ကာဣန နှင့် အာဗေလ
ကမ္ဘာဦးကျမ်း(၄)တွင် ကာဣနနှင့်အာဗေလဟူ သော အာဒံနှင့်ဧဝတို့၏သား(၂)ယောက်အကြောင်းကို တွေ့ရပါသည်။
ကမ္ဘာဦးကျမ်း အခန်းကြီး(၁)သည် “အရာခပ်သိမ်း ကို ဘုရားသခင်ဖန်ဆင်းခြင်း”အကြောင်းဖြစ်ပါသည်။
ကမ္ဘာဦးကျမ်း အခန်းကြီး(၂)သည် “လူ့ကိုဘုရား သခင်ဖန်ဆင်းခြင်း”အကြောင်းဖြစ်ပါသည်။
ကမ္ဘာဦးကျမ်း အခန်းကြီး(၃)သည် “လူသား၏ ကျဆင်းခြင်း” (ဘုရားသခင် ဖန်ဆင်းထားသော လူသည် အပြစ်ပြု၍အပြစ်သားဖြစ်သွားခြင်း)အကြောင်းဖြစ်ပါသည်။
ကမ္ဘာဦးကျမ်း အခန်းကြီး(၄)သည် “ဘုရားသခင် ထံသို့လာသောနည်းလမ်း” အကြောင်းဖြစ်ပါသည်။
ကမ္ဘာဦးကျမ်း အခန်းကြီး(၄)တွင် ဘုရားသခင်က လက်ခံသော အာဗေလ နှင့် ဘုရားသခင်က ငြင်းပယ်သော ကာဣနု တို့ အကြောင်းကို ဖော်ပြထားပါသည်။
စာရေးသူသည် နေရာများစွာတွင် ကာဣနနှင့် အာဗေလတို့အကြောင်း ကျမ်းစာသင်ကြားပေးခဲ့ပါသည်။
နေရာတော်တော်များများတွင် သင်တန်းပြီးသောအခါ မေးစရာမေးခွန်းရှိပါသလားဟုမေးသောအခါ အချို့က “ဆရာ” ကမ္ဘာဦးကျမ်း အခန်းကြီး(၄)မှာ ကာဣန ဘယ်က မိန်းမနှင့်အိမ်ထောင်ကျသလဲ ဟုမေးပါသည်။ မိတ်ဆွေ မည်မျှ ဝမ်းနည်းစရာကောင်းပါသနည်း။ ကမ္ဘာဦးကျမ်း အခန်းကြီး(၄)အားဖြင့် ဘုရားသခင်သိစေလိုသောအရာမှာ ကယ်တင်ခြင်းအကြောင်းဖြစ်ပါသည်။ အိမ်ထောင်ရေး အကြောင်းမဟုတ်ပါ။ ထိုသူ၏အာရုံထဲမှာ ခန္ဓာနှင့်ဆိုင်သောအိမ်ထောင်ရေးအကြောင်းဖုံးလွှမ်းနေခြင်းမှာ ဝမ်းနည်းစရာပါ။ ကာဣန မည်သည့်မိန်းမနှင့်ရသနည်းဟူသော မေးခွန်းအတွက်လည်း သမ္မာကျမ်းစာမှာ အဖြေရှိပြီး ဖြစ်ပါသည်။
က ၄း၂၅ တွင် “အာဒံ သည်လည်း မိမိမယားနှင့် တဖန်ဆက်ဆံပြန်လျှင် မယားသည် သားကို ဘွားမြင်၍၊ ရှေ့သ ဟူသောအမည်ဖြင့် မှည့်လေ၏”ဟု ဖော်ပြပါသည်။
ကမ္ဘာ ၅း၃-၅ တွင် “အာဒံသည် အသက်တရာ သုံးဆယ်ရှိသော် မိမိပုံသဏ္ဍာန်နှင့်တညီတသဏ္ဍာန်တည်း သားကိုမြင်ရ၍ ရေသအမည်ဖြင့်မှည့်လေ၏။ရေသကို ဘွားမြင်သောနောက်အာဒံသည် အသက်နှစ်ပေါင်းကိုးရာ့သုံးဆယ်စေ့သော် သေလေ၏။”ဟု ဖော်ပြထားပါသည်။
အာဒံနှင့်ဧဝသည် နှစ်ပေါင်းများစွာ မြေကြီးပေါ် မှာ အသက်ရှင်နေထိုင်ပြီး သား၊ သမီးများကိုဖွားမြင်ကြောင်း တွေ့ရပါသည်။ နောက်ထပ်ဖွားမြင်သည့်အထဲမှ တစ်ဦးနှင့် ကာဣနသည် အိမ်ထောင်ပြုခြင်းဖြစ်ပါသည်။
ကာဣန (ဘာသာရေးသမား)
“ဧဝသည် ပဋိသန္ဓေစွဲယူ၍ ကာဣနကိုဘွားမြင် လျှင် ထာဝရဘုရား၏ လူ့ကိုရပြီဟု ဆိုလေ၏”
(ကမ္ဘာ ၄း၁)
ကာဣနကို ဘွားမြင်သောအခါ သူ၏မိခင်ဧဝက ဘုရားလူကိုရပြီဟုထင်ခဲ့ပါသည်။ တကယ်တော့မဟုတ်ပါ။ မိခင်ဧဝသည် သူ၏သားကြီး ကာဣနကို ဘုရားသခင်၏လူ ဟု ထင်ခဲ့ပါသည်။ ဘုရားသခင်၏လူဟု အမျှော်လင့်ကြီး မျှော်လင့်ခဲ့ပါသည်။ သို့သော်မဟုတ်ခဲ့ပါ။ အလွဲကြီးလွဲပါ သည်။ “လူထင်သည့်အတိုင်းမှန်သောလက္ခဏာရှိသော်လည်း”ဟူသော ကျမ်းစာအတိုင်းပင် ဧဝ၏အထင်ရော ကျွန်တော်တို့အထင်အားလုံး လွဲမှားပါသည်။ ယနေ့ကျွန်ုပ် တို့ပတ်ဝန်းကျင်တွင်ဘုရားသခင်၏ လူဟုထင်ရသော ဘာသာရေးသမားများစွာရှိပါသည်။ ကာဣန၏ အသက် တာကို လေ့လာကြည့်သောအခါ ဘုရားကိုသိသောသူ၊ ဘုရားဆီသွားသောသူ၊ ဘုရားကို ပူဇော်သောသူအဖြစ် တွေ့မြင်ရပါသည်။
သို့သော် ကာဣနသည် ဘုရားသခင်၏လူမဖြစ် ခဲ့ပါ။
“ဘုရားကို သိတိုင်း ဘုရားသခင်၏လူမဖြစ်ပါ” “ဘုရားကိုပူဇော်တိုင်း ဘုရားသခင်၏ လူမဖြစ်ပါ”
ထို့ကြောင့် ယနေ့ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဘုရားအလုပ်လုပ်နေတဲ့သူတွေ၊ ဘုရားအကြောင်းပြော နေတဲ့သူတွေ၊ဘုရားကျောင်းမှာလှုပ်ရှားနေတဲ့သူတွေ၊ ဘုရားကျောင်းတက်နေတဲ့သူတွေကို တွေ့တိုင်း ဘုရားသခင်၏လူ ဖြစ်မည်ဟုပြော၍မရပါ။ ယနေ့ဘာသာရေးအသွင်ဆောင် သောဘာသာရေးသမားမြောက်များစွာကို “ဘုရားသခင်၏ လူ” ဟု ဧဝကဲ့သို့ထင်မှတ်မှားနေသူ သမ္မာကျမ်းစာနှင့်ချိန် ထိုး၍ ပြန်လည်ဆင်ခြင်သင့်ပါသည်။ ကာဣန၏အသက် တာကိုလေ့လာကြည့်သောအခါ သူ့ကိုလယ်လုပ်သူအဖြစ်သမ္မာကျမ်းစာမှဖော်ပြပါသည်။ သူ၏အသက်မွေးဝမ်းကျောင်းမှာ စိုက်ပျိုးရေးလုပ်ငန်းဖြစ်ပါသည်။ သမ္မာအာဇီဝ ဖြင့်လုပ်ကိုင်စားသောက်သောသူဖြစ်ပါသည်။ ကလိမ် ကကျစ်နှင့်ခိုးဝှက်စားသောက်သူမဟုတ်ပါ။ သူ၏လယ် ထွက်သီးနှံကိုယူ၍ ဘုရားသခင်ကိုသွားရောက်ပူဇော်ပါသည်။ လယ်ထွက်အသီးအနှံကိုရောင်းပြီး အပျော်အပါးလိုက်ခြင်း မရှိပါ။ မည်မျှကောင်းပါသနည်း။ သို့သော် ဘုရားသခင်က သူ၏ပူဇော်သက္ကာကိုလက်မခံဘဲ ငြင်းပယ်ခဲ့ပါသည်။ ထို့ကြောင့် ကာဣနသည် ဘုရားသခင်၏လူမဖြစ်ခဲ့ပါ။ ဘုရား သခင်က လက်ခံမှသာ ဘုရားသခင်၏လူဖြစ်ပါသည်။ ကာဣနကို ဘုရားသခင်မှလက်မခံပါ။ ထို့ကြောင့်ကာဣန သည် ဘာသာရေးသမားသာ ဖြစ်ပါသည်။
“မာရ်နတ်နှင့်ဆိုင်၍မိမိညီကို သတ်သော ကာဣန ကဲ့သို့မဟုတ်” ( ၁ယော ၃း၁၂ )တွင်ဖော်ပြထားပါသည်။ ဘုရားကိုသိသော ကာဣနသည် စာတန်လူဖြစ်ပါ သည်။
ဘုရားဆီသွားသော ကာဣနသည် စာတန်လူ ဖြစ်ပါသည်။ဘုရားကိုပူဇော်သော ကာဣနသည် စာတန်လူ ဖြစ်ပါသည်။
