော သက်သေအပေါင်းတို့သည် ငါတို့ကို ၀န်းရံလျက် ရှိသည်ဖြစ်၍ဆိုရာတွင် ထိုသက်သေ ဆိုသည်မှာ ဟေဗြဲ သြ၀ါဒစာ၏ အခန်းကြီး (၁၁)တွင် ဖော်ပြထား သော အကြောင်းအရာများကို ဆိုလိုပါသည်။ ထိုအခန်းကြီး (၁၁)တွင် ယုံကြည်ခြင်း၏ သူရဲကောင်းများ ဟုခေါ်သော ပုဂ္ဂ္ဂိုလ်များ၏ အကြောင်းကို ရေးသားထားသည်။ ထိုသူအပေါင်းတို့သည် ဘုရားသခင်နှင့် အ ကောင်းဆုံး အသက်ရှင်ခဲ့ပါသော်လည်း အခက်အခဲများနှင့် ပြဿနာပေါင်း မြောက်များစွာကို ရင်ဆိုင်ခဲ့ရ သည်။ သို့သော် ထိုပြဿနာနှင့် အခက်အခဲများတွေ့ကြုံသော်လည်း ဘုရားသခင်အား ယုံကြည်ခြင်း၊ မျှော်လင့် ခြင်း၊ အားကိုးခြင်းတို့ ဖြင့် ကျော်လွှားခဲ့ကြပေသည်။ သူတို့သည် ပြိုင်ပွဲဝင်ရာတွင် ဘုရားသခင် သတ်မှတ် ထားသော ပန်းတိုင်သို့ ရောက်အောင် အကောင်းဆုံး ယှဉ်ပြိုင်သွားခဲ့ကြပြီး ဆုလဒ်သရဖူများ သည် သူတို့ကို စောင့်ကြိုလျက် ရှိပေသည်။

ယခု အားကစား ပြိုင်ပွဲများတွင် ပါဝင်သော အပြေးအားကစားကို လေ့လာကြည့်ပါ။ ပြိုင်ပွဲဝင်တစ်ယောက် အောင်မြင်မှုရရန် ထိုသူသည် လွတ်လပ်စွာ မပြေးဘဲ ၀န်ထုပ်ဝန်ပိုး တခုကို ထမ်းပိုးပြီး ပြိုင်ပွဲဝင်ခဲ့ပါက ထိုပြိုင်ပွဲကို အဆုံးထိ ရောက်အောင် ပြေးနိုင်မည် မဟုတ်ဘဲ လမ်းတ၀က်တွင်သာ မောဟိုက် သွားပေ မည်။ အထက်ပါ ကျမ်းပိုဒ်၌ခပ်သိမ်းသော ၀န်တို့ကိုလည်းကောင်း ဆိုရာတွင် ကျွန်တော်တို့သည် ပြိုင် ပွဲဝင်ရာတွင် ၀န်ထုပ်ဝန်ပိုးများ ကို ဖယ်ရှားပစ်ဘို့ လိုပါသည်။ ကျွန်တော်တို့၏ အသက်တာတွင် ၀န်လေး ပင်ပန်း နေသော အရာမြောက်များစွာ ရှိပါသည်။ ထိုအရာများကို ယေရှုကိုယ်တိုင်က မဿဲ ၁၁း၂၈ တွင် ၀န်လေး၍ ပင်ပန်းသောသူအပေါင်းတို့ ငါ့ထံသို့ လာကြလော့။ ငါသည် ချမ်းသာပေးမည်။ ဟု ဖိတ်ခေါ် လျက်ရှိပေသည်။ ကျွန်တော်တို့ အသက်တာထဲက ၀န်တွေကို ခရစ်တော်က ပေါ့ပါးစေခြင်သည်။ ခရစ် ယာန်အသက်တာသည် ၀န်ထုပ်ဝန်ပိုးများနှင့် လျှောက်လှမ်းရခြင်း မဟုတ်ပါ။ အလွန်ပေါ့ပါးခြင်းများဖြင့် လျှောက်လှမ်းနိုင်ပါသည်။ အချို့သော ယုံကြည်သူများသည် မနက်ဖြန်နေ့အတွက် မစိုးရိမ်နှင့် ကိုယ်တော် ကမှာကြားထားသော်လည်း ထိုကတိတော်ကို မယုံကြည်နိုင်ဘဲ ပူပန်ခြင်း သောက ဝေဒနာတို့ဖြင့် လှမ်း လျှောက်နေကြရာ နေစဉ်အသက်တာအတွက် ၀မ်းမမြောက်နိုင်ကြဘဲ ရှိနေကြသည်။ နေ့စဉ်အသက်တာ အတွက် ပေါ့ပါးခြင်းများနှင့် အသက်ရှင်နိုင်ရန် သမ္မာကျမ်းစာထဲက ကတိတော်များကို ယုံကြည်ခြင်း အ ပြည့်အ၀ဖြင့် လျှောက်လှမ်းသင့်ပေသည်။

အထက်ပါ ကျမ်းချက်၏ ဒုတိယပိုင်သည် နှောက်ယှက်တတ်သော ဒုစရိုက်ကို လည်းကောင်း ဟု ရေးသား ထားပါသည်။ ပြိုင်ပွဲတွင် ရှင်းလင်းနေသော၊ အတားအဆီး မရှိသော ပြေးလမ်းပေါ်တွင် ပြေးရခြင်းက ပန်း တိုင်ကို ရောက်ဘို့ အတွက် ပိုမိုလွယ်ကူ စေပါသည်။ သင့်၏မျက်စိထဲတွင် မြင်ကြည့်ပါ။ သင်သွားသော လမ်းခရီးတခုတွင် သစ်တုံးများ၊ ကျောက်တုံးများ၊ အခြားခြုံနွယ်ပိတ်ပေါင်းများ၊ တာဆီးနေပါက သင်၏ခရီး မတွင်ကျယ်နိုင်ခြေ။ ပြိုင်ပွဲအတွက် ပို၍ပင် အတားအဆီး ကင်းဘို့လိုအပ်ပါသည်။ ၀ိညာဉ်ရေးတွင် အပြစ် တရားသည် အတားအဆီး တခုဖြစ်သည်။ နေစဉ်အသက်တာတွင် အပြစ်တရားကို မကျော်လွှားနိုင်ပါက ကျွန်တော်တို့ မျှော်မှန်းသည့် ဆုလဒ်သရဖူများနှင့် အလှမ်းဝေး သွားနိုင်ပါသည်။ မောရှည်သည် ဘုရားသ ခင်၏ ဘုန်းတော်ထင်ရှားစေရန် ကြီးမားသော နိမိလက္ခဏာကြီးများဖြင့် အသုံးတော်ခံခဲ့သည်။ သို့သော် လည်း အမျက်ဒေါသကို မထိန်းနိုင်သောကြောင့် ပန်းတိုင်ထိ မသွားနိုင်ခဲ့ချေ (တောလည်ရာ၂၀း၁၀-၁၂)။ ဒါဝိတ်ဘုရင်သည် ဘုရားသခင်ဘက်တွင် စိတ်အားကြီးသောသူဖြစ်သော်လည်း ဗာသရှေဘနှင့် ပြစ်မှား မိသော အပြစ်တရားကြောင့် အသက်တာထဲတွင် ၀မ်းနည်းစရာများ တွေ့ကြုံခဲ့ရသည် (ဓမ္မရာဇ၀င် ဒုတိ ယစောင် အခန်းကြီး ၁၁ မှ အခန်းကြီး ၂၀ အထိဖတ်ပါ)။ အပြစ်တရားကို အောင်နိုင်ရေးအတွက် နှုတ်ခ ပတ်တော်များများ ဖတ်ရှုဘို့ လေ့လာဘို့ ကျက်မှတ်ဘို့ လိုအပ်ပါသည်။ ဆာလံဆရာက ကိုယ်တော်ကို မ ပြစ်မှားဘဲ နေနိုင်မည့်အကြောင်း ဗျာဒိတ်တော်ကို နှလုံးသားတွင် သိုထားပါပြီ ဟူ၍လည်းကောင်း နှုတ်ခ ပတ်တော်ကို ဖွင့်ပြခြင်းသည် အလင်းကို ပေး၍ မလိမ္မာသောသူကို လိမ္မာစေတတ်ပါ၏ဟူ၍လည်းကောင်း ရေးသားထားသည် ကို တွေ့ရပါသည်။ ထို့ကြောင့် ကျွန်တော်တို့သည် နေစဉ်အသက်တာထဲတွင် နှုတ်ခ ပတ်တော်များနှင့် လျှောက်လှမ်းဘို့ လိုအပ်ကြောင်း တိုက်တွန်းနိုးဆော်လိုပါသည်။

