သမိုင်းတွင်သည့်နေ့ရက်များ

အမှာစာ

သိက္ခာတော်ရ စောထွန်းထွန်းလင်း၏ထုတ်ဝေပြီးခဲ့သော နှလုံးသားမှနှလုံးသားဆီသို့ ဆိုသည့် နှစ်သက်စဖွယ် ဆောင်းပါးပေါင်းချုပ်ကား စာချစ်သူများနှင့် အသင်းတော်များ၏နှလုံးသားများအ

တွင်းဆီသို့အမှန်တကယ်ပဲ၊ နှစ်သက်စဖွယ် ရောက်ရှိ၊ ကြည်နူး၊ ခွန်အားရရှိစေကာလက်စွဲစာအုပ်ကောင်းတစ်အုပ်ဖြင့် မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့သည်မှာစာချစ်သူများအသိပင်ဖြစ်ပါသည်။

ယခုတစ်ခါ၊ ခရစ်ယာန်အသင်းတော်များဆိုင်ရာ နေ့ထူးနေ့မြတ်များအကြောင်းကို ဆရာတော်က မေတ္တာစေတနာ အပြည့်ဖြင့် အချိန်ယူလေ့လာပြုစုပြီးမှ သမိုင်းတွင်သည့်နေ့ရက်များအမည်ရှိသော စာအုပ်အားစာပေပျိုးခင်းတွင် စိုက်ပျိုးလိုက်ပြန်ပါပြီ။နေ့ထူးနေ့မြတ်များ၏ သမိုင်းကြောင်းနှင့်တကွ လိုက်ဖက်သောတရားဟောချက်များကို ယှဉ်တွဲလျက်ရေးသားထားပါသဖြင့် ဖတ်ရှုသူများအဖို့ ဓမ္မ၊ သုတ၊ ရသတို့ကို ရရှိစေပြီး၊ တစ်ဆင့်ပြန်လည်ဝေ့နိုင်သော၊ခွန်အားပေးနိုင်သော စာအုပ်ကောင်းတစ်အုပ်ပါလို့ မိတ်ဆက်လိုက်ပါရစေ။

ဤနေ့ထူးနေ့မြတ်များကို ဖြစ်ပေါ်စေသည့် ပုဂ္ဂိုလ်များကားကောင်းသောမျိုးစေ့များကိုစိုက်ပျိုးခဲ့ကြသဖြင့် ၄င်းတို့သည် အများရှေ့မှာထင်ရှားသောခရစ်တော်၏စာဖြစ်ကြရပါသည်။ စာဖတ်သူတို့သည်လည်းထိုဘိုးဘေးတို့၏ မျိုးစေ့များကို မိမိတို့၏နှလုံးသားအတွင်း၌ စိုက်ပျိုးကြလျက် – အသီးများသီးကြပြီးလျှင်၊ မိမိတို့ကိုယ်တိုင်က ခရစ်တော်၏စာအဖြစ်၊ ထင်ရှားပေါ်လွင်စေ၍ အသင်းတော်၏သမိုင်းကို စိုက်ထူနိုင်ကြပါစေဟု ဆုတောင်းလိုက်ပါသည်။

ခရစ်တော်၏နာမ၌ မောင် နွယ်မြင့်

အမှာစာ

ကွယ်လွန်သူ ကမ္ဘာကျော် ခရစ်ယာန်ခေါင်းဆောင်ကြီး (Leslie Newbigin) က မြောက်များလှစွာသော ခရစ်ယာန်အသင်းတော်များကိုအုပ်စုခွဲလိုက်ရာအုပ်စုသုံးခု ရရှိပါသည်။ ၄င်းအုပ်စုသုံးခုမှာ ရောမကာသိုလိပ်အုပ်စု ပရိုတက်စတင့်အုပ်စုနှင့် ပင်တေကိုစတဲလ်အုပ်စုတို့ ဖြစ်ကြပါသည်။ ခရစ်ယာန်ယုံကြည်သူများ နှစ်နှစ်ကာကာ ယုံကြည်ကြသည့် တစ်ခုတည်းသော သမ္မာကျမ်းစာတော်ကိုပင် ယုံကြည်လက်ခံကြလင့်ကစား ယုံကြည်ခံယူချက်၊ ဓမ္မသွန်သင်ချက်နှင့်ဝတ်ပြုကိုးကွယ်ကျမ်းတို့တွင် ကွဲပြားခြားနားကြပါသည်။ တချို့သောအသင်းတော်များက နည်းစနစ် တိတိကျကျနှင့် အတိမ်းအစောင်းမခံဘဲ အသင်းတော်က ရှေးပဝေသဏီမှစ၍ချမှတ် ထားသော ဝတ်ပြုပုံဝတ်ပြုနည်းအတိုင်း ကိုးကွယ်ဝတ်ပြုကြသည်။တချို့အသင်းတော်များကမူ ချမှတ်ထားသော နည်းစနစ်အတိုင်းမဟုတ်ဘဲမိမိတို့၏လွတ်လပ်စွာ ခံစားသောစိတ်လှုပ်ရှားမှုအတိုင်း ဝတ်ပြုကိုးကွယ်ကြလေသည်။ ကျွန်တော်အနေဖြင့် အထက်ပါ ခရစ်ယာန်အုပ်စုများအားယေဘုယျအားဖြင့် ဝတ်ပြုပုံဝတ်ပြုနည်းကို အခြေပြုလျက် နှစ်မျိုးနှစ်စားသာ ခွဲခြားလိုပါသည်။ ယင်းနှစ်မျိုးနှစ်စားမှာ သတ်မှတ်ထားသော ပုံစံအတိုင်းဝတ်ပြုကိုးကွယ်ကြသော အသင်းတော်များ (High Churches)နှင့် လွတ်လပ်စွာ ဝတ်ပြုကိုးကွယ်သော အသင်းတော်များ (Free Churches) တို့ ဖြစ်ကြပါသည်။ ဤအုပ်စုနှစ်ခုတို့၏ အဓိက ခြားနားချက်တစ်ခုမှာ ပထမအုပ်စုသည် တစ်နှစ်တာအတွက် တနင်္ဂနွေနေ့အစီအစဉ်ကိုခေါင်းစဉ်ပေးထားကာ အသင်းတော်သမိုင်းရှိ နေ့ထူးနေ့မြတ်များကိုကျက်ကျက်မှတ်မှတ်လိုက်နာလျက် အခါကြီးရက်ကြီးများကို အထူးပြုကာဝတ်ပြုကိုးကွယ်ကြသည်။ အသင်းတော်များ၏ သတ်မှတ်ထားသော အစီအစဉ်၊ စာအုပ် (Lectionary) အတိုင်း ဝတ်ပြုကိုးကွယ်ကြလေသည်။လွတ်လပ်သော အသင်းတော်များကမူ ထိုကဲ့သို့ မဟုတ်ချေ။ မွေးနေ့တော်ခရစ္စမတ်နှင့် ရှင်ပြန်ထမြောက်ရာနေ့လောက်ကိုသာ အရေးတကြီး သတိရဝတ်ပြုကြသည်။ ဤကားလွန်ခဲ့သော အတိတ်ကာလ၏ အစဉ်အလာနှင့်ကျင့်သုံးခြင်းပင်ဖြစ်ချေသည်။အသင်းတော်များတစ်လုံး တစ်ဝတည်း စိတ်ဓာတ်အားတက်လာဆင်ချက်ကို အခြားတစ်နည်းအကျဉ်းတို့ ဒီကိစ္စမှာ ဘုရားသခင်ကိုဘယ်သော နှစ်ဆယ်ရာစုနောက်ပိုင်းနှင့် နှစ်ဆယ့်တစ်ရာစု အစပိုင်းတွင်မူအထက်တွင် ဖော်ပြခဲ့သော ခြားနားစွာကျင့်သုံးမှုများ ပြိုကွဲသွားကာလွတ်လပ်စွာကိုးကွယ်သော အသင်းတော်များကလည်း အထူးသတ်မှတ်သော တနင်္ဂနွေနေ့များနှင့် အခါကြီးရက်ကြီးများကို အောက်မေ့သတိရလျက် ဝတ်ပြုကိုးကွယ်လာကြပါသည်။ ဤကား တစ်လုံးတစ်ဝတည်း လှုပ်ရှားမှု (Ecumenical Movement) ၏ ကောင်းကျိုးပင်ဖြစ်သည်။ ဤကဲ့သို့ ဝတ်ပြုကိုးကွယ်နည်းပြောင်းလဲနေစဉ်တွင် Rev. စောထွန်းထွန်းလင်းမှ အထူးတနင်္ဂနွေနေ့များအပါအဝင် သူ၏ ရင့်ကျက်လှသော အတွေ့အကြုံကို အခြေခံလျက် ဓမ္မဒေသနာဟောချက်များ စုစည်းကာ စာအုပ်တစ်အုပ် ထုတ်ဝေနိုင်ခဲ့ပါသည်။ ခရစ်ယာန်အသင်းတော်များအားလုံးအတွက် မွန်မြတ်လှသော စာအုပ်တစ်အုပ်ဖြစ်သကဲ့သို့ အဖိုးတန်သောအမွေအနှစ်တစ်ခုဖြစ်မည်ဟုလည်း တစ်ထစ်ချယုံကြည်ပါသည်။ ဓမ္မအမှုတော်ဆောင်များနှင့် ယုံကြည်သူအားလုံးတို့သည် ဤစာအုပ်ကိုဖတ်ခြင်းအားဖြင့် အကျိုးများစွာ ခံစားရကြပါလိမ့်မည်။မိမိ၏ကိုယ်စွမ်းဉာဏ်စွမ်းနှင့် ဝိညာဉ်ပါရမီများစွာတို့ကို စိုက်ထုတ်ကာ ဤစာအုပ်ကိုပြုစုပေးသော ဆရာအား ယုံကြည်သူတိုင်းနှင့်စာဖတ်သတ်အားလုံးတို့က ကျေးဇူးဥပကာယတင်ရှိဖို့ အထူးလိုအပ်ပါသည်။

တရားတော်ရှင် အဖဘုရားသခင်သည် ဤစာအုပ်ကို ရေးသားပြုစုသော အမျိုးသားခြင်းထောက်ပံ့သော ကရင်နှစ်ခြင်းခရစ်ယာန်အသင်းတော် (ရန်ကုန်မြို့မနှစ်ခြင်းအသင်းတော်၊ ရန်ကုန်)မှ သိက္ခာတော်ရဆရာစောထွန်းထွန်းလင်းနှင့် စာဖတ်ပရိသတ်အားလုံးတို့အပေါ်၌ ကောင်းချီးမင်္ဂလာများစွာ သွန်းလောင်းကာ သူ၏ဘုန်းတော်နာမတော်ထင်ရှားစေခြင်းအလို့ငှာ ဤစာအုပ်ကို အသုံးပြုပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် ဤအမှာစာကို နိဂုံးချုပ်လိုက်ပါသည်။

အမှုတော်မြတ်၌ Rev.Dr. ဆိုင်မွန်ပေါင်ခန့်အင် (ဆရာအင်နိုး)

အသင်းအုပ်ဆရာ – တီးတိန်နှစ်ခြင်းအသင်းတော်၊ ရန်ကုန်။

စာရေးသူအမှာစာနှင့် ကျေးဇူးတင်မှတ်တမ်း

လူဘဝဟူသည် ယနေ့ပေါင်းမြောက်များစွာနှင့် ဖွဲ့စည်းထားသောအရာဖြစ်ပါသည်။ ယနေ့ပေါင်း မြောက်များစွာကို တန်ဖိုးရှိရှိသက်ရှင်ပြီး နောင်လာနောက်သားများအတွက် အဖိုးမဖြတ်နိုင်သောအမွေများကို ဖော်ထုတ်ခဲ့သော ရှေးသန့်ရှင်းသူများ၏ အသက်၊ သွေး၊ချွေး၊ အနစ်နာခံ ပေးဆပ်အသက်ရှင်ခဲ့သောကြောင့် ခရစ်ယာန်ပြက္ခဒိန်တွင် မော်ကွန်းတင်ခဲ့ကြရသူများကို ဤစာအုပ်အားဖြင့် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။ စာဖတ်သူပရိသတ်များသည်လည်း တန်ဖိုးရှိသောယနေ့ပေါင်းမြောက်များစွာကို နောင်လာမည့် မျိုးဆက်သစ်များအတွက်ကောင်းသော အမွေများစွာအား ချန်ထားနိုင်ခဲ့လျှင် စာရေးသူအနေဖြင့်ဝမ်းမြောက်ဂုဏ်ယူနေမည် ဖြစ်ပါ၏။ ဤစာအုပ်ဖြစ်မြောက်ဖို့ရန်အတွက်ကူညီအားပေးပြီး အမှာစာ ချီးမြှင့်ပေးသော စာပေဗိမ္မာန်ဆုရဆရာကြီးမောင်နွယ်မြင့်၊ ဆရာကြီး Rev.Dr.ဆိုင်မွန်ပေါင်ခန့်အင်၊ နေ့ထူးနေ့မြတ်သမိုင်းကြောင်းစာတမ်းကို ခွင့်ပြုပေးသော Rev.စောဂျုနီယို (တောင်ကြီးကရင်နှစ်ခြင်းအသင်းတော်)၊ စာမူကို ရွေးချယ်အသုံးပြုခွင့်ပေးသောမေတ္တာတမန်အယ်ဒီတာ ဆရာမသင်းသင်းစိုးနှင့် အဖွဲ့ဝင်အားလုံး၊မေတ္တာဖြင့် ကူညီပေးကြသော (Hyssop) ကွန်ပျူတာဆိုင်မှ နော်ကြည်ကြည်မင်းနှင့် နော်နှင်းယုဝင်း၊ ကွန်ပျူတာ စာစီပေးသော နော်အဲန်သက်ချာ (မေတ္တာတမန်)နှင့် ဝယ်ယူဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်တို့ကို အထူး ကျေးဇူးတင်ပါသည်။ စာရေးသူအား လူဘဝအတွင်းသို့ ပို့ဆောင်ပေးခဲ့ပြီး ဘုန်းတော်ဝင်စားသွားကြပြီဖြစ်သော ဖခင်ကြီးမန်းလှတင်နှင့် မိခင်ကြီးနော်ပယ်စီတို့အား ရိုသေလေးစားဂါရဝပြုလျက်ဂုဏ်ပြုအပ်ပါသည်။ အဖက်ဖက်မှ ကူညီပံ့ပိုးသူများအားလုံးကိုလည်းကျေးဇူးတင်ရှိပါကြောင်း ရင်ထဲမှမှတ်တမ်းတင်အပ်ပါသည်။ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို သင်တို့အား ဟောပြော၍ သင်တို့ကို အုပ်သောသူတို့ကို အောက်မေ့ကြလော့၊ သူတို့သည်အဘယ်သို့ ကျင့်ကြံပြုမူ၍ စုတေသည်ကို စေ့စေ့ဆင်ခြင်လျက် သူတို့၏ယုံကြည်ခြင်းကို မှီအောင်လိုက်ကြလော့။ (ဟေဗြဲ ၁၃း၇)။

မေတ္တာဖြင့် – Rev.စောထွန်းထွန်းလင်း

မာတိကာ

၁။ နှစ်သစ်ကူးနေ့ နှစ်သစ်ကို ဘယ်လို ကြိုဆိုကြမလဲ

၂။ သံလွင်ခက်တနင်္ဂနွေနေ့

၃။ ရှင်ပြန်ထမြောက်တော်မူရာနေ့

ရှင်ပြန်ထမြောက်ခြင်း၏ သက်သေ

၄။ မိခင်များနေ့

၅။ ကိုသာဖြူနေ့ ဘုရားသခင်၌ စိုက်ပျိုးတည်ဆောက်ခြင်း

၆။ပင်တေကုတ္တေပွဲနေ့

ပင်တေကုတ္တေနေ့ အသင်းတော်မွေးဖွားခြင်း

၇။ ကလေးများနေ့သင့်ကလေး လူတော်လူကောင်းဖြစ်အောင်

၈။ ဖခင်များနေ့အောက်မေ့ဘွယ်ရာ အဖေ့မေတ္တာ

၉။ ဦးနောနေ့၊လူ၏မူလတန်ဖိုး

၁၀။ ယုဒဿန်နေ့ခံစားမိသမျှ ဆရာကြီးယုဒဿန်ဘဝ

၁၁။ သမ္မာကျမ်းစာနေ့ခွန်အားယူရန် သမ္မာကျမ်းစာ

၁၂။ အနာကြီးရောဂါသည်များနေ့စိတ်ထားလှကြသူများ

၁၃။ ဥပုသ်စာဖြေကျောင်းနေ့ခရစ်ယာန်ဓမ္မပညာ

၁၄။ ကမ္ဘာ့ပွဲတော်မင်္ဂလာနေ့အောက်မေ့ဖွယ်ရာ ပွဲတော်မင်္ဂလာ

၁၅။ ခရစ်ယာန်အိမ်ထောင်ရက်သတ္တပတ်နေ့စိမ်းစိုလန်းဆန်းသော မိသားစု

၁၆။ ခရစ်တော်မွေးနေ့ခရစ္စမတ်ဆိုသည်မှာ

နှစ်သစ်ကိုဘယ်လိုကြိုဆိုကြမလဲ

(သမိုင်းကြောင်း)

ရှေးယခင်က ခရစ်ယာန်များ၏နှစ်သစ်ကူးပွဲတော်သည် မတ်လ(၂၅)ရက်နေ့ဖြစ်သည်။ ထိုနေ့တွင် ခရစ်ယာန်များသည် မိမိတို့၏ အသင်းတော် အသီးသီး၌ စုဝေးလျက်၊ မိမိတို့၏အသက်တာကို ဆန်းစစ်ဝေဖန်ခြင်း၊ မိမိတို့၏အားနည်းချက်များကို ဘုရားသခင်ထံဝန်ချတောင်းပန်ခြင်း၊အသက်တာကို ဘုရားသခင်ထံ အသစ်တစ်ဖန် ပြန်လည်ဆက်ကပ်အပ်နှံခြင်းအစရှိသည့်ဝတ်များကိုပြုလုပ်ကြသည်။ ထိုအချိန်ကာလက ဇန်နဝါရီလ (၁)ရက်နေ့သည် ခရစ်ယာန်တို့၏ နှစ်သစ်ကူးနေ့မဟုတ်သေးချေ။စင်စစ် ဇန်နဝါရီလ(၁)ရက်နေ့သည် ရောမလူမျိုးတို့၏ ဘာသာရေးပွဲရက်တစ်ရက်သာဖြစ်သည်။ ရောမတို့သည် သူတို့၏ တန်ခိုးကြီးနတ်ဘုရားများကို လအလိုက်၊ အမည်ကင်ပွန်းတပ်ကာ၊ ထိုလများတွင် သက်ဆိုင်ရာနတ်ဘုရားတို့အား ယဇ်ပူဇော်လေ့ရှိကြသည်။ ဇန်နဝါရီလ (၁)ရက်နေ့သည် ဂျာနပ်စ် (Janus)နတ်ဘုရားကို ယဇ်ပူဇော်ရာပွဲနေ့ ဖြစ်သည်။ ဤနတ်ဘုရားသည် စစ်ပွဲများနှင့်ဆိုင်သောဘုရားဖြစ်၍၊ တိုင်းပြည်တွင် ငြိမ်းချမ်းသာယာမှုရှိစေရန် ဘုရားပွဲနေ့တွင် အချင်းချင်း လက်ဆောင်ပဏ္ဍာ လဲလှယ်ကြရပါသည်။

ခရစ်သက္ကရာဇ် (၁၅၈၂)။ ရောမပုပ်ရဟန်းမင်းကြီး ဂရေဂိုရီ(၁၃)လက်ထက်တွင် ကမ္ဘာ၏နေပတ်လမ်းကြောင်းကို အခြေခံ၍ တွက်ချက်ထားသော နည်းလမ်းပေါ်ထွက်လာသည်။ ထို့ကြောင့် ရောမကက်သလစ်အသင်းတော်က ခရစ်ယာန်တို့၏နှစ်သစ်ကူးနေ့ကို ဇန်နဝါရီလ(၁)ရက်နေ့အဖြစ် ပြောင်းလဲကျင့်သုံးခဲ့ရာ၊ ရောမတို့၏ဂျာနပ်စ် နတ်ဘုရားပွဲသည် ခရစ်ယာန်တို့၏ နှစ်သစ်ကူးပွဲတော်အဖြစ် အသွင်ကူးပြောင်းလာခဲ့သည်။ ထို့ပြင် ဂျာနပ်စ်နတ်ဘုရားပွဲတွင် တိုင်းပြည် ငြိမ်းချမ်းသာယာရေးအတွက် ရည်စူးပြုလုပ်သော လက်ဆောင်ဖလှယ်ခြင်း ထုံးတမ်းအစဉ်လာသည်လည်း ငြိမ်းချမ်းရေးအရှင်သခင်ကို ကြိုဆိုဂုဏ်ပြုလျက် လက်ဆောင်လဲလှယ်ခြင်းအသွင်သို့ ကူးပြောင်းလာခဲ့သည်။ရောမကက်သလစ်အသင်းတော်မှ နှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီလ(၁)ရက်နေ့အဖြစ် ပြောင်းလဲကျင့်သုံးခဲ့သော်လည်း၊ ကျန်ဥရောပနှင့်အမေရိကတိုက်ရှိ ခရစ်ယာန်နိုင်ငံများတွင်မူကား(၁၇၅၂)အထိ နှစ်ကူးပွဲကို မတ်လ (၂၅)ရက်နေ့၌သာ ဆင်ယင်ကျင်းပလာခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရှိရသည်။ (၁၈)ရာစုနှောင်းပိုင်း အချိန်ကာလများကျမှသာ ဇန်နဝါရီလ(၁)ရက်နေ့အဖြစ် တဖြည်းဖြည်း ကူးပြောင်းရောက်ရှိလာခဲ့သည်မှာ ယခုအချိန်အထိပင်ဖြစ်ပါသည်။

တစ်ချိန်တည်းမှာပင် ခရစ်ယာန်တို့၏ နှစ်သစ်ကူးပွဲတော်များသည် ဘာသာတရားကိုအခြေခံကာ၊ ဘာသာရေး သဘောတရားများနက်ရှိုင်းစွာပါဝင်ခဲ့သော်လည်း၊ ကာလရွေ့လျားလာသောအခါ၊ လူမှုရေးပွဲတော်အသွင်သို့ ကူးပြောင်းလာသည်။ ထိုမှတစ်ဖန် ဈေးကွက်စီးပွားရေးစနစ် ဖွံ့ဖြိုးတိုးတက်လာသော ဤမှာဘက်ခေတ်တွင် နှစ်သစ်ကူးပွဲတော်သည် “ဈေးပွဲတော်” တစ်ခုအဖြစ် လျှင်မြန်စွာကူးပြောင်းလျက်ရှိပါသည်။

နှစ်သစ်ကူးနေ့ကို မည်သည့်နေ့၌ ဆင်ယင်ကျင်းပသည်ဖြစ်စေ၊မည်သည့်အသွင်ဖြင့် ကျင်းပသည်ဖြစ်စေ၊ အသက်တာကို ပြန်လည်ဆန်းစစ်ခြင်း၊ နောင်တရခြင်း၊ အနာဂတ်အသက်တာကို ဘုရားသခင်လက်၌ပြန်လည်အပ်နှံခြင်း အစရှိသည့် ဘာသာရေးသဘောတရားများ ကွယ်ပျောက်မသွားသင့်ပါ။ အထူးသဖြင့် ယခုကဲ့သို့သော အခါသမယတွင်ခရစ်ယာန်အသင်းတော်များသည် မိမိတို့၏ သမိုင်းကို ပြန်လည်ဆန်းစစ်ခြင်း၊ ပတ်ဝန်းကျင်ကိုထိန်းသိမ်းပြုစုရမည့်အစား ဖျက်စီးမိသည့် အပြစ်များကို နောင်တရခြင်း၊ လာမည့် နှစ်အတွက် အသင်းတော်မှ ချမှတ်မည့်ရူပါရုံသည် ဘုရားသခင်၏အလိုတော်နှင့်အညီဖြစ်စေရန် ဆက်ကပ်အပ်နှံခြင်းတို့ဖြင့် နှစ်သစ်ကူးပွဲတော်ကို ဆင်ယင်ကျင်းပသင့်ကြောင်း ဖော်ပြအပ်ပါသည်။

ကျမ်းကိုးကားစရင်း

မြန်မာ့စွယ်စုံကျမ်း

Merit Students Encyclopedia

Book of Knowledge

The World Book Encyclopedia

Encyclopedia Americana

အလင်းအိမ်မဂ္ဂဇင်း၊ ရွှေ (နှစ်သစ်ကြိုဆိုခြင်း)

နှစ်သစ်ကို ဘယ်လိုကြိုဆိုကြမလဲ

လူမည်ကားခရစ်တော်၌ရှိလျှင် အသစ်ပြုပြင်သော သတ္တဝါ ဖြစ်၏။ ဟောင်းသောအရာတို့သည်ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့ သည် အသစ်ဖြစ်ကြပြီ။ (၂ကော ၅း၁၇)။

လေ့လာရန်ကျမ်းချက် – ကောလောသဲ ၃း၂၃၊ ၂ ကော ၃း၂-၃

နိဒါန်း

လူ သည်နေ့စဉ်တစ်ရက်ပြီးတစ်ရက် အသက်ရှင်ခြင်းကိုအကြောင်းပြုပြီး သေခြင်းတရားကိုမေ့လျော့သော သဘောရှိတတ်သည်။လောက၌အသက်ရှင်စဉ်တွင် မိမိချစ်ခင်မြတ်နိုးရသော ဇနီး၊ သားသမီးနှင့် ဥစ္စာပစ္စည်းများအား ထာဝရ မခွဲခွာရတော့မည့်ပမာသဖွယ် အသက်ရှင်တတ်ကြသည်။ အဓိကအားဖြင့် လူသည်မိမိကိုယ်မိမိအားကိုး၍ ဘုရားသခင်ကို မေ့တတ်သောဘောရှိတတ်ကြသည်။ ထိုသို့မေ့တတ်သော်လည်းလူ၌ရှိသော သဘောတရားများသည် အစဉ်အမြဲ ပြောင်းလဲလျက်ရှိသည်။ထိုပြောင်းလဲခြင်းသဘောမှာ

(၁) လူသည် အိုခြင်းသဘောရှိ၍ ထိုအိုခြင်းကို မလွန်ဆန်နိုင်ပေ။

(၂) လူသည် နာခြင်းသဘောရှိ၍ ထိုနာခြင်းကို မလွန်ဆန်နိုင်ပေ။

(၃) လူသည်သေခြင်းသဘောရှိ၍ ထိုသေခြင်းမလွန်ဆန်နိုင်ပေ။

လူ၏ခန္ဓာအတွင်း၌ရှိသော ပြောင်းလဲခြင်းသည် စစ်မှန်သောထာဝရအမှန်တရားတစ်ခုပင်ဖြစ်သည်။ ထိုမျှသာမက မိမိပတ်ဝန်းကျင်နိုင်ငံနှင့် ကမ္ဘာကြီးသည် အချိန်နှင့်အမျှ ပြောင်းလဲလျက်ရှိရာ တိုးတက်သောအရာများရှိသကဲ့သို့ ဆုတ်ယုတ်သောအရာများကိုလည်း ကျွန်ုပ်တို့နေ့စဉ် တွေ့မြင်နေရပါသည်။ လူငယ်များသည် လောကကြီးထဲ၌ နေရာတစ်ခု ရရှိရန်၊ ပြင်ဆင်နေသကဲ့သို့ သက်ကြွယ်ပိုင်းဝင်ရောက်နေသူများမှာလည်း သေခြင်းတရားကို ကြိုတင်ပြင်ဆင်နေကြပါသည်။ မည်သို့ပင်ဖြစ်

စေကာမူ တစ်နှစ်ကူးခဲ့ပြန်ပြီ။ အသက်တာက တစ်နှစ်ကြီးလာခဲ့ပြီ။ ကုန်ဆုံးသွားသော တစ်နှစ်တာအတွင်းတွင် ကောင်းသောအရာမည်မျှ လုပ်ခဲ့ကြပြီး၊ မကောင်းသောအရာမည်မျှ လုပ်ခဲ့ကြသနည်း။ ရှေ့လာမည့် နှစ်သစ်တစ်နှစ်တာအတွင်း မည်သို့သော ကောင်းသောအရာများကိုလုပ်ပြီးမည်သို့သော မကောင်းသောအရာများကို ရှောင်ကြဉ်ကြမည်နည်းဟုသည်မှာ စာဖတ်သူ၏လက်ထဲ၌သာ ရှိနေပါသည်။လူတိုင်း၏ အသက်တာ၌ လှပသောနှစ်သစ်၊ လှပသော လောကသစ်၊ လှပသော အနာဂတ်အသစ်တို့ကိုရရှိရန် အတွက်ပြုလုပ်ရမည့်အချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

  1. မိမိကိုယ်မိမိ ရှုမြင်ပုံ ပြောင်းလဲပစ်ပါ။

လူတစ်ယောက်၏ဘဝတွင် မိမိကိုယ်ကိုထားရှိသည့် အထင်အမြင်သည် အလွန်ပင် အရေးကြီးသည်။ သင့်ကိုယ်သင်မည်သို့ ထင်မြင်နေသနည်း။ သင်ထင်သည့်အတိုင်း သင်ဖြစ်ရလိမ့်မည်။ လူအများစုကမိမိကိုယ်မိမိ အဆိုးမြင်ဝါဒီအဖြစ် အသက်ရှင်နေကြသည်။ ငါနဲ့တော့ဒီကိစ္စ မဖြစ်နိုင်ပါဘူး။ သူတို့လိုမှငါ့မှာ အရည်အချင်းမရှိတာဟု အထင်မျိုးနှင့် အသက်ရှင်နေတတ်ကြသည်။ ထိုသူတို့သည် မိမိတက်လမ်းကိုမိမိကသာ ပိတ်ဆို့ထားကြသည်။ နောက်ဆုံးတော့ ဘဝမှာ အရှုံးဘဝနှင့်နိဂုံးချုပ်နေကြသည်။ အကောင်းမြင်ဝါဒရှိသူများသည်ကား ဘဝတွင်အောင်မြင်နေသူများဖြစ်သည်။ ဘဝဆိုတာက မိမိ ထင်ထားသည့်အတိုင်းဖြစ်တတ်သည်ဟုဆိုသောစကားကို ကျမ်းစာ၏ အဖြစ်အပျက်တစ်ခုမှဖော်ပြပါရစေ။ (တောလည် ၁၃း၁၇-၃၃) ၌ ယေရှုနှင့် ကာလက်တို့ခါနန်ပြည်ကို ထောက်လှမ်းစုံစမ်းခြင်းတွင် အကောင်းမြင်ဝါဒအားဖြင့်ပြန်လည်တုံ့ပြန်သောကြောင့် အောင်မြင်ခြင်းအခွင့်ကို ရရှိသည်သာမကနို့နှင့်ပျားရည်စီးသော ခါနန်ပြည်သို့ ဝင်စားခွင့်ရရှိခဲ့သည်။ အခြားသောသူများကား ဘဝမှာ ရှုံးနိမ့်ခြင်းနှင့် ရင်ဆိုင်ခဲ့ကြသည်။တစ်ခါက ကျောင်းတစ်ကျောင်းတွင်စာသင်နှစ်အစပြုသည့်ပထမဦးဆုံး စာသင်ခန်းတွင် ဆရာမကြီးက တပည့်များအားမင်းတို့ ဒီနှစ်စာသင်နှစ်တွင် တွေ့ကြုံရမည့်အခက်အခဲနှင့် မတတ်နိုင်သောအရာများကို စာရွက်တစ်ရွက်ပေါ်မှာ ရေးချလိုက်ပါ။ ဥပမာ စာမလိုက်နိုင်ဘူး၊ကျန်းမာရေး မကောင်းဘူး၊ စာသင်နှစ်အတွက် ပိုက်ဆံ အခက်အခဲရှိတယ်ဟု အစရှိသည်တို့ကို ပြောကြားလိုက်ရာ တပည့်များက စာရွက်ပေါ်တွင်မိမိတို့၏အခက်အခဲများကို တစ်ခုမကျန် ရေးသားခဲ့ပြီး စာရွက်များကိုဆရာမကြီး၏ လက်ထဲပေးအပ်လိုက်သည်။ ဆရာမကြီးက တပည့်များနှင့်အတူ စာရွက်များအားယူပြီး စာသင်ခန်း အပြင်ဘက် ဘောလုံးကစားကွင်းထဲ ခေါ်သွားပြီး အသင့်တူးထားသော တွင်းတစ်ခုထဲ၌ တပည့်များရှေ့တွင် မီးရှို့ပြီး မြေမြုပ်လိုက်သည်။ သည်နေ့မှ စတင်၍ စာသင်ခန်းထဲမှာ မင်းတို့မတတ်နိုင်တဲ့အရာများမပြောတော့ဘဲ စာကို ကြိုးစားလေ့လာကျက်မှတ်၊ အားထုတ်ရင် မင်းတို့ထင်ထားတဲ့ မတတ်နိုင်တဲ့အရာ မင်းတို့ဘဝမှာမရှိတော့ဘူးဟု တပည့်များအားသင်ခန်းစာကို ပေးလိုက်ပါသည်။

ဘဝဆိုသည်က မိမိထင်ထားသည့်အတိုင်း ဖြစ်တတ်ပါသည်။ မိမိကိုယ်ဘာမှ မတတ်နိုင်ပါဘူးဟု ထင်သောသူ၏ လုပ်သော အလုပ်က ထွက်ပေါ်လာမည့် ရလဒ်က အများကြီးကွာခြားမည်ဖြစ်ပါသည်။ မိမိကိုယ်မိမိ တတ်နိုင်တယ်ဟု ထင်သောသူသည်၊ ဘဝမှာ တကယ်လုပ်ကြည့်သောအခါမတတ်နိုင်သော အရာများရှိဦးမည်ဖြစ်သော်လည်း အနည်းအကျဉ်းသာကျန်တော့မည်ဖြစ်သည်။ မတတ်နိုင်တာကို ကြုံသည့်အခါတိုင်းမှာ ရှင်ပေါလု၏ ဆောင်ပုဒ်ကဲ့သို့ ငါ့ကိုခွန်အားနှင့် ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသော အမှုတို့ကို ငါတတ်စွမ်းနိုင်သည်ဟု (ဖိလိပ္ပိ ၄း၁၃) ခံယူယုံကြည်လျှင် ဘဝမှာ ဘုရားသခင်ရှေ့၊ လူရှေ့အောင်မြင်ခြင်းအခွင့်ကို ဧကန်အမှန်ရရှိမည် ဖြစ်ပါသည်။ရည်မှန်းချက်အတိုင်း အောင်မြင်သူအချို့ကို ကောက်နှုတ်ဖော်ပြပါရစေ။

(က) –ပြင်သစ်ဘု ရင်လူဝီ (၁၆)

ရန်သူများက ဖမ်းဆီးပြီး မူးယစ်ဆေးဝါး၊ မတရားသောမေထုန်အမျိုးမျိုးတို့ဖြင့် သွေးဆောင်ဖျက်ဆီးသော်လည်း လူဝီဘုရင် ၁၆ ကငါလောကကြီးထဲ ရောက်လာတာ ငါ့နိုင်ငံရဲ့ ဘုရင်လုပ်ဖို့ဟု ပြောကြားခဲ့သည့်အတိုင်း နောက်ဆုံးဘုရင်အဖြစ် နိုင်ငံတော်ကို အုပ်ချုပ်သွားခဲ့သည်။

(ခ) သခင်ယေရှု

သခင်ယေရှုသည် အမှုတော်မြတ်ဆောင်ရွက်ရန် ပြင်ဆင်သောအခါ စာတန်သည် (အစားအသောက်၊ စည်းစိမ်၊ အာဏာ) ဖြင့် စုံစမ်းသွေးဆောင်ခဲ့သော်လည်း အောင်မြင်စွာ တွန်းလှန်နိုင်ခဲ့ကာ နှုတ်ထွက်စကားတော်အားဖြင့် ခမည်းတော်စေခိုင်းသော နိုင်ငံတော်တည်ထောင်ပါစေဟု မိန့်ကြားခဲ့ပြီး လုပ်ငန်းတော်မြတ်ကြီးကို လူသားတစ်ရပ်လုံးအတွက် ပြုလုပ်ပေးခဲ့သူ ဖြစ်သည်။ ထို့ကြောင့် ပညာရှိဆိုကရေးတီးကမိမိကိုယ်မိမိသိရှိခြင်းသည် လူတိုင်းအတွက် အလွန်ပင် အရေးကြီးဆုံးအရာဖြစ်ကြောင်း၊ ထိုသူသည် ပညာရှိပင်ဖြစ်ကြောင်း မိန့်ကြားခဲ့သည်။

  1. တစ်ပါးသူအပေါ် မြင်ပုံ ပြောင်းလဲပစ်ပါ။

လူအများစုသည် အခြားသူများအပေါ် မြင်သောအမြင်သည်မကောင်းသောရှုထောင့်ကသာ မြင်ကြသည်က များပါသည်။ သင့်စိတ်ထဲမှာ သည်လူဟာသိပ်ညံ့တာပဲ၊ သင်ငယ်စဉ်က သင့်ရပ်ကွက်ထဲမှာ အလွန်ဆင်းရဲသော မိသားစုတစ်စုကို နှစ်ပေါင်းများစွာကြာပြီးမှ ပြန်လည်မြင်တွေ့သောအခါ ထိုသူတို့မှာ တိုက်ဆောက်ပြီးကားစီးနေတာမြင်လျှင် သည်လူအောင်မြင်နေတာ မကောင်းတာလုပ်လို့ (သို့) အဆက်အသွယ်နဲ့ကောင်းစားနေတာဟု ထင်တတ်ကြသည်။ ကျွန်တော်တို့ လူအချို့တို့သည်အခြားသူများ အောင်မြင်သည်ကို ဝမ်းသာရမည့်အစား ကဲ့ရဲ့ပြစ်တင်တတ်ကြသည်။ ကျွန်တော်တို့မှာ အခြားသူများအပေါ် မြင်သောအမြင်များ ပြောင်းလဲပစ်ရန် အထူးပင်လိုအပ်ပါသည်။ သူတစ်ပါးအပေါ်ကောင်းသောအမြင်ကို ကြည့်ရှုခြင်းသည် မိမိအတွက်ရော အခြားသူအတွက်ပါ တန်ဖိုးရှိကြောင်း၊ အကောင်း မမြင်သောသူများသည် သူ့အတွက်ရော အခြားသူအတွက်ပါ အကျိုးမရှိကြောင်းကိုအောက်ပါအဖြစ်အပျက်အားဖြင့် သင်ခန်းစာယူကြပါစို့။

တစ်ခါက သင်းအုပ်ဆရာတစ်ပါးအကြောင်း မကောင်းသတင်းလိုက်ပြောသော အမျိုးသမီးတစ်ဦးရှိသည်။နောက်ဆုံးသူသည် မိမိအပြစ်ကိုနောင်တရပြီး ဆရာကြီးဆီလာကာ အပြစ်လွှတ်ရန်ပြောပြီး ဆုတောင်းခံယူလေသည်။ ဆရာကြီးက ဆုမတောင်းမီ အသင်းတော်ခေါင်းလောင်းစင်ပေါ်သို့ခေါ်သွားပြီးမှ ခေါင်းအုံးထဲမှ မြို့များကို ထုတ်ယူကာ လေထဲသို့လွှင့်ပစ်လိုက်သည်။ ထို့နောက်အမျိုးသမီးအား သမီး၊ မြို့တွေကို ခေါင်းအုံးထဲပြန်ထည့်ပေးပါဟု ခိုင်းလိုက်ရာ အမျိုးသမီးက ဆရာကြီးဘယ်လိုမှလုပ်လို့မရကြောင်းပြန်ပြောပါသည်။သမီး … မင်းပြောခဲ့တဲ့ မကောင်းသတင်းကို ငါခွင့်လွှတ်ပေမယ့် အခြားသူတွေရဲ့ နားထဲကနေ ပြန်ယူလို့မရတော့ဘူး။ ဒါကြောင့်မိမိကိုယ်တိုင်မသိဘဲ တစ်ဆင့်ပြောသော စကားကို (မကောင်းသတင်းများကို) မပြောမိဖို့၊ ကိုယ်တိုင်သိသော မကောင်းသတင်းများကို ကာယကံရှင်ထံသွားပြီးနှစ်ဦးကြားမေတ္တာဖြင့် ပြောဆိုဖို့လိုအပ်ကြောင်း ဆုံးမခဲ့ပါသည်။ လူအများစုသည် မိမိကိုယ်တိုင် မသိဘဲ တစ်ဆင့်စကားအားဖြင့် သူတစ်ပါးအပေါ် မကောင်းမြင်ခဲ့ကြခြင်းဖြစ်ကြသည်။

III. လူတိုင်းအသက်အရွယ်အလိုက် ဗဟိုပြုသော အသက်သောအမျိုးမျိုး

၁။ မိဘဗဟိုပြုသော အသက်တာ (ကလေးဘ၀)

ကလေးသူငယ် အများစု၏ အသက်တာသည်၊ မိဘကိုဗဟိုပြု၍အသက်ရှင်တတ်ကြသည်။ အသက်ကြီးသော လူကြီးအချို့သည်ပင်ရင့်ကျက်မှုမရှိဘဲ မိဘများကို မှီခိုကာအသက်ရှင်တတ်ကြပါသေးသည်။

၂။ သူငယ်ချင်းကို ဗဟိုပြုသောအသက်တာ (ဆယ်ကျော်သက်)

ကလေးဘဝလွန်၍ ဆယ်ကျော်သက်အရွယ် ရောက်လာသောအခါ၊ သူငယ်ချင်းကို ဗဟိုပြု၍ အသက်ရှင်တတ်ကြသည်။ တက္ကသိုလ်ကျောင်းသူ (၅) ဦး၏ အသက်တာကိုဖေါ်ပြပါရစေ။ ကျောင်းတော်ကြီး၌လေးနှစ်လေးမိုး ပညာဆည်းပူးချိန်တွင် ငါတို့ငါးယောက်အား ရည်းစားစကားလာပြောသော လူပျိုအမျိုးသားများကို အားလုံးသဘောတူမှ ရည်စားထားရမည်ဟု စည်းကမ်းသတ်မှတ်ထားသောကြောင့် သူငယ်ချင်းတစ်ဦးမှာ အိမ်ထောင်ဖက်အဖြစ် ရွေးချယ်သင့်သောသူများစွာကို လက်လွတ်ခဲ့ရသည်။ ဘွဲ့ရပြီးလျှင် (၃)နှစ်တစ်ကြိမ် ပြန်တွေ့ဆုံမည်ဟုပြောခဲ့ရာ(၃)နှစ်ကြာသောအခါ သူသည် ကျောင်းတော်ကြီး၏ သစ်ပုတ်ပင်ဆီမှာတစ်ယောက်တည်း ပြန်လာရှာရာတွင် ၄င်း၏ သူငယ်ချင်းလေးယောက်ကိုမတွေ့လိုက်ရတော့ချေ၊ ထိုအမျိုးသမီးသည်သာ အပျိုကြီးဘဝနှင့်ပင်နိဂုံးချုပ် ခဲ့ရသည်။

၃။ ရည်းစားကို ဗဟိုပြုသော အသက်တာ

လူတစ်ဦးမှာ မိမိချစ်ခင်သော ဆန့်ကျင့်ဘက်လိင် ရည်းစားရှိလာသောအခါ ကိုယ်စိတ်အမူအရာအားလုံး ပြောင်းလဲသွားကြသည်။ သူချစ်သောသူအတွက် အမြဲတမ်းစဉ်းစားကာဦးစားပေး အသက်ရှင်ကြသည်။

၄။ ပစ္စည်းကို ဗဟိုပြုသော အသက်တာ

အချို့က – ကျောင်းပြီး၍ လုပ်ငန်းခွင်ဝင်ကြသောအခါ ငွေကြေးဥစ္စာ အတော်အတန် စုဆောင်းမိစဉ်တွင် အရာရာတွေ့ကြုံရသော ပြဿနာများကို ရုပ်ဝတ္တုပစ္စည်းများဖြင့်သာ ဖြေရှင်းကြသည်။ ရုပ်ဝတ္တု

ပစ္စည်း တပ်မက်မှုလွန်ကဲလာလျှင် အခြားသူများအား ထိခိုက်နစ်နာစေပြီးပစ္စည်းကိုဗဟိုပြုသော အသက်တာဖြစ်မှန်း မသိဖြစ်လာတတ်ကြသည်။ရုပ်ဝတ္ထုပစ္စည်းသည် ရန်သူမျိုးငါးပါးကြောင့် အချိန်မရွေး ပျက်စီးနိုင်ပါသည်။

၅။ ပုဂ္ဂိုလ်ရေးဗဟိုပြုသောအသက်တာ

ပုဂ္ဂိုလ်စွဲ ဗဟိုပြုသောအသက်တာကို လူအချို့၏ဘဝထဲတွင်တွေ့မြင်ရတတ်သည်။ လူသည်အစဉ်အမြဲ ပြောင်းလဲတတ်သောသဘောရှိသောကြောင့် အန္တရာယ်ရှိနိုင်ပါသည်။ မှားယွင်းသော ပုဂ္ဂိုလ်ကိုဆရာတင်မိလျှင် ဘဝအသက်တာတွင် ဆုံးရှုံးမှုများစွာကို ကြုံတွေ့ရကြသည်။ ပေါလုကား အဘယ်သူနည်း၊ အခြားသူမဟုတ်။ ထာဝရဘုရားသခင်သည် အသီးသီးတို့အား အခွင့်ပေးသနားတော်မူသည်နှင့်အညီ သင်တို့ကို ယုံကြည်ခြင်းသို့ရောက်စေသော ဓမ္မဆရာပေတည်း။ ငါသည် စိုက်ပျိုးသောသူ၊ အာပေါလုသည် ရေလောင်းသောသူဖြစ်၏။ အပင်ကိုကြီးထွားစေသောသူကား ဘုရားသခင်ပေတည်း။ (၁ကော ၃း၅-၇)။

မှတ်ချက်

လူသည် အသက်အရွယ်အလိုက် ဗဟိုပြုမှု မတူညီကြသော်လည်းမိမိအသက်အရွယ် ဗဟိုပြုမှုနှင့်အတူ ဘုရားသခင်ကို ဗဟိုပြုသောအသက်တာရှိဖို့ရန်မှာ အရေးကြီးပင်ဖြစ်သည်။ ဘုရားသခင်ကို ဗဟိုပြုသော လူတစ်ဦး၏ အသက်တာသည် အောက်ပါအတိုင်းပင်ဖြစ်သည်။

  1. ဘုရားသခင်ကို ဗဟိုပြုသော အသက်တာ

(၁) P = Prayer (ဆုတောင်းခြင်း)

တောင်းကြလော့၊ တောင်းလျှင်ရမည်၊ ရှာကြလော့ ရှာလျှင်တွေ့မည်၊ တံခါးကိုခေါက်ကြလော့။ ခေါက်လျှင် ဖွင့်မည်။ တောင်းသောသူမည်သည်ကားရ၏။ ရာသောသူလည်းတွေ့၏။ ခေါက်သောသူအားလည်းတံခါးကိုဖွင့်၏။ (မဿဲ ၇း၇ -၈)။

(၂) O = Obey (နာခံလိုက်လျှောက်ခြင်း)

အလိုတော်သို့ လိုက်ခြင်းသည် ယဇ်မျိုးထက်သာ၍ကောင်း၏။နားထောင်ခြင်းသည် သိုးထီးဆီဥထက်သာ၍ ကောင်း၏။ (၁ရာ ၁၅း၂၂)နားထောင်ခြင်းနှင့် ကောင်းချီးမင်္ဂလာသည် တွဲလျက်ရှိသည်။

(၃) W = Worship (ဝတ်ပြုကိုးကွယ်ခြင်း)

ဘုရားသခင်နှင့် အကျွမ်းဝင်၍ မိသဟာယဖွဲ့လော့၊ ထိုသို့ပြုမှကောင်းစားခြင်းသို့ ရောက်ရလိမ့်မည်။ (ယောဘ ၂၂:၂၁)။

(၄) E = Evangelist (ဧဝံဂေလိတရားဟောကြားခြင်း)

ရှမာရိမိန်းမက အကျွန်ုပ်ပြုဖူးသမျှသော အမှုအရာတို့ကိုသူသည်ထုတ်ဖော်ပြီဟု သက်သေခံသောစကား ကြောင့် ထိုမြို့၌နေသောရှာမာရိလူအများတို့သည် ယေရှုကို ယုံကြည်ကြသည်။ (ယော ၄း၃၉)

(၅) R = Read the Bible (နေ့စဉ် ကျမ်းစာဖတ်ရှုလေ့လာပါ)

တရားတော်ကို နေ့ညမပြတ်ဆင်ခြင်အောက်မေ့သောသူသည်မင်္ဂလာရှိ၏။ ပြုလေသမျှတို့၌ အောင်လိမ့်သတည်း။ (ဆာလံ ၁း၁-၃)။

…..

  1. နှစ်သစ်မှာ မယူဆောင်သင့်သော အရာများ

၁။ သင် …ကျမ်းစာ နေ့စဉ်ဖတ်ရှုပြီး ကြမ်းတမ်းခက်ထန်နေတုန်းပဲလား။

J။ သင် … ဓမ္မသီချင်းသီဆိုနေပြီး အဓမ္မအတင်းအဖျင်း ပြောနေတုန်းပဲလား။

၃။ သင် ဒူးထောက်ဆုတောင်းအားကြီးနေပြီး လောဘ၊ ဒေါသ၊မောဟကြီးနေတုန်းပဲလား။

၄။ သင် … သတင်းကောင်းနားထောင်နေပြီး မကောင်းသတင်း နှစ်သက်နေတုန်းပဲလား။

၅။ သင် … ဖြောင့်မတ်ခြင်းတရားရှာဖွေနေပြီး ဖြူစင်သော စိတ်ထားမပိုင်ဆိုင်သေးဘူးလား။

နိဒါန်း

လူ့ဘဝအသက်တာသည် အချိန်၏ တိုက်စားမှုများကြောင့် တစ်ရက်ပြီးတစ်ရက်၊ တစ်လပြီးတစ်လ၊ တစ်နှစ်ပြီး တစ်နှစ်ကြီးပြင်းလာလျက်ရှိရာ လူတိုင်းမိမိ၏အသက်တာကို ပြန်လည်သုံးသပ်ပြီး ဘုရားသခင်ကပေးထားသော အချိန်ကို တန်ဖိုးရှိစွာ ကျော်ဖြတ်နိုင်ရန်အတွက် ဘုရားသခင်နှင့် ဗဟိုပြုသောအသက်တာဖြင့် သည်နှစ်သစ်မှာ လိုက်လျှောက်အသက်ရှင်ရင်းမှ ဘုရားသခင်ပေးမည့် ကောင်းချီးမင်္ဂလာအသစ်များကိုစာဖတ်သူပရိသတ်အားလုံး ပိုင်ဆိုင်နိုင်ပါစေကြောင်း မေတ္တာဖြင့် ဝေလိုက်ပါသည်။စကားတော်ကို နားထောင်၍ အမှုတော်ကို ဆောင်ရွက်လျှင်စည်းစိမ်ချမ်းသာနှင့် ပျော်မွေ့လျက် နှစ်၊ လ၊ နေ့ရက် ကာလကို လွန်စေတတ်ကြ၏။ (ယောဘ ၃၆း၁၁)။

မှီငြမ်းစာအုပ်

ဆရာကြီးယုဒသာန် (မြန်မာကျမ်းစာ)

အရင်းအတိုင်း ပြောင်းလဲခြင်းကဗျာ (ဝင်းမောင်မောင် K.P)

သိက္ခာတော်ရ စောထွန်းထွန်းလင်း

သံလွင်ခက်တနင်္ဂနွေနေ့

(Palm Sunday)

သံလွင်ခက်နေ့ကို ခရစ်နှစ် သုံးရာစုနှစ် (အေဒီ ၃၀၀) အချိန်တွင် ယေရုရှလင် အသင်းတော်၌ စတင်ကျင်းပခဲ့သည်။ အချို့က ဟောရှဣတနင်္ဂနွေနေ့ (Hosenal Day) ဟု ခေါ်ဝေါ်ကြသည်။ ထိုသို့ပြုလုပ်ကျင်းပခြင်းမှာ ယေရုရှလင်မြို့သို့ သခင်ခရစ်တော် နောက်ဆုံးအကြိမ်ကြွလာပြီး ယုံကြည်သူခရစ်ယာန်များက ဘုရင်တစ်ပါးကဲ့သို့ ကြိုဆိုကြပုံကိုပြန်လည်သတိရစေရန်ဖြစ်သည်။ တနင်္ဂနွေနေ့များထဲမှ သန့်ရှင်းသောနေ့ဟုလည်း သတ်မှတ်ကြသည်။ ထိုအချိန်၌သခင်ခရစ်တော်က “နောက်တစ်ဖန် ငါပြန်လာဦးမည်” ဟုဆိုခဲ့သည့်အတိုင်း ခရစ်ယာန်များ၏စိတ်ထဲ၌မကြာမီပင်လျှင် သခင်ခရစ်တော်ဒုတိယအကြိမ်ကြွလာမည်ကို မျှော်လင့်နေကြကြောင်းနားလည်ရသည်။

ထိုခေတ်၊ အချိန်အခါမျိုး၌ သံလွင်ခက်များ၊ စွန်ပလွံခက်များကိုအမြတ်တနိုးထားလျက် အောင်မြင်မှု အထိမ်းအမှတ်အဖြစ်လည်း အသုံးပြုကြသည်။ တစ်ချို့ကအပြေးပြိုင်ပွဲတွင် ဆုရရှိသူများကို သံလွင်ခက်၊စွန်ပလွံခက်များဖြင့် သရဖူပြုလုပ်ကာ ချီးမြှင့်ကြကြောင်းသိရှိရသည်။သခင်ခရစ်တော်သည် ယေရုရှလင်မြို့သို့ ကြွလာသောအခါ၌လည်းသံလွင်ခက်များ၊ စွန်ပလွံခက်များ ဝှေ့ယမ်းလျက် အောင်မြင်ခြင်း အထိမ်းအမှတ်ဖြင့် ကြိုဆိုကြကြောင်းသိရ၏။ ထို့ကြောင့်သံလွင်ခက်နေ့ ပြန်လည်ရောက်ရှိလာသည့်အခါ ခရစ်ယာန်များသည် ဘုရားရှိခိုးကျောင်းသို့သံလွင်ခက်များ၊ စွန်ပလွံခက်များ ယူဆောင်လာခဲ့သည်။ ထိုမျှမက လက်ဝါးကပ်တိုင်အကြောင်း၊ သခင်ခရစ်တော်၏ နှိပ်စက်ညှဉ်းပမ်းခြင်းခံခဲ့ရသည့် အကြောင်းများနှင့် လက်ဝါးကပ်တိုင်တစ်တိုင်တွင် အသေသတ်ခံခဲ့ရကြောင်းတို့ကိုလည်း ထင်ဟပ်စေသည်။

ဤသို့သံလွင်ခက်များ၊ စွန်ပလွံခက်များနှင့်တကွ လက်ဝါးကပ်တိုင် ပုံသစ်တိုင်များကိုလည်း ယူဆောင်လာကာ သံလွင်ခက်နေ့တွင် အသုံးပြုပြီးနောက်၊ စုပုံလျက် အခက်အလက်များအားလုံးကို မီးရှို့ပစ်ခဲ့သည်။ရရှိသောပြာများကိုသန့်ရှင်းသောပြာ (Holy Ashes) အဖြစ်သတ်မှတ်ပြီး၊၄င်းပြာကို ဗုဒ္ဓဟူးပြာ (Ash Wednesday) အဖြစ်လည်း အသုံးပြုကြသည်။

ထို့ကြောင့် သံလွင်ခက်နေ့သည် သခင်ခရစ်တော်ကို နောက်ဆုံးအသေမခံမီ ပြန်လည် သတိရသော အားဖြင့်ကျင်းပခဲ့သည်သာမကသခင်ခရစ်တော်ကောင်းကင်ဘုံ တက်ကြွပြီးနောက် ဒုတိယအကြိမ်ကြွလာမည်ကိုလည်း ပြန်လည်၍သတိရစေခဲ့သည်။ ထိုသို့ဒုတိယအကြိမ်ကြွလာခြင်းသည် ဘုရင်တစ်ပါးကဲ့သို့လည်းကောင်း၊ တရားစီရင်ရန်အတွက်လည်းကောင်း ကြွလာမည်ဖြစ်သည်။ ထိုနေ့ရက်ကို ကျင်းပခြင်းဖြင့် ယုံကြည်သူများသည် အသက်တာကိုပြင်ဆင်ဖို့ရန်အတွက် သတိရစေသည်။ထိုမျှမက သခင်ခရစ်တော်ကို ကြိုဆိုဂုဏ်ပြုပြီး ကိုယ်တော်ရှင် အုပ်စိုးသော ထာဝရနိုင်ငံတော်သို့ ဝင်စားနိုင်ဖို့ရန်ကိုလည်း သတိရစေခဲ့ပါသည်။သခင်ခရစ်တော် လာရောက်အုပ်စိုးမည့် နိုင်ငံတော်သည် အစဉ်အမြဲတည်ရှိသော နိုင်ငံတော်ဖြစ်သဖြင့် ယုံကြည်သူများ၏ အသက်တာ၌ အမြဲအဆင်သင့်ပြင်ဆင်နိုင်ရန် ထိုနေ့ရက်အားဖြင့် သတိရစေခဲ့ပါသည်။

သံလွင်ခက် တနင်္ဂနွေနေ့

ဘုရားသခင်၏ အခွင့်နှင့်ကြွလာတော်မူသော အရှင်သည်မင်္ဂလာရှိစေသတည်း၊ ကောင်းကင်ဘုံ၌ ငြိမ်သက်ခြင်းဖြစ်စေသတည်း၊ ကောင်းကင်ဘဝဂ်ဝယ် ဘုန်ကြီးပါစေသတည်းဟု ကြွေးကြော်ကြ၏။ (လုကာ ၁၉း၃၈)။

လေ့လာရန်ကျမ်း – လုကာ ၁၉-၂၈း၄၈၊ ဇာခရိ ၉း၉။

သခင်ယေရှုသည် ယေရုရှလင်မြို့သို့ သွားရောက်ပြီး နောက်ဆုံးအမှုတော်မြတ်ကို ဆောင်ရွက်ခြင်းမှာ သံလွင်ခက်တနင်္ဂနွေနေ့တွင်ပင်ဖြစ်သည်။ ဤမြေကြီးပေါ်မှာ ပြုတော်မူသော ကိုယ်တော်၏ အမူတော်မြတ်လုပ်ငန်းထဲ၌ အမြင့်ဆုံး၊ အထွဋ်အထိပ်အကျဆုံးနှင့် နောက်ဆုံးသောဖြစ်ရပ်ပင်ဖြစ်သည်။ သခင်ယေရှုသည် အောင်မြင်သောအရှင်ဖြစ်ကြောင်းကို လောကသားတစ်ရပ်လုံးအား အသိပေးကြေငြာခြင်း ဖြစ်သည်။ လောက၌ အောင်မြင်သောသူများ၏ အရည်ချင်း၊ အရင်းအမြစ်များသည် သခင်ယေရှုပြုခဲ့သော အောင်မြင်ခြင်း တနင်္ဂနွေနေ့၌ လုပ်ဆောင်ခဲ့သောအမှုအရာများမှပင် ဖြစ်ပါသည်။

သခင်ယေရှူပြုခဲ့သောအရာများ

(အောင်မြင်သူတို့၌ တွေ့ရသော အရည်အချင်းများ)