ထို့ကြောင့် ဘုရားကိုသိတိုင်း၊ ဘုရားဆီသွားတိုင်း ဘုရားကိုပူဇော်တိုင်း ဘုရားသခင်၏လူ မဖြစ်ပါ။ ထိုအရာ များကို စာတန်လူများလည်းလုပ်နိုင်ကြောင်း သမ္မာကျမ်းစာ မှဖော်ပြထားပါသည်။ ထို့ကြောင့် ဘုရားကျောင်းတက်ခြင်း၊ ကျမ်းစာကျောင်းတက်ခြင်း၊ ဘာသာရေးနှင့်ဆိုင်သော အခမ်းအနားများတွင် ပါဝင်လုပ်ဆောင်ခြင်းများအား စာတန်လူများလည်း လုပ်ဆောင်နိုင်ကြောင်းနားလည်ရပါ သည်။
ယနေ့စာတန်လူကို ဘုရားလူထင်၍ရေလိုက်လွှဲ နေသော ဓမ္မမိတ်ဆွေများ ပြန်လည်ဆင်ခြင်ဖို့ရန် သတိပေး လိုပါသည်။
ကာဣန ၏အပြင်ပန်းအသက်တာကို ကြည့်လျှင် လေးစားဖွယ်၊ အတုယူဖွယ်ဟုထင်ရသော်လည်း စာတန် ၏လူဖြစ်ပါသည်။
ယနေ့ကျွန်တော်တို့သည် အပေါ်ယံအဆောင် အယောင်များ၊ အပြင်ပန်းသဏ္ဍာန်များကို ကြည့်၍ ဆုံးဖြတ် ကြသောကြောင့် အမှားကြီးမှားနေကြခြင်းဖြစ်ပါသည်။ မိတ် ဆွေတို့ ပြန်လည်စဉ်းစားကြည့်ပါ။ တခါတရံကျွန်တော်တို့ လေးစားကြည်ညိုနေသော ဆရာသမားများ ပျော့ကွက်၊ ဟာကွက်၊ ညံ့ဖျင်းမှုများ လေးစားစရာမကောင်းသောလုပ်ဆောင်မှုများကိုတွေ့ရသော် ကျွန်ုပ်တို့အလွန်ဝမ်းနည်းခြင်း ကြီးစွာခံစားရပါသည်။ ဆရာကြီးက ဘာကြောင့် ဒီလိုလုပ် တာလဲဟု စဉ်းစားရင်းစိတ်မကောင်းခြင်းကြီးစွာဖြစ်ရပါ သည်။ ခြုံထားတဲ့ ဝတ်ရုံကြီးမှ အားမနာ၊ ယူထားတဲ့ ဘွဲ့ထူး ကိုမှ မငဲ့ကွက်ဘဲ ပြောရခက်လေခြင်းဟု ကျွန်ုပ်တို့ တနံ့နံ့ ခံစားရပါသည်။ တကယ်တော့ စကတည်းက ကျွန်တော်တို့ မှားခဲ့ကြခြင်းဖြစ်ပါသည်။ ဘွဲ့ထူးဂုဏ်ထူး၊ အဆောင် အယောင်အခမ်းအနားများကိုကြည့်ပြီး ထိုသူကို ဘုရား သခင်၏လူဟု ကျွန်ုပ်တို့ထင်မြင်ခဲ့ခြင်းသာဖြစ်ပါသည်။ အမှန်မှာ ထိုသူတို့ သည် အစကပင် စာတန်၏လူ ဘာသာရေးသမားများ ကာဣနကဲ့သို့သောသူတွေဖြစ်ပါ သည်။ ချစ်စွာသော စာဖတ်သူ မိတ်ဆွေ မှန်ကန်စွာပိုင်း ခြားတတ်သောသဘောကို သန့်ရှင်းသောဝိညာဉ်တော် သည် သင့်အားဖွင့်ပြပါမည့်အကြောင်း အကျွန်ုပ်ဆုတောင်း ပါသည်။
ဘာသာရေးသမား ကာဣနသည် မာရ်နတ်လူဖြစ် ကြောင်း သမ္မာကျမ်း အကိုးအကားနှင့် ဖော်ပြခဲ့ပြီးဖြစ်ပါ သည်။ ထို့ကြောင့် ဘာသာရေးသမားဆိုသည်မှာ စာတန် သာဖြစ်ကြောင်းနားလည်ရပါသည်။ ထို့ကြောင့် သခင် ယေရှုမြေကြီးပေါ်မှာ သက်တော်ထင်ရှားရှိစဉ် ဘာသာရေးသမားများကို ပြင်းပြင်းထန်ထန်ပြောဆိုဆုံးမကြောင်း တွေ့ရပါသည်။
(မဿဲ ၂း၃)ကိုဖတ်ကြည့်လျှင် သခင်ယေရှုက ကျွန်ုပ်တို့ကို ဘာသာရေးအသွင်မဆောင်ဖို့ တိတိကျကျသွန် သင်မှာကြားထားပါသည်။ (မဿဲ ၂၃း၃၅)တွင် အာဗေလ မှစ၍ခေတ်အဆက်ဆက်ဘုရားသခင်၏လူများကို ဘာသာ ရေးသမားများက သတ်ဖြတ်ခြင်းဖြစ်ကြောင်း သခင်ယေရှု ကပြောပါသည်။ ဘုရားသခင်၏လူ(အာဗေလ)ကိုဘာသာ ရေးသမား(ကာဣန)ကတိုက်ခိုက်ခြင်းမှာ ကမ္ဘာဦးအစက ပင် ဖြစ်ကြောင်းနားလည်ရပါသည်။ သခင်ယေရှုသက် တော်ထင်ရှားရှိစဉ် ကိုယ်တော်ကိုဆန့်ကျင်တိုက်ခိုက်သူများ မှာ ဘာသာရေးသမားများ(ဖါရိရှဲကျမ်းပြုဆရာ)ဖြစ်ပါ သည်။
မိတ်ဆွေသင်သည် ခရစ်တော်၏တပည့်တော်ဟု ပြီးအဘယ်ကြောင့် ဘာသာရေးသမားအသွင်ဆောင် နေရပါသနည်း။
အဘယ်ကြောင့် ဘာသာရေးအသွင်ဆောင်သူ များကိုလေးစားကြည်ညိုနေပါသနည်း။
အဘယ်ကြောင့် ခရစ်တော်နှင့်ဆန့်ကျင်ဘက်ဖြစ် သောအရာများကို သင့်ရဲ့ အသက်တာထဲမှာ လက်ခံကျင့် သုံးနေပါသနည်း။
“ငါ့စကားကို နားမထောင်ဘဲလျက် ငါ့ကိုသခင်၊ သခင်ဟု အဘယ်ကြောင့်ခေါ်ကြသနည်း။” (လု ၆း၄၆)
သမ္မာကျမ်းစာမှာ ကာဣနကိုအရင်မွေးကြောင်း တွေ့ရပါသည်။ ဘာသာရေးသမားက အရင်မွေးပါသည်။ ထိုနည်းတူ ကျွန်ုပ်တို့လည်း လောကကြီးမှာမွေးဖွားလာသောအခါ ဘာသာတရားတခုခုထဲကို အရင်ရောက်ရှိသွား ပါသည်။ လောကမှာ ကလေးတစ်ယောက်မွေးပြီး မိဘများ ၏ ခံယူချက်နှင့် အယူဝါဒဘာသာတရားကို ထိုကလေး အား အလိုအလျောက်ခံယူစေပါသည်။ မိဘနှစ်ပါးက ခရစ် ယာန်ဖြစ်လျှင် သန်းခေါင်စာရင်းမှာ ထိုကလေးသည် ခရစ် ယာန်ဘာသာဝင်အဖြစ် ရေးသားစာရင်းမှတ်လိုက်ပါသည်။ မိဘများက ဗုဒ္ဓဘာသာအဖြစ်စာရင်းမှတ်သားပါသည်။ မိဘများက ဟိန္ဒူများဖြစ်လျှင် ထိုကလေးကို ဟိန္ဒူဘာသာ ဟုသန်းခေါင်စာရင်းမှာ ရေးသားမှတ်တမ်းတင်ပါသည်။ တကယ်တော့ထိုသို့ရေးသားစာရင်းသွင်းချိန်မှာ ထိုကလေး သည် ဘာမှတိတိကျကျ သိကျွမ်းနားလည်ခြင်းမရှိသေးပါ။ ခရစ်ယာန်ဟု သတ်မှတ်ခံရသောသူသည်လည်း ခရစ်တော် ၏ ရွေးနှုတ်ကယ်တင်ခြင်းသိနားလည်ခံစားရခြင်းမရှိဘဲ ခရစ်ယာန်ဖြစ်လာပါသည်။ ထို့ကြောင့်“ဘာမှမသိသော ခရစ်ယာန်”ဖြစ်လာသည်။ သန်းခေါင်စာရင်းနှင့်မှတ်ပုံတင်ထဲမှာ ခရစ်ယာန်ဟုစာရင်းသွင်းသော်လည်း ကောင်းကင် နိုင်ငံစာရင်းမဝင်သေးပါ။ ဘုရားသခင်လက်ခံသော ဘုရား သခင်၏လူမဖြစ်သေးပါ။ ယနေ့များစွာသော သူတို့သည် ထိုကဲ့သို့ပင် ဘာသာတရားများနှင့် အယူဝါဒများအောက် မှာ ကြီးပြင်းလာကြပါသည်။ မိတ်ဆွေသင်နှင့်ကျွန်ုပ်သည် ထိုကဲ့သို့ကြီးပြင်းလာကြသည် မဟုတ်လား။ ကျမ်းစာမှ တဆင့်သင့်ကိုပြောပြလိုသောအရာမှာ ဘာသာတရား တစ်ခုအကြောင်းမဟုတ်ပါ။ ဘုရားသခင်၏လူအကြောင်း ဖြစ်ပါသည်။ ဘာသာရေးသမားအကြောင်းပြောပြလိုခြင်း မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော်ရှေးဦးစွာကျွန်ုပ်တို့နား လည်ရမည်မှာ သခင်ယေရှုသည် မြေကြီးပေါ်၌ဘာသာ တရားတစ်ခုကိုတည်ထောင်ခဲ့ခြင်းမဟုတ်ပါ။ ထို့ကြောင့် သခင်ယေရှုသည် ဘာသာရေးခေါင်းဆောင်တစ်ဦးမဟုတ် ပါ။ “ယေရှုခရစ်သည်အပြစ်ရှိသောသူတို့ကိုကယ်တင်ခြင်း ငှါ ဤလောကသို့ကြွလာတော်မူသည်ဟူသောစကားသည် သစ္စာစကားဖြစ်၏။ အကြွင်းမဲ့ခံယူအပ်သောစကားလည်း ဖြစ်၏”။ (၁တိ ၁း၁၅) ၊