နောက်ဆုံ တစ်ချက်မှာ အားမလျော့ဘဲ ပြေကြကုန်အံ့ ဟူသောအပိုင်းဖြစ်သည်။ အသက်တာထဲတွင် ပြ ဿနာ အခက်အခဲများ တွေ့ကြုံရသော အခါ အားနည်းတတ်ကြသည်။ ဘာမှ မလုပ်ချင်၊ မကိုင်ချင်၊ မ သွားချင်၊ မလာချင်၊ မပြောချင် အစရှိသည်တို့ ဖြစ်လာတတ်သည်။ ထိုအခါ မျိုးတွင် အမှန်တကယ် အား ပေးမည့်သူမှာ ယေရှုခရစ်တော်သာဖြစ်သည်။ ငါ့ကို ခွန်အားနှင့် ပြည့်စုံစေတော်မူသော ယေရှုခရစ်တော် အားဖြင့် အရာခပ်သိမ်းကို ငါတတ်စွမ်းနိုင်၏(ဖိ ၄း၁၃)။ သင့်ဘ၀အသက်တာ၏ အားနည်းချက်များ တွေ့ ကြုံလာသည့်အခါ ယေရှုခရစ်တော်နှင့် အချိန်ယူပါ။

အချုပ်အားဖြင့် ဆိုသော် အသက်တာ၏ ပန်းတိုင်ကို ရောက်ဘို့ရန်အတွက် ပထမအချက်ကတော့ နေ့စဉ် အသက်တာတွင် ဆုတောင်းခြင်းအားဖြင့် ကျွန်တော်တို့၏ ၀န်ထုပ်ဝန်ပိုးများကို အပ်နှံမည်။ ကိုယ်တော်၏ ကတိတော်များကို ယုံကြည်အားကိုးမည်။ ဒုတိယအချက်အဖြစ် နေစဉ်အသက်ရှင် မှုထဲတွင် အပြစ်တရား ၏ သွေးဆောင်မှုမှ လွတ်မြောက်စေရန် နှုတ်ခပတ်တော်များကို လေ့လာခြင်း၊ ဖတ်ရွတ်ခြင်း၊ ကျက်မှတ် ခြင်းတို့ ပြုလုပ်မည်။ မည့်သည့်အရာသည် အပြစ်၊ မည်သည့်အရာသည် အပြစ်မဟုတ် စသည်ဖြင့် ခွဲခြား သိရှိနိုင်ရန် နှုတ်ခပတ်တော်များကို များများလေ့လာ သင်ယူရမည်။ တတိယအချက်အဖြစ် ကျွန်တော်တို့ ကို အားအင်ချိနဲ့ စေသည် ၀မ်းနည်းခြင်း၊ စိတ်အားလျော့ခြင်းတို့ကို ကျော်လွားနိုင်ရန် ခရစ်တော်အာဖြင့် ခွန်အားယူမည်။ ညီအကို မောင်နှမများအားလုံး ပန်းတိုင်သို့ ရောက်ကြပါစေ။

၁၈။ကျေးဇူးတော်ကိုဖော်ပြသော ဟုတ်မှန်သောအလင်း ( ၂၀၁၂ )

ပညတ်တရားကို မောရှည်လက်တွင် ပေးတော်မူ၏။ ကျေးဇူးတရားနှင့် သစ္စာတရားမူကား ယေရှုခရစ် အားဖြင့် ဖြစ်သတည်း။ (ယောဟန် ၁း၁၇)

လွန်ခဲ့သည့် နှစ်အနည်းငယ်က ကျွန်တော်၏ မိတ်ဆွေတစ်ယောက်သည် ယခု ဂျော်ဒန်ဟုခေါ်သော နိုင်ငံရှိ နေဗော တောင် ပေါ်သို့ သွားယောက်လည်ပတ်ခဲ့ပါသည်။ ထိုတောင်ပေါ် တွင် ကျွန်တော်မိတ်ဆွေ ကြည့်ရှုမြင်တွေ့ခဲ့သည် တို့ကို အားရပါးရ ပြောပြနေ ပါသည်။ သူပြောပြသော အကြောင်းအရာတို့ကို ကျွန်တော်၏ နှလုံးသားနှင့် အသွေး အသား မှနေ၍ မောရှည်၏ နေရာတွင် ခံစား ကြည့်မိပါသည်။ ထိုတောင်သည် မောရှည်မသေဆုံးခင်က ပေးတော် မူသော ကတိတော်မြေကို ထိုတောင်ပေါ်သို့ ခေါ်ယူ၍ ဘုရား သခင် ပြသခဲ့သော တောင်ဖြစ်ပါသည်။ (တရားဟော ၃၂း၄၈-၄၉) လွန်ခဲ့သော နှစ်ပေါင်းများစွာက သန့်ရှင်းသော မြေဖြစ်သော ခါနန်ပြည်ကို ကြည့်ရှုခဲ့သည့် မောရှည်သည် ထိုတောင်ပေါ်တွင် ရပ်ကာ လွန်စွာ စိတ်ထိခိုက်နေပေလိမ့်မည်။ သူ၏လူမျိုးကို ထို နေရာသို့ အရောက်ပို့ပြီး သူကိုယ် တိုင် ထိုနို့နှင့် ပျားရည်စီးသောပြည်တွင် ဘုရားသခင်နှင့် မွေ့လျော်မှုပြုရန် စိတ်ကူယဉ် ခဲ့ပေ လိမ့်မည်။ သို့သော် သူ၏ စိတ်ကူးအတိုင်း ဖြစ်မလာသောအခါ ထိုနေဗောတောင်ပေါ်မှ သူသေဆုံးမည့် နေ့ရက်မတိုင်ခင်အထိ စိတ်ခံစားမှု အပြည့်နှင့် မျက်ရည်များဖြင့် ထိုတိုင်းပြည် ကို ကြည့်ပြီး ကြေကွဲနေပေလိမ့်မည်။

ကျွန်တော်၏ သူငယ်ချင်း မြင်တွေ့ခဲ့သော ခါနန်ပြည်သည် အလွန်လှပကြောင်း ပြောပြပါသည်။ ပင်လယ်သေနှင့် ယော်ဒန်မြစ်ကြီး သည် အစ္စရေးနိုင်ငံကို အမှန်တကယ် လှပတင့် တယ်စေသည်။ သူငယ်ချင်းက ဆက်လက်ပြော ပြသည်မှာ ကတိတော်နယ်မြေသို့ ၀င်စားခွင့်မရခဲ့သည့် မောရှည်အကြောင်းကို စဉ်းစားမိပြီး ထိုအဖြစ်အပျက်ကို တရားမျှတမှု မရှိဟု ခံစားမိကြောင်း ပြောပြပါသည်။ မောရှည်သည် အလွန်ပြည့်စုံ ကောင်းမွန်သော လူတစ်ဦး ဖြစ်ပြီး အစ္စရေးလူမျိုးတို့၏ မဟာခေါင်းဆောင်ကြီး တစ်ဦးဖြစ်ပါလျှက် အဘယ် ကြောင့် ၀င်စားခွင့် မပြုခဲ့ပါသနည်း။

ယခုအခါ ထိုတောင်ပေါ်တွင် ဆိုင်ဘုတ်ကလေးတစ်ခုသာ ရှိတော့သည်။ ထိုဆိုင်ဘုတ်ကလေးပေါ်တွင် အောက်ပါအတိုင်း ရေးသားထားလေသည်။

ပညတ်တရားကို မောရှည်လက်တွင် ပေးတော်မူ၏။ ကျေးဇူးတရားနှင့် သစ္စာတရားမူကား ယေရှုခရစ် အားဖြင့် ဖြစ်သတည်း။ (ယောဟန် ၁း၁၇)