(၁) ကြိုတင်ပြင်ဆင်ခြင်း

ယေရုရှလင်မြို့သို့ ဝင်ဖို့ရန်အတွက် ယေရှုကိုယ်တော်တိုင် ကြိုတင်ပြင်ဆင်ခြင်းအမှုကို ပြုလုပ်ထားပြီးဖြစ်ပါသည်။ ထိုသို့ မိန့်တော်မူပြီးမှတပည့်တော်တို့ ရှေ့၌ ကြွ၍ ယေရုရှလင်မြို့ သို့ ခရီးသွားတော်မူ၏။ (လုကာ ၁၉း၂၈)။ တပည့်တော်နှစ်ဦးအား သခင်ယေရှုက မြည်းကို သွားမယူခိုင်းမီ သခင်ယေရှုကိုယ်တော်တိုင် မြည်းပိုင်ရှင်နှင့် တွေ့ဆုံပြီး မြည်းရဖို့ ရန် သခင်အလိုရှိသည်ဆိုသော စကားဝှက်အား ပြောဆိုထားပြီးဖြစ်သည်။ တပည့်တော်နှစ်ဦးမှာ မြည်းပိုင်ရှင်ဆီသို့ရောက်သောအခါ သခင်အလိုတော်ရှိသည်ဆိုသော စကားကိုပြောပြနိုင်သည့်အတွက် မြည်းပိုင်ရှင်မြည်းအား အလွယ်တကူပေးလိုက်ခြင်းဖြစ်သည်။ သခင်ယေရှု၏ ကိုယ်ရည်ကိုယ်သွေးမှာ လုပ်ငန်းမစတင်မီ ကြိုတင်ပြင်ဆင်ခြင်းကို အမြဲပြုလုပ်ခဲ့သူဖြစ်သည်။ အမူတော်မြတ်လုပ်ဆောင်ဖို့ ပြင်ဆင်ရာတွင် ကြိုတင်ရက်(၄၀) အစာရှောင်ဆုတောင်းခြင်း၊ တပည့်တော်များအား ရွေးချယ်ခြင်း၊ ယေရုရှလင်မြို့သို့ ဝင်ရောက်ခြင်းတို့ပင်ဖြစ်သည်။ အောင်မြင်သူတိုင်း၏ ရှိရမည့်အရည်အချင်းမှာ မိမိလုပ်သော အလုပ်ကို ကြိုတင်ပြင်ဆင်မှုပြုလုပ်ထားခြင်းဖြစ်သည်။ လူသားတို့၏ အသက်တာတွင် ကြိုတင်ပြင်ဆင်မှုများမှာ အသက်အရွယ်အလိုက် မတူညီကြချေ။ လူငယ်အများစုသည် လောကတွင်နေထိုင်ဖို့ပြင်ဆင်ကြသလို၊ သက်ကြွယ်ပိုင်းဝင်ရောက်နေသော လူကြီးများမူကား ကောင်းကင်နိုင်ငံသွားဖို့ရန် ပြင်ဆင်နေကြသည်။ သခင်ယေရှု၏ဥပမာတော်ထဲတွင် လောကတွင်နေထိုင်ဖို့ရာ ပြင်ဆင်ရန် သတိပေးသလို တမလွန်အတွက် ကြိုတင် ပြင်ဆင်ရန် လိုအပ်ကြောင်းကိုလည်း သတို့သမီးတစ်ကျိပ်၏ အဖြစ်အပျက် (မဿဲ ၂၅း၁-၁၃)နှင့် ကုန်သွယ်ခြင်းအမှုကိုပြုသောသူဌေးကြီး (ယာကုပ် ၄း၁၃-၁၇)များတွင် တွေ့ရသည်။ လုပ်ငန်းအားလုံး၏ အောင်မြင်ခြင်း အစပြုမှတ်သည်လုပ်ငန်းကို ကြိုတင်ပြင်ဆင်ခြင်းပင် ဖြစ်သည်။ သမ္မာကျမ်းစာတွင်ကြိုတင်ပြင်ဆင်၍ လုပ်ငန်းကိုလုပ်ဆောင်ခြင်းကြောင့် အောင်မြင်သောနေဟမိ၏ အသက်တာကို ခွန်အားယူနိုင်ပါသည်။

နေဟမိ၏ အသက်တာ၌တွေ့ရသော ကြိုတင်ပြင်ဆင်မှုများ

၁။ ယေရုရှလင်မြို့ရိုးပြိုကျပျက်စီးနေသောနေရာသို့ ကိုယ်တိုင်သွားရောက် ကြည့်ရှုခဲ့သည်။ (၁း၃)

၂။ တာဝန်ရှိသောသူများထံမှာ တရားဝင်မြို့ရိုးတည်ဆောက်ဖို့ ခွင့်ပြုချက်ရယူခဲ့သည်။ (၂း၇)

၃။ မြို့ရိုးတည်ဆောက်ရန် လိုအပ်သောအရာများကို ကြိုတင်စုဆောင်းခဲ့သည်။ (၂း၈)

၄။ လုပ်ဖော်ဆောင်ဖက်များကို တိုက်တွန်းနှိုးဆော်ခဲ့သည်။(၂း၁၈)

၅။ မြို့ရိုးကို ရက်ပေါင်း(၅၂)ရက်ဖြင့် လက်စသတ်နိုင်ခဲ့သည်။(၆း၁၅)

လုပ်ငန်းလုပ်ဆောင်ရာတွင် ကြိုတင်ပြင်ဆင်၍ ဇွဲ၊ လုံ့လကြီးသူအဖြစ် စာရေးဆရာကြီးဟဲမင်းဝေး (၁၈၉၈- ၁၉၆၁)၏ အကြောင်းဖေါ်ပြပါရစေ။ ဆရာကြီးသည် နံနက်စောစောအိပ်ရာမှ ထလေ့ရှိသည်။တစ်ခါတစ်ရံမျှ မဟုတ်ချေ။ နေ့တိုင်း မပျက်မကွက် စောစောထခြင်းဖြစ်သည်။ ကျွန်တော့်တစ်သက်မှာ မနက်နေထွက်ချိန်ကို မမြင်လိုက်ရတဲ့နေ့တစ်နေ့မှ မရှိဘူးဟုဆိုခဲ့ဘူးသည်။ အိပ်ယာထပြီးနောက် ရေးလက်စစာကိုအစမှနေ၍ နောက်ဆုံးရောက်သည့်အထိ တစ်ခေါက်ပြန်ဖတ်သည်။

ဖတ်ရင်းပြင်သည်။ ဖြည့်သည်။ ပြီးမှနောက်ဆက်ရေးသည်။ သူငယ်ချင်းအမည်ရှိ ဝတ္ထုတစ်ပုဒ်ကိုအကြိမ် ပေါင်းရာချီပင်သူကပြင်ဆင်ခဲ့ပြီး၊ သူ့စိတ်တိုင်းမကျမချင်း လက်မလွှတ်ဘဲ ကြိုတင်ပြင်ဆင်မှု ပေါင်းများစွာပြုလုပ်ခဲ့ပြီးမှ စာဖတ်သူထံသို့ပို့လေ့ရှိသည်။ ထို့ကြောင့် (၂၀)ရာစုအတွင်းသူ၏စာနှင့်ပတ်သက်၍ ဩဇာအကြီးမားဆုံးစာရေးဆရာအဖြစ် တုပခြင်း၊အခံရဆုံးစာရေးဆရာအဖြစ်အသိအမှတ်ပြုခဲ့ကြသည်။ အောင်မြင်သူတိုင်း၏ တူညီသောအရည်အချင်းမှာမိမိလုပ်သော အလုပ်ကို ကြိုတင်ပြင်ဆင်ခြင်းပင်ဖြစ်သည်။

(၂) ချီးမွမ်းခြင်း

လုပ်ငန်းတစ်ခုအား လုပ်ဆောင်ရာတွင် ကြိုတင်ပြင်ဆင်မှုများရှိသော်လည်း လုပ်ငန်းတိုင်းအခက်ခဲတစ်ခုမက ရှိတတ်ကြသည်။ထိုအခက်အခဲများကို ကျော်လွန်ရန်အတွက် တစ်ခုတည်းသောအရာကို ဆက်လက်လုပ်ဆောင်လျက် ကျေးဇူးတော်ချီးမွမ်း၍ လုပ်ဆောင်ရန်ကို သခင်ယေရှုကိုယ်တိုင် ပုံသက်သေပြခဲ့သည်။ သခင်ယေရှုအဖို့ ယေရုရှလင်မြို့ သို့ ဝင်သောလမ်းသည် သူ၏စိတ်ထဲ၌စိတ်ဖိစီးမှုအခံရဆုံးသောအချိန်၊ အမှောင်ထု ကြီးစိုးနေသော အချိန်ဖြစ်သော်လည်း လူထုပရိတ်သတ်များက ထာဝရဘုရား၏ အခွင့်နှင့်ကြွလာတော်မူသော ရှင်ဘုရင်မင်္ဂလာရှိ စေသတည်း။

ကောင်းကင်ဘုံ၌ငြိမ်သက်ခြင်းရှိစေသတည်းဟု ကြွေးကြော်ခဲ့သည်။ ဖါရိရဲ့အချို့ကကိုယ်တော်၏ တပည့်တော်များအား ဆုံးမပါဟုလျှောက်သော်ယေရှုက သူတို့တိတ်ဆိတ်စွာနေလျှင် ကျောက်ခဲတို့သည် ချက်ချင်းကြွေးကြော်လိမ့်မည်ဟု မိန့်တော်မူ၏။ (လုကာ ၁၉၃၈-၄၀) ထိုအဖြစ်အပျက်

ကိုကြည့်လျှင် ဒုက္ခခက်ခဲမှုရောက်သူတိုင်းမှာ ညည်းတွားခြင်း၊ စိတ်ပျက်ခြင်းဖြင့် မတုံ့ပြန်ဘဲ ဖြေရှင်းပေးနိုင်သော ဘုရားသခင်ကို အော်ဟစ်အကူအညီတောင်း၍ ကျေးဇူးတော်ချီးမွမ်းခြင်းဖြင့် တုံ့ပြန်ဖို့ နည်းလမ်းပေးထားပါသည်။

လူအများစုမှာ လုပ်ငန်းတွင် အခက်အခဲဖြစ်လာသောအခါ(လောင်းကစား၊ ၂ လုံးထီ၊ ၃ လုံးထီ၊ အရက် သေစာ)တို့ဖြင့် လွဲမှားစွာအခက်အခဲများကို တုံ့ပြန်ကြသဖြင့် ထိုအရာတွေက မိမိတို့ဘဝအား ပိုမိုအခက်အခဲဖြစ်လာစေကြောင်း၊ ပတ်ဝန်းကျင်မှ လူများ၏ အသက်တာကိုကြည်လျှင် ထင်ရှားစွာ တွေ့မြင်ရသည်။ ဓမ္မပညာရှင်တစ်ဦးက ပြဿနာအကြောင်းကို စဉ်းစားသည်ထက်၊ ပြသာနာထက်ကြီးမြတ်သည် ဘုရားသခင်အကြောင်းကို စဉ်းစားပါ။ ကျွန်ုပ်တို့တွေ့ကြုံရသော ပြဿနာထက်ဘုရားသခင်သည် သာ၍ကြီးမြတ်ပါသည်ဟု လမ်းညွှန်ခဲ့သည်။ ပြဿနာကို မှန်ကန်စွာ တုံ့ပြန်သောလူနှစ်ယောက်အကြောင်း (တမန်တော် ၁း၂၅-၂၆) တွင် တွေ့ရသည်။ ပေါလုတို့၏ အခက်အခဲ ရင်ဆိုင်ရခြင်းအမြင့်ဆုံးအပိုင်းဖြစ်သည့် ထောင်တံခါးဖွင့်ခြင်း၏ အဓိကသော့ချက်မှာဖြေရှင်းနိုင်သော ဘုရားသခင်ထံမှာ ဂုဏ်တော်ချီးမွမ်းခြင်းပင် ဖြစ်သည်။စာဖက်သူလည်း ဒုက္ခအခက်အခဲနှင့် ကြုံနေပါသလား။ ဖြေရှင်းနိုင်သောဘုရားသခင်ကို ကျေးဇူးတော်ချီးမွမ်း၍ တုံ့ပြန်ပါ။ ထူးခြားစွာ ပြဿနာမှလွတ် မြောက်ခြင်းအခွင့်ကို ရရှိပေမည်၊ တယောပညာရှင် ပါး(လ်)မယ်(န်)အကြောင်း တင်ပြပါရစေ။ သူသည်ငယ်စဉ်က ပိုလီယိုအကြောသေရောဂါခံစားရပြီးချိုင်းထောက်ဖြင့် လမ်းလျှောက်နေရသူပါ။ စင်မြင့်တစ်ခုတွင်တယောထိုးနေစဉ် တယောကြိုးတစ်ချောင်းထောင်းကနဲ ပြတ်သွားသည်ကို ခန်းမဆောင်ကို ပရိသတ်များကြားလိုက်ရာ သူအနေနှင့် ခြေထောက်သိုင်းသော ကွင်းကို ပြန်တပ်၊ ချိုင်းထောက်ကို ကောက်ယူကာ စင်ပေါ်မှဆင်း၍ပြတ်သွားသော ကြိုးအစားအသစ်ကြိုးတစ်ချောင်းရှာဖို့ရန် ဖြစ်သော်လည်း ပရိသတ်များထင်ထားသော လုပ်ရပ်ကိုမလုပ်ဘဲ ပြတ် နေသောတယောကို ဆက်ထိုးရာ ပထမကြားရသော အသံထက် ပိုမိုသာယာသောအသံ ထွက်ပေါ်လာအောင် တင်ဆက်နိုင်ပါ၏။ ပရိသတ်များအားလုံးက မတ်တပ်ရပ်၍ လက်ခုပ်ဩဘာပေးကြသည်။ သူက၊ တယောထိုးသည့် ဘိုးတံကိုမြှောက်ပြီး ကြွားဝါသောလေသံတစ်စက်မျှမပါဘဲ စကားတစ်ခွန်းကို ပရိသတ်များအား လက်ဆောင်ပေးခဲ့သည်။ တစ်ခါတစ်ရံကိုယ်မှာကျန်နေတာ၊ ရှိတာလေးနဲ့တင် တေးသွားတစ်ပုဒ်ကို ဘယ်လောက်ကောင်းအောင် ဖန်တီးနိုင်သလဲဆိုတာက အနုပညာသမားရဲ့ တာဝန်မဟုတ်လားဟု ပြန်ပြောခဲ့သည်။ ဘဝဆိုတာမျိုးက ဤတယောထိုးသလိုမျိုး အလားသဏ္ဍာန်တူလှပေသည်။ ကိုယ့်ဘဝကဘာအသံ ထွက်မလဲဆိုသည်က ကိုယ့်ရဲ့ အပေါ်မှာသာ လုံးဝ မူတည်နေပါသည်။ ပါး(လ်)မယ်(န်)ဟာ သူ့ဘဝတစ်လျှောက်လုံး ကြိုးလေးချောင်းတပ် တယောလေးနဲ့ တီးခတ်ဖို့ ပြင်ဆင်ထားပေမယ့် မမျှော်လင့်ဘဲ ပွဲအလယ်တည့်တည့်ကျမှကြိုးတစ်ချောင်း ပြတ်သွားခဲ့၏။ သို့သော် ကျန်သုံးချောင်းနှင့်ပဲ သူ့တေးသွားကို မဖြစ်ဖြစ်အောင် ဆက်ထိုးခဲ့ရာမှ သူ့လက်ရာသည် ခါတိုင်းထက်အမှတ်ရစရာ၊ ပိုပြီးခမ်းနားသွားကြောင်းကို ပရိသတ်က အသိအမှတ်ပြုခဲ့သည်။ စာဖတ်သူဘဝမှာလည်း ထင်သလို ဖြစ်မလာဘဲ ကြိုးပြတ်သွားလျှင်စိတ်မပျက်ဘဲ ဆက်လုပ်ပါ။ လှပသောသံစဉ်များ မကြာမီ ပေါ်ထွက်လာပါလိမ့်မည်။ အကောင်းဆုံး၊ အလှပဆုံး ဘဝတေးသွားဖြစ်အောင် ရသမျှလက်ရှိအခြေအနေအတိုင်း ကျန်နေသော ကြိုးသုံးချောင်းဖြင့် အသက်ရှင်နေသမျှ ကြိုးစားတီးခတ်သွားကာ အခက်အခဲရောက်တိုင်း ဂုဏ်တော်ချီးမွမ်းခြင်းအားဖြင့် ဘဝကို ကျော်ဖြတ်နိုင်သောသူများဖြစ်ဖို့ ဆန္ဒပြုလိုက်ပါသည်။

မျက်ရည်ကျလျက် မျိုးစေ့ကြဲသောသူတို့သည် ရွှင်လန်းလျက်စပါးရိတ်ကြလိမ့်မည်။ မျက်ရည်ကျလျက်ကြဲရန် မျိုးစေ့ကိုဆောင်၍ ထွက်သွားသောသူသည် ကောက်လှိုင်းများကိုဆောင်လျက် ရွှင်လန်းသောစိတ်နှင့် အမှန်ပြန်လာလိမ့်မည်။ (ဆာလံ ၁၂၆း၅-၆)။

(၃) သန့်စင်ခြင်း

သခင်ယေရှုသည်မှားယွင်းသောအရာကိုဖယ်ထုတ်ဖို့ရန်အသက်ပေးပြီးသန့်စင်ခြင်းအမှုကိုရဲရင့်စွာလုပ်ဆောင်ခဲ့သူဖြစ်သည်။(လုကာ၁၉း၄၁)။ယေရုရှလင်မြို့အနီးသို့ရောက်၍ကြည့်မြင်လျက်ငိုကြွေးတော်မူ၍ဟုဖော်ပြထားသည်။သခင်ယေရှုသည်သူခံရမည့်ဒုက္ခကိုကြည့်၍သူ့အတွက်ငိုကြွေးတာမဟုတ်ဘဲအပြစ်လုပ်သူများအတွက်ခံရမည့်အပြစ်ဒဏ်ကိုကြည့်ပြီးသူတစ်ပါးအတွက်ငိုကြွေးခြင်းပင်ဖြစ်သည်။သခင်ယေရှုကိုယ်တော်တိုင်ယေရုရှလင်မြို့ဗိမ္မာန်တော်ထဲသို့ဝင်၍မတရားမှုပြုလုပ်သူများ၊တစ်နည်းအားဖြင့်ဗိမ္မာန်တော်ကိုအမှီပြု၍စီးပွားရှာသူများကိုရှင်းလင်းသုတ်သင်ခဲ့သည်။ (လုကာ၁၉း၄၈)။သမိုင်းတွင်ကောင်းသောမှတ်တမ်းတင်ခံရသူများသည် (ငွေကြေး၊ရုပ်ဝတ္ထုပစ္စည်း၊အာဏာတန်ခိုး)နှင့်စစ်မှန်သောအမှန်တရားကိုအပေးအယူမပြုဘဲမတရားသောအမှုကိုရဲရင့်စွာချေဖျက်ခဲ့သူများသာဖြစ်သည်။သမ္မာကျမ်းစာ (တမန်တော်၉း၁၉-၂၂)၌သခင်ယေရှုရှင်ပြန်ထမြောက်ခြင်းကိုပေတရုနှင့်ယောဟန်တို့သည်ရောမအာဏာပိုင်များတားမြစ်ထားခြင်းအတွင်းမှမကြောက်ရွံ့ဘဲသမ္မာတရားကိုရဲရင့်စွာဟောကြားခဲ့သည်။မည်သည့်ခေတ်၊မည်သည့်နေရာတွင်မဆိုခရစ်ယာန်တို့၏မူလတာဝန်သည်စစ်မှန်သောအမှန်တရားအားနဂိုနေရာတွင်ပြန်လည်ရောက်ရှိအောင်ပြုလုပ်ခြင်းပင်ဖြစ်သည်။ထိုကဲ့သို့ဖြစ်ပေါ်အောင်ပြုလုပ်ခဲ့သူမှာအသင်းတော်ပြောင်းလဲရေး၏ဖခင်မာတင်လူသာပင်ဖြစ်သည်။ထိုခေတ်ပုပ်ရဟန်းမင်းကြီးနှင့်ဘာသာရေးခေါင်းဆောင်များသည်လောကတွင်ပြုလုပ်သောအပြစ်များမှလွတ်မြောက်နိုင်ရန်ငွေယူ၍ခွင့်လွှတ်ခြင်းလက်မှတ်ကိုရောင်းချကာစီးပွားရှာနေကြသည်။

ငွေပိုပေးနိုင်သူသည်ငရဲမကျဟု ပြောင်ပြောင်တင်းတင်း ဟောပြောငွေရှာနေခြင်းကို မာတင်လူသာက ပြင်းထန်စွာ ဆန့်ကျင်မှုကြောင့် ခရစ်ယာန်သာသနာ ပြုပြင်ပြောင်းလဲရေးပေါ်ပေါက်လာခြင်းပင်ဖြစ်သည်။ ၁၅၁၂ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့တွင် ဝမ်း(စ်)တွင် ကျင်းပသော ဒိုင်ယက်လွှတ်တော် အစည်းအဝေးတွင် ပဉ္စမမြောက်ရှင်ဘုရင် ချားလ်(စ်)နှင့် မှူးမတ်များနှင့် ခရစ်ယာန်သာသနာရေးခေါင်းဆောင်များကို မာတင်လူသာက ကျွန်ုပ်ပြောဆိုခဲ့သော အကြောင်းအရာများမှာ မှားယွင်းသည်ဟု ကျမ်းစာဖြင့်(သို့) ကျိုးကြောင်းဆီလျော်စွာ သက်သေထုတ်ပြပါ။ ထိုသို့မပြုလျှင် ကျွန်ုပ်မှားပါသည်ဟု ဝန်မခံနိုင်ပါ။ ကျွန်ုပ်ဟောပြောချက်များအား မရုပ်သိမ်းနိုင်ပါအကြောင်းမူကား မိမိလိပ်ပြာပင်လျှင် ကိုယ့်အသိနှင့်ဆန့်ကျင်ပြုမူ လုပ်ဆောင်ပါက၊ မလုံခြုံရုံသာမက၊ ပညာနှင့်ယှဉ်၍လုပ်ခြင်းမမည်ပါ။ ကျွန်ုပ်သည်အတိုင်း ရပ်တည်ပါမည် ကျွန်ုပ်သည်အမှန်တရားမှဖီဆန်၍ အခြားနည်းလမ်းဖြင့် မလုပ်ဆောင်နိုင်ပါ။ ထိုသို့ပြုလုပ်ခြင်းကြောင့် ဘုရားသခင်သည် ကျွန်ုပ်အားစောင့်ရှောက်ပါမည်ဟု မာတင်လူသာမှ ပြောဆိုခဲ့ပါသဖြင့် အသင်းတော်သမိုင်းတွင် ကမ္ဘာတည်သရွေ့ မေ့မရနိုင်သော ပုဂ္ဂိုလ်ပင် ဖြစ်ပါသည်။ စာဖတ်သူမိတ်ဆွေလည်း လူအများက မှားယွင်းစွာလက်ခံထားသော အကြောင်းအရာများကို ရေလိုက်ငါးလိုက်၊ မိမိနှင့်မဆိုင်သော အရာများဟုမမှတ်ယူဘဲ မှားယွင်းသောအရာများကို ရဲရင့်စွာဖေါ်ထုတ်၍ မှန်ကန်သော သမ္မာတရားကို ထွက်ပေါ်လာအောင် ပြုလုပ်ရမည့်အကြောင်း တင်ပြလိုပါသည်။

မိတ်ဆွေသည်ဘုရားသခင်ရှေ့၊ လူရှေ့မှာ အောင်မြင်သောသူဖြစ်လိုပါသလား။ အောင်မြင်သောအရှင်ဖြစ်သော သခင်ယေရှုသည်ယေရုရှလင်မြို့ထဲသို့ဝင်သောဖြစ်ရပ်များအတိုင်း မိမိလက်ရှိလုပ် နေသောအလုပ်ကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးပြီး ကြိုတင်ပြင်ဆင်ပါ။ တွေ့ကြုံသောခက်ခဲမှုများကို ဖြေရှင်းပေးနိုင်သော ဘုရားသခင်ဆီမှ ခွန်အားကို တောင်းခံပါ။ ဂုဏ်တော်ချီးမွမ်းရုံသာမက ကမ္ဘာကြီး၏ ဇာတိသွေးဆောင်မှုများဖြင့် ကြုံရသည့်အခါတိုင်းတွင် သခင်ယေရှုကဲ့သို့ အသက်ပေး၍ ဒုက္ခကိုမကြောက်မရွံ့ဘဲ ရင်ဆိုင်ပါ။ ကောင်းမှုများ ပေါ်ထွက်လာအောင် ပြုလုပ်မည်ဆိုလျှင် မိတ်ဆွေသည်လည်း အောင်မြင်သောသူတစ်ဦးဖြစ်လာမည်မှာ မြေကြီးလက်ခတ်မလွဲပါ။ အောင်မြင်သောအရှင်ကိုယုံကြည်သက်ဝင်သော ယုံကြည်သူအားလုံးသည် အောင်မြင်သောသူဖြစ်ပါစေဟု ဆန္ဒပြုရင်းမှ ဝေမျှခြင်းကို မေတ္တာနှင့် နိဂုံးချုပ်လိုက်ပါသည်။ဘုရားသခင်၏ သားဖြစ်သောသူမည်သည်ကား လောကကိုရအောင်တတ်၏ လောကကိုအောင်ခြင်းအကြောင်းမူကား ငါတို့၏ ယုံကြည်ခြင်း ပေတည်း။ ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်သည်ကို ယုံကြည်သော သူမှတစ်ပါး အဘယ်သူသည် လောကကို အောင်နိုင်သနည်း။

(၁ယော ၅း၄-၅)။

ရှင်ပြန်ထမြောက်တော်မူနေ့

(Easter Sunday)

ရှင်ပြန်ထမြောက်တော်မူရာနေ့ကို တမန်တော်များခေတ်မှစ၍ကျင်းပခဲ့ရာ ထိုအချိန်၌ သခင်ဘုရား၏နေ့ (The Lord’s Day) ဟုခေါ်ဝေါ်ခဲ့သည်။ အစပထမ၌ ပဿခါပွဲနှင့် တစ်ပြိုင်တည်း ကျင်းပခဲ့သည်။ ယုဒလူမျိုးတို့၏ လပြည့်နေ့တွင် ကျင်းပရာမှနောက်ပိုင်းတွင် ယုဒလူမျိုးမဟုတ်သော တိုင်းတစ်ပါး လူမျိုးများ၊ များပြားလာသဖြင့် ပဿခါပွဲပြီးနောက်တစ်နေ့၏ ပထမနေ့ရက် တနင်္ဂနွေနေ့ (Sunday)နေ့တွင်ပြန်လည်ကျင်းပခဲ့သည်။ ခရစ်နှစ် (၃၂၅) နှစ်တွင် နိုင်စင်းကောင်စီ(Council of Nicaea) ၏အသင်းတော်ဖခင်ကြီးများကဆွေးနွေးတိုင်ပင်ကြပြီးနောက် ရှင်ပြန်ထမြောက်ရာနေ့ကို မတ်လ (၂၂)ရက်နှင့် ဧပြီလ(၂၅)ရက်အကြားတွင် တွက်ချက်ကာအသိအမှတ်ပြုပေးခဲ့သည်။

ဤပထမနေ့ရက်ဖြစ်သော တနင်္ဂနွေ (Sunday)နေ့သည် သခင်ခရစ်တော်၏သေခြင်းကို အောင်မြင်ပြီး၊ ပြန်လည်ရှင်ပြန်ထမြောက်ခြင်းကို သတိရအောက်မေ့ဖို့ရာ ကျင်းပခြင်းဖြစ်သည်။ ယုဒလူမျိုးများက ဥပုသ်နေ့ဖြစ်သော (Sabbath Day)သည် ဘုရားသခင်က စကြဝဠာကို ဖန်ဆင်းပြီး အနားယူသောနေ့ကို အစွဲပြုကာ ကျင်းပခြင်းဖြစ်၍ အဲဂုတ္တုပြည်တွင် ကျွန်ခံနေရာမှ လွတ်မြောက်လာခြင်းကို ပဿခါပွဲအားဖြင့် သတိရစေသဖြင့် ကျင်းပခြင်းဖြစ်သည်။ ထိုနည်းတူ သခင်ခရစ်တော်ရှင်ပြန်ထမြောက်ခြင်းသည် လူသားအားလုံးအတွက် သေခြင်းမှလွတ်မြောက်မှုကိုဘုရားသခင်ပေးလျက် ထာဝရအသက်ဟူသော အဦးသီးသောအသီးအား တစ်သက်လုံးရရှိပိုင်ဆိုင်ခြင်းကို ရည်ရွယ်၍ ကျင်းပရခြင်း ဖြစ်သည်။ကနဦးအသင်းတော်မှစ၍ ထို့နောက်ပိုင်းတွင် သခင်ခရစ်တော်ရှင်ပြန်ထမြောက်ခြင်းကို အချို့သော အသင်းတော်များ၌ ရက်ပေါင်းငါးဆယ်တိုင်တိုင် ကျင်းပကာ သခင်ခရစ်တော်၏ ယေရုရှလင်မြို့နောက်ဆုံး ခရီးစဉ်မှစ၍ ရှင်ပြန်ထမြောက်သည်အထိ ပြဇာတ်များ ပြသပါသည်။

အချို့သောအသင်းတော်များကလည်း နှစ်ခြင်းမင်္ဂလာကို ခံယူလိုသောသူများအား ထိုနေ့တွင် နှစ်ခြင်းမင်္ဂလာပေးခြင်း၊ အထိမ်းအမှတ်အဖြစ်ကျင်းပခဲ့သည်။ လေးရာစုနောက်ပိုင်းတွင် အသင်းတော်များစွာ၊ ဂိုဏ်းဂဏများစွာက မိမိတို့၏ဓလေ့ သဘာဝအတိုင်း ကျင်းပခဲ့ကြသည်။ နှစ်ခြင်းခရစ်ယာန်များအနေဖြင့် “နေအရုဏ်တက်ဝတ်ပြုခြင်း” (Sun Rise Service) ဖြစ်သော ရှင်ပြန်ထမြောက်ရာနေ့ကို ပြုလုပ်ကြသည်။ အချို့သောအသင်းတော်များကလည်း နှစ်ခြင်းမင်္ဂလာ ကျင်းပခြင်း၊ ပွဲတော်မင်္ဂလာကျင်းပခြင်းတို့ကို တစ်ပါတည်း ပြုလုပ်ကြသည်။ ထိုထက်မကထိုနေ့တွင် အဝတ်အစားသစ်များလည်း ဝတ်ဆင်၍ဘုရားကျောင်းသို့လာတက်ကြသည်ကို တွေ့ရသည်။ နောက်ဆုံးသောနေ့ရက်တွင် ခရစ်ယာန်များသည် အသစ်သောဝတ်ရုံကို ဆင်မြန်းသည့်အနေဖြင့် သတိရအောက်မေ့ခြင်းအဖြစ် ဝတ်ဆင်သည်။ ထို့ကြောင့် ရှင်ပြန်ထမြောက်ရာနေ့သည် ခရစ်ယာန်များအတွက် ဘုန်းကြီးတော်မူရာနေ့အဖြစ်လည်းအသိအမှတ်ပြုခဲ့သည်။

ယနေ့ခေတ်အချိန်တွင် ကြည့်ပါက ရှင်ပြန်ထမြောက်တော်မူရာနေ့သည် သခင်ခရစ်တော်၏ မွေးဖွားသောနေ့ (ခရစ္စမတ်နေ့) ကဲ့သို့ထင်ပေါ်ကျော်ကြားခြင်းမရှိတော့ပေ။

ရှင်ပြန်ထမြောက်ခြင်း၏သက်သေ

အသက်ရှင်ခြင်းလက္ခဏာ

လူအပေါင်းတို့သည် အာဒံ အားဖြင့် သေခြင်းသို့ ရောက်သည်နည်းတူ၊ လူအပေါင်းတို့သည်ခရစ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ ရောက်ကြရလတ္တံ့။ (၁ကော ၁၅း၂၂)။

လေ့လာရန်ကျမ်း – ယာ ၂၁း၁-၁၄

အီစတာဟူသောစကား၏ အဓိပ္ပါယ်မှာမူလအစက နွေဦးရာသီ၏ နေကိုပူဇော်သောပွဲဖြစ်သည်။ နေသည် အရှေ့ဘက်မှ မွေးဖွားလာပြီးကမ္ဘာမြေကြီးကို အသစ်သောဘဝအသက်တာပေးသည်ဟုဆိုသည်။ ဤသဘောတရားမှမြစ်ဖျားခံဆင်းသက်လာပြီး၊ ယနေ့အီစတာ၏အဓိပ္ပါယ်မှာခရစ်တော်နှင့်အတူ ထမြောက်ကာ အသစ်သောအသက်တာဖြင့် အသက်ရှင်မည်ကို ပုံဆောင်ပါသည်။ အီစတာသည် သခင်ယေရှု၏ရှင်ပြန်ထမြောက်ခြင်းဖြစ်သည်။ သခင်ယေရှုလက်ဝါးကပ်တိုင်ပေါ်တွင် အမှန်တကယ် သေဆုံးခဲ့ပြီး မြှုပ်နှံသဂြိုလ်ခြင်းခံခဲ့ရသည်သာမက ရှင်ပြန်ထမြောက်ခဲ့သည်။ သခင်ယေရှု၏ ရှင်ပြန်ထမြောက်ခြင်းသည် လူသားတစ်ရပ်လုံးအပေါ်ရှိ သေခြင်းတရားကို လက်လွှဲယူလိုက်ခြင်းပင်ဖြစ်သည်။သခင်ယေရှုက “ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်း ဖြစ်၏။ ငါ့ကိုယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။ ငါ့ကိုယုံကြည်၍အသက်ရှင်သောသူရှိသမျှတို့သည်လည်း သေခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်ကြလိမ့်မည်” ဟု ဖော်ပြခဲ့သည်။ (ယော၁၁း၂၅-၂၆)။ သခင်ယေရှု ရှင်ပြန်ထမြောက်ခြင်းသည် ရုပ်ခန္ဓာသာမကနာမ်ဝိညာဉ်နှစ်မျိုးစလုံး ရှင်ပြန်ထမြောက်ခဲ့ကြောင်း (ယော ၂၁း၁-၁၄)တွင် တွေ့ရှိရသည်။ ယေရှုသည် တပည့်တော်များနှင့်အတူ ကင်ထားသောငါးကိုအတူတကွ နံနက်စာ စားသုံးခဲ့သောကြောင့် ရုပ်ရောနာမ်ပါထမြောက်ခဲ့ကြောင်း တွေ့ရသည်။ အကယ်၍ နာမ်ဝိညာဉ်တစ်ခုတည်းသာထမြောက်ခဲ့လျှင် ကင်ထားသောငါးတို့ကို စားနိုင်မည် မဟုတ်ပါ။ရစ်တော်ဘုရား၏သေခြင်းမှရှင်ပြန်ထမြောက်ခြင်း

၁။ ဖွားမြင်သောခုနှစ် – ဘီစီ (၆-၄)ကြား၊ ဒီဇင်ဘာ (၂၅) ရက်၊

(ဗက်လင်မြို့)နွားစာခွက်

၂။ နှစ်ခြင်းခံသောနှစ် – အေဒီ(၂၇)ယော်ဒန်မြစ်

၃။ အသေခံသောနှစ် – အေဒီ(၃၀)၊ ဧပြီ(၇)ရက်၊ သောကြာနေ့ မွန်းလွဲ

(၃)နာရီ။ ကရာနီတောင်ကုန်း

၄။ ရှင်ပြန်ထမြောက်ပြီးနောက် ကိုယ်ထင်ပြသခြင်း

(က) မာဂဒလမာရိနှင့် အခြားသောမာရိ (မဿဲ ၂၈း၉)

(ခ) ရှင်ပေတရု (လုကာ ၂၄း၃၄)

(ဂ) ဧမောက်ရွာမှ တပည့်တော် (၂)ဦး (လုကာ ၂၄း၁၅)

(ဃ) သောမ (ယော ၂၀း၂၄-၂၉)

(င) ညီတော်ယာကုပ်၊ ရှင်ပေါလု၊ တမန်တော်များ (၁ကော ၁၅း၇-၈)

(စ) တပည့်တော်များ (ယော ၂၀း၁၉)

(ဆ) ငါးဖမ်းနေသောသူများ၊ တပည့်တော်များ (ယော ၂၁း၁-၁၄)

၅။ ကောင်းကင်ဘုံ သို့ ပြန်တက်ကြွခြင်း

ခရစ်တော်သည် အသေခံကာ ပြန်လည်ရှင်ပြန်ထမြောက်တော်မူပြီးနောက် ရက်ပေါင်းလေးဆယ်တိုင် မိမိကိုယ်ကိုပြသ၍ ဘုရားသခင်၏နိုင်ငံတော်နှင့်စပ်ဆိုင်သောအရာတို့ကို မိန့်မြွက်တော်မူပြီးလျှင် ကောင်းကင်ဘုံသို့ တက်ကြွတော်မူ၏။ ခရစ်တော်က “ငါ၏ခမည်းတော်တည်းဟူသော သင်တို့၏ ခမည်းတော် ငါ၏ဘုရားသခင်တည်းဟူသောသင်တို့၏ဘုရားသခင်ထံတော်သို့ ငါတက်ရမည်” (ယော ၂၀း၁၇)။

သခင်ယေရှုသည် ကိုယ်တိုင်ရှင်ပြန်ထမြောက်ခဲ့ရုံသာမကသူ၏ အမှုတော်ဆောင်ခြင်းတွင် လူ(၃)ဦးအား အသက်ရှင်အောင်ပြုလုပ်ပေးခဲ့သော သခင်ဘု ရားဖြစ်သည်။

၁။ လာဇရု (ယော ၁၁း၄၃-၄၄)

ဗေသနိရွာတွင်မာရိနှင့်မာသတို့၏မောင်လာဇရုသေဆုံးပြီး(၄)ရက်မြောက်သောနေ့၌သခင်ယေရှုကိုယ်တိုင်သင်္ချိုင်းသို့ကြွလာပြီးသေနေသောလာဇရုကိုခမည်းတော်အခွင့်အာဏာဖြင့်အသက်ပြန်ရှင်အောင်လုပ်ပေးခဲ့သည်။သေနေသောလာဇရုသည်အသက်ရှင်ခြင်းလက္ခဏာကိုသင်္ချိုင်းအဝတ်ချွတ်ပစ်၍လမ်းလျှောက်ခြင်းအားဖြင့်ပြသခဲ့သည်။ယုဒလူမျိုး၏ထုံးစံအရသေဆုံးသူကိုပိတ်ဖြူဖြင့်ရစ်ပတ်၍ကျောက်ဂူတွင်မြုပ်နှံလေ့ရှိသည်။လာဇရုသည်သခင်ယေရှု၏တန်ခိုးတော်အားဖြင့်အသက်ပြန်ရှင်၍သူကိုယ်တိုင်သင်္ချိုင်းအဝတ်ကိုမချွတ်ပစ်ဘဲလမ်းလျှောက်လျှင်သူ့အတွက်ရော၊ကြည့်ရှုနေသောပရိသတ်များပါအဆင်ပြေမည်မဟုတ်ပါ။သခင်ယေရှုရှင်ပြန်ထမြောက်ခြင်းကိုယုံကြည်ကြသောခရစ်ယာန်ယုံကြည်သူများသည်လာဇရုကဲ့သို့သင်္ချိုင်းအဝတ်ကိုချွတ်ပစ်ရန်တာဝန်ရှိပါသည်။အကယ်၍သင်္ချိုင်းအဝတ်ကိုမချွတ်ဘဲခရစ်ယာန်၏အသက်တာကိုလျှောက်လှမ်းနေလျှင်သခင်ယေရှုသည်အသက်ရှင်ဘုရားသခင်ဖြစ်ကြောင်းပတ်ဝန်းကျင်သူများသိရှိနိုင်မည်မဟုတ်ပါ။သင်္ချိုင်းအဝတ်ဆိုသည်မှာမကောင်းသောဒုစရိုက်၊အညစ်အကြေးများကိုချွတ်ချင်သောစိတ်နှင့်အတူချွတ်ပေးနိုင်သောဘုရားသခင်ကိုအကူအညီတောင်းရန်ဖြစ်သည်။

တစ်ခါက သင်းအုပ်ဆရာတစ်ဦး၌ မပြောင်းလဲသော အသင်းသားတစ်ယောက်ရှိသည်။ ဆရာကိုယ်တိုင်နှစ်ခြင်းပေးလက်ထပ်ပေးခဲ့သော်လည်း ရွာထဲတွင် ရန်ဖြစ်ပြီးဆိုလျှင် သူသာပင်၊ မူးပြီးရွာထိပ်မှာလဲ နေပြီးဆိုလျှင်လည်း သူပင်ဖြစ်ရာ၊ ဆရာက အိမ်ခေါ်ပြီးသောတပည့်အား မင်းအပြင်ထွက်ရင် ခရစ်ယာန်အမှတ်အသားလက္ခဏာမပါဘဲသွားရန် အကြံပြုသည်။ အကြောင်းမှာ အရက်မူးပြီးလဲနေလျှင်သခင်ယေရှုမူးပြီးလဲနေတယ်ဟု ပြောမည်ကို စိုးရိမ်သောကြောင့်ဖြစ်ရာမင်းဆွဲထားသောလက်ဝါးကပ်တိုင်ကို အပြင်ထွက်တဲ့အခါတိုင်းမဆွဲရန်ဆုံးမခဲ့ရာ၊ အသင်းသားက ဆရာကြီးအား “ဆရာ ကျွန်တော်ဆွဲထားတဲ့လက်ဝါးကပ်တိုင်ဟာ လူသားအားလုံး အပြစ်အတွက် အသက်စွန့်ခဲ့သောသခင်ယေရှုလက်ဝါးကပ်တိုင်မဟုတ်ဘူး။ နောင်တမရတဲ့လူဆိုးရဲ့ လက်ဝါးကပ်တိုင်” ဟုဖြေကြားခဲ့ရာ ဆရာကြီးလည်း ဘာမျှ မတတ်နိုင်တော့ပါ။ယုံကြည်သူအားလုံးသည် အထက်ပါအသင်းသားကဲ့သို့ မဖြစ်ရန် မိမိ နှလုံးသားအတွင်း၌ သင်္ချိုင်းနှင့်တူသော ဒုစရိုက်အပြစ်များကို ချွတ်ပစ်မှသာသခင်ယေရှုရှင်ပြန်ထမြောက်ခြင်းကို အခြားသူများမှ မြင်တွေ့လာမည်ဖြစ်ပါမည်။

၂။ တ ရားဇရပ်မှူး ယာဣရု၏သမီး (မာကု ၅း၄၂-၄၃)

သခင်ယေရှု၏အံသြဘွယ်ရာ ရှေ့ပြေးနိမိတ်များကို ကြားသိသောတရားဇရပ်မှူးသည် ရောဂါပြင်းထန်စွာခံစားနေရသောသမီးအတွက်သခင်ယေရှုထံရောက်လာပြီး ရောဂါကုသပေးဖို့ရန် လျှောက်ထားခဲ့၏။၄င်းနောက် သခင်ယေရှုနှင့်အတူ သွားသောလမ်းတွင် အိမ်သို့မရောက်မီပင် ငယ်သားတစ်ဦးကသမီးငယ်သေဆုံးပြီဟု သတင်းပေးရာတွင် သခင်ယေရှုက ချက်ချင်းမိန့်တော်မူသည်မှာ ယုံကြည်ခြင်း စိတ်တစ်ခုသာ ရှိလော့ဟု တရားဇရပ်မှူးအားပြော၍ ပေတရု၊ ယာကုပ်၊ ယောဟန်မှ တစ်ပါးအခြားသော တမန်တော်များမပါစေဘဲ ဆုတောင်းခဲ့ရာတွင် သေနေသော သမီးငယ်သည် ပြန်လည်အသက်ရှင်ခြင်းကို ရရှိခဲ့သည်။ သေနေသော သမီးငယ်သည် အသက်ရှင်ခြင်းလက္ခဏာကို အစာစားခြင်းအားဖြင့်ပြသခဲ့သည်။ လူတစ်ဦးသေဆုံးသွားလျှင် အစားအစာမစားတော့ပါ။အသက်ရှင်သော လူများသာ နေ့စဉ်အစာစားကြသည်။ ဘုရားသခင်ရှေ့၌ အသက်ရှင်သော လူတစ်ဦး၏လက္ခဏာသည် ရုပ်ခန္ဓာအတွက် နေ့စဉ်အသက်မွေးလောက်သောအစာသာမက စိတ်ဝိညာဉ်အတွက် နှုတ်ထွက်စကားတော်ကို နေ့စဉ် မှီဝဲသုံးဆောင်ရန် လိုအပ်ပါသည်။ ကျွန်ုပ်တို့သည်အသက်ရှင်စဉ် ခန္ဓာကိုယ်အတွက် အစာစားပြီး စိတ်ဝိညာဉ်အတွက် နှုတ်ထွက်စကားတော်ကို နေ့စဉ်မသုံးဆောင်လျှင် ဘုရားသခင်ရှေ့မှာ အသက်ရှင်သောသူများ မဟုတ်ပါ။ ယုံကြည်သူတိုင်းအဖို့ နေ့စဉ်နှုတ်ထွက်စကားတော်ကို မှီဝဲသုံးဆောင်ရန် တာဝန်ရှိပါသည်။ တစ်ခါက ရွာတစ်ရွာတွင်သားအဖနှစ်ယောက်ရှိရာ သားက ပညာရေး ထူးချွန်သည့်အတွက် ဖခင်နှင့် ဝေးကွာသောမြို့၌ တက္ကသိုလ်ပညာကို ဆည်းပူးနေရာ ဖခင်က “ငါ့သား မင်းနဲ့ ငါဝေးသွားရင် မင်းကျောင်းတက်စဉ် လိုအပ်သော အရာအားလုံးကို အဖေ့ဆီ အကြောင်းကြားပါ၊ အဖေတတ်နိုင်သမျှ မင်းရဲ့ ပညာရေးအတွက် ပံ့ပိုးပေးမည်ဟု ပြောခဲ့ရာ၊ သားဖြစ်သူသည် သူတက်သောကျောင်းနှင့် သူနေထိုင်သော အဆောင်မှ နေ့စဉ်ကားမှတ်တိုင် (၄)ခုလောက် ကားတိုးစီးပြီး ကျောင်းသွားရပါသည်။ သားဖြစ်သူသည် နယ်မှာကြီးလာသည့်အတွက် ကားတိုးစီးသောဒုက္ခကိုမခံနိုင်ဘဲ တစ်လအကြာတွင်ဖခင်ဆီသို့ စာရေးအကြောင်းကြားခဲ့သည်။ အဖေ သားကို အမြန်ဆုံးကားတစ်စီးဖိုး ငွေပေးလိုက်ပါ၊ ကားတိုးစီးပြီး ခေါင်းမူးတဲ့အတွက် စာသင်တဲ့အခါ အခက်အခဲရှိနေတယ်။ သားရဲ့ စာကိုဖတ်ရသော အဖေသည် စာပြန်ပြီး ကျမ်းစာအုပ်တစ်အုပ်ပါ ထည့်ပေးလိုက်သည်။ စာထဲတွင် ငါ့သားကျမ်းစာကို တစ်နေ့တစ်ခန်း ဖတ်ပါ၊ သုတ္တံကျမ်းကို နေ့အလိုက်ဖတ်ပါ၊မင်းလိုချင်တာ အကုန်ရမယ်ဟု ပညာရှာနေသောသားအတွက် လမ်းညွန်ခဲ့ရာ အဖေ့စာအား ဖတ်ပြီးသောသားသည် အကြီးအကျယ်စိတ်ဆိုးပြီးအဖေပေးထားသော ကျမ်းစာအုပ်ကို မဖတ်ဘဲ စာသင်နှစ်တစ်ဝက်လုံးကားတိုးစီးခဲ့ကာ စားမေးပွဲဖြေပြီး၍အိမ်ပြန်ရောက်ပြီးနောက် အဖေကိုပြောသည်မှာ “အဖေ – နယ်မှာကြီးပြင်းတဲ့အတွက် ကားတိုးစီးတဲ့ ဒုက္ခကိုမှမသိကာ သားတောင်းတဲ့ကားကို မပေးဘဲ ကျမ်းစာအုပ်ကိုဘာလို့ပေးလိုက်တာလဲ” ဟု ပြန်ပြောရာ “ငါ့သား ကျမ်းစာအုပ်ထဲမှာကားဝယ်နိုင်ဖို့ရန်အတွက် ဖေဖေ ချက်လက်မှတ်ထည့်ပေးလိုက်တာ သားကျမ်းစာအုပ်ကိုတစ်ခါမျှဖွင့်မဖတ်ဘဲကိုး၊ ဒါကြောင့် ချက်လက်မှတ်ကိုမတွေ့တာဘဲ”ဟု သားအား ပြောခဲ့သည်။ စာသင်နှစ်တစ်ဝက်လုံး ကားတိုးစီးသော ဒုက္ခကို သားဖြစ်သူ ခံစားခဲ့ရသည်။ ယနေ့ယုံကြည်သူအချို့သည်ဤကဲ့သို့လောကတွင် အသက်ရှင်စဉ် ဒုက္ခအခက်အခဲများ ဝိုင်းရံလျက်ရှိပါသည်။ ကျမ်းစာဖတ်လျှင် ကားထွက်မလာသော်လည်း ကားထက် တန်ဖိုးကြီးသော ဘုရားသခင်၏ နှုတ်တော်ထွက် ကတိတော်များရှိပါသည်။

ဘုရားသခင်ရှေ့၌ ယုံကြည်သူတိုင်းမှာ အသက်ရှင်ခြင်းလက္ခဏာကို ပြသနိုင်ရန်အတွက် နှုတ်ထွက်စကားတော်ကို နေ့စဉ်မှီဝဲ သုံးဆောင်နေရမည်ဖြစ်ပါသည်။ကာလ အချိန်ရောက်လု နီးပြီဖြစ်၍ ဤအနာဂတ္တိကျမ်းစကားကို ကြည့်ရှုဖတ်ရွက်နားထောင်၍ ရေးထားသမျှတို့ကို စောင့်ရောက်သောသူတို့သည် မင်္ဂလာရှိကြ၏။ (ဗျာ ၁း၃)။

၃။ မုဆိုးမ၏သား (လုကာ ၇း၁၁-၁၅)

သခင်ယေရှုသည် နာဣနမြို့သို့ ကြွတော်မူစဉ် မြို့တံခါးအနီးသို့ရောက်သောအခါ မုဆိုးမ၏တစ်ဦးတည်းသောသားကို သင်္ဂြိုလ်ခြင်း အစီအစဉ်နှင့်ဆုံခဲ့ရာ မုဆိုးမအား သနားခြင်းစိတ်ရှိသဖြင့် သားကို အသက်ရှင်အောင်ပြုလုပ်ပေးခဲ့သည်။ သေနေသောသားသည် အသက်ရှင်ခြင်းလက္ခဏာကိုစကားပြောခြင်းအားဖြင့် ပြသခဲ့သည်။ သေဆုံးနေသောသူတစ်ဦးသည် စကားမပြောနိုင်တော့ပါ။ ဘုရားသခင်ရှေ့၌အသက်ရှင်ပြီးစကားပြောခြင်းသည်ပြောသောစကားမှာအမြဲတမ်း (အတိတ်၊ ပစ္စုပ္ပန်၊အနာဂတ်) မှန်ရန် လိုအပ်သလို၊ ကြားရသောသူတိုင်းအတွက်လည်းအကျိုးကျေးဇူးရှိဖို့လိုအပ်ပါသည်။ အသက်ရှင်သောသူတိုင်းမှာ နေ့စဉ်စကားပြောနေကြသော်လည်း အများစုမှာ

(က) အလွန်အကျွံစကားဖောင်ဖွဲ့ခြင်း

ကြားရတဲ့သူရော၊ ပြောတဲ့သူပါ အကျိုးမရှိသော စကားများပင်ဖြစ်သည်။ ကြားသောသူနားထောင်ကောင်းအောင် မိမိဖြစ်ချင်တာကိုအမှန်တရားမှ လွဲရှောင်၍ ပြောသောစကားများပင်ဖြစ်သည်။

(ခ) ပြောသောစကားမှန်သော်လည်း ကြားရသူ အတွက် အကျိုးမရှိခြင်း

ဥပမာ သွားခေါနေသောလူတစ်ဦးအား လူအများရှိသောနေရာ၌ “သွားခေါကြီး မင်းဘယ်သွားမလို့လဲ”ဟု ပြောသောစကားမှာ ပြောသောအရာ ကိစ္စမှန်သော်လည်း အားလုံးသိပြီးသောအရာဖြစ်ရုံသာမက (ပြောသောသူရော၊ ကြားသောသူအတွက်ပါ) အကျိုးမရှိသည့်အတွက် မပြောသင့်သောစကားပင်ဖြစ်သည်။ ငါက မှန်လျှင်ပြောမှာပဲဆိုသော လူများသည်၊ ထိုကိစ္စမျိုးတွင် အများဆုံးကျူးလွန်တတ်ကြသည်။ဘုရားသခင်ရှေ့တော်တွင် အသက်ရှင်သော စကားလုံးများ၌ ရှိရမည့်အရည်အချင်းမှာ

(၁) ပြောသောစကားသည် ( အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်) ကာလသုံးပါးစလုံး မှန်ကန်ရမည်။

(၂) ကြားသောသူအတွက် အကျိုးရှိသော စကားဖြစ်ရမည်။

ယုံကြည်သူတစ်ဦး ပြောမည့်အမြဲတမ်းစကားမှာ သခင်ယေရှုသည် သေခြင်းကိုအောင်သော ဘုရားသခင်ဖြစ်ကြောင်း အမြဲပြောကြားရမည်။ ထိုအကြောင်းအရာသည် ထာဝရအမြဲမှန်သောအရာဖြစ်ရုံသာမကကြားရသောသူသည်လည်း ထိုသခင်ယေရှုကို ကယ်တင်ပိုင်ရှင်အဖြစ် ယုံကြည်လက်ခံလိုက်လျှင် ထိုသူအတွက် ထာဝရအကျိုးရရှိသဖြင့် ထိုစကားကို ယုံကြည်သူတိုင်းပြောဖို့ရန် တာဝန်ရှိပါသည်။ ထိုကဲ့သို့ပြောကြားခြင်းသည်ကား ဘုရားသခင်ရှေ့၌ အသက်ရှင်သောစကားကို ပြောကြားခြင်းပင်ဖြစ်ပါသည်။

သခင်ယေရှုသည်သေခြင်းတရားကို သုံးရက်မြောက်သောနေ့၌အမှန်တကယ် ရှင်ပြန်ထမြောက်အောင်မြင်တော်မူခဲ့သည်။ သခင်ယေရှုကိုယုံကြည်လက်ခံသောခရစ်ယာန်အချို့၏ အသက်ရှင်ခြင်းလက္ခဏာနှင့်ဆန့်ကျင်နေသောအရာတို့မှာ

(၁) သင်္ချိုင်းအဝတ်ကိုမချွတ်ဘဲ အသက်ရှင်နေခြင်း

(၂) နှုတ်တော်ထွက်ကျမ်းစကားများကို နေ့စဉ်မဖတ်ရှုရုံသာမက လိုက်လျှောက် ကျင့်သုံးမှုမရှိခြင်း။

(၃) စစ်မှန်သော သမ္မာတရားကိုအကြောင်းအမျိုးမျိုးကြောင့် (မိမိကိုယ်တိုင်မဖြောင့်မတ်မှုကြောင့်) ပြောဆိုမှုများ အားနည်းနေကြောင်း တွေ့ရှိရပါသည်။

ရှင်ပြန်ထမြောက်တော်မူသောအရှင်ကို အခြားသူများ မြင်တွေ့ဖို့ရန်အတွက် ယုံကြည်သူအားလုံးမှာ သင်္ချိုင်းအဝတ်ကိုချွတ်ပစ်၍ နှုတ်တော်ထွက် သမ္မာတရားအတိုင်း အသက်ရှင်လိုက်လျှောက်ရမည်ဖြစ်သည်။ ၄င်းပြင် မိမိ၏ ကောင်းသောပုံသက်သေအားဖြင့် ပြန်လည်ပြသအသက်ရှင်ဖို့ရန်လည်း တာဝန်ရှိနေကြောင်းကို မေတ္တာဖြင့် ဝေငှခွန်အားပေးလိုက်ပါသည်။

ညီအစ်ကိုတို့ အသက်ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်းခြင်းလက္ခဏာ၊ဘုရားသခင်နှစ်သက်တော်မူသော လက္ခဏာနှင့် ပြည့်စုံသော ယဇ်ကိုသင်တို့သည် ပူဇော်၍မိမိကိုယ်ခန္ဓာကို ဘုရားသခင်အား ဆက်ကပ်ခြင်းတည်းဟူသော သင်တို့ပြုအပ်သောဝတ်ကို ပြုမည့်အကြောင်း ဘုရားသခင်၏ ကရုဏာတော်ကိုထောက်ထား၍ သင်တို့ကိုငါတိုက်တွန်းနှိုးဆော်ပေ၏။

(ရောမ ၁၂း၁)။

 

မိခင်များနေ့ (Mother’s Day)

မစ္စစ်အယ်နာရီးဗစ်ဂျာဗစ် (Mrs. Anna Reeves Jarvis) သည်အိမ်ထောင်မိသားစုများအတွက် အလွန်တန်ဖိုးရှိသော မိခင်ကြီးတစ်ယောက် ဖြစ်သည်။ သူမနေထိုင်ရာဒေသအတွင်းရှိ ဥပုသ်စာဖြေကျောင်းမှ ကလေးသူငယ်များအတွက် အစေခံလျက် သမ္မာကျမ်းစာအားဖြင့် လေ့ကျင့်ပျိုးထောင်ပေးခဲ့သည်သာမက၊ ဒုတိယကမ္ဘာစစ်အပြီးတွင် အမေရိကန်နိုင်ငံ၌ မိခင်များ မိတ်သဟာယနေ့ (Mother’s Fellowship Day)ကို ဖွဲ့စည်းပေးခဲ့သည်။ ၄င်းနေ့ဖွဲ့စည်းခဲ့ရခြင်း၏ ရည်ရွယ်ချက်မှာ ထမ်းပိုးမညီသောဇနီးမောင်နှံများနှင့် အိမ်ထောင်ရေးပြိုကွဲလျက်ရှိသောမိသားစုများကို ပြန်လည်သင့်မြတ်စေဖို့ရန် စုစည်းနိုင်ဖို့အတွက်ဖြစ်သည်။မစ္စစ်ဂျာဗစ်သည် ၁၉ဝ၅ ခုနှစ်၊ မေလ (၉) ရက်နေ့တွင် ဘုန်းတော်ဝင်စား ခဲ့သည်။

ထိုမျှမကသူမသည်အမေရိကန်နိုင်ငံရှိအသင်းတော်များအားလုံးသိစေဖို့အတွက်အကြောင်းကြားကာစာများဖြန့်ဝေခဲ့သည်အထိကြိုးစားခဲ့သည်။မစ္စစ်ဗစ်သည်တစ်ဦးတည်းသောသမီးဖြစ်သည့်မစ္စအယ်နာဂျားဗစ် (Miss Anna Jarvis) နှင့်အတူအမေရိကန်နိုင်ငံ၊ဖီလာဒဲဖီးယားမြို့တွင်နေထိုင်ခဲ့သည်မိခင်ဆုံးပါးပြီးသည့်နောက်ကျန်ရစ်သောသမီးသည်မိခင်ကြီးအားလွမ်းဆွတ်တမ်းတကာပြန်၍သတိရနေသည်။သူမအပေါ်ထားခဲ့သောမိခင်၏မေတ္တာသွန်သင်လမ်းပြမှု၊ပြုစုပျိုးထောင်မှုနှင့်မိခင်၏ကောင်းမြတ်မှုစသည်တို့ကိုမိခင်မရှိတော့သည့်နောက်ပိုင်း၌ပို၍ပို၍ခံစားလာခဲ့ရသည်။မိခင်သေဆုံးပြီးတစ်နှစ်ပြည့်သည့်နှစ်တွင်သူမ၏သူငယ်ချင်းအပေါင်းအသင်းများနှင့်တကွမိခင်ကြီး၏မိတ်ဆွေသူငယ်ချင်းများကိုခေါ်ဖိတ်ပြီးအောက်မေ့ဖွယ်ရာဝတ်ပြုစည်းဝေးကိုကျင်းပကာလာရောက်ကြသောမိတ်ဆွေသင်္ဂဟများအားလည်း၊၄င်း၏မိခင်ကွယ်လွန်သောနေ့ကိုအစွဲပြု၍သတိရလျက်ဆက်ကပ်ဖို့ရန်တိုက်တွန်းခဲ့သည်။နှစ်စဉ်နှစ်တိုင်းအောက်မေ့ဖွယ်စည်းဝေးကျင်းပရုံသာမကထိုနေ့၌မိခင်များအားဂုဏ်ပြုရန်နှင့်သတိရဖို့ရန်လည်းတိုက်တွန်းခဲ့သည်။

ထိုနေ့သည် သူမအတွက် တန်ဖိုးမဖြတ်နိုင်လောက်အောင် စိတ်ကို နှိုးဆွစေပြီး၊ နောက်ဆုံးတွင် မိခင်များနေ့အဖြစ်မေလ (၉) ရက်နှင့် အနီးကပ်ဆုံးတနင်္ဂနွေနေ့ကိုသတ်မှတ်ပြီး ပြုလုပ်ကျင်းပဖို့ရန်အတွက် သူမ၏ သူငယ်ချင်းအပေါင်းအဖော်များအား တိုက်တွန်းခဲ့ပါသည်။ သူမကိုယ်တိုင်လည်း သင်းအုပ်ဆရာများထံသို့ သာမကအသင်းသားများအားလည်း သိစေနိုင်ရန် စာရေးအကြောင်းကြားခဲ့သည်။မစ္စဂျာဗစ်လှုပ်ရှားမှုမတိုင်မီ နှစ်အတန်ကြာကပင် မိခင်များဂုဏ်ပြုသောအထူးနေ့ကို အင်္ဂလန်နိုင်ငံတွင် ရှေးရိုးရာမပျက်ကျင်းပခဲ့ကြသည်။ ထိုစဉ်က Mothering Sunday ဟုခေါ်ဝေါ်ကြပြီး၊ဥပုသ်ဝါတွင်း ကာလ၏အလယ်ရက်များတွင် ကျင်းပခဲ့ကြသည်။ ယူဂိုဆလပ်နိုင်ငံနှင့် အခြားနိုင်ငံ အချို့တွင်လည်း အလားတူနေ့ရက်တွင်ကျင်းပပြုလုပ်ခဲ့ကြသည်။ အမေရိကန်နိုင်ငံတွင်မူ ဂျူလီယာဝဒ်ဟိုဝီ (Julia Ward Howe) ဆိုသူက ၁၈၇၂ ခုနှစ်တွင် စတင် ကျင်းပခဲ့ဖူးသည်ဟု BBW Su Mary Towles Sasseen, Frank E. Hering စသူတို့ကလည်း သူတို့နေထိုင်ရာဒေသများတွင် မိခင်များအတွက် ဂုဏ်ပြုအစီအစဉ်များကို ပြုလုပ်ခဲ့ကြသည်။ ထိုမှတစ်ဆင့် အခြားနိုင်ငံများသို့ ပျံ့နှံခဲ့သည်။