သခင်ယေရှုသည်အပြစ်သားဖြစ်သော ကျွန်ုပ်တို့ ကိုအပါယ်ငရဲမှရွေးနှုတ်ကယ်တင်ဖို့ရန် ဤလောကသို့ကြွ လာခြင်းဖြစ်ကြောင်း သမ္မာကျမ်းစာမှဖော်ပြပါသည်။
သခင်ယေရှုသည် ခရစ်ယာန်ဘာသာတည်ထောင် ဖို့ရန် လောကသို့ကြွလာခဲ့ခြင်းမဟုတ်ပါ။ )
မိတ် ဆွေ ရဲ့ အသက် တာဟာ ခရစ်ယာန်(သို့) ဘာသာတရား၊ အယူဝါဒတစ်ခုခုထဲမှာ နေထိုင်ရင်းကျေနပ် နေတယ်ဆိုရင် ပြန်လည်စဉ်းစားစရာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ဘာသာတရားတစ်ခုရဲ့ အောက်မှာ မိဘ များရဲ့ သွတ်သွင်းပေးမှုကြောင့် နေထိုင်ကြီးပြင်းခဲ့ရပါတယ်။ ဒါဟာ မိရိုးဖလာ ကိုးကွယ်မှုပဲဖြစ်ပါတယ်။ မိရိုးဖလာ ကိုးကွယ်မှုတွေက ကျွန်တော်တို့ကိုအပါယ်ငရဲက မကယ် တင်နိုင်ပါဘူး။ ယနေ့ဘာသာတရားတစ်ခုကို မိရိုးဖလာ အနေနဲ့ကိုးကွယ်နေပေမယ့်များစွာသောသူတို့ဟာ အပါယ် ငရဲက လွတ်မြောက်ကြောင်း စိတ်ချမှုမရှိကြပါဘူး။ သမ္မာ ကျမ်းစာမှာ ပါ။
“မိစဉ်ဖဆက် ကျင်လည်သော အချည်းနှီးကျင့်ကြံ ပြုမူခြင်းမှ ရွှေ၊ငွေ၊အစရှိသော ဖောက်ပြန်ပျက်စီးတတ်သော ဥစ္စာနှင့်သင့်ကိုရွေးတော်မူသည်မဟုတ်။ အဘယ် အပြစ်မျှမရှိ။ အညစ်အကြေးနှင့်ကင်းစင်သော သိုးသူငယ် ကဲ့သို့သော ခရစ်တော်၏အသွေးတော်မြတ်နှင့်ရွေးတော် မူသည်ကို သိမှတ်ကြလော့”။ (၁ပေ ၁း၁၈-၁၉)
ချစ်စွာသောမိတ်ဆွေ မိရိုးဖလာ ကိုးကွယ်သောဘာသာတရားအားဖြင့် အပါယ်ငရဲက မလွတ်မြောက်နိုင်ကြောင်း သမ္မာကျမ်းစာမှ ဖော်ပြထားပါတယ်။ ဘာသာ တရားတစ်ခုမှာ အသက်ရှင်နေထိုင်တဲ့ဘာသာရေးသမား ဘဝကနေ သင့်ကို သခင်ယေရှု ရွေးနှုတ်ကယ်တင်ဖို့ အလို ရှိပါသည်။ တကယ်တော့မိတ်ဆွေနဲ့ကျွန်တော်တို့ဟာ ငယ်စဉ်ကပင် ဘာမှန်းသေချာမသိတဲ့ ဘာသာတရား တစ်ခုမှာအသက်ရှင်နေထိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်က ကာဣနကဲ့သို့ဘာသာရေးသမားတွေ ဖြစ်ခဲ့ ပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်ဝိညာဉ်ရေးမျက်စိမပွင့် ခဲ့ပါဘူး။ ထို့ကြောင့် ကျွန်တော်တို့ကိုယ်တိုင်မှာ ဘာသာရေး အမြင်တွေပဲလွှမ်းမိုးနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ရဲ့ရှေ့မှာ မြင်တွေ့နေရတဲ့ ဘာသာရေးသမားတွေ ဘာသာ ရေးဆရာတွေ၊ ဘာသာရေးခေါင်းဆောင်တွေကို အထင် ကြီးလေးစားအားကျခဲ့ပါတယ်။ တကယ်တော့ကျွန်တော်တို့ လွဲခဲ့ကြတယ်ဆိုတာ ဝိညာဉ်မျက်စိမပွင့်ခဲ့သလို သမ္မာတရားကိုလည်း မသိခဲ့လို့ဖြစ်ပါတယ်။ ဒါကြောင့် ဘာသာရေးဟာ လူကိုမှိုင်းမိစေတယ်။ ဘာသာရေးဟာ လူကိုထိုင်းမှိုင်းစေတဲ့ ဘိန်းတစ်မျိုးဖြစ်တယ်ဆိုတဲ့ နိုင်ငံရေး သမားတချို့ရဲ့ စကားကိုသတိရပါတယ်။ ယနေ့ကမ္ဘာကြီး ပေါ်မှာ လူများစွာကို ဘာသာရေးနဲ့ စာတန်ကမှိုင်းတိုက်ထားပါတယ်။ မိတ်ဆွေ သင်ဟာ စာတန်ရဲ့ မှိုင်းမိနေ သလား။
“ခရစ်တော် ဘုန်းအသရေနှင့်ပြည့်စုံသော ဧဝံဂေလိတရား၏ အရောင်သည် အလင်းကိုမပေးစေခြင်း ငှါ ဤလောကကိုအစိုးရသောဘု ရား (စာတန်)သည် သူတို့၏ ဉာဏ်မျက်စိကို ကွယ်စေ၏” (၂ကော ၄း၄)
မိတ်ဆွေခရစ်တော်အားဖြင့်သင့်ရဲ့ ဝိညာဉ်ရေးရာ အလင်းရပါစေ။
(မဿဲ ၂း၃) ကိုသေချာဖတ်ကြည့်ရင် သခင်ယေရှု က မနှစ်သက်လို့တားမြစ်ထားတဲ့ ဘာသာရေးအသွင်ဆောင်တဲ့အရာတွေကို ယနေ့ကျွန်တော်တို့ ခရစ်ယာန်တွေ များစွာလုပ်ဆောင်လျှက်ရှိကြောင်း တွေ့ရပါလိမ့်မယ်။
“သူတို့သည် ပြုသမျှသော အကျင့်အမှုတို့ကို လူများရှေ့မှာ ထင်ရှားစေခြင်းငှါပြုကြ၏။ ကျယ်သောလက် ဖွဲ့တို့ကို၄င်း၊ ကြီးသော ပန်းပွားတို့ကို၄င်း ဝတ်လေ့ရှိကြ၏။ ပွဲသဘင်တရားစရပ်တို့၌ မြင့်မြတ်သောနေရာထိုင်ရာကို၎င်း • • ဈေး၌ရိုသေစွာနှုတ်ဆက်ခြင်းကို၎င်း၊အရှင်ဘုရား၊ အရှင်ဘုရားဟုလူများခေါ်ဝေါ်ခြင်းကို၄င်းနှစ်သက်ကြ၏” (မဿဲ ၂၃း၅-၇)
ထိုဘာသာရေးသမားတို့ သည် လူများရှေ့မှာ ထင်ရှားစေခြင်းငှါပြုမူတတ်သောသဘောရှိပါသည်။
ဘုရားသခင်၏လူဟူမူကား ဘုရားသခင်သိမြင် လျှင် ကျေနပ်တတ်သောသူများ ဖြစ်ပါသည်။
ဘာသာရေးသမားတို့သည် မိမိကိုသူတပါးသိစေ ရန် သိသာထင်ရှားသော ဝတ်စားဆင်ယင်မှုအသွင်အပြင် များကို လုပ်ဆောင်တတ်ပါသည်။
သခင်ယေရှုသည် သူများထက် သိသာထင်ရှား သော ဝတ်စားဆင်ယင်မှု(ဥပမာ-ဝတ်ရုံခြုံထားခြင်း၊လက် ဝါးကပ်တိုင်ကြီးကြီးကိုဆွဲထားခြင်း၊ ခေါင်းမှာသရဖူဆောင်း ထားခြင်း)များကို မလုပ်ပါ။