ပညတ်တရား၏အောက်တွင် မောရှည်ကို ၀င်ခွင့်မပြုခဲ့သည်သာမက တန်ဘိုးကြီးမားလှသည့် ကျေးဇူးတရား၏ လက်ဆောင်များ ကို မမြင်နိုင်ရန်အတွက် ပညတ်တရား၏ တောင်း ဆိုမှုပေါင်း မြောက်များစွာဖြင့် ကွယ်ဝှက်ထား လိုက်လေသည်။ သို့သော် ဤ လောက၏ ဟုတ်မှန်သော အလင်း ရောက်လာသော အချိန်တွင် ကျေးဇူးတရားသည် ယေရှုခရစ်တော် အားဖြင့် ဖေါ်ထုပ် ဖွင့်ပြခြင်း ခံရလေသည်။

ယနေ့တွင် ဘုရားသခင် မေတ္တာတော်ကို ကောင်းသော ကိုယ်ကျင့်တရားဖြင့် တည်ဆောက်ရယူ ခံစားလိုသော ခရစ်ယာန်ပေါင်း မြောက်များစွာသည် ယနေ့တိုင်အောင် ရှိနေကြပါ သည်။ ကျွန်တော်တို့သည် မောရှည်ထက် ပိုကောင်းသောသူများ ဖြစ်ကြပါ သလား။ ကောင်းကင်နိုင်ငံတော်သို့ ၀င်စားရန်အတွက် ကျွန်တော်တို့သည် အမှန်တကယ် ကိုယ်ကျင့်တရားများကို မှီခိုအားထား နိုင်ပါသလား။ ခရစ်တော်၌ ရှိသော ကျေးဇူးတရားနှင့် သူ၏ မေတ္တာတရားများအတွက် ဘုရားသခင်သည် ကျေးဇူးတင်ထိုက်သော သူဖြစ်သည်။ ကျေးဇူးတော်ကိုသာ လုံးဝ မှီခိုအားကိုးခြင်း နည်းလမ်းတမျိုးတည်သာလျှင် ဘုရားသခင်၏ တန်ခိုးတော်က ကျွန်တော်တို့ အသက်တာထဲတွင် လွတ်လပ်စွာ အလုပ်လုပ်ဆောင်လာပေမည်။

ကျေးဇူတော်သည် ကျွန်တော်တို့၏ အသက်တာကို ပြောင်းလဲစေသည်။ ကျေးဇူးတော်သည် နုနယ်သော ယုံကြည်သူ များကို ဘုရားသခင်၏ အလင်းတော်ထဲတွင် တန်ခိုးနှင့် ပြည့်ဝသော အသက်တာဖြင့် အသက်ရှင်စေသည်။ တမန် တော် ရှင်ပေါလုသည် ဂလာတိ အသင်းတော်အတွက် ရေးသားထားသော စာထဲတွင် ကျေးဇူးတော်အကြောင်း အ တော် များများ ရေးသားထားသည်ကို တွေ့ရပါသည်။ ထိုဂလာတိ သြ၀ါဒစာမှ ကျမ်းပိုဒ် အချို့ကို လေ့လာကြည့် ကြပါစို့။

ကျွန်တော်တို့ကို ကျေးဇူုးတော်အားဖြင့် ရွှေးချယ်ထားသည်။ (ဂလာတိ ၁း၁၅)။ ။ဤအကြောင်းအရာသည် အလွန်အင်မတန်မှပင် အံ့သြဘွယ်ရာဖြစ်သည်။ နေ့ရက်ကာလ မတိုင်မီ ကတည်းကပင် ကျွန်တော်တို့အတွက် အကြံအစည်တော် ရှိနေခဲ့သည်။ ကျေးဇူးတော်နှင့် မေတ္တာ တော်ထဲတွင် ကျွန်တော်တို့ကို သန့်ရှင်းသောသူ၊ အပြစ်တင်ခွင့်နှင့်ကင်းလွတ်သောသူ များအဖြစ် သူနှင့်အတူ အသက်ရှင်ရန် ရွှေးချယ်ခွဲခန့်ခဲ့သည်။ ဘုရားသခင်သည် ကမ္ဘာလောကကြီးနှင့် အရာ ခပ်သိမ်းကို ဖန်ဆင်းရာတွင် သူ့ကို ရင်းနှီးစွာ သိကျွမ်းရန်နှင့် သူ၏ နက်နဲသော မေတ္တာတရားကို နားလည်ရန်လည်း ဖြစ်ပါသည်။ ကျွန်တော်တို့ မမွေးဖွားခင် ရှေးမဆွကပင် ရွေးချယ်ခြင်း ခံခဲ့ရ ပါသည်။ အချိန်တန်သော ကာလတွင် သူ၏နာမတော်ကို ကျွန်တော်တို့အား ဖွင့်ပြခဲ့ပြီး အသစ် ပြုပြင် သော အသက်တာကို ရရှိခံစားစေခဲ့ပါသည်။

ကျွန်တော်တို့သည် သားတော်ကို ယုံကြည်ခြင်းအားဖြင့် အသက်ရှင်နေကြသည်။ (ဂလာတိ ၂း၂၀)။ ။တမန်တော် ရှင်ပေါလုက ဂလာတိ ၂း၂၀ (ခ)တွင် ကိုယ်ခန္တာ၌ ယခုငါရှင်သော အသက်သည် ဘုရားသခင်၏ သားတော်ကို ယုံကြည်ခြင်း အားဖြင့် တည်၏။ သားတော်သည် ငါ့ကို ချစ်၍ ငါ့အဖို့ ကိုယ်ကိုကိုယ်စွန့်တော်မူ၏ ဟူ၍ ရေးသားထားပါသည်။ သခင်ယေရှုခရစ်တော်သည် လူအများ အတွက် အသေခံသည် ဟူ၍ မတွေးထင်စေလိုပါ။ ယေရှုကိုယ် တော်သည် သင့်ကို ကိုယ်တိုင်ချစ်၍ သင့်အဖို့ ကိုယ်တိုင် အသေခံ ခဲ့ပါသည်။ သူသည် လက်ဝါးကား တိုင်ပေါ်တွင် အသေခံချိန်၌ သင့်တို့ အားလုံးကို သူသိရှိနေခဲ့ပါသည်။ သင်တို့ကိုယ်တိုင် အမည်နာမများ အားလုံးသည် သူ၏ အသက် စာစောင် စာရင်းတွင် ရေးသားထားလျှက်ရှိပါသည်။ ခမည်းတော်ဘုရားသည် သင့်ကို ချစ်၍ ကောင်းကြီးများ သွန်းလောင်းချင်ပါသည်။

ဘုရားသခင်၏ အမွေခံသားသမီး အဖြစ် သတ်မှတ်ခံရသည်။ (ဂလာတိ ၃း၂၆)။ ။စဉ်းစားကြည့်မည်ဆိုပါက ကမ္ဘာပေါ်တွင် အကြွယ်ဝဆုးသောသူဖြစ်သော ဘီလ်ဂိတ်၏ အမွေခံ သားသမီး ဖြစ်ရန် မဖြစ်နိုင်ပါ။ အဘယ်ကြောင့် ဆိုသော် သင်သည် သူ၏ ဆွေမျိုးသားချင်း မဟုတ် သောကြောင့် ဖြစ်သည်။ သို့သော် ကျွန်တော်တို့ကို သူ၏ ကျေးဇူးတော် အားဖြင့် ဘုရားသခင်၏ သားသမီးများ အဖြစ် ဂတိပြုခဲ့သည်။

ကျွန်တော်တို့၏ နှလုံးသားထဲက ဘုရားသခင်၏ ၀ိညာဉ် (ဂလာတိ ၄း၆)။ ။အလွန်တရာ ထူးခြားအံ့သြဘွယ် ကောင်းသော အရာတခုမှာ ဘုရားသခင်၏ ၀ိညာဉ်တော်ကို ကျွန်တော်တို့၏ နှလုံးသားထဲသို့ ထည့်သွင်းပေးခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင်၏ သားသမီးတိုင်း သည် ခရစ်တော်၏ ၀ိညာဉ်ကို လက်ခံရရှိခဲ့ကြသည်။ သံသယ မဖြစ်ပါနှင့်။ ဘုရားသခင်သည် ဓမ္မဟောင်းကျမ်းထဲတွင် ယေဇကျေလ ၃၆း၂၆ အားဖြင့် ကတိပြုထားပြီး ဖြစ်သည်။ သင့်ကို နှလုံး သားအသစ်ပေးမည်။ ငါ့ဝိညာဉ်ကိုလည်း သင်တို့အထဲတွင် ထည့်ပေးမည်။ ၀ိညာဉ်ဆိုသည်မှာ ၀ယ်ယူ၍ မရနိုင်ပါ။ ဤအရာမှာ ယေရှုခရစ်တော်အားဖြင့် ရရှိသော ဘုရားသခင်ထံတော်မှ အခမဲ့ လက်ဆောင်ဖြစ်သည်။