နိုင်ငံအဝန်း ကျင်းပပြုလုပ်သော မိခင်များနေ့ဂုဏ်ပြုအစီအစဉ်ကိုမူ အထက်ဖော်ပြပါ မစ္စအယ်နာဂျာဗစ်ကသာလျှင် စတင်ဦးဆောင်ဖော်ထုတ်သူဟု အသိအမှတ်ပြုကြပါသည်။ သူမကမေလ၏ ဒုတိယတနင်္ဂနွေနေ့ကို မိခင်များနေ့အဖြစ်သတ်မှတ်ရွေးချယ်ကာ ဇော်မွှားပန်းဆင်ယင်သော အလေ့အထကိုလည်း စတင် လုပ်ဆောင်ခဲ့သည်။ ရောင်စုံဇော်မွှားပန်းကိုဆင်ယင်သောသူများအနေနှင့် သူ၏မိခင်သည် သက်ရှိထင်ရှားရှိနေသေးကြောင်း ဖော်ပြလျက်၊ အဖြူရောင် ဇော်မွှားပန်းဆင်ယင်သူမှာသူ၏မိခင်ကွယ်လွန်ပြီးဖြစ်သည်ဟု နားလည်သိရှိရပါသည်။နောက်ဆုံး ၁၉ဝ၈ ခုနှစ်၊ မေလ (၁၀) ရက်နေ့တွင် ဂရပ်ဖတန် နှင့် ဖီလာဒဲဖီးယားမြို့များမှာ မိခင်များနေ့ကို ပထမဆုံးကျင်းပခဲ့သည်။သူမမိခင်ကိုယ်တိုင်က မိခင်များမိတ်သဟာယကို ထိုမြို့တွင် ကျင်းပခဲ့ဖူးသည်။ ထို့ကြောင့် သူမကိုယ်တိုင်မိခင်များကို ဂုဏ်ပြုသောအနေဖြင့် ဇော်မွှားပန်း အဝါရောင်များကို လက်ဆောင်ပေးပို့ခဲ့ပါသည်။၁၉၄၁ ခုနှစ်တွင် အမေရိကန်သမ္မတကြီးဖြစ်သော ဝုဒ်ရိုးဝီလ်ဆင် (Woodrow Wilson)က မိခင်များနေ့ကို နှစ်စဉ်အမျိုးသားရေးတာဝန်အဖြစ် စောင့်ထိန်းလျက် မေလဒုတိယတနင်္ဂနွေနေ့တွင် ကျင်းပပြုလုပ်ရန် နိုင်ငံတော်သို့ ကြေငြာခဲ့ရုံသာမက ထိုနေ့ရက်တွင် ပြည်သူ့အဆောက်အဦးမှန်သမျှ၌ နိုင်ငံတော်အလံ လွှင့်ထူဂုဏ်ပြုရန်လည်း ညွှန်ကြားသတ်မှတ်ခဲ့ပါသည်။ ထိုကြောင့် မိခင်များနေ့ကို ၁၉၁၄ ခုနှစ်၊(၉)ရက်နေ့တွင် အမျိုးသားရေးအသွင်ဖြင့် အမေရိကန်နိုင်ငံတွင် စတင်ကျင်းပခဲ့သည်မှာ ယနေ့တိုင်ထိပင်ဖြစ်သည်။ထို့အတူ ခရစ်ယာန်များ၊ အသင်းတော်များကလည်း မိခင်များနေ့ အဖြစ် မေလ၊ ဒုတိယ တနင်္ဂနွေနေ့ ကိုပင် အတည်ပြုသတ်မှတ်ကာနှစ်စဉ်နှစ်တိုင်း ဂုဏ်ပြုကျင်းပ လျှက်ရှိပါသည်။

မိခင်များနေ့၏ ရည်ရွယ်ချက်မှာ-

မိခင်များအား ရိုသေလေးစားလျက် ဂုဏ်ပြုရန်၊

၂။ မိခင်များသည်လည်း သားသမီးများနှင့် အိမ်ထောင်ဝတ္တရားများကို

တန်ဖိုးထားတတ်ရန်၊

၃။ ခရစ်ယာန် အိမ်ထောင်မိသားစုများမှာ တန်ဖိုးရှိဖို့ရန်နှင့် ကောင်းမွန်

သန့်ရှင်းစွာ အသက်ရှင်နေထိုင်မှုများ တိုးတက်မြင့်မားလာစေရန်

စသည်တို့ပင် ဖြစ်ပါသည်။

မိခင်များနေ့

အခြေပြုကျမ်းချက်

သူ၏သားသမီးတို့သည် ထ၍ အမိကိုကောင်းကြီးပေးတတ်ကြ၏။ (သုတ္တံ ၃၁း၂၈)။

လေ့လာရမည့် ကျမ်း – သုတ္တံ ၃၁း၁၀-၃၁။

မိခင်ဆိုသည်မှာ လူသားတိုင်းနှင့် သက်ဆိုင်သော သင်္ကေတတစ်ခု ပင်ဖြစ်သည်။ မိဘမေတ္တာသည် ကြီးမားအံ့ သြဘွယ်ကောင်းလှ၏။မိဘ၏ကြီးမားသော မေတ္တာတရားသည် ဘုရားသခင်၏မေတ္တာတော်မှရောင်ပြန်ဟပ်မှုများသာ ဖြစ်သည်။ မိဘ၏ကြီးမားသောမေတ္တာတရားကိုမြင်တွေ့လာရသောအခါ မမြင်ရသောဘုရားသခင်၏ မေတ္တာတော်ကိုပိုမိုထင်ရှားခွာ ခံစားလာရသည်။

မိခင်များနေ့ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ

၁။ သာမန်နေ့များထက် ထူးခြား၍ ဂုဏ်ပြုထိုက်သူများအား ဂုဏ်ပြုရသောအခွင့်အရေးတစ်ရပ်ပင်ဖြစ်သည်။

၂။ မိခင်များအတွက် လူတိုင်းကိုပေးသော ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းရန်။

၃။ သားသမီးတိုင်း မိဘမေတ္တာကို နားလည်တန်ဖိုးထားတတ်ရန်။

၄။ ကိုယ်တိုင်မိခင်ဘဝကို ကြိုတင်ပြင်ဆင်နိုင်ဖို့ရန်ဖြစ်သည်။

အမေနှင့် ပတ်သက်၍ ပညာရှင်များ၏ အဆိုအမိန့်များ

၁။ ကလေးတို့၏ ကံကြမ္မာကို သူ၏မိခင်ကသာဖန်တီးသည်။

(ပြင်သစ်ဧကရာဇ် နပိုလီယံဘိုနာပတ် ၁၇၆၉ – ၁၈၂၁)

၂။ ကျွန်ုပ်နှင့်ကျွန်ုပ်အောင်မြင်မှုသည် ကျွန်ုပ်မိခင်၏ ကျေးဇူးတရားများကြောင့်သာဖြစ်သည်။ (၁၆) ဆက်မြောက် အမေရိကန်သမ္မတကြီးအေဘရာဟင်လင်ကွန်း (၁၈၀၉-၁၈၆၅)

၃။ မိခင်သည် မည်သည့်နေရာတွင်မဆို အစားဝင်နိုင်သော်လည်း သူ့နေရာကို မည်သူမျှ အစားမထိုးနိုင်ချေ။(အမေရိကန် ဘုန်းတော်ကြီးတစ်ဦး)

၄။ ကမ္ဘာကြီးအား လက်ရှိ မကောင်းသော အခြေအနေမှ ကင်းစင်ပပျောက်အောင် ပြုပြင်လိုလျှင် မိခင်များနှင့်သာ စတင်လုပ်ဆောင်ရမည်။ (အမေရိကန်ဘုန်းတော်ကြီး စာပေပညာရှင် ချားလ်ဆိုင်မွန် ( ၁၇၉၈-၁၈၅၆ )

၅။ ပြော၍မကုန်သောအရာသည်မိခင်တို့၏ အကြောင်းများသာဖြစ်သည်။ (ရုရှားစာရေးဆရာဂေါ်ကီ)

၆။ မိခင်၏ စိတ်မချမ်းသာမှုကို မပြုလုပ်သော သားများနှင့်သာ ကျွန်ုပ်မိတ်ဆွေဖြစ်လိုသည်။ (ပြင်သစ်သမိုင်းပညာရှင် ဂျင်ချား)

၇။ ဘုရားသခင်သည် သူ့ကိုယ်စားမိခင်များကို စေလွှတ်ထားသည်။(ဂျူးစကားပုံ)

  1. မိခင်များ၌တွေ့ရသော ဘုရားသခင်၏ဆုကျေးဇူးများ

(၁) ချစ်ခြင်းမေတ္တာ

ဘုရားသခင်သည်လူသားတိုင်းကိုတစ်ဘက်သတ်မေတ္တာဖြင့်သက်စွန့်ချစ်သလိုမိခင်တိုင်းသည်လည်းမိမိ၏သားသမီးအားလုံးကိုညီမျှစွာချစ်ကြသည်။တောင်းဆိုးပလုံးဆိုးစွန့်ပစ်ရိုးထုံးစံရှိသော်လည်းသားသမီးမည်မျှပင်ဆိုးပါစေ၊စွန့်ပစ်ရိုးထုံးစံမရှိချေ။မိခင်တိုင်းသည်သားသမီးအားလုံးအတွက်လိုအပ်လာလျှင်အသက်စွန့်ချစ်ဖို့ဝန်မလေးသူများဖြစ်သည်။သမ္မာကျမ်းစာ၌ (၃ရာ၃း၁၆-၂၈) ပြည့်တန်ဆာမိန်းမနှစ်ယောက်၏ကလေးလုပွဲကိုတွေ့ရှိရသည်။စစ်မှန်သောမိခင်သည်သားသမီးများအသက်ရှင်သန်ဖို့ရန်အတွက်မိမိအသက်တာကိုချစ်ခြင်းမေတ္တာအပြည့်ဖြင့်အသက်ရှင်ခဲ့ကြောင်းတွေ့ရသည်။မိခင်တစ်ဦး၏မေတ္တာ (A Mother’s Love) အဖြစ်အပျက်ကိုဖေါ်ပြပါရစေ။တစ်ခါကတောင်ခြေတစ်ခုရှိရွာကလေးတစ်ရွာတွင်တောင်သူလယ်သမားလင်မယားနေထိုင်ကြသည်။နံနက်တိုင်းခင်ပွန်းဖြစ်သူတောင်သူကြီးမှာသူ့အိမ်နှင့်မိုင်အနည်းငယ်ဝေးသောယာခင်းသို့လုပ်ငန်းခွင်ဝင်ရ၏။ဇနီးမှာအိမ်အလုပ်နှင့်အလွန်အလုပ်များနေသောအိမ်ရှင်မဖြစ်သည်။သူ၏ကလေးမှာလသားရွယ်သာရှိသေးသည်။သူတို့ခွေးလိမ္မာတစ်ကောင်ရှိ၍ထိုခွေးသည်ကလေးပုခက်ဘေးတွင်အမြဲစောင့်ရှောက်နေသည်။တစ်နေ့အမေကအလုပ်များနေချိန်လေးမှာအိမ်ရှေ့၌နေပူစာလှုံလျက်ရှိရာရုတ်တရက်ငှက်ကြီးတစ်ကောင်သည်ကောင်းကင်မှဆင်းလာပြီးကလေးအိပ်နေသောပုခက်အားခြေထောက်ဖြင့်ကုပ်တွယ်ကာပျံတက်သွား၏။ငှက်ကြီးသည်တဖြည်းဖြည်းကောင်းကင်သို့ပျံသန်းမြင့်တက်သွားသည်ကိုအလုပ်လုပ်နေသူများကအလုပ်မှရပ်၍ကလေးပုခက်နှင့်ငှက်ကြီးအားကြည့်နေကြသည်။

အားလုံးကြည့်နေစဉ်မှာငှက်ကြီးသည် တောင်ထိပ်ဆီသို့ဦးတည်၍ကလေးနှင့်ပုခက်ကို တောင်ထိပ်၌ ချထား၍ အဝေးသို့ ပျံသွားလေသည်။ လူများသည် တောင်ခြေသို့စုရုံးရောက်ရှိလာသောအခါ အမျိုးသမီးများ၏မျက်နှာများမှာအထိတ်တလန့် ဖြစ်နေသလိုအမျိုးသားများမှာလည်း မျက်နှာညှိုးငယ်လျှက်ရှိသည်။အမှန်စင်စစ် သူတို့ သည်သတ္တိရှိသူများဖြစ်သည်။ သို့သော် သူတို့ အချင်းချင်းမှာရှိသော အစွမ်းနှင့်တော့ တောင်ထိပ်သို့တက်ရန်တော့ မဖြစ်နိုင်ဘူးဟု တညီတညွတ်တည်းဆိုကြသည်။ အကြောင်းမှာ တောင်ထိပ်သည်အလွန်မတ်စောက်သောကြောင့်ဖြစ်သည်။ ထိုသို့ကြည့်နေစဉ်တောင် ထိပ်သို့ပြေးတက်သွားသူမှာ ကလေး၏အမေပင်ဖြစ်သည်။ ကြည့်နေသူများကမတက်ဖို့အော်ပြီး တားမြစ်သော်လည်း ကလေးအမေသည် တဖြည်းဖြည်းတက်မြဲတက်လျက်ရှိသည်။ အချို့မှာ ကြည့်ပင်မကြည့်ရဲတော့ အမေသည် သူကိုယ်သူကျသေမည့်အန္တရာယ်ကို လုံးဝဂရုမစိုက်ခဲ့ချေ။ သူ၏အတွေးမှာ သူ့ကလေးအသက်ရှင်ဖို့တစ်ခုတည်းသာဖြစ်သည်။ တောင်ထိပ်သို့ ရောက်သောအခါ သားအား ကြင်နာစွာပွေ့ချီပြီး၊ တောင်ခြေသို့ပြန်ဆင်းလာခဲ့သည်။ အမေသည်အတက်တုန်းကလိုပင် ဘေးအန္တရာယ်

ကင်းရှင်းစွာဖြင့် တောင်ခြေသို့ပြန်ဆင်းလာနိုင်မည်လောဟု ကြည့်သောသူတိုင်း၏ စိတ်ထဲတွင် ထိုမေးခွန်းက စိုးရိမ်ကြီးစွာ ဖြစ်ပေါ်လာသည်။

ကလေးအမေ ဘယ်လိုဆင်းလာခဲ့သည်ကို ဘယ်သူမှ အတတ်မပြောပြနိုင်ပါ။ တစ်ခုတော့ရှိသည် တစ်ခါတစ်ရံ မိခင်တို့၏မေတ္တာသည်မဖြစ်နိုင်သည်ဟုဆိုသောအရာကို လုပ်နိုင်စွမ်းရှိကြသည်။

(၂) အနစ်နာခံခြင်း

မိမိအသရေကိုစွန့်၍ အစေခံကျွန်၏သဏ္ဍာန်ကိုယူဆောင်လျက်လူကဲ့သို့သောအဖြစ်၌ဘွားမြင်ခြင်းကိုခံတော်မူ၏။ ထိုသို့လူ၏ ဂုဏ်သိက္ခာနှင့် ပြည့်စုံလျက် အသေခံခြင်းသာမဟုတ် လက်ဝါးကပ်တိုင်မှာခံခြင်းတိုင်အောင် အစေခံကျွန်ခံ၍ ကိုယ်ကို နှိမ့်ချတော်မူ၏။ (ဖိလိပ္ပိ ၂း၇-၈)။

သခင်ယေရှုသည် ကောင်းကင်ဘုံကိုစွန့်၍ လူ့ဇာတိကိုခံယူကာအနစ်နာခံ၍ အသက်စွန့်ကာပေးဆပ်သည်။ မိခင်တိုင်းသည် သူ၏မိသားစုတစ်ခုလုံးအတွက် အမြဲတမ်းအနစ်နာခံလျက်ရှိသော ပုဂ္ဂိုလ်ဖြစ်သည်။ ကျွန်တော်၏မိခင်အကြောင်းသက်သေခံပါရစေ။ ကျွန်တော်တို့မိသားစု(ရှစ်)ယောက်ရှိပါသည်။ ငယ်ငယ်က အမေသည် ကြက်သားဟင်းချက်လျှင် ကျွန်တော်တို့အားလုံးကို ဘယ်အပိုင်းစားကြမလဲလို့မေးပါ၏။ညီအစ်ကိုမောင်နှမများက ကြိုက်နှစ်သက်ရာ (ပေါင်၊ ရင်အုံ၊ အသဲအမြစ်)ပြောကြသည်။ အမေက သားသမီးများရွေးပြီး ကျန်သော ကြက်ခြေထောက်ကိုပဲ ရွေးလေ့ရှိသည်။ ငယ်ငယ်က အမေက ကြက်ခြေထောက်ကြိုက်လို့ ရွေးတာပဲလို့ ထင်ခဲ့ပေမယ့် အရွယ်ရောက်လာသည့်အခါ အမေသည် သားသမီးများအတွက် အနစ်နာခံခဲ့ကြောင်းကို တွေ့ခဲ့ရ၏။အိမ်ထောင်တိုင်းတွင် အနစ်နာခံသောပုဂ္ဂိုလ်များမှာ မိခင်များသာဖြစ်ပါသည်။

(၃) ရန်ကို ငြိမ်းသောသူများ

သင်တို့သည် အထက်ကဝေးလျက်ရှိသော်လည်း ယခုမှာ ယေရှုခရစ်၌ဖြစ်၍ အသွေးတော်အားဖြင့် အနီးသို့ ရောက်ကြပြီး အဘယ်သို့နည်းဟူမူကား ထိုသခင်သည် ငါတို့၏ ရန်ငြိမ်းခြင်းအကြောင်း ဖြစ်တော်မူ၏။ (ဧဖက် ၂း၁၃-၁၄)။

ဘုရားသခင်သည် လူသားအားလုံးအတွက် ရန်ငြိမ်းခြင်းအမှုကိုခရစ်တော်အားဖြင့် ပြုလုပ်ခဲ့သည်နည်းတူ အိမ်တွင်မိခင်များသည် ရန်ငြိမ်းခြင်းအမှုကို ပြုလုပ်သောသူများဖြစ်သည်။ အဖေနှင့်သားသမီးအကြား၊ သားသမီး အချင်းချင်းအကြား ရန်ငြိမ်းခြင်းအမှုကို အမြဲပြုလုပ်ပေးနေသူများဖြစ်သည်။

(၄) မိမိကိုယ်ကို မိမိငြင်းပယ်၊ မိမိလိုအင်ဆန္ဒကို မဖော်ထုတ်ပါ။

အကျွန်ုပ်အဘ၊ ဤခွက်သည် အကျွန်ုပ်ကို လွန်သွားနိုင်လျှင်လွန်သွားပါစေ။ သို့သော်လည်း အကျွန်ုပ် အလိုအတိုင်း မဖြစ်ပါစေနှင့်။ကိုယ်တော်အလိုရှိသည် အတိုင်းဖြစ်ပါစေဟု ဆုတောင်းတော်မူ၏။(မဿဲ၂၆း၃၉)။

သခင်ယေရှုသည် မိမိအလိုဆန္ဒကို ငြင်းပယ်၍ ခမည်းတော်အလိုအတိုင်း လူသားတစ်ရပ်လုံးကယ်တင်ခြင်းရရှိဖို့ ရန် လက်ဝါးကပ်တိုင်၌ အသေခံသည့်နည်းတူ မိခင်တိုင်းသည် မိမိမှာ အမှန်တကယ်လိုအပ်သော အရာများစွာ ရှိနေသော်လည်း ခင်ပွန်းသည်နှင့် သားသမီးတိုင်းအတွက် အမြဲတမ်းကိုယ်ကျိုးစွန့်၍ ပေးဆပ်အသက်ရှင်သူများ ဖြစ်သည်။

  1. မိခင်များမှာမည်ကဲ့သို့ အသက်ရှင်ရမည်နည်း

(၁) ဘုရားသခင်ကို မျှော်လင့်သောမိခင်များ (ဟေရှာယ ၄၀း၃၁)

အချို့ မိခင်များသည် အိမ်ထောင်၏ အခက်အခဲများကိုအများဆုံး ဖြေရှင်းပေးနေသူများဖြစ်သောကြောင့် ပြဿနာများကို ဖြေရှင်းနိုင်သော ဘုရားသခင်ထက် ခင်ပွန်းသည်၊ ဆွေမျိုးသားချင်းများနှင့်အလောင်းအစားများကိုသာ အစားထိုး ဖြေရှင်းတတ်သဖြင့် အိမ်ထောင်မှာ မလိုလားအပ်သော ဆိုးကျိုးများအား ရင်ဆိုင်လာခဲ့ရသည်။ မိခင်တိုင်းအားဖြင့် ဘုရားသခင်ထံမှ ကောင်းချီးမင်္ဂလာသည် အိမ်ထောင်တိုင်းခံစားဖို့ရန်အတွက် ဘုရားသခင်ကို မျှော်လင့်သောမိခင်များ ဖြစ်ရပါမည်။

တစ်ခါကငယ်ငယ်ရွယ်ရွယ်နှင့်ခင်ပွန်းသည်သေဆုံးသွားသောမိခင်တစ်ဦးအကြောင်းဖော်ပြပါရစေ။ခင်ပွန်းသည်သေဆုံးချိန်တွင်သားသုံးဦးကျန်ရစ်ခဲ့သည်။

သားများကဖခင်မရှိတော့သည့်အတွက်ဝမ်းနည်းကြေကွဲကာအနာဂတ်အတွက်စိုးရိမ်လျက်ရှိသည်။အမေကသားသုံးဦးအားခေါ်လျက်သားတို့ဘာမှမပူနဲ့အဖေမရှိတော့သော်လည်းအဖေထားခဲ့တဲ့ဘဏ်စာအုပ်အမေ့မှာကျန်ခဲ့တယ်။အဖေရှိတုန်းကလိုသားတို့လိုအပ်တဲ့အရာကိုအမေဝယ်ပေးမယ်။ဒါပေမယ့်တစ်ပတ်ကြိုတောင်းရလိမ့်မယ်။ဘဏ်စာအုပ်ဖြစ်တဲ့အတွက်အဖေ့အိတ်ထဲကပိုက်ဆံလိုချက်ချင်းရမှာမဟုတ်ဘူး။သွားထုတ်ရမှာဖြစ်တဲ့အတွက်ဖြစ်တယ်။စိုးရိမ်နေသောသားသုံးဦးမှာအဖေထားခဲ့တဲ့ဘဏ်စာအုပ်ကြောင့်စိတ်ဓါတ်ပြန်လည်တက်ကြွလာခဲ့သည်။သားသုံးဦးမှာလိုသောအခါတိုင်းကြိုတင်တစ်ပတ်တောင်းခဲ့သည်အတွက်သူတို့၏အခက်အခဲအားလုံးပြေလည်သွားခဲ့သည်။အမေ့၏အသက်(၇၀) မွေးနေ့မှာသားကြီးကပြန်သတိရသည်။

ငါတို့ ငယ်ငယ်က ဘဏ်စာအုပ်ကြောင့် စိတ်ဓါတ်မကျဘဲ ယခုကဲ့သို့ ငါတို့သုံးယောက်စလုံး အရာရှိ ဘဝရောက်ရှိခဲ့တာ။ ဘဏ်စာအုပ်ကျေးဇူးကြောင့်ပဲ။ ဒီဘဏ်စာအုပ်ကို အမေ့ဆီမှာ တောင်းကြည့်ရအောင်ဟု အမေအား ပြန်ပြောရာ အမေက ဒိုင်ယာရီအဟောင်းထဲကဘဏ်စာအုပ်ကို ထုတ်ပြရာမှ သားသုံးယောက်စလုံး အံ့သြတုန်လှုပ်ခဲ့ရသည်။ အကြောင်းမှာ အဖေသေဆုံးချိန်တွင် ဘဏ်စာအုပ်၌ ငွေလက်ကျန်တပြားမှ မရှိတော့ချေ။ အမေက သားတို့ကို ငယ်ငယ်တုန်းက ညာခဲ့တာလားဟုမေးခဲ့ရာ သားတို့ကို အမေမညာခဲ့ပါဘူး။ အဖေထားခဲ့တဲ့ ဘဏ်စာအုပ် ကျန်ခဲ့တယ်လို့ပဲ ပြောခဲ့တာ။ ဘဏ်စာအုပ်ဆိုတာ အသွင်းမရှိလျှင် ပြန်ထုတ်လို့မရဘူး အမေ့ရဲ့ ဘဏ်စာအုပ်က ကောင်းကင်ဘုံမှာဖွင့်ထားတာ။ အမေကသားတို့လိုအပ်တယ်လို့ပြောတဲ့နေ့ကစပြီး ညစဉ်တစ်ပတ်လုံး ဆုတောင်းခြင်းဖြင့် သားတို့လို အပ်မှုတွေကို ဖြည့်ဆည်းခဲ့သောကြောင့် သားအားလုံးအရာရှိများဖြစ်ကာ ယခုလိုနေခဲ့ရတာကအမေ့ရဲ့ ဘဏ်ကို ဆုတောင်းခြင်းဖြင့်ထုတ်ခဲ့တာဖြစ်တယ်။ အမေ့ရဲ့ ဘဏ်သူဌေးက ဘုရားသခင်ပဲဖြစ်တယ်လို့အမေကသူ့မွေးနေ့မှာ သက်သေခံခဲ့သည်။ မိခင်တိုင်း ကောင်းကင်ဘုံ၌ ဘဏ်စာရင်းဖွင့်ပြီး နေ့စဉ်တွေ့ကြုံရယာ ပြဿနာများကို ဖြေရှင်းပေးနိုင်သောဘုရားသခင်ဆီမှာဆုတောင်းဝတ်ပြုခြင်း၌ မွေ့လျော်သော မိခင်များကို တွေ့ရှိရသည်။

၄င်းတို့မှာ-

၁။ မိခင်ဟန္ဒအသက်တာ (၁ရာ ၁း၉-၁၈)

၂။သားသမီးအတွက်အန္တရာယ်ကိုကာကွယ်သောမိခင် (ထွက် ၂း၁-၈)

၃။ မယ်တော်မာရိအသက်တာ (လုကာ ၁း၃၄-၃၈)

(အလိုတော်ကို ဝန်ခံသော အသက်တာ)

လောကမှာ အစားထိုး၍မရသောအရာမှာ မိဘနှင့် အချိန်ဖြစ်သည်။ အစားထိုး၍မရသောမိဘများကို ကြည့်ရှုစောင့်ထိန်းခြင်းအားဖြင့်ဘုရားသခင်ပေးတော်မူသော အသက်ရှည်ခြင်းနှင့် ကောင်းခြင်းမင်္ဂလာနှစ်ပါးကို ရယူပိုင်ဆိုင်ဖို့မှာ သားသမီးတိုင်း၏တာဝန်ပင်ဖြစ်သည်။

မိဘတိုင်းအပေါ်၌ ထားရှိရမည့် သားသမီးများ၏ တာဝန်ဝတ္တရားများ

၁။ ငါအိုသွားသောအခါ ငါဟာ အရင်ကလို မဟုတ်တော့ဘူး။ ငါ့ကိုနားလည်ပေးပါ၊ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။

၂။ ချည့်နဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ် ဖိတ်စင်သွားတဲ့အခါအင်္ကျီ၊ လုံချည် ဖိုသီဖတ်သီ ဖြစ်နေတဲ့အခါ ငါ့ကိုမရွံပါနဲ့၊ ငယ်ငယ်တုန်းက ငါသုတ်သင်ပေးတာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။

၃။ အပ်ကြောင်းထပ်ကာ ပြောဖူးတဲ့စကားတွေ ငါပြန်ပြောမိတဲ့အခါစကားမဖြတ်ဘဲ ကျေးဇူးပြုပြီးနားထောင်ပေးပါ။ ငယ်ငယ်တုန်းကအိပ်ရာဝင်တိုင်း ပုံပြင်တွေကို မရိုးနိုင်အောင်ပြောရင်း ငါချော့သိပ်ခဲ့ဘူးတာတွေကို သတိရပေးပါ။

၄။ မလှုပ်ရှားနိုင်လို့ ရေချိုးဖို့ အကူအညီလိုတဲ့အခါ ငါ့ကို မငြိုငြင်ပါနဲ့။ငယ်ငယ်တုန်းက ချော့တစ်လှည့်၊ ခြောက် တစ်လှည့် ရေချိုးပေးခဲ့ဖူးတဲ့ပုံရိပ်လေးကိုပြန်မြင်ယောင်ပေးပါ။

၅။ ခေတ်သစ်နည်းပညာတွေကို မသိနားမလည်ခဲ့ရင် မလှောင်ပါနဲ့။နှလုံးသားမှ နှလုံးသားဆီသို့ ငယ်ငယ်တုန်း က “ဘာကြောင့်ဆိုတဲ့”မေးခွန်းတိုင်းကို စိတ်ရှည်စွာငါပြန်ခဲ့တာကို သတိရပေးပါ။

၆။ စိတ်သွားတိုင်းကိုယ်မပါ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့အခါ ခွန်အား ပါတဲ့ လက်တစ်စုံနဲ့ ငါ့ကိုတွဲပေး ကြပါ။ မင်းကို ငယ်ငယ်တုန်းလမ်းလျှောက်သင်စအရွယ်တုန်းက တစ်လှမ်းချင်း လှမ်းလျှောက်ကျင့်ပေးရုံမက လမ်းမှန်ညွှန်ပြခဲ့တဲ့ ကျေးဇူးကိုသတိရပေးပါ။

၇။ အသက်ကြီးလာလို့စကားပြောတဲ့အခါ ရှေ့နောက်မညီဘဲ အကြောင်းအရာတွေကို ငါမေ့တဲ့အခါ အချိန်ပေးပြီး စဉ်းစားခွင့်ပေးပါ။ အကြောင်းအရာတွေက ငါ့အတွက်အရေးမကြီးပါဘူး။ ဘေးကနေပြောသမျှကို နားထောင်ပေးရင် ကျေနပ်ပါပြီ။

၈။တစ်နေ့ထက်တစ်နေ့ အိုစာသွားတဲ့ငါ့ကိုကြည့်ပြီး ဝမ်းမနည်းပါနဲ့ နားလည်ပေးပါ။ အားပေးပါ။ အရင်တုန်းက လူ့ဘဝတက်လမ်းအတွက်ငါလမ်းညွှန်ခဲ့သလို အခုချိန်မှာငါ့ဘဝနောက်ဆုံးအချိန်အတွက်အဖေါ်ပြုပေးပါ။ အချစ်နဲ့အေးမြမှုအတွက် ငါပြုံးပြုံးလေးလက်ခံသွားမှာပါ။ အဲ့ဒီအပြုံးတွေထဲမှာ မဆုံးနိုင်တဲ့ငါ့မေတ္တာတွေကို တွေ့ရမှာပါ။

ဤတရားဟောချက် ရေးသားချိန်၌ပင် ရေဒီယိုမှ အမေနှင့်ပတ်သက်သော သီချင်းသုံးပုဒ် ထုတ်လွှင့်တာနှင့် ကြုံဆုံခဲ့ရသည်။ ထိုသည်က တိုက်ဆိုင်မှုတစ်ခုဟု မယူဆပါ။ ဘုန်းတော်ဝင်စားပြီးဖြစ်သောအမေသည် ကျွန်တော်နဲ့အတူ တစ်သက်လုံးရှိနေပြီး ကျွန်တော်၏ အမှုတော်ဆောင်ခြင်းကို အင်တိုက်အားတိုက်ပါဝင်ပေးလျက်ရှိနေကြောင်းကိုကိုယ်တိုင် ဆောင်ရွက်ခြင်းအတွင်း၌ သိရှိခံစားရပါသည်။ ဤတရားဟောချက်ဖြင့် ဂုဏ်ပြုခြင်းကို ခံထိုက်သောကမ္ဘာပေါ်ရှိ မိခင်တိုင်းနှင့် ကောင်း

ကင်ဘုံသို့ ရောက်နှင့်ပြီးဖြစ်သော မိခင်ကြီးအတွက် ဂုဏ်ပြုလိုက်ပါသည်။သားသမီးတိုင်းမှာ မိခင်၏မေတ္တာကို နားလည်သဘောပေါက်လျက် မိဘကို ရိုသေစွာပြုစုခြင်းအားဖြင့် ဘုရားသခင်ပေးသော ကောင်းချီးမင်္ဂလာများစွာကို ရယူပိုင်ဆိုင်နိုင်သောသူများ ဖြစ်စေနိုင်ဖို့ရန် မေတ္တာဖြင့် ဝေငှလိုက်ပါသည်။

၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ (၂၆) ရက်နေ့တွင် ဘုန်းတော်ဝင်စားခဲ့သော အမေ ဒေါ်ပယ်စီအား လေးစားစွာဖြင့်

မှီငြမ်းသော စာအုပ်များ

ဆရာကြီး ဦးမင်းသူရိန်

ဆရာယုဒဿန် (သမ္မာကျမ်းစာ)

အမေနှင့် အမေ့အကြောင်း (ဆရာချစ်စံဝင်း)

ကိုသာဖြူနေ့ (Ko Tha Byu Day)

ဦးသာဖြူသည် ကရင်အမျိုးသားများအဖို့ အဦးသီးသောသူတစ်ယောက်အဖြစ် ဂုဏ်ယူခဲ့ရသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ သခင်ခရစ်တော်ကို သိရှိလက်ခံယုံကြည်ပြီးနောက် ကရင်လူမျိုးများကို သာသနာပြုခဲ့သည်သာမကအခြားသောနေရာများသို့လည်း သွားရောက်၍ သာသနာပြုခဲ့သည်။ကရင်လူမျိုးများက “ဖူးသာဖြူ ဟု အမြတ်တနိုးခေါ်ဆိုကြသည်။

“ဘိုးသာဖြူသည် ၁၇၇၅ ခုနှစ်တွင် ပုသိမ်အနောက်မြောက်ဘက်ရှိ၊ အုန်းတောရွာ၌မွေးဖွားခဲ့သည်။ သူသည်အလွန်ဆိုးသွမ်းသောလူငယ်တစ်ယောက်ဖြစ်ပြီး၊ အသက် (၁၅) နှစ်တွင် အိမ်ပေါ်မှဆင်းသွားကာ နောက်ဆုံး ဓားပြဗိုလ်ဖြစ်လာသည်။ ဤသို့ပြဖြစ်လာပြီးနောက်လူပေါင်း (၃၀)ထက်မနည်း သတ်ခဲ့သည်။ ထို့နောက် စားဝတ်နေရေးအကျပ်အတည်းဖြစ်ကာ သူတစ်ပါးထံမှငွေချေးခဲ့သဖြင့် အကြွေးများစွာတင်ခဲ့သည်။ နောက်ဆုံးအကြွေးများ ပြန်လည်မဆပ်နိုင်သည့်အတွက်အကြွေးရှင်၏ ကျွန်အဖြစ်အလုပ်လုပ်ပေးရသည်။ ထိုအချိန်က ကျွန်စနစ်ကို တွင်ကျယ်စွာကျင့်သုံးခဲ့သည်။ သူ့ကို လူစည်ကားသော ဈေးတစ်နေရာတွင် ကြိုးဖြင့် ချည်ထားပြီး၊ ငွေရှင်ကြေးရှင်များက အရောင်းအဝယ်လုပ်ကြသည်။ ထိုအချိန်တွင် မြန်မာအမျိုးသား ကိုရွှေဘေးဆိုသူက ဘိုးသာဖြူအား ကျွန်အဖြစ်နှင့်ရောင်းချသည်ကို တွေ့ရှိသွားပြီး၊ “ဒီလူကြီးကိုငါသနားမိပါသည်” ဟု ပြောလျက်၊ ငွေတစ်ဆယ်ကျပ်ဖြင့် ဝယ်ယူခဲ့သည်။

ထို့နောက် ဘိုးသာဖြူအားဆရာကြီးယုဒဿန်ဆီ ခေါ်ဆောင်ခဲ့ပြီး၊ ကိုရွှေဘေးကိုယ်တိုင် ဘိုးသာဖြူကို စာသင်ပေးခဲ့သည်။ ခက်ခက်ခဲခဲ ကြိုးစားသင်ပေးရသော်လည်း၊ ကိုရွေဘေးသည် စိတ်မပျက်ဘဲ မေတ္တာစေတနာအရင်းခံလျက်၊ စိတ်ရှည်စွာဖြင့် သင်ကြားပေး ခဲ့ပြီး၊ ၁၈၂၈ ခုနှစ်၊ မေလ(၁၆) ရက်တွင် ဆရာကြီးသော့ဒ်မင်း (Boardman)က နှစ်ခြင်းမင်္ဂလာပေးခဲ့သည်။ သူသည် ထားဝယ်မြို့ ထန်းတောရေကန်မှာ နှစ်ခြင်းမင်္ဂလာခံယူခဲ့သည်။

ဘိုးသာဖြူသည် စိတ်ဆတ်၊ စိတ်မြန်သူဖြစ်သဖြင့် သွက်လက်ဖြတ်လတ်သည်။ ဆရာဦးရွှေဘေးက စာသင်ပေးသောအခါ တစ်ခါတစ်ရံဆရာဦးရွှေဘေးအား တော်လှန်ပြီးသတ်ဖြတ်ရန်အထိဖြစ်ခဲ့သည်။ သို့သော်လည်း ဦးရွှေဘေး၏ သည်းခံနိုင်ခြင်း၊ နှိမ့်ချခြင်းတို့ကြောင့် ဘိုးသာဖြူသည်ဆရာကြီးယုဒဿန်အတွက် အကူအညီပေးသောသူဖြစ်လာသည်။ သူ့အသက်တာမပြောင်းလဲသေးခင်က လူကိုသတ်ဖြတ်ဖို့ရန် လက်မနှေးသူဖြစ်သည်။ သို့သော်အသက်တာပြောင်းလဲလာပြီးနောက်တွင်ဘုရားသခင်၏သာသနာလုပ်ငန်းအတွက် လက်မနှေးသူတစ်ဦး ဖြစ်လာခဲ့ပါသည်။ တစ်ခါက ဘိုးသာဖြူသည် သာသနာပြုရန် ပင်လယ်ဘက်သို့လှေဖြင့် ခရီးထွက်ခွာစဉ် လေမုန်တိုင်းမိသဖြင့် နစ်မြုပ်လုနီးပါးဖြစ်ခဲ့သည်။ ထိုအချိန်တွင် အခြားသောသူများက သေရမည်ကို ကြောက်သော်လည်း မိမိကဧဝံဂေလိတရား မဟောကြားရမည်ကို စိုးရိမ်သည်ဟုပြောလျက် ဘုရားသခင်အတွက် စိတ်အားထက်သန်ခဲ့သည်။ နောက်တစ်ကြိမ်တွင် သာသနာပြုရန် ဆရာကြီးယုဒဿန်၊ ဆရာကော့ဒ်မန်း၊ ဆရာမစ်စီ၊ဘိုးကွာလာ၊ တခြားသူများနှင့်အတူ ကရင်တိုင်းရင်သားကျေးရွာများသို့ခရီးပြုခဲ့သည်။ ကျေးလက်တောရွာရှိ ကရင်အမျိုးသားများအနေဖြင့်နိုင်ငံခြားသားများကိုတွေ့ရသည့်အခါ အလွန်ထူးဆန်းသဖြင့် ထွက်ပြေးကြသည်။ ဘိုးသာဖြူနှင့် အခြားသောသူများက ပြန်လည်ဖိတ်ခေါ်ပြီးနားလည်အောင်ရှင်းပြ ပြောပြခဲ့ရသည်။ ရွာသူရွာသားများအတွက်သတင်းကောင်းဖြစ်သော ရွှေစာပေ၊ ငွေစာပေ ဟူ၍ ပြောစမတ်ရှိကြသည်။ ထို့ကြောင့်လည်း တစ်ချို့ခရစ်ယာန်အများစု နေထိုင်သောရွာကိုစာဖြူစုဟူ၍ ယနေ့တိုင်ခေါ်ကြသည်။

ဘိုးသာဖြူသည် ဧဝံဂေလိတရားလိုက်လံဟောပြောရန် စိတ်အားထက်သန်သည့်အလျောက် သူသွား လာသောနေရာများမှာ ထားဝယ်နှင့်အနီးအနား ကျေးရွာများ၊ မော်လမြိုင်နယ်၊ ရန်ကုန်နယ်၊ ညောင်လေးပင်နယ်၊ ဇင်းမယ် (ယိုးဒယား) အနီးတစ်ဝိုက်နှင့် ရခိုင်နယ်ဘက်တို့ပါ ပါဝင်သည်။ တစ်ခါတစ်ရံ ထမင်းငတ်သည်အထိ ကြုံရသည်၊ ပညာရေးပိုင်းတွင် အားနည်းသော်လည်း အလွန်ဆက်ကပ် ဆုတောင်းပြီး၊ သမ္မာကျမ်းစာကိုလည်း အမြဲဖတ်ရှုလေ့လာခဲ့သဖြင့် သူ၏သာသနာပြုခရီးစဉ်တိုင်း၊အောင်မြင်မှုရရှိခဲ့သည်။ သမ္မာကျမ်းစာကို လွယ်ကူစွာနှင့် ရှင်းလင်းစွာဟောပြောနိုင်သဖြင့် ကြားရသောသူများအတွက် ထိရောက်စွာနားလည်စေနိုင်ခဲ့သည်။ တစ်နေ့လျှင် သုံးကြိမ်၊ လေးကြိမ် ခွန်အားရယူသည်။သူသည် အသက် (၆၂) နှစ်ရှိသောအခါ ကျန်းမာရေးအနည်းငယ် ချို့ယွင်းလာသော်လည်း၊ ဘုရားသခင်၏သာသနာလုပ်ငန်းအတွက် စိတ်ဓါတ်မလျော့ဘဲ၊ နောက်ဆုံး ခရီးစဉ်တွင် ဆရာအားဘတ်နှင့်အတူ ရခိုင်ပြည်နယ်ဘက်သို့ ခရီးဆက်လက်ထွက်ခွာခဲ့သည်။ တောရွာများသို့ လှည့်လည်ကာ ဧဝံဂေလိတရားတော်များ ဖြန့်ဝေဟောပြောသက်သေခံခဲ့သည်။ ထိုနေရာဒေသများတွင် ငှက်ဖျားအလွန်ပေါသဖြင့် ဘိုးသာဖြူသည် ငှက်ဖျားရောဂါပြင်းထန်စွာခံစားရပြီး နောက်ဆုံးတွင် သံတွဲမြို့၌ ဘုန်းတော်ဝင်စားခဲ့သည်။ ၁၈၄၀-ခုနှစ်၊ စက်တင်ဘာလ (၉) ရက်နေ့တွင် အဖဘုရားထံတော်မှ ခေါ်သံကြားရသည်။ ဘိုးသာဖြူ၏ကြိုးစားမှုကြောင့်(၁၂)နှစ် အတွင်း ဧဝံဂေလိလုပ်ငန်းတွင် ဆက်ကပ်ရာ လူပေါင်း (၁၂၇ဝ)ယောက် သခင်ခရစ်တော်ကို ယုံကြည်လက်ခံလျက် ပြောင်းလဲလာခဲ့သည်။

ထို့ကြောင့်ကရင်တိုင်းရင်းသားများအတွက် မေ့မရနိုင်သော တန်ဖိုးကြီးမားသည့် ဘုရားပေးလက်ဆောင် အဖြစ် ဘိုးသာဖြူကို အောက်မေ့ဖွယ်ရာခန်းမများ ဘုရားရှိခိုးကျောင်းများကိုတည်ဆောက်ကာ အထိမ်းအမှတ်ပြုကြသည်။ အဘိုး၏နှစ်ခြင်းမင်္ဂလာခံယူသောနေ့ကိုအစွဲပြုကာ အဘိုးကိုဂုဏ်ပြုသောအားဖြင့် မေလ (၁၆) ရက်နေ့ (သို့မဟုတ်) ထို့နေ့နှင့် အနီးဆုံးသော တနင်္ဂနွေနေ့ကို “ကိုသာဖြူနေ့” ဟု ရက်သတ်မှတ်ကာ ယနေ့တိုင်ကျင်းပလျက်ရှိသည်။

ထို့နေရက်တွင် ကရင်နှစ်ခြင်းအသင်းတော်များ၌ အထူးအစီအစဉ်တစ်ရပ်အဖြစ် ဝတ်ပြုကိုးကွယ်လျက် ဘိုးသာဖြူ၏အတ္ထုပ္ပတ္တိကိုပြောကြားသည်သာမက၊ အမှုတော်ဆောင်နေ့ဟူ၍ ဂုဏ်ပြု သတ်မှတ်လျက် ကျင်းပပြုလုပ်ခဲ့ကြသည်။ ၄င်းပြင် သာသနာပြုလုပ်ငန်းအတွက်အထူးအလှူငွေများ ပါကောက်ခံပါသည်။

ဘုရားသခင်၌စိုက်ပျိုးတည်ဆောက်ခြင်း

ကြည့် ရှုလော့။ သင်သည် နှုတ်ပယ်ဖြိုချဖျက်ဆီးမှောက်လဲရသောအခွင့်၊ တည်ဆောက်စိုက်ပျိုးရသောအ ခွင့်နှင့် သင့်ကို လူအမျိုးမျိုးတို့၏ တိုင်းနိုင်ငံများအပေါ်မှာ ယနေ့ငါခန့်ထားပြီဟုမိန့်တော်မူ၏။ (ယေရမိ ၁း၁၀)။

နိဒါန်း

ယေရမိသည် ယေရုရှလင်မြို့မြောက်ဘက် (၃) မိုင်ကွာအရပ်၌၊ဘီစီ ၆၅၃ တွင် မွေးဖွားခဲ့ပြီး သူ၏ဖခင်မှာ အာနသုတ်မြို့သား ယဇ်ပုရောဟိတ်နေဟိလဓိဖြစ်သည်။ ယေရမိသည် ယုဒနိုင်ငံတော်၏ နောက်ဆုံးနှစ်ကာလများ၌ ယေရုရှလင်မြို့တွင် ပရောဖက်ပြုခဲ့သူ ဖြစ်သည်။ အမိဝမ်းထဲကပင် ရွေးကောက်ခြင်းခံရသူဖြစ်သည်။ (ယေရမိ ၁း၅)။

ကျမ်းစောင်တစ်ခုလုံး၏ အဓိကတင်ပြချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။

၁။ အပြစ်သည် လူ၏နှလုံးသားထဲ၌ အမြစ်တွယ်နေသဖြင့် ယင်းကိုပြုပြင်ပြောင်းလဲရန် လိုအပ်သည်။

၂။ ဘုရားသခင်သည် အပြစ်နှင့်ပတ်သက်၍ စိတ်ရှည်ခြင်းရှိသော်လည်းသတ်မှတ်ထားသော အချိန်အတွင်း မပြောင်းလဲပါက ကြီးစွာသောစီရင်ခြင်းခံရမည်။

၃။ အမှန်တကယ် နောင်တရပြီး ဘုရားသခင်ထံပြန်လာလျှင် အပြစ်စီရင်ခြင်းမှ ကင်းလွတ်မည်။

၄။ ဘုရားသခင်သည် လူသားအားလုံးကို အပြစ်စီရင်ခြင်းမဟုတ်ဘဲကရုဏာဖြင့် ကြည့်ရှုသော ဘုရားသခင် ဖြစ်သည်။

၅။ ဘုရားသခင်သည် သမိုင်းတစ်ခုလုံး၏ အရှင်ဖြစ်ပြီး ထိုအရာထဲမှကျွန်ုပ်တို့အတွက် အကောင်းဆုံးကို စီစဉ်ထားသည်။

လူသားတိုင်းမိမိတို့၏ နှလုံးသားထဲ၌ နုတ်ပယ်ဖြိုချ၊ ဖျက်ဆီးမှောက်လှဲ ရမည့် အရာများ

၁။ ဒေါင်း – ဂုဏ်ပကာသနပေါ်တွင် ဝါကြွားထောင်လွှားပြီး မာန်မာနရှိသော သူ၏စိတ်နှလုံးသား (သုတ္တံ ၆း၁၇)။

၂။ ဝက် – မကောင်းမှုအပြစ်ထဲ၌ မွေ့လျော်ချင်သောစိတ်၊ ဘုရားသခင်မကြိုက်သော အလုပ်ကိုသာကြိုက်နှစ် သက်သောသဘောရှိသည်။(သုတ္တံ ၆း၁၈၊ ၂ပေ ၂း၂၂)။

၃။ လိပ် – ဘုရားတရားကိစ္စတွင် အချိန်ဆွဲတတ်သောစိတ်၊ စိတ်နှလုံးမာကြောပြီး ကိုယ့်အတွက်ပဲ ကြည့်တတ်သောသူ (ဒေသနာ ၈း၁၁)။

၄။ ကျား – နိုင်ထက်စီးနင်းပြုချင်သောစိတ်၊ ရက်စက်ကြမ်းကြုတ်သော

စိတ်သဘောရှိသူ (ယေရမိ ၁၈း၉)။

၅။ မြွေ – လျှာနှစ်ခွနှင့်ပြောတတ်သူ (သုတ္တံ ၆း၁၇)။

၆။ မြေခွေး – နောက်ကျစ်စဉ်းလဲသောစိတ် (ယေဇ ၁၁း၂၁)။

၇။ ဆိတ် – ကာမဂုဏ်ချုပ်တီးမှုမရှိသူ၊ မိမိစိတ်ကြိုက်အသက်ရှင်သူ(ဆာလံ ၂၈း၃)။

အထက်ဖေါ်ပြပါ တိရစ္ဆာန်သဘောထားများသည် အချို့သောလူသားတို့၏ နှလုံးသားထဲ၌ရှိသောအရာများ ဖြစ်သည်။ လူ၏စိတ်နှလုံးသည် မကောင်းမှု၌အစဉ်မွေ့လျော်ချင်သော စိတ်သဘောရှိသည်။ ရှင်ပေါလုကိုယ်တိုင် (ရောမ ၇း၁၉-၂၁) ၌ “ငါသည်ကျင့်ချင်သော အကျင့်ကောင်းကိုမကျင့်၊ မကျင့်ချင်သောအကျင့်ဆိုးကိုကျင့်၏။ ထိုသို့ငါသည်မကျင့်ချင်သောအကျင့်ကိုကျင့်လျှင် ငါကိုယ်တိုင်ကျင့်သည်မဟုတ်၊ ငါ့အထဲ၌နေသော အပြစ်တရားသည် ကျင့်၏” ဟု ဝန်ခံထားသည်။ ဤကဲ့သို့လူအချို့၏နှလုံးထဲ၌ရှိသော တိရစ္ဆာန်သဘောထားများကို သမ္မာသတိရှိစွာ အသက်ရှင်၍ ပြုပြင်သွားရန် လူတိုင်းမှာတာဝန်ရှိပါသည်။ ဆာလံဆရာက စိတ်နှလုံးထဲ၌ရှိသော တိရစ္ဆာန်သဘောထားများကို ပြုပြင်ရန်အကောင်းဆုံးနည်းမှာ နှုတ်ထွက်စကားတော်ပင်ဖြစ်သည်။ (ဆာလံ ၁၉း၇)။ ထာဝရဘုရားသခင်၏တရားတော်သည် စုံလင်သည်ဖြစ်၍ စိတ်ဝိညာဉ် (နှလုံးသား) ကို ပြုပြင်တတ်၏။

စိတ်နှလုံးသားထဲ၌ တည်ဆောက်စိုက်ပျိုးရမည့် အရာများ

၁။ယုံ ကြည်ခြင်းတည်းဟူသောမျိုးစေ့

  1. လူနှင့်ဆိုင်သောယုံကြည်ခြင်း
  1. ကိုယ် ကသူတစ်ပါးကိုယုံကြည်ခြင်း (ဖိလေ ၁း၁၀-၁၂)။

ရှင်ပေါလုသည် ကျွန်ဩနေသိမ်အတွက် အာမခံကာ သူတစ်ပါးကိုယုံကြည်သည်သာမက၄င်း၏ သခင်ဖိလေမုန်အား ဩနေသိမ်ကို ပြန်လည်လက်ခံရန် တိုက်တွန်းခွန်အားပေးထားသည်။

  1. သူတစ်ပါးက ကိုယ့် ကို ယုံကြည်ခြင်း (၁တိ ၄း၁၂)

မိမိကို အခြားသူများက ယုံကြည်ရန်အတွက် ယုံကြည်ပါဟု ပြောရုံနှင့် မလုံလောက်ပေ။ မိမိကယုံကြည်နိုင်လောက်အောင် လက်တွေ့အသက်ရှင်ပြပေးနိုင်ရမည်။ ရှင်ပေါလုက လူငယ်တိမောသေအား မိမိအသက်အရွယ်နုပျိုသည်ကို မည်သူမျှမထီမဲ့မြင်မပြုစေရန်အတွက်ကောင်းသောအသက်ရှင်မှုဖြင့် သူတစ်ပါးယုံကြည်အောင်နေထိုင်ဖို့ တိုက်တွန်းထားပါသည်။

  1. မိမိကိုယ်မိမိ ယုံကြည်ခြင်း (ယောရှု ၁း၉)

လူတစ်ဦးချင်းစီအတွက် မိမိကိုယ်မိမိ ယုံကြည်ခြင်းသည် မရှိမဖြစ်သော အရာပင်ဖြစ်သည်။ လူအများစုသည် အကြောင်းအမျိုးမျိုးကြောင့် မိမိကိုယ်မိမိ မယုံကြည်ကြချေ။ မိမိကိုယ်မိမိမယုံကြည်သူတိုင်းနှင့်အားနည်းသောသူတိုင်းတို့မှာ လုပ်သမျှအလုပ်များတွင် အောင်မြင်နိုင်မည်မဟုတ်ပါ။

  1. ဘုရားသခင်ကို ယုံကြည်ခြင်း (ဟေဗြဲ ၁၁း၆)

ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်၏စိတ်တော်နှင့်မတွေ့နိုင်။

လူသည်အခက်အခဲတွေ့သောအခါတိုင်း ဘုရားသခင်အပေါ် ယုံကြည်မှုအပြည့်ထားကာ အသက်ရှင်ဖို့ အရေးကြီးသည်။ အခက်အခဲများထက်ဘုရားသခင်၏တန်ခိုးတော်သည်ကြီးမားကြောင်း၊ဘုရားသခင်ကို ကိုယ်တိုင်ယုံကြည်လျှင် အခက်အခဲကိုကျော်လွှားနိုင်သောအစွမ်းသတ္တိကို ဧကန်အမှန်ရရှိပါလိမ့်မည်။

၂။ ချစ်ခြင်းမေတ္တာတည်းဟူသောမျိုးစေ့ (၁ယော ၃း၂၃)

လူတစ်ဦးစီ၊ လူတစ်မျိုးစီနှင့် နိုင်ငံတစ်နိုင်ငံ၏ အလှပဆုံးသောအရာမှာ ချစ်ခြင်းမေတ္တာပင်ဖြစ်သည်။ လူတိုင်း၏ စိတ်နှလုံးသားမှာစိုက်ပျိုးရမည့်အရာမှာ ချစ်ခြင်းမေတ္တာဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်လက်ခံသောသူတိုင်းမှာ မေတ္တာဖြင့်ဘဝကို တည်ဆောက်အသက်ရှင်တတ်ဖို့ အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော်ဘုရားသခင်သည် ချစ်ခြင်း မေတ္တာရှင်ဖြစ်သောကြောင့်ဖြစ်သည်။ (၁ယော ၄း၈)။ ချစ်ခြင်းမေတ္တာကို သတ်ပစ်နိုင်သောအရာမှာ မနာလိုမုန်းတီးခြင်းပင်ဖြစ်သည်။ကာဣနနှင့် အာဗေလတို့၏ အသက်တာအားဖြင့် ထိုအရာကို တွေ့ရှိရပါသည်။ (ကမ္ဘာ ၄း၈ )။ တစ်ခါက ဗီယက်နမ် စစ်ပြန် အမေရိကန်အမှုထမ်းဟောင်း အရာရှိတစ်ဦးအား သူ့နိုင်ငံမှ သူရဲကောင်းဘွဲ့ချီးမြှင့်ခဲ့ရာ သူသည်မိမိအသက်တာကိုပြန်လည်သုံးသပ်ကာ မိမိသည်နိုင်ငံအတွက် ကောင်းသောနိုင်ငံသားကောင်း၊ မိသားစုအတွက်တန်ဖိုးရှိသောဖခင်၊ အဘိုးနှင့်ပတ်ဝန်းကျင်အတွက် အကျိုးပြုသောသူဖြစ်သော်လည်း ကိုးကွယ်သောဘုရားသခင်ရှေ့မှာ သာဓုသစ္စာရှိသောငယ်သားကောင်းဖြစ်ဖို့ရာ မသေချာသည့်အတွက် ဘုရားသခင်ထံမှာ ဆုတောင်းခဲ့ရာမှာ “မင်းဘဝမှာမေတ္တာနှင့် တည်ဆောက်အသက်ရှင်ရင် ဘုရားသခင်က သာဓုသစ္စာရှိသော ငယ်သားအဖြစ် အသိအမှတ်ပြုမယ်” ဟူသောအဖြေရရှိခဲ့သည်။

ထိုနေ့မှ စတင်၍ မေတ္တာနှင့်ဘဝကို တည်ဆောက်ခွင့်ရရှိရန် ဆုံးဖြတ်ခဲ့သည်။ တစ်နေ့သူ၏ ယာခင်းထဲ၌ အလုပ်လုပ်စဉ် ယာခင်းအထက်ရှိအဝေးပြေး လမ်းမပေါ်၌ ကားတစ်စီးကားဘီးပေါက်ကာ တစ်စီးလုံး မီးလောင်ကျွမ်းခဲ့သည်။ အဘိုးသည် ကားထဲမှလူ ငယ်ကိုသွားရောက်ကယ်ကာ အချိန်မီ ဆေးရုံသို့ ပို့ဆောင်နိုင်ခဲ့သောကြောင့် လူငယ်သည် အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။ ထိုလူငယ်သည် သူဌေးသားဖြစ်သောကြောင့်ဆေးရုံမှ ဆင်းပြီးနောက် သူ့အသက်ကိုကယ်ခဲ့သော အဘိုးအား ကျေးဇူး

ဆပ်သည့်အနေဖြင့် ကားတစ်စီးနှင့်တိုက်တစ်လုံးကို လက်ဆောင်ပေးခဲ့ရာအဘိုးက လက်မခံဘဲ ငြင်းပယ်ခဲ့သည်။ အကြောင်းမှာ မိမိ ဘဝနေဝင်ချိန်၌ မေတ္တာနှင့် ဘဝကို တည်ဆောက်ဖို့ ဆုံးဖြတ်ထားသောကြောင့်ဖြစ်သည်။ အဘိုးက လူငယ်အား “မင်းပေးထားတဲ့လက်ဆောင်ကို လက်ခံခဲ့ရင် မင်းနဲ့ငါကြားမှာ ရှိနေတဲ့ မေတ္တာကရပ်ဆိုင်းသွားမယ်၊ အဘိုး ဆန္ဒရှိတာ တစ်ခုကိုပဲ မင်းဘဝတစ်လျှောက်လုံးမှာ လုပ်ပေးပါ။မင်းရှေ့မှာ ဆင်းရဲတဲ့သူ၊ အငယ်ဆုံးသူများကို တွေ့ရင် အဘိုးလိုပဲ ကူညီလိုက်ပါ။ သူတို့ တုံ့ပြန်လာတဲ့လက်ဆောင်ကိုလက်မခံဘဲ အခုအဘိုးမင်းကိုပြောသလိုပဲ အခြားသူများကို ကူညီဖို့ လက်ဆင့်ကမ်း ပြောပေးပါ။ ဒီလိုလုပ် သွားမယ်ဆိုရင်မင်းဟာ အဘိုးရဲ့ မေတ္တာနဲ့ လက်တွေ့တည်ဆောက်အသက်ရှင်ပြီးသားဖြစ်ပြီး သာဓုသစ္စာရှိတဲ့ ငယ်သားအဖြစ်ဘုရားသခင်က အသိအမှတ်ပြုလိမ့်မယ်။ ဟုတ်ကဲ့၊ စာဖက်သူ၊ ကျွန်တော်တို့ အားလုံး၏ဘဝမှာ ထိုအဘိုးကဲ့သို့ မေတ္တာနှင့်ဘဝကို တည်ဆောက်အသက် ရှင်တတ်ဖို့လိုပါသည်။

၃။ သစ္စာတည်းဟူသော မျိုးစေ့ (သုတ္တံ ၁၁၄)