ကျွန်တော်တို့ကိုလည်းထိုကဲ့သို့လုပ်ဖို့ ရန်တိုက်တွန်း အားပေးခြင်းမရှိခဲ့ပါ။ သခင်ယေရှုသည် တပည့်တော်များ နှင့်သာမန်ပင်နေထိုင်ခဲ့ကြောင်း သိရပါသည်။ ထို့ ကြောင့် သခင်ယေရှုကို ရောမစစ်သားများက ဖမ်းရန်လာသော အခါ သစ္စာဖောက် ယုဒက သူနမ်းသောသူမှာ သခင်ယေရှု ဖြစ်ကြောင်း ဖေါ်ပြရပါသည်။ အကယ်၍ သခင်ယေရှုမှာ ထူးခြားသော ဝတ်စားဆင်ယင်မှုရှိလျှင် ယုဒရှကာယုတ် အနေနှင့်ပြောပြလိုက်ရုံနှင့်ပြီးပါသည်။ သို့သော် သခင်ယေရှုက ခေါင်းဆောင်တစ်ယောက် အနေနှင့် ဆရာ တစ်ယောက်အနေနှင့် သီးခြားပုံစံတစ်ခုနှင့် မနေထိုင် ကြောင်းတွေ့ရပါသည်။ သခင်ယေရှုသည် တပည့်တော်များနှင့်လက်ရေတပြင်တည်းနေကြောင်း သမ္မာကျမ်းစာမှ ဖေါ်ပြပါသည်။ သခင်ယေရှုအတွက် သီးသန့်နေရာ တစ်ခုလုပ်ပေးဖို့ မလိုအပ်ပါ။ ယနေ့ဘုရားရှိခိုးကျောင်းများ တွင် ပရိသတ်အများကမြင်တွေ့နိုင်ဖို့ရန် ဆရာများကို စင်မြင့်ပေါ်မှာထားခြင်းကိုနားလည်နိုင်သော်လည်း ဆရာ များထိုင်သည့်ကုလားထိုင်များထဲမှ အလယ်တစ်လုံးကိုပို၍ မြင့်မြင့်ကြီးလုပ်ထားခြင်းကိုနားမလည်နိုင်ပါ။ သမ္မာကျမ်း စာနှင့်လည်းကိုက်ညီမှုမရှိကြောင်းနားလည်ရပါသည်။
“သင်တို့မူကား အရှင်ဘုရားဟု ခေါ်ဝေါ်ခြင်းကို မခံကြနှင့်။ ခရစ်တော်တည်းဟူသော သင်တို့ဥပဇ္ဈာယ် ဆရာတစ်ပါးတည်းရှိ၏။ သင်တို့အပေါင်းသည် ညီအစ်ကို ချင်းဖြစ်ကြ၏။ မြေကြီးပေါ်မှာ အဘယ်သူကိုမျှအဘဟူ၍ မခေါ်ဝေါ်ကြနှင့်။ ကောင်းကင်ဘုံ၌သင်တို့အဘတစ်ပါး တည်းရှိတော်မူ၏။” (မဿဲ ၂၃း၈-၉)
၂) သင်တို့အချင်းချင်းအဘဟုမခေါ်ဝေါ်ကြနှင့်ဟု သခင်ယေရှုက ပြောပါသည်။ ယနေ့တချို့က Father ဟူ သောအသုံးအနှုန်းကိုသုံးနေကြပြီး တချို့က အဖဆရာ တော်ဟုခေါ်ဝေါ်သုံးစွဲနေကြပါသည်။ မိတ်ဆွေခရစ်ယာန် ဟုအမည်ခံထားသောသူများကိုယ်တိုင်က သခင်ယေရှု သွန်သင်ချက်နှင့် ဆန့်ကျင်ဖက်များလုပ်ဆောင်နေကြပါ သည်။
“သင်တို့တွင် အကြီးဖြစ်သော သူသည် သင်တို့ အစေခံဖြစ်ရ၏။ အကြင်သူသည် မိမိကို ချီးမြှောက်အံ့၊ ထိုသူသည် နှိမ့်ချခြင်းသို့ ရောက်လတံ့။ အကြင်သူသည် မိမိကိုနှိမ့်ချအံ့။ ထိုသူသည်ချီးမြှောက်ခြင်းသို့ရောက်လတံ့” (မဿဲ ၂၃း၁၁-၁၂)
သခင်ယေရှုက နှိမ့်ချခြင်းနှင့် အစေခံဖို့ ရန် သွန်သင်သော်လည်း ယနေ့ဘာသာရေးသမားများက ဘွဲ့ထူးဂုဏ်ထူးများနှင့် ကိုယ့်ကိုယ်ကို ချီးမြှောက်ဖို့ ကြံစည် ကြပါသည်။ လူအများက ဆရာတော်ကြီး၊ ဆရာတော်ကြီး ဟု တလေးတစားဆက်ဆံခြင်းကို အလိုရှိသောကြောင့် များစွာသော ဘွဲ့ထူး၊ ဂုဏ်ထူးများကို နည်းလမ်းမျိုးစုံဖြင့် ရယူပိုင်ဆိုင်ဖို့ကြိုးစားကြပါသည်။ ထိုဘွဲ့ထူး၊ ဂုဏ်ထူးများ ဖြင့် ဝါကြွားခြင်းကို ပြုနေကြသည်မှာ သခင်ယေရှု၏ရှေ့ တွင် ရှက်ဖွယ်အတိဖြစ်ပါသည်။ ထိုဘွဲ့ထူး၊ ဂုဏ်ထူးများ ဖြင့် “ငါဘာကောင်လဲ သိတယ်မဟုတ်လား” ဟူသော ပုံစံ ဖြင့် ဝါကြွားနေကြသော ဘာသာရေးဆရာများ၊ သမ္မာတရားကို သိမြင်နိုင်ပါစေ။
“လျှို့ဝှက်သော ကျမ်းပြုဆရာ၊ ဖာရိရှဲတို့ သင်တို့ သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား ကောင်းကင် နိုင်ငံတော်၏တံခါးကို လူတို့ရှေ့မှာ ပိတ်ထား၍မိမိတို့လည်း မဝင်၊ ဝင်လိုသော သူတို့ကိုလည်း ဆီးတားကြ၏” (မဿဲ ၂၃း၁၃)
ဘာသာရေးဆရာတွေဟာ ကောင်းကင်နိုင်ငံ မဝင်ရဘူးလို့ သခင်ယေရှုက အတိအကျပြောပါတယ်။ အခြားသူတွေကိုလည်း အဆီးအတားဖြစ်စေမယ်လို့ ပြော ထားပါတယ်။ လူတွေကတော့ ဘာသာရေးလုပ်ရင်ကောင်း တယ်လို့ပြောပေးမယ့် သခင်ယေရှုက ဘာသာရေးသမား ဟာ ငရဲရောက်မယ်လို့ပြောပါတယ်။ သခင်ယေရှုက ကျွန်တော်တို့ကို ဘာသာရေးအတွက် အလိုမရှိပါဘူး။ ဝိညာဉ်ရေးအတွက် အလိုရှိပါတယ်။ ကျွန်တော့်ကို တစ်ယောက်ယောက်က ဘာလုပ်နေတာလဲလို့မေးလာရင် လည်း ဝိညာဉ်ရေးလုပ်ဆောင်နေတာပါလို့ ဖြေပါတယ်။ ကျွန်တော်တို့ဟာ ဘာသာရေးဆရာတွေမဟုတ်သလို ဘာသာရေးလုပ်စားနေသူတွေလည်း မဟုတ်ပါဘူး။
“လျှို့ဝှက်သော ကျမ်းပြုဆရာ၊ ဖာရိရှဲတို့ သင်တို့ သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား မုဆိုးမအိမ်ကို လုယူ သိမ်းစား၍၊ အပြစ်မပေါ်စေခြင်းငှါရှည်စွာသော ပဌနာ စကားကို ရွတ်တတ်ကြ၏။ ထိုကြောင့် သာ၍ ကြီး စွာသောဒဏ်ကိုခံရကြလတံ့။” (မဿဲ ၂၃း၁၄)
ယနေ့ အပြောချိုချို စကားချိုချို နားဝင်ချိုစေသည့်တရားဟောချက်များ၊ လူတို့စိတ်နှင့်တွေ့စေသည့် ဆုတောင်းချက်များ၊ ဘုရားကိုခုတုံးလုပ်ကာ စီးပွားရှာသော ဘာသာရေးအသွင်ဆောင်သူများကိုဆိုလိုပါသည်။
“ခရစ်တော်၏လက်ဝါးကပ်တိုင်ကို ရန်ဘက်ပြု၍ ကျင့်သောသူအများရှိကြ၏။ ထိုသူတို့သည် ပျက်စီးခြင်း လမ်းဆုံးတတ်ကြ၏။ သူတို့၏ ဘုရားမူကား မိမိတို့ဝမ်းပေ တည်း။ မိမိတို့ ရှက်ကြောက်ဘွယ်သော အကျင့်၌သာ မိမိ တို့ ဝါကြွားကြ၏။ လောကီအရာတို့ကိုသာ စိတ်စွဲလမ်းခြင်း ရှိကြ၏။ (ဖိ ၃း၁၈-၁၉)
ရှင်ပေါလုက ဝမ်းဝဖို့အတွက် အမှုတော်ဆောင်သူ များ၊ စားဝတ်နေရေးအတွက် ဘာသာရေးလုပ်စားသူများ ကို ရည်ရွယ်၍ ဖိ ၃း၁၈-၁၉ မှာ ရေးထားပါသည်။