၀ိညာဉ်ပကတိဖြင့် အသက်ရှင်ခြင်း (ဂလာတိ ၅း၂၂-၂၃) ကျွန်တော်တို့၏ လုပ်ဆောင်နိုင်သည့် စွမ်းရည်များ (သို့) ရာထူး၊ ဂုဏ်ထူးများ (သို့) ညဏ်ပညာများ အလုံးစုံတို့သည် ဘုရားသခင်၏ ရှေ့တွင် မည်သို့မျှ အရေးမကြီးပါ။ မေးခွန်းတခုမှာ ဘုရားသခင်၏ ၀ိညာဉ်တော်ကို ကျွန်တော်တို့ အထဲတွင် အသက်ရှင်ရန် မည်မျှလောက်ခွင့်ပြုရမည်နည်း။ အားနည်းခြင်းကို စုံလင်ခြင်းသို့ တန်ခိုးတော်နှင့် ပြုပြင်ပြီးနောက် ကျေးဇူးတရား၏ အတောက်ပဆုံး ထွန်းလင်မှုကြောင့် ဘုရားသခင်သည် ဤလောကမှ အားနည်းသူများကို ထူးထူးခြားခြား ရွှေးချယ်တော်မူခဲ့သည်။

ကောင်းသောအမှုကို ပြုကြပါစို့ (ဂလာတိ ၆း၁၀)။ ။ဘုရားသခင်၏ မေတ္တာတော်သည် အလွန်ပင် လက်တွေ့ကျလှပါသည်။ ဘုရားသခင်သည် သူ၏လူများကို ဂရုတစိုက် ကြည့်ရှုလျှက်ရှိပြီး ကျွန်တော်တို့ကို လည်း အချင်းချင်း တစ်ဦးကို တစ်ဦး ကျေးဇူးပြုရန် အသုံးပြုချင်ပါသည်။ သမ္မာကျမ်းစာက ကောင်းသောအမှုများကို ပိုမိုပြုလုပ်ရန် အတွက် ဘုရားသခင်က ပြုပြင်ဖန်ဆင်းထားသည်ဟု ဆိုပါသည်။

ထို့ကြောင့် မိတ်ဆွေကို တိုက်တွန်းနိုးဆော်မှုပြုလိုသည်မှာ အထက်ပါ အချက်များကို ရရှိခံစားထားပြီးသူ ဖြစ်ပါက အခြားသူများကို လည်း ပြန်လည် ဝေငှ တိုက်တွန်ပေးရန်နှင့် မိတ်ဆွေကိုယ်တိုင်လည်း ကျေးဇူးတော်ထဲမှာ ၀မ်းမြောက်ခြင်းနှင့် ဆက်လက် အသက်ရှင်မှု ပြုရန် တိုက်တွန်း နိုးဆော်လိုက်ပေသည်။

၁၉။ကျွန်တော်ဒါဝိဒ်ဘုရင်ကို ကြိုက်နှစ်သက်ရခြင်းအကြောင်း ( ၂၀၁၂ )

ကျွန်တော့်ကို ကျမ်းစာထဲတွင် အကြိုက်ဆုံး လူတစ်ယောက်ကို ပြောပြပါဆိုလျှင် ရှင်ဘုရင် ဒါဝိတ်ကိုသာ ညွှန်ပြမည်ဖြစ်သည်။ သူသည် ဘုရားသခင်၏ စိတ်တော်နှင့် တွေ့သောသူ ဟူ၍ ဓမ္မရာဇ၀င် ပထမစောင် ၁၃း၁၃-၁၅တွင် ဖေါ်ပြထားပါသည်။ သို့သော်သူသည် စိတ်မချမ်းမြေ့စရာ အပြစ်များကို ကျူးလွန်ဘူးသူ တော့ဖြစ်ပါသည်။ သူ့ကို လူများက ဗာသရှေဗ ဆိုသော အိမ်ထောင်ရှင် မိန်မချောလေးတစ်ဦးနှင့် ပြစ်မှား ဘူးသူ ဟူ၍ လူသိများကြပါသည်။

ထိုအပြစ်ကို ဖုံးဖိရန် ကြိုးစားအားထုပ်ခဲ့သည်။ သို့သော် အခြားအပြစ်ကို ထပ်မံ ကျူလွန်မိပြန်သည်။ ထို အပြစ်မှာ မိန်မချောလေး ဗာသရှေဗ၏ လင်ယောင်္ကျား ဥရိယ ကို သတ်ပစ်မိသော လူသတ်မှု အပြစ်ပေ တည်း။ (ဓမ္မရာဇ၀င် ဒုတိယစောင် ၁၁း၁-၂၇ ကိုကြည့်ပါ။)

သူ့မယားကိုပြစ်မှားသူ၊ လူအသက်ကို သတ်သူ ဖြစ်ပါလျှက် အဘယ်ကြောင့် ဘုရားသခင်၏ စိတ်တော်နှင့် တွေ့သောသူဟူ၍ ပြောနိုင်ပါသနည်း။ ကျွန်တော် ယုံကြည်မိတဲ့ အချက်တစ်ခုကတော့ သူရဲ့ ကျဆင်းမှု ကို နောင်တတရား ရရှိခဲ့ပြီးစိတ်နှလုံး အကြွင်းမဲ့ ဘုရားသခင်ထံ ပြန်လည်တိုးဝင်ချည်းကပ်ခဲ့သည်(ဆာလံ ၅၁ ကိုဖတ်ပါ။) သူ၏ ကိုယ်ကျင့်တရားပျက်စီးမှုကို အကြီးအကျယ် နောင်တရ ၀မ်းနည်းခဲ့သော အချက် သည် ဘုရားသခင်၏ စိတ်တော်နှင့် တွေ့စေသောသူ ဖြစ်သည် ဟူသောအချက်ကို ကျွန်တော် ခံစားမြတ် နိုး မိပါသည်။ ကျွန်တော်တို့သည် ဘုရားသခင်ကို ရိုသေကိုင်းရှိုင်းပြီး၊ ထိုဘုရားကို မြတ်နိုးကိုးကွယ် နေလင့် ကစား ခရစ်ယာန် အသက်တာ လျှောက်လှမ်းမှုတွင် အားနည်း ကျဆင်းနေမှုကြောင့် အထက်ပါ ဒါဝိတ် အ ခြေအနေကို တွေ့မြင့်ရသောအခါ သတင်းကောင်းတခုအဖြစ် ခံစားဝမ်းမြောက်ရပါသည်။

ယနေ့ခေတ် ခရစ်ယာန်များအတွက် ရှင်ဘုရင် ဒါဝိတ်ထံမှ သင်ယူစရာပေါင်း မြောက်များစွာ ရှိပါသည်။ ကျွန်တော် သည်ဒါဝိတ်ဘုရင်အကြောင်း အတွဲလိုက် ၀ိညာဉ်ရေးရာ ဆောင်းပါများ ရေးရန် ရည်ရွယ်ချက်ရှိ သောကြောင့် ဒါဝိတ်အကြောင်း အသေးစိတ်လေ့လာကြည့်သောအခါ သိုးထိန်း အဖြစ်သော်လည် ကောင်း၊ သီချင်းဆိုသူ အဖြစ်လည်းကောင်း၊ စစ်သူရဲ တစ်ယောက်အဖြစ် လည်းကောင်း၊ နိုင်ငံအကြီးအကဲ အဖြစ်လည်းကောင်း၊ ပညာရှိတစ်ဦး အဖြစ်လည်ကောင်း… စသည့် စသည့် စရိုက်လက္ခဏာပေါင်း မြောက် များ စွာ သူထံတွင် ရှိနေကြောင်း တွေ့ခဲ့ရသည်။