ယနေ့ ကမ္ဘာကြီးက အကျင့်စာရိတ္တဖောက်ပြန်မှုမျိုးစုံနှင့်ရင်ဆိုင်တွေ့ကြုံနေရပါသည်။ ထို့ကြောင့် လူတိုင်း (မိမိကိုယ်မိမိ၊ မိသားစု၊ အသင်းတော်၊ ဘုရားသခင်) အပေါ်သို့ သစ္စာရှိရန် အထူးပင်လိုအပ်ပါသည်။သစ္စာရှိစွာ အသက်ရှင်လျှင် အခက်ခဲများစွာကြုံတွေ့ရသော်လည်း ထိုအခက်ခဲများကို မကြောက်ရွံ့ဘဲ ကြံ့ကြံ့ခံရပ်တည်ပါ။ အဆုံးတိုင်အောင်သစ္စာရှိစွာ အသက်ရှင်ပါက ဖြောင့်မတ်သော ဘုရားသခင်ထံမှ အသက်သရဖူကို သစ္စာရှိသူတိုင်းအား ပေးအပ်ဖို့ (ဗျာ ၂း၁၀) တွင် ဖော်ပြထား

သည်။ (ကမ္ဘာ ၃၉း၁၇-၂၃) တွင် ယောသပ်သည် ဖြားယောင်းသွေးဆောင်မှုကို လက်ခံလိုက်လျှင် (သစ္စာပျက်မှု အလုပ်ပြုလုပ်ခဲ့လျှင်) ဒုတိယခင်ပွန်းဘဝသာ ရရှိမှာဖြစ်သည်။ ယောသပ်သည် မိမိကိုးကွယ်သောဘုရားသခင်နှင့် သခင့်အပေါ် သစ္စာရှိခြင်းရလဒ်သည် ပထမပိုင်းတွင်အခက်အခဲများနှင့် ကြုံတွေ့ရသော်လည်း နောက်ဆုံး၊ အစာရေစာခေါင်းပါးသော ကာလ၌ ဒုတိယဘုရင်ခံအဖြစ် ဘုရားသခင်က ချီးမြှောက်ခဲ့ကြောင်းကို တွေ့ရှိရသည်။

ပရောဖက်ကြီး ယေရမိ၏အသက်တာမှာ ဘုရားခင်၏ အမှုတော်မြတ်အတွက် စွမ်းစွမ်းတမံ လုပ်ဆောင်နိုင်ဖို့ မိမိအသက်တာကိုပြင်ဆင်သောအခါ စိတ်နှလုံးထဲ၌ရှိသော အတ္တသဘောထားများကို ကိုယ်တိုင်နှုတ်ပယ်ဖြိုချ ဖျက်ဆီးမှောက်လှဲခဲ့ပြီး ဘုရားခင်အလိုရှိသော အသက်တာကို စိတ်နှလုံးသားထဲတွင် တည်ဆောက်စိုက်ပျိုးခဲ့ပါ၏။ ထို့ကြောင့်လူအမျိုးတို့၏ တိုင်းနိုင်ငံများအပေါ်တွင် ဘုရားသခင်ကိုယ်တိုင် အသုံးပြုခဲ့သော အမှုတော်ဆောင်အဖြစ် တွေ့ရှိရပါသည်။ (ယေရမိ၁း၁၀) လူတိုင်း၏ စိတ်နှလုံးသားထဲမှာ (ယုံကြည်ခြင်း၊ ချစ်ခြင်းမေတ္တာ၊ သစ္စာ) မျိုးစေ့ရှင်သန်ကြီးထွားနိုင်ဖို့အတွက် လုပ်ဆောင်ရမည် အရာများမှာ အောက်ပါအတိုင်း ဖြစ်သည်။

၁။ဆုတောင်းခြင်း

၂။ ကျမ်းစာတော်မြတ်၊ ဖတ်ရှုလေ့လာခြင်း

၃။ ယုံကြည်သူအချင်းချင်း မိတ်သဟာယဖွဲ့ခြင်း

၄။ ဝမ်းမြောက်ဖွယ်ရာ သတင်းကောင်းကို ဝေငှခြင်းဖြင့်လည်း နေ့စဉ်

မိမိ၏ကောင်းသော အသက်ရှင်မှုအားဖြင့် ပြသခြင်းတို့ ဖြစ်ပါသည်။

နိဂုံး

စိန်ဖရန်စစ် အစီစီ၏ ဆုတောင်းချက်

မုန်းတီးခြင်းနေရာတွင် ချစ်ခြင်း ပြစ်မှားခြင်းနေရာတွင် ခွင့်လွှတ်ခြင်း

သံသယဖြစ်ခြင်းနေရာတွင် ယုံကြည်ခြင်း အမိုက်အမှောင်နေရာတွင် မျှော်လင့်ခြင်း

ပူဆွေးဝမ်းနည်းခြင်းနေရာတွင် ရွှင်လန်းဝမ်းမြောက်ခြင်း… တို့ဖြင့် စိုက်ပျိုးတည်ဆောက်ခွင့်ပေးပါ… သခင်။

ပင်တေကုတ္တေပွဲနေ့

(Pentecost or Shabuot)

ဂျူး (သို့) ယုဒလူတို့၏ ပွဲတော် (၇)မျိုးအနက် ပွဲတော်ကြီး(၃) မျိုးဖြစ်သောပဿခါပွဲ၊ ပင်တေကုတ္တေပွဲနှင့် တဲတော်ပွဲတို့သည် ကြီးကျယ်သော စားပွဲသောက်ပွဲကြီးများဖြစ်သလို၊ အလွန်အရေးပါသောဘုရားဝတ်ပြုပွဲကြီးများလည်းဖြစ်ကြပေသည်။ ထိုပွဲတော်ကြီး (၃)မျိုးကျင်းပရာသို့ ယေရုရှလင်မြို့မှ မိုင်(၂၀) ပတ်လည်အတွင်း နေထိုင်ကြသော ဂျူးအမျိုးသားတိုင်း မတက်မနေရ တက်ရောက်စားသောက် ပါဝင်ကြသည်။ ထို(၃) မျိုးအနက် ပင်တေကုတ္တေပွဲကိုလည်း ကြီးကျယ်ခမ်းနားစွာ ကျင်းပကြသည်။

ပင်တေကုတ္တေပွဲဆိုသည်မှာ ဂရိဘာသာစကားမှ ဆင်းသက်လာ၍ ငါးဆယ်ကြိမ်မြောက် (သို့) ရက်ငါးဆယ် (သို့)ရက်သတ္တပတ် ခုနှစ်ပတ်မြောက်ပွဲဟု အဓိပ္ပါယ်ရှိပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုပွဲသည်ပဿခါပွဲကျင်းပပြီးနောက် ရက်ပေါင်း(၅၀)ပြည့်မြောက်သောနေ့တွင်ကျရောက်သောကြောင့် ဖြစ်သည်။ ပဿခါပွဲသည် ဧပြီလ(၁၅)ရက်ဝန်းကျင်တွင် ကျရောက်တက်သဖြင့် ပင်တေကုတ္တေပွဲကိုဇွန်လ ဆန်းတွင်ကျင်းပလေ့ရှိသည်။ ထိုအချိန်သည် ပါလတိနပြည်၌ ခရီးလမ်းပန်း သာယာသောရာသီဖြစ်သောကြောင့် ဂျူးလူမျိုးတို့ သည် ပဿခါပွဲကို အားခဲတက်ရောက်ကြသကဲ့သို့ ပင်တေကုတ္တေပွဲသို့ လည်း ကြိုးစား၍တက်ရောက်ကြပါသည်။

ပင်တေကုတ္တေပွဲတော်သည် ထူးခြားသောအဓိပ္ပါယ် နှစ်မျိုးကိုဖော်ဆောင်ပါသည်။ ပထမအဓိပ္ပါယ်မှာ ထိုပွဲတော်သည် သမိုင်းအစဉ်အလာအရ သိနတောင်ပေါ်တွင်ဘုရားသခင်မှ မောရှေအား ပညတ်တော်များပေးခြင်းကို သတိရကြစေရန်အတွက် အမှတ်တရကျင်းပသောပွဲနေ့ဖြစ်ပါသည်။

ဒုတိယအနေဖြင့် စိုက်ပျိုးရေးနှင့် စပ်လျဉ်းသော အဓိပ္ပါယ်ရှိပါသည်။ ပဿခါပွဲတွင် အဦးသီးသော အသီးအနှံဖြစ်သည့် ဘာလီ၊ ဂျုံတစ်ဩမဲကို ဘုရားသခင်အား ပူဇော်ဆက်ကပ်ကြရသည်။ ထိုနေ့၌ ထူးခြားချက်တစ်ခုမှာ ဓမ္မစည်းဝေးခြင်းကို စီရင်ကြရမည်။ လောကီအလုပ်ကိုမလုပ်ရ (တရား ၂၈း၂၆) ဟု ပညတ်ထားလေသည်။ ထိုကြောင့်ထိုနေ့သည်အားလပ်သောနေရက်ဖြစ်၍ ယေရုရှလင် လမ်းမများ၌ ခါတိုင်းထက်ပို၍ လူစည်းကားနေမည်ဖြစ်ပါသည်။ ထိုကြောင့် သီးနှံရိတ်သိမ်းပွဲအတွက်ကျေးဇူးတော် ချီးမွမ်းသည့် ဂျူးလူမျိုးတို့၏ ဤပွဲတော်ကို အဦးသီးသောသီးနှံများပွဲတော် Feast of First Fruits (ထွ ၂၃း၁၆) (သို့မဟုတ်)သိတင်းပွဲတော် Feast of Weeks ( ဝတ် ၂၃း၁၅-၂၁)ဟုလည်း ခေါ်ဆိုကြပါသည်။

ရှေးဟေဗြဲလူ မျိုးတို့ကလည်း သီးနှံရိတ်သိမ်းပွဲတော် ( Shabuot)ကို ကျင်းပကြသည်။ သူတို့သည် ပွဲတော်အတွက် ယေရုရှလင်မြို့သို့သွား၍ဗိမာန်တော်တွင်ယဇ်ပူဇော်ကြသည်။ ယနေ့ခေတ်ကာလပွဲတော် ရက်များတွင်မူ ဂျူးအမျိုးသားတို့သည် ရုသဝတ္ထုကျမ်းစာလိပ်ကို ဖတ်ရွတ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ရုသဝတ္ထုထဲတွင် ရှေးဣသရေလလူမျိုးတို၏ သီးနှံရိတ်သိမ်းပုံကို ဖော်ပြထား၍ဖြစ်သည်။ အချို့တို့ကလည်းShabuot သီးနှံရိတ်သိမ်းပွဲနေ့တွင် သက်တော်ကုန်ဆုံး သောဒါဝိဒ်မင်းကြီးမှာ ရုသအမျိုးအနွယ်မှ ဆင်းသက်လာသောကြောင့် ရုသဝတ္ထုဖတ်ရွတ်ခြင်းဖြစ်သည်ဟု ခံယူကြသည်။

အနည်းဆုံး လွန်ခဲ့သောနှစ်ရာစုကာလများ (အေဒီ-၂၀၀) ကစတင်၍ ခရစ်ယာန်များသည် ရှင်ပြန်ထမြောက်တော်မူရာနေ့ပြီးနောက်၊သတ္တမမြောက်တနင်္ဂနွေနေ့တွင် သူတို့၏ကြီးကျယ်သောပွဲတော်များအနက် တစ်ခုအပါအဝင်အဖြစ် ပင်တေကုတ္တေပွဲနေကို ကျင်းပခဲ့ကြသည်။ အကြောင်းမှာ ထိုနေ့တွင် သန့် ရှင်းသောဝိညာဉ်တော်သည် တမန်တော်များထံသို့ ဆင်းသက်ကြွလာကြောင်း (တ ၂း၁၄) ကို အမှတ်ရစေရန်အတွက်ဖြစ်သည်။ ခရစ်တော်ကောင်းကင်ဘုံသို့ တက်ကြွသွားသောနောက် တမန်တော်တို့က (၉)ရက်ကြာ ဆုတောင်းကြပြီးသည့်အခါသန့်ရှင်းသော ဝိညာဉ်တော်သည် တမန်တော်တို့အား ခွန်အား ဖြည့်စွမ်းပေးမည်ဟု မိန့်မှာခဲ့သည်။ သခင်ယေရှုကိုယ်စား သန့်ရှင်းသောဝိညာဉ်တော်က သူကိုယ်တော်တိုင် ကတိပေးတော်မူခဲ့သည်။ (ယော ၁၄း၁၆)။ထိုနေသည် မည်ကဲ့သို့ဖြစ်ပျက်ခဲ့သည်ကို ကောင်းစွာနားမလည် နိုင်ခဲ့သော်လည်း သခင်ယေရှု၏ ကတိစကားအတိုင်းပင် ယခင်အခါများကတစ်ကြိမ်တစ်ခါမျှ မခံစားဖူးသေးသော ဝိညာဉ်တော်၏တန်ခိုးအား ထိုနေ့က ခံစားခဲ့ကြရသည်။

ဤဖြစ်ရပ်သည် ဘုရားသခင်ထံတော်သို့ လူမျိုးတိုင်းချဉ်းကပ်နိုင်ကြောင်းကို ဖော်ထုတ်လိုက်ခြင်းပင် ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ပင်တေကုတ္တေပွဲတော်ကို ဓမ္မဟောင်းအချိန်ကာလက ယုဒလူမျိုးတို့၏ ပွဲတော်အဖြစ်သာ ကျင်းပခဲ့သော်လည်း ဓမ္မသစ်ကာလတွင် တစ်ပါးအမျိုးသားများအပါအဝင် ခရစ်ယာန်များက ပထမဆုံးကျင်းပသောပွဲတော်ဖြစ်ကြောင်း တွေ့ရ၍ ဖြစ်သည်။ ထိုသို့ကျင်းပခြင်းသည်ကား၊ ယုဒလူမျိုးတို့၏ ဘုရားသခင်မျှသာမဟုတ်တော့ဘဲ သခင်ခရစ်တော်အားဖြင့်ယုံကြည်သူလူမျိုးတိုင်းအတွက် အခွင့်အရေးပင်ဖြစ်သည်။ ဘုရားသခင်ထံသို့ အခြားလူမျိုးတို့ မချဉ်းကပ်ရဟူသော ရှေးဟောင်း သဘောတရားကိုပယ်ဖျက်လိုက်ခြင်းဖြစ်သည်။ ထို့ပြင် လူမျိုးတိုင်းကို ကယ်တင်မည်ဟူသောကတိတော်မှာ ပြည့်စုံမည့်သက်သေဟုလည်း ဆိုနိုင်ပေသည်။နောင်အခါပင်တေကုတ္တေပွဲကို Whitsunday (သို့) အဖြူရောင်တနင်္ဂနွေနေ့ (White Sunday) ဟု ခေါ်ကြသည်။ အဘယ်ကြောင့်ဆိုသော် အသစ်သော ဗတ္တိဇံမင်္ဂလာခံယူသူများသည် ဝမ်းမြောက်ဖွယ်ရာရှင်ပြန်ထမြောက်သည့် အချိန်ကာလပြီးဆုံးကြောင်း အထိမ်းအမှတ်အဖြစ်ထိုနေ့ရက်တွင် အဖြူရောင်ဝတ်စုံများဝတ်ဆင်သောကြောင့်ဖြစ်သည်။

ထိုသူအပေါင်းတို့သည်လည်း သန့်ရှင်းသော ဝိညာဉ်တော်နှင့်ပြည့်၍ ဝိညာဉ်တော်သည် ဟောပြောသော အခွင့်ကို ပေးတော်မူသည်အတိုင်း အမျိုးမျိုးသော ဘာသာစကားအားဖြင့် ဟောပြောကြ၏။ (တမန်တော် ၂း၄)။

လေ့လာရန်ကျမ်း။ ။ တမန်တော် ၂း၁-၄၇။

ပင်တေကုတ္တေနေ့သည် ပသခါပွဲအပြီး ရက်ပေါင်းငါးဆယ်မြောက်သော တနင်္ဂနွေနေ့၌ ကျင်းပသော ယုဒလူများ၏ ကောက်ရိတ်သိမ်းပွဲဖြစ်သည်။ ထိုအချိန်၌ ဘုရားသခင်ထံသို့ အဦးသီးသော အသီးအနှံကို ဣသရေလလူမျိုးများဆက်သကြသည်။ (ဝတ်ပြု ၂၃း၁၅-၁၂)။ထိုနေ့သည် ခရစ်ယာန်အသင်းတော်မွေးဖွားခြင်းအတွက် ထူးခြားသောအမှတ်အသားဖြစ်သည်။ ကနဦးခရစ်ယာန်တပည့်တော်စု အသင်းသားများအပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော် သွန်းလောင်းခဲ့သည်။ ဝိညာဉ်တော်ဆုကျေးဇူးရရှိသူများတွင် အသင်းတော်များ၌အုပ်စု (၂) စု တွေ့ရှိရသည်။

(၁) ဝိညာဉ်တော်ရရှိရန် ခရစ်တော်ထမြောက်ချိန်မှစ၍ စောင့်နေသောတပည့်တော်များ။ (တမန် ၁း၁၅၊ တမန် ၂း၁-၄)။

(၂) ရှင်ပေတရု၏ ဟောပြောခြင်းမှယုံကြည်လာကြပြီး သန့်ရှင်းသော ဝိညာဉ်တော်ကို ချက်ချင်းလက်ခံရရှိသူများ ဖြစ်သည်။ ( တမန်၂း၁၄-၄၂ )။

ပင်တေကုတ္တေနေ့၌ရရှိသော သန့်ရှင်းသောဝိညာဉ်တော် တန်ခိုးကြောင့် ခရစ်ယာန်အသင်းတော် မွေးဖွားလာသည်သာမက တိုးတက်ကြီးပွားလာခဲ့သည်။ အသင်းတော်တိုးပွားလာခြင်း၏ `အဓိကအချက်မှာအသက်ရှင်တော်မူသော ခရစ်တော်၏ လုပ်ဆောင်ချက်ဖြစ်ပြီး တပည့်တော်များမှတစ်ဆင့် ဝိညာဉ်တော်က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ (တမန်၈း၃၉၊ ၉း၁၇) ယနေ့ (၂၁) ရာစုသို့ရောက်ရှိနေသော အသင်းတော်၏အဓိကလိုအပ်ချက်မှာ ကနဦးတပည့် တော်များအပေါ်သို့ သက်ရောက်ခဲ့သော သန့်ရှင်းသောဝိညာဉ်တော်ပင်ဖြစ်သည်။ ယနေ့ယုံကြည်သူများသည် သန့်ရှင်းသောဝိညာဉ်တော်သက်ရောက်ခြင်းကို ခံယူကာခရစ်ယာန်သာသနာပြုလုပ်ငန်းတွင် ဆက်လက်အစေခံလျှင် အသင်းတော်သည်အမှန်တကယ်ရှင်သန်နိုးကြား တိုးပွားသော အသင်းတော်များ ဖြစ်လာမည်ဖြစ်ပါ၏။ စစ်မှန်သော သန့်ရှင်းသောဝိညာဉ်တော်ကို အလွဲသုံးစားပြုမူသောအဖြစ်အပျက်များကြောင့် အသင်းတော်များ တိုးတက်မှု နှောင့်နှေးလျက် ရှိသည်။

စစ်မှန်သည့် သန့်ရှင်းသော ဝိညာဉ်တော်ကိုရရှိရန်အတွက် ယုံကြည်သူတိုင်း လုပ်ဆောင်ရမည့်အချက်များ (Power)

၁။ P = Prayer (ဆုတောင်းခြင်း)

ကနဦးအသင်းတော်မှ တပည့်တော်တစ်ရာနှစ်ဆယ်သည်အထက်ခန်းမ၌ တညီတညွတ်တည်းကြိုးစား၍ ဆုတောင်းနေသော အချိန်၌ သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်ခဲ့ခြင်းဖြစ်ပါသည်။ (တမန် ၁း၁၂-၁၄) ယုံကြည်သူတစ်ဦးသည် ဝိညာဉ်တန်ခိုးရရှိရန် ပထမဦးဆုံးပြုလုပ်ရမည့် အချက်မှာ စိတ်နှလုံးသွန်းလောင်းလျက် ဆုတောင်းခြင်း၌ဆုတောင်းကာ မွေ့လျော်ခဲ့ပါသည်။ သခင်ယေရှုကိုယ်တော်တိုင် ခမည်းတော်ထံ၌ မွေ့လျော်ရမည်ဖြစ်သည်။ သခင်ယေရှုကိုယ်တော်တိုင် ခမည်းတော်ထံ၌ နံနက်အချိန်မိုးမလင်းမီထ၍ တောအရပ်သို့ထွက်ကြွ၍ ဆုတောင်းတော်မူ၏။ (မာကု ၁း၃၅)။

တစ်ခါက သူငယ်ချင်းနှစ်ယောက်ရှိရာ တစ်ဦးက ဓမ္မတက္ကသိုလ်သွားရောက် ကျောင်းတက်စဉ်မှာ တစ်ဦးက ကျောင်းတက်ရာ၌ လိုအပ်သောအရာများကို ကူညီပံ့ပိုးလျက်ရှိသည်။ ကျမ်းစာကျောင်းပြီးသောအခါသူ၏သူငယ်ချင်းအား သူနှင့် အတူနေထိုင်၍ သူ၏ကိစ္စအဝဝများကိုကူညီပေးဖို့တောင်းဆိုရာ ဝမ်းမြောက်စွာလက်ခံခဲ့သည်။ ဆရာ တရားဟောတဲ့ အခါခါတိုင်း သူငယ်ချင်းက ဘုရားရှိခိုးကျောင်း၏ နောက်ဆုံးထိုင်ခုံမှာထိုင်လျက် ပါဝင်လျက်ရှိရာမှာ ဆရာဟောသောတရားများသည်အသင်းသူ၊ အသင်းသားများအတွက် အလွန်ပင် ခွန်အားရရှိခဲ့သည်။တရားတော်ဟောကြားခြင်းကောင်းသောဆရာအား မြို့အသီးသီးမှ တရားတော်ဟောကြားဖို့ ဖိတ်ကြားရာများ၌ ဆရာက သူ၏ သူငယ်ချင်းကိုအမြဲခေါ်၍ တရားတော်ဟောရာ အထူးပင်အောင်မြင်သော တရားဟောဆရာကြီးဖြစ်ခဲ့သည်။ သူငယ်ချင်းနေမကောင်း၍ မြို့တစ်မြို့ သို့ ဆရာကြီးတရားသွားဟောရာ နောက်ဆုံးခုံမှာ သူငယ်ချင်း၏ မျက်နှာကို မတွေ့ရသည့်အတွက် တရားဟောချက်မပြီးဘဲ စင်ပေါ်မှပြန်ဆင်းခဲ့ရာ ပရိသတ်များမှာ အားမလိုအားမရဖြစ်လာရုံသာမက တရားဟောသောဆရာလည်း မိမိကိုယ်ကိုမိမိလည်း မကျေမနပ်ဖြစ်ခဲ့ရသည်။ အကြောင်းမှာဤခရီးစဉ်တွင် သူငယ်ချင်းမပါသောကြောင့်ဖြစ်သည်။ အိမ်မပြန်ဘဲအခြားမြို့များသို့သွားရောက်တရားဟောရာတွင် သည်အတိုင်းပဲ တရားတော် ဟောချက်မပြီးဘဲ အဆုံးသတ်လိုက်ခဲ့ရသည်။ အိမ်ပြန်ရောက်သောအခါ သူငယ်ချင်းသည် ခရစ်တော်၌အိပ်ပျော်သွားသဖြင့် သူ၏ကျန်ရစ်သော ဒိုင်ယာရီစာအုပ်ထဲတွင် သူ့အတွက် သူငယ်ချင်းသည် မခြားမလပ်အမြဲတမ်းဆုတောင်းပေးနေခဲ့သူဖြစ်ကြောင်း သိခဲ့ရသည်။ သူ့တရားတော်ဟောချက်ကို အခြားသူများ ခွန်အားရရှိနေခြင်းမှာ သူငယ်ချင်း၏ သစ္စာရှိစွာ ဆုတောင်းပေးနေခြင်းကြောင့်ပင်ဖြစ်သည်။ ဘုရားသခင် အသုံးပြုသော အမှုတော်ဆောင်များ၏နောက်ကွယ်၌ သစ္စာရှိစွာဆုတောင်းပေးနေသူများရှိခြင်းကြောင့် ပင်ဖြစ်သည်။ ဘုရားသခင်ဆီမှ ဝိညာဉ်တန်ခိုးရရှိသူများသည် မိမိအတွက်သာမက အခြားသူများအတွက်ပါ ဆုတောင်းပေးနေသူများသာဖြစ်ပါသည်။

၂။ O = Obey (နာခံခြင်း)

ဝိညာဉ်တန်ခိုးရရှိရန်ဆုတောင်းရုံသာမက ဘုရားသခင်၏စကားကိုနားထောင်ဖို့ရန် လိုအပ်သည်။ ဘုရားသခင်၏ စကားနားထောင်ခြင်းသည် ဘုရားသခင်၏ကောင်းချီးမင်္ဂလာနှင့် တိုက်ရိုက်သက်ဆိုင်နေသည်။ ဘုရားသခင်၏ စကားကို နားမထောင်သောသူသည် ဘုရားသခင်ကောင်းချီးမင်္ဂလာနှင့် မထိုက်တန်ပါ။ ကောင်းချီးမင်္ဂလာ ခံစားရရှိသူတစ်ယောက်အကြောင်း (လုကာ ၅း၁-၇) ဖော်ပြပါရစေ။ ပေတရုသည်တံငါသည်ဖြစ်ရုံသာမကသူ၏ မျိုးရိုးသည် တံငါလုပ်ငန်းနှင့် အသက်မွေးဝမ်းကြောင်းပြုသူများဖြစ်သည်။ ဂါလိလဲအိုင်တွင် ဘယ်အချိန်မှာ ဘယ်ငါးရရှိမည်ဆိုသည်ကို ကြိုတင်သိရှိပြီး လုပ်ငန်း ကျွမ်းကျင်သူဖြစ်သော်လည်း တစ်ညလုံးကြိုးစားပေမည့် ငါးတစ်ကောင်မျှ မရရှိကြောင်းကိုကျမ်းစာ၌ မှတ်တမ်းတင်ထားပါသည်။ ပေတရုစီးပွားပျက်သောနေ့၊ သုညဖြစ်သောအချိန်တွင် သခင်ယေရှု၏စကားတော်ဖြစ်သော ရေနက်ရာအရပ်သို့ ရွှေ့ဦးလော့၊ ပိုက်ကွန်ကိုချ၍ ငါးကိုအုပ်စမ်းလော့ဟု ရှိမုန်အားမိန့်တော်မူ၏။ (လုကာ – ၅း၄)ဟူသော စကားအတိုင်း နားထောင်၍ လုပ်ဆောင်ခဲ့ရာ မြောက်များစွာသောငါးများ (ကောင်းချီးမင်္ဂလာများ)သူကိုယ်တိုင် ရရှိရုံသာမက အခြားသူငယ်ချင်း လုပ်ဖော်ဆောင်ဖက် များကို ပါဝေငှနိုင်ခဲ့ပါသည်။ ကျွန်ုပ်တို့အားလုံး၏ အသက်တာ၌ ပေတရုကဲ့သို့လုပ်တိုင်းမဖြစ်တော့သည့် အချိန်များနှင့်ကြုံလာခဲ့လျှင် ဘုရားသခင်၏စကားကိုနားထောင်၍ ပူးပေါင်းဆောင်ရွက်ပါက ကောင်းချီးမင်္ဂလာခံစားရမည်ဖြစ်ကြောင်း တွေ့ ရပါသည်။ အလိုတော်သို့လိုက်ခြင်းသည်ယဇ်မျိုးထက် သာ၍ ကောင်း၏။ နားထောင်ခြင်းသည် သိုးထီးဆီဥထက်သာ၍ ကောင်း၏။ (၁ရာ ၁၅း၂၂)။

။ W=Worship (ဝတ်ပြုကိုးကွယ်ခြင်း) ၁တိ ၄း၈

Worship=worth + ship

– တန်ဖိုးထားခြင်း၊ ပြုမူဆောင်ရွက်ခြင်း

* ဝတ်ပြုကိုးကွယ်ခြင်းကား ဘုရားသခင်အပေါ် အလေးထားပြုမူဆောင်ရွက်ခြင်းပင်ဖြစ်သည်။ လူက ဘုရားသခင်အပေါ် အနက်ရှိုင်းဆုံး ဆက်ဆံမှုကိုခေါ်ဆိုသည်။ ဘုရားသခင်တည်ရှိခြင်းကို ဖော်ပြရုံသာမက လူနှင့် ဘုရားသခင်အပြန်အလှန် ဆက်သွယ်ခြင်းဖြစ်သည်။(ဆာလံ – ၂၉း၂) လူတစ်ဦးသည် ဘုရားသခင်နှင့် ဝတ်ပြု ကိုးကွယ်သောပုံစံကိုကြည့်လျှင် ထိုလူသည်ဘုရားသခင်အပေါ် ယုံကြည်ခြင်းမည်မျှကြီးသည်၊ မကြီးသည်ကို ပြသနေပါသည်။ ဝတ်ပြုကိုးကွယ်ခြင်းသည်မြင်နေရသော အန္တရာယ်သာမက မမြင်ရသောအန္တရာယ်များကို ပါကာကွယ်နိုင်ကြောင်း ငယ်စဉ်က ကြားခဲ့သော ဆရာကြီးတစ်ပါး၏ ဖြစ်ရပ်မှန်ကြောင်းအရာတစ်ခုကို ကောက်နှုတ်ဖော်ပြပါရစေ။ အကြောင်းကား တိုင်းပြည် မငြိမ်သက်သောအချိန်ကာလတွင် ရွာတစ်ရွာ၌ဓါးပြသွားတိုက်သောအကြောင်းအရာပင်ဖြစ်သည်။ ခေါင်းဆောင်က စနေနေ့ည (၉းဝဝ) နာရီသွားတိုက်ဖို့ညွန်ကြားရာ ညစဉ်ပုံမှန် ဆုတောင်းသောအိမ်သားများကည (၇းဝဝ) နာရီလူမစုံသဖြင့် အိမ်ထောင်ဦးစီးက လူစုံမှ ဆုတောင်းဝတ်ပြုလေ့ရှိသောကြောင့် ထိုည (၉းဝဝ) နာရီမှသာ ညဝတ်ပြုကိုးကွယ်ခြင်းပြုလုပ်ရာ အိမ်အောက်တွင် ဓါးပြများဝိုင်းထားချိန်နှင့် တိုက်ဆိုင်နေရာ၊အိမ်ပေါ်ရှိ ဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်မှ သီချင်းဆိုသံကြား၍ ဓားပြတိုက်သောအစီအစဉ်ကို ခေါင်းဆောင်နှင့်အဖွဲ့မှ ဖျက်သိမ်းခဲ့ရသည်။အကြောင်းမှာ စာသားကြောင့်ဖြစ်သည်။ (အဝေးသုံးရာ) ပိုးကရင်စာသားကို အောက်မှ ဓားပြများက မြန်မာလိုဘာသာ ပြန်ခဲ့သောကြောင့်ဖြစ်သည်။ အဝေးမှာ သုံးရာရှိရင် အနီးမှာအများကြီးရှိနိုင်တယ်။ ငါတို့ဓားပြအဖွဲ့ (၁၀) ဦးနဲ့မဖြစ်ဘူး။ ပြန်ကြစို့ဟု ခေါင်းဆောင်က အမိန့်ပေးသောကြောင့်ဖြစ်သည်။ မြန်မာဓမ္မသံပုံသီချင်း စာအုပ်တွင် အမှတ် (၂၅၈)“ပို့ဆောင်တော်မူသောကျူး” သီချင်းပင်ဖြစ်သည်။

ဆုတောင်းဝတ်ပြုခြင်း၌ မွေ့လျော်ခြင်းအမှုကား ယခုဘဝ၊နောင်ဘဝနှင့်စပ်ဆိုင်သော ကတိတော်ကို ရသည်ဖြစ်၍ အရာရာ၌အကျိုးကိုပေးတတ်သည်ဟူသောစကားသည် သစ္စာစကားဖြစ်၏။ အကြွင်းမဲ့ခံယူအပ်သော စကားလည်းဖြစ်၏။ (၁ တိ ၄း၈)။

၄။ ဧဝံဂေလိတရား မဿဲ ၂၈း၁၉-၂ဝ

ဧဝံ – တစ်

ဂေ – အမှန်

လိ – တရား

ဧဝံဂေလိ – တစ်ခုတည်းသော အမှန်တရား

သခင်ယေရှုသည် သေခြင်းကို အောင်မြင်သော ဘုရားသခင်ဖြစ်ကြောင်း ဧဝံဂေလိတရားကို ယုံကြည်သူတိုင်း ဟောပြောရမည်ဖြစ်ပါ၏။

(၁) သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံသူတိုင်းသည်ထာဝရအသက်ရရှိကြောင်း ဝေငှရန်

(၂) သခင်ယေရှုကို လက်ခံခြင်းအားဖြင့် ကြွယ်ဝပြည့်စုံသော အသက်တာရရှိကြောင်းကို ဝေငှရန် (ယော ၁ဝး၁ဝ) ဟောပြောသောပုံစံ

(၁) နှုတ်အားဖြင့် ဟောပြောသက်သေခံခြင်း

(၂) လက်တွေ့ဟူသော ပုံသက်သေကောင်းအားဖြင့် အသက်ရှင်နေထိုင်ခြင်း

(က) နေ့စဉ်ပြောသော အကျိုးမရှိသည့်စကားထက် မှန်ကန်သောတရားကြား လိုသူအတွက် အကျိုးရှိသော စကားများပြောရန်မိမိလက်သည် သူတစ်ပါးကို ဒုက္ခရောက်အောင် ထိုးသော လက်မဟုတ်ဘဲ သူတစ်ပါးကို ကူညီသော လက်သာဖြစ်နေရန်သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ နာမ၌ ဗတ္တိဇံကို ပေးကြလော့၊ ငါသည် သင်တို့အားပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှါ ဆုံးမဩဝါဒ ပေးကြလော့၊ ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိသည်ဟု တပည့်

တော်တို့အား မိန့်တော်မူ၏။ (မဿဲ ၂၈း၁၉-၂၀)။

၅။ နေ့စဉ်သမ္မာကျမ်းစာကို ဖတ်ရှုလေ့လာပါ။ (ဆာလံ ၁း၁-၃)

လူတိုင်းနေ့စဉ်တွေ့ကြုံနေရသော ပြဿနာများကို ဖြေရှင်းရန်တစ်ခါတစ်ရံ ခက်ခဲမှုများစွာတွေ့ နေရသည်။ အကြောင်းမှာ ကိစ္စအချို့တွင် အမှား၊ အမှန် ရောထွေးနေသောကြောင့်ဖြစ်သည်။ အဖြူဘက်၌အမည်းနည်းနည်းပါရှိပြီး အမည်းဘက်၌ အဖြူများရှိနေသောကြောင့်ဖြစ်သည်။ ဤကဲ့သို့ အခြေအနေတွင် နှုတ်ထွက်စကားတော် (ကျမ်းစာ)၏စံနှုန်းကိုဗဟိုပြု၍ ဆုံးဖြတ်ရမည်ဖြစ်သည်။ သမ္မာကျမ်းစာကို ဖတ်ရှုရာတွင် အဓိကအကြောင်းကြီးနှစ်ခုရှိသည်။ ၎င်းတို့မှာ

(၁) မိမိ၏အသက်တာအား ပြုပြင်ပြောင်းလဲရန်

အချို့သောခရစ်ယာန်များမှာ ကျမ်းစာဖတ်ပြီးလျှင် သူတစ်ပါး၏အားနည်းချက်ကိုသာ ပြစ်တင်ပြောဆိုနေ ကြသည်။ ဘုရားသခင်၏ နှုတ်ထွက်စကားတော်ကို မေတ္တာဖြင့်ပြောဆိုဖို့ရန်အလွန်အရေးကြီးသည်။

(၂) နှုတ်ထွက်စကားတော်မှရရှိသော ဝိညာဉ်ခွန်အားကို အခြားသူများ”အား လက်ဆင့်ကမ်းဝေငှရန်တစ်ခါက စာရေးသူ ဈေးသွားရာလမ်းတွင် ကျမ်းပုဒ်ကို လွဲမှားစွာ အသုံးပြုနေသော လူငယ်များကို တွေ့ရှိခဲ့ရသည်။ အကြောင်းမှာမင်းကိုငါထိုးခိုင်းထားတဲ့ နံပါတ်ထိုးရင်ပေါက်ပြီပေါ့။ မင်းတော်တော် အသုံးမကျတဲ့ကောင်ဘဲဟုပြောခဲ့ရာ သူငယ်ချင်းက မပေါက်လည်း အရေးမကြီးဘူး။ မင်းဖါသာမင်းထိုးပါဟု လူငယ်နှစ်ဦး၏ ပြောဆိုသံကို ဈေးသွားရင်းကြုံခဲ့ရသည်။ သမ္မာကျမ်းစာ၌ နာမည်ကြီးသော ကျမ်းပိုဒ် (ဆာလံ ၂၃။ဆာလံ ၉၁) များကို နှစ်လုံးထီထိုးရာတွင် အသုံးပြုနေသောကြောင့် ဖြစ်သည်။ သမ္မာကျမ်းစာဖတ်ရှုရာတွင် မိမိ၏ အသက်တာအား ပြင်ဆင်ဖို့ရန်နှင့် သူတစ်ပါးကို မေတ္တာဖြင့်ဝေငှရန်သာဖြစ်သင့်သည်။သမ္မာကျမ်းစာအပေါ် ပညာရှင်များ၏ အမြင်အချို့ကို ကောက်နှုတ်ဖော်ပြပါရစေ။

(၁) သမ္မာကျမ်းစာ မပါဘဲ အမှားအမှန်မခွဲခြားနိုင်ပါ။ သမ္မာကျမ်းစာသည် လူတွေကိုပေးသော အကောင်းဆုံး လက်ဆောင်ဖြစ်သည်။

(၂) သမ္မာကျမ်းစာ ဖတ်ရှုနားထောင်ခြင်းမှတစ်ပါး ဘုရားသခင်၏စကားပြောသည်ကို ကြားနာနိုင်စရာ နည်းလမ်းမရှိပါ။

(၃) သမ္မာကျမ်းစာ မပါဘဲ လောကကြီးကို အောင်မြင်ဖို့ ဆိုလိုသည်ကမဖြစ်နိုင်ပါ။

(၄) သမ္မာကျမ်းစာသည် သန့်ရှင်းသော ဝိညာဉ်တော်၏အသံဖြစ်သည်။

(၅) ဘယ်လောက်ပင်ပန်းပါစေ သမ္မာကျမ်းစာ ဖတ်ပြီးမှ အိပ်ပါ။

ယုံကြည်သူတိုင်းသည် သန့်ရှင်းသောဝိညာဉ်တော်ကို ရရှိရန်အတွက်အထက်ဖော်ပြပါ အချက် (၅)ချက်ကို မိမိနေ့စဉ် အသက်ရှင်မှုတွင် လက်တွေ့ လိုက်လျှောက်ကျင့်သုံးရပါမည်။ ထိုသို့ဆိုလျှင်မိမိအတွက်သာမကအသင်းတော်ခရစ်ယာန်သာသနာတော်တိုးတက်ကြီးပွားပြီး ဘုရားသခင်၏ တန်ခိုးတော်ထင်ရှားလာမှာဖြစ်ပါ၏။ ယုံကြည်သူတိုင်းသည် သန့်ရှင်းသော ဝိညာဉ်တော်ကို စစ်မှန်သောနေရာတွင် မှန်ကန်စွာ အသုံးပြုတတ်သူများ ဖြစ်ကြပါစေလို့ မေတ္တာဖြင့် ဝေငှ၍ ခွန်အားပေးလိုက်ပါသည်။

သင့်တို့အပေါ်သို့ သန့်ရှင်းသော ဝိညာဉ်တော်ဆင်းသက်သောခါသင်တို့သည် တန်ခိုးကို ခံရ၍ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည် မြေကြီးစွန်းတိုင်အောင်ငါ၏ သက်သေဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ၏။ (တမန် ၁း၈)။

ကလေးများနေ့ (Children’s day)

ကလေးသူငယ်များနေ့အား စတင်မသတ်မှတ်သေးသည့် အချိန်ကာလတွင် ကလေးများနေ့ကို အလုပ်သမားနေ့ (May Day) တွင် ပြုလုပ်တတ်ကြသည်။ ထိုနေ့ရောက်သောအခါ လာရောက်ဝတ်ပြုကိုးကွယ်ကြသည်သာမက ပန်းများ၊ သစ်ကိုင်း၊ အခက်အလက်များကိုလည်း ယူဆောင်လာကြသည်။ သူတို့၏စိတ်တွင် ပျော်ရွှင် ကြည်နူးခြင်းအပြည့်ဖြစ်နေသည်ကို တွေ့မြင်ကြရသည်။ ကလေးသူငယ်များအတွက် အထူးအစီအစဉ်များပြုလုပ်ပေးသဖြင့် အများအပြားလာရောက်ကြသည်ကို တွေ့ရသည်။ ပထမဦးဆုံး ဤအစီအစဉ်ကိုပြုလုပ်ရခြင်းကား ကလေးသူငယ်များအား သနားကြင်နာခြင်း၊ ကရုဏာရှိခြင်းကြောင့် ဖြစ်သည်။ ကလေးသူငယ်များသည် နောင်အနာဂတ်ကာလတွင် လူကြီးများ၊ ခေါင်းဆောင်များဖြစ်လာမည်ကို လူကြီးမိဘများကသိရှိလျက် တန်ဖိုးရှိသောသူ၊ နိုင်ငံအတွက် ပညာရှိသောသူ၊ ခေါင်းဆောင်အရည်အချင်း ပြည့်ဝသောသူများဖြစ်လာစေရန် မျှော်မှန်းလိုလားကြသည်။ ထို့ကြောင့် ကလေးများကို ငယ်ရွယ်စဉ်ကတည်းက စတင်လေ့ကျင့်ပျိုးထောင် ပေးရန်လိုအပ်ကြောင်းအား သိလာကြသည်။ ဤသို့ကလေးများနေ့ကို အစီအစဉ်များ ပြုလုပ်ပေးသည့်အခါ အထူးအလှူငွေများ ကောက်ခံပေးခြင်းဖြင့် သူတို့၏ လုပ်ငန်းစဉ်များနှင့် ဥပုသ်စာဖြေကျောင်းများ၌ လိုအပ်မှုများအတွက် ဖြည့်စွမ်းပေးနိုင်ခဲ့သည်။

ထို့နောက်ပိုင်းတွင် ဂျာမဏီနိုင်ငံ၌ ဆရာကြီးဂျေမက်စ်ဟတ်(J.Max Hart) က ၁၇၃၂ ခုနှစ်၊ သြဂုတ်လ (၁၇) ရက်နေ့တွင် ကလေးများနေ့ကို စတင်ကျင်းပလျက် အသိအမှတ်ပြုခဲ့သည်။ ထိုနေ့ရက် ရောက်သောအခါတိုင်းကလေးသူငယ်များအတွက် အစီအစဉ်များ ပြုလုပ်ပေးခြင်း၊ သီချင်းများသီဆိုခြင်း၊ ပန်းများ၊ အခက်အလက်များကို ကိုင်ဆောင်ရခြင်းတို့အတွက် ကလေးများ ဝမ်းသာပီတိဖြစ်နေကြောင်းကို တွေ့ရှိရသည်။ ဝတ်ပြုခြင်းအစီအစဉ်များ၌လည်း ကလေးသူငယ်များအား ဦးဆောင်စေ၍ သူတို့နှင့် သက်ဆိုင်သော သမ္မာကျမ်းပိုဒ်များကိုရွတ်ဆိုရန်ရွေးချယ်ပေးခဲ့သည်။ ပြဇာတ်တိုများဖြင့် ပါဝင်ခြင်း၊ ကျမ်းပိုဒ်စကားလုံးများဖြင့် စာလုံး သရုပ်ဖော်ခြင်းပြုလုပ်ပေးခဲ့သည်။ ထိုသို့ပြုလုပ်ပေးခြင်းများက ကလေးသူငယ်များ၏ ဉာဏ်ရည် ဖွံ့ဖြိုးတိုးတက် ထက်မြက်လာစေရန် ရည်ရွယ်ခြင်းကြောင့်ဖြစ်သည်။ ထိုကဲ့သို့ ကလေးသူငယ်များစွာပါဝင်ခြင်းကြောင့် အချို့က “ပန်းပွင့်ကလေးများ တနင်္ဂနွေနေ့’ (Flower Sunday) ဟူ၍ ခေါ်ဝေါ်ကြသည်။ ထိုအချိန်မှစ၍ ယခုထက်ထိတိုင်အောင် ကလေးသူငယ်များနေ့ကို ကျင်းပပြုလုပ်ပေးခဲ့သည်။

မြန်မာနိုင်ငံတော်အစိုးရမှ လွတ်လပ်ရေးဗိသုကာကြီးဖြစ်သည့်ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ဖြစ်သော ဖေဖော်ဝါရီလ (၁၃) ရက်နေ့ကိုကလေးများနေ့အဖြစ် သတ်မှတ်ပေးခဲ့သည်။ မြန်မာနိုင်ငံနှစ်ခြင်းသာသနာအဖွဲ့ကမူ အသင်းတော်များရှိ ကလေးငယ်များအတွက် ကမ္ဘာ့ကလေးငယ်များ ဆုတောင်းရာနေ့ကို မတ်လ ဒုတိယ တနင်္ဂနွေနေ့တွင်သတ်မှတ်လျက်ကျင်းပရန် အသင်းချုပ်ပြက္ခဒိန်တွင် ထည့်သွင်း ဖော်ပြပေးထားပါသည်။

သင့်ကလေး လူတော်လူကောင်းဖြစ်အောင်

ထိုနောက်ပိုင်းတွင် ဂျာမနီနိုင်ငံသား ဆရာကြီးဂျေမက်ဟတ်(J.Max Hart) မှ ဦးဆောင်ကာ ၁၇၃၂ ခုနှစ်၊ ဩဂုတ်လ (၁၇)ရက်နေ့တွင် ကလေးများနေ့ကို စတင် ကျင်းပခဲ့သည်။ မြန်မာနိုင်ငံတွင် လွတ်လပ်ရေး ဗိသုကာကြီးဖြစ်သော ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ဖြစ်သောဖေဖော်ဝါရီလ (၁၃)ရက်နေ့ကို ကလေးများနေ့အဖြစ် သတ်မှတ် ကျင်းပကြသည်။

ကလေးတစ်ဦးအဓိကလိုအပ်ချက်များ

(၁) ကြင်နာမှု၊

(၂) ချစ်ခြင်းမေတ္တာ၊

(၃) ဂရုပြုလမ်းညွှန်မှု၊

(၄) ကိုယ်ကာယလိုအပ်ချက်ကို ဖြည့်ဆည်းခြင်း။

အထက်ဖော်ပြပါအချက်များကား အဓိကအားဖြင့် (ခန္ဓာ၊ စိတ်၊ဝိညာဉ်) လုံခြုံမှုရှိလာခြင်းပင်ဖြစ်သည်။

ကလေးများလေလွင့် ပျက်စီးရခြင်းအကြောင်းများ

(၁) ဆင်းရဲခြင်း

(၂) မိဘများ၏ ပစ်ပယ်မှု

(၃) မိသားစု တကွဲတပြား နေထိုင်နေရခြင်း

(၄) ပညာရေးချို့တဲ့မှုနှင့် အခြားသော အကြောင်းရင်းများစွာတို့ဖြစ်သည်။

သမိုင်းတွင်သည့်နေ့ရက်များ

သားသမီးများနှင့်ပတ်သက်၍ ကျမ်းစာမှဖော်ပြချက်

(၁) ဘုရားသခင်ထံမှ ရရှိသော ဆုကျေးဇူး (ကမ္ဘာ ၄း၁၊ ၃၃း၅)

(၂) ဘုရားသခင်ပေးသော အမွေဥစ္စာ (ဆာလံ ၁၂၇း၃-၅)

(၃) ဘုရားသခင်ပေးသော ကောင်းချီးမင်္ဂလာ (လုကာ ၁း၄၂)

(၄) သက်ကြီးရွယ်အိုတို့အတွက် သရဖူ (သုတ္တံ ၁၇း၆)

ကလေးများ၏မူလတန်ဖိုး (CHILD)

(၁) Christ = ကလေးများသည် ခရစ်တော်ထံမှ လာသောသူဖြစ်ကြသည်။

လူသားတိုင်း ဖခင်၊ မိခင်ရှိရုံနှင့် လူ့ဘဝမရရှိနိုင်ပါ။ ဘုရားသခင်၏ ဖန်ဆင်ခြင်းအောက်၌ရှိမှသာ လူ့ဘဝကို ရရှိနိုင်ကြောင်း ဆာလံဆရာက “ကိုယ်တော်သည် အကျွန်ုပ်၏ကျောက်ကပ်ကိုပင် ဖန်ဆင်း၍

အမိဝမ်းထဲမှာ အကျွန်ုပ်ကို ဖုံးအုပ်တော်မူပြီး၊ အကျွန်ုပ်သည် ကြောက်မက်ဖွယ်သော လက္ခဏာ၊ ထူးဆန်းသော လက္ခဏာနှင့် ပြည့်စုံသည်ဖြစ်၍ကိုယ်တော်ကို ချီးမွမ်းပါ၏။ ပြုပြင်တော်မူသောအမှုတို့သည် အံ့ဩဖွယ်ဖြစ်ကြောင်းကို အကျွန်ုပ်၏ စိတ်ဝိညာဉ်သည် အမှန်သိပါ၏။” (ဆာလံ ၁၃၉း၁၃-၁၄)။ မိဘတိုင်း မိမိ၏ သားသမီးများကို ဘုရားသခင်ကသာ ပိုင်ရှင်အစစ်ဖြစ်ပြီး မိဘများကို ဘုရားသခင်မှယုံကြည်၍ အပ်နှင်းထားသောသားသမီးများကို လူရှေ့၊ ဘုရားသခင်ရှေ့မှာ ကြီးပြင်းလာအောင် ပြုစုပျိုးထောင်ရန် မိဘမှာ တာဝန်ရှိပါသည်။

မိဘများသည် ကလေးသူငယ်များအား မိမိတို့ ကိုးကွယ်သောဘုရားသခင်ကို လက်ဆင့်ကမ်းမပေးနိုင်ပါက တာဝန်ကျေသော မိဘဟုခေါ်ဆို၍မရချေ။ သမ္မာကျမ်းစာ၌ မိဘများ၏ တာဝန်ကို “ယနေ့ ငါမှာထားသော စကားကို နှလုံးသွင်းရမည်၊ ထိုစကားကို သင်၏သားသမီးတို့အား ကြိုးစား၍ သွန်သင်ရမည်။ အိမ်၌ထိုင်လျက်နေသည်ဖြစ်စေ၊ ခရီး၌သွားသည်ဖြစ်စေ၊ အိပ်လျက် ထလျက်ရှိသည်ဖြစ်စေ ထိုစကားကို ပြောရမည်။ ထိုစကားကိုလည်း သင်၏ လက်၌ လက္ခဏာသက်သေဖို့ရာ၄င်း၊သင်၏ မျက်စိကြား၌ သင်းကျစ်ကဲ့သို့၎င်း၊ ချည်ထားရမည်၊ အိမ်တံခါးမြို့တံခါးတို့၌လည်း ရေးထားရမည် (တရားဟော ၆း၆-၉)ဟူ၍ ဖော်ပြထားပါသည်။ သားသမီးများ၏ နှလုံးသားအတွင်းသို့ ဘုရားသခင်အကြောင်း ရောက်ရှိသွားရန် အိပ်ရာဝင်ပုံပြင်၊ ရွှေကျမ်းချက်၊ ဓမ္မသီချင်းများကို အချိန်ပေး၍ သင်ကြားပေးနိုင်ရမည်။ မိဘ၏ အဓိကတာဝန်သည်မိမိကလေးများအား ဘုရားသခင်နှင့် မိတ်ဆက်ပေးရန်သာဖြစ်သည်။

(၂) HOLY = သန့်ရှင်းစင်ကြယ်ခြင်း

လူတိုင်း၏ အသက်တာ၌ ဖြူစင်သန့်ရှင်းသော အချိန်သည်ကလေးဘဝ၌သာဖြစ်ပြီး အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ ဖြူစင်သန့်ရှင်းမှု အားနည်းလာကြောင်း တွေ့ ရှိရသည်။ ကလေး၏ သန့်ရှင်းဖြူစင်ခြင်းဘဝကို လူကြီးများနှင့် ပတ်ဝန်းကျင်က အရောင်မဆိုးမိရန် အထူး

ပင် အရေးကြီးလှသည်။ စာရေးဆရာကြီး ရှိတ်စပီးယားက “လောကဇာတ်ခုံပေါ်တွင် လူတန်းစားသုံးရပ်သာ သရုပ်ဆောင်လျက်ရှိသည်။ မိဘ၊အုပ်ထိန်းသူများက ဒါရိုက်တာ၊ လူကြီးများနှင့် လူငယ်များက သရုပ်ဆောင်ဖြစ်ကြပြီး ကလေးငယ်များကမူ ပရိသတ်များပင် ဖြစ်သည်။

ကလေး၏ ပတ်ဝန်းကျင်ရှိ ဒါရိုက်တာ၊ သရုပ်ဆောင်များ ပြုမူအသက်ရှင်သည့်အတိုင်း ပရိသတ်ဖြစ်သော ကလေးများက ပြန်လည် တုံ့ပြန်လာမည်မှာ ဧကန်မလွဲပေ၊ ကလေးများ၏ ဘဝ၌ မကောင်းသော အရောင်များမဆိုးမိစေရန် လူကြီးတိုင်း၏ တာဝန်ပင်ဖြစ်သည်။

(၃) Independence = လွတ်လပ်ခြင်း

မြန်မာ့လူ့ဘောင်အဖွဲ့အစည်းတွင် မိဘအချို့က သားသမီးများအား မေတ္တာကိုအရင်းခံ၍ အချို့အရာတွင် ဟန့်တား၏။ မလုပ်နဲ့၊ မကိုင်နဲ့ဟု သွန်သင်တတ်ကြသည်။ ဟန့်တားမှုများသော မိဘ၏သွန်သင်မှု၌ကြီးပြင်းလာသော ကလေးများသည်လူကြီးဘဝသို့ရောက်လာသော်လည်း မလုပ်တတ်မကိုင်တတ် ဘဝအဖြစ် ရောက်ရှိသွားကြသည်။ ကလေးကိုသူ့အရွယ်နှင့်သူ လုပ်တတ်ကိုင်တတ်ရန် သွန်သင်ဆုံးမရမည်။ မိမိရင်သွေးအား လူရှေ့၊ ဘုရားသခင်ရှေ့ မျက်နှာရလျက် အစဉ်အတိုင်း ကြီးထွားစေရန် မိဘများက လိမ္မာပါးနပ်စွာ သွန်သင်ဆုံးမရမည်။ ရဲစွမ်းသတ္တိပြည့်ဝသော၊ အင်္ဂလိပ်စစ်ဗိုလ်များကပင် အသိအမှတ်ပြုခြင်းခံရသော စစ်သူကြီး မဟာဗန္ဓုလသည် ငယ်စဉ်ကပင် မိဘများ၏သွန်သင်ဆုံးမမှု ကောင်းသောကြောင့်ပင် ဖြစ်ပါသည်။

ကလေးများအား အစဉ်အတိုင်း လွတ်လပ်စွာကြီးထွားစေလိုလျှင်

(က) ကိုယ်ပိုင် စည်းကမ်းလိုက်နာတတ်အောင် လေ့ကျင့်ပေးပါ။

(ခ) ကလေး၏ သဘောထားအမြင်ကို ဖော်ပြခွင့်ပေးပါ။

(ဂ) လူကြီးအများအပေါ် ကလေးအနေဖြင့် အလွန်မှီခိုမှု မရှိပါစေနှင့်။

(ဃ) ကလေးကို အလွန်အကျွံ အကာအကွယ်မပေးပါနှင့်။

(၄) L = LORD (သခင်)

သားသမီးတို့၏ အကောင်းဆုံးနှင့် အမြင့်မားဆုံးစွမ်းဆောင်မှုများကို တွေ့မြင်လိုခြင်းသည်ကား မိဘတိုင်း၏ ကြီးမားသော ဆန္ဒပင်ဖြစ်သည်။ သားသမီးတို့၏ စွမ်းဆောင်ရည်မြင့်မားတိုးတက်မှုကို မိဘတို့သည်အစဉ်အမြဲ လိုလား တောင့်တကြသည်။ သို့သော် သားသမီးတို့၏ စွမ်းဆောင်ရည်ကျဆင်းမှုကို မိဘတိုင်း ကြုံတွေ့ ရင်ဆိုင်ကြရသည်။ဗီဇသည် စွမ်းဆောင်ရည်ကို ဆုံးဖြတ်ရာတွင် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်နေပါသည်။ သို့သော် ဗီဇသည် အရာရာကို အဆုံးအဖြတ်ပေးသည်တော့ မဟုတ်ပါ။ ပတ်ဝန်းကျင်၏ ကူညီပံ့ပိုးမှု၊ အားပေးကူညီမှုသည် များစွာ အထောက်အကူပြုပေးပါသည်။ ဆရာကြီး ဦးဖေမောင်တင်က “တပည့်ဟာ ဆရာထက်တော်ရမည်။ သားသမီးဟာ မိဘထက် တော်ရမည်။ အကယ်၍ တပည့်ဟာ ဆရာထက်မတော်ရင်၊ သားသမီးဟာ မြောင်းထဲရောက်ပြီမှတ်”ဟု ဆုံးမသွန်သင်ခဲ့ဖူးပါသည်။

မိဘထက် သားသမီးများမှ ပို၍ထူးချွန်စေရန်

(၁) ကလေး၏အားသာချက်များကို ရှာပြီး ချီးမြှောက်ဂုဏ်ယူပါ။

(၂) ကလေးများ၏ အားနည်းချက်ကို အပြစ်မတင်ဘဲ နောက်တစ်ကြိမ်ကြိုးစားပါဟု မှန်ကန်သောနည်းဖြင့် ပြသပါ။

(၃) ကလေးများ မိမိကိုယ်မိမိလေးစားတန်ဖိုးထားတတ်သော အလေ့အကျင့်များဖြင့် လေ့ကျင့် ပျိုးထောင်ပေးပါ။

(၄) ကြိုတင်ပြင်ဆင်လုပ်ကိုင်တတ်သော အလေ့အကျင့်ရအောင် လေ့ကျင့်

ပေးပါ။

(၅) အောင်မြင်မှုအတွက် ကြိုးစားလိုသောစိတ်ကို နိုးဆွပေးပါ။

(၆) တိကျသော ရည်မှန်းချက်ကိုချမှတ်စေပြီး ကိုက်ညီသော ပထမခြေလှမ်းကို စတင်လှမ်းခိုင်းပါ။

(၇) တဖြည်းဖြည်းချင်း အားပေးခြင်း၊ ချီးမွမ်းခြင်း၊ ကြိုးစားလုပ်ကိုင်စေခြင်းတို့ဖြင့်သာလျှင် ထူးချွန်သောကလေးများ ဖြစ်လာနိုငပါသည်။

(၅) စည်းကမ်း (Discipline) နှင့် ချစ်ခြင်းမေတ္တာ (Love)

‘သမ္မာကျမ်းစာ၌ သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။

သို့ပြုလျှင် သူသည် အိုသောအခါ ထိုလမ်းမှ မလွဲလိုက်သွားလိမ့်မည်”(သုတ္တံ ၂၂း၆) ဟု ဖော်ပြထားပါသည်။

ကလေးအား ပထမဦးဆုံး လွှမ်းမိုးသည့် လူ့အဖွဲ့အစည်းမှာမိသားစုပင်ဖြစ်သည်။ ထို့ကြောင့်ပင် လက်ဦးဆရာ မည်ထိုက်စွာသား၊ပုဗ္ဗစရိယာ၊ မိနှင့်ဖဟု ဆိုကြခြင်းဖြစ်သည်။ အိမ်မှတစ်ဆင့် ကလေးများသည် စကားပြောသင်ယူရသည်။ သူ၏ အလေ့အကျင့်စရိုက်များ၊ ဘာသာရေး ယုံကြည်မှုများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှုများကိုမိသားစုထံကပင် ရရှိကြရသည်။ မိသားစုသည် ကလေးအပေါ် အဦးဆုံးနှင့် အများဆုံး လွှမ်းမိုးနိုင်သဖြင့် ကလေးများအား စနစ်တကျမှန်ကန်စွာ

စည်းကမ်းချပေးခြင်းနှင့်အတူ မိမိရင်သွေးများအား မေတ္တာပေးအပ်ခြင်းသည် အဓိကအရေးကြီးဆုံး ဖြစ်သည်။ အိမ်၌စည်းကမ်းနှင့် ချစ်ခြင်းမေတ္တာမရရှိခဲ့သဖြင့် ကမ္ဘာ့ဇာတ်ခုံပေါ်တွင် နာမည်ဆိုးဖြင့် ထင်ရှားသောအဒေါ့ဖ်ဟစ်တလာအကြောင်း ဖော်ပြပါရစေ။ ဩစတြီးယားဇာတိ၊ အာဏာရှင်နာဇီပါတီ၏ ခေါင်းဆောင်၊ ဂျူးလူမျိုးတို့အား သန်းနှင့်ချီ သုတ်သင်သတ်ဖြတ်သော လူသတ်သမားဖြစ်ပြီး နောက်တုံး မိမိကိုယ်မိမိ သတ်သေခြင်းဖြင့် ဘဝဆုံးခဲ့ရသူမှာ သူ၏ သူငယ်ဘဝသည် မလှပသောကြောင့်ဖြစ်ပါ၏။