သူတို့၏ ဘုရားမူကား မိမိတို့ ဝမ်းပေတည်းဟူ သောကျမ်းစကားအရ တနေ့တခြား ဗိုက်ရွှဲလာသော၊ ဂုတ် ပိုးအစ်လာသော ဘာသာရေးလုပ်စားသူများ သတိထား သင့်ပါသည်။ ဘုရားသခင်၏လူက ဘုရားအစေခံဖို့ စိတ် အားကြီးသလို ဘာသာရေးသမားကလည်း ဘုရားအလုပ် ကို ခုတုံးလုပ်ကာ ဝမ်းဝရုံတင်သာမက ကြီးပွားချမ်းသာဘို့ လုပ်ကြပါသည်။ (ဘုရားသခင် ကောင်းကြီးပေးသော ကြောင့် ကြွယ်ဝပြည့်စုံခြင်းကို မကန့်ကွက်ပါ) ဘုရားအလုပ်ကိုအမှီပြုပြီး သား၊ မြေး၊ မြစ်တိုင်အောင် သုံးမကုန်အောင် စီးပွားဖြစ်နေသူများစွာကိုလည်း ယနေ့တွေ့နေရပါသည်။
ထို့ကြောင့် နိုင်ငံခြားထောက်ပံ့မှုရှိသော သာသနာ လုပ်ငန်းများစွာသည် ဖခင်မရှိလျှင် သားသမီး တစ်ဦးဦးကို လက်လွှဲသွားတာများပါသည်။ အဘယ်ကြောင့်နည်း။ ဝင်ငွေကောင်းလှသော သာသနာလုပ်ငန်းကို အခြားသူကို မရစေချင်ပါ။ ဖိတ်ချင်းဖိတ် ငါ့အိတ်ထဲ ဖိတ်ဆိုသော သဘောနှင့် မိမိ သားသမီးများကို မိမိနေရာမှာ လွှဲပေး တတ်ကြပါသည်။ နောက်တစ်ကြောင်းကတော့ မိမိညာဝါး ဖြီးဖြန်းထားသည်များကို တခြားသူသိမှာစိုး၍ မိမိသွေးသား ကိုသာ နေရာလွှဲပေးလိုခြင်းဖြစ်ပါသည်။ မောရှေက မိမိနေ ရာကို ယောရှုအားလွှဲပေးသောအခါ သူတို့(၂)ဦးဆွေမျိုး မတော်ပါ။ ဧလိက ရှမွေလကိုနေရာပေးခြင်း ဧလိယမှ ဧလိရှဲဆီသို့ တန်ခိုးအာဏာလွှဲပြောင်းခြင်းစသည်တို့ကို လေ့လာကြည့်လျှင် သားအဖ ဆွေမျိုးတော်စပ်ခြင်းလုံးဝ မရှိပါ။
သခင်ယေရှုက ဗိမာန်တော်အမှီပြု၍ စီးပွားရှာစား သူများကို ဒေါသထွက်ခဲ့ကြောင်း သတိရပါ မိတ်ဆွေ။ (ယော ၂း၁၃-၁၇)
“ဘာသာရေးသမားက ရယူခြင်းနှင့်အသက်ရှင် ပါသည်။”
“ဘုရားသခင်၏လူကပေးဆပ်ခြင်းနှင့်အသက်ရှင်ပါ သည်”
“လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့ သင်တို့ သည် အမင်္ဂလာရှိ ကြ၏။ အကြောင်းမူကား လူ တစ်ယောက်ကိုပင် ဘာသာသွင်းခြင်းငှါ ကုန်းကြောင်း၊ ရေကြောင်းပတ်ပတ်လှည့်လည်၍ ဘာသာသွင်းပြီးသော သူကိုလည်း မိမိတို့ထက် နှစ်ဆသော ငရဲသား ဖြစ်စေကြ ၏” (မဿဲ ၂၃း၁၅)
ဘာသာရေးသမားဟာ အမင်္ဂလာရှိတယ်လို့ပြော ပါတယ်။ လူတွေကတော့ ဘာသာရေးလုပ်တယ်ဆိုရင်ကောင်းလိုက်တာ၊ မင်္ဂလာရှိတာပေါ့လို့ ပြောတတ်ကြပေ မယ့် သခင်ယေရှုက မပြောပါဘူး။ လူတွေကို ဘာသာဝင် ဖြစ်ဖို့ အရမ်းကြိုးစားတယ်လို့ပြောပါတယ်။ ဘာသာရေး သမားဟာ ကြိုးစားခြင်းမှာ စိတ်အားကြီးကြပါတယ်။ ကာဣနဟာ ကြိုးစားသောသူဖြစ်ပါတယ်။ ယနေ့ခရစ် ယာန်များလည်း“ကောင်းကင်လမ်းကိုကြိုးစားတက်မည်” ဟုသီချင်းဆိုကြပါသည်။ ကြိုးစားခြင်း အသင်းသားတွေ ဟာ ကာဣန နဲ့ အတူတူပဲဖြစ်ပါတယ်။ ဘုရားသခင်၏ လူကတော့ ကိုးစားခြင်းနဲ့ အသက်ရှင်ပါတယ်။
သခင်ယေရှုက ဘာသာဝင်တွေဟာ ငရဲသားလို့ပြောပါတယ်။ ယနေ့လူတွေဟာ ဘာသာတရားတစ်ခုခု သက်ဝင်ယုံကြည်နေလျှင် လုံလောက်ပြီလို့ထင်ပေမယ့် သခင်ယေရှုရဲ့ အမြင်မှာတော့ မဟုတ်ပါဘူး။ ဘာသာရေး ဆရာတွေက လူတွေကို ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်လာ ဖို့နည်းလမ်းမျိုးစုံသုံးပြီး လုပ်နေကြပေမယ့် သခင်ယေရှုက မနှစ်သက်ပါဘူး။ သခင်ယေရှုရဲ့ အမြင်မှာတော့ ဘယ်ဘာ သာဝင်ပဲဖြစ်ဖြစ် အပြစ်သား ပါပဲ။ ဘာသာဝင်ဖြစ်ခြင်းကြောင့် အပါယ်ငရဲက မလွတ်မြောက်နိုင်ပါဘူး။ ခရစ်ယာန် ဘာသာဝင်ဖြစ်ဖို့ထက် ခရစ်တော်အားဖြင့် ဘုရားသခင်ရဲ့ သားသမီးဖြစ်ခြင်းကသာ၍ အရေးကြီးပါတယ်.. မိတ်ဆွေ
သင်ဟာ ဘာသာရေးသမားလား။ ဘုရားသားလား။
မသဲ ၂၃း၃၃ မှာ သခင်ယေရှုက “မြွေဆိုးအမျိုး တို့ သင်တို့သည် အပြစ်ငရဲမှ အဘယ်သို့ လွတ်နိုင်ကြမည် နည်း” ဟုပြောပါသည်။ ရှင်မဿဲ ၂၃ တွင် ကျမ်းပြုဆရာ ဖာရိရှဲတို့ကို ပြောလာရာမှ သခင်ယေရှုက ထိုသူတို့ကို မြွေ ဆိုးအမျိုးဟု ခေါ်ဝေါ်ပါသည်။ အပြစ်ငရဲနှင့် မလွတ်ဟု ပြောသောကြောင့် ဘာသာရေးသမား ဘာသာရေးဆရာ သည် ငရဲနှင့် မလွတ်သေးကြောင်း သိရပါသည်။ (ရှင်မဿဲ ၂၃ ကို သေချာစွာဖတ်စေလိုပါသည်။)
ကာဣန သည် ဘုရားသခင်ကို ယဇ်ပူဇော်ခြင်း ပြီးသည့်အခါ မိမိညီ အာဗေလကို ရန်ဘက်ပြု၍ လူကို တိုက်ခိုက်ခြင်း၊ ရန်ပြုခြင်းမှာ ကမ္ဘာဦးအစကပင် ဖြစ်ပါ သည်။
“ထို့ကြောင့် ဖြောင့်မတ်သော အာဗေလ၏ အသွေးမှစ၍ ဗိမာန်တော်နှင့် ယဇ်ပလ္လင်၏ အကြား၌ သင်တို့သတ်ကြသော ဗာရဒိသား၊ ဇာခရိ၏ အသွေးတိုင် အောင် မြေကြီးအပေါ်၌ သွန်းပြီးသမျှသော သူတော် ကောင်းတို့၏ အသွေးသည် သင်တို့ခေါင်းပေါ်သို့ ရောက် လိမ့်မည်။”(မဿဲ ၂၃း၃၅) နှင့် ကမ္ဘာဦးက အာဗေလမှစ၍ ခေတ်အဆက်ဆက် ဘုရားသခင်၏လူများမှာ ဘာသာရေးသမားတို့၏ ဆန့်ကျင်မှုနှင့် ရန်ပြုခံရကြောင်း သခင်ယေရှုက ပြောပါ သည်။
သခင်ယေရှုခရစ်တော်ကိုယ်တော်ပင်လျှင်ဘာသာ ရေးသမားများ၏ဆန့်ကျင်ခြင်း၊ နှောင့်ယှက်ခြင်းများစွာကို ခံရကြောင်းတွေ့ရပါသည်။ဓမ္မသစ်အသင်းတော်၏သမိုင်း ကိုကြည့်လျှင်လည်း သမ္မာတရားကိုသိမြင်လာသောဘုရား သခင်၏လူများစွာတို့သည်ဘာသာရေးသမားများ၏ဆန့်ကျင် တိုက်ခိုက်မှုကိုခံရပါသည်။ဥပမာ-သတေဖန် (တ ၇)