အဘယ်ကြောင့် ဒါဝိတ်ရှင်ဘုရင်အကြောင်းကို အကျယ်တ၀င့် လေ့လာလိုပါသနည်း။ အကြောင်းအရာ ပေါင်း မြောက်များစွာ ရှိပါသည်။ ပထမအချက်မှာ ဒါဝိတ်ကဲ့သို့ ကျွန်တော်တို့ ခရစ်ယာန်အသက်တာ မလျှောက်လှမ်းနိုင်သော်လည်း ဘုရားသခင်၏ စိတ်တော်နှင့် တွေ့သောသူ ဖြစ်ချင်သော ကြောင့်ဖြစ် သည်။ သူ့ထံတွင် ၀မ်းနည်းစရာ ကျဆင်းမှု စရိုက် လက္ခဏာများ ရှိနေသော်လည်း ဘုရားသခင်၏ စိတ် တော်နှင့် တွေ့သောသူ ဟူသော ခေါင်းစဉ်အောက်တွင် သင်ယူချင်သော အရာများရှိနေသည်။ သူ့အ ကြောင်းကို လေ့လာခြင်းဖြင့် ကျွန်တော်တို့၏ ၀ိညာဉ်ရေးရာအတွက် အဖြေများ ရှိနေမည် ဆိုသည့် အ ချက်ကို ကျွန်တော်ယုံကြည်မျှော်လင့်ထားသည်။

ဒါဝိတ်ရှင်ဘုရင် အကြောင်းလေ့လာရန် အခြား အကြောင်းအရာများစွာလည်း ရှိနေပါသေးသည်။ သူ၏ ဘ၀အစပိုင်းတွင် နှိမ့်ချမှု အပြည့်ရှိသော လူငယ်လေးတစ်ဦး အဖြစ်လည်း တွေ့မြင်နိုင်ပါသေးသည်။ သူ၏ မိသားစုထဲမှာပင် သူကဲ့သို့သောသူကို တွေ့နိုင်မည် မဟုတ်ချေ။ ထိုအချက်ကပင် ဒါဝိတ်အကြောင်းကို ဖော်ပြသော ကျမ်းစာထဲတွင် ကျမ်းပိုဒ်များအားလုံးမှ အချက်အလက်ပေါင်းမြောက်များစွာက ဒါဝိတ်၏ နှိမ့်ချမှု ကို ဖော်ပြခဲ့ကြသည်။ ကျမ်းပိုဒ်ပေါင်း တစ်ထောင်ခန့်က ဒါဝိတ်အကြောင်းကို ဖေါ်ပြခဲ့သည်။ ကျမ်း စာထဲမှ အခြားနာမည်ကျော် ပုဂွှိုလ်များဖြစ်သော အာဗြဟံ၊မောရှည်တို့ထက်ပင် ပိုမိုများပြားသော ကျမ်း ပိုဒ်များဖြင့် ဖေါ်ပြခဲ့သည်။ ထိုမျှလောက် များပြားသော ကျမ်းပိုဒ်များဖြင့်ဒါဝိတ်အကြောင်းကို နှိုက်နှိုက် ချွတ်ချွတ် ဖေါ်ပြနေခြင်းသည် ကျွန်တော်တို့ကို သွန်သင်ပြောပြ လိုသောအရာများ ရှိမည်မှာ လက်ခတ် မလွှဲ ရှိမည်ဟု ကျွန်တော်ယုံကြည်မိပါသည်။ သူ့အကြောင်း လေ့လာခြင်းအားဖြင့် ကျွန်တော် တို့၏ အ သက်ရှင်မှုနေ့ရက်များကို ပျော်ရွင်စရာ ဖြစ်စေလိမ့်မည်ဟု ယုံကြည်မိပါသည်။

ဘုရင်ဒါဝိတ်သည် ကယ်တင်ရှင်ခရစ်တော်၏ ဆွေစဉ်မျိုးဆက်တော်အဖြစ် ရှိနေသည်မှာ လည်း ထူးခြားမှု တခုပင်ဖြစ်သည်ဟု ခံစားမိပါသည်။ ကယ်တင်ရှင် ခရစ်တော်ကို ရည်ညွှန်းလိုက်သည့်အခါတိုင်း ဒါဝိတ်၏ သားတော် ဟူ၍ သုံးနှုံး ခေါ်ဝေါ်ထားသည်ကို လည်း တွေ့ရှိနိုင်ပါသည်။ သူ့ကို ယုံကြည်ခြင်း အ ကြောင်း များ ကို ဖေါ်ပြသော လူသိများ ထင်ရှားသည့် ဟေဗြဲကျမ်း အခန်းကြီး ၁၁ တွင် ယုံကြည်၏ သူရဲကောင်း အ ဖြစ်လည်း ဖေါ်ပြထားသေးသည်။ သမ္မာကျမ်းစာထဲမှ ပုဂွှိုလ်အကြားတွင် ဒါဝိတ်ကို သမ္မာကျမ်းစာထဲတွင် အကြိုက်ဆုံးပုဂွှိုလ်ဖြစ်သည်ဟု ပြောဆိုရခြင်းမှာ အထက်ပါ အကြောင်းအရင်း များကြောင့် ဖြစ်ပါသည်။ သင် ကိုယ်တိုင်လည်း ဒါဝိတ်ရှင်ဘုရင်အကြောင်းကို ပိုမို အသေးစိတ်လေ့လာခြင်းအားဖြင့် သင့်၏ ၀ိညာဉ် ရေးကိုလည်း တစုံတရာ အကျိုးသက်ရောက်မှု ရှိကောင်းရှိနိုင်သည်ဟု ခံစား မျှော်လင့်ကာ တိုက်တွန်း အားပေးလိုက်ပါသည်။ ကျွန်တော်လည်း အခါအားလျှော်စွာ ဒါဝိတ်၏ အသက်တာထဲမှ ထူးခြားသော အ ကြောင်းအရာများကို ဆက်လက် ရေးသားပါဦးမည်။

နာမတော်၌ ဘုရားသခင်ကောင်းကြီးပေးပါစေ။

ဦးမင်းလွင်

၂၀။ကျမ်းစာထဲကသရဖူ ( ၅ )မျိုး ( ၂၀၁၂ )

ကျွန်တော်သည် ဒီရက်ပိုင်းအတွင် စာဖတ် online စာဖတ်ပရိသတ်နှင့် အနည်းငယ် ကင်းကွာခဲ့ရပါသည်။ ဒီရက်ပိုင်းအတွင် ကျွန်တော်ထံ သတိရစွာဖြင့် Email ပို့ပြီး မေးမြန်းကြသော မိတ်ဆွေအသီးသီးကို အထူးကျေးဇူးတင်ပါသည်။ မြန်မာနိုင်ငံမှ internet connection အခြေအနေကြောင့် post များ မတင် နိုင်ခဲ့ပါ။ connection ရသည်နှင့် မည်သည့် အကြောင်းအရာ စတင်ရေးသားရမလဲ ဆိုသော အချက်ကို စဉ်းစားနေစဉ် တစ်စုံတစ်ယောက်က Email ပို့ မေးမြန်းလာသောသရဖူ (၅)မျိုးအကြောင်း အကျယ်တ၀င့် သိလိုပါသည် ဟူသော စာကြောင့် ဒီ post ကို ရေးသားရန် စိတ်ကူးရလာခြင်း ဖြစ်ပါသည်။ သို့သော် အကျယ်တ၀င့်တော့ မဟုတ်ပါ။ နောက်နောင် အချိန်ရ အားလပ်သည့် အခါ တရားဟောချက် တစ်ပုဒ် အဖြစ် ရေးသားတင်ဆက်ပေးပါမည်။ ယခုတော့ ဤအကျဉ်းချူပ် ရေးသားချက် အားဖြင့်သာ ကျေနပ် ပေးပါရန် တောင်းပန်အပ်ပါသည်။