ဟစ်တလာ၏ အဘိုးသည် ကျပန်းအလုပ်သမားဖြစ်ပြီး ထိုအဘိုးမှာ အဖေမပေါ်ဘဲ ကလေးတစ်ယောက်ရဖူးသည့် လယ်သူမကလေးတစ်ယောက်နှင့် ညားရာတွင် အလွိုက်(စ်)ဆိုသော သားတစ်ယောက်ပါလာသည်။ အလွိုက်(စ်)က အိမ်ထောင်သုံးဆက်ဖြစ်ပြီး တတိယဇနီးလာရာသည် အဖေမပေါ်သော သားအလွိုက်(စ်)နှင့်ရကာ ဟစ်တလာကို မွေးဖွားခဲ့သည်။ ကျောင်းစာညံ့သော ဟစ်တလာနှင့် ဖခင်မှာ အမြဲရန်ဖြစ်ကြသည်။ ထို့နောက် ဟစ်တလာကျောင်းမှထွက်ရ၊ ဖခင်လည်းကွယ်လွန်၊မလှပသောငယ်ဘဝပုံရိပ်များသည် ဟစ်တလာအား ရာဇဝင်လူဆိုး ဖြစ်စေရန် တွန်းပို့လိုက်သော အရာများပင်ဖြစ်သည်။ ဟစ်တလာသည် ချစ်ခြင်းမေတ္တာနှင့် စည်းစနစ်ကျသော မိသားစုမှ၊ မွေးဖွားလာခဲ့လျှင် ထိုကဲ့သို့ရာဇဝင်လူဆိုးဘဝ ကျရောက်မည်မဟုတ်ပါ။ နိဂုံးချုပ်ဘဝမလှသော လူတိုင်း၏ဘဝသည် ငယ်စဉ်က မေတ္တာနှင့် ဝေးသော ပတ်ဝန်းကျင်တွင်ကြီးပြင်းခဲ့သူများဖြစ်သည်။ ထို့ကြောင့် မေတ္တာလွှမ်းခြုံသော မိသားစုဖြစ်ရန် အလွန်ပင် အရေးကြီးသည်။ မိသားစုထဲ၌ မေတ္တာကို မိဘများမှသာမဟုတ်ဘဲ အဘိုးအဘွား၊ ဦးလေးအဒေါ်၊ ရပ်မိရပ်ဖဆရာ၊ ဆရာမများထံမှလည်း မည်သူမဆို ရရှိနိုင်ပါသည်။ မေတ္တာတရားပေးရန် အရင်းအနှီး ကြီးကြီးမားမား ဘာမျှမလိုအပ်သော ကိစ္စဖြစ်ရာ ချစ်ခြင်းမေတ္တာနှင့်စည်းကမ်းသတ်မှတ်ခြင်းကို မိမိတို့အိမ်မှ အစပြုကြပါစို့။

ကလေးနှင့် သူ၏ပတ်ဝန်းကျင်

(၁) သရော်လှောင်ပြောင်မှုများကို ခံစား၍ ကြီးပြင်လာရသော ကလေးငယ်သည် သတ္တိကြောင်သူမျိုး ဖြစ်လာတတ်ပါသည်။

(၂) အမြဲတစေ ပြစ်တင်ဝေဖန်မှုကို ခံရ၍ ကြီးပြင်းလာရသော ကလေးသည်။ငယ်သည် သူတစ်ပါးကို အပြစ်တင်သူ၊ ရှုတ်ချသူ ဖြစ်လာတတ်ပါ

(၃) အရာရာ မယုံသင်္ကာမှုများကြားတွင် ကြီးပြင်းလာတတ်သော ကလေးငယ်များသည် ကောက်ကျစ်စဉ်းလဲသူ ဖြစ်လာနိုင်ပေသည်။

(၄) မိမိပြုမူသမျှ ဆန့်ကျင်ဘက်ပြုခြင်းကိုသာခံစား၍ ကြီးပြင်းလာရသောကလေးငယ်များသည် ရန်လိုတတ်သူများ ဖြစ်လာတတ်ပါသည်။

(၅) ကြင်နာယုယမှုတို့ကို ခံယူ၍ ကြီးပြင်လာရသောကလေးငယ်များသည်သူတစ်ပါးအပေါ် မေတ္တာထားတတ်သူ ဖြစ်လာပါသည်။

(၆) အားပေးထောက်ခံမှုဖြင့် ခံစားကြီးပြင်းလာရသော ကလေးငယ်များသည် မိမိကိုယ်မိမိ ယုံကြည်အားကိုး စိတ်ရှိသူသာဖြစ်လာပါသည်။

(၇) သစ္စာတရားဖြင့် ခြံရံ၍ ကြီးပြင်းလာသော ကလေးငယ်များသည်အမှန်တရားကို မြတ်နိုးဆောင်ရွက်တတ်သူ ဖြစ်လာပါသည်။

(၈) ချီးမွမ်းမှုများကို ခံယူ၍ ကြီးပြင်းလာရသော ကလေးငယ်များသည်လူအများအပေါ်တွင် ခွင့်လွှတ်စာနာတတ်သူ ဖြစ်လာတတ်ပါသည်။

(၉) စာပေဗဟုသုတတို့ဖြင့် ကြီးပြင်းလာရသော ကလေးငယ်များသည်ဉာဏ်ပညာအမြော်အမြင်နှင့် ပြည့်စုံတတ်ပါသည်။

(၁၀) ကိုယ်နှုတ်နှလုံးစောင့်ထိန်းတတ်သော ပတ်ဝန်းကျင်၌ နေထိုင်ခွင့်ရသော ကလေးငယ်များသည် သည်းခံစိတ်ရှည်လေ့ရှိသည်။

(၁၁) စိတ်နှလုံးပျော်ရွှင်ချမ်းမြေ့မှုများ ဝန်းရံ၍ ကြီးပြင်းလာသော ကလေးငယ်များသည် မေတ္တာတရားနှင့် ချစ်ခင်နှစ်သက်ဖွယ်ရာ အလှတရားကို ခံယူတတ်သူ အနုပညာဖြင့် သိမ်မွေ့နူးညံ့သူဖြစ်လာ တတ်သည်။

မြန်မာတစ်ပြည်လုံး ကောင်းကျိုးချမ်းသာနှင့် ပြည့်စုံရန် မိဘများ၊ အုပ်ထိန်းသူများမှ မိမိအား ဘုရားသခင်မှယုံကြည့်၍ အပ်နှင်းထားသော ကလေးများကို အကောင်းဆုံး ပြုစုပျိုးထောင်ရင်းဖြင့် အသက်တာကို အသစ်တစ်ဖန် အပ်နှံကြပါစို့ဟု ဖော်ပြရင်း ဝေငှခြင်းကို နိဂုံးချုပ်လိုက်ပါသည်။

ဖွားမြင်သော သားသမီးတို့သည် ထာဝရဘုရားဆုချ၍ ပေးသနားတော်မူသော အမွေဥစ္စာများဖြစ်ကြ၏။ (ဆာလံ ၁၂၇း၃)။

ဖခင်များနေ့ (Father’s Day)

John Bruce Dodd : Sonora Louise Smart Dodd သည် မိခင်သေဆုံးပြီးနောက်ပိုင်း သူမတို့ မောင်နှမတစ်စုအားဖခင်ဖြစ်သူက အစစအရာရာပြုစုပျိုးထောင်ပေးခဲ့ခြင်း၊ သားသမီးများလိုအပ်ချက်ကို တတ်နိုင်သ၍ကြိုးစားဖြည့်စွမ်းပေးခဲ့ခြင်း၊ မိခင် မရှိတော့သည့်နောက်ပိုင်း ဖခင်ကပင် မိခင်တာဝန်များကိုပါ ကြိုးစားလုပ်ကိုင်လာခြင်းတို့ကို နားလည်ခံစားလာရပြီး၊ ဖခင်များနေ့ဖြစ်ပေါ်လာဖို့ရန် သူမကိုယ်တိုင် စတင်လှုပ်ရှားခဲ့သည်။ ဖခင်များသည် မိသားစု၏အရေးကိုပင်ပင်ပန်းပန်း ကြိုးစားရုန်းကန်လျက် ပင်ပန်းမှန်းမသိအောင် လုပ်ဆောင်ခဲ့သည်ကို မိခင်မရှိသည်နောက် သူမပို၍ခံစားသိရှိလာရသဖြင့်ဖခင်များသည် ဂုဏ်ပြုထိုက်သောပုဂ္ဂိုလ်များဖြစ်ကြောင်း သိမြင်နားလည်လာသည်။ ထိုကြောင့် ၁၉ဝ၉ ခုနှစ်တွင် အသင်းတော်ဥက္ကဋ္ဌဖြစ်သောသိက္ခာတော်ရဆရာခွန်းရဒ် (Rev.Conrad) ထံ စာရေးအကြောင်း ကြား၍ ဖခင်များနေ့ကို သတ်မှတ်ကျင်းပဖို့ရန်နှင့် ကျင်းပမည့်အချိန်ကိုလည်းဖော်ပြရေးသားခဲ့သည်။

မစ္စစ်ဒေါ့(ဒ်) ရေးသားသောစာကို အသင်းတော်များရှိ ကောင်စီလူကြီးများက အစည်းအဝေး၌ လက်ခံအတည်ပြုလျက်၊ ၁၉၁ဝ ခုနှစ်၊ဇွန်လ တတိယပတ် တနင်္ဂနွေနေ့ကို ဖခင်များနေ့အဖြစ် သက်မှတ်ကာဝါရှင်တန်ခရိုင်၊ စပိုကိန်း(Spoksne)မြို့တွင် ပထမဆုံး ကျင်းပပြုလုပ်ခဲ့သည်။ ထိုနေ့ကို ကျင်းပသည့်အခါ ဖခင်အသက်ရှင်သေးသော သားသမီးများက နှင်းဆီပန်းအနီကိုဆင်ယင်ကြပြီး၊ ဖခင်ကွယ်လွန်သော သားသမီးများက နှင်းဆီပန်းအဖြူကို ဆင်ယင်လျက် အသိမှတ်ပြုကြသည်။ သို့သော်လည်း ထိုအချိန်၌ အခြားအသင်းတော်များ၊ အခြားသောနေရာများမှာဖခင်များနေ့ကျင်းပကြောင်းကို မသိကြသေးချေ။ ၁၉၁၁ ခုနှစ်တွင်ရှိကာဂို (Chicago)မြို့ရှိ အသင်းတော်များက ဖခင်နေ့နှင့်ပတ်သက်၍ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။ အသင်းတော်များအတွက်လည်း အသစ်အဆန်းဖြစ်နေသည်။ ဤသို့တိုင်ပင် ဆွေးနွေးသည့်အခါ ၄င်းတို့အထဲမှ မစ္စဂျင်းန် အစ်ဒမ်(စ်) (Miss Jean Idams) က ဖခင်များနေ့ကို အသိအမှတ်ပြု ဂုဏ်ပြုသင့်ကြောင်း၊ ဖခင်များသည် သားသမီး မိသားစုများ၏ စားဝတ်နေရေးအတွက် နဖူးမှချွေး ခြေမထိကျသည့်တိုင် ရုန်းကန်ကြရကြောင်း၊ ဖခင်များကိုပြန်၍အောက်မေ့သတိရသင့်ကြောင်း အဆိုပြုခဲ့သည်။ သို့သော်လည်း ယင်းအစည်းအဝေးတွင်ဆုံးဖြတ်ချက် အတိအကျချမှတ်အတည်ပြုခြင်း မရှိချေ။

သို့သော်လည်း ဗင်ကူဗာမြို့နယ် (Van Couver)ရှိ သတင်းစာ၌ဖခင်များနေ့ကိုသူတို့မြို့နယ်တွင် ပထမဦးဆုံး ကျင်းပခဲ့ကြောင်း ရေးသားဖော်ပြခဲ့သည်။ အာဗင်းတန်မက်သဒစ်အသင်းတော် (Irvington Meth-odist Church) မှ သင်းအုပ်ဆရာကြီးဘာရင်းဂျာ (Rev. T.H.Beringern) က ဖခင်များနေ့ကို ကျင်းပပြုလုပ်ရန် စာရေးအကြောင်းကြားပြီး၊သူကိုယ်တိုင် အသင်းတော်တွင်ဦးစီးကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

၁၉၂၀-ခုနှစ်တွင်မူ ဟယ်ရီ၊ စီ၊ မိခ် (Harry C.Meek) ကဖခင်များနေ့ကို အောက်တိုဘာလ၊ တတိယပတ်တွင် ကျင်းပခဲ့သည်။၁၉၂၄ ခုနှစ်တွင် ဝန်ကြီးချုပ်ခူးလစ်ရှ် (Colledge) ကလည်း ကျွန်ုပ်တို့ဖခင်များနေ့ကို နေရာတကာ၌ ကျင်းပခဲ့ခြင်းကြောင့် ဖခင်နှင့် သားသမီးတို့၏ ပေါင်းသင်းဆက်ဆံမှုနှင့် တာဝန်ဝတ္တရားများကို ပို၍ သိမြင်လာကြကြောင်း ဆရာဟယ်ရီစီမ်ခ်ထံ စာရေးအကြောင်းကြားခဲ့သည်။ ၄င်းအပြင်ဝန်ကြီးချုပ်ဝီလ်ဆန် (Wilson)ကလည်း ထောက်ခံကြောင်း ထပ်ဆင့်ဖော်ပြသဖြင့်၊ ၁၉၃၆ ခုနှစ်တွင် အမျိုးသားရေးအသွင်ဖြင့် သတ်မှတ်ကာဖခင်များနေ့ ကော်မတီကို ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ထို့ကြောင့် John Bruce Dodd ၏ ဇနီး မစ္စဒေါ့(ဒ်)အနေဖြင့် အလွန်ပင် ဝမ်းမြောက်ဝမ်းသာ ပီတိဖြစ်ခဲ့ရသည်။ ထိုသို့ဖခင်များနေ့ ကျင်းပချိန်များမှာ တစ်နေရာနှင့် တစ်နေရာ ကွဲပြားနေ၍လည်းကောင်း၊ ပြုလုပ်သည့် အစီအစဉ်များလည်း မတူညီသောကြောင့်လည်းကောင်း၊ နောက်ဆုံး အသင်းတော်လူကြီးများက တိုင်ပင်ဆွေးနွေးပြီးသည့်နောက် ဖခင်များနေ့ကို နှစ်စဉ် ဇွန်လ တတိယပတ်တနင်္ဂနွေနေ့၌ ပြုလုပ်ရန် ဆုံးဖြတ်အတည်ပြုခဲ့ကြသည်။

ထို့ကြောင့် ဖခင်များနေ့ကို ယနေ့ထက်ထိတိုင်အောင် ဂုဏ်ပြုကျင်းပလျက်ရှိသည်။ ဤသို့အားဖြင့် ဖခင်တို့၏ မြင့်မြတ်သောစိတ်ထားတန်ဖိုးနှင့်အစေခံသော စိတ်ဓာတ်များကို ပိုမိုသိရှိလာစေခဲ့သည်။၁။လူတိုင်း ဘုရားသခင်၏ကျေးဇူးတော်ကိုဖခင်အားဖြင့် သိရှိလာစေရန်၊

၂။ သားသမီးများက ဖခင်ကို ရိုသေဂုဏ်ပြု ကျေးဇူးပြုတတ်လာရန်၊

၃။ ဖခင်နှင့် မိသားစုအတွင်း ရင်းနှီးမှု ပိုမိုထိရောက်စေရန်၊

၄။ ဖခင်များမှ အိမ်ထောင်၏တာဝန်ကို ပိုပြီးသိရှိလာစေရန်တို့ ဖြစ်ကြ

ပါသည်။

ငါ့သားအဘ၏ ပညတ်စကားကို နားထောင်လော့။ အမိပေးသောတရားကို မပယ်နှင့်၊ နှလုံးပေါ်မှာ အမြဲချည်၍ လည်ပင်း၌ ဆွဲထားလော့။ (သုတ္တံ ၆း၂ဝ-၂၁)။ဖခင်ဟူသောစကားသည် လူယောက်ျားအာဒံမှ အစပြုပြီးဟေဗြဲဘာသာစကားအားဖြင့် အာဒံမာဟု ခေါ်သောကြောင့် လူအာဒံကိုမြေကြီးမှ ဖန်ဆင်းသည်ဟု အဓိပ္ပါယ်ရသည်။ ကျွန်ုပ်တို့အားလုံး ဖခင်ကိုရွေးချယ်ပိုင်ခွင့်မရှိ။ ဖခင်များသည် ဘုရားသခင်ထံမှ လာသောသူများပင်ဖြစ်သည်။ ကျမ်းစာတွင် ဖခင်သည် အိမ်ထောင်မိသားစု၏ ဦးခေါင်းဖြစ်ပြီး မိသားစုအတွက် ဝိညာဉ်ရေးရာ ကြီးထွားမှုအတွက် ပဲ့ပြင်လမ်းပြရန်တာဝန်ရှိသူဖြစ်သည်။ ဖခင်၏ကောင်းချီးမင်္ဂလာပေးခြင်းသည် သားသမီးများ၏ အနာဂတ်အတွက် အရေးကြီးသည်။ ကျမ်းစာတစ်ခုလုံးတွင် ဘုရားသခင်သည် သားသမီးများအားမိဘ (မိခင်၊ ဖခင်) တို့၏ စကားကိုနားထောင်ရန် မိန့်တော်မူခဲ့သည်။ မိဘများကလည်း မိမိတို့၏သားသမီးများကို ချစ်ခြင်းမေတ္တာဖြင့် ကြည့်ရှုစောင့်ရှောက်ရန် သွန်သင်ထားသည်။

ဖခင်များနေ့ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ

(၁) ဘုရားသခင်ပေးသော ဖခင်များအတွက် ကျေးဇူးတော်ချီးမွမ်းရန်။

(၂) သားသမီးတိုင်း ဖခင်မေတ္တာကို နားလည်တန်ဖိုးထားတတ်ရန်။

(၃) ဖခင်လောင်းများအတွက် ဖခင်ဘဝကို ကြိုတင်ပြင်ဆင်နိုင်ရန်။

(၄) ဖခင်တိုင်းအားဖြင့် အိမ်ထောင်တိုင်း ဘုရားသခင်ဆီမှ ကောင်းချီး

ယဇ်ပုရောဟိတ်

ကျမ်းစာတွင်ဖော်ပြသော ဖခင်များ၏မူလတန်ဘိုးများ

၁။ ဖခင်သည် မိမိအိမ်သူအိမ်သားများကို ဘုရားသခင်နှင့် ဆက်သွယ်ပေးသောသူများပင်ဖြစ်သည်။ ကျမ်းစာ၌ ယောဘသည် သူ၏သားသမီးများအတွက် မီးရှို့သောယဇ်ကိုပူဇော်၍ ဘုရားသခင်နှင့် မိတ်ဆက်ပေးသူဖြစ်သည်။ ယောဘ၏ သားတို့သည် နှစ်စဉ်အတိုင်း အသီးသီးဖွားမြင်သောနေ့ရက်ရောက်လျှင် မိမိတို့ အိမ်၌ ပွဲခံသဖြင်၊ နှမသုံးယောက်ကိုလည်းခေါ်၍ အတူစားသောက်လေ့ရှိကြ၏။ ပွဲခံသောနေ့ရက်လွန်သောအခါ သူတို့ကိုခေါ်၍ သန့်ရှင်းစေပြီးလျှင် နံနက်စောစောထ၍ သူတို့အရေအတွက်အတိုင်း မီးရှို့သောယဇ်ကို ပူဇော်လေ့ရှိ၏။ အကြောင်းမူကား ငါ့သားတို့သည် မှားယွင်း၍စိတ်နှလုံးထဲ၌ ဘုရားသခင်ကိုစွန့်ပယ်ကြပြီလောဟု ယောဘအောက်မေ့၏။ ထိုသို့ယောဘအစဉ်ပြုမြဲရှိ၏။

(ယောဘဝတ္ထု ၁း၄-၅)။

၂။ ဖခင်

အန္တရာယ်အသွယ်သွယ်မှ ကာကွယ်ပေးသူ ဖခင်ဟူသော အဓိပ္ပါယ်မှာ အိမ်ထောင်ကို အုပ်စိုးသူ။ ရှေ့မှာမားမားမတ်မတ်ရပ်တည်သူ၊ ကာကွယ်စောင့်ရှောက်သူဟု ခေါ်ဆိုသည်။အိမ်ထောင်တိုင်းရှိ ဖခင်များသည် ထိုတာဝန်ကိုထမ်းဆောင်ကြသည်။ကျမ်းဟောင်းခေတ်တွင် သားဦးများကို တရားစီရင်ခြင်း၌ ဣသရေလလူမျိုး၏အိမ်၌ ဖခင်များသည် တံခါးဘောင်တွင် သိုးသူငယ် အသွေးကိုသုတ်လိမ်းခြင်းဖြင့် အိမ်ထောင်တွင် ကျရောက်လာမည့်အန္တရာယ်မှ လွတ်မြောက်ခွင့်ရရှိခဲ့သည်။ သိုးသူငယ်၏ အသွေးသည် သင်တို့နေရာအိမ်၌သင်တို့၏ လက္ခဏာသက်သေဖြစ်၍ ထိုအသွေးကို ငါမြင်သောအခါ သင်တို့ကို ငါလွန်သွားမည်၊ ထိုသို့ အဲဂုတ္တုပြည်ကို ငါသည်ဒဏ်ခတ်သောအခါပျက်ဆီးခြင်းဘေးဥပဒ်သည် သင်တို့ကို မသင့်မရောက်ရ။ (ထွက်မြောက်ရာ ၁၂း၁၃)။ ကျမ်းသစ်ခေတ်ရောက်လာသောအခါ သခင်ယေရှု၏အသွေးတော်အားဖြင့် လူသားအားလုံးထာဝရပျက်စီးခြင်း၊ သေခြင်းတရားမှ ထာဝရအသက်ရှင်ခြင်းကောင်းကင်နိုင်ငံတော်သို့ဝင်စားရခြင်းများဖြစ်စေရန် ဖခင်တိုင်း၏တာဝန်ပင်ဖြစ်သည်။ ခရစ်တော်၏အသွေးတော်သည် သေခြင်းနှင့်စပ်ဆိုင်သော အကျင့်ကို ပယ်ရှင်း၍ (ဟေဗြဲ ၉း၁၄)ဖခင်သည် အိမ်၌အသွေးကိုသုတ်ခြင်း၊ ဖြန်းခြင်းပြုလုပ်ပေးသဖြင့် တရားစီရင်ခြင်းမှ လွတ်မြောက်၍မိသားစုဘဝလုံခြုံမှုကို ရရှိခဲ့သကဲ့သို့ လူသားအားလုံးမှာ သခင်ယေရှုအသွေးတော်အားဖြင့် ကယ်တင်ခြင်း ဆုကျေးဇူးကို ယုံကြည်ခြင်းအားဖြင့် ရရှိခဲ့ပါသည်။ (ဧဖက် ၂း၈-၉)။

၃။ ဖခင် – ရောဂါပျောက်ကင်းခြင်း

လူသားတိုင်း၌ တူညီသောရောဂါမှာ အပြစ်ဆိုသော ရောဂါပင်ဖြစ်သည်။ လူသားအားလုံး၏ ဖခင်ဖြစ်သော သခင်ယေရှုကို ကယ်တင်ပိုင်ရှင်အဖြစ် လက်ခံယုံကြည်လျှင် အပြစ်လွတ်ခွင့်ဆုကျေးဇူးကို ရရှိမည်မှာ ဧကန်မလွဲချေ။ ကျမ်းစာတွင် ဖခင်တစ်ဦး၏ ယုံကြည်သောမေတ္တာဖြင့်လုပ်ဆောင်ခြင်းကြောင့် ဝက်ရူးပြန်နေသော သားတစ်ဦးရောဂါ ပျောက်ကင်းခြင်းအမှုကို ရရှိခဲ့သည်။ အဘက၊ ငယ်သောအရွယ်ကပင်ဖြစ်ပါ၏။သူငယ်ကိုသေစေခြင်းငှါမီး၌၄င်း၊ ရေ၌၄င်းအကြိမ်ကြိမ်လဲစေတတ်၏။သို့သော်လည်း ကိုယ်တော်သည်တတ်နိုင်တော်မူလျှင် ကျွန်ုပ်တို့ကို သနား၍ ကယ်မတော်မူပါဟုလျှောက်တင်လေ၏။ ယေရှုကလည်း သင်သည်ယုံကြည်နိုင်သလော၊ ယုံကြည်သောသူဖြစ်လျှင် ခပ်သိမ်းသောအမှုတို့ကိုတတ်နိုင်သည်ဟု မိန့်တော်မူ၏။ (မာကု ၉း၂၂-၂၃)။

၄။ ဖခင် – ကယ်တင်ခြင်းဆုကျေးဇူးကို လက်ဆင့်ကမ်းသူ

ဖခင်တစ်ဦး၏ အဓိကတာဝန်မှာ မိမိအိမ်သူအိမ်သားအားလုံးကို မိမိယုံကြည်လက်ခံသော ဘုရားသခင်အား လက်ဆင့်ကမ်းပေးနိုင်သူဖြစ်သည်။ ဤတာဝန်ကို ပျက်ကွက်လျှင်တာဝန်ကျေသော ဖခင်ကောင်းဟု သတ်မှတ်၍မရချေ။ မိသားစု၏ကြမ္မာကို အဆုံးအဖြတ်ပေးနိုင်သူများမှာ ဖခင်များသာဖြစ်သည်။ ကျွန်ုပ်သည် ကယ်တင်ခြင်းသို့ ရောက်အံ့သောငှာ၊ အဘယ်သို့ပြုလုပ်ရမည်နည်းဟု မေးလျှောက်လေ၏။ ထိုသူတို့ကလည်း သခင်ယေရှုခရစ်ကို ယုံကြည်လော့၊ ယုံကြည်လျှင် သင်နှင့် သင်၏အိမ်သူအိမ်သားတို့သည် ကယ်တင်ခြင်းသို့ရောက်ကြလိမ့်မည်။ (တမန် ၁၆း၃၀-၃၁)။ ထောင်မှူး၏ ယုံကြည်ခြင်းကြောင့်သူ၏အိမ်သားအားလုံးကယ်တင်ခြင်းကို ရရှိခဲ့ပါသည်။ ကယ်တင်ခြင်းအတွက် ယုံကြည်ခြင်းသည်မိမိကိုယ်တိုင် အဓိကဆုံးဖြတ်ရမည့်အရာဖြစ်သော်လည်း ဖခင်၏ ပံ့ပိုးကူညီမှုသည် အရေးကြီးလျက်ရှိကြောင်း တွေ့ရှိရပါသည်။

၅။ ဖခင်မေတ္တာသည် မိခင်မေတ္တာထက် မလျော့သောအချစ်များစွာဖြင့် သားသမီးတိုင်းကိုချစ်ပါသည်။

သားသမီးတိုင်းသည်ဖခင်ထက်မိခင်ကိုပိုမိုချစ်တတ်သောသဘောသဘာဝရှိပါသည်။မိခင်သည်သားသမီးနှင့်ပိုမိုနီးကပ်စွာနေထိုင်သောကြောင့်ဖြစ်သကဲ့သို့သဘာဝအားဖြင့်ဖခင်သည်မိသားစု၏စားဝတ်နေရေးအတွက်အိမ်အပြင်ဘက်၌အချိန်ကုန်နေသောကြောင့်ဖြစ်ပါသည်။

ထို့ကြောင့် ဖခင်ထက်မိခင်ကို သားသမီးတိုင်းပိုမိုချစ်တတ်ကြသည်။ သို့ရာတွင် ဖခင်တိုင်းသည် မိခင်များထက် မလျော့သောမေတ္တာဖြင့် ချစ်ကြကြောင်း အောက်ပါအဖြစ်အပျက်အားဖြင့် သင်ခန်းစာယူကြပါစို့။ မိသားစုတစ်စုမှာအမေ့နို့ဖိုး ဗီဒီယိုကိုငှားကြည့်သောနေ့ကဖြစ်သည်။မိခင်နေရာတွင် ထွန်းအိန္ဒြာဗိုလ်၊ တာဝန်မဲ့သောဖခင်နေရာတွင် ကျော်သူ၊မိခင်မေတ္တာကိုတန်ဖိုးထားသောသားနေရာတွင် မင်းမော်ကွန်းက သရုပ်ဆောင် ထားရာ ကြည့်နေသောမိသားစုထဲက မိခင်သည်အဓိပ္ပါယ်ပါပါဖြင့်ဖခင်ကိုကြည့်ပြီး မိခင်ဆိုတာဖခင်တွေထက် မေတ္တာကြီးသူ အနစ်နာခံသူဟုပြောခဲ့ရာ ဖခင်ကသားသမီးများအား ငါတို့ဖခင်တွေဟာ မိခင်တွေထက် မေတ္တာမပိုရင်တောင် မေတ္တာမလျော့ကြပါဘူး။ မိခင်မေတ္တာလမင်းဆိုလျှင် ဖခင်မေတ္တာဟာနေမင်းနဲ့တူတယ်။ လမင်းဟာ အေးမြပြီးနေမင်းဟာပူပေမဲ့ နေမင်းမပါဘဲ လမင်းမဖြစ်နိုင်ပါဘူး။ အဖေကဆက်ပြောသည်။ သားသမီးဆိုတာ အမေနို့ကိုစို့ပြီး ကြီးပြင်းခဲ့ပါတယ်။ ငါလည်းအမေနို့ကိုစို့ခဲ့ပါတယ်။ ဒါပေမယ့် သားသမီးတိုင်းဟာ အမေနို့ကိုတစ်နှစ်၊ တစ်နှစ်ခွဲလောက်ပဲစို့ခဲ့ကြတယ်။ ငါတို့ဖခင်တွေဟာ သားသမီးတွေ အသက် (၃၀)လောက်အထိ အိမ်ထောင် မကျမချင်း လုပ်ကြွေးနေကြတာတော့ မစဉ်းစားမိကြဘူး၊ တကယ်တော့အမေ့မှာ အမေနို့ဖိုးရှိသလိုအဖေတိုင်းမှာလည်း အဖေ့ချွေးဖိုးရှိကြတယ်။ နေ့စဉ် မပူမပင် စားဝတ်နေရေး၊ ပညာသင်ရေး၊ လူတွေထဲမှာ မျက်နှာမငယ်ဖို့ ငါတို့ဖခင်တွေဟာနဖူးကချွေးသုတ်ချိန်မရဘဲ မိသားစုအတွက် ရုန်းကန်နေရတာ သားသမီးတွေက မစဉ်းစားမိကြဘူး၊ တကယ်တော့ အဖေ့ ချွေးဖိုးကို မင်းတို့အမေလည်း သတိမပြုမိကြဘူး။ သားသမီးဆိုတာ အဖေ့ချွေးဖိုးကို အသိအမှတ်ပြုဖို့နေနေသာသာ မင်းတို့ အမေဘက်က ရပ်တည်ပြီး အဖေရဲ့မေတ္တာနဲ့ အနစ်နာခံမှုတွေကို မစဉ်းစားမိကြဘူး။ တစ်နှစ်ခွဲလောက်ပဲစို့ခဲ့ရတဲ့အမေ့နို့ဖိုးတောင် ဒီလောက်ထိတန်ဖိုးထားကြသေးရင် အနှစ်(၃၀) လောက်အထိ စို့ခဲ့ကြတဲ့အခုထိလည်း စို့နေသေးတဲ့ အဖေ့ ချွေးဖိုးကိုမင်းတို့ ဘယ်လိုတန်ဖိုးဖြတ်မလဲ၊ အဖေတွေဟာအမေထက် မေတ္တာမလျော့သူတွေပါ အဖေကိုချစ်တတ်အောင် အမေတွေက သတိပေးသင့်တယ် လမင်းကြီးဟာအေးမြသလို နေမင်းကြီးဟာအလင်းပေးတယ်ဆိုတာပြောပြသင့်တယ်။ နေမင်းကြီးရဲ့ ပူလောင်မှုကိုပဲ၊ ဇောင်းပေးမပြောသင့်ဘူးဟူ၍ ပြောခဲ့ပါသည်။ သားသမီးတိုင်း အဖေ့ချွေးဖိုးကို တန်ဖိုးထားတတ်ပါစေ။

အထက်ဖေါ်ပြပါအချက်များသည် ကျမ်းစာတွင် တွေ့ရသောဖခင်၏ တာဝန်ဝတ္တရားများပင်ဖြစ်သည်။ ဖခင်တိုင်းထိုတာဝန်ကို ပျက်ကွက်သော အိမ်ထောင်တိုင်းမှာ မည်သည့်အန္တရာယ်များကျရောက်နိုင်

သနည်းဆိုရလျှင်ဖခင်တစ်ဦးတာဝန်ပျက်ကွက်လျှင်တရားဟော ၂၈း၄၁ သားသမီးကို ဖွားမြင်သော်လည်း၊ သူတို့နှင့်မပျော်မမွေ့ရ။ ရန်သူတို့သည် သိမ်းသွားကြလိမ့်မည်။ ယနေ့ခေတ် တာဝန်မကျေသော ဖခင်များကြောင့် သားသမီးများ ရန်သူ၏သိမ်းပိုက်မှုကိုခံစားနေရသည်။ (ရန်သူ-မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ အခြားသော လူမှုပြဿနာများ)

ကျမ်းစာတွင်တာဝန်မကျေသော ဖခင်များ

(၁) ၁ရာ ၃း၁၃ (ဖခင်ဧလိ)

ထိုသူ၏သားတို့သည် ကိုယ်ယုတ်မာသည့်တိုင်အောင် ကိုယ်ပြုသော . . . အပြစ်ကို သူသိသော်လည်း ကျပ်တည်းစွာ မဆုံးမဘဲနေသောကြောင့် သူ၏အိမ်သားတို့၌ငါသည် အစဉ်အမြဲ ဒဏ်ပေးမည်ဟု ငါပြောပြီ။ ဖခင်ဧလိ၏ အပြစ်သည် သားသမီးများပြုသောအပြစ်ကို လျစ်လျူရှုထားခြင်းသည်ကား အပြစ်ပြုလုပ်ရန် အခွင့်ပေးခြင်းပင်ဖြစ်သည်။

(၂) ၁ရာ ၈း၃ (ဖခင်ရှုမွေလ)

အဘလမ်း သို့မလိုက်ဘဲ၊ ငွေကို တပ်မက်သောစိတ်နှင့် လွဲသွား၍တံစိုးစားလျက် တရားကိုဖျက်ကြ၏။ ငွေကို တပ်မက်၍ တံစိုးစားခြင်း(လဘ်စားခြင်း) ကို ငယ်စဉ်ကတည်းက တားဆီးပိတ်ပင်ခြင်းများ အားနည်းမှုကြောင့်ပင် ဖြစ်သည်။

(၃) လုကာ ၁၅း၁၂ (ပျောက်သော သားမှဖခင်၏အကြောင်း)

သားအငယ်သည် အဘထံသို့သွား၍ အဘ၊ ကျွန်ုပ်ရထိုက်သောအမွေဥစ္စာကိုဝေ၍ပေးပါဟု တောင်းပန်လျှင် အဘသည် ဥစ္စာများကိုဝေ၍ သားတို့အားပေးလေ၏။ ပျောက်သောသား ဖခင်၏အားနည်းချက်မှာ အရွယ်မရောက်သေးသော သားငယ်၏လက်ထဲသို့ ဥစ္စာပစ္စည်း အမွေကို ပေးလိုက်ခြင်းပင် ဖြစ်သည်။ သားသမီးများမှာ ပိုက်ဆံကို ငယ်စဉ်ကတည်းက လုအပ်တာထက် ပိုမိုအသုံးပြုလျှင် ပျက်စီးရာလမ်းသို့ ရောက်ရှိသွားမည်ဖြစ်သည်။

၂၁ ရာစု တာဝန်မကျေသော ဖခင်၏ သရုပ်မှန်

(၁) အဆိုတော်မလေး ပန်းကုံးပေး

ပေးစားလောက်ပေ ဒို့ဖေဖေ

(၂) စားဝတ်နေရေး ပေါ့ပေါ့တွေး

လေးစားလောက်ပေ ဒို့ဖေဖေ

(၃)အိမ်ကမယားမြင် ရန်လုပ်ချင်

လေးစားလောက်ပေ ဒို့ဖေဖေ

အဖ

ကျွန်တော်

– ၄ နှစ်သားတုန်းက ငါ့ဖေဖေကြီး ဘာမဆိုလုပ်တတ်တယ်။

– ၅ နှစ်သားတုန်းက ငါ့ဖေဖေကြီး မသိတာ ဘာမှမရှိဘူး။

– ၆ နှစ်သားတုန်းက ငါ့အဖေက မင်းအဖေထက် ပိုတက်တယ်။

-၈ နှစ်သားတုန်းက တို့အဖေက အကုန်လုံးတော့လည်း အတိအကျမသိဘူး။

– ၁၀ နှစ်သားတုန်းက အင်း အဲဒါက အဖေလည်း ဘယ်သိပါ့မလဲ။ သူက အသက်ကြီးပြီဆိုတော့ ကလေးတုန်းက အကြောင်းတွေမမှတ်မိနိုင်တော့ဘူး။

– ၁၄ နှစ်သားတုန်းက အဖေတော့ ထည့်ပြောမနေနဲ့၊ သူက ရှေးရိုးသမားကြီး။

– ၂၁ နှစ်သားတုန်းက အဘိုးကြီးလား ထားပါ အောက်နေပြီ၊လုံးဝ အောက်နေပြီ။

– ၂၅ နှစ် အဖေလည်း နည်းနည်းပါးပါးတော့သိတယ်၊ မသိလို့လည်း မဖြစ်ဘူးလေ၊ လူကြီးပဲဟာ။

– ၃ဝ နှစ်. . . အဖေ့ကို နည်းနည်းပါးပါး မေးမြန်းကြည့်ရင်ကောင်းမယ်ထင်တယ်၊ ဘာပဲပြောပြောသူက အတွေ့အကြုံအများကြီးရှိတယ်။

– ၃၅ အဖေနဲ့တိုင်ပင်ပြီးမှ ဒီကိစ္စအတွက် ငါတစ်ခုခု လုပ်နိုင်မယ်။

– ၄ဝ နှစ် အဖေသာဆိုရင် ဒီကိစ္စ ဘယ်လိုဖြေရှင်းမလဲ မသိဘူး၊အတွေ့အကြုံစုံတယ်၊ အမြော်အမြင်လည်းရှိတယ်။

– ၅၀ ဒီကိစ္စအခုနေသာ အဖေနဲ့တိုင်ပင်ခွင့်ရမယ်ဆိုရင်ဘယ်လောက်ပေးရပေးရ ငါပေးပါတယ်၊ အဖေအရည်အချင်းတွေသူရှိတုန်းက ကောင်းကောင်းသတိမထားမိတာ သိပ်နှမြောစရာကောင်းတယ်၊ တကယ်ဆိုရင် ငါ့အဖေဆီက အများကြီးရလိုက်ဖို့ကောင်းတယ်။

ဦးနောနေ့ (U Naw Day)

မြန်မာနိုင်ငံသို့ ဆရာယုဒဿန်ရောက်မလာမီ၊ ရောမကက်သလစ် (Roman Catholic) အသင်းတော်က သာသနာပြုရန် ဦးစွာရောက်ရှိလာသည်။ ထိုအချိန်တွင် မြန်မာအမျိုးသားတစ်ယောက်သည်ခရစ်ယာန်ဖြစ်လာသဖြင့်၊ မြန်မာဘုရင်က ၄င်းအား ခရစ်ယာန်ဘာသာကို စွန့်ပစ်ရန်ပြောခဲ့သည်။ ထိုကြောင့် ဤအမိန့်မှ လွတ်မြောက်ဖို့အတွက် ကုန်ကူးသန်းရောင်းဝယ်သော မျက်နှာဖြူလူမျိုးက သူအား အိန္ဒိယနိုင်ငံသို့ ခေါ်သွားခဲ့သည်။ ထိုသူသည် မြန်မာပြည်တွင် အဦးဆုံးသောခရစ်ယာန်ဖြစ်လာပြီး ရိုမန်ကက်သလစ်အသင်းတော်ဝင်ဖြစ်သွားပါ၏။ထိုနောက်ပိုင်းတွင်၊ မြန်မာပြည်သို့ နှစ်ခြင်းခရစ်ယာန်သာသနာပြုဆရာများ ရောက်ရှိလာကြသော်လည်း၊ အောင်မြင်မှု မရရှိခဲ့ချေ။နောက်ဆုံး၌ သာသနာပြုလုပ်ငန်းကို ဆရာကြီးယုဒဿန်နှင့်ဇနီးရောက်လာပြီး ဆက်လက်လုပ်ကိုင်ခြင်းကြောင့်၊ ပြောင်းလဲမှုများရှိလာခဲ့သည်။ဆရာကြီးသည် မြန်မာပြည်တွင် သာသနာပြုလုပ်ငန်းကို (၆)နှစ်တိုင်တိုင်လုပ်ကိုင်ပြီးမှ မြန်မာအမျိုးသားဦးနောက သခင်ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် လက်ခံလျက်၊ နှစ်ခြင်းမင်္ဂလာခံယူခဲ့သည်။ ဦးနောသည် ၁၈၁၉ခုနှစ်၊ ဇွန်လ (၂၇)ရက်နေ့ အသက် (၃၅) နှစ်အရွယ်၌ နှစ်ခြင်းမင်္ဂလာခံယူခဲ့ရာ၊ မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော ခရစ်ယာန်တစ်ယောက်ဖြစ်လာခဲ့သည်။

ဦးနောသည်ပညာရေး၌အားနည်းခဲ့သော်လည်းမြန်မာစာကိုကောင်းမွန်စွာရေးတတ်ဖတ်တတ်ခဲ့သည်။လှိုင်ဘောလယ်ရွာမှာနေထိုင်ပြီးကျပန်းအလုပ်သမားတစ်ဦးဖြစ်သည်။အိမ်ထောင်မရှိဘဲတစ်ဦးတည်းနေထိုင်လုပ်ကိုင်စားသောက်ည်ဟုလည်းသိရသည်။ဆရာကြီးယုဒဿန်သည်ရွှေတိဂုံစေတီဘက်သို့သွားသောလမ်းတစ်နေရာတွင်တရားဇရပ်ကိုဆောက်လုပ်ပြီး၊လူအများကိုဖိတ်ခေါ်ကာသူဟောသောတရားများကိုလာရောက်နာယူရန်နှင့်မိတ်သဟာယဖွဲ့ရန်ဖိတ်ခေါ်ပါသည်။

စိတ်ဝင်စားကြသောသူများ လာရောက်ကာ ဆရာကြီး၏ ဓမ္မတရားကို နာယူလျက် ဆွေးနွေးကြသည်။ လာရောက်သောသူ (၁၅) ဦးမှ (၃၀) ဦး အထိတိုးလာသည်။ ၎င်းတို့အထဲမှာ ဦးနောလည်းပါလာသည်။၁၈၁၉ ခုနှစ်၊ မေလ (၉)ရက်တွင် ဦးနောသည် ဆရာကြီးယုဒဿန်၏တရားကိုစိတ်နှလုံး၌ ခံစားထိမိပြီး၊ ဆရာကြီးအား “သခင်ယေရှု ခရစ်တော်သည် အပြစ်သားများအတွက် ကယ်တင်ခြင်းပေးသော ဘုရားဖြစ်သည်’ ဟု ဝမ်းမြောက်စွာ ဝန်ခံခဲ့သည်။

ဦးနောသည် သစ်ဖောင်ချသောအလုပ်သမားတစ်ယောက်အဖြစ်နယ်ဘက်သို့ မကြာခဏသွားရသည်။ ထိုကြောင့် ဆရာကြီးထံ လာရောက်၍ နှစ်ခြင်းမင်္ဂလာပေးပါရန် တောင်းဆိုခဲ့သည်။ ဆရာကြီးကသွန်သင်ဆုံးမပြီး ဆုတောင်းကောင်းချီးပေးသည်သာမက၊ ခရီးထွက်သည့်ခါ ဝေစာများကိုလည်း ပေးခဲ့သည်။ မကြာခင် ဦးနှောပြန်ရောက်လာပြီးသစ်ဖောင်ချအလုပ်ကို မလုပ်လိုတော့ကြောင်း ဆရာကြီးကို ပြောပြခဲ့သည်။ တစ်ဖန် အင်းဝလှေသူကြီးထံမှ အလုပ်ရကာ အင်းဝသို့သွားဖို့ဆရာကြီးထံ လာရောက်ပြောပြခဲ့သည်။ သို့သော် ဆရာကြီးက သူနှင့်အတူနေပြီး ကူညီရန် ခေါ်ထားခဲ့သည်။ ထို့ကြောင့် အင်းဝသို့မသွားတော့ဘဲ ဆရာကြီးအား ကူညီပေးရင်းမှဘုရားသခင်၏အကြောင်းကိုပိုမို၍သိရှိလာခဲ့သည်။ ဆရာကြီးကလည်း သူ့အား ဝေစာများ ဖြန့်ဝေရေးအတွက် တစ်လလျှင် (၁၀) ကျပ်ပေးခဲ့သည်။ ၁၈၁၉ ခုနှစ်၊ ဇွန်လ (၆)ရက်နေ့တွင် နှစ်ခြင်းမင်္ဂလာခံယူရန် တရားဝင်စာတင်ပြခဲ့သည်။ ဆရာကြီးနှင့်အဖွဲ့က လက်ခံသဖြင့်၊ ဇွန်လ (၂၇) ရက်၊ တနင်္ဂနွေနေ့တွင် နှစ်ခြင်းမင်္ဂလာခံယူခဲ့ခြင်းဖြစ်သည်။ ဦးနောသည် ကန်တော်မင်ပန်းခြံ(Cantonment Garden) အတွင်းရှိ လိပ်ပြာကန်တွင် နှစ်ခြင်းမင်္ဂလာခံယူခဲ့ခြင်းဖြစ်သည်။ တစ်ခါမျှ မမြင်ဖူးသောလူအများက ဦးနောနှစ်ခြင်းခံယူခြင်းကို လာရောက် ကြည့်ရှုခဲ့ကြသည်။

ထို့နောက်ပိုင်း ၁၈၁၉ ခုနှစ်၊နိုဝင်ဘာလ (၇)ရက်တွင် ဦးသာလှနှင့် ဦးပြားတို့လည်း နှစ်ခြင်းမင်္ဂလာခံယူခဲ့သည်။

ဆရာကြီးယုဒဿန်နှင့် လုပ်ဖော်ဆောင်ဘက်များက အင်းဝမြို့သို့ ခရီးထွက်သွားသောအခါ၊ ဦးနော၊ ဦးလာလှနှင့် ဦးပြားတို့သည် ရန်ကုန်တွင်နေခဲ့ပြီး၊ ညှဉ်းပမ်းနှိပ်စက်မှုခံရသဖြင့်၊ နောက်ဆုံး တကွဲတပြားစီရှောင်ထွက်သွားခဲ့ကြသည်။ သို့သော် မိမိတို့ ရောက်ရှိရာနေရာများ၌ဧဝံဂေလိတရားဖြစ်သော သခင်ခရစ်တော်၏ကယ်တင်ခြင်းတရားကိုဟောပြောဝေမျှကာ သက်သေခံခဲ့ကြသည်၊ ထို့နောက်ပိုင်း သူတို့၏ကြောင်း မသိရတော့ချေ။ အဦးသီးသော ဦးနှောမှအစပြုခဲ့ခြင်းကြောင့်ယနေ့ထိတိုင် မြောက်များစွာသောသူများမှာ ခရစ်ယာန်ဖြစ်လာကြသည်။ဒုတိယကမ္ဘာစစ်ကြီးပြီးသည့်နောက်ပိုင်းတွင် လမ်းမတော်နှစ်ခြင်းခရစ်ယာန်ဘုရားရှိခိုးကျောင်းကို ယခင်ကတည်ဆောက်ခဲ့သော နေရာ၌ ပြန်လည်ဆောက်လုပ်ခဲ့ပြီး၊ အဦးသီးသောဦးနောကို ဂုဏ်ပြုသောအားဖြင့်“ဦးနောသုဓမ္မဇရပ်’ (U Naw Church) ဟု ခေါ်ဝေါ်သတ်မှတ်ခဲ့သည်။ယခုအခါ ဦးနောအောက်မေ့ဘွယ်ရာ နှစ်ခြင်းအသင်းတော်” ဟု အမည်နာမ ပြောင်းလဲသတ်မှတ်ပါသည်။

ထို့ကြောင့် သခင်ယေရှုခရစ်တော်ကို မိမိ၏ကယ်တင်ပိုင်ရှင်အဖြစ် ယုံကြည်လက်ခံခဲ့သည့် ဦးဆုံးသော မြန်မာအမျိုးသားဦးနောကိုအစဉ်သတိရအောက်မေ့လျက် ဂုဏ်ပြုသောအားဖြင့် ဇွန်လ (၂၇) ရက်(သို့) ထိုနေ့ရက်နှင့် အနီးဆုံးတနင်္ဂနွေနေ့ကို မြန်မာနှစ်ခြင်း ခရစ်ယာန်အသင်းတော်မျာ. က ‘ဦးနောနေ့’ ဟူ၍ အသိအမှတ်ပြုခဲ့ကြသည်။ ထိုနေ့တွင် အသင်းတော်များမှ အထူးအစီအစဉ်အဖြစ်၊ တရားပလ္လင် လဲလှယ်ခြင်းများကို နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိပါသည်။

လူ၏မူလတန်ဖိုး

ထိုဘုရားသခင်သည် မိမိပုံသဏ္ဍာန်နှင့်အညီ လူကို ဖန်ဆင်းတော်မူ၏။ (က ၁း၂၇)။လူသည် အဘယ်သို့သောသူဖြစ်၍ ကိုယ်တော်သည် အောက်မေ့တော်မူရသနည်း။ လူသားသည် အဘယ်သို့သောသူဖြစ်၍ အကြည့်အရှုကြွလာတော်မူရသနည်း။ သူ့ကိုကောင်းကင်တမန်တို့အောက်၌ အနည်းငယ် နှိမ့်တော်မူပြီ။ (ဆာ ၈း၄)။

ဘုရားသခင်သည် လူသားများကို မိမိ၏ပုံသဏ္ဍာန်နှင့်အညီ ဖန်ဆင်းတော်မူခဲ့သည်။ လူသည်ဘုရားသခင် ဖန်ဆင်းသောသတ္တဝါများ၌အမွန်မြတ်ဆုံးဖြစ်သည်။ ကနဦးလူသား အာဒံနှင့်ဧဝတို့သည် ဘုရားသခင် ပညတ်ထားသော စည်းကမ်းကို ချိုးဖောက်မိသည့်အတွက် လူ၌ရှိသော ဘုရားသခင်၏ ပုံသဏ္ဍာန်တော်ပျောက်ကွယ်ခဲ့ရသည်။ ကျဆင်းသွားသော လူ့တန်ဖိုးကို ဘုရားသခင်သည် ပြန်လည်ဖော်ထုတ်နိုင်ရန်နည်းမျိုးစုံဖြင့် ကြိုးစားခဲ့သည်။ ကျမ်းဟောင်းတွင် တရားသူကြီးများ၊ရှင်ဘုရင်များ၊ ပရောဖက်များကို ဘုရားသခင်က စေလွှတ်ခဲ့သော်လည်းလူမျိုးတော်က လက်မခံသောကြောင့် နောက်ဆုံးသူ၏ တစ်ပါးတည်းသောသားတော်ကို လောကထဲသို့စေလွှတ်ပြီး လူ၏မူလတန်ဖိုးအား ပြန်လည်ရရှိရန် လုပ်ဆောင်ခဲ့သည်။ နောက်ဆုံး သခင်ယေရှု ရှင်ပြန်ထမြောက်သည့်အခါမှ လူသားအားလုံးက ယေရှုသည် ဘုရားသခင်ထံမှလာသည့်ပုဂ္ဂိုလ်ဖြစ်ကြောင်းအား ယုံကြည်ပြီး သခင်ကိုယုံကြည်လက်ခံသူတိုင်းမှာလူ၏ ဖန်ဆင်းခါစ မူလတန်ဖိုးကို ထိုသခင်ယေရှုအားဖြင့် ပြန်လည်ရရှိခဲ့ပါသည်။ ပြန်လည် ရရှိလာသောလူ၏ မူလတန်ဖိုး ကျဆင်းသွားခြင်းမရှိစေရန် ယုံကြည်သူ ခရစ်ယာန်တိုင်းမှာ အသက်ရှင်စဉ်တစ်လျှောက်လုံးစောင့်ထိန်းအသက်ရှင်သွားရန် ဖြစ်သည်။ လုပ်ဆောင်ရမည့်အချက်များမှာ အောက်ပါအတိုင်းပင် ဖြစ်သည်။

(၁) မိမိကိုယ်ကို တန်ဖိုးထားလေးစားစွာ အသက်ရှင်ပါ။

လူအများစုသည် မိမိထက် ပညာ၊ ရုပ်ဝတ္တုပစ္စည်းပိုင်ဆိုင်မှု၊လုပ်ပိုင်ခွင့်အာဏာရှိသောသူများကို လေးစား တန်ဖိုးထားတတ်ကြသည်။သူတို့၏အသက်တာကိုကြည့်ပြီး အားကျအတုယူတတ်ကြသည်။ ဤအရာများကို မှားသည်ဟု မဆိုလိုသော်လည်း အဓိကကျသော မိမိကိုယ်ကိုတန်ဖိုးထား လေးစားအသက်ရှင်ရမည်ကိုတော့ မေ့နေတတ်ကြသည်။မိမိကိုယ်မိမိ တန်ဖိုးထားပြီး လေးစားစွာ အသက်မရှင်သောသူအားလုံးသည် အခြားသူ၏တန်ဖိုးထားလေးစားမှုကို ခံရမည်မဟုတ်ပေ။ မည်သူမဆို မိမိဘဝကိုမိမိ တန်ဖိုးထားရကောင်းမှန်း မသိသောသူတို့မှာ ပျက်စီးဆုံးရှုံးရမည်သာ ဖြစ်သည်။ မိမိကိုယ်ကို တန်ဖိုးထားလေးစားသူတိုင်း၏ဘဝတွင်အောင်မြင်မှုများစွာကို ရရှိခံစားရမည်မှာ မြေကြီးလက်ခတ်မလွဲပေ။ ကျမ်းစာ၌ ဖော်ပြသော မိမိကိုယ်ကို တန်ဖိုးထားလေးစားအသက်ရှင်သူတစ်ယောက်မှာ ယောသပ်ပင်ဖြစ်သည်။ ဤအိမ်တွင်လည်းကျွန်တော်ထက်သာ၍ ကြီးသူမရှိပါ၊ ကိုယ်မယားဖြစ်သော သခင်မမှတစ်ပါး အဘယ်အရာကိုမျှ ကျွန်တော့်အား မမြစ်တားပါ။ သို့ဖြစ်လျှင်အပြစ်ကြီးသော ဤအမှုကိုကျွန်တော်ပြု၍ ဘုရားသခင်ကို အဘယ်သို့ပြစ်မှားနိုင်သနည်းဟု သခင်၏မယားကို ငြင်း၍ပြန်ဆို၏။ ထိုသို့ သခင်မသည်နေ့တိုင်း သွေးဆောင်သော်လည်း ယောသပ်သည်သူ၏စကားကိုနားမထောင်၊ သူနှင့်အတူ အိပ်ခြင်း၊ နေခြင်းအမှုကို ရှောင်လေ၏။ (ကမ္ဘာ ၃၉း၉-၁၀)

ယောသပ်သည် သခင်မ၏ဖြားယောင်းသွေးဆောင်ခြင်းကို လက်ခံလိုက်လျှင် ဒုတိယခင်ပွန်းသာဖြစ်သွားမည်။ ထို့သို့ ငြင်းပယ်လိုက်သည့်အတွက် အစာရေစာခေါင်းပါးချိန်၌ ဒုတိယဘုရင်ခံအဖြစ် ချီးမြှောက်ခြင်းခံခဲ့ရသည်။ ယနေ့ လူအများစုသည် မိမိဘဝတန်ဖိုး ကျဆင်းသွားအောင်ငွေကြေး၊ မူးယစ်ဆေးဝါး၊ လောင်းကစား၊ ဆန့်ကျင်ဘက် လိင်ကိစ္စများဖြင့် ပြုလုပ်နေထိုင် အသက်ရှင်နေတတ်ကြသည်။ ထိုကိစ္စများကို ရှောင်လွှဲခြင်းအားဖြင့် မိမိတန်ဖိုးကို မိမိကိုယ်တိုင် မြှင့်တင်အသက်ရှင်ကြပါစို့။တစ်ခါက သူငယ်ချင်းနှစ်ယောက်အတူတူ အရက်သောက်ကြရာတွင် သူတို့၏အဘိုးက “ငါးမြေးတို့ မင်းတို့သောက်တဲ့အရက်က မအိဆေးဖြစ်တယ်”ဟုပြောလိုက်ရာ သောက်သောသူနှစ်ယောက်က ထပ်သောက်ပြန်ရာ အဘိုး- “မအိုဆေးဆိုတာ မင်းတို့အိုအောင်မနေရဘူးလို့ပြောတာကွ” ဟူသောကာတွန်းတစ်ပုဒ်ကို ဖတ်ဖူးပါသည်။ ယနေ့အရက်အများစုသည် တံဆိပ်အမျိုးမျိုးဖြင့် ဓါတုဆေးများကိုထည့်သွင်းကာ သောက်သောသူများ၏ကျန်းမာရေးကို ဆိုးဝါးစွာ ထိခိုက်နေပါသည်။ ထုတ်လုပ်သူများက ရောင်းကောင်းအောင် ကြော်ငြာအမျိုးမျိုးဖြင့် သွေးဆောင်လျက်ရှိသည်။ ထိုအရက်များကို သောက်သူများက မအိုဘဲသေသွားရသည့်အတွက် သက်ဆိုင်ရာ မိသားစုများက လူမှုပြဿနာပေါင်းစုံကို ခါးသီးစွာ ခံစားနေရပါသည်။ မိမိကိုယ်မိမိတန်ဖိုးမထားသူများ၏ ဇာတ်လမ်းတစ်ပုဒ်သာဖြစ်သည်။ လူသားတိုင်းအား ဘုရားသခင် ဖန်ဆင်းထားသောကြောင့် မိမိတန်ဖိုးကျဆင်းမသွားအောင် နောက်ဆုံး ထွက်သက်အထိ လူ့သက်တမ်းစေ့စွာ အသက်ရှင်နေထိုင်ပြီး လူသားများအတွက်အကျိုးပြုသော အသက်တာအဖြစ် အသက်ရှင်ရန်သည် လူသားတိုင်း၏ တာဝန်ပင်ဖြစ်သည်။

(၂) မိမိကိုယ်မိမိစည်းကမ်းသတ်မှတ်ခြင်း။

စည်းကမ်းဆိုသောအရာကို လူအများစုက မိမိ၏ ဘဝကို ချုပ်နှောင်ထားခြင်း၊ ပိတ်ဆို့ထားခြင်းဟု ထင်မြင်တတ်ကြသည်။ အမှန်တွင်စည်းကမ်းသည် လူ့ဘဝတစ်ခုလုံးအဖို့၊ ‘ရေရှည်အောင်မြင်မှုအတွက်အဓိက သော့ချက်ပင်ဖြစ်သည်။ အချို့သူများသည် လောက၌ အောင်မြင်သော်လည်း တခဏမှာပင် ပျောက်ကွယ်သွားတတ်သည်။ အောင်မြင်မှုကို စည်းကမ်းနှင့် မထိန်းသိမ်းဘဲ အောက်ခြေလွတ်ကာ အသက်ရှင်ခဲ့သောကြောင့် ဖြစ်သည်။ မြန်မာစာပေ၌ စည်းကမ်းဟူသည် လူ့တန်ဖိုးဟုဖော်ပြခဲ့သည်။ စည်းကမ်းမရှိသောလူတစ်ယောက်၊ မိသားစု၊ အသင်းတော်၊ လူအဖွဲ့အစည်းတစ်ခုလုံး၏ အသက်တာများသည် ဘုရားသခင်ရှေ့၊ လူရှေ့၌အောင်မြင်သောအသက်တာကို ပိုင်ဆိုင်နိုင်မည် မဟုတ်ပေ။စည်းကမ်းဆိုသည်မှာ သူတစ်ပါးအား အမိန့်ပေးခိုင်းစေရန်မဟုတ်ဘဲ မိမိကိုယ်တိုင် လိုက်လျှောက်အသက်ရှင်ရန် ဖြစ်သည်။