ဂျပ်(စ်)တင်မာတုရ (ခရစ်ယာန်ယုံကြည်ချက်အတွက် အထူးခုခံကာကွယ်၍ အသက်စွန့်ခဲ့သူ)၊ ဂျွန်ဟက်(စ်) ဆိုသူသည်သမ္မာတရားနှင့်လွဲချော်မှုများကို အသေခံဟောပြောခဲ့သည်။ ပရိုက်တက်စတင့်တို့၏ဦးဆောင်သူအဖြစ် အသိအမှတ်ပြုခံရသော မာတင်လူသာသည် ဘာသာရေး သမားတို့၏ နှောင့်ယှက်ခြင်းကို များစွာခံစားခဲ့ရသည်။ သမ္မာကျမ်းစာပြီးလျှင် ဒုတိယလူဖတ်အများဆုံး (Pilgrim Proges) စာအုပ်ကိုရေးသားပြုစုသောဂျွန်ဘန်ယန်သည် လည်း ဘာသာရေးခရစ်ယာန်တို့၏ ဖမ်းဆီးနှိပ်စက်ခြင်းများ စွာ ခံစားရပေသည်။
အထက်ဖော်ပြပါ အချက်အလက်များတို့သည် ဘာသာရေးသမားတို့၏ သဘောသဘာဝအချို့နှင့် ဘာသာရေးသမားတို့၏ ပုံစံများဖြစ်ပါသည်။ ဆက်လက်၍ ဘုရားသခင်၏ လူအကြောင်းကို ကျွန်ုပ်တို့လေ့လာကြပါစို့။
အာဗေလ (ဘုရားသခင်၏လူ)
အာဗေလ ဟူသော နာမည်၏ အဓိပ္ပါယ်မှာ အချည်းနှီး(သို့)အနှစ်သာရကင်းခြင်း (Vanity) ဖြစ်ပါသည်။ အာဗေလသည် လူရှေ့မှာဘာမှမဟုတ်သောသူ အလကား လူဟုထင်ရသော်လည်း အမှန်စင်စစ် အာဗေလ သည် ဘုရားသခင်၏လူဖြစ်ပါသည်။ ကမ္ဘာ ၄း၁-၅ ကို ဖတ်ကြည့်သောအခါ ကာဣနကို ဘုရားသခင်ငြင်းပယ်ပြီး၊ အာဗေလ ကို ဘုရားသခင်က လက်ခံကြောင်း တွေ့ရပါသည်။
စာရေးသူဖတ်ဘူးသော စာအုပ်တစ်အုပ်တွင် ဘုရားသခင်သည် အသီးအနှံနှင့်လာရောက်ပူဇော်သော ကာဣန ကိုငြင်းပယ်ပြီး၊ သိုး(အသား)နှင့်လာပူဇော်သော အာဗေလကို လက်ခံကြောင်း၊ ထို့ကြောင့် ထာဝရဘုရား သည် အသားကြိုက်သော ဘုရားဖြစ်ကြောင်း ပုတ်ခတ် ရေးသားထားသည်ကို ငယ်စဉ်က ဖတ်ဘူးပါသည်။
အကယ်စင်စစ်ထိုသို့မဟုတ်ပါ။ သမ္မာကျမ်းစာတွင် ဓမ္မဟောင်းဖော်ပြချက်များသည် ဓမ္မသစ်မှာပြည့်စုံကြောင်း တွေ့ရပါသည်။ ဓမ္မဟောင်းနှင့်ဓမ္မသစ်ညီညွတ်မှုကို သိပါမှ သမ္မာကျမ်းစာကို မှန်ကန်ရှင်းလင်းစွာ သဘောပေါက်နိုင် ပါသည်။
အာဗေလကို ဘုရားသခင်အဘယ်ကြောင့် လက်ခံ သည်ကို ဓမ္မသစ်ကျမ်းစာမှ ဖော်ပြထားပါသည်။
“အာဗေလသည် ကာဣနပူဇော်သော ယဇ်ထက် သာ၍မြတ်သော ယဇ်ကိုယုံကြည်ခြင်းအားဖြင့် ဘုရား သခင်အား ပူဇော်၏။” (ဟေဗြဲ ၁၁း၄)
အာဗေလ၏ သိုးကြောင့်ဟုမဖော်ပြပါ။ အာဗေလ ၏ ယုံကြည်ခြင်းဟုသာ ဖော်ပြပါသည်။ ဘုရားသခင် သည် အသားကြိုက်သည်ဟု ယူဆသူများမှာ ကမ္ဘာ(၄)ကိုသာ ဖတ်ပြီး ရှေ့ဆက်မဖတ်သူများ ဖြစ်ပါလိမ့်မည်။
အာဗေလ၏ လက်ထဲမှာ ပါလာသော သိုးကြောင့် ဘုရားသခင်က လက်ခံခြင်း မဟုတ်ပါ။ ”
အာဗေလ၏ ရင်ထဲက ယုံကြည်ခြင်းကြောင့် ဘုရားသခင်က လက်ခံခြင်းဖြစ်ပါသည်။
အာဗေလကို ဘုရားသခင်က လက်ခံသော ကြောင့် အာဗေလသည် ဘုရားသခင်၏ လူဖြစ်ပါသည်။
ကာဣနနှင့်အာဗေလ(၂)ယောက်လုံး ပူဇော် သက္ကာကိုယ်စီဖြင့် ဘုရားသခင်ထံ လာသော်လည်း အတွင်း သဘောမှာကွာပါသည်။ လူက အဆင်းသဏ္ဍာန်(အပြင်)ကိုကြည့်သော်လည်း၊ ဘုရားသခင်ကအတွင်းသဏ္ဍာန် (အတွင်း) ကို ကြည့်ကြောင်း နားလည်ရပါသည်။
(၁ရာ ၁၆း၁၇) ဘုရားသခင်၏လူဟုတ်၊မဟုတ် အပေါ်ယံကို ကြည့်၍ ဆုံးဖြတ်လို့မရကြောင်း နားလည်ရပါသည်။ အာဗေလ၏လက်ထဲမှာ ကျွန်တော်တို့မျက်စိဖြင့် မြင်ရသော သိုးပါလာသော်လည်း အာဗေလ၏ ရင်ထဲမှာ ကျွန်တော် တို့မျက်စိဖြင့် မမြင်ရသော ယုံကြည်ခြင်း ပါပါသည်။
မျက်စိနှင့်မြင်ရသောအရာနှင့် မျက်စိဖြင့်မမြင်ရ သောအရာ ဘုရားသခင်က မျက်စိဖြင့် မမြင်ရသော အရာကို စိတ်ဝင်စားပါသည်။
အဘယ်ကြောင့်နည်း။
ဘုရားသခင်သည် မျက်စိဖြင့် မမြင်ရသောဘုရား ဖြစ်ပါသည်။ “ဘုရားသခင်သည် နာမ်ဝိညာဉ်ဖြစ်တော်မူ၏” (ယော ၄း၂၄)
မျက်စိဖြင့် မမြင်ရသော ဘုရားသည် မျက်စိဖြင့် မမြင်ရသောအရာ (ယုံကြည်ခြင်း)ကို စိတ်ဝင်စားပါသည်။
ဘုရားသခင်သည် အဘယ်ကြောင့် မျက်စိဖြင့် မမြင်ရသော ဘုရားဖြစ်ပါသနည်း။
“အကြောင်းမူကား မျက်မှောက်၌ထင်ရှားသော အရာတို့ သည် ခဏသာတည်၍ မထင်ရှားသော အရာတို့ သည် အစဉ်အမြဲတည်ကြောင်းကို ငါတို့သည်ထောက် လျှက်” (၂ကော ၄း၁၇-၁၈)
မျက်စိဖြင့်မြင်ရသော အရာသည်ခဏသာတည် ကြောင်းဖော်ပြပြီး၊ မျက်စိဖြင့် မမြင်ရသောအရာတို့သည် ထာဝရတည်ကြောင်းကို သမ္မာကျမ်းစာမှ ဖော်ပြပါသည်။
ကျွန်တော်တို့ကိုးကွယ်သော ဘုရားသခင်သည် ထာဝရဘုရားဖြစ်သောကြောင့် မျက်စိဖြင့်မြင်ရသောပုံသဏ္ဍာန်ထဲမှာမရှိပါ (ရုပ်ပုံသဏ္ဍာန်နှင့်ရှိနေခြင်းများသည် သင်္ခါရဘုရားဖြစ်ပါသည်။ ထာဝရဘုရားမဟုတ်ပါ)
ချစ်လှစွာသောမိတ်ဆွေ ကျွန်ုပ်တို့အသက်တာထဲ မှာပင် စဉ်းစားကြည့်။ လူမှာမျက်စိဖြင့် မြင်ရသောခန္ဓာပိုင်း (ရုပ်)နှင့်မျက်စိဖြင့် မမြင်ရသော ဝိညာဉ်ပိုင်း(နာမ်)ဟုရှိရာ ရုပ်ခန္ဓာသည်တစ်နေ့သေခြင်းဖြင့် ပျက်စီးရမည်ဖြစ်ပါသည်။ ခန္ဓာ(ရုပ်)ပျက်စီးသော်လည်း အသက်ဝိညာဉ်(နာမ်)က ရှေ့ ခရီးဆက်ကြောင်း ဘာသာတရားတိုင်းက ဖော်ပြပါသည်။
လူမှာပင် မျက်စိဖြင့် မြင်ရသော ခန္ဓာ(ရုပ်)က သင်္ခါရသဘောကိုဆောင်ပြီး၊ မျက်စိဖြင့်မမြင်ရသော ဝိညာဉ်(နာမ်)က ထာဝရသဘောကိုဆောင်ပါသည်။
ထို့ ကြောင့် ထာဝရဝိညာဉ်ကို ထာဝရငရဲမှ ကယ်တင်ဖို့ရန် ယနေ့ကျွန်ုပ်တို့ကိုးကွယ်သောဘုရားသည် ထာဝရဘုရားဖြစ်ရပါလိမ့်မည်။ ထို့ကြောင့် ထာဝရဘုရား သည် မျက်စိဖြင့်မြင်ရသော ပုံသဏ္ဍာန်ထဲမှာမရှိပါ။ ရှိလျှင် ထာဝရဘုရားမဟုတ်ပါ။ ထာဝရဘုရားမဟုတ်လျှင် ကျွန်ုပ် တို့ကို ထာဝရငရဲမှ မကယ်တင်နိုင်ပါ။