ကျမ်းစာကို လေ့လာကြည့်သောအခါ ယုံကြည်သူများအတွက် ပြင်ဆင်ထားသော သရဖူ (၅)မျိုးကို ဖေါ်ပြထားသည်။ ဤနေရာတွင် သရဖူ ဆိုရာ၌ ကျွန်တော်တို့ ပြောဆိုနေကြသော ကယ်တင်ခြင်းကို ဆိုလိုခြင်းမဟုတ်ပါ။ ကယ်တင်ခြင်းရရန် တစ်စုံတစ်ရာ ကြိုးစားအားထုပ်ရန် မလိုအပ်ပါ။ သို့သော် သရဖူ ရရန်အတွက် အသက်တာထဲတွင် တစ်စုံတစ်ရာ ကြိုးစား အားထုပ်ရသည်။ အဖိုးအခပေးရမည်။ သရဖူ တစ်မျိုး စီတွင် ယုံကြည်သူများ၏ အကျင့် (သို့) လုပ်ဆောင်မှုများကို အခြေခံ၍ ခရစ်တော်၏ တရားပလ္လင်တွင် ထိုအရာများကို ပေးအပ်မည်ဖြစ်သည်။ ထိုတရားပလ္လင်ကိုဘီးမား တရားပလ္လင် (Bema Seat) ဟူ၍လည်း ခေါ်ဆိုပါသည်။

အကြောင်းမူကား ငါတို့ရှိသမျှသည် ကိုယ်ခန္ဓာကျင့်သော အကျင့် ကောင်းမကောင်း ရှိ သည့်အတိုင်း အကျိုးအပြစ်ကို အသီးအသီးခံခြင်းငှါ ခရစ်တော်၏တရားပလ္လင်ရှေ့တွင် ပေါ်လာရမည်။ (၂ကော ၅း၁၀)

အသက်သရဖူ

ဤအမျိုးအစားသည် ခရစ်တော်အတွက် အသက်ပင် ပေးဆပ်ရန် ၀န်မလေးသောသူများ အတွက် ဖြစ်သည်။ မာတုရများနှင့် မာတုရများကဲ့သို့ပင် ခရစ်တော်အတွက် အသက်ပေးထားသူများသာ ရရှိနိုင်သော သရဖူဖြစ်သည်။အတွက်ဖြစ်ပြီး ကျမ်းစာထဲ တွင် (၂)ကြိမ်တိုင်တိုင် ဖေါ်ပြပါသည်။

စုံစမ်းနှောင့်ယှက်ခြင်းကို သီးခံသောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား စစ်ကြော စုံစမ်းခြင်းကို ခံပြီးမှ ဘုရားသခင် ချစ်သောသူတို့အား ကတိထားတော်မူသော အသက် သရဖူကို ရလိမ့်မည်။ (ယာကုတ် ၁း၁၂)

အထက်ပါ ကျမ်းပိုဒ်တွင် ဖေါ်ပြထားသော စုံစမ်းနှောင့်ယှက်ခြင်း ဆိုသော စကားလုံးသည် အလွန်ကျယ်ပြန့်ပါ သည်။ တခါတစ်ရံ အလွန် ဆိုးညစ်သော စကားလုံးများကို ကိုယ်စားပြုသည်။ လူ့အသတ်သတ်ရန် စုံစမ်း သွေးဆောင်ခံရသည်။ သူ့မယားကို ပြစ်မှားရန် စုံစမ်းနှောင့်ယှက်ခြင်း ခံရသည်။ တစ်ခါတစ်ရံတွင် ထိုစကားလုံးသည် ဘုရားသခင်၏ စစ်ဆေးစုံစမ်းခြင်းကိုလည်း ရည်ညွှန်းတတ်ပါသည်။ မည်သို့ပင်ဖြစ်စေ ယုံကြည်ခြင်းကြီးသူ (ဘုရားသခင်ကို ကိုးစားရာတွင် အမြင့်ဆုံး အနေအထားတွင် ရှိနေသူ) များအတွက်တော့ ထိုစုံစမ်းနှောင့်ယှက်ခြင်းဆိုသည်ကို အပြစ်မြင် ကြောက်ရွံ့လေ့ မရှိပါ။

သင်သီးခံရမည့်အရာ တစ်စုံတစ်ခုကိုမျှ မကြောက်နှင့်။ သင်တို့သည် စုံစမ်းခြင်းကို ခံရမည့်အကြောင်း မာန်နတ် သည် သင်တို့တွင်အချို့ကို ထောင်ထဲ၌လှောင်ထား၍ သင်တို့သည် ဆယ်ရက်ပတ်လုံး ဆင်းရဲ ဒုက္ခ ခံကြရမည်။ သေသည့် တိုင်အောင် သစ္စာစောင့်လော့။ သို့ဖြစ်လျှင် အသက်သရဖူကို ငါပေးမည်။ (ဗျာဒိတ် ၂း၁၀)

ဤနေရာတွင် မြန်မာဘာသာသို့ ပြန်ဆိုရာတွင် သေသည့်တိုင်အောင် (until death) ဟူ၍ ဘာသာပြန် ဆိုထားပါသည်။ မူရင်းတွင် သေခြင်းသို့ ဦးတည်သည်တိုင် (unto death) ဖြစ်ပါသည်။ မိမိပြောသည့် စကားကို ပြန်လည် ရုတ်သိမ်းမှုမပြု။မာတုရ အဖြစ်အသေခံရမည့် အခြေအနေကြုံသည့်တိုင် သစ္စာရှိနေ ခြင်း ဖြစ်ပါသည်။ သူတို့ပြောပြီးစကားကို ပြန်လည် ရုတ်သိမ်းခဲ့ပါလျှင် ထိုသရဖူကို ဆုံးရှုံးမည်သာ ဖြစ် သည်။ ဤကျမ်းပိုဒ်၏ အဓိက ပြောချင်သော သူများမှာ “ဘေးဒါဏ်ကြီး ကာလ”တွင် ကြှုံတွေ့ရမည့် သူများ ကို ရည်ရွယ်၍ ဖော်ပြပါသည်။

အထက်ပါ ကျမ်းပိုဒ် နှစ်ပိုဒ်စလုံးသည် ခရစ်တော်ကို မျှော်လင့်ခြင်း၊ ယုံကြည်ခြင်း၊ ကိုးစားခြင်း တို့ကို အခြေခံပြီး မှ ရရှိခံစားနိုင်သည့် သရဖူအမျိုးအစားဖြစ်သည်။ မည်မျှပင် စုံစမ်းနှောင့်ယှက်ခြင်းတို့နှင့် တွေ့လာစေကာမူ၊ နောက်ဆုံး အသက်အန္တရာယ် သေဆုံးနိုင်သည့် အန္တရာယ်နှင့် တွေ့ကြုံသည့်တိုင် ခရစ်တော်အပေါ်တွင် စိတ်ထားလုံးဝ ပြောင်းလဲမှု မရှိသော သူများ အတွက်ဖြစ်သည်။

ပလ္လင်များကိုလည်း ငါမြင်၏။ ပလ္လင်ပေါ်မှာ ထိုင်သောသူတို့သည် တရားစီရင်ရသော အ ခွင့်ကို ရကြ၏။ သားရဲနှင့် သူ၏ ရုပ်တုကို မကိုးကွယ်၊ သူ၏ တံဆိပ်လက်မှတ်ကို နဖူး၌ မခံ၊ လက်၌မခံဘဲနေ၍ ယေရှု၏ သက်သေခံတော်မူချက်နှင့် နှုတ်ခပတ်တော်တို့ကြောင့် လည် ပင်းကို ဖြတ်ခြင်း ခံရသော ၀ိညာဉ်များကို ငါမြင်၏။ သူတို့သည် အသက်ရှင်၍ နှစ်တစ် ထောင်ပတ်လုံး ခရစ်တော်နှင့် အတူ စိုးစံရကြ၏။ (ဗျာဒိတ် ၂၀း၎)

ဘုန်းကြီးသော ပန်းဦးရစ်သရဖူ

ဤအမျိုးအစားမှာ သိုးထိန်းအကြီး ပေါ်ထွန်တော်မူသော ကာလ၌ သင်းအုပ်ဆရာများ၊ (Pastor and Elder) ကို ပေးမည့် သရဖူအမျိုးအစားဖြစ်သည်။ သို့သော် ငွေအတွက် အစေခံသောသူ (သို့) ဘုရား သခင်ပေးသော အမွေထက် ပိုမိုပြီး အခြားအရာများကို တပ်မက်သောသူများ မပါဝင်ပါ။