သုတ္တံဆရာက ပျင်းရိသောသူသည် ဆင်းရဲခြင်း၊ လုံ့လဝိရိယရှိသောသူသည် ကြွယ်ဝခြင်းသို့ ရောက်တတ်၏ (သု ၁ဝး၄)ဟူ၍ ဖော်ပြထားသည်။ လောက၌ အောင်မြင်၍လူသား အကျိုးပြုလုပ်ငန်းများကိုလုပ်ဆောင်သောသူတို့၏ တူညီသော အချက်တစ်ခုမှာ မိမိတို့ ချမှတ်ထားသော စည်းကမ်းအတိုင်း အသက်ရှင်နေထိုင်သွားကြသူများသာ ဖြစ်သည်။ စာရေးဆရာဦးအောင်သင်းက ဟောပြောပွဲတစ်ခုတွင် ပညာရှာနေကြသော လူငယ်များအား ဤကဲ့သို့ တိုက်တွန်းအားပေးခဲ့သည်။ငယ်ငယ်က ကိုယ်ကိုကိုယ် မခိုင်းရင်၊ စည်းကမ်းအတိုင်း အသက်မရှင်ရင်ကြီးလာရင်သူတစ်ပါးခိုင်းတာ တစ်သက်လုံးခံရမယ်။ ငယ်ငယ်က ကိုယ်ကိုကိုယ်ခိုင်းရင်(စည်းကမ်းအတိုင်းအသက်ရှင်ရင်)ကြီးလာတဲ့အခါ သူတစ်ပါးကို ဦးဆောင်ရမယ်၊ ဒါဟာ ပထမအရွယ်မှာသာရရှိတဲ့ အခွင့်အရေးဖြစ်တယ်။ ယနေ့ဦးဆောင်နေသူများသည် ငယ်စဉ်က ပင်စည်းကမ်းအတိုင်း အသက်ရှင်ကြသူများသာဖြစ်သည်။ တီထွင်ပါရဂူ သောမတ်အယ်ဒီဆင်က စစ်မှန်သော အောင်မြင်မှုတိုင်းသည် ရှုံးနိမ့်မှု လှေခါးထစ်များပေါ်မှာ တက်ယူရတာချည်း ဖြစ်သည်။ ရှုံးနိမ့်ခြင်းဆိုသည်မှာ မအောင်မြင်သေးခြင်းသာဖြစ်သည်။ ဇွဲလုံလမလျော့ဘဲ မိမိချမှတ်ထားသော ပန်းတိုင်သို့ စည်းကမ်းသတ်မှတ်ကာ အသက်ရှင်သွားရန်ဖြစ်သည်ဟု ဆိုပါသည်။

(၃) မိမိလက်ရှိလုပ်နေသော အလုပ်ကိုအကောင်းဆုံးလုပ်ပါ။

လူတိုင်းကို ဘုရားသခင်က ဆရာဝန်၊ အင်ဂျင်နီယာ ပေးမဖြစ်ပါ။ မိမိ၌ရှိသောစွမ်းရည်အတိုင်း သူ့နေရာနှင့် သူ၊ ဘုရားသခင်က နေရာချပေးပြီးသားဖြစ်သည်။ လူအများစုသည် မိမိဆည်းပူးထားသောပညာ၊ဘွဲ့နှင့် မသက်ဆိုင်သော လုပ်ငန်းများကို အကြောင်းအမျိုးမျိုးကြောင့် လုပ်ကိုင်နေရကြသည်။ မည်သို့ပင်ဖြစ်စေ မိမိလုပ်နေသောအလုပ်အပေါ်မှာ အကောင်းဆုံးလုပ်ဆောင်ရန်သာဖြစ်သည်။ အချို့ကမိမိလက်ရှိလုပ်နေသောအလုပ်ထက် အခြားသူများလုပ်နေသော အလုပ်(ဝင်ငွေကောင်းသောအလုပ်၊ ဂုဏ်ရှိသောအလုပ်)ကိုသာ လုပ်လိုသောဆန္ဒရှိနေတတ်ကြသည်။ မိမိ လက်ရှိလုပ်နေသောအလုပ်ကို စိတ်ဝင်စားစွာ လုပ်ခြင်းသည်သာ အောင်မြင်မှုပန်းတိုင်ကို ရရှိမည်ဖြစ်သည်။ အမည်မသိပုဂ္ဂိုလ်တစ်ဦး၏အဆိုမှာ လူတိုင်းမိမိလက်ရှိလုပ်နေသော အလုပ်ကိုအကောင်းဆုံးလုပ်ပါကလုပ်ကိုင်မှု၏ နောက်ကွယ်၌ ကောင်းသည် အခွင့်အရေးများသည် မိတ်ဆွေ၏ ဘဝထဲသို့ ဧကန်အမှန် ရောက်လာမည်မလွဲပေဟု ဆိုပါသည်။ ထို့ကြောင့် မိမိ၏အလုပ်ကို အကောင်းဆုံးမလုပ်ဆောင်သေးသည့်အတွက် အောင်မြင်မှုနှင့်အလှမ်းဝေးနေရခြင်းသာ ဖြစ်သည်ဟု ဆိုပါသည်။အကောင်းဆုံးလုပ်ဆောင်ခြင်းဆိုသည်မှာ မိမိလုပ်သော အလုပ်ကို က မှ အ အထိ နားလည်ကျွမ်းကျင်အောင် စဉ်ဆက်မပြတ် လေ့လာဆည်းပူးရန် လိုအပ်သကဲ့သို့ ကျွမ်းကျင်သောအရာကို မေတ္တာနှင့် တွဲဖက်လုပ်ဆောင်ရန် ဖြစ်ပါသည်။

(၄)မိမိကိုယ်မိမိ အမြင့်မားဆုံး ရည်မှန်းချက်ထားရှိပါ။

လူသည် ဆင်းရဲသား သားသမီး၊ ဆင်းရဲသားဖြစ်ရမည်ဟု ပုံသေမည်သူမျှ မသတ်မှတ်ထားသော်လည်း မိမိကိုယ်တိုင်မိမိ သတ်မှတ်လိုက်လျှင် ဆင်းရဲမှုထဲမှာသာရှိနေပေမည်။ လူ့ဘဝဆိုသည်မှာ ဆန္ဒရှိသည့်အတိုင်း ဖြစ်တတ်သည်။ လူတိုင်းအမြဲတမ်းနံပါတ်(၁)မရနိုင်သကဲ့သို့အောက်ဆုံး၌လည်း အမြဲရှိနေမည် မဟုတ်ပါ။ လူ့ဘဝသည် အောင်မြင်မှုနှင့် ကျဆုံးမှု ဒွန်တွဲလျှက်ရှိနေမည်ဖြစ်သော်လည်း ရည်မှန်းချက်ပန်းတိုင်မရှိခြင်းသည် ဘဝ၏ တကယ့်ပြစ်မှုကြီးပင်ဖြစ်သည်။ လူအများစုသည်လောကကြီးထဲရောက်လာခြင်းက ထမင်းချက်တမ်း လာရောက် ကစားနေကြသကဲ့သို့ ဖြစ်သည်။ “ဒီနေ့ ဘာနဲ့စားမလဲ။မနက်ဖြန် ဘာချက်စားရဦးမလဲ” ဆိုပြီး ဇရာအချိန်ဆီသို့သာ ခြေဦးလှည်ကြရသည်။ ဘုရားသခင်သည် လူတစ်ဦးစီအတွက် ထမင်းချက်တမ်းလာကစားရန် လောကထဲသို့ပို့လိုက်ခြင်း မဟုတ်ပါ။ ကမ္ဘာလောကကြီးအတွက် တစ်ခုခု အကျိုးရှိရန်လူတိုင်းကို ဘုရားသခင်မှ ဖန်ဆင်းခဲ့ခြင်းဖြစ်သည်။ စာဖတ်သူ မိတ်ဆွေ၌ရှိသော စွမ်းရည်ကို အခြေပြု၍ ဘဝရည်မှန်းချက်ပန်းတိုင် ချမှတ်ပြီးအသက်ရှင်ပါ။ ဘဝတွင်ရည်မှန်းချက်ဖြင့် ပန်းတိုင်ရောက်ခဲ့သော ပုဂ္ဂိုလ်တစ်ဦးအကြောင်း တင်ပြပါရစေ။ ထိုသူမှာ အမေရိကန် သမ္မတဟောင်းကလင်တန်ပင်ဖြစ်သည်။ ကလင်တန်ကျောင်းပြီး၍ဘွဲ့ရခါနီးတွင် သူတို့တက္ကသိုလ်ဆီသို့ သူတို့နိုင်ငံ၏သမ္မတက ရောက်လာပြီး မင်းကျောင်းပြီးရင် ရည်မှန်းချက်ပန်းတိုင်တစ်ခုခု ချမှတ်ပါဆိုသော စာသားနှင့်အတူသမ္မတကြီး၏ လက်မှတ်ရသော နေ့မှစပြီး “ငါလည်း တစ်ချိန်ကျရင်သမ္မတတစ်ဦးဖြစ်ရမယ်” ဟု ရည်မှန်းချက်ချကာ အသက်ရှင်နေထိုင်ခဲ့သည်။ ကလင်တန်တကယ် သမ္မတရာထူးလက်ခံရချိန်၌ သူ့ကို လက်မှတ်ထိုးပေးခဲ့သည် သမ္မတကြီးကို ဂုဏ်ပြုစကားပြောခဲ့သည်။ ထိုသမ္မတကြီးမှာအမေရိကန်သမ္မတကြီး ကနေဒီပင်ဖြစ်သည်။

(၅) နေ့စဉ်အလုပ်ချိန်ဇယားရေးဆွဲပါ။

လူများစု၏ အသက်တာ၌ “ဒီတစ်လကုန်တာမြန်လိုက်တာ၊ဒီတစ်နှစ်လည်း ကုန်ပြန်တော့မယ်” ဟု ပြောဆိုတတ်ကြပြီး၊ အချိန်ကိုတာဝန်မဲ့စွာ ကျော်ဖြတ်အသက်ရှင်နေကြသည်။ အချိန်နှင့်ပတ်သက်၍ရောမပညာရှင်ကြီး အင်တတိုနီးနပ်စ် က “အချိန်ဆိုတာ ဖြတ်သန်းသွားတဲ့အဖြစ်အပျက် များရဲ့ မြစ်တစ်စင်းလိုပဲ၊ ရေစီးက မြန်လှတယ်၊ အရာတစ်ခုမြင်ကာရှိသေး ရေစီးထဲ မျောပါသွားပြီး၊ သူ့နေရာမှာ အသစ်တစ်ခုရောက်လာတယ်။ အဲဒီအသစ်ကလည်း အဝေးကို မျောပါပြန်ဦးမယ်”ဟု အဓိပ္ပါယ်ဖွင့်ဆိုခဲ့သည်။ လူသားအားလုံး၏ ဘဝနှင့် ဆိုင်သောအချိန်၏အကြောင်းကို (ဒေ ၃း၁-၈)တွင် အသေးစိတ် ဖော်ပြထားသည်။ အချိန်ကိုဘုရားသခင်က ဖန်ဆင်းကြောင်း (က ၁း၁) တွင် ဖော်ပြပြီး အချိန်မရှိမီကပင် ဘုရားသခင်ရှိနေကြောင်း (ဆာ ၉၀း၄)တွင် တွေ့ရသည်။ လူတို့သည်အချိန်ကို နာရီ (တမန် ၅း၇) ရက် (ထွ ၈း၂၂)၊ ရက်သတ္တပါတ် (တရား ၁၆း၉)၊ လများ (ထွ ၁၂း၂)၊ နှစ်များ (က ၁း၁၄)ဟု ပိုင်းခြားခေါ်ဝေါ်ခဲ့ကြသည်။ ကျမ်းစာတွင် အချိန်၏ နိဂုံးကို သခင်ယေရှုခရစ်တော် ဒုတိယအကြိမ် ပြန်လာချိန်တွင် အဆုံးသတ်ကြောင်း (၁သက် ၄း၁၅-၁၇)၌တွေ့ရသည်။ လောကတွင် လူသားတို့၏ အချိန်သည် ဘုရားသခင်၏လက်တော်ထဲ၌သာရှိကြောင်း (ဆာ ၃၁း၅)တွင် တွေ့ရပြီး ကျွန်ုပ်တို့ပိုင်ဆိုင်ထားသော အချိန်ကို တန်ဖိုးရှိစွာ အသုံးချတတ်ရန် ဆာလံဆရာ က (ဆာ ၉၀း၁၂)တွင် သတိပေးထားပြန်သည်။ အချိန်ကို တန်ဖိုးရှိစွာကျော်ဖြတ်ရန် အကြံပြုပါရစေ။

မိမိဒိုင်ယာရီ၌ ညဘက်ရောက်လျှင် မနက်ဖြန် ဦးစားပေး လုပ်ရမည့် အလုပ် (ပထမ၊ ဒုတိယ၊ တတိယ)ကို ရေးချပါ။ မနက်ဖြန်ရောက်သော် ဦးစားပေးရမည့် အရာများကို မဖြစ်မနေ ပြုလုပ်ပါ။ ဒုတိယဦးစားပေးကို လုပ်နေစဉ် မိုးချုပ်သွားလျှင် ညဘက်ရောက်သောအခါ ကျန်ဦးစားပေးအလုပ်များကို ပထမ နေရာထားပြီး ဆက်လုပ်ပါ။ မိတ်ဆွေ (၆)လခန့် ထိုကဲ့သို့ ပြုလုပ်ခဲ့လျှင် လစဉ်မိမိကိုယ်တိုင် အချိန်ကိုတန်ဖိုးရှိစွာကျော်ဖြတ်နေကြောင်း ခံစားရပြီး မိမိ၏အသက်တာသည် အခြားသူများအတွက် အကျိုးပြုနေကြောင်း ထင်ရှားစွာ တွေ့မြင်ရမည်။ လူ့ဘဝသည်ယနေ့ပေါင်း မြောက်များစွာနှင့် ဖွဲ့စည်းထားသည့်အတွက် ယနေ့ ဘုရားသခင်ပေးထားသော အချိန်ကို တန်ဖိုးရှိစွာအသုံးပြုလျှင် မိမိ၏ဘဝ တန်ဖိုးရှိလာမည်မှာ ဧကန်မလွဲပေ။ ဆရာကြီး သန်လျင်ဖေသွင်က “ကျွန်ုပ်တို့ယနေ့ ခံစားနေရသော အကျိုးသည် မနေ့ကလူများ၏ ကြိုးပမ်းအားထုတ်မှုကြောင့်ပင် ဖြစ်သည်။ ယနေ့ ကျွန်ုပ်တို့ လက်ပိုက်ကြည့်နေလျှင် မနက်ဖြန်၌ ကျဆုံးခြင်းများနှင့်သာ ရင်ဆိုင်ရမည်ဖြစ်သည်။ မနက်ဖြန်ကို မနေ့ကထက် သာလွန်လိုပါက ယနေ့ဘုရားသခင်ပေးသော အချိန်အပေါ်ကြိုးစားပြီး အလုပ်လုပ်ပါ”ဟု ပြောကြားခဲ့သည်။ ဆရာကြီးမြသန်းတင့်ကမူ အနာဂတ် မပျောက်လိုလျှင် ပစ္စုပ္ပန်၌ မရှုံးနိမ့်ရန် အရေးကြီးသည်။ပစ္စုပ္ပန်ရှုံးနိမ့်နေလျှင် အနာဂတ်ဆိုသည်မှာ ရှိတော့မည် မဟုတ်ပေ။ပစ္စုပ္ပန်၌ မရှုံးနိမ့်အောင် မိမိကို ဘုရားသခင်ပေးထားသော အချိန်နှင့်အခွင့်အရေးကို အခြေပြု၍ အကောင်းဆုံး လုပ်ဆောင်လျှင် လူတိုင်း၏အနာဂတ်သည် လှပသာယာသောဘဝကို ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။

နိဂုံး

ယုံကြည်သူခရစ်ယာန်အားလုံးမှာ သခင်ယေရှုခရစ်တော်ကိုယုံကြည်လက်ခံခြင်းအားဖြင့် ဧဒင်ဥယျာဉ်တော်၌ ကျဆင်းသွားသောလူ၏ ဖန်ဆင်းခါစ မူလတန်ဖိုးကို ပြန်လည်ရရှိခဲ့သည်။ ထိုတန်ဖိုး ပြန်

လည်ကျဆင်းမသွားစေရန် အတွက်အထက် ဖေါ်ပြပါအချက်များကို မိမိတို့၏ နေ့စဉ် အသက်ရှင်မှုတိုင်းတွင် လူ၏မူလတန်ဖိုးကို ပြန်လည် ဖော်ထုတ်ပြီး ဘုန်းတော်ထင်ရှားသော ယုံကြည်သူများဖြစ်နိုင်ရန် ဆန္ဒပြုရင်းဝေငှခြင်းကို နိဂုံးချုပ်လိုက်ပါသည်။

ဘုရားသခင်၏ သားဖြစ်သောသူမည်သည်ကား လောကကိုအောင်တတ်၏။ လောကကို အောင်မြင်ခြင်း အကြောင်းဟူမူကား ငါတို့၏ယုံကြည်ခြင်းပေတည်း။ ယေရှုသည် ဘုရားသခင်၏ သားတော် ဖြစ်သည်ကို ယုံကြည်သောသူမှတစ်ပါး အဘယ်သူသည် လောကကို အောင်နိုင်သနည်း။ (၁ယော ၅း၄-၅)။

မှီခြင်းစာအုပ်

ဦးဘုန်း(ဓါတု) (သုည)

ဖေမြင့် (အပြောင်မြောက်ဆုံး ဘဝတစ်ခု တည်ဆောက်ခြင်း)

ဆရာယုဒဿန် (မြန်မာကျမ်းစာအုပ်)

ယုဒဿန်နေ့ (သို့) မြန်မာနိုင်ငံနှစ်ခြင်းအသင်းချုပ်နေ့

(Juson Day/Convention Day)

ဆရာကြီးယုဒဿန်သည် ၁၇၈၈ ခုနှစ်၊ သြဂုတ်လ (၉) ရက်နေ့တွင် မန်ဆာချူးဆက်နယ်၊ မော်လဒင်မြို့ ၌ မွေးဖွားပြီး၊ ၁၈ဝ၇ ခုနှစ်၊အသက်(၁၉)နှစ်အရွယ်၌ တက္ကသိုလ်ကျောင်းကိုအောင်မြင်ခဲ့သည်။ တက္ကသိုလ်ကျောင်း အောင်မြင်ပြီးနောက် လုပ်ငန်းခွင်ထဲသို့ မဝင်ရောက်မီအချိန်တွင် သူ၏ဖခင်က ဆရာကြီးအား ဓမ္မတက္ကသိုလ်(ကျမ်းစာကျောင်း) သို့ တက်ရောက်ရန် တိုက်တွန်းခဲ့သေးသည်။ သို့သော်လည်းသူ့ဖခင်၏မျက်နှာကိုကြည့်ကာ “ကျမ်းစာအုပ်သည် လူသားများ၏ ရေးသားချက်ဖြစ်၍ သခင်ယေရှုအကြောင်းကိုလည်း လူသားတစ်ဦးအဖြစ်ဖြင့်ရေးသားခြင်းဖြစ်သည်” ဟု တုံ့ပြန်ပြောဆိုခဲ့လေသည်။ ထို့ကြောင့်သာ“လူသားတစ်စုံတစ်ယောက်ကို ယုံကြည်ခြင်းသည် ဘာသာတရားမဟုတ်’ဟု လက်ခံပြောဆိုခဲ့သည်။

သူသည် ပြဇာတ်၊ ဇာတ်ညွှန်းများကို ရေးသားရန် ဝါသနာပါသဖြင့်၊ ၁၈ဝ၈ ခုနှစ်တွင် နယူးယောက်မြို့သို့ ထွက်ခွာသွားခဲ့သည်။ ထိုမြို့သို့ရောက်ပြီး ပုံပြင်၊ ဝတ္ထုများကို လေ့လာရှာဖွေရာတွင် စိတ်ကျေနပ်မှုမရရှိခဲ့ပေ။ သူသည် လူသားဆန်ဆန်တွေးခေါ်သည့် ပညာရှင်တစ်ယောက် ဖြစ်သည့်နည်းတူ၊ မိမိဉာဏ်အားဖြင့် တွေးတောလျက် ကြံဆခဲ့သည်။ တစ်ညသောအခါ မိမိတည်းခိုသောဟိုတယ်တွင် တစ်ယောက်တည်းထိုင်၍ အတွေးပေါင်းများစွာဖြင့် စဉ်းစားနေချိန်၌ သူ၏အခန်းနှင့်ကပ်လျက်ရှိသောအခန်းတွင်းမှ လူတစ်ယောက်သည် တစ်ညလုံး ညည်းညူနေသံကို သူကြားရသည်။ ထိုည တစ်ညလုံး ညည်းညူနေခဲ့သူသည် သေဆုံးသွားပါက မည်သည့်နေရာအရပ်သို့ရောက်သွားမည်ဆိုသည်ကို သူသည် တစ်ညလုံး စဉ်းစာမိခဲ့သည်။ နံနက်မိုးလင်းသည့်အခါ၌ ထိုလူနာ ကိုသွားရောက်စုံစမ်းမေးမြန်းသည့်အခါ ထိုလူသည် သေဆုံးသွားသည်တက္ကသိုလ်ကျောင်းတက်စဉ်အခါက သူနှင့်ရင်းနှီးခဲ့သော သူငယ်ချင်းတစ်ယောက်ဖြစ်ကြောင်း၊ အပြင် ထိုသူက ဘုရားဆိုသည်မှာ မရှိကြောင်းကိုလည်း ပြောခဲ့သေးဖူးသူတစ်ယောက် ဖြစ်နေသည်။ ထိုအချိန်မှစ၍ သူ့ဖခင်အား ပြန်သတိရလျက်၊ ‘ဘုရားသခင် ရှိ၊ မရှိ’ ဆိုသည့်အချက်မှာလည်း သူ့အတွေးထဲဝင်လာပြီး၊ အကယ်၍ ဘုရားသခင်သာရှိပါကသူသေဆုံးခဲ့လျှင်၊ ထာဝရအသက်ဆုံးရှုံးသွားပေတော့မည်စသည်ဖြင့် စိတ်ခြောက်ချားစေခဲ့သည်။ ထို့ကြောင့် အိမ်ပြန်ရန် သူဆုံးဖြတ်ခဲ့သည်။အိမ်သို့ပြန်ရောက်ပြီးနောက်၊ ၁၈၀၈ ခုနှစ်၊ အောက်တိုဘာလတွင် အာဒိုဝါမြို့ ကျမ်းစာသင်ကျောင်းသို့ တက်ရောက်ခဲ့သည်။ ထိုစဉ်ကပင် သူသည်နိုင်ငံရပ်ခြားသို့ သာသနာပြုရန် ဆန္ဒပြင်းပြခဲ့သည်။ သူ၏ဖခင်က (Boton) မြို့ရှိ အသင်းတော်ကြီးတွင် သင်းအုပ်ဆရာအဖြစ်ဆောင်ရွက်ခဲ့ သည့်နည်းတူ၊သားကိုလက်ထောက်သင်းအုပ်ဆရာအဖြစ်ပြန်၍အမှုတော်ဆောင်ဖို့ရန် ရည်ရွယ်ခဲ့သည်။ မိဘနှစ်ပါးစလုံးကလည်းသား၏ဆက်ကပ်မှုကို ဝမ်းမြောက်ပီတိဖြာခဲ့သည်။ သို့သော် ဆရာကြီးယုဒဿန်သည် သူ့ဖခင်အား နိုင်ငံခြားသို့သွား၍ သာသနာပြုရန် ဆုံးဖြတ်ခဲ့ပြီးဖြစ်ကြောင်း ပြောပြခဲ့သည်။ သူ၏မောင်နှမများ၊ မိဘများက သူတို့နှင့်အတူ နေထိုင်ပြီး အမှုတော်ဆောင်ဖို့ရန် မျက်ရည်ကျခဲ့သည့်အထိ တောင်းပန်ခဲ့သော်လည်း သူ့ဆုံးဖြတ်ချက်ကို မပြင်တော့ချေ။

ဆရာယုဒဿန်သည် ၁၈၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၅)ရက်တွင် အဲန် (Ann)နှင့် လက်ထပ်ပြီး၊ ဖေဖော်ဝါရီလ (၆)ရက်နေ့တွင် လက်တင်မင်္ဂလာကို ခံယူခဲ့သည်။ ဖေဖော်ဝါရီလ (၁၉)ရက်နေ့တွင် ဆရာကြီးသည်ဇနီးနှင့်အတူ နိုင်ငံရပ်ခြားသို့ ခဲရဗင် (Caravan) အမည်ရှိ သင်္ဘောဖြင့်ခရီးစတင်ထွက်ခွာလာခဲ့သည်။ ဆရာကြီးတို့ဇနီးမောင်နှံသည် ကြင်စဦးဇနီးမောင်နှံဖြစ်သော်လည်း၊ မိမိတို့၏မောင်နှမ၊ မိဘ၊ ဆွေမျိုး၊ အိမ်ယာကိုစွန့်၍ သာသနာ့ခရီးစတင်ပြုခဲ့ခြင်းမှာ အမှန်တကယ် ကိုယ်ကျိုးစွန့်သောအသက်တာဖြစ်သည်။ သူတို့၏မိခင်အသင်းတော်ဖြစ်သော ကော်န်ဂရီဂေးရှင်နယ် (Congregational Church) အသင်းတော်က ထောက်ပံ့ကူညီခဲ့သည်။ သူတို့နှစ်ဦးသည် ပရိုတက်စတင့် (Protestant) ဂိုဏ်းမှ ပထမဦးဆုံးသော နိုင်ငံရပ်ခြား သာသနာပြုဆရာများဖြစ်ကြသည်။

၁၈၁၂ ခုနှစ်၊ ဇွန်လ(၁)ရက်တွင် အိန္ဒိယပြည်၊ ကာလကတ္တားမြို့သို့ရောက်ရှိလာခဲ့သည်။ သို့သော် အိန္ဒိယပြည်ရှိ အစိုးရက သာသနာမပြုရန် အမိန့်ထုတ်ပြန်ခဲ့သည်။ အိန္ဒိယပြည်၌ သာသနာပြုခွင့်မရရှိ၍၊ ဖရန့်စ်ကျွန်း (Island of France)ရှိရာ မောရစ်ရှနိုင်ငံသို့ ဆက်လက်ထွက်ခွာရန်ဆုံးဖြတ်ခဲ့သည်။ ထိုသို့သင်္ဘောကို စောင့်ဆိုင်းနေသည့်အချိန်မှာပင် နှစ်ခြင်းမင်္ဂလာနှင့်ပတ်သက်၍၊ လေ့လာသိရှိခဲ့ပြီးနောက်၊ ကာလကတ္တားမြို့၊လာဘားဇန် (Larbazan) အသင်းတော်၌ ၁၈၁၂ ခုနှစ်၊ စက်တင်ဘာလ(၆)ရက်နေ့တွင် ဆရာကြီးဝီလျံဝဒ် (Rev.William Ward)အားဖြင့်၊နှစ်ခြင်းမင်္ဂလာခံယူခဲ့သည်။ ထို့နောက် သင်္ဘောစောင့်ဆိုင်းနေစဉ် ပီနန်သို့ထွက်ခွာရန် စီစဉ်သော်လည်း၊ ပီနန်သို့ ထွက်ခွာမည့် သင်္ဘောမရှိပေ။

ထိုအချိန်၌ မဒရပ်စ် (Madras)သင်္ဘောဆိပ်ကမ်းမှ ဂျော်ဂျီယားနား(Georgiana) သင်္ဘောသည် မြန်မာပြည်သို့ထွက်ခွာမည်ဟု သိရသဖြင့်၊ထိုသင်္ဘောကိုစီးကာ၊ ၁၈၁၃ ခုနှစ်၊ ဇူလိုင်လ(၁၃)ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။ ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသောနေ့မှစ၍ သာသနာလုပ်ငန်းကို စတင်လုပ်ဆောင်ခဲ့သည်။ထို့ကြောင့် ဆရာကြီးတို့ဇနီးမောင်နှံ မြန်မာမြေပေါ်သို့ သာသနာမျိုးစေ့ကြဲဖြန့်ရန် စတင်ရောက်ရှိလာသည့်နေ့ကို အစွဲပြု၍ ဇူလိုင်လ (၁၃)ရက်နေ့ (သို့) ထိုနေ့ရက်နှင့်အနီးဆုံးတနင်္ဂနွေနေ့ကို “ယုဒဿန်နေ့’ ဟူ၍ဂုဏ်ပြုသတ်မှတ်ကာ၊ နှစ်စဉ်နှစ်တိုင်းကျင်းပပြုလုပ်ခဲ့ကြသည်။ နောင်အခါ ထိုနေ့ရက်ကိုပင် “မြန်မာနိုင်ငံနှစ်ခြင်းအသင်းချုပ်နေ့” ဟု ဆရာကြီးဂုဏ်ပြုကာ သတ်မှတ်ခဲ့ပါသည်။

ခံစားမိသမျှ ဆရာကြီးယုဒဿန်ဘဝ

အခြေပြုကျမ်းချက်

အာဗေလသည် သေလွန်သော်လည်း ယခုပင် တရားဟောသေး၏။ (ဟေဗြဲ ၁၁း၄)။

မြန်မာပြည်နှစ်ခြင်းခရစ်ယာန်သာသနာသည် ၁၈၁၃ ခုနှစ်၊ဇူလိုင်လ (၁၃)ရက်နေ့တွင် မြန်မာပြည်သို့ ရောက်ရှိလာသော ဆရာကြီးယုဒဿန်နှင့်ဇနီးတို့သည် ရောက်ရှိသည့်နေ့ကိုအစွဲပြု၍ သတ်မှတ်ခဲ့သောကြောင့် ၂၀၁၃ ခုနှစ်သည် နှစ်ခြင်းခရစ်ယာန်သာသနာနှစ် (၂၀၀)ပြည့်ခဲ့ပြီဖြစ်သည်။ မြန်မာမြေပေါ်တွင် ခရစ်ယာန်သာသနာ မျိုးစေ့ကိုရှင်သန်ကြီးထွားအောင် စိုက်ပျိုးခဲ့သော ဆရာကြီးယုဒဿန်အား ဤစာစုအားဖြင့် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။ ဆရာကြီး၏ ဘဝတစ်ခုလုံးကိုလေ့လာရာတွင် လူသားအားလုံးအတွက် အကျိုးပြုသော သစ်ပင်ကြီးတစ်ပင်နှင့် ခိုင်းနှိုင်းဖော်ပြချင်ပါသည်။ သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားနိုင်သည့်စကားအတိုင်း သစ်ပင်တစ်ပင်၏ အရေးကြီးသော အစိတ်အပိုင်းများမှာ အောက်ပါအတိုင်းပင်ဖြစ်ပါသည်။

(၁) အမြစ် (ရေသောက်မြစ်)

သစ်ပင်တစ်ပင်၏ အရေးကြီးသော အစိတ်အပိုင်းမှာ မမြင်ရသော ရေသောက်မြစ်သာဖြစ်ပါသည်။ အပင်၏ အသက်ပင်ဖြစ်သည်အမြစ်သည်ရေလုံလောက်စွာမရရှိလျှင် အမြစ်ပုပ်ပြီး သွေ့ခြောက်သွားပါမည်။ လူတစ်ယောက်၏ အသက်သည် သူ၏ နှလုံးသားထဲ၌ ရှိနေသောသူ၏ ဘုရားသခင်အပေါ်ယုံကြည်ကိုးကွယ်မှုပင် ဖြစ်သည်။ ဆရာကြီးယုဒဿန်နှင့် ဇနီးမောင်နှံသည် အမေရိကန်ပြည်ထောင်စုမှနေ၍ အရှေ့ပိုင်း အန္ဒိယသို့ သာသနာပြုဖို့ရန် ထွက်ခွာခဲ့လေသည်။ လမ်းတစ်လျှောက်

လုံးတွင် ကျမ်းစာတော်မြတ်ကို နှိုက်နှိုက်ချွတ်ချွတ်လေ့လာခဲ့ရာမှ သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြမှုကြောင့် နှစ်ခြင်းဂိုဏ်းဂဏသို့ ပြောင်းလဲခဲ့ပြီး မြန်မာပြည်သို့ သာသနာပြုဖို့ရန်ရည်ရွယ်ချက်မရှိသော်လည်း သမိုင်း၏အရှင် ဘုရားသခင်သည် မုန်တိုင်းကို အသုံးပြုပြီး သူတို့စီးနင်းလာသော

ဂျော်ဂျီယာနာ (Georgians) သင်္ဘောကြီးကို ရန်ကုန်မြို့သို့ ဆိုက်ရောက်စေခဲ့ပါသည်။ (မြန်မာပြည်သို့စတင်ရောက်ခဲ့သော ၁၈၁၃ မှ ဘုန်းတော်ဝင်စားသော ၁၈၅၀)အထိ မြန်မာပြည်၌သာသနာပြုခဲ့သော (၃၇) နှစ်အတွင်း လုပ်ဆောင်ခဲ့သော သမိုင်းမှတ်တိုင်အချို့မှာ အောက်ပါအတိုင်းဖြစ်သည်။

(က) ၁၈၁၉ ခုနှစ်၊ ဧပြီလ (၄) ရက်နေ့သည် ပထမဦးဆုံးမြန်မာဘာသာဖြင့် ဝတ်ပြုစည်းဝေးပြုလုပ်နိုင်ခဲ့သည်။ လူကြီး (၁၅) ဦးနှင့်ကလေးအချို့ပါဝင်ခဲ့သည်။

(ခ)၁၈၁၉ ခုနှစ်၊ ဇွန်လ (၂၇) နေ့တွင် ဆံတော်ကြိုလမ်းအနီးလိပ်ပြာကန်တွင် ဦးနောအားနှစ်ခြင်းမင်္ဂလာ ပြုခဲ့သည်။ မြန်မာပြည်၌ ခရစ်ယာန်နှစ်ခြင်းသမိုင်းတွင် ပထမဦးဆုံးနှစ်ခြင်းမင်္ဂလာခံယူခြင်းပင်ဖြစ်သည်။

(ဂ) ၁၈၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄) တွင် ရန္တပိုစာချုပ်ချုပ်ရာတွင် စစ်မြေပြင်ငြိမ်းချမ်းရေးနှင့်စကားပြန်ကိစ္စတွင် ဆရာကြီးယုဒဿန် ပါဝင်ဆောင်ရွက်ခဲ့ရသည်။

(ဃ) ဆရာယုဒဿန်သည် အင်္ဂလိပ် – မြန်မာအဘိဓာန်နှင့်မြန်မာအင်္ဂလိပ်အဘိဓာန်ကို ရေးသားပြုစုခဲ့သူဖြစ်ရာ၊ မြန်မာစာပေသမိုင်းတွင်သာမက မြန်မာနှင့်ကမ္ဘာကို ပညာပေါင်းကူးဆက်သွယ်ပေးခဲ့သူလည်း ဖြစ်သည်။

(င) ဆရာကြီးယုဒဿန်သည် ၁၈၃၂ ခုနှစ်၊ ဒီဇင်ဘာလ(၁၅) ရက်နေ့တွင် ဓမ္မသစ်ကျမ်းကို မြန်မာဘာသာဖြင့် ပြန်ဆိုရေးသားခဲ့ပြီး မော်လမြိုင်မြို့ သာသနာပြုအသင်းပုံနှိပ်တိုက်မှထုတ်ဝေခဲ့သည်။ ဓမ္မဟောင်းကျမ်းကို ၁၈၃၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်နေ့တွင် ရေးသားပြုစုခဲ့ပြီး မော်လမြိုင်မြို့တွင် ပုံနှိပ်ထုတ်ဝေခဲ့သည်။

(စ) ၁၈၂၄ ခုနှစ်၊ ဇွန်လ (၈) ရက်နေ့မှ ၁၈၂၅ ခုနှစ်၊မေလအထိ (၁၁)လကြာ အင်းဝလက်မရွံထောင်တွင် ညှင်းပန်းနှိပ်စက်ချုပ်နှောင်ခြင်းကို ခံခဲ့ရသည်။

(ဆ) ဆရာယုဒဿန်သည် အိမ်ထောင်သုံးဆက်ရှိခဲ့ပြီး တစ်ပင်လဲမှ တစ်ပင်ထူခဲ့သူဖြစ်သည်။ သူ၏ သာသနာခရီးတွင် ဇနီးသည်များ၊သားသမီးများ၊ ဆုံးရှုံးမှုများစွာဖြင့်ခါးသီးစွာ ရင်ဆိုင်ခဲ့ရရုံမကသူကိုယ်တိုင်၁၈၅၀ ခုနှစ်၊ ဧပြီလ (၁၂) ရက်နေ့တွင် မော်လမြိုင်မှ ပင်လယ်ခရီးထွက်ခွာစဉ်သင်္ဘောပေါ်တွင် ဘုန်းတော်ဝင်စားခဲ့သူ ဖြစ်သည်။ယုဒဿန်သည် သာမာန်လူများ မလုပ်နိုင်သော လုပ်ငန်းများစွာ

ကို မြန်မာပြည်ရှိခရစ်ယာန်များအတွက်သာမက မြန်မာပြည်သူ၊ မြန်မာပြည်သားများအတွက် တန်ဖိုးမဖြတ်နိုင်သော စာပေအမွေကို ပေးခဲ့သူဖြစ်သည်။ အခြားတစ်ဘက်တွင်မူ ဘဝအသက်တာတစ်လျှောက်လုံးကိုယ်ကျိုးစွန့် အနစ်နာခံကာပေးဆပ်ခဲ့သူဖြစ်သည်။ သူ၏ထင်ရှားသောစကားတစ်ခုမှာ ခရစ်တော်အတွက်သာမဟုတ်ခဲ့လျှင်ထိုအရာများကို ပြုလုပ်နိုင်မည်မဟုတ်ပါ။ သူ့ဘဝအသက်တာတွင် ရေသောက်မြစ်တည်းဟူသော ခရစ်တော်ဘုရားဆီမှ ခွန်အားကိုယူ၍ လုပ်ဆောင်ခဲ့ခြင်း

သာဖြစ်သည်။ ငါသည် စိုက်ပျိုးသောသူဖြစ်၏ အာပေါလုသည် ရေလောင်းသောသူဖြစ်၏။ အပင်ကိုကြီးပွားစေသောသူသည် ဘုရားသခင်ပေတည်း၊ စိုက်ပျိုးသော သူမတတ်နိုင်၊ ရေလောင်းသောသူမတတ်နိုင်၊ကြီးပွားစေတော်မူသော ဘုရားသခင်သာလျှင် တတ်နိုင်တော်မူ၏။(၁ကော ၃း၆-၇)။

(၂) ပင်စည် = အတတ်ပညာ

ယုဒဿန်သည်သူ့ အမှုတော်ဆောင်ခြင်းတွင် အံ့ဩဖွယ်အရာများ (miracles) ကိုသာ အားကိုးပြီး တရားမဟောပါ၊ လူများပြောင်းလဲဖို့ရန် မျက်လှည့်ဆရာကဲ့သို့ထူးဆန်းသောအရာများကို အားမကိုးခဲ့ပါ။ရုပ်ဝတ္ထုပစ္စည်းများဖြင့် သွေးဆောင်ဖြားယောင်းပြီး သာသနာမပြုခဲ့ပါ။မြန်မာပြည်တွင် သာသနာပြုဖို့ရန်အတွက် မြန်မာစာ၊ စကားကို ရှေးဦးစွာဘုန်းတော်ကြီးလူထွက် ဦးရွှေဒေါင်းထံမှလည်းကောင်း၊ ဆရာ ဦးအောင်မင်းထံမှ မြန်မာစာသာမက ပါဠိဘာသာ၊ မြန်မာသဒ္ဒါ တည်ဆောက်ပုံ

တို့ကိုပါ စနစ်တကျသင်ကြားခံယူပြီး၊ မြန်မာကျမ်းစာကို မြန်မာပြည်သူပြည်သားများ ဖတ်ရှုနိုင်အောင် ဘာသာပြန်ဆိုခဲ့သည်။ သာသနာပြုရာတွင် မြန်မာယဉ်ကျေးမှုကိုလေးစားကာ လူအများနေထိုင်ရာ အချက်အခြာ၌ တရားဇရပ်ကို ဆောက်လုပ်ခြင်း၊ ခရစ်ယာန်တရားတော်ကိုအပြန်အလှန်ဆွေးနွေးခြင်း၊ စာပေအားဖြင့် သာသနာပြုခဲ့ခြင်း ထိုကြောင့် သာသနာသမိုင်းမှတ်တိုင်ကိုတည်ဆောက်နိုင်ခဲ့သူဖြစ်ခဲ့သည်။ ဆရာန္ဒာသိန်းဇံစာအုပ်မှ အဖြစ်အပျက်တစ်ခု တင်ပြပါရစေ။

တစ်ခါကဥယျာဉ်မှူးတစ်ဦးသည် တောစပ်တစ်နေရာ၌ ပန်းပင်များကို စိုက်ပျိုးလျက် အသက်မွေးဝမ်းကျောင်း ပြုခဲ့သည်။ တောထဲ၌မျောက်များနှင့် ရင်းနှီးကာတစ်နေ့တွင် မြို့ထဲသို့ ကိစ္စတစ်ခုရှိသောကြောင့်ပန်းပင်များအား ရေလောင်းခြင်းအလုပ်ကို မျောက်များအား တာဝန်ပေးခဲ့ရာ ညနေပြန်လာသောအခါ ပန်းပင်အားလုံးအမြစ်မှနှုတ်ထားကြောင်းတွေ့ရှိခဲ့ရာ မျောက်များအားလုံးကို ခေါ်ပြီး မေးမြန်းရာ မျောက်ခေါင်းဆောင်က ကျွန်တော်တို့အားလုံး ခိုင်ထားတဲ့အတိုင်း ပန်းပင်များအားရေလောင်းရာ အမြစ်ထဲရေ ရောက်၊ မရောက်မတွေ့ ရတဲ့အတွက် သေချာအောင် အပင်ကိုနှုတ်ပြီး ရေလောင်းကာ ပြန်စိုက်တဲ့အခါ မရတော့ဘဲယခုလိုတွေ့နေရခြင်းဖြစ်ကြောင်း ရှင်းပြခဲ့သည်။ ထိုအဖြစ်အပျက်ကိုကြည့်ခြင်းအားဖြင့် အလုပ်တစ်ခုလုပ်ရာတွင် စေတနာကောင်းရုံနှင့် မလုံလောက်ဘဲ ကိုယ်လုပ်သောအလုပ် ကျွမ်းကျင်ဖို့ လိုအပ်ကြောင်း ဖော်ပြခဲ့သည်။ ဆရာကြီးယုဒဿန်သည် သာသနာပြုရာတွင် ဆက်ကပ်အစေခံရုံသာမက မြန်မာပြည်နှင့် ကိုက်ညီသောယဉ်ကျေးမှု၊ စာပေကိုအခြေခံ၍သာသနာပြုခဲ့သူဖြစ်သည်။

(၃) အကိုင်းအခက် = ကောင်းသောရင်ဘတ်မိတ်ဆွေများ

သစ်ပင်သည်အကိုင်းအခက်ဖြင့်ဝေဆာကာ လာရောက် နားခိုသူများအတွက် အေးမြသောအရိပ်ကိုပေးလျက် ရှိသလို သမိုင်းကြောင်းအောင်မြင်သောသူအားလုံးတို့၏ ဘဝတွင် ကောင်းသောမိတ်ဆွေ အသိုင်းဝန်းများနှင့် ဝိုင်းရံထားလျက် ရှိသည်။

ဆရာယုဒဿန်၏ ဘဝတွင်သူ၏ဇနီးသည်မမအဲန်း၏ အခန်းဏ္ဍကို ပစ်ပယ်ထား၍မရချေ။ ခင်ပွန်းသည်၏ လုပ်ငန်းများကို တစ်ဖက်တစ်လှမ်းမှကူညီရင်း မြန်မာပြည်တွင် (Sunday School) ဥပုသ်စာဖြေကျောင်းကို စတင် ဦးဆောင်ခဲ့သူဖြစ်သည်။ ဆရာယုဒဿန် အင်းဝလက်မရွံထောင်တွင် အကျဉ်းကျခံနေရစဉ် မိန်းမသားတန်မဲ့ကြောက်ရွံ့မှုကင်းစွာဖြင့် ခင်ပွန်းသည်လွတ်မြောက်ရေးအတွက် ထောင်အာဏာပိုင်တာဝန်ရှိသူများထံသာမက စစ်သူကြီးမဟာဗန္ဓုလဆီသို့ပါ သွားရောက်တွေ့ဆုံခဲ့ကြောင်းကိုပင် တွေ့ရသလို ထောင်ပြောင်းသောအခါ၌လည်းကျန်ရစ်ခဲ့သော ဘာသာပြန်ဆိုပြီး သမ္မာကျမ်းစာကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခဲ့ကြောင်း တွေ့ရှိရသည်။ ခင်ပွန်းသည်ထောင်တွင်း ရောက်စဉ်မှာ၊ ကျိုက်က္ခမီတွင် မြန်မာတပည့်ကလေးများအားစာသင်ပေးခြင်း၊နှစ်ခြင်းမင်္ဂလာခံယူလိုသူများကို စုဆောင်းပေးခြင်း၊ တနင်္ဂနွေနေ့တွင်ဝတ်ပြုကိုးကွယ်ခြင်းများ ပုံမှန်ပြုလုပ်နေစဉ်၌ အပြင်းဖျားပြီး ကျောက်ရောဂါကြောင့် ဘုန်းတော်ဝင်စားခဲ့ရာတွင် နှစ်နှစ်အရွယ် လူမမယ် သမီးကလေးကျန်ရစ်ခဲ့သည်။ မိခင်ဆုံးပြီး (၆) လကြာတွင်သမီးငယ်ပါ ထပ်မံဆုံးပါးခဲ့ရသည်။ ဆရာယုဒဿန်သည် ဆာရာဟောဘို့ဒ်မင်းနှင့် ဒုတိယအိမ်ထောင်ပြုခဲ့သည်။ ဆရာယုဒဿန်၏ မိသားစုဘဝမှာ စိုစိုပြေပြေဖြစ်လာခဲ့ပြန်သည်။ ဇနီးသည် ဆာရာဟောဘိုဒ်မင်းမှာ ဆရာယုဒဿန်၏ ပထမဇနီး အဲန်းဟေဇယ်တိုင်းနှင့် သမီးမာရီယာတို့မှ ၄င်း၏ မျက်စိရှေ့မှောက်၌သေဆုံးသွားပုံ၊ ဆရာယုဒဿန်ပူဆွေးသောက ရောက်ခဲ့ပုံတွေကို မြင်ခဲ့သူဖြစ်သောကြောင့် ဆရာကြီး၏ စိတ်ပိုင်းဆိုင်ရာ ဒုက္ခပြဿနာများကို ကူညီဖြေရှင်းပေးခဲ့သူပင်ဖြစ်သည်။ ဇနီးသည်ဆာရာသည် ဆရာယုဒဿန်အတွက် သား၊သမီး (၆)ဦး မွေးဖွားပေးနိုင်ခဲ့ပြီးသောအခါ ၁၈၅၄ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့တွင် ဘုန်းတော်ဝင်စားခဲ့ပါသည်။

ဆရာကြီးသည် ၁၈၄၆ ခုနှစ်၊ ဇွန်လ (၂) ရက်နေ့တွင် အီမီလီချဒ်ဘက်နှင့် တတိယအိမ်ထောင်ပြုခဲ့ပြီး ၄င်းမှ အီမီလီဖရန့်စ်ဂျပ်ဆင်ကိုဆရာကြီးယုဒဿန်အတွက် မွေးဖွားပေးခဲ့သည်။ ဆရာကြီးဆုံတွေ့ခဲ့သောဇနီးသည်သုံးဦး၏ ပေးဆပ်ခြင်း၊ အနစ်အနာခံခြင်း၊ အစေခံခဲ့ခြင်းတိုကြောင့် ဆရာကြီး၏သာသနာပြုခြင်းတွင် သမိုင်းဝင်မှတ်တိုင်များ စိုက်ထူနိုင်ခဲ့ခြင်းဖြစ်သည်။ အောင်မြင်သောသူများ၏ ဘဝနောက်ကွယ်တွင်ကောင်းသောဇနီး၊ အုပ်ထိန်းသူ၊ မိဘများနှင့် ကောင်းသော ပတ်ဝန်းကျင်များ ဝိုင်းရံလျက်ရှိမှုကြောင့်ဖြစ်သည်။ မိတ်ဆွေမူကား ညီအကိုစွဲကပ်သည်ထက်သာ၍ စွဲကပ်တတ်၏။ (သုတ္တံ ၁၉း၂၄)။

(၄) အရွက် = စည်းစိမ်ဥစ္စာ ( လောကီ၊ လောက္ကုတ္တရာ)

လူတစ်ယောက်၏တန်ဖိုးကို မည်သည့်စံဖြင့် တိုင်းတာရမလဲဟူသော မေးခွန်းကို ပညာရှင်များ အမျိုးမျိုးဖော်ပြကြသော်လည်း၊ လူတိုင်းသည် မိမိတန်းဖိုးဖြစ်သောကိုယ်ပိုင်အရည်အချင်း ကိုယ်ပိုင်သိက္ခာကိုမြှင့်တင်ရန် ကြိုးပမ်းသင့်ပါသည်။ ကိုယ်ပိုင်အရည်အချင်းသိက္ခာဆိုသည်မှာ ပညာ၊ ဥစ္စာ၊ ဩဇာအာဏာတို ထက်ခိုင်မြဲသော ဖြောင့်မတ်တည်ကြည်ခြင်းပင်ဖြစ်သည်။ လူတစ်ဦး၏ ဘဝအသက်တာတစ်လျှောက်လုံးတွင် ရိုးသားဖြောင့်မတ်စွာ အသက်ရှင်သွားပါက သူ၏တန်းဖိုးမြင့်မားနေမည်သာ ဖြစ်သည်။ စာရေးဆရာကြီးပါရဂူက လူတစ်ယောက်၏ တန်ဖိုးကိုဆုံးဖြတ်တော့မည်ဆိုလျှင် ဒီလူဟာသူနေထိုင်ခဲ့သော လောကကြီးကို ဘယ်လောက်အကျိုးပြုခဲ့သလဲဆိုသည့် သတ်မှတ်ချက်နှင့် တိုင်းတာနိုင်ပါသည်ဟု ဖော်ပြခဲ့သည်။ ဆရာကြီးယုဒဿန်ဆုံးသွားသောအခါ မြန်မာပြည်သူ၊ပြည်သားများအတွက် စာပေအမွေအနှစ် (အင်္ဂလိပ် – မြန်မာနှင့် မြန်မာ-အင်္ဂလိပ်အဘိဓာန်) ပညာရေးအမွေ (ယုဒဿန်ကောလိပ်နှင့် တန်ဖိုးမဖြတ်နိုင်သော ကယ်တင်ခြင်းသတင်းကောင်းတို့ကိုထားရှိခဲ့သူဖြစ်သည်။

လောကအမွေသာမက တမလွန်ဘဝအတွက် ကယ်တင်ခြင်း စိတ်ချမှုအမွေများပါ နောင်လာနောက်သားများအတွက် ထားခဲ့နိုင်သောသူ ဖြစ်သည်။

ဆရာယုဒဿန်ကွယ်လွန်ပြီး နှစ်ပေါင်း(၃၀) အကြာတွင် မြန်မာပြည်၌ ခရစ်ယာန်ဘုရားရှိခိုးကျောင်း (၆၃)ကျောင်း သာသနာပြုအသင်းအဖွဲ့အစည်း (၁၆၃) ဖွဲ့နှင့် နှစ်ခြင်းခံပြီးခရစ်ယာန်ဘာသာဝင် (၇၀၀၀)ကျော် ရှိလာခဲ့သည်။ သံချေးပိုးရွဖျက်ဆီး၍ သူခိုးထွင်းဖောက်ခိုးယူရာမြေကြီးဘဏ္ဍာကို မဆည်းပူးကြနှင့် သံချေးပိုးရွမဖျက်ဆီး၍ သူခိုးမထွင်းဖောက်မခိုးမယူရာ ကောင်းကင်ဘုံ၌ဘဏ္ဍာကို ဆည်းပူးကြလော့၊ အကြင်အရပ်၌သင်၏ဘဏ္ဍာရှိ၏။ ထိုအရပ်၌သင်တို့၏ စိတ်နှလုံးရောက်တတ်၏။ (မဿဲ ၆း၁၉-၂၀)။

(၅) အသီးအပွင့် = အောင်မြင်မှု (အကျိုးပြုသောလုပ်ငန်း)

ဆရာကြီးယုဒဿန်၏ အောင်မြင်မှု အဓိကသော့ချက်မှာ ဤကဲ့သို့ ဖြစ်ပါသည်။ လူသားတစ်ဦးအနေဖြင့် သူခံရသောကာယဝေဒနာ၊စိတ်ဝေဒနာတို့သည် နာလံမထူနိုင်လောက်အောင် ကြီးမားသော ဖိစီးမှုများနှင့် ရူးမတတ်ဖြစ်ခဲ့ရသော အချိန်များတွင် စိတ်ဓါတ်မကျ ဇွဲလုံးလမလျော့ဘဲ ဘုရားထံတော်မှ မေတ္တာတော်ဖြင့် ခရီးဆက်ခဲ့ကာ ထိုမေတ္တာတော်၏ခွန်အားဖြင့် သူခံရသောဆင်းရဲခြင်းများကို ရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့သည်။ သောမတ်အယ်ဒီဆင်က စစ်မှန်သော အောင်မြင်မှုများသည်ရှုံးနိမ့်မှုလှေကားထစ်များကြောင့် စိတ်ဓါတ်မကျဘဲ ဘုရားသခင်ပေးသောခွန်အားဖြင့် တက်လှမ်းခဲ့ရသည်ချည်းပင်ဖြစ်ပါ၏ဟု ဆိုပါသည်။

(၆) အရောင်ရနံ့ – ကျော်ကြားမှု

သစ်ပင်တစ်ပင်၏ကောင်းခြင်းသည် ထိုသစ်ပင်၏ အရောင်နှင့်ရနံ့တို့ပင်ဖြစ်ပါသည်။ ပန်းသတင်းလေညှင်းဆောင်သလို လူသတင်း လူချင်းဆောင်ဆိုသကဲ့သို့ပင်ဖြစ်သည်။ ရှင်ပေါလုက ကောရိန္ဒူ အသင်းသူ၊အသင်းသားများကို ပြောသည်မှာ ငါတို့သည်ခရစ်တော်နှင့်အတူ အောင်ပွဲကို အစဉ်ခံစေခြင်းငှါ၎င်း၊ ထိုသခင်ကို သိခြင်း၏အမွေးအကြိုင်သည်ငါတို့အားဖြင့် အရပ်ရပ်တို့၌ နှံ့ပြားစေခြင်းငှါ၄င်း၊ ပြုတော်မူသော ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းခြင်းရှိစေသတည်း။ (၂ကော ၂း၁၄)။ဆရာကြီးယုဒဿန်၏ ဂုဏ်သတင်းရနံ့သည် ကမ္ဘာတည်သရွေ့ မွှေးပျံ့သင်းထုံနေမှာ ဧကန်မလွဲပါ။

မြန်မာပြည်၏မြေပေါ်တွင် ဆရာကြီးယုဒဿန်စိုက်ပျိုးခဲ့သောသာသနာသစ်ပင်ကြီးသည် ရှင်သန်ကြီးထွားခဲ့သည်မှာ နှစ်ပေါင်း (၂၀၀)ပြည့်ခဲ့ပြီး ဖြစ်ပါသည်။ ထိုသာသနာသစ်ပင်ကြီး ဆက်လက်ကြီးထွားဖို့ရန်အတွက် စာဖတ်သူ ယုံကြည်သူအားလုံး၏တာဝန်ပင်ဖြစ်ပါသည်။ တစ်ခါပန်းချီဆရာကြီးတစ်ဦးထံသို့ လူတစ်ဦးအလုပ်လာအပ်ပါသည်။ ဆရာကြီး၏ ပန်းချီပညာနှင့် ဘုရားသခင်ဖန်ဆင်းခါစက အပြစ်မဝင်ရောက်မီဧဒင်ဥယျာဉ်၏ အခြေအနေပုံမှန်ကို ရေးဆွဲပေးဖို့တောင်းဆိုရာတွင်ပန်းချီဆရာကြီးက အချိန်အကန့်အသတ်မပေးဘဲ ငါစိတ်တိုင်းကျမှ ပန်းချီကားအပ်မယ်ဆိုပြီး အလုပ်ကို လက်ခံလိုက်သည်။ ဆရာကြီးသည် သူ၏တစ်ဦးတည်းသောသားနှင့်မြို့ပြင်က စမ်းချောင်းလေးတစ်ခုမှာ တစ်ရက်တွင် နှစ်နာရီပန်းချီသွားဆွဲရာ၌ သားကနေ့တိုင်းလိုက်ပို့ပေးကာ အကူအညီပေးခဲ့၏။ တစ်လကြာသောအခါ နေပူမရှောင် မိုးရွာမရှောင် သွားရောက်ဆွဲခဲ့သောပန်းချီဆရာကြီးမှာအပြင်းဖျားပြီး ကွယ်လွန်သွားခဲ့သည်။တစ်ဦးတည်းသောသားသည် ဖခင်၏ ဈာပနာအစီအစဉ်ပြီးသွားသောအခါ ဖခင်၏နောက်ဆုံးပန်းချီကားချပ်ကိုကြည့်ပြီး အတွေးအမျိုးမျိုးပေါ်လာခဲ့သည်။ ပထမအတွေးမှာ ဖျက်ဆီးပစ်လိုက်မယ်၊ အဘယ်ကြောင့်ဆိုသော် ပန်းချီကားချပ်ကိုကြည့်ပြီး ဖခင်ကိုသတိရနေလို့ပါ။ ဒုတိယအတွေးကတော့ ပန်းချီကားကိုဖျက်ဆီးလျှင် ကောင်းကင်ဘုံမှက ဖခင်ကကျေနပ်မှာမဟုတ်တဲ့အတွက် မဖျက်ဆီးတော့ဘဲ ဒီအတိုင်းပဲထားတော့မယ်။ တတိယအတွေးကဟော့ ငါ့အဖေရဲ့နောက်ဆုံးပန်ချီကားချပ်ဖြစ်တဲ့အတွက် အဖေပေးခဲ့တဲ့ ပန်းချီပညာနဲ့မပြီးဆုံးသေးတဲ့ ပန်ချီကားချပ်ကိုဆက်ဆွဲဖို့ရန် ဆုံးဖြတ်ချက်ချခဲ့ပါသည်။ ထိုကဲ့သို့ပင် ဆရာကြီးယုဒဿန်သည် မြန်မာပြည်မြေပုံပေါ်တွင် သာသနာသစ်ပင် ပန်းချီကားချပ်ကိုကျွန်တော်တို့အားလုံးအတွက် ချန်ထားခဲ့ပြီး ဖြစ်ပါသည်။ ဖျက်ဆီးပစ်မှာလား။ ဆက်ရေးဆွဲမှာလား။ စာဖတ်သူ၏ ဆုံးဖြတ်ချက်သာဖြစ်ပါသည်။ သာသနာသစ်ပင်ကြီးကမ္ဘာတည်သရွေ့ အမွန့်ရှည်နိုင်ပြီး ဆရာကြီးယုဒဿန်ကဲ့သို့ နောက်လာနောင်သားများအား သာသနာအမွေဆင့်ကမ်းပေးနိုင်သူများဖြစ်ပါစေလို့ ဆန္ဒပြုရင်းမှ ဝေငှခြင်းကို နိဂုံးချုပ်လိုက်ပါသည်။

သင်သေသွားသော်

သင်သေသွားသော်၊ သင်ဖွားသောမြေ

သင်တို့မြေသည်၊ အခြေတိုးမြှင့်ကျန်ကောင်းသင့်၏

သင်၏အမျိုးသား၊ စာစကားလည်းကြီးပွားတိုးမြှင့်

ကျန်ကောင်းသင့်၏

သင်ဦးချ၍ အမျှဝေရာစေတီသာနှင့်

သစ္စာရောင်၊ ဥာဏ်တန်ဆောင်လည်း

ပြောင်လျက်ဝင်းလျက်

ကျန်ကောင်းသင့်၏။

ဆရာဇော်ဂျီ

ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို သင်တို့အားဟောပြော၍ သင်တို့ကို အုပ်သောသူတို့ကို အောက်မေ့ကြလော့၊ သူတို့သည်အဘယ်သို့ ကျင့်ကြံပြုမူ၍ စုတေသည်ကိုစေ့စေ့ဆင်ခြင်လျက် သူတို့၏ယုံကြည်ခြင်းကို မှီအောင်လိုက်ကြလော့။ (ဟေဗြဲ ၁၃း၇)။

သမ္မာကျမ်းစာနေ့ (Bible Sunday)

မြန်မာနိုင်ငံတွင် နှစ်ခြင်းခရစ်ယာန်အသင်းတော်များက သမ္မာကျမ်းစာနေ့ကို သြဂုတ်လ တတိယပတ် တနင်္ဂနွေနေ့တွင် ပြုလုပ်ကျင်းပကြသည်။ နိုင်ငံရပ်ခြားရှိ ခရစ်ယာန်များနှင့် အသင်းတော်အချို့က ဒီဇင်ဘာလအတွင်း ကျင်းပကြသည်ကို တွေ့ရသည်။ အင်္ဂလန်နိုင်ငံရှိ အသင်းတော်များသည် သမ္မာကျမ်းစာအသင်းကြီးနှင့်အတူတကွ ပူးပေါင်းလုပ်ဆောင် ပါဝင်နိုင်ရန် ပထမဦးစွာ အသင်းတော်များက သမ္မာကျမ်း၏တန်ဖိုးသမိုင်းအကြောင်းကို အထူးဖော်ပြပြီး မေ့တေးသီချင်းအားဖြင့်ဂုဏ်ပြုချီးမွမ်းခြင်း၊ သမ္မာကျမ်းစာအသင်းကြီး၏ လုပ်ငန်းစဉ်များအတွက်အလှူငွေကောက်ခံခြင်းများပြုလုပ်ခဲ့ပါသည်။