မိတ်ဆွေသင်မည်သို့သော ဘုရားမျိုးကို ကိုးကွယ် နေပါသနည်း။
ကျွန်ုပ်တို့ကို ထာဝရငရဲမှ ကယ်တင်မည့်ဘုရား သခင်သည် ကျွန်ုပ်တို့၏ လုပ်ဆောင်ချက်များကို စိတ်မဝင် စားပါ။ (ကောင်းမှုကုသိုလ်၊ အကျင့်သီလ၊ ပညတ်တရား ကို စောင့်ထိန်းခြင်း၊ အလှူငွေပေးခြင်း၊ ဗတ္တိဇံခံခြင်း၊ ပွဲတော် စားခြင်း)ဘယ်သူဘာပဲလုပ်လုပ် ဘုရားသခင်စိတ်မဝင်စား ပါ။ တနည်းအားဖြင့် အပြစ်သားလူ၏လုပ်ဆောင်ချက်များ ကို ဘုရားသခင်စိတ်မဝင်စားပါ။ ဘုရားသခင်က ယုံကြည် ခြင်းကိုသာ စိတ်ဝင်စားပါသည်။
ဘုရားသခင်သည် လူထံမှ ယုံကြည်ခြင်းကို စိတ်ဝင်စားရခြင်း၏ နောက်အကြောင်းအရင်းတစ်ခုမှာလူ သည် မယုံကြည်ခဲ့သောကြောင့်ဖြစ်ပါသည်။
ဘုရားသခင်က လူကိုကောင်းမကောင်း သိကျွမ်း ရာအပင်များ အသီးကိုမစားရန်၊ စားသောနေ့မှာ သေမည် (ဘုရားသခင်နှင့်အဆက်ပြတ်မည်)ဖြစ်ကြောင်း တိတိကျကျ မိန့်တော်မူပါသည်။
“ထိုအပင်၏အသီးကိုကား မစားရ၊ စားသောနေ့ တွင် ဧကန်အမှန်သေရမည်ဟု လူကို ပညတ်ထားတော်မူ ၏”(ကမ္ဘာ ၂း၁၇)
သို့သော် စာတန်က ဘုရားစကားနှင့်ဆန့်ကျင် ဘက်လာပြောပါသည်။ “မြွေကလည်း သင်တို့သည် ဧကန် အမှန်သေရမည်မဟုတ်”
(ကမ္ဘာ၄) လူသည် မည်သူ့စကား “ယုံကြည်” ၍ မည်သူပြော သည့်အတိုင်း လုပ်ပါသနည်း။
လူသည် စာတန်ကို “ယုံကြည်”၍ စာတန်ပြော သည့်အတိုင်းလုပ်ပါသည်။ ထို့ကြောင့် လူသည်ဘုရားသခင် ကို မယုံကြည်ခဲ့ပါ။ “မယုံကြည်ခြင်းက အပြစ်ဖြစ်ပါသည်”
(ရော ၁၄း၂၃) “မယုံကြည်ခြင်းကြောင့် လူနှင့်ဘုရားသခင်ဝေးခဲ့ ရပါသည်”
လူသည် ဘုရားသခင်နှင့် ဝေးကွာရသည့် အကြောင်းရင်း၊ လူသည်အပြစ်သားဖြစ်ရသည့်အကြောင်း ရင်း၊ ဖန်ဆင်းရှင် ဘုရားသခင်နှင့် လူကွဲကွာရသည့် အကြောင်းရင်းမှာ
“မယုံကြည်ခြင်း”ဖြစ်ပါသည်။ ထို့ကြောင့် လူနှင့်ဘုရားသခင်ပြန်လည် ပေါင်းစည်းရန် အပြစ်သားဘဝမှ ဘုရားသားပြန်ဖြစ်ရန် လူနှင့်ဘုရားသခင်ပြန်ဆက်သွယ်ရန် ဘုရားသခင်က “ယုံကြည်ခြင်း”ကို အလိုရှိပါသည်။ ဘုရား သခင်က ယုံကြည်ခြင်းကို အလိုရှိသော်လည်း လူသည် အစ ကပင် မယုံကြည်ခဲ့သောကြောင့် လူထံတွင် ယုံကြည်ခြင်း မရှိပါ။ လူသည် ပါးစပ်ကနေယုံပါတယ်ဟု ပြောနိုင်၊ ဝန်ခံ နိုင်သော်လည်း ဘုရားသခင်လိုချင်သည့် စစ်မှန်သော ယုံကြည်ခြင်းသည် လူဆီမှာ မရှိပါ။ ၊ ထို့ကြောင့် ယနေ့လူအချို့ပြောနေကြသည့် မွေးက တည်းက ယုံလာတာပါ။ ငယ်စဉ်ကပင် ယုံကြည်ခဲ့ပါသည်။ နှစ်ခြင်းခံစဉ် သင်းအုပ်ဆရာက မေးသောအခါ ယုံကြည်ပါ သည်ဟု ပြောခဲ့ခြင်းများ အားလုံးမှာ အမှားတွေသာဖြစ်ပါ သည်။ မယုံကြည်ခဲ့သော အာဒံမှ ဆင်းသက်လာသော လူဆီမှာ ယုံကြည်ခြင်းမရှိပါ။ လူဆီမှာ ရှိသောအရာမှာအထင်သာဖြစ်ပါသည်။ လူအထင်နှင့်ကယ်တင်ခြင်းသို့ မရောက်နိုင်ပါ။
“လူထင်သည်အတိုင်း မှန်သောလက္ခဏာရှိသော် လည်း အဆုံး၌သေခြင်းသို့ပို့သော လမ်းတစ်မျိုးရှိ၏”
(သု ၁၄း၁၂) သမ္မာကျမ်းစာမှသတိပေးပါသည်။လူအထင်သည် သေခြင်းသို့ပို့သော လမ်းဖြစ်ပါသည်။
ကာဣနက ဘုရားသခင်ထံ သူကောင်းမယ်ထင် သောအရာနှင့်သွားပါသည်။ .
အာဗေလက ယုံကြည်ခြင်းနှင့်သွားပါသည်။
ဘုရားသခင် အလိုရှိသော ယုံကြည်ခြင်းသည် လူ အတွင်းထဲက ထွက်လာခြင်း မဟုတ်ပါ။
လူသည် ဘုရားသခင်ထံသို့ ဝင်ရောက်နိုင်ဖို့ရန်၊ ဘုရားသခင်က အပြစ်သားလူကိုလက်ခံဖို့ရန် တစ်ခုတည်း သော လိုအပ်ချက်မှာ ယုံကြည်ခြင်းဖြစ်ပါသည်။
“ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်၏စိတ်တော် နှင့် မတွေ့နိုင်” (ဟေဗြဲ ၁၁း၆) ၊
ထို ယုံကြည်ခြင်းကို သင်သည် နှုတ်ကပတ်တော် ကြားနာခြင်းအားဖြင့်သာ ရရှိနိုင်ပါသည်။
“ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့်ဖြစ်၏။
ကြားနာခြင်းသည်လည်း ဘုရားသခင်၏စကားတော်အား ဖြင့် ဖြစ်၏။”
(ရော ၁၀း၁၇) ယုံကြည်ခြင်းဆိုသည်မှာ အလိုအလျောက်ဖြစ်ပေါ် လာသောအရာမဟုတ်ဘဲ၊ ဘုရားစကားကို ကြားနာခြင်း ဖြင့်သာ ဖြစ်ပေါ်လာပါသည်။
စစ်မှန်သော ယုံကြည်ခြင်းဖြစ်ဖို့ရန်မိတ်ဆွေရဲ့ အသက်တာမှာ သမ္မာတရား(ဘုရားစကားကို ကြားနာဖို့ လိုပါသည်။
“သင်၌လည်းတည်သော ယုံကြည်ခြင်းစစ်ကိုမှတ် မိသဖြင့်၄င်း” နှင့် (၂တိ ၁း၅)
ရှင်ပေါလုက တိမာသေထံ စာရေးရာမှာ စစ်မှန် သော ယုံကြည်ခြင်း(ယုံကြည်ခြင်းစစ်)ဟု ရေးသားထား သောကြောင့် ယုံကြည်ခြင်းအတုလည်းရှိနိုင်ကြောင်း နား လည့်ရပါသည်။ ထို့ကြောင့် ရှင်ပေါလုက သမ္မာကျမ်းစာ မှာ သတိပေးပါသည်။
မိတ်ဆွေအသက်တာမှာ နှုတ်ကပတ်တော်အား ဖြင့် စစ်မှန်သော ယုံကြည်ခြင်းဖြစ်ပါစေ။
ယုံကြည်ခြင်းဆိုသည့်အကြောင်းအရာမှာ မေးခွန်း တွေနဲ့ သိစရာတွေရှိပါသည်။
(၁) ဘယ်သူ့ကို ယုံတာလဲ
လူအသီးသီးမှာ သူတို့ယုံကြည်နေတဲ့ ပုဂ္ဂိုလ်တွေ ရှိပါသည်။ ဒါကြောင့် သင်ဘယ်သူ့ကို ယုံတယ်ဆိုတာ တိတိကျကျကွဲကွဲပြားပြားပြောဖို့လိုပါတယ်။ သင့်ကို အပေါ် က မေးခွန်းမေးလာရင် ဘယ်လိုပြောမလဲ ….