Dr. Joe Temple ဆိုသော သင်းအုပ်ဆရာကြီး တစ်ဦက သင်းအုပ်များအတွက် သရဖူ ဟူ၍ မခေါ်စေချင် ကြောင်း ပြောခဲ့ပြီး ကျမ်းစာ ဖေါ်ပြချက်အရ သိုးထိန်းအကြီးထံမှ သရဖူ ဟူ၍သာ ခေါ်ဆိုလိုကြောင်း ပြောကြားခဲ့သည်။ ဆိုလိုသည်မှာ သင်အုပ်ဆရာများအတွက် သီးသန့်သာမဟုတ်။ အချို့မှာ သင်းအုပ်ဆရာ ဟု တရားဝင်ခန့်ထားခြင်း မရှိသော်လည်း သင်းအုပ်ဆရာ လုပ်ဆောင်သော အလုပ်များ ကို ကြိုးစားဆောင်ရွက်သောသူ အများရှိကြသည်။ တနည်းအားဖြင့် ဘုရားသခင်၏ သိုးစုကို ၀န်တာရှိရှိ ထိန်းသိမ်းစောင့်ရှောက်သော သူတိုင်း ထိုသရဖူကို ရှိနိုင်သည်။

သင်တို့နှင့် အတူရှိသော ဘုရားသခင်၏ သိုးစုကို ထိန်းခြင်းအမှုမှာ အနိုင်ထိန်းရသော ကြောင့် မဟုတ်။ မစင်ကြယ်သော စီးပွားကို တပ်မက်သောကြောင့်မဟုတ်ဘဲ အလိုလို စေတနာစိတ်ရှိ၍ ကြည့်ရှုအုပ်ထိန်း ကြလော့။ အသီးအသီး အုပ်သော အသင်းတော်တို့ကို အာဏာထား၍ ပြုသည်မဟုတ်ဘဲ သိုးတော်စု ရှေ့မှာ ပုံသက်သေကို ပြသောသူ ဖြစ်ကြ လော့။ သို့ဖြစ်လျှင် သိုးထိန်းအကြီး ပေါ်ထွန်တော်မူသောအခါ သင်တို့သည် မညိုးနွမ်း တတ်သော ဘုန်းကြီးသော ပန်းဦးရစ်သရဖူကို ခံရလိမ့်မည်။ (၁ပေ ၅း၂-၄)

ဤလောကတွင် အသက်ရှင်စဉ်အခါ သင်းအုပ်ဆရာများသည် အကြိမ်ပေါင်းမြောက်များစွာ ကဲ့ရဲ့ခြင်းများ၊ အပြစ်တင်ခြင်းများနှင့် လစ်လျူရှုခြင်းများကို ခံရသည်။ သို့သော် ညီအကိုတော် လုပ်ဖော်ဆောင်ဖက် သင်း အုပ်ဆရာများကို အားပေးချင်ပါသည်။ ကျွန်တော်တို့သည် အိမ်တော်သို့ မရောက်ကြသေးပါ။ အိမ်တော်သို့ ရောက်သော အခါ ခရစ်တော်က အပြုံးမျက်နှာနှင့် “သာဓုသစ္စာရှိသော ငယ်သားကောင်း” ဟူ၍ ၀မ်းမြောက်ဝမ်းသာ ဆီးကြိုနေမည်ကို မျှော်လင့်ရင်း အမှုတော်ထဲမှာ ဆက်လက် ချီတက် လျှောက်လှမ်းရန် အားပေး တိုက်တွန်းလိုပါသည်။

၀မ်းမြောက်ခြင်း သရဖူ

ဤသရဖူသည် ဧ၀ံဂေလိ (ကယ်တင်ခြင်း သတင်းကောင်း)ကို ဟောပြောသူများအတွက် ဖြစ်သည်။ ဧ၀ံဂေလိ ဟောပြောသူဆိုရာတွင် သင်းအုပ်ဆရာများကိုသာ ရည်ညွှန်းပြောဆိုခြင်းမဟုတ်ပါ။ အမှုတော် ဆောင်များတင်သာမဟုတ်ပါ။ အယုတ်၊ အလတ်၊ အမြတ်မရွှေး၊ ကလေး၊ လူကြီးမရွှေး ဟောပြောသူတိုင်း ရနိုင်သော အခွင့်အရေးရှိပါသည်။ ဘုရားသခင်သည် လောက လူသားများ၏ အသက်ဝိညာဉ်ကို ဤစင်္ကြာဝဠာကြီးထက် ပိုမိုတန်ဘိုး ထားပါသည်။ ထိုဝိညာဉ်များကို ခရစ်တော်ထံ ပို့ဆောင်ပေး ခြင်းအားဖြင့် ခရစ်တော် ဒုတိယအကြိမ် ပြန်လည် ကြွချီလာသောအခါ ထိုအရာတို့သည် ကျွန်တော်တို့၏ ၀မ်းမြောက်ခြင်း ဖြစ်လိမ့်မည်။

ငါတို့ မျှော်လင့်ခြင်း အကြောင်း၊ ၀မ်းမြောက်ခြင်းအကြောင်း၊ ၀ါကြွားခြင်း၏ ဦးရစ်သရဖူ ကား၊ အဘယ်သို့ သော အကြောင်းအရာနည်း။ ငါတို့သခင်ယေရှုခရစ် ကြွလာတော်မူ သောအခါ ရှေ့တော်၌ သင်တို့သည် ထိုသို့သော အကြောင်းအရာဖြစ်ကြသည် မဟုတ် လော။ သင်တို့သည် ငါတို့၏ ဘုန်းအသရေ၊ ငါတို့၏ ငါတို့ ၏ ၀မ်းမြောက်ခြင်း အကြောင်း ဖြစ်ကြသတည်း။ (၁သက် ၂း၁၉-၂၀)

ထို့ကြောင့် ငါဝမ်းမြောက်ခြင်းအကြောင်း၊ ငါ့ဦးရစ်သရဖူ တည်းဟူသော ငါချစ်၍ အလွန် လွမ်းသော ညီအ ကိုတို့၊ ငါဆိုခဲ့ပြီးသည့်အတိုင်း သခင်ဘုရား၌ တည်နေကြလော့၊ ငါ့ချစ်သူတို့။ (ဖိလ္လိပိ ၄း၁)

ဓမ္မဟောင်းကျမ်းတွင် ဒံယေလက ထိုအကြောင်းကို တင်စားပြောဆိုခဲ့သော ကျမ်းပိုဒ်တခု ရှိပါသည်။ ထို ကျမ်းပိုဒ်က

ပညာရှိသောသူတို့သည်လည်း ကောင်းကင်အရောင်မျက်နှာကျက်၏ အရောင်အ၀ါကဲ့သို့ လည်းကောင်း၊ လူများတို့ကို ဖြောင့်မက်ခြင်း တရားလမ်းထဲသို့ သွင်းသောလူတို့သည် လည်း ကြယ်များကဲ့သို့ လည်း ကောင်း အစဉ်ထွန်းလင်ကြလိမ့်မည်။ (ဒံယေလ ၁၂း၃)

ကျွန်တော်တို့သည် ပျောက်ဆုံးဝိညာဉ်များကို ခရစ်တော်ထံ များများပို့ဆောင်နိုင်လေလေ ကျွန်တော်တို့၏ သရဖူတွင် ကျောက်မြတ်ကြယ်ကလေးများ ပိုမိုများလေလေ ဖြစ်ပါမည်။ ထို့ကြောင့် ခရစ်တော် တန်ဘိုး ထားသော ၀ိညာဉ်များကို ခရစ်တော်ထံ ပို့ဆောင်နိုင်ရန် ကြိုးစားအားထုပ်ဘို့ တိုက်တွန်းနိုးဆော် လိုပါ သည်။

မညိုးနွမ်းတတ်သော ပန်းဦးရစ်

ဤသရဖူသည် အောင်မြင်သောသူတို့၏ ရရှိမည့် ဦးရစ်ဖြစ်သည်။ မိမိကိုယ်ခန္ဓာကို ထိန်းသိမ်းနိုင်သူများ၊ အထူးသဖြင့် တပ်မက်မှုများကို ရှောင်လွှဲနိုင်သောသူများအတွက် ဖြစ်သည်။ မိမိကိုယ်ကို မိမိ လောက၏ ပျော်ရွှင်မှု၊ တတ်မက်မှုတို့ ခံစားချင်သော မိမိကိုယ်ခန္ဓာ၏ တောင်းဆိုမှုတို့ကို ပယ်ရှားကာ အသက်ရှင် သော သူများအတွက်ဖြစ်သည်။ု မည်သူမဆို လွတ်လပ်စွာ ဆုံးဖြတ်လုပ်ဆောင်နိုင်ကြသည်။ သို့သော် မိမိကိုယ်ခန္ဓာ၏ စိတ်အလိုသို့ မလိုက်ဘဲ အရာရာတွင် ဇာတိကို ချုပ်တည်း အသက်ရှင်သော သူများအတွက် ထိုသရဖူကို ရရှိနိုင်သည်။