သမ္မာကျမ်းစာအသင်းကြီး၏ အဓိကအချက်နှင့် ဆောင်ပုဒ်မှာ“ကမ္ဘာလောကကြီးအတွက် သမ္မာကျမ်းစာ” ဟူ၍ ဖြစ်ပါသည်။ လူတိုင်းလူတိုင်းသမ္မာကျမ်းစာ လက်ဝယ်ထားရှိရေးနှင့် နှုတ်ကပတ်တော်

လိုသူများအတွက် ဘုရားသခင်၏နှုတ်ကပတ်ဘမ္မာတရားကို လေ့လာဖတ်ရှုနိုင်ဖို့ရန် သမ္မာကျမ်းစာအသင်းကြီးက ကြိုးပမ်းအားထုတ်လျက်ဖြန်ချိခဲ့သည်။ သမ္မာကျမ်းစာနေ့ဟူ၍ အသိအမှတ်ပြုလျက် ဖြစ်လာရခြင်းမှာ မေရီဂျုံးစ် (Mary Jones) အမည်ရှိ အမျိုးသမီးငယ်လေးအစပြုခဲ့သည်။ သူမသည် ဝေးလ်စ် (Wales) ခေါ် ဝေလနယ်မှာ နေထိုင်ပြီး၊ သင်းအုပ်ဆရာ၏ ဟောပြောခြင်းများ၊ သာသနာပြုဆရာများ၏ဟောပြောသက်သေခံခြင်းများအား ကြားရသည့်အခါတိုင်းမှာ အမှာကျမ်းစာကို ကိုယ်တိုင် ဖတ်ရှုလိုသော စိတ်ဆန္ဒပြင်းပြခဲ့သည်။ ထိုအချိန်၌သမ္မာကျမ်းစာအုပ် ရှားပါး၍ ပုံနှိပ်ထုတ်ဝေခြင်းမပြုလုပ်နိုင်သေးသောအချိန်ဖြစ်သည်။ သင်းအုပ်ဆရာတိုင်းပင် သမ္မာကျမ်းစာအုပ် အလောက်မရှိကြသေးပေ။ ရီးစ်သည်လည်း သမ္မာကျမ်းစာကို ဖတ်ရှုရန် စာပေများကို အပတ်တကုတ် လေ့လာသင်ကြားခဲ့သည်။ ငယ်ရွယ်သောအချိန်မှစ၍ ကြိုးစားကာ စာပေကို ကောင်းမွန်စွာ ဖတ်ရှုနားလည်သင် သင်ယူခဲ့သည်။

ထို့ကြောင့် ၁၇၉၀ ခုနှစ်တွင် ဘာလမြို့ (Bala) မှ သိက္ခာတော်ရဆရာကြီး သောမတ်စ်များလ်စ် (Thomas Charies)ထံမှာ သမ္မာကျမ်းစာအုပ် (၂) အုပ်ရှိကြောင်း သူမကြားသိရသောအခါ ဝယ်ယူဖို့ရန် ငွေစုခဲ့သည်။ သူမစုဆောင်းထားသော ငွေတစ်ကျွံလင်ပြည့်သော အချိန် (ယခုခေတ် တစ်ကျပ်ကျော်ကျော်) တွင် ကျမ်းစာအုပ် ဝယ်ဖို့ ပြင်ဆင်ခဲ့သော်လည်း ဖခင်၏ရောဂါဝေဒနာကြောင့် မိမိစုဆောင်းထားသောငွေကိုအသုံးပြုခဲ့ရသည်။ သို့သော်လည်း သူမသည် စိတ်မပျက်အားမလျော့ဘဲထပ်မံ၍ငွေများစုဆောင်းပြန်သည်။ သူမလိုအပ်သော ငွေပမာဏပြည့်သောအခါ သမ္မာကျမ်းစာအုပ်ဝယ်ဖို့ရန် အိမ်မှစတင်ထွက်ခွာခဲ့သည်။ သူမသွားရမည့်ခရီးမှာ မိုင် (၅၀) ခန့်ကွာဝေးပြီး၊ ခြေလျင်ခရီးဖြင့် လမ်းလျှောက်သွားရပါသည်။ သို့သော် သူမသည် လုံးဝအားမလျော့ဘဲ သွားခဲ့ပါသည်။ ဆရာကြီးသောမတ်စ်များလ်စ်ထံသို့ ရောက်သောအခါ ဆရာကြီးကျမ်းစာအုပ်တစ်အုပ်ကို အခြားသူအားရောင်းချလိုက်ပြီးဖြစ်၍ သူ့အတွက်တစ်အုပ်သာ ကျန်ရှိကြောင်း ပြောပြသည်။ ထိုအခါတွင် သူမအကြီးအကျယ် ဝမ်းနည်းကြေကွဲလျက် ဆရာကြီးအား အကျိုးအကြောင်းစုံလင်စွာ ပြောပြကာ သမ္မာကျမ်းစာအုပ်ကို ဖတ်ရှုလေ့လာလိုပါကြောင်းပြောပြခဲ့သည်။ သူမ၏ယုံကြည်ခြင်းနှင့် နှုတ်ကပတ်သမ္မာတရားအပေါ်တန်ဖိုးထားရှိမှုတို့ကို ဆရာကြီးအနေဖြင့် သိရှိ လိုက်ရသောအခါ မိမိ၌တစ်အုပ်တည်းသာ ကျန်ခဲ့သောသမ္မာကျမ်းစာအုပ်ကို သူမအား ပေးလိုက်တော့သည်။ သူမသည် ဝမ်းသာအားရစွာဖြင့် ဆရာကြီးကို ကျေးဇူးတင်စကားပြောပြီး ပြန်လာခဲ့သည်။

အမျိုးသမီးငယ် မေရီဂျုံးစ်၏ သမ္မာကျမ်းစာအား တန်ဖိုးထားမှု၊လိုချင်တောင့်တမှု၊ လေးစားမှုတို့ကြောင့် ၁၈၀၄ ခုနှစ်တွင် သမ္မာကျမ်းစာစောင်များ၊ ကျမ်းပိုဒ်များဖြန့်ဝေသောအသင်း (The Bible Tracts Sociey) က ဝေးလ်စ်ပြည်နယ်ရှိ ခရစ်ယာန်များကိုဖြန့်ဝေပေးရန် ဆုံးဖြတ်ခဲ့သည်။ ထိုသို့ သမ္မာကျမ်းစာစောင်ဖြန့်ဝေရေး အသင်းက တိုင်ပင်ဆုံးဖြတ်ချက်ချသည့်အချိန်တွင် အဖွဲ့ဝင်ဖြစ်သော ဆရာကြီး ဟုဖတ်စ် (Huphers) က ကမ္ဘာတစ်ဝန်းလုံးရှိ ခရစ်ယာန်များ၌ သမ္မာကျမ်းစာအုပ်လက်ဝယ်ရရှိစေရန်အတွက် တိုက်တွန်းလျက် အဆိုတင်သွင်းခဲ့သည်။ ထို့ကြောင့် ၁၈ဝ၄ ခုနှစ်အတွင်းတွင် အင်္ဂလန်နိုင်ငံနှင့် ပြည်ပနိုင်ငံများရှိသမ္မာကျမ်းစာအသင်းကြီး (The British and Foreign Bible Society) အား ဖွဲ့စည်းခဲ့သည်။ ထိုအဖွဲ့အစည်း၏ လုပ်ဆောင်မှုကြောင့်ပင်တစ်ဆင့်ပြီးတစ်ဆင့် သမ္မာကျမ်းစာအသင်း များပြားစွာ ဖွဲ့စည်းနိုင်ခဲ့သည်သာမက မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိလာခဲ့ပါသည်။

ခွန်အားယူရန်သမ္မာကျမ်းစာ

ထာဝရဘု ရား၏ နှုတ်ကပတ်တော် တရားမူကား ကာလအစဉ်အမြဲတည်၏။ ထို နှုတ်ကပတ်တော်သည် သင်တို့အား ဟောပြောသော ဧဝံဂေလိတရားဖြစ်သတည်း။ (၁ပေ ၁း၂၅)။

ထို ကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့် ဖြစ်၍ (၂တိ ၃း၁၆)။

နိဒါန်း

သမ္မာကျမ်းစာဆိုသည်မှာ ဘုရားသခင်က မိမိ၏ လိုအင်ဆန္ဒနှင့်အကြံအစည်များကို လူတို့အား သိရှိနားလည်စေရန် ဖွင့်ပြလိုက်သောစာအုပ်ပင်ဖြစ်သည်။ စာတန်သည် လူသားအားလုံးအား ဘုရားသခင်၏အကြောင်း ကယ်တင်ခြင်းသတင်းစကားကို မသိရှိအောင် သမ္မာကျမ်းစာအုပ် ဖတ်ရှုသူ၊ ဘာသာပြန်သူ၊ ဖြန့်ချိသူများအား အသင်းတော်သမိုင်းတွင်တားဆီးပိတ်ပင်ခဲ့ဖူးသည်။ ထိုနည်းသည် မအောင်မြင်ခဲ့ပါ။ ကနဦး ယုံကြည်သူများသည် တားဆီးပိတ်ပင်လေလေ သမ္မာကျမ်းစာကိုတိုးပြီး ဖတ်ချင်လာလေလေဖြစ်သောကြောင့် (၂၁) ရာစုတွင် စာတန်က နည်းဗျူဟာပြောင်းလဲပစ်လိုက်သည်။ ယုံကြည်သူအားလုံး၏ လက်ထဲသို့ သမ္မာကျမ်းစာအုပ်ကို လွယ်လင့်တကူဈေးနှုန်းချိုသာစွာဖြင့် အခမဲ့ဖြန့်ချိပေးလိုက်ရာယုံကြည်သူတို့ အိမ်တိုင်းတွင် သမ္မာကျမ်းစာအုပ်တစ်အုပ်မက မိမိတိုင်း

ရင်းသား ဘာသာစကားအလိုက်သာမက အင်္ဂလိပ်လို ဖတ်နိုင်သော အိမ်များမှာပင် မူကွဲအလိုက် အမျိုးမျိုးတို့မှာ အိမ်တိုင်းတွင် တစ်အုပ်မကရှိလာကြသော်လည်း မဖတ်ရှုကြတော့ပေ။ စာတန်၏ ယခုနည်းကပိုမိုအောင်မြင်လျက် ရှိသည်။ စာတန်၏ နည်းဗျူဟာထဲ မကျရောက်ဖို့ရန်ဗျာဒိတ်ဆရာက သတိပေးလျက်ရှိသည်။ ကာလအချိန်ရောက်လုနီးပြီဖြစ်၍ ဤအနာဂတ္တိကျမ်းစကားကို ကြည့်ရှု၊ ဖတ်ရွတ်၊ နားထောင်၍ရေးထားသမျှကို စောင့်ရှောက်သမျှသော သူတို့သည်မင်္ဂလာရှိကြ၏။ (ဗျာ ၁၃)။ ကမ္ဘာပေါ်တွင် သမ္မာကျမ်းစာအုပ်သည် အရောင်းရ အတွင်ကျယ်ဆုံးနှင့် အများဆုံး ဘာသာပြန်ဆိုခံရသောစာအုပ်ဖြစ်၏။ သို့သော် ဖတ်ရှုလေ့လာမှုနှင့် လူတွေအဖတ်နည်းသော စာအုပ်လည်းဖြစ်နေပြန်သည်။

သမ္မာကျမ်းစာ၏ အဓိကအချက်

ယေရှုသည် ခရစ်တော်တည်းဟူသော ဘုရားသခင်၏ သားတော်ဖြစ်တော်မူသည်ကို သင်တို့သည် ယုံမည်အကြောင်း ထိုသို့ယုံ၍ နာမတော်အားဖြင့် အသက်ကိုရမည်အကြောင်းဤမျှလောက်ရေးထားလျက် ရှိသတည်း။ (ယော ၂၀း၃၁)။

ကျမ်းစာ၏အခွင့်အာဏာ

ဘုရားသခင်၏သားတော်ကိုယုံကြည်သောသူအပေါင်းတို့သည်ပျက်စီးခြင်းသို့မရောက်၊ထာဝရအသက်ကို ရစေခြင်းငှါဘုရားသခင်သည်မိမိ၌တစ်ပါးတည်းသောသားတော်ကိုစွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏။

(ယော ၃း၁၆)။

ရေးသားပြုစုသူ များ

(၁) ဘုရားသခင် – ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသောအားဖြင့် ဖြစ်၍

(၂) သန့်ရှင်းသော ဝိညာဉ်တော်

(၃) သန့်ရှင်းသူ (၄၀)ဦး – အကြောင်းမူကား အနာဂတ္တိစကားသည်လူအလိုအားဖြင့် ဖြစ်ဘူးသည်မဟုတ် ဘုရားသခင်၏ သန့်ရှင်းသူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ တိုက်တွန်းတော်မူခြင်းကိုခံရ၍ ဟောပြောကြ၏။ (၂ပေ ၁း၂၁)။

ချိန် ကာလ

သမ္မာကျမ်းစာတစ်အုပ်လုံးပြီးစီးဖို့ရန် နှစ်ပေါင်း (၁၆၀၀) ခန့်ကြာမြင့်ခဲ့သည်။

သမ္မာကျမ်းစာနှင့် သခင်ယေရှု

သမ္မာကျမ်းစာ နှုတ်ကပတ်တော် သခင်ယေရှု(ယော ၁၄း၆၊ ယော ၁း၁-၅၊ ၁၄)

သမ္မာကျမ်းစာသည် သခင်ယေရှုအကြောင်းကို အဓိကထားဖော်ပြရေးသားထားသော စာအုပ်ဖြစ်သည်။ (ယော ၅စ၃၉၊ ၄၆)။

သမ္မာကျမ်းစာအားဖြင့်ရရှိသောအကျိုးကျေးဇူးများ

(က) ဝိညာဉ်ရေးရာ

၁ပေ ၁း ၂၃- အသစ်သောမွေးဖွားခြင်း ဘုရားသားသမီးဖြစ်ခွင့်ရ

ယော ၈း၃၂ – လွှတ်ခြင်းအခွင့်ကိုရရှိ

ရော ၁၀း၁၇ – ယုံကြည်ခြင်းကိုရရှိ

(ခ) စိတ်ပိုင်းဆိုင်ရာ

ဆာလံ ၁၁၉း၁၁၁ – ရွှင်လန်းခြင်း

ဆာလံ ၁၁၉း၁၆၅ – ငြိမ်သက်ခြင်း၊ စိတ်မပျက်ခြင်းသက်သာခြင်း

ဆာလံ ၁၁၉း၁၄ – ဝမ်းမြောက်ခြင်း

(ဂ) ရုပ်ပိုင်းဆိုင်ရာ

သုတ္တံ့ ၃း၂- အသက်ရှည်ခြင်း

သုတ္တံ့ ၄း၂၂ – ကျန်းမာခြင်း

သုတ္တံ့ ၆း၃၃ – စားဝတ်နေရေး အဆင်ပြေခြင်း ၊

သမ္မာကျမ်းစာအပေါ် သူ့တို့အမြင်

၁။ သမ္မာကျမ်းစာမပါဘဲလောကကြီးကိုအုပ်ချုပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

(Georage Washtion)

၂။ သမ္မာကျမ်းစာမပါဘဲ အမှားနှင့်အမှန်ကိုမခွဲခြားနိုင်ပါ။ သမ္မာကျမ်းစာသည် ဘုရားသခင်က လူတွေကိုပေးသော အကောင်းဆုံးသောလက်ဆောင်ပင်ဖြစ်သည်။ (Abraham Lincoln)

၃။ သမ္မာကျမ်းစာသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသံပင်ဖြစ်သည်။ (Chiang Kai – Sje)

၄။ ဘယ်လောက်ပင်ပန်းပါလေစေ၊ သမ္မာကျမ်းစာဖတ်ပြီးမှ အိပ်ယာဝင်ပါတယ်။ (Gen Douglous Mac Arthur)

၅။ သမ္မာကျမ်းစာသည် အမွန်မြတ်အထူးကဲဆုံးသော အတွေးအခေါ်ဖြစ်သည်။ စစ်မှန်ခြင်းများကို လူ့သမိုင်းမှတ်တမ်းများထက် သမ္မာကျမ်းစာလံတွင် ပိုပြီးတွေ့ရသည်။ (O Isaac Newton)

၆။ သမ္မာကျမ်းစာကို ဖတ်ရှုခြင်းမှတစ်ပါး ဘုရားသခင်စကားပြောသညကို ကြားနိုင်စရာနည်းလမ်းမရှိပါ။ (Martin Luther)

၇။ သမ္မာကျမ်းစာသည် သန့်ရှင်းသောဝိညာဉ်တော်၏ကျောင်းဖြစ်ပြီးမဆိုအပ်သောအရာနှင့် ထားခဲ့စရာ ဘာတစ်ခုမှမရှိပါ။

(John Calvin)

သမ္မာကျမ်းစာ၏ပုံဆောင်မှုများ

၁။ ကြေးမုံ (ယာကုပ် ၁း၂၂-၂၃)

၂။ မျိုးစေ့ (၁ပေ ၁း၂၃၊ မဿဲ ၁၃း၁၈-၂၃)

၃။ ရေ (ဧဖက် ၅း ၂၅-၂၇)

၄။ မီးအိမ် (ဆာလံ ၁၁၉း၁၀၅၊ သုတ္တံ့ ၆း၂၃၊ ၂ပေ ၁း၁၉)

၅။ သံလျက် (ဟေဗြဲ ၄း၁၂၊ ဧဖက် ၆း၁၇)

၆။ တန်ဖိုးရှိသောသတ္တုများ

(က) ရွှေ (ဆာလံ ၁၉း၁၀-၁၁၊ ၁၁၉း၁၂၇)

(ခ) ငွေ (ဆာလံ ၁၂း၆)

၇။ အာဟာရရရှိစေသောအစာများ

(က) နို့ (၁ပေ ၂း၂-၃)

(ခ) အာဟာရ (ဟေဗြဲ ၅း၁၂-၁၄)

(ဂ) ပေါင်မုန့် (ယော ၆း၅၁)

(ဃ) ပျားရည် (ဆာလံ ၁၉း၁၀)

(င) သံတူ (ယေရမိ ၂၃း၂၉)

(စ) မီး (ယေရမိ ၂၃း၂၉၊ ၂၀း၉)

၁။နှုတ်ကပတ်တော်ကို မထီမဲ့မြင်ပြုသောသူသည် ပျက်စီးလိမ့်မည်။ (သုတ္တံ့ ၁၃း၁၃)။

MRTV-4 မှ ထုတ်လွှင့်သော ဗုဒ္ဓဘာသာဆရာတော်ကြီးတစ်ပါး၏ တရားတစ်ပုဒ်ကို နာယူခဲ့ဖူးပါသည်။ ဆရာတော်ကြီးက သူ့မှာ ထူးခြားတဲ့ ဒါယိကာမတစ်ဦးရှိတယ် သူဟာဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ပေမယ့်ဘုန်းကြီးကျောင်းကို အခါကြီးရက်ကြီး၊ ဥပုသ်နေ့မှာတောင်မရောက်ဘူးပါ။ဗုဒ္ဓလမ်းညွှန်ထားသော တရားဓမ္မကို ဖတ်ရှုလေ့လာခြင်းမရှိဘဲ သူငယ်ငယ်ကတည်းက သူတွေ့ကြုံနေရသော ပြဿနာအားလုံးကို သူပိုင်ဆိုင်တဲ့ ရုပ်ဝတ္ထုပစ္စည်းနဲ့သာ ဖြေရှင်းလေ့ရှိသည်။ အဘယ်ကြောင့်ဆိုသော်ချမ်းသာကြွယ်ဝသော သူဌေးမကြီးတစ်ဦး ဖြစ်သောကြောင့်ပင်ဖြစ်သည်။

တစ်နေ့သောအခါ သူနေထိုင်သောရပ်ကွက်၌ မီးအကြီးအကျယ်လောင်ကျွမ်းရာ အိမ်မှာလာနေသော အိမ်အကူအိမ်ဖော်နှစ်ဦးက သူဌေးမကြီးဆီဖုန်းဆက်အကြောင်းကြားရာ လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းသည်ဆက်သွယ်မှုဧရိယာပြင်ပသို့ရောက်နေပါတယ်လို့သာ ပြန်ကြားမှုရခဲ့သည်။ တစ်နာရီကြာအောင် ကြိုးစားဆက်ပြီးမှ သူဌေးမကြီးနှင့် ဆက်သွယ်မှုရရှိခဲ့သဖြင့် သူဌေးမကြီးက မိမိအိမ်သို့ ချက်ချင်းပြန်လာရာ မိမိအိမ်ဘေးက အိမ်တစ်လုံးမီးစလောင်နေပြီးဖြစ်၏။ လူကမိုးထဲ၊ ရေထဲ၊ဒုက္ခရောက်လာရင် ဘုရားတရစမြဲဖြစ်ရာ မီးကျော်တဲ့ ဂါထာမရတဲ့အတွက် ရတဲ့အရာပဲဆိုခဲ့ရာ မိမိအိမ်မီးလောင်နေချိန်တွင် သူဌေးမကြီးက မိမိခေါင်းထဲ ရောက်လာသော သာဓကို သုံးကြိမ်ရွတ်ဆိုခဲ့သည်။ သာဓု၏ အဓိပ္ပါယ်မှာ ကောင်းပါတယ်ဟု ဆိုလိုသည်။ မိမိအိမ်ကြီးလောင်နေတာကို ကောင်းပါတယ်ဟု ဆိုရသောအခြေအနေ ဖြစ်ခဲ့ရသည်။ အကြောင့်ဆိုသော် ငယ်စဉ် တောင်ကျေးကလေးဘ၀မှစတင်၍ယခုအချိန်ထိတိုင်အောင် တရားဓမ္မကို လေ့လာကြိုးစားအားထုတ်ခြင်း မပြုခဲ့သောကြောင့် ဖြစ်သည်။ ထိုတရားကိုနားကြားရတဲ့အခါ ခရစ်ယာန်ဘာသာဝင်ထဲမှာလည်း အာမင်အုပ်စုတွေရှိနေလျက်ပါ။ လူတစ်ဦးသည် မိရိုးဖလာဘာသာဝင် ဖြစ်ရုံမျှဖြင့် မလုံလောက်တဲ့ စစ်မှန်သောဘာသာဝင်ဖြစ်ဖို့ရန်နှုတ်ကပတ်တော် သမ္မာကျမ်းစာကို လေ့လာလိုက် ကြိုးစားအားထုတ်ကာ အသက်ရှင်ဖို့လိုအပ်ကြောင်း သိမြင်ခံစားရပါသည်။

၂။ နှုတ်ကပတ်တော်၌ နေ့စဉ်တွေ့ကြုံနေရသည့်ပြသနာများဖြေရှင်းနိုင်ရန်အတွက် အဖြေ ရှိပါသည်။

လူသည် အသက်ရှင်စဉ်၊ နေ့စဉ်အခြေခံ လိုအပ်သောစားဝတ်နေရေးကို အချိန်နှင့်အမျှ ဖြေရှင်းနေရသည်။ အချို့ပြဿနာများသည်ကိုယ်တိုင်ဖြေရှင်းလို့ရပေမည့် အချို့မှာမူ မဖြေရှင်းနိုင်သောအရာများပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူသည်ပြည့်စုံ‌ သောသတ္တဝါမဟုတ်သောကြောင့် ဖြစ်သည်။ ထိုအချိန်မျိုးတွင် သမ္မာကျမ်းစာမှဖော်ပြသောနည်းလမ်းများဖြင့် ဖြေရှင်းဖို့ရန်အကြံပြုပါရစေ၊ ၄င်းတို့မှာ

(က) ကျန်းမာရေး (မာကု ၅း၂၅-၃၄)

လူ၏ အခြေခံအဓိကလိုအပ်ချက် သည် ကျန်းမာရေးပင်ဖြစ်သည်။ သမ္မာကျမ်းစာ၌ ၁၂ နှစ်ပတ်လုံးသွေးသွန်နာစွဲသာ အမျိုးသမီးတစ်ဦးရောဂါပျောက်ကင်းခြင်းဖြစ်စဉ်ကို အောက်ပါအတိုင်း လေ့လာနိုင်သည် လူတိုင်းအနာငြိမ်းခြင်းတန်ခိုးကိုအောက်ပါအလိုင်း ရရှိနိုင်ပါသည်။

(၁) ထိုအမျိုးသမီးသည်သခင်ယေရှု၏ အကြောင်းကို ကြားသိပြီးတွေ့ဆုံနိုင်ဖို့ စတင်ဆုတောင်း ပါသည်။

(၂) သူတို့နေထိုင်ရာမြို့ကို သခင်ယေရှုနှင့်တပည့်ကြွလာသည် သတင်းကို ကြားသိသောအခါအိမ်မှထွက်၍ သွားတွေ့ပါသည်။တစ်နည်းဆိုသော် လုပ်သင့်လုပ်ထိုက်တာကို လုပ်ခဲ့ခြင်းဖြစ်သည်။ ခရစ်ယာန်အချို့မှာ အစာရှောင်ဆုတောင်းပြီး ဆေးသောက်စရာမလို၊ ရေသောက်လျှင်ရတာပဲဟု အစွန်းရောက်ကာ လုပ်သင့်လုပ်ထိုက်တာ မလုပ်ခဲ့သောကြောင့် ဘေးထွက်ဆိုးကျိုးများတွေ့ကြုံနေရသည်။ ဆေးသည် ဘုရားသခင် ဖန်ဆင်းထားသောသဘာဝမှတီထွင်ထုတ်လုပ်ထားခြင်း ဖြစ်သည်။

(၃) ထိုအမျိုးသမီးသည် သူနှင့် သခင်ယေရှုကြားထဲမှာရှိသောလူအုပ်ကြီးနှင့်တမန်တော် (၁၂)ပါးကို ကျော်ဖြတ်ပြီးသွားခဲ့ပါသည်။ အနာရောဂါငြိမ်းခြင်းရရှိစေချင်လျှင် မိမိနှင့်သခင်ယေရှုအကြား တားဆီးထားဘုရားသခင်မကြိုက်သောအရာများစွာကို ကျော်ဖြတ်သွားဖို့ရန်ဖြစ်ပါသည်။

(၄) အမျိုးသမီးသည် သခင်ယေရှု၏ ဝတ်ရုံကိုတို့ ထိလျှင်ပျောက်မည်ဟု မိမိကိုယ်တိုင်စတင်ယုံကြည်ခြင်းကြောင့် ရောဂါပျောက်ခဲ့ရခြင်းဖြစ်သည်။ လူအုပ်ထဲမှာကျန်းမာခြင်း အားနည်းသောသူများစွာရှိသော်လည်း ထိုအမျိုးသမီးတစ်ဦးသာရောဂါပျောက်ခဲ့ပါသည်။

(ခ) လုပ်ငန်း ( ကာ ၅း၁-၁၁)

လူအချို့ အလုပ်တစ်ခုခုအောက်မှာ အလုပ်လုပ်နေရသော်လည်းအကြောင်းအမျိုးမျိုးကြောင့် အကျိုးကျေးဇူးမခံစားရချေ။ အလုပ်အတွက်အခက်အခဲဖြစ်နေသော ပေတရု၏အသက်တာမှာ တစ်ညလုံး ကြိုးစားပေမည့် ငါးတစ်ကောင်မှမရချေ။ ငါးဖမ်းအတတ်ပညာကျွမ်းကျင်သူဖြစ်သည်။ မိတ်ဆွေသည်လည်း လုပ်သမျှ မအောင်မြင်လျှင် ပေတရုငါးဖမ်းခြင်းကို ပြန်သတိရပါ။ မိမိအလုပ်ကို ပြန်သုံးသပ်ပါ။ ဘုရားသခင်နှင့်တိုင်ပင်ပါ ဘုရားသခင်ခိုင်းတဲ့အတိုင်းပြန်လုပ်ပါ။ ပေတရုကဲ့သို့ မြောက်များစွာသော ငါးများစွာရရှိသည့် ကောင်းချီးမင်္ဂလာကို ကိုယ်တိုင်သာမကလုပ်ဖော်ဆောင်ဖက်များကိုပါ ပြန်ဝေငှနိုင်မှာဖြစ်ပါသည်။

(ဂ) ငွေကြေး (မဿဲ ၁၇း၂၄-၂၇)

ငွေကြေးသည် လူဘဝမှာတွေ့ကြုံနေရသောပြဿနာအများစုကိုဖြေရှင်းပေးနိုင်သောအရာပင် ဖြစ်သည်။ လူတိုင်းဘဝမှာ ငွေကြေး ခက်ခဲမှုကို တစ်ချိန်မကအကြိမ်ကြိမ်ခံစားရဖူးပါသည်။ ငွေမရှိတဲ့ဘဝမှာ လူအများ၏ ခြေကြိုလက်မှာ မျက်နှာငယ်နေခဲ့ရပါသည်။ ငွေကြေးပြဿနာ ကြုံဆုံတဲ့အခါတိုင်း တမန်တော် (၁၂) ပါး၏ အဖြစ်အပျက်ကိုသတိရပါ။ ဗိမ္မာန်‌ တော်အခွန်အတွက် ငွေကြေးမရှိသော တမန်တော် (၁၂)ပါးသည် သခင်ယေရှုဆီ သွားအကူအညီတောင်းခဲ့ရာ သခင်က ငါးသွားဖမ်းပါ၊ ရရှိတဲ့ ငါးတွေရဲ့ ပါးစပ်ကိုဖွင့်ကြည့်ပါ ငွေတွေ့ရလျှင် ငါတို့အားလုံးအတွက် ဗိမ္မာန်အခွန်ပေးလိုက်ပါ။ သခင်ယေရှုက သူတို့ကျွမ်းကျင်သောငါးဖမ်းအလုပ်ကို လုပ်ခိုင်းပါသည်။ လူတိုင်း လုပ်သင့်တာလုပ်ပြီး ဘုရားသခင်ကို အားကိုးလျှင် ငွေကြေးခက်ခဲမှုမှ လူတိုင်းလွတ် မြောက်နိုင်ကြောင်း လမ်းညွှန်ထားပါသည်။

(ဃ) ပညာရေး (ဒံယေလ ၁:၂၀၊ သုတ္တံ ၁း၇)

(၂၁) ရာစုသည် ပညာခေတ်ဖြစ်သည်။ ပညာမတတ်လျှင် လူ့ဘဝမှာ နေရာတစ်နေရာစာရရှိဖို့မှာ မလွယ်ကူပါ။ ယနေ့ လူအများစုသည် ပညာရေးအတွက် ဖိစီးမှုများစွာခံနေရသည်။ အထူးသဖြင့် လူငယ်များပင် ဖြစ်သည်။ ပညာရရှိဖို့ အဓိကသော့ချက်မှာ ဘုရားသခင်ကိုကြောက်ရွံ့ခြင်းပင်ဖြစ်သည်။ (သုတ္တံ ၁း၇)။ ဒံယေလနှင့် အဖော်များသည်ဘုရားကို ကြောက်ရွံ့ခြင်းကြောင့် လူများသတ်မှတ်ထားသော ပညာရှိများထက် (၁၀)ဆ ပညာရှိကြောင်း မှတ်တမ်းတင်ထားပါသည်။ (ဒံယေလ ၁း၂၀)။ ပညာရှာသော လူငယ်များကို အကြံပြုပါရစေ။ ကမ္ဘာပေါ်တွင်ဉာဏ်ပညာအရှိဆုံး ရှောလမုန်ရေးသားထားသော သုတ္တံကျမ်းကို နေ့အလိုက် တစ်ရက် (၁)ခန်း ဖတ်ပါ။ တစ်လကုန်လျှင်တစ်ခါပြီးပြီး နောက်ထပ်ပြန်ဖတ်ပါ၊ စာမကျက်ခင်သုတ္တံကျမ်းကို နေ့အလိုက် နေ့စဉ်ဖတ်ရှုခြင်းအားဖြင့်ပညာရေးအပိုင်းသည် မိမိ၏ဘ၀ လူရှေ့ဘုရားသခင်ရှေ့ မျက်နှာရရှိဖို့ ဖြစ်လာမည်ဖြစ်ပါသည်။

(င) ချည်နှောင်မှု အမျိုးမျိုး (တမန် ၁၂း၁-၁၀)

လောကတွင်လူအချို့သည် အကြောင်းအမျိုးမျိုးကြောင့် စာတန်၏ ချည်နှောင်ခြင်းများစွာကို ခံစားနေရပါသည်။ (ငွေကြေး၊ အရက်၊မူးယစ်ဆေးဝါး၊ လိင်ကိစ္စချည်နှောင်ခြင်း၊ နတ်ဆိုးအမျိုးမျိုးနှင့် အများသော ချည်နှောင်ခြင်းများစွာဖြင့်အသက်ရှင်နေရပါသည်။ ထိုသူများအတွက် နှုတ်ကပတ်တော်၌အဖြေရှိပါသည်။ (တမန် ၁၂း၁-၁၀) ဖြစ်ရပ်တွင် ပေတရုမှာ ဟေရုဒ်မင်းကြီး အမိန့်ကြောင့် ထောင်ထဲမှာ အကျဉ်းကျခံနေရစဉ် သင်းဝင်သူများ၏ဆုတောင်းပေးခြင်းအားဖြင့် ကောင်းကင်တမန်၏ ကူညီမှုကြောင့် ထောင်ထဲမှာ လွတ်မြောက်ခြင်းခံခဲ့ရပါသည်။

မိတ်ဆွေ၊ စာတန်၏ ချည်နှောင်မှုခံစားရလျှင် သခင်ယေရှုဆီမှာ ဆုတောင်းခြင်းဖြင့် လွတ်မြောက်မှုရရှိနိုင်ကြောင်း နှုတ်ကပတ်တော်က ခွန်အားပေးထားပါသည်။ စာရေးသူဓမ္မအမှုတော်ဆောင်စဉ် တွေ့ကြုံခဲ့ရသော အဖြစ်အပျက်တစ်ခုကိုတင်ပြပါရစေ။ ဘုံဘောအရှိုနှစ်ခြင်းအသင်းတော်တွင် အမှုတော်ဆောင်စဉ်က လတစ်လ၏ပထမအပတ်ရောက်တိုင်းဆယ်ဖို့တစ်ဖို့ချန်ထားပြီးတောင်ခြေမှာရှိတဲ့ ကုန်စုံဆိုင်သို့ ဈေးသွားဝယ်ရာတွင် တောင်ပေါ်မှာ ကုန်စုံဆိုင်သို့ (၂) နာရီနီးပါးလမ်းလျှောက်သွားရသည်။ ဈေးသွားဝယ်စဉ် ကားကြုံတစ်စီးနှင့်လိုက်ခဲ့ရာ လမ်းလျှောက်ခြင်းမှ သက်သာရခဲ့သည်။ ကားလူကြပ်ပြီး ရွာထိပ်က တားသည့်လူတိုင်းအား ရပ်ပြီးတင်ပေးရာ ရွာတစ်ရွာတွင် ဦးလေးတစ်ယောက်သည် ပလိုင်းကြီးတစ်လုံးထဲတွင် ပျားရည်ပုလင်း (၅၀) လောက် ခေါင်းပေါ်ရွက်လာပြီးကားပေါ်တက်ရာ ပလိုင်းကြီးကို မချတဲ့အတွက် ချဖို့ စာရေးသူကပြောရာမြန်မာစကားမပြောတတ်တဲ့သောကြောင့် ဘေးနားကလူငယ်အား ပြောခိုင်းရာ လူငယ်က အစ်ကို ပလိုင်းကိုချခိုင်းလို့မရဘူး ဘာဖြစ်လို့လဲဆိုတော့မင်းတို့ ကားကနှေးတယ် အမြန်ရောက်ချင်တဲ့အတွက် ကားမလေးအောင်ငါ့က ထမ်းထားတာ မချနိုင်ဘူးဟုပြန်ပြောခဲ့သဖြင့် တစ်လမ်းလုံး ထိုဦးလေးကို ကြည့်ပြီး ကရုဏာသက်ကာ စိတ်မသက်မသာဖြစ်ခဲ့ရ၏။ ကားပေါ်ရောက်နေပြီး ထမ်းစရာမလိုပေမည့် ထမ်းထားသောသူကို စိတ်မကောင်းဖြစ်ခဲ့ရ၏။ စာရေးသူပြန်တွေးမိသည်က သည်ဦးလေးက ကျွန်တော် ကိုယ်တိုင်ဖြစ်နေပြန်၏။ အဘယ်ကြောင့်ဆိုသော် သခင်ယေရှုကဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့ ငါ့ထံသို့လာကြလော့၊ ငါသည်ချမ်းသာပေးမည်ဟု နှုတ်တော်ထွက်ကတိတော်ရှိသော်လည်း ယုံကြည်သူအချို့မှာ မိမိအတွေးဖြင့် မိမိမှာရှိသော အစွမ်းအစဖြင့် ကြိုးစားပြီး လုပ်ဆောင်နေရာ ကားပေါ်ကဦးလေးနှင့်အတူတူပင်ဖြစ်သည်။

စာဖတ်သူဓမ္မပရိသတ်လည်း နေ့စဉ်တွေ့ကြုံနေရသော ပြဿနာများကို သမ္မာကျမ်းစာလမ်းညွှန်ချက်များအားဖြင့် ဖြေရှင်း၍ အသက်တာကို တည်ဆောက်လျှင်၊ ထိုပြဿနာများသည် မိမိဘဝအသက်တာအတွက်အခက်အခဲများမဟုတ်တော့ဘဲ အံ့ဩဖွယ်ရာနိမိတ်လက္ခဏာ၊ ကောင်းချီးမင်္ဂလာများအဖြစ် ပြောင်းလဲသွားကာ မိမိကိုယ်တိုင် ဘုန်းတော်ထင်ရှားစွာ အသက်ရှင်သော ယုံကြည်သူဖြစ်နေကြောင်းအား မျက်ဝါးထင်ထင်တွေ့မြင်ခံစားရပါမည်။ လောကမှာ တွေ့ကြုံရသောပြဿနာများကို နှုတ်ကပတ်တော်နှင့်အညီ ဖြေရှင်းတတ်သောယုံကြည်သူဖြစ်စေဖို့ ဆန္ဒပြုရင်းဝေငှခြင်းကို နိဂုံးချုပ်လိုက်ပါသည်။နှုတ်ကပတ်တော်ကို မထီမဲ့မြင်ပြုသောသူသည် ပျက်စီးလိမ့်မည်။ပညတ်တရားတော်ကိုခန့်ညားသော သူမူကား ချမ်းသာရလိမ့်မည်။ (သုတ္တံ့၁၃း၁၃)။

မှီငြမ်းစာအုပ်

ဆရာပက်ထရစ် (သမ္မာကျမ်းစာ) စာစောင်

– ဆရာယု ဒ ဿန် (မြန်မာကျမ်းစာ)

ဤသူတို့အဖို့ ဆုတောင်းပေးကြပါစို့

စက်တင်ဘာလ ဒုတိယအပတ်သည် အနာကြီးရောဂါသည်များကို သတိရအောက်မေ့ဖို့ရန်အတွက် ရက်သတ္တပတ်ဖြစ်ပါသည်။ အနာကြီးရောဂါသည်များအတွက် ငွေအားဖြင့်လှူဒါန်းခြင်း၊ ဆုတောင်းပေးခြင်းများ ပြုလုပ်ရာ ရက်သတ္တပတ်လည်း ဖြစ်ပါသည်။အနာကြီးရောဂါသည် ရှေးကျသောရောဂါတစ်ခုဖြစ်ပြီး ကိုယ်ခန္ဓာအရေပြားပေါ်တွင် ဖြစ်သောကြောင့် လူအများ ကြောက်ရွံ့ ရွံရှာသောရောဂါ (Stigmatizing) ဖြစ်ခဲ့ပါသည်။ သမ္မာကျမ်းစာတွင် ကိုယ်ရေပြားရောဂါသည်များမှာ ပညတ်တရားအတိုင်း တပ်ပြင်၊ မြို့ပြင်တွင်လူ့အသိုင်းအဝိုင်းနှင့် ဝေးရာ၌နေကြရသည်။ သခင်ယေရှုကြွလာသောအခါ အနာကြီးရောဂါသည်နှင့် အခြားရောဂါသည် အများအပြားမှာကျန်းမာချမ်းသာကြပါသည်။ သခင်ယေရှုမိန့်မှာသကဲ့သို့ ဤအမှုသည်မိဘတို့အပြစ်ကြောင့်မဟုတ်၊ မိမိအပြစ်ကြောင့်မဟုတ်၊ ဘုရားသခင် ဘုန်းတော်ထင်ရှားဖို့ရာဖြစ်သည်ဆိုသော စကားတော်မှာ ယနေ့အနာကြီးရောဂါသည်များအတွက် ခွန်အားဖြစ်စေပါ၏။

ရောဂါဖြစ်ခြင်း၊ ဆင်းရဲခြင်း၊ ဒုက္ခရောက်ခြင်းတို့က ဘုရားသခင်နှင့် ပိုမိုနီးကပ်စေပါသည်။ ရှင်ပေါလုသည် ကိုယ်ပေါ်က ဆူးကဲ့သို့ ဒုက္ခခံရချိန်၌ ဘုရားသခင်က ငါ့ကျေးဇူးသည် သင့်အဖို့ လောက်ပေ၏။ ငါ့တန်ခိုးသည် အားနည်းခြင်း၌ စုံလင်တတ်သည်ကို ဖော်ပြနေပါသည်။မြန်မာနိုင်ငံတွင် အနာကြီးရောဂါနှင့်ပတ်သက်ပြီး လုပ်ဆောင်နေသော အဖွဲ့အစည်း၊ အသင်းတော်များ၊ ဆေးရုံဆေးခန်းများကို ပြန်လည် သတိရရန် ရှိပါသည်။ ထိုသာသနာ၌ ကဏ္ဍအသီးသီးတွင် ပါဝင်နေကြသူများကိုလည်း သတိရ ဆုတောင်းပေးရန် လိုပါသည်။

ဧဖက်သြဝါဒစာ၌ ရှင်ပေါလုဖော်ပြသကဲ့သို့ ငါမှစ၍ သန့်ရှင်းသူအပေါင်းတို့အဖို့ ဆုတောင်းကြလော့ဟု နှုတ်ကပတ်တော်လာသည့်အတိုင်း အနာကြီးရောဂါသည်များနှင့် နာမတော်၌၄င်းတို့ကို အစေခံနေ

သူများအတွက် ပါဆုတောင်းသတိရကြပါစို့။

စိတ်ထားလှကြသူများ

(ရှမာရိစိတ်ဓါတ်)

ရှမာရိလူတစ်ယောက်သည် ခရီးသွားရာတွင် ထိုလူနာရှိရာသို့ ရောက် ၍ မြင်သောအခါ ဂရုဏာစိတ် ရှိသည် နှင့် ချဉ်းကပ်၍သူ၏အနာများကိုဆီနှင့် စပျစ်ရည်ထည့်လျက် အဝတ်နှင့်စည်းပြီးလျှင် မိမိတိရစ္ဆာန်ပေါ်တင်၍ စရပ်တစ်ခုသို့ ဆောင်သွားပြုစုလေ၏။ (လုကာ ၁၀း၃၃-၃၄)။

လေ့လာရန်ကျမ်းချက် – လုကာ ၁၀း၂၅-၃၇

ဤလောကတွင် လူအချင်းချင်း တစ်ဦးနှင့်တစ်ဦး အဆင့်အတန်းချင်း ကွာခြားမှုရှိကြသည်။ ချမ်းသာသူများ သာ၍ ချမ်းသာပြီး၊ဆင်းရဲသူများက ကုန်းကောက်စရာမရှိအောင် ဆင်းရဲကြသည်။ တစ်ဘက်တွင် ပညာတတ်သူများက ဘွဲ့ဒီဂရီ မရေတွက်နိုင်အောင် များပြားနေသကဲ့သို့ အခြားတစ်ဘက်တွင် သေစာ၊ ရှင်စာပင် မတတ်သူများ ဒုနဲ့ဒေးပင် ရှိပါသည်။ အချို့မှာမူ လက်ညှိုးညွှန်ရာ ရေဖြစ်နေသူများရှိပြီးအချို့မှာမူ မိမိသောက်ရေအိုးကိုပင် ဖြည့်တင်းနိုင်စွမ်းမရှိသူများလည်း ရှိနေသည်။ လူသားအချင်းချင်း ဘဝအကျိုးပေးကြောင့် အဆင့်အတန်းကွာခြားမှု၊ စွမ်းရည်ကွာခြားမှုများရှိလေရာ ပစ္စည်းရှိသူများက ပစ္စည်းမဲ့သူအပေါ်တွင်လည်းကောင်း၊ လက်ညှိုးညွှန်ရာရေဖြစ်သူက ဘာတစ်ခုမျှမရှိသူအပေါ် ကိုယ်ချင်းစာတရားမထားနိုင်ဘဲ အနိုင်ထက်ပြုမည်ဆိုပါကဤလောကသည်များစွာ အကျည်းတန်နေမည်ဖြစ်သည်။ ထို့ကြောင့်လောကကြီးတစ်ခုလုံး ငြိမ်းချမ်းပြီး သာယာဖို့ဆိုလျှင် လူတိုင်းကိုယ်ချင်းစာတရား လက်ကိုင်ထားကြရန် လိုအပ်သည်။ ကိုယ်ချင်းစာတရားဆိုသည်မှာ လူတစ်ယောက်သည် အခြားသူတစ်ယောက်အပေါ် ပြုမူပြောဆို ဆက်ဆံရာတွင် မိမိမပြုလိုသောအရာများအား အခြားလူတစ်ယောက်အပေါ်မပြုမိစေရန် စောင့်ထိန်းဖို့ရန်လိုအပ်သည်။ ထိုသို့ပြုလုပ်ခြင်းသည် ကိုယ်ချင်းစာတရားအား ကျင့်သုံးရာရောက်ပေသည်။ လူသားတိုင်း ကိုယ်ချင်းစာတရား လက်ကိုင်ထားကြမည်ဆိုပါက ဤလောကကြီးသည် မုချပင်သာယာလှပလာမည်ဖြစ်သည်။ သခင်ယေရှုကိုယ်တိုင် မိန့်ကြားသည်က“သင်တို့သည် ကိုယ်၌ သူတစ်ပါး ပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ ပြုကြလော့။ ဤပညတ်ကား ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းတို့၏ အချုပ်အခြာပင် ဖြစ်သတည်း” (မ ၇း၁၂)။

ကမ္ဘာလူသားချင်းစာနာမှုနေ့

(၁၉ ဩဂုတ်လ ၂၀၁၀)နေ့ကို လူသားချင်းစာနာမှုနေ့အဖြစ်သတ်မှတ်ရန် ၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာတွင် ကျင်းပသည့် ကမ္ဘာကုလသမဂ္ဂအထွေထွေ ညီလာခံတွင် အတည်ပြုပြဌာန်းခဲ့သည်။ လူသားချင်းစာနာမှုနေ့ကို သတ်မှတ်ရခြင်း ရည်ရွယ်ချက်မှာ အောက်ပါအတိုင်းဖြစ်သည်။

(၁) ကမ္ဘာတစ်လွှား၌ လူသားချင်းစာနာမှု အထောက်အကူပြုလုပ်ငန်းများ လိုအပ်လျက်ရှိနေသည်ကို လူအများ အာရုံပြုမိစေရန်။

(၂) အဆိုပါ လုပ်ငန်းများတို့၏ သဘောသဘာဝကို ပြည့်ပြည့်ဝဝ နားလည်သိရှိလာကြစေရန်။

(၃) လူသားချင်းစာနာမှုလုပ်ငန်းများ ဆောင်ရွက်ရင်းမှ အသက်ဆုံးရှုံးခဲ့ရသူတို့အား အမှတ်ရကြစေရန်။

သဘာဝဘေးကျရောက်သည့် နေရာများနှင့်သွားလာရခက်ခဲသည့် စစ်ပွဲ၊ လူလုပ်ဆောင်သည့်ဘေးများ ကျရောက်ရာနေရာများသည်ကယ်ဆယ်ရေးသမားတို့အတွက် အနှောင့်အယှက် အဟန့်အတားကြီးမားပါသည်။ အချို့ဒေသများတွင် အချို့ပုဂ္ဂိုလ်များက ကယ်ဆယ်ရေးသမားများအား ရန်သူသဖွယ် သဘောထားကာ လုပ်ကြံသတ်ဖြတ်သည့်အထိပြုလုပ်လာကြသည်။ ထို့ကြောင့်လည်း လူသားချင်းစာနာမှု လုပ်ငန်းများကို ဆောင်ရွက်ရင်း အသက်ဆုံးရှုံးသူတို့ များပြားလာခြင်း ဖြစ်သည်။

ထိုအထဲတွင် အဆိုးဝါးဆုံးမှာ ၂၀၀၃ ခုနှစ်၊ သြဂုတ်လ (၁၉)ရက်နေ့ကအီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့၊ ကင်နယ်ဟိုတယ်၌ ဗုံးပေါက်ကွဲမှုကြောင့် ကမ္ဘာကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် ဆာဂျီယိုဒမဲလိုး (Sergio vieira de bello) အပါအဝင် ပုဂ္ဂိုလ် (၂၂)ဦးတို့ထိခိုက်သေဆုံးခဲ့ရသည်။ ထို့ကြောင့် ထိုနေ့ရက်က ဆုံးရှုံးခဲ့သူများ၊ ထိုနေ့မတိုင်ခင်ကနှင့် ထိုနေ့နောက်ပိုင်း ယနေ့အချိန်အထိ ကမ္ဘာအရပ်ရပ်ရှိဘေးဒုက္ခ ကျရောက်ရာ နေရာများတွင် လူသားချင်းစာနာမှု လုပ်ငန်းများဆောင်ရွက်ရင်းမှအသက်ပေးသွားကြသူများကို ဂုဏ်ပြုသောအားဖြင့်လည်းကောင်း၊ ၄င်းတို့၏ လုပ်ငန်းများအရေးပါမှု မရှိမဖြစ် လိုအပ်မှုတို့ကိုအများက အသိအမှတ်ပြုကြရန်နှင့် ကမ္ဘာအရပ်ရပ် ဘေးဒုက္ခကျရောက်နေသူတို့အတွက် စာနာထောက်ထားစိတ်များ ပေါ်ပေါက်လာစေခြင်းအလို့ငှါ ကမ္ဘာ့လူသားချင်းစာနာမှုနေ့ဟူသည်ကို ဖော်ဆောင်ကျင်းပခြင်းပင် ဖြစ်ပါသည်။

ထိုကရုဏာတရား(သို့) ကိုယ်ချင်းစာတရားသည် ကမ္ဘာပေါ်တွင်ကောင်းသောဘက်သို့ ပြောင်းလဲရန် အစဉ် တွန်းပို့ မောင်းနှင်လျက်ရှိသည်။ ငွေဝယ်ကျွန်စနစ် ဖျက်သိမ်းခြင်း၊ ကလေးသူငယ်များအား အလုပ်ခိုင်းစေမှု၊ လူကုန်ကူးမှုပိတ်ပင်ထားမြစ်ခြင်းတို့သည် ကရုဏာတရားကြောင့် စခဲ့သည့် ကောင်းကျိုးပြုလုပ်ငန်းများ ဖြစ်သည်။ ထိုစိတ်ဓါတ်တရားကြောင့် ဟင်နရီဒူးနန့်၊ ဖလောရင့်နှိုက်တင်ဂေး၊ မာသာထရီဇာကဲ့သို့သော စေတနာရှင်နှင့်သူတော်စင် အမြောက်အများတို့ကို ပေါ်ပေါက်လာစေပါသည်။ ကရုဏာတရားသည် သူတစ်ပါးအတွက်သာမက၊ကရုဏာထားသူ ကာယာကံရှင်ကိုယ်တိုင်၌လည်း လက်ငင်းအကျိုးတရားခံစားရစေသောတရားဖြစ်သည်။ လူတိုင်း၏ အသက်တာတွင် ကရုဏာတရား (သို့) ကိုယ်ချင်းစာတရားမှာ ရှိနေသောအရာပင်ဖြစ်သည်။ ထိုအရာသည် မိမိ၏စိတ်နှလုံးသားထဲ၌သာမက အခြားသူများဆီသို့ ရောက်ရှိရန် လုပ်ဆောင်ပေးရန်သာ လိုအပ်သည်။ အခြားသူများ ဒုက္ခရောက်သောအခါ သနားကြင်နာမှု စိတ်ထဲ၌ဖြစ်ပေါ်မိသော်လည်း အကြောင်းအမျိုးမျိုးကြောင့် လက်တွေ့ဘဝတွင် မကူညီဖြစ်ခဲ့ကြပါ။ မကူညီဖြစ်ခဲ့ရခြင်း အကြောင်းမှာ (မိမိ၏မိသားစု၊ ဆွေမျိုးသားချင်း၊ မိမိနှင့်စပ်ဆိုင်သောသူများ) မဟုတ်ခဲ့သောကြောင့်ပင်ဖြစ်သည်။ လူတစ်ယောက်ဒုက္ခရောက်လျှင် ထိုအရာများကိုမကြည့်ဘဲ လူကိုလူကဲ့သို့မြင်ပြီး လူပီသစွာကူညီရန်သာ အရေးကြီးပေသည်။ ကျမ်းစာတွင် အကောင်းဆုံးကူညီခဲ့သော အဖြစ်အပျက်မှာ (လု ၁၀း၃-၃၇) တွေ့ရှိရသည်။ ကောင်းသောရှမာရိ ဥပမာတွင် လေဝိနှင့် ယဇ်ပုရောဟိတ်တို့သည် လူနာကိုတွေ့သောအခါ သနားသော စိတ်ဖြစ်ပေါ်မိသော်လည်း အကြောင်းအမျိုးမျိုးကြောင့်မကူညီခဲ့ခြင်းသာဖြစ်သည်။ လူအများစုသည် ထိုကဲ့သို့ပင် ဖြစ်တတ်ကြသည်။ လူနာကို ကူညီခဲ့သော ရှမာရိ၏စိတ်ဓါတ်မှာ လူနာကိုတွေ့သောအခါ ကရုဏာစိတ်ရှိသည်ဟု ဖော်ပြခဲ့သည်။ ရှာမရိ၏ ကရုဏာစိတ်ဓါတ်ကို အောက်ပါအတိုင်း တွေ့ရှိရသည်။

၁။ ရှမာရိသည် ကိုယ်ချင်းစာစိတ် ရှိခဲ့သူဖြစ်သည်။

ရှမာရိလူသည် လူနာကိုတွေ့သောအခါ ကူညီခဲ့ရသည့် အဓိကအကြောင်းမှာ ကိုယ်ချင်းစာစိတ်ကြောင့် ဖြစ်သည်။ အကြောင်းမှာ ထိုလမ်းမပေါ်တွင် သူကိုယ်တိုင်ဓါးပြတိုက်ခံရသော အတွေ့အကြုံရှိခဲ့ဖူးသူဖြစ်သောကြောင့် ချက်ချင်းကူညီခဲ့ခြင်းဖြစ်သည်။ လူတစ်ယောက် ဒုက္ခမရောက်ဖူးပါက ဒုက္ခရောက်သောသူကိုတွေ့သောအခါ ကူညီလိုသောစိတ်ဖြစ်ပေါ်လာခြင်းမရှိပါ။ လေဝိနှင့် ယဇ်ပုရောဟိတ်သည် ဓားပြတိုက်ခံရသော အတွေ့အကြုံမရှိခဲ့ခြင်းကြောင့် လွှဲရှောင်သွားခြင်းပင်ဖြစ်သည်။ရှမာရိလူသည် ဒဏ်ရာဖြင့် လဲနေသောလူကိုတွေ့သောအခါ မိမိကိုယ်တိုင်ဒဏ်ရာဖြင့် လဲနေသကဲ့သို့ ကိုယ်ချင်းစာမိပါသည်။ ငါ့ကိစ္စမဟုတ်၊ ငါနဲ့မဆိုင် သွားပတ်သက်မိရင် ငါပါပြဿနာ တက်လိမ့်မယ်ဟု ခံယူမိလျှင်လေဝိ၊ ယဇ်ပုရောဟိတ်တို့ကဲ့သို့ လဲနေသောသူအနီးသို့မသွားဘဲ ရှောင်သွားလိမ့်မည်။ ထိုကိစ္စ ငါနှင့်ဆိုင်သည်ဟု ခံစားရသဖြင့် ပြသနာအန္တရယ်များကို မတွေးတော့ဘဲ ကူညီရန်လူနာအနီးသို့ ချဉ်းကပ်ခဲ့ခြင်းပင် ဖြစ်သည်။ လူတိုင်း ရှမာရိကဲ့သို့ကိုယ်ချင်းစာစိတ်ဓါတ်ကို လက်တွေ့ဘဝတွင်အကောင်အထည်ဖေါ်သွားရန်အတွက် လူသားတိုင်း တာဝန်ရှိပေသည်။အကြောင်းမူကား လူတိုင်း တစ်နေ့မဟုတ်တစ်နေ့ ဒုက္ခရောက်နိုင်သောကြောင့် ဒုက္ခရောက်သော သူကို ကူညီလျှင် မိမိဒုက္ခရောက်သောအခါကူညီသော တုံ့ပြန်မှုကို အမြဲခံစားရမည်သာ ဖြစ်သည်။

၂။ ရှမာရိလူသည် သတ္တိ ရှိသောသူဖြစ်သည်။

ဒဏ်ရာဖြင့် လဲနေသောသူကိုမြင်လျှင် ဘေးမှ ကွေ့ရှောင်သွားသောသူ အားလုံးသည် (လေဝိ၊ ယဇ်ပုရောဟိတ်) သနားကြင်နာစိတ်ကင်းမဲ့နေသူများ မဟုတ်ကြချေ။ လူနာကိုမြင်သောအခါ သနားကြင်နာ စိတ်နှလုံးသားက ဖြစ်ပေါ်လာကြမည်ဖြစ်သည်။ သို့ရာတွင် လက်တွေ့ မကူညီဖြစ်ခဲ့ရခြင်း အကြောင်းများစွာထဲမှတစ်ခုမှာ ထိုကိစ္စသည်အမှု အခင်းဖြစ်နိုင်သောကြောင့် သက်ဆိုင်ရာတာဝန်ရှိသောသူများ၏ စစ်ဆေးမေးမြန်းခြင်းကို မခံချင်သဖြင့် လွှဲရှောင်သွားခြင်းပင်ဖြစ်သည်။ အမှန်တရားတစ်ခုပေါ်ထွက်ရန် ကူညီသောသူသည်သတ္တိရှိသောသူဖြစ်ရမည်။ မကူညီကြသောသူများသည် ဘာမှန်းမသိသော ကိစ္စတစ်ခုတွင် ပါဝင်ပတ်သက်ရမည်ကို ကြောက်ကြသည်။ ထိုကြောင့် စိုးရိမ်ပူပန်မှုများက တားဆီးထားသဖြင့် သူတို့ စိတ်ထဲ၌ ဖြစ်ပေါ်လာသော သနားခြင်းသည်တူညီသောအဆင့်သို့မရောက်ဘဲ ပျက်ပြယ်သွားခဲ့ခြင်းဖြစ်သည်။

၃။ ရှမာရိလူ၏ ကူညီတတ်သော အလေ့အကျင့်သည် နဂိုကတည်းရှိထားပြီးသားဖြစ်သည်။

လမ်းဘေး၌ ဒဏ်ရာနှင့် လဲနေသူတစ်ယောက်အားမဆိုင်းမတွကူညီသူ ရှမာရိသည် ထိုလူနာကိုတွေ့သောအခါမှ ရုတ်တရက် ကူညီခဲ့ခြင်းမျိုး မဟုတ်ပါ။ ထိုလူနာနှင့်မတွေ့မီ အချိန်ကတည်းက သူ့ဘဝတွင်ကူညီသောအလေ့အကျင့် နဂိုကတည်းက ရှိထားပြီးသူဖြစ်သည်။ ထိုအလေ့အကျင့်ကို သူ၏မိဘမိသားစုများမှတစ်ဆင့် ရရှိခဲ့သောသူ ဖြစ်သည်။ ရောက်လေရာနေရာ၌ လူတကာကို ကူညီသောသူဖြစ်သည်။ကျွန်ုပ်တို့ ပတ်ဝန်းကျင်တွင် တစ်ဦးတစ်ယောက် ကခိုင်းစေခြင်းမျိုးမဟုတ်ဘဲ မိမိအသိစိတ်ဓါတ်ဖြင့် လမ်းပေါ်မှကျောက်တုံးကိုဘေးသို့ ဖယ်ရှားပေးခဲ့သူများ၊ သက်ကြီးရွယ်အိုကိုတွေ့လျှင် ဖေးမကူညီသူများသည်ရှမာရိ၏စိတ်ဓါတ်ပင်ဖြစ်သည်။ ရှမာရိလူသည် အသေးအဖွဲများကိုပင်ကူညီလေ့ရှိသူဖြစ်သောကြောင့် လူနာကိုတွေ့သောအခါ ချက်ချင်းကူညီခဲ့ခြင်းပင် ဖြစ်ပါသည်။