ဖြေ- သခင်ယေရှုကို ယုံကြည်ပါတယ်။
(၂) ဘာကြောင့်ယုံတာလဲ “
လူတစ်ယောက်ယောက်ကို ယုံတယ်လို့ပြောတဲ့ အခါ သူ့ကိုဘာကြောင့်ယုံတာလဲဆိုတဲ့ မေးခွန်းရှိပါတယ်။ မိတ်ဆွေသခင်ယေရှုကိုဘာကြောင့် ယုံတာလဲစာရေးသူကို တချို့က မင်းဟာငယ်စဉ်က ဗုဒ္ဓ ဘာသာပဲ၊ ခုမှဘာကြောင့် သခင်ယေရှုကိုယုံကြည်သွားတာ လဲ လို့မေးပါတယ် ။
ဖြေ – သခင်ယေရှုဟာ ကျွန်တော် (ဇော်သူလင်း)ရဲ့ အပြစ်ကြွေးတွေကိုဆပ်ပေးလို့ဖြစ်ပါတယ်။
သခင်ယေရှုဟာ ထမင်းကျွေးလို့ယုံတာ မဟုတ်ပါ ဘူး။သခင်ယေရှုဟာ အနာရောဂါပေးပျောက်လို့ယုံ တာမဟုတ်ပါဘူး။ဒီအရာတွေထက်သာ၍ လေးနက်ပါတယ်။
သခင်ယေရှုဟာ ကျွန်တော် အပြစ်ကြွေးတွေ ကားတိုင်မှာဆပ်ပေးပြီး၊ အပါယ်ငရဲက ကယ်တင်သောကြောင့်ဖြစ်ပါတယ်။ သခင်ယေရှုမှလွဲ၍ လူတွေရဲ့ အပြစ် ကြွေးကို ဆပ်ပေးပြီး အပါယ်ငရဲမှ ကယ်တင်သောအခြား ဘုရားလည်းမရှိပါ။
(၃) ဘယ်လိုယုံသလဲ
လူတစ်ယောက်ကိုယုံတယ်လို့ပြောတဲ့အခါ လုံးလုံး ယုံတာလား၊ တချို့ကိစ္စတွေမှာပဲ ယုံတာလား စသဖြင့် ကွာဟမှုရှိပါတယ်။ တချို့က ပါးစပ်ကတော့ ယုံတယ်ပြော ပြီး စိတ်နှလုံးက မပါတာလည်းရှိတတ်ပါတယ်။ ဒါကြောင့် မိတ်ဆွေသခင်ယေရှုကို ဘယ်လိုယုံတာလဲ။
ဖြေ – စိတ်နှလုံးအကြွင်းမဲ့မိမိရဲ့ ကယ်တင်ရှင်ဘုရားအဖြစ် ယုံကြည်ပါတယ်။
ပါးစပ်နဲ့ယုံတယ်လို့ပြောရုံမဟုတ်ပါဘူး။ စိတ်နှလုံး အကြွင်းမဲ့ဆိုတာ သခင်ယေရှုလက်ဝါးကပ်တိုင်မှာအပြစ် ကြွေးဆပ်ပေးခြင်းကို လုံးလုံးသဘောတူတာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အပြစ်အားလုံးကို သခင်ယေရှုက လက်ဝါး ကပ်တိုင်မှာ ဆပ်ပေးပြီးသွားပြီ။ ကျွန်တော်တို့ဘာမှလုပ်စ ရာမလိုဘူး။ ထပ်ဖြည့်စွက်စရာမလိုဘူး။ သခင်ယေရှုရဲ့ လက်ဝါးကပ်တိုင်ပေါ်က လုပ်ဆောင်ချက်သက်သက်ကြောင့် ဖြစ်ပါတယ်။ ယနေ့ကယ်တင်ခြင်းစိတ်ချမှုမရှိတဲ့ သူတွေဟာ လက်ဝါးကပ်တိုင်ပေါ်က သခင်ယေရှုရဲ့ လုပ်ဆောင်ချက်ကို ရှင်းလင်းစွာ သဘောမပေါက်လို့ဖြစ်ပါ တယ်။
သခင်ယေရှုကို ဘုရားတွေအများကြီးထဲက တစ်ဆူပေါ့လို့ ယုံတာမဟုတ်ပါဘူး။ သခင်ယေရှုဟာ ကျွန်တော့်ကို အပါယ်ငရဲကနေ ကယ်တင်သော ကယ်တင်ရှင် ဘုရားအဖြစ် ယုံကြည်တာပါ။
“မိမိလူတို့ကို အပြစ်မှ ကယ်ချွတ်မည့်သူဖြစ်သော ကြောင့် ယေရှုဟူသောအမည်ဖြင့် မှည့်ရမည်”
(မသဲ ၁း၂၁) မိတ်ဆွေဟာ သခင်ယေရှုကို “စိတ်နှလုံးအကြွင်း မဲ့ကယ်တင်ရှင်ဘုရား” အဖြစ်ယုံကြည်ပါသလား။
(၄) ယုံတော့ ဘာဖြစ်သွားလဲ
မေး- သခင်ယေရှုကို ကယ်တင်ရှင် ဘုရားအဖြစ် ယုံကြည်တဲ့အခါသင်ဘာဖြစ်သွားသလဲ သိပါသလား
ဖြေ – ဘုရားသားဖြစ်ပါတယ်။
“သင်တို့အပေါင်းသည် ယေရှုခရစ်ကို ယုံကြည် သဖြင့် ဘုရားသခင်၏ သားဖြစ်ကြ၏” (ဂလာ ၃း၂၆)
“ထိုသူကိုလက်ခံသမျှသော သူတည်းဟူသောကိုယ်တော်ကို ယုံကြည်သော သူတို့အား ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ထိုသားတို့မူကား လူမျိုးနှင့်စပ်ဆိုင်၍ဘွားသောသားမဟုတ်။ မေထုန်သံဝါသ အားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက် ဘွားသောသားမဟုတ်။ ဘုရားသခင်ဘွားတော်မူသော သား ဖြစ်သတည်း” (ယော ၁း၁၂-၁၃)
သခင်ယေရှုကို ယုံကြည်တဲ့သူ ကောင်းကင်ဘုံဝင် ခွင့်ရတယ်ဆိုတာ တခြားကြောင့်မဟုတ်ပါဘူး။ ဘုရားသား ဖြစ်လို့ပါ။
နေထိုင်ခွင့်ရတာဟာ တော်စပ်မှုနဲ့ဆိုင်ပါတယ်။ ဘုရားသားအဖြစ်နဲ့တော်စပ်မှုရှိသောကြောင့် ဘုရားသခင် ရဲ့ အိမ်တော် (ကောင်းကင်ဘုံ)မှာ နေထိုင်ခွင့်ရပါတယ်။
သား၊သမီးဟာ မိဘအိမ်မှာ နေခွင့်ရတယ်ဆိုတာ သူ့ရဲ့ လုပ်ဆောင်ချက်တွေနဲ့မဆိုင်ပါဘူး။ သား၊ သမီးဖြစ် ခြင်းနဲ့ပဲဆိုင်ပါတယ်။ ထိုနည်းတူ ကောင်းကင်ဘုံဝင်ခွင့်ရ တယ်ဆိုတာ ဘာလုပ်သလဲ ဆိုတဲ့ အပေါ်မူမတည်ပါဘူး။ သူဟာ ဘုရားသားဖြစ်တယ်ဆိုတဲ့အပေါ်မှာပဲ မူတည်ပါ တယ်။ ဒါကြောင့် ကောင်းကင်ဘုံဆိုတာဘုရားသားသမီးများ စုဝေးရာ ဖြစ်ပါတယ်။ သူတော်ကောင်းများစုဝေးရာ မဟုတ်ပါဘူး။
ခရစ်ယာန် ဘာသာဝင်တွေရောက်တဲ့ နေရာ မဟုတ်ပါဘူး။နှစ်ခြင်းခံထားသူတွေရောက်တဲ့နေရာမဟုတ်ပါ ဘူး။
မိတ်ဆွေကောင်းလို့ ကောင်းကင်ဘုံကိုရောက်တာ မဟုတ်ပါဘူး။ ဘုရားသားဖြစ်လို့ရောက်တာပါ။
မိတ်ဆွေဟာ ဘုရားသား ဖြစ်ပြီလား။
ဘုရားသားဖြစ်တဲ့သူဟာ ဝိညာဉ်ထဲမှာ ဘုရားပေး သော သက်သေရှိပါတယ်။ သူဟာ ကောင်းကင်ဘုံကို ဝင် မယ်ဆိုတဲ့ စိတ်ချမှုလည်း အပြည့်ရှိပါတယ်။
“ငါတို့သည် ဘုရားသခင်၏ သားဖြစ်ကြသည်ဟု ဝိညာဉ်တော်သည်ငါတို့၏ ဝိညာဉ်နှင့်အတူ သက်သေခံ တော်မူ၏”
(ရော ၈း၁၆) ဘုရားသခင်ပေးသော သက်သေနှင့်စိတ်ချမှုကို မရသေးသော သူတွေအားလုံးဟာ ဘာသာရေးသမားတွေ ပဲ ဖြစ်ပါတယ်။
ဘာသာရေးသမားတွေဟာ ကောင်းကင်နိုင်ငံ မရောက်ပါဘူး။သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် ယုံကြည်တဲ့ ဘုရားသားတွေပဲ ကောင်းကင်နိုင်ငံဝင်ရမှာ ဖြစ်ပါတယ်။
ဘာသာရေးသမားတွေဟာ ကြိုးစားသူတွေဖြစ်ပါ တယ်။
ဘုရားသခင်၏လူဆိုတာ ယုံကြည်သူတွေဖြစ်ပါ တယ်။
ဤစာအားဖြင့် မိတ်ဆွေရဲ့ အသက်တာမှာဝိညာဉ် အလင်းရ၍ ဘုရားသခင်၏ ကောင်းကြီးသက်ရောက် ပါစေ…….
ဦးဇော်သူလင်း
မြန်မာလူငယ်ပြုစုပျိုးထောင်ရေးသာသနာ
အမှတ်(၂၅)၊ ဦးအောင်မင်းလမ်း၊ (၂)ရပ်ကွက်၊
မရမ်းကုန်းမြို့နယ်၊ရန်ကုန်မြို့။
၉၅-၁-၅၂၂၃၈၇၊
-၀၉၅၁၃၁၀၆၇
E-mail:ztlmyrm@gmail.com