မြေတလင်း၌ ပြိုင်၍ ပြေးကြသော သူအပေါင်းတို့သည် ပြိုင်၍ပြေးကြသော်လည်း တစ် ယောက်တည်းသာလျှင် ဆုကိုရ သည်ဟု သင်တို့မသိကြသလော။ ဆုကို ရမည့်အကြောင်း ပြေးကြလော့။ ပွဲ၌ပြိုင်၍ အချင်းချင်း တိုက်သောသူမည်သည်ကား အရာရာ၌ တပ်မက် ခြင်းကို ချူပ်တည်းတတ်၏။ ထိုသူတို့သည် ညိုးနွမ်းပျက်စီးတတ်သော ပန်းဦးရစ်ကို ရခြင်း အလို့ငှါ ပြုကြ၏။ ငါတို့မူကား မညိုးနွမ်းမပျက်စီးတတ်သော ပန်းဦးရစ်ကို ရခြင်း အလိုငှါ ပြုကြ၏။ ထို့ကြောင့် ငါပြေးသောအခါ အမှတ်တမဲ့ ပြေးသည်မဟုတ်။ လက်ပွေ့သတ် သောအခါ အာကာသ ကောင်းကင်ကိုသာ ထိုး၍ သတ်သည်မဟုတ်။ သူတစ်ပါးကို ဆုံးမ ပြီးမှ ကိုယ်တိုင်ရှုံးသူ မဖြစ်ရမည့်အကြောင်း ကိုယ်ကို ထိုး၍ နှိပ်စက်လေ့ရှိ၏။ (၁ကော ၉း၂၄-၂၇)

ကျွန်တော်တို့သည် ခရစ်တော်ပြန်ကြွလာသောအခါ ရှက်ရသောသူ မဖြစ်မည့်အကြောင်း ကျွန်တော်တို့၏ ခန္ဓာကို ထိန်းသိမ်းစောင့်ရှောက်ကာ ခရစ်တော်ပေးမည့် မညိုးနွမ်းတတ်သော ပန်းဦးရစ်ကို ရရှိသောသူ များအဖြစ် အသက်ရှင် သင့်သည်။ တမန်တော်ကြီး ရှင်ယောဟန်ကလည်း သူရေးသော သြ၀ါဒစာထဲတွင် အောက်ပါကျမ်းပိုဒ်ကို ထပ်မံရေး သား ထားပြန် ပါသည်။

ချစ်သားတို့ သားတော်သည် ထင်ရှားပေါ်ထွန်းတော်မူသောအခါ ငါတို့သည် အထံတော်သို့ ရောက်လျှင် ရဲရင့်သော အခွင့်ရှိ၍ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း သား တော်၌ တည်နေကြလော့။ (၁ယော ၂း၂၈)

ဓမ္မ သရဖူ (သို့) ဖြောင့်မက်ခြင်း သရဖူ

ဤသရဖူ အမျိုးအစားသည် ခရစ်တော်၏ ပေါ်ထွန်းခြင်းကို မျှော်လင့်တောင့်တသူတိုင်း ရရှိနိုင်သည့် သရဖူ ဖြစ်သည်။ ထိုနေ့ရက်တွင် ပေးတော်မူမည် ဖြစ်သည်။ သရဖူ (၅)မျိုးထဲတွင် အလွယ်ကူဆုံး ရရှိနိုင်သော သရဖူအမျိုးအစားဖြစ်သည်။ မည်သူမဆို ရရှိနိုင်သော အခွင့်အရေးရှိနေသည်။

ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ၊ ပြေးရသော လမ်းကို အဆုံးတိုင်အောင် ငါပြေး ပြီ။ ယုံကြည်ခြင်း တရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဖို့ သိုထား လျှက် ရှိပြီ၊ ထိုနေ့ရက်၌ တရားသဖြင့် စီရင်တော်မူသောသူ တည်းဟူသော သခင်ဘုရား သည် ထိုသရဖူကို ငါ၌ အပ်ပေးတော်မူပြီ၊ ထိုမျှမက ပေါ်ထွန်းတော်မူခြင်းကို တောင့်တ သော သူအပေါင်းတို့၌လည်း အပ်ပေးတော်မူမည်။ (၂တိ ၄း၆-၈)

အထက်ပါ ကျမ်းပိုဒ်တွင် တမန်တော် ရှင်ပေါလုက ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ” ဟုဆိုရာတွင် သူအသက်တာတွင် ဇာတိ၏ တောင်းဆိုချက်များကို ခက်ခဲစွာ တော်လှန်ခဲ့ရသည်။ “တိုက်လှန်ခြင်းကို ငါပြုပြီ”ဟု ပြောဆိုရာတွင် ထိုအသုံး အနှုံးမှာ စစ်သားတစ်ယောက်က တိုက်ပွဲတွင် ပြောဆိုသော စကားနှင့်တူသည်။ နောက်တစ်ခုမှာ”ပြေးရသော လမ်းကို အဆုံးတိုင်အောင် ငါပြေးပြီ” ဆိုရာတွင် အပြေးသမားတစ်ယောက် ပြောဆိုသည့် ပုံစံမျိုးဖြစ်သည်။ ခရစ်ယာန်တစ်ဦးအတွက် နေ့စဉ်အသက်တာအတွက် မာရ သွန်ပြိုင်ပွဲ ဖြစ်ကြောင်း ယခင်က ရေးသားခဲ့ပြီးသော Post တွင် ဖေါ်ပြခဲ့ပြီး ဖြစ်သည်။ ယုံကြည်ခြင်း တရားကို ငါစောင့်ရှောက်ြပီ ဆိုရာတွင် စောင့်ရှောက် (kept)ဆိုသော စကားလုံးသည် လုံခြုံရေးသမားများ အသုံးပြုသော စကားလုံး ဖြစ်ပြီး သူစောင့်ရှောက်ရသော ပစ္စည်များကို ဂရုစိုက်ရမည် ဖြစ်သည်။ အထက်က ပြောဆိုခဲ့သော စကားလုံးများကို ခြုံငုံလေ့လာ ကြည့်သော် ရှင်ပေါလု ဘ၀အသက်တာတွင် သူလုပ်ဆောင်ရမည့် အငန်းအတာ တာဝန်များကို ပြီးဆုံးပြီ ဖြစ်သည်။ ထိုကြောင့် ခရစ်တော် ပြန်လာသော နေ့ရက်တွင် ရရှိမည့် ဆုသရဖူကို သေချာပေါက် ရရှိခံစားမည်ကို သိရှိပြီး ဖြစ်သည်။ သူအတွက် ထိုနေ့ကိုသာ မျှော်လင့်နေတော့သည်။ မည်သည့် အခြေအနေကိုမျှ စဉ်းစားစရာမလို။ အသက်တာတွင် မည်သည့်အရာများကို ကျော်ဖြတ်ရသည်ဖြစ်စေ သူအတွက် ဆုသရဖူ အတွက် မျှော်လင့်ပြီး၊ ရရှိပြီး၊ ခံစားပြီး ဖြစ်သောကြောင့် ခရစ်တော်ပြန်လာမည့် နေ့ရက်ကို မျှော်လင့် တောင့်တနေသည်။

ပတ်မုကျွန်းတွင် တမန်တော် ရှင်ယောဟန်က ဆုတောင်းခဲ့သည်။ ထိုဆုတောင်းချက်တွင်

သခင်ယေရှု ကြွလာတော်မူပါ။ (ဗျာဒိတ် ၂၂း၂၁)

နာမတော်မြတ်၌

ဆရာမင်းလွင် (သင်းအုပ်ဆရာ)

ကိုးမိုင်ခရစ်ယာန်အသင်းတော်

Leave a Reply

Your email address will not be published. Required fields are marked *