၄။ ရှမာရိလူသည် ကိုယ်ကျိုးစွန့် အနစ်နာခံတတ်သောသူဖြစ်သည်။

ကောင်းသော ရှမာရိသည် ထိုလူနာကိုမြင်သောအခါ ကရုဏာစိတ်ရှိသဖြင့် လူနာအား မိမိ၌ပါလာသောဆီ၊ စပျစ်ရည်ဖြင့် သွေးတိတ်အောင်ကုသပြီး ဇရပ်တစ်ခုသို့ဆောင်သွားကာဇရပ်ရှင်အား ထိုလူနာကိုကြည့်ရှုရန် အပ်နှံခဲ့သည်။ သူပြန်လာလျှင် ကုန်ကျစရိတ်ကိုပေးမည်ဟုကတိပြုခဲ့သည်။ သူတစ်ပါးကို ကူညီသောသူအားလုံးမှာ မိမိကိုယ်တိုင်အနစ်နာခံ၊ ပေးဆပ်သောသူများဖြစ်သည်။ လူအများစုက မိမိရှေ့၌ ဒုက္ခရောက်နေသောသူများကိုတွေ့ ရှိကြသော်လည်း မကူညီဖြစ်သောအကြောင်းရင်းမှာ ပေးဆပ်၊ အနစ်နာခံလိုသောစိတ်ဓါတ်များ ခေါင်းပါးနေသောကြောင့်ပင်ဖြစ်သည်။

၅။ ရှမာရိလူသည် လူပီသစွာ ကူညီခဲ့ခြင်းဖြစ်သည်။

ကျမ်းရေးသူ ရှင်လုကာသည် ထိုလူနာ၏ နာမည်နှင့်လူမျိုးကိုဖော်ပြထားခြင်း မရှိပါ။ အကယ်၍ လူနာသည် ရှမာရိလူမျိုးဖြစ်လျှင်မိမိလူမျိုးကိုချစ်သောစိတ်ကြောင့် ရှမာရိလူသည် ကူညီခဲ့ခြင်းပင်ဖြစ်သည်။ ထိုလူနာသည် ယုဒလူမျိုးလည်း မဟုတ်သကဲ့သို့ ရှမာရိလူမျိုးလည်းမဟုတ်ပါ။ လူတစ်ယောက်ဒုက္ခရောက်နေသည်ဟုသာမြင်ပြီး ကူညီရန်အတွက် အဓိကထားဖော်ပြခြင်းဖြစ်သည်။ လူအများစုက ကူညီသည့်အခါ(မိမိ လူမျိုး၊ ဘာသာ၊ နိုင်ငံသား) စသည့်ဖြင့် ကြည့်တတ်သည့်အစွဲများရှိသောကြောင့် မကူညီဖြစ်ခြင်းပင် ဖြစ်ကြသည်။ လူကို လူကဲ့သို့မြင်ပြီးရှမာရိစိတ်ဓာတ်ကဲ့သို့ ကူညီရန် စာရေးသူက အသိပေးပါသည်။ထို့ကြောင့် ဒုက္ခရောက်သူအပေါ် ကိုယ်ချင်းစာတတ်သော စိတ်ဓါတ်၊ လုပ်စရာရှိသည်ကို ရဲဝံ့စွာ လုပ်ဆောင်တတ်သောသတ္တိ၊ ကူညီတတ်သော အလေ့အထတို့သည် ကောင်းသော ရှမာရိစိတ်ဓါတ်ပင်ဖြစ်သည်။ထိုစိတ်ဓါတ်သည် အလွန်ထူးချွန်သောသူ၌သာရှိသော ရှားပါးသောအရာများ မဟုတ်ပါ။ လူတိုင်း၌ ထိုအရည်အချင်း အနည်းနှင့် အများရှိနေကြသည်။ ထိုရှိထားသော အရာများကိုတိုးပွားအောင် ကျင့်ကြံလုပ်ဆောင်လျှင် လူတိုင်းမှာရှမာရိကဲ့သို့ ကရုဏာရှင်များ ဖြစ်လာနိုင်သည်။ ထိုကရုဏာရှင်များနေထိုင်သော ပတ်ဝန်းကျင်သည် ငြိမ်းချမ်းသာယာသောလူ့ဘောင်အဖွဲ့ စည်းကို ခံစားရမည်ဖြစ်သည်။ ထို့ကြောင့် ကရုဏာလွှမ်းမိုးသော ပတ်ဝန်းကျင်ဖြစ်ပေါ်လာရန်အတွက် မိမိကစတင်၍ ကရုဏာစိတ်မွေးမြူဖြန့်ချိပါ။ ကူညီတတ်သော အလေ့အထကို ပြုစုပျိုးထောင်ပါ။ကရုဏာစိတ်သည် သင့်အား ကိုယ်စိတ်နှစ်ဖြာရွှင်လန်းကျန်းမာခြင်းတို့ကိုဖြစ်စေပါလိမ့်မည်။ ထို့အပြင် လူအများအား ကရုဏာထားကူညီလျှင်လူအများ၏ ကရုဏာနှင့်ကူညီမှုကို သင်ပြန်လည်ခံစားရလိမ့်မည်။ ကရုဏာစိတ်သည် ပျံ့နှံ့ပွားများတတ်သော သဘောရှိ၍ ထိုရှမာရိစိတ်ဓါတ်ကိုစာဖတ်သူအနေဖြင့် ယခုပင် လုပ်ဆောင်ပါဟု မေတ္တာဖြင့် ဆန္ဒပြုရင်းနိဂုံးချုပ်လိုက်ပါသည်။

အဆင့်မြင့် လူသား (ရှမာရိစိတ်ဓါတ်)

အဆင့်မြင့် လူသား ဆို သည်မှာ

သူဌေးသူကြွယ်တွေလည်း မဟုတ်

အာဏာရှိသူများလည်း မဟုတ်

ကမ္ဘာခေါင်းဆောင်တွေလည်း မဟုတ်

ပညာရှိ များလည်း မဟုတ်

အနုပညာရှင်များလည်း မဟုတ်

စာရေးဆရာ၊ ကဗျာဆရာများလည်း မဟုတ်

အဆင့်မြင့်လူသား ဆိုသည်မှာ

စိတ်ထားလှပကြသူများသာတဲ့ ။

မှီငြမ်းစာ အုပ်

၁။ ဆရာဖေမြင့် (မူမှန်စိတ်၊ မူမှန်အတွေး၊ မူမှန်အကျင့်အကြံ (၁)

၂။ ဆရာမောင်ဒီ (အဆင့်မြင့် လူသား) ၂၀၁၀ ခုနှစ်၊ ဒီဇင်ဘာလ၊ ဗြူတီမဂ္ဂဇင်း)

၃။ ဆရာယုဒသန် (မြန်မာကျမ်းစာ အုပ်)

၄။ အတွေးအမြင်ခေါင်းစီး (ကိုယ်ချင်းစာတရား)

ဥပုသ်စာကျောင်းနေ့

ဥပုသ်စာဖြေကျောင်းကို အသင်းတော်တိုင်းလိုလိုတွင်ပင်ကလေးသူငယ်များအား ဓမ္မပညာပို့ချသည့်အစီအစဉ် တစ်ရပ်အနေဖြင့်ပြုလုပ်လျက်ရှိသည်။ ဥပုသ်စာဖြေကျောင်းဟုခေါ်သော်လည်း၊ ကလေးလူကြီးများက တနင်္ဂနွေနေ့ကျောင်း (Sunday School)ဟူ၍ပင်၊ ခေါ်ဝေါ်လျက်ရှိသည်။

တနင်္ဂနွေနေ့ကျောင်းကိုအစပြုခဲ့သူမှာ အင်္ဂလန်ပြည်၊ ဂလောက်ဇက်စတာမြို့ (Gloucester) မှထုတ်ဝေသူ ရောဘတ်ရိတ်ခ်စ် (Robert Raikes) ဆိုသူဖြစ်သည်။ သူသည် ပျော်ပျော်နေတတ်ပြီး၊ အလုပ်ကိုသေသေချာ မှန်မှန်ကန်ကန်နှင့် စနစ်တကျပြုလုပ်တတ်သည်။ ရည်ရွယ်ချက်လည်း စွဲစွဲမြဲမြဲထားရှိသည်။ နှစ်ပေါင်းများစွာ ၄င်း၏ပုံနှိပ်စက်တစ်ခုသာ တည်ရှိ၍ ပုံနှိပ်စက်ပိုင်ရှင်အဖြစ် စာပေဝါသနာရှိသောလူများနှင့်ထိတွေ့သိရှိခွင့်ရခဲ့သည်။ သတင်းစာဆရာတစ်ဦး အဖြစ်နှင့်လည်း မိမိ၏ကောင်းမြတ်သောသဘောတရားနှင့် ခရစ်ယာန်စိတ်ထားတို့ကို လူတို့အားသိရှိစေခဲ့သည်။

ရှေးဦးစွာ သူသည် အကျဉ်းထောင်ကို အာရုံစိုက်မိသည်။အကျဉ်းသားများသည် အကြောင်းအမျိုးမျိုးကြောင့် အပြစ်လုပ်ရခြင်းနှင့်၊မသိနားမလည်ခြင်းတို့ကြောင့် အကျဉ်းကျခံရသဖြင့်၊ ထိုသူတို့အား အကျင့်တရားကောင်းမွန်စေရန် သွန်သင်လမ်းပြပေးနိုင်လျှင်၊ ထိုသူတို့၏ အသက်တာကို ပြုပြင်နိုင်လိမ့်မည်ဟု ယုံကြည်ခဲ့သည်။ သို့သော် သူ၏ကြိုးစားမှုမှာအောင်မြင်မှုမရှိခဲ့ချေ။

၁၇၈၀ ခုနှစ်ရောက်သောအခါ၊ ဤပြဿနာကို ကလေးအရွယ်မှစတင်၍ ဖြေရှင်းမည်ဟု ဆုံးဖြတ်သည်။ သူ့ပတ်ဝန်းကျင်ရှိ ညစ်ပေဆင်းရဲမနွမ်းပါးသောကလေးများသည် တနင်္ဂနွေနေ့တွင် လမ်းမပေါ်မှာ ကစားနေခြင်း၊ သောက်စားမူးယစ်နေခြင်း၊ ညစ်ညမ်းသော သီချင်းများသီဆိုခြင်းစသည်တို့ကို တွေ့ရသည်။ ဂလောက်ဇက်စတာမြို့သည် စက္ကူတွယ်သောပင်အပ်ကလေးများပြုလုပ်သောစက်ရုံ (Pin Factory)ရှိရာအရပ်ဖြစ်ပြီး၊၄င်းစက်ရုံတွင် ကလေးအလုပ်သမားများကို ငှါးရမ်းထားကြသည်။ ရက်သတ္တပတ်လုံးအလုပ်လုပ်သောကလေးများသည် တနင်္ဂနွေနေ့၌ အမျိုးမျိုးအဖုံဖုံ လေလွင့်နေကြသည်။

ပထမဦးစွာယောက်ျားလေးများကို စုဆောင်းပြီး၊ ဆင်းရဲသောအမျိုးသမီးတစ်ဦးကို တစ်နေ့လျှင် တစ်သျှီလင်နှုန်းဖြင့်၊ နေ့စား၍ကလေးများကို သင်ကြားစေခဲ့သည်။ ပထမတွင် ပတ်ဝန်းကျင်၏ လှောင်ပြောင်ခြင်းကိုခံရသည်။ သုံးနှစ် စမ်းသပ်မှုပြုလုပ်ပြီးနောက် ကျေနပ်မှုရလာသည့်အခါတွင် သတင်းစာမှနေ၍လည်းကောင်း၊ အခြားနည်းလမ်းများဖြင့်လည်းကောင်း၊ ကလေးများအကြောင်းကို ကြေငြာခဲ့ရာ ဝက်စလီညီအစ်ကိုများနှင့်ဗိုက်တ်ဖီး (Wesley Brothers and Whitefield) တို့၏အားပေးမှုကို ရရှိခဲ့သည်။ ၁၇၈၃ ခုနှစ်၊ နိုဝင်ဘာလ(၃)ရက်တွင် တနင်္ဂနွေနေ့ကျောင်းကို လုပ်ငန်းတစ်ခုအဖြစ် အသိအမှတ်ပြုလျက် အစပြုခဲ့ကြသည်။ ၁၇၈၅ ခုနှစ်တွင် ချမ်းသာကြွယ်ဝသော နှစ်ခြင်းအသင်းတော်ဝင်သာမန်အသင်းသားဖြစ်သည့် ဝေလီယံဖောက်စ် (William Fox)နှင့်ရောဘတ်ရိတ်ခ်တို့ ပူးပေါင်းပြီး တနင်္ဂနွေနေ့ကျောင်းများ အသင်းကိုစည်းရုံး ဖွဲ့စည်းခဲ့ကြသည်။ ထို့ကြောင့် ဂလောက်ဇက်စတာမြို့၌ တနင်္ဂနွေနေ့ ကျောင်းငါးကျောင်း ပေါ်ပေါက်လာပြီး၊ ကျောင်းနှင့် ပတ်သက်သောစည်းမျဉ်းဥပဒေစာအုပ်များ ထုတ်ဝေရေးတို့ကို ရေးဆွဲခဲ့ကြသည်။ လေးနှစ်ကြာသောအခါ အင်္ဂလန်နိုင်ငံ၌ တနင်္ဂနွေနေ့ကျောင်းသို့ လာရောက်သော ကလေးဦးရေနှစ်သိန်းခွဲ (၂၅ဝ,ဝဝဝ) အထိတိုးတက်လာပြီး၊ ကလေးများ၏ စာရိတ္တမှာလည်း၊ အထူးကောင်းမွန်တိုးတက်လာကာ ရာဇဝတ်မှုကျူးလွန်ခြင်းများ သိသိသာသာလျော့နည်းသွားခဲ့သည်။ ထို့နောက်အသင်းတော်ရှိ အသင်းအုပ်ဆရာများထံသို့ စာရေးအကြောင်းကြားကာကလေးများ၏ဝိညာဉ်ရေးနှင့် ဘုရားသခင်၏သမ္မာတရားအကြောင်းကိုသိရှိနားလည်ရန်၊ ယဉ်ကျေးသိမ်မွေ့မှုရှိစေရန်၊ စာပေဝါသနာလေ့လာတတ်ရန် တိုက်တွန်းခဲ့သည်။ ထို့ကြောင့် လန်ဒန်မြို့၌လည်းကောင်း၊ အမေရိကန်ပြည်ထောင်စု၌လည်းကောင်း၊ ဗာဂျီးနီးယား၌ လည်းကောင်း၊တနင်္ဂနွေကျောင်းများကို စတင်ဖွဲ့စည်းတည်ထောင်လာခဲ့သည်။ ရောဘတ်ရိတ်ခ်သည် ၁၈၁၁ ခုနှစ်တွင် ဒူလာရောဂါဖြင့် နာရီဝက်ခန့်ဖျားပြီးနောက် သေဆုံးခဲ့သည်။ ၄င်း၏ရုပ်ကလာပ်ကို သူ၏တပည့်များက တနင်္ဂနွေနေ့ကျောင်း၏ သီချင်းများဖြင့် သီဆိုကာ သုဿန်သို့ ပို့ဆောင်ခဲ့သည်။တနင်္ဂနွေနေ့ကျောင်းသည် ကလေးများအတွက် သင်ကြားပို့ချမှုပြုရန်အတွက် အရေးပါသောဌာနဖြစ်လာပြီး၊ ၁၈၂၁ ခုနှစ် စစ်ပြီးချိန်မှအစပြုကာ အစီအစဉ်များတိုးချဲ့ပြုလုပ်ခဲ့သည်။ မြို့နယ်အလိုက် အဖွဲ့အမျိုးမျိုး ဖွဲ့စည်းကြပြီး၊ တနင်္ဂနွေနေ့ကျောင်းများကို တိုးမြှင့်လာခဲ့သည်။၁၈၂၄ ခုနှစ်တွင် အမေရိကန်တနင်္ဂနွေကျောင်းအသင်းချုပ် (American Sunday School Union) ကို ဖွဲ့စည်းခဲ့သည်။ ဂိုဏ်းဂဏ အသီးသီး၌အပြိုင်အဆိုင်ကျောင်းများ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။ သို့သော် သင်ကြားမှု ရည်ရွယ်ချက်များမှာမူ ကွဲပြားခြားနားမှုရှိကြသည်။ အချို့မှာလောကီပညာရပ်များကို ဦးစားပေး၍ သင်ကြားလာခဲ့သည်။မြန်မာနိုင်ငံတွင် တနင်္ဂနွေနေ့ကျောင်းကိုအစပြုခဲ့သူမှာ ဆရာကြီးယုဒဿန်၏ဇနီး မမအဲန်းဖြစ်ကြောင်း သိရှိရသည်။ “ဥပုသ်စာဖြေဟုခေါ်ဝေါ်ခြင်းမှာ တနင်္ဂနွေနေ့သည် ခရစ်ယာန်များ၏ဥပုသ်နေ့ဖြစ်ပြီး၊ထိုနေ့၌ ဓမ္မ အမေးအဖြေများ ဆွေးနွေးရာမှအစ ဥပုသ်စာဖြေဟု မှည့်ခေါ်လိုက်ခြင်း ဖြစ်ဟန်တူသည်။ ထို့နောက် မြန်မာနိုင်ငံသို့ရောက်ရှိလာသော သာသနာပြုဆရာများတို့သည် တစ်ဆက်ပြီးတစ်ဆက် ဥပုသ်စာဖြေကျောင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။ တနင်္ဂနွေနေ့တွင် ကလေးသူငယ်များအား စုရုံးပြီး၊ ကျမ်းစာသင်ပေးခြင်း၊ သီချင်းသင်ခြင်းနှင့် ပုံပြောခြင်းတို့ကို ပြုလုပ်ကြသည်။ အဓိက ရည်ရွယ်ချက်မှာ ကလေးသူငယ်များ၏ ဘာသာရေးအသိပညာတိုးတက်ဖွံ့ဖြိုးရန်နှင့် သမ္မာကျမ်းစာတတ်မြောက်ရန် ဖြစ်သည်။ ဤသို့သာသနာပြုဆရာ၊ ဆရာမများမှ အစပြုခဲ့သော ဥပုသ်စာဖြေကျောင်းလုပ်ငန်းကို ခရစ်ယာန်သာသနာကျောင်းများတွင် အလုပ်လုပ်လျက်ရှိသော ဆရာ၊ ဆရာမများသို့ တာဝန် လွှဲပြောင်း၍သင်ကြားစေခဲ့သည်။ ၁၉၆၅ခုနှစ်တွင် မြန်မာနိုင်ငံရှိ ကိုယ်ပိုင်စာသင်ကျောင်းများအားလုံးကို ပြည်သူပိုင် ပြုလုပ်လိုက်ပြီးသော အချိန်မှစ၍ဥပုသ်စာဖြေကျောင်းလုပ်ငန်းသည် အသင်းတော်၏ တာဝန်လုံးလုံး ဖြစ်လာခဲ့ရသည်။

ထိုအချိန်မှအစပြု၍ ဥပုသ်စာဖြေကျောင်းကို အသင်းတော်တိုင်၊တွင် သင်ကြားသလို ကလေးမှအစလူကြီးအထိ အသက်အရွယ် လိုက်၍ခွဲခြားသင်ကြားပေးသည့်အတွက် ကျယ်ပြန့်သော လုပ်ငန်းဖြစ်လာသည်သာမက၊ အသင်းတော်၏ အဓိကလုပ်ငန်းလည်းဖြစ်လာကြောင်း တွေ့ရှိခဲ့ရသည်။ ယခုအခါ နှစ်စဉ် စက်တင်ဘာလ၏ နောက်ဆုံးပတ် တနင်္ဂနွေနေ့ကို ဥပုသ်စာဖြေကျောင်းနေ့ (သို့) အသင်းတော်ကျောင်းနေ့ဟု သတ်မှတ်ကျင်းပလျက်ရှိပါသည်။

ခရစ်ယာန်ဓမ္မပညာ

အခြေပြုကျမ်း

ယေရှုသည် မြင်တော်မူလျှင် အမျက်တော်ထွက်၍ ထိုသူငယ်တို့ကို ငါ့ထံသို့လာပါလေစေ။ မဆီးတားကြနှင့်၊ ဘုရားသခင်၏ နိုင်ငံတော်သည် ထိုသို့သောသူတို့၏နိုင်ငံဖြစ်၏။ (မာကု ၁၀း၁၄)။

ဓမ္မပညာလုပ်ငန်းသည် အသင်းတော်တွင် အရေးကြီး၍ ဦးစားဆောင်ရွက်သင့်သောလုပ်ငန်းဖြစ်သည်။ အသင်းတော်ရေရှည်တိုးတက်ဖွံ့ဖြိုးဖို့ရန်အတွက် ဓမ္မပညာကျောင်းသည် အဓိကကျလှသည်။

ဓမ္မပညာကျောင်းအောင်မြင်ဖို့ရန်အတွက် အဓိကကျသောသူများမှာ

  1. အသင်းတော်၏ပံ့ပိုးကူညီအားပေးမှု

II, ဦးဆောင်သောဆရာ၊ ဆရာမများ၏ အရေးကြီးသောအခန်းကဏ္ဍ

III. စာသင်သားများနှင့်

  1. မိဘများ ပင်ဖြစ်သည်။
  2. အသင်းတော်၏ပံ့ပိုးကူညီအားပေးမှု

ဓမ္မပညာကျောင်းတစ်ကျောင်းအတွက် ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်

(၁) ကျောင်း

လေဝင်လေထွက်နှင့် အလင်းရောင် လုံလောက်လျက် ကောင်းမွန် ကျယ်ဝန်းသော အဆောက်အဦးရှိရမည်။

(၂) ကျောင်းခြံစည်းရိုး

တပည့်များအနှောက်အယှက်ကင်းစွာ၊ လုံခြုံစွာဖြင့် သင်ကြားနိုင်ရေးအတွက် ခိုင်မာလုံခြုံသော ခြံစည်းရိုးရှိရမည်။

(၃) ပရိဘောဂ

ဆရာများအတွက် ကျောင်းသုံးပရိဘောဂ၊ တပည့်များအတွက်ထိုင်ခုံ၊ စားပွဲများလုံလောက်စွာရှိရမည်။

(၄) သောက်ရေ

သန့်ရှင်းလုံလောက်သောရေကောင်းရေသန့်ထားရှိရမည်။

(၅) အားကစားကွင်း

ကလေးများအတွက် စာအလုပ်နှင့်ကစားဖို့ရန်အတွက် နှစ်မျိုးစလုံး ပြုလုပ်ရန် သင့်လျော်သော ကစားကွင်းရှိရမည်။

(၆) ရေအိမ်သာ

ကျန်းမာရေးညီညွတ်သော ယင်လုံရေလောင်းအိမ်သာရှိရမည်။

(၇) သင်ထောက်ကူပစ္စည်း

ဘာသာစုံအတွက်သင်ထောက်ကူပစ္စည်း၊ အရွယ်စုံအတွက် သင်ရိုးညွှန်းတမ်းများ စနစ်တကျရေးဆွဲထားရမည်။

(၈) စာကြည့်တိုက်

ဓမ္မပညာကျောင်းသည် ပညာပေးရာနေရာဖြစ်၍ ပညာရေးကိုအထောက်အပြုသော ဓမ္မပညာကျောင်းစာကြည့်တိုက်ရှိရမည်။ကြည့်တိုက်မှတစ်ဆင့် စာဖတ်တတ်သောအကျင့် အား အမွေပေးနိုင်ရမည်။ စာကြည့်တိုက်ဟူသည်ကား လောက၏ပြူတင်းပေါက်ဟု သဘောပေါက် နားလည်ပြီး စာကြည့်တိုက်ကို မဖြစ်မနေလားရှိရမည်။

(၉) ကျောင်းဥယျာဉ်

သဘာဝလောကကြီးကို မြတ်နိုးတန်ဖိုးထားလာတတ်စေရန်နှင့်ကိုယ်တိုင်လက်တွဲလုပ်ဆောင်တာဝန်ယူတတ်စေရန် အခင်းအကျင်းနေရာဖြစ်သည်။ အထက်ပါအချက်အလက်များဖြင့် အသင်းတော်ကဓမ္မပညာကျောင်းကို အတတ်နိုင်ဆုံး ပံ့ပိုးကူညီသွားရမည်ဖြစ်သည်။

  1. ဦးဆောင်သောဆရာ၊ ဆမများ၏အရေးကြီးသောအခန်းကဏ္ဍ

မိမိကိုယ်တိုင်က ဓမ္မပညာကို အမြဲတမ်းလေ့လာပြီး မှန်ကန်စွာတပည့်များအား သင်ကြားပေးရပါမည်။

၂။ မိမိကိုယ်တိုင်က၊ ကလေးသူငယ်များအား ဓမ္မပညာပေးချင်သော စိတ်ဆန္ဒပြင်းပြသူဖြစ်ရပါမည်။

၃။ သင်ကြားပေးသူသည် မိမိကိုယ်တိုင်အချိန်ပေး၍ သင်ကြားပေးနိုင်ရမည်။

၄။ သင်ကြားပေးမည့်ကလေးသူငယ်တို့၏သဘောသဘာဝ၊ မိသားစု၏အခြေအနေတို့ကို သေချာစွာသိရှိထားသူဖြစ်ရမည်။

၅။ သင်ကြားမည့်သူသည် မိမိသင်မည့် သင်ခန်းစာကို ကြိုတင်ပြင်ဆင်ထားရပါမည်။

၆။ သင်ကြားမှုဆိုင်ရာ အထောက်အကူပစ္စည်းများကို ရှာဖွေစုဆောင်းထားပြီး ၄င်းတို့ကို အသုံးပြု၍ သင်ကြားပေးနိုင်ရမည်။

၇။ ဓမ္မပညာသင်ကြားရာတွင် လိုအပ်သောသုံးစွဲမှု (ငွေကြေးပမာဏ)ကို မိမိအသင်းတော်တွင် တင်ပြတောင်းခံရန်။

၈။ ဓမ္မပညာကို ကလေးသူငယ်များအတွက်သာမက သက်ရွယ်စုံ သင်ကြားပေးနိုင်သော အစီအစဉ်များ ပြုလုပ်ပေးနိုင်ရမည်။ အသင်းတော်အများစု၏ ဓမ္မပညာကျောင်းသည် ကလေးသူငယ်များအတွက်သာအစီအစဉ်ရှိကြသည်၊ သက်ကြီးဓမ္မပညာ လုပ်ငန်းသည် အသင်းတော်တွင်အရေးကြီးဦးစားပေးဆောင်ရွက်သင့်သောလုပ်ငန်းဖြစ်သည်။ သခင်ယေရှုသည် တမန်တော်(၁၂)ပါးကို ရွေးကောက်ပြီးနောက် သွန်သင်ခြင်းကို ဆောင်ရွက်ရန်အတွက် ဦးစွာ ပထမအသက်ကြီးတန်းကို အစပြုခဲ့သည်။ ဓမ္မသစ်ကျမ်းတွင် အသက်ကြီးသူတို့သည် ဘာသာရေးလှုပ်ရှားမှုတွင် ရှေ့တန်းက ပါဝင်ဆောင်ရွက်ခဲ့ကြသည်။ ခရစ်ယာန်ဓမ္မပညာကိုသင်ယူရာတွင် သမ္မာကျမ်းစာကိုသိရှိနားလည်ခြင်းရှိသလို၊ ဘုရားသခင်ကို ထိတွေ့ခံစားတတ်ဖို့ကလည်း ပဓာနကျနေပါသည်။ ဓမ္မပညာသင်ကြားခြင်း၏ ပန်းတိုင်မှာ ဘုရားသခင်ကို သိပြီး ခရစ်တော်ကဲ့သို့ ကြီးပွားရန် ဖြစ်သည်။ သင်ကြားသူဆရာသည်အကြောင်းအရာတို့ကိုတပည့်တော်တို့ကိုပို့ပေးခြင်းနှင့်တပည့်၏အသက်တာကိုပြုပြင်ပေးခြင်းတို့အား ခွဲခြားသိစေရပါမည်။ ခရစ်ယာန်ဓမ္မပညာသင်ကြားခြင်းကား သင်ကြားခြင်း၊ သင်ယူခြင်းတို့ကို သိရှိလာပြီးကြိုးစားအားထုတ်ခြင်း သက်သက်မျှနှင့် မပြီးသေးပါ ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုသင်ကြားခြင်းသည် သဘာဝလွန်အလုပ်ဖြစ်သည်။ ဝိညာဉ်တော်၏စေ့ဆော်မှုသည်လည်း အဓိက ကျလှပါသည်။ ထိုသန့်ရှင်းသော ဝိညာဉ်တော်ကဆရာကို လမ်းပြထိန်းကျောင်းပြုစုပေးခြင်း၊ သမ္မာတရားကို ပွင့်လင်းစေခြင်း၊ တပည့်တို့၏စိတ်နှလုံးကိုဖွင့်ပေးခြင်းနှင့် တုံ့ပြန်ခြင်းတို့ဖြစ်ပေါ်လာအောင် ကူညီစေပေးခြင်းအားဖြင့် ဓမ္မပညာသင်ကြားခြင်း၏ အဓိကအပိုင်းကို အောင်မြင်စေမှာ ဖြစ်ပါ၏။ သင်ကြားခြင်းတွင် အဓိကအားဖြင့် သင်ကြားမည့်အကြောင်းအရာ (သင်ခန်းစာ)၊ ပန်းတိုင်နှင့် ဝိညာဉ်တော်၏ တန်ခိုးတော်များအကြောင်းပင်ဖြစ်ပါသည်။

သင်ယူခြင်းနှင့် သဘာဝတရားများ

၁။ အကြောင်းအရာသတင်းစကားများကိုမှတ်မိလျင် သိစရာများကိုသင်ယူပြီးသားဖြစ်သည်။

၂။ ထိုဗဟုသုတ အသစ်ကို နားလည်အောင်ကြိုးစားပြီးလျှင် ဆက်ဆံမှုပုံစံအသစ်ကို ဖန်တီးယူရမည်။

၃။ကျွမ်းကျင်မှုအသစ်များ (Physical skills + thinking skills)ရယူရမည်။

၄။ စာသင်သား Knowledge + understanding + skills ပြီးနောက် new attitude ရဖို့လိုသည်။

၅။ နောက်ဆုံးအဆင့်က apply (အသုံးချမှု) လုပ်ဆောင်ခြင်းဖြင့် လူတစ်ဦး၏အသက်ရှင်မှုပုံစံကိုအသစ်ပြုပြင်ပေးနိုင်ပါသည်။ သင်ယူခြင်းသည် စာသင်ခန်းဖြင့်သာဘောင်ခတ်ထား၍မရပါ၊ သင်ယူခြင်းဆိုသည်အသက်ရှင်ခြင်း၏ တစ်စိတ်တစ်ဒေသသာဖြစ်ပါသည်။

ဆရာ၊ ဆရာမ တစ်ဦး၌ရှိရမည့် အရည် အချင်းများ

၁. T = truthful (ဖြောင့်မတ်တည်ကြည်ခြင်း)

၂. E = Enthusiastic (စိတ်အားထက်သန်မှု)

၃. A = Able (စွမ်းရည်)

၄. C = Charming (ဆွဲဆောင်နိုင်စွမ်း)

၅. H = Honest (ရိုးသားမှု)

၆. E = Energetic (ခွန်စိုက် အားစိုက်)

၇. R = Responsible (တာဝန်ယူခြင်း)

ဆရာ၊ ဆရာမတို့သည် ကူညီဦးဆောင်သူ၊ ထောက်မအားပေးသူ၊အခွင့်အရေးများကိုဖန်တီးပေးနိုင်သူများသာ ဖြစ်ရမည်။

III. စာသင်သား (ကလေးများ)

ကလေးသည်လူကြီး၏ဖခင်ဖြစ်သည်ဆိုသောစကားပုံမှာ နားထောင်သူအဖို့ တစ်မျိုးဆန်းနေသော်လည်း မှန်ကန်သော စကားရပ်ပင်ဖြစ်သည်။ မိဘဆရာသမားတိုင်း မိမိကလေး၊ မိမိတပည့်ကို တော်စေချင်ကောင်းစေချင်ကြ၏။ သို့သော် ဆန္ဒရှိရုံမျှနှင့် ကလေးသည် လူတော်လူကောင်း ဖြစ်မနိုင်ပေ။ အဓိကမှာမိဘ၏သဘောထား၊ ဆရာသမား၏ပြုစုပျိုးထောင်မှုတို့သည်သာ ကလေးအတွက် လမ်းကြောင်းမှန်ပေါ်သို့ရောက်စေခြင်းပင် ဖြစ်သည်။ မည်သူမဆို လူကြီးအဖြစ်သို့ ရောက်လာရခြင်းသည် ကားကလေးဘဝကို ဖြတ်သန်းပြီးတော့မှ ရောက်ကြရခြင်းဖြစ်သည်။ ကလေးဘဝသည် ပျော့ပျောင်းသော ဖယောင်းဖြစ်ပြီး လူကြီးဘဝ၏ပုံစံသည်ဖယောင်းနှင့်တူသောကလေးဘဝကို မည်ကဲ့သို့သော ပုံစံမျိုး သွင်းပေးလိုက်သည်ဟူသောလုပ်ဆောင်မှု အချက်အပေါ်တွင်သာမူတည်နေပါသည်။ ကလေးဘဝ၏အဓိကလိုအပ်ချက်မှာ အကျဉ်းချုပ်အားဖြင့် အောက်ပါအတိုင်းပင်ဖြစ်သည်။

(၁) ကြင်နာမှု

(၂) ချစ်ခြင်းမေတ္တာ

(၃) ဂရုပြုလမ်းညွှန်မှု

(၄) (ကိုယ်၊ စိတ်၊ ဝိညာဉ်) သုံးပါးစလုံးအတွက် လိုအပ်ချက်များကို ဖြည့်သည်။ပေးမှုတို့ပင်ဖြစ်သည်။ ထိုအချက်အားလုံး တို့အပြင် အဓိကအချက်တစ်ခုမှာ ကလေးဘဝတစ်ခုလုံးအား လုံခြုံမှုပေးနိုင်ခြင်းပင်ဖြစ်သည်။

ကလေးသူငယ်များသဘောကျသောဓမ္မပညာကျောင်း

၁။ ကြင်ကြင်နာနာရှိသည့် ဆရာ

၂။ ကြိုဆိုနှုတ်ဆက်အပြုံးဖက်

၃။ ကလေးအောင်မြင်ဆရာမ – ရွှင်

၄။ စိတ်ဝင်စားရာရွေးက စားပါ

၅။ ချီးကျူးစရာစကားရှာ

၆။ သိမ်ငယ်နေသူဝိုင်းဝန်းကူ

၇။ လက်တွေ့နှင့်ယှဉ်ပြောဆိုသင်

၈။ ကစားခြင်းသည်စာသင်ခြင်း

၉။ နည်းလမ်းမှန်စွာထိန်းကျောင်းပါ

၁၀။ ဓမ္မပညာကျောင်းသည် ကလေးများ၏ ဘဝမှာ ဘုရားသခင်ကိုသိကျွမ်းရုံသာမက လက်တွေ့ဘဝတွင် တွေ့ကြုံရသော အခက်အခဲများအား ဘုရားသခင်နှင့်အတူ ဖြေရှင်းတတ်နိုင်ရန်အတွက် သင်ကြားပေးသောနေရာပင်ဖြစ်သည်။

IN, မိဘမှ (ကလေးများအတွက်လုပ်ဆောင်ပေးရမည့်အချက်များ) ကလေးများသည် လူရှေ့၊ ဘုရားသခငိရှေ့ မျက်နှာရှိဖို့ရန်

  1. ကလေးများကို လူကြီးများကဲ့ သို့ လေးစားစွာဆက်ဆံပါ။

အချို့တို့သည် ကလေးများကို လစ်လျူရှုတတ်သော သဘောသဘာဝရှိသည်။ ကလေးများငယ်စဉ်က လူကြီးများသည် ကလေးများကိုဆဲဆိုနည်းသင်ပေးလေ့ရှိသည်။ ကလေးပြောတာ ချစ်စရာ ကောင်းလိုက်တာဟု ပြောဆိုတတ်ကြသည်။ အချို့လူကြီးများသည် ကလေးများအောင်၊ စိတ်ညစ်အောင်ပြုလုပ်ပြီးလျှင် လူကြီးများက ပျော်ရွှင်နေတတ်ကြသည်။ ထိုကဲ့သို့ အပြုအမှုများသည် ကလေးများကို မထီမဲ့မြင်ပြုခြင်းပင်ဖြစ်သည်။ သခင်ယေရှုက ထိုလူကြီးများကို ပြင်းထန်စွာ သတိပေးသည်ကား ၄င်းမှာ ငါ့ကိုယုံကြည်သော ဤလူငယ် တစ်စုံတစ်ယောက်ကို အကြင်သူသည် မှားယွင်းစေ၏။ ထိုသူသည် လည်ပင်း၌ ကြိတ်ဆုံ ကျောက်ကိုဆွဲ၍နက်နဲသော ပင်လယ်၌နစ်မြုပ်ခြင်းကို ခံရလျှင် အနေသာ၍ကောင်း၏။(မဿဲ ၁၈း၆)။ ကလေးသည် လူသားတစ်ဦးဖြစ်သောကြောင့် လူကြီးများမှ ကလေးတို့အား တန်ဖိုးထားပြီး ပြောဆိုဆက်ဆံရပါမည်။

  1. မိဘများသည် ကလေးများရှေ့မှာ ဖြောင့်မတ်မှန်ကန်စွာ ပုံသက်သေပြသပါ။

ကလေးများ၏ အတွင်းစိတ်က ပတ်ဝန်းကျင်ရှိလူကြီးများ၏အကျင့် စရိုက်ကိုယူ၍ သူတို့၏စိတ်အတွင်း၌ ပုံတူပန်းချီဆွဲထားတတ်ပါသည်။ စာရေးသူငယ်ငယ်က မိဘများက သားတို့ကြီးလာရင် ဘာလုပ်မလဲဟုမေးမြန်းရာ ကလေးများကအင်ဂျင်နီယာလုပ်မယ်၊ ဆရာဝန်ကြီးလုပ်မယ်ဟု ထိုခေတ်က ကလေးအများဖြေကြားခဲ့သော်လည်း ယခုခေတ်ကလေးများကတော့ outside ရတဲ့ နေရာမှာလုပ်မယ် ပိုက်ဆံရလို့ဟုဖြေကြားပြီး မိန်းကလေးများအချို့က ကျောင်းဆရာမဟု ဖြေကြားကြသည်။ အကြောင်းမှာ စာမေးပွဲနီးခါနီးအချို့ မိဘများက ဆရာမအားပါတိတ်ဝမ်းဆက်ပေးနေရသောကြောင့်ဖြစ်သည်။ ယနေ့ ပတ်ဝန်းကျင်အခြေအနေသည် အကြောင်းအမျိုးမျိုးကြောင့် ကလေးတို့၏ စိတ်ဓါတ်ကိုဖျက်ဆီးခြင်းခံနေရပါသည်။ ထို့ကြောင့် မိဘများက မိမိအိမ်၌ ကလေးများကို ရိုးသားဖြောင့်မတ်စွာ နေထိုင်အသက်ရှင် လျှောက်လှမ်းတတ်ဖို့ရန်သွန်သင်ပေးရန်အတွက် လိုအပ်သလို မိမိကိုယ်တိုင်ကလည်း ထိုအတိုင်းလိုက်လျှောက်ရမည်ဖြစ်ပါသည်။ တစ်ခါက မိခင်နှင့် သားတို့မှာ ရထားစီး၍ ခရီးတစ်ခုကိုသွားရာတွင်ရထားစီးနေစဉ် လက်မှတ်စစ် ရောက်လာပြီး လက်မှတ်တောင်းရာ မိခင်က ကလေးလက်မှတ်တစ်စောင်၊ လူကြီးလက်မှတ်တစ်စောင်ထုတ်ပေးခဲ့သည်။ လက်မှတ်စစ်က “ကလေး မင်းအသက် ဘယ်လောက်ရှိသလဲ” ဟုမမမြန်းရာ “ဖင်က ငါးနှစ်ပဲရှိသေး’ဟု ပြန်ဖြေရာ ကလေးက “အ‌မေ-အ‌မေ သားအသက်ကလွန်ခဲ့သောအပတ်က ခုနှစ်နှစ်ပဲပြည့်ပြီ” ဟုပြန်ပြောရာ အမေက “နင်အသာနေ ငါးနှစ်ပဲ” ဟုပြန်ပြောလိုက်သည်။ ခြောက်နှစ် အထက်လူကြီး လက်မှတ်ဝယ်ရမှာစိုးသောကြောင့်မိခင်က ငါးနှစ်ဟု လက်မှတ်စစ်အား ပြန်ပြောလိုက်သည်။ စာရေးသူအဖို့ လက်မှတ်ခ မည်မျှမှ မရှိသော်လည်းကလေး၏မျက်နှာတွင် မိခင်ကိုယ်တိုင် လိမ်ညာတတ်ကြောင်း အံ့သြစွာတွေ့လိုက်ရသည်။ တစ်ခါတစ်ရံမိဘများသည် အကြောင်းအရာကိစ္စတစ်ခု အဆင်ပြေချင်သောကြောင့် ကလေးများရှေ့မှာ လိမ်ညာပြောဆိုခြင်းသည်ကား မိဘအတွက်၌မူ ကြီးမားသောဆုံးရှုံးမှုပင် ဖြစ်ပါတော့သည်။

  1. ကလေးများ၏ စိတ်အတွင်းသို့ နှုတ်ကပတ်တော်ကို သွန်သင်ပေးပါ။

မိသားစုသည် ပညာပေးဌာနများအနက် အရေးကြီးဆုံးသောဌာနတစ်ခုဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် မိသားစုသည် ကလေးအတွက် ပထမဦးဆုံးပညာပေးဌာနပင်ဖြစ်သည်သာမက ကလေး၏စိတ်နှလုံးတွင် တစ်သက်တာ စွဲကျန်စေနိုင်သည့်စွမ်းအား ရှိသောနေရာတစ်ခုဖြစ်ပါသည်။ မိသားစုအနေဖြင့်ပညာပေးရာတွင် အဓိကမှာ မိဘပင်ဖြစ်သည်။ မိဘသည်မိမိကလေးကိုလောက ကြီးထဲ သို့ဝင်ရောက် အသက်ရှင်ရာတွင် ကလေးများအဖို့ မိမိကိုယ်တိုင်မိမိရပ်တည်နိုင်ရုံသာမကဘုရားတရားကြည်ညိုလေးစားယုံကြည်ခြင်းကိုလည်း ပညာပေးနိုင်ရမည်။မိဘများသည် ကလေးများအားအိပ်ယာဝင်ပုံပြင်၊ ရွှေကျမ်းချက်နှင့် ဓမ္မတေးသီချင်းများကိုလည်း သင်ကြားပေးနိုင်ရမည်။ လောကပညာကိုသာသင်ပေးပြီး ဘုရားသခင်ကိုမိမိသားသမီးများကမသိခဲ့လျှင် တာဝန်ကျေသောမိဘများဟု သတ်မှတ်၍မရပေ။ မိဘတိုင်းမှာ မိမိ၏ သားသမီးများတို့ကို လောကီပညာသာမက ဘုရားသခင်ကိုသိကျွမ်းသောပညာ ပေးနိုင်မှ တာဝန်ကျေနိုင်ပါလိမ့်မည်။ ယနေ့ ငါမှာထားသော စကားကို နှလုံးသွင်းရမည်၊ ထိုစကားကို သင်၏သားသမီးတို့အား ကြိုးစား၍သွန်သင်ရမည်အိမ်၌ထိုင်လျက်နေသည်ဖြစ်စေ၊ ခရီး၌သွားသည်ဖြစ်စေ ထိုစကားကိုပြောရမည်။ (တရားဟော ၆း၆-၇)။

  1. မိဘများသည် သားသမီးများကို အတတ်နိုင်ဆုံးအချိန်ပေးပါ။

၂၁ရာစုအိမ်များ၏အခြေအနေသည် တစ်မိုးထဲအောက် အတူတူနေထိုင်ပြီးတစ်ကမ္ဘာစီခြားနားနေလျက် ရှိပါသည်။ အိမ်၏အနေအထားသည်လည်း တည်းခိုခန်းနှင့် ဧည့်ရိပ်သာတစ်ခုလို ဖြစ်နေပါတော့သည်။အကြောင်းမှာ မိသားစုမှာ အိပ်ချိန်၌သာပြန်လည် တွေ့ဆုံနေရသောကြောင့်ပင်ဖြစ်သည်။ မိခင်လုပ်တာ ဖခင်မသိသလို၊ သားသမီး လုပ်နေတာကိုလည်း မိဘများမှမသိသောအခြေအနေပင် ဖြစ်နေပါသည်။အကြောင်းမှာ အိမ်သူအိမ်သားအချင်းချင်း အတူတူနေသော အချိန်တို့မှာအလွန်နည်းပါးနေသောကြောင့်ဖြစ်ပါသည်။ ဆိုးသွမ်းသောသားသမီးများသည် ငယ်စဉ်ကမိဘနှင့်အနေဝေးသောသူ၊ မိခင်ဖခင်စွန့်ပစ်ခြင်းခံရသူများနှင့် မိဘများဆီကမေတ္တာကိုမရရှိကြသောသူများဖြစ်ကြသည်။ ရာဇဝင်လူဆိုးကြီးတစ်ဦးက ကြိုးမိန့်ပေးခါနီးတွင် စကားတစ်ခွန်းပြောခဲ့ပါသည်။ ငယ်စဉ်က လမ်းမလျှောက်တတ်သော၊ ခြေမသန်သောသားကိုမိဘများက ငွေကုန်ကြေးကျခံပြီးကုသခဲ့သော်လည်း ဘယ်လမ်းကို သွားရမလည်းဆိုသည်ကိုတော့ မိဘများမှ မသွန်သင်ခဲ့သောကြောင့် သည်လိုဘဝမျိုး ကျရောက်ခဲ့ခြင်းဖြစ်ပါသည် ဟူ၍ ပြောခဲ့ပါ၏။ မိဘများသည်မိမိသားသမီးများကို လမ်းလျှောက်တတ်အောင်သင်ပေးရုံသာမက လမ်းမှန်ကို ပြသဖို့ရန်လည်းတာဝန်ရှိကြောင်းကိုလည်း တွေ့ရပါသည်။ သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့၊ အိုသောအခါ ထိုလမ်းမှမလွဲလိုက်သွားလိမ့်မည်။ (သုတ္တံ ၂၂း၆)။

ဆရာကြီးသန်လျင်ဖေသွင်၏ဥပမာတစ်ခုတွင် ကာယလုပ်သားကြီးသည် တစ်နေကုန်အလုပ်လုပ်ပြီး ညနေ ပြန်လာချိန်တွင် မိမိကလေးများနှင့် အချိန်ပေးပြီးဘောလုံးကစားရာ၌ အိမ်နီးချင်းများက “တစ်နေကုန် အလုပ်လုပ်ပြီးနားပါတော့လား၊ ဘာဖြစ်လို့မနားသလဲ” ဟုမေးမြန်းရာ ထိုဖခင်က“လောလောဆယ်မောပန်းတာက အရေးမကြီးဘူး နောင်ဆယ်နှစ်တစ်ဆယ့်ငါးနှစ်ကြာသောအခါ ငါရင်မနာရအောင် ယခုအချိန်ကတည်းက ငါ့သားသမီးများနဲ့အချိန်ပေးပြီး ကစားတာပါ” ဟု ပြန်ပြောကြားလိုက်သည်။ သားသမီးများအတွက်မိဘများဆီက အကောင်းဆုံးလက်ဆောင်မှာ ရွှေငွေရုပ်ဝတ္ထုပစ္စည်းများမဟုတ်ပါ၊ မိမိပိုင်ဆိုင်သောအချိန်ကို မိမိကလေးများနှင့်အတူ ပျော်ရွှင်စွာ ကစားခြင်းသာလျှင် ဖြစ်ပါသည်။

  1. ဉာဏ်ရည်ထက်မြက်သောကလေးများဖြစ်ချင်လျှင်

(၁) ပတ်ဝန်းကျင်အသစ်များဆီသို့အခါအားလျော်စွာခေါ်သွားပါ။

(၂) စကားပြောသောပတ်ဝန်းကျင်ဖြစ်ပါစေ

(၃) မေးမြန်းသမျှကို အတတ်နိုင်ဆုံးဖြေကြားပေးပါ။

ယနေ့ကမ္ဘာကြီးကိုပြုပြင်ပြင်ဆင်ပြောင်းလဲချင်လျှင် မိမိ၌ ဘုရားသခင်မှယုံကြည်၍ အပ်နှံထားသောကလေးများမှ အစပြုပါ။ အောင်မြင်သော ဓမ္မပညာကျောင်းဖြစ်ပေါ်လာရန် – (၁) အသင်းတော်၏ အားပေးကူညီပံ့ပိုးမှု၊ (၂) ဆရာ၊ ဆရာမများ၏အခန်းကဏ္ဍ၊ (၃) ကလေးသူငယ်(၄) မိဘ တို့ ဖြစ်ပါသည်။

အထက်ပါအချက်များအားတာဝန်ရှိသောသူများမှ တာဝန်ရှိရှိ၊သစ္စာရှိရှိလုပ်ဆောင်သွားလျှင် ဓမ္မပညာကျောင်းမှ ကောင်းမွန်သော နိုင်ငံသား ကောင်းများပေါ်ထွက်လာပြီး ဘုရားသခင်၏ ဘုန်းတော်ထင်ရှားစေမည်ဖြစ်ကြောင်းကို မေတ္တာအားဖြင့် ဝေငှလိုက်ပါသည်။

မှီငြမ်း

Rev. ဆရာဦးဝင်းမောင် (သင်ကြားခြင်း၊ သင်ယူခြင်း)

ဆရာဦးဘတင်စော (ခရစ်ယာန်မွေပညာရေး)

Dr. သိန်းလွင် (သင့်ကလေးလူတော်လူကောင်းဖြစ်အောင်)

ဆရာကြီးယုဒဿန် (မြန်မာကျမ်းစာ)

ကမ္ဘာပွဲတော်မင်္ဂလာနေ့

(World Communion Day)

သမ္မာကျမ်းစာ၌ ဓမ္မဟောင်းကျမ်းကို ပြန်ကြည့်မည်ဆိုလျှင် ယုဒလူမျိုးတို့၏ပွဲတော် များစွာကိုတွေ့ရပြီး ပွဲတော်တစ်ခုစီတွင် ရည်ရွယ်ချက်ကိုယ်စီရှိကြသည်။ မိမိတို့ယုံကြည်ခံယူချက်အတိုင်း သတ်မှတ်သည့် အချိန်တွင် ကျင်းပခဲ့ကြသည်။ ဓမ္မဟောင်းတွင် ပဿခါပွဲ၊ တဲတော်ပွဲ၊ ပင်တေကုတွေ့ပွဲ၊ ဆီမီးပူဇော်ပွဲ၊ တဆေးမဲ့မုန့်ပွဲ စသည့်ပွဲနေ့များကို ယုဒလူမျိုးများမှသတ်မှတ်သည့်အချိန်ရောက်လာလျှင် နှစ်စဉ်ကျင်းပခဲ့သည်ကို တွေ့ရသည်။

ထိုနည်းတူစွာ ဓမ္မသစ်ကျမ်း၌လည်း သခင်ခရစ်တော်နှင့် သူ၏တမန်တော်(၁၂)ပါးတို့သည် ပဿခါပွဲကို ကျင်းပရာတွင် မုန့်နှင့်စပျစ်ရည်ကို အသုံးပြုလျက် “ငါ့ကိုအောက်မေ့ဖို့ရာဤသို့ပြုကြလော့” ဟူ၍ မိန့်တော်မူခဲ့ကြောင်း တွေ့ရသည်။ ယုဒလူမျိုးတို့ ပဿခါပွဲကျင်းပခြင်းသည် အဲဂုတ္တုပြည်ကျွန်ခံရာမှ လွတ်မြောက်လာခြင်းကို သတိရစေခဲ့သည်နည်းတူ ပွဲတော်မင်္ဂလာကျင်းပရခြင်း၏ အနက်အဓိပ္ပါယ်မှာ သခင်ခရစ်တော်ကိုပြန်လည်သတိရစေသည်။ ထိုကြောင့် ပွဲတော်မင်္ဂလာစီရင်ခြင်းသည် သခင်ခရစ်တော်အားဖြင့် အပြစ်ငရဲမှကယ်တင်ခြင်းခံရပြီး သေခြင်းမှအောင်မြင်ခြင်းကို သတိရအောက်မေ့ဖို့ရာဖြစ်သည်။

ဤပွဲတော်မင်္ဂလာကျင်းပရခြင်းသည် သခင်ခရစ်တော် ကောင်းကင်ဘုံသို့တက်ကြွပြီး တပည့်တော်တို့အား မှာထားခဲ့သည့်နည်းတူ မုန့်နှင့်စပျစ်ရည်အားဖြင့် ခရစ်တော်၏အသွေးနှင့်အသားကိုကျွန်ုပ်တို့မှာ ပြန်လည်၍ ထိတွေ့စေသည်သာမက၊ ယနေ့ထာဝရအသက်ရှင်ခြင်းကို ပေးနေသော အရှင်အား သတိရစေခြင်းပင် ဖြစ်သည်။ကနဦးအသင်းတော် (The Early Churches) တွင် ပွဲတော်မင်္ဂလာကို တနင်္ဂနွေနေ့တိုင်း ကျင်းပပေးခဲ့သော်လည်း၊ ထို့နောက်ပိုင်းအသင်းတော်များက မိမိတို့နှင့်သင့်တော်သလို ကျင်းပခဲ့ကြသည်ကို တွေ့ရသည်။ အထူးသဖြင့် နှစ်ခြင်းခရစ်ယာန်အသင်းတော်များက သန့်ရှင်းသော ပွဲတော်မင်္ဂလာကို တစ်လ တစ်ကြိမ်၊ သုံးလတစ်ကြိမ် ခြောက်လတစ်ကြိမ် စသည်ဖြင့် ကျင်းပစီရင်ခဲ့ကြသည်။ ဤသို့ဖြင့် အသင်းတော်တစ်ပါးနှင့်တစ်ပါး၊ ကျင်းပချိန်ခြင်းမတူညီကြသဖြင့် ခရစ်ယာန်အသင်းတော် ခေါင်းဆောင်အချို့တို့သည် တိုင်ပင်ဆွေးနွေးကာ ပွဲတော်မင်္ဂလာနေ့ကို တစ်ချိန်တည်း တစ်ညီတစ်ညွှတ်တည်းကျင်းပရန်အတွက် “ကမ္ဘာလုံးဆိုင်ရာပွဲတော်မင်္ဂလာနေ့” (Worldwide Communion Day) ကိုသတ်မှတ်ကျင်းပရန် အဆိုပြုခဲ့ကြပါ၏။ အချို့သော နိုင်ငံရှိ ခရစ်ယာန်အသင်းတော်များက ၄င်းအစီအစဉ်ကို နှစ်သက်၍ စတင် ကျင်းပလုပ်ဆောင်ခဲ့ကြသည်။

နောက်ပိုင်းတွင် အမေရိကန်နိုင်ငံရှိ အသင်းတော်ခေါင်းဆောင်တစ်ပါးဖြစ်သော အမျိုးသားအသင်းတော်များကောင်စီ (National Council of Churches) က ကမ္ဘာ့ပွဲတော်နေ့ကို ၁၉၅၀ ခုနှစ်၊ အောက်တိုဘာလ ပထမပတ် တနင်္ဂနွေနေ့တွင် စတင်ကျင်းပခဲ့ရာမှ ကမ္ဘာတစ်ဝန်းလုံးရှိ အသင်းတော်များလည်း တစ်ညီတစ်ညွတ်တည်း သဘောတူ သတ်မှတ်ကြကာ ကျင်းပပြုလုပ်ခဲ့ကြသည်။ ထို့ကြောင့် နှစ်စဉ် အောက်တိုဘာလ၏ ပထမပတ်တနင်္ဂနွေနေ့ကို ကမ္ဘာ့ပွဲတော်မင်္ဂလာနေ့အဖြစ် သတ်မှတ် ကျင်းပလုပ်ဆောင်လာခဲ့ကြသည်မှာ ယခုအခါ သက်တမ်းအားဖြင့်ဆိုလျှင် (၆၃) နှစ်တိုင်အောင် လုပ်ဆောင်လျက်ပင်ဖြစ်ကြောင်း သိရပါသည်။

အောက်‌မေ့ဘွယ်ရာပွဲ‌တော်မင်္ဂလာ

ငါ၏ အသားအသွေးကို သောက် စားသောသူ သည် ငါ၌တည်၏ ထို သူ ၌လည်း ငါတည်၏။ (ယော ၆း၅၆)၊

လေ့ လာရန်ကျမ်းချက် – ယာ ၆း၃၂- ၅၉

၁ကော ၁၁း ၂၃ -၂၉

ဓမ္မသစ်ခေတ်အသင်းတော်များနှင့် ယနေ့အသင်းတော်များအတွင်း၌ ပွဲတော်မင်္ဂလာကို ပုံစံအမျိုးမျိုးဖြင့်ခေါ်ဆိုကြသည်။ ရှင်ပေါလုသခင်ဘုရား၏ ညစာစားပွဲဟု ခေါ်ဆိုသည်။ အဘယ်ကြောင့်ဆိုသော်သခင်ဘုရား၏အမိန့်အာဏာကို ခရစ်ယာန်တို့ကအမှီပြုခြင်း၊ ချီးမြှောက်ခြင်းကြောင့် ဖြစ်သည်။(၁ကော ၁၁း၂၀) အတူတကွ ဆက်ဆံခြင်းဟုလည်း ဖော်ပြသည်။ ခရစ်တော်၌မိတ်သဟာယဖွဲ့ခြင်း၊ အတူတကွ ဝေငှခြင်းဟု အဓိပ္ပါယ်ရသည်။ (၁ကော ၁၀း၁၆)။ မုန့်နှင့်စပျစ်ရည်အတွက်ခရစ်တော်၏ကျေးဇူးတော်ချီးမွမ်းခြင်းအမှုကို ရည်ညွှန်းပါသည်။ (မာ၁၄း၂၃၊ ၁ကော ၁၁း၂၄)။

နောက်ဆုံးညစာစားပွဲ

လက်ဝါးကပ်တိုင်ပေါ်တွင် သခင်ယေရှုအသတ်မခံရမီ တပည့်တော်များနှင့်အတူ ပဿခါပွဲကျင်းပစဉ်က ညတွင် ပွဲတော်မင်္ဂလာကိုစီရင်ခဲ့သည်။ (လုကာ ၂၂း၈၊ ၂၂း၁၂၊ ၂၂း၁၅)။ ပဿခါပွဲသည် ကျွန်ခံရာအဲဂုတ္တုပြည်မှ နို့နှင့်ပျားရည်စီးသောခါနန်ပြည်သို့ထွက်ခွါမည့်ညတွင် ပြုလုပ်ခဲ့သလို ပွဲတော်မင်္ဂလာသည် ငရဲသွားရမည့်လူသားဘဝမှ သေခြင်းကိုအောင်မြင်သောသခင်ယေရှုခရစ်မှ ပြင်ဆင်သောပွဲတော်မင်္ဂလာကို ဝင်ရောက်သုံးဆောင်ခြင်းအားဖြင့် ထာဝရကောင်းကင်နိုင်ငံသို့ ဝင်စားရသောအခွင့်ကို ရရှိခဲ့ပါသည်။ ထိုညစာ၊ စားပွဲအချိန်အတွင်း မုန့်နှင့်စပျစ်ရည်ကို တပည့်တော်တို့အား ပေးကာ စားသောက်စေခဲ့ပါသည်။ထိုမုန့်နှင့်စပျစ်ရည်သည် မိမိ၏ကိုယ်ခန္ဓာနှင့် အသွေးတော် အထိမ်းအမှတ်ဖြစ်ပြီး သူတို့သည် အပြစ်များမှ ခွင့်လွှတ်ခြင်းရရှိရန်အတွက် လက်ဝါးကပ်တိုင်ပေါ်တွင် မိမိပေးလှူခဲ့ရသော ယဇ်ဖြစ်သည်။ ပဿခါပွဲကိုဣသရေလလူတို့ ဆင်နွှဲကြသောအခါ ပဿခါနီးအသေခံခြင်းကြောင့်သာ မိမိတို့မှာ အသက်ရှင်ခွင့်ရရှိကြောင်း သူတို့သတိရစေခဲ့သည်။ ပွဲတော်မင်္ဂလာကိုခရစ်ယာန်များကျင်းပသောအခါ ခရစ်တော်အသေခံခြင်းအားဖြင့်သာ မိမိတို့ထာဝရအသက်ရရှိကြောင်း အမှတ်ရစရာဖြစ်စေသည်။(၁ကော ၁၁း ၂၃-၂၄)။ ပွဲတော်မင်္ဂလာကို ခရစ်ယာန်များ ပြုလုပ်နေခြင်းမှာ ခရစ်တော်အသေခံခြင်းကို သတိရစေရန်သာမဟုတ်ဘဲ ယေရှု ဒုတိယအကြိမ်ပြန်လည်ကြွလာတော်မူခြင်းကို မျှော်လင့်ခြင်းလည်းဖြစ်ပါသည်။

ထိုနေ့သောအချိန်ရောက်သောအခါ ကောင်းကင်ဘုံ၌ အသစ်သောစပျစ်ရည်နှင့် စားသောက်ပွဲ ကျင်းပခြင်းကဲ့သို့ဖြစ်လိမ့်မည်။ (မ ၂၆း၂၉၊ လုကာ၂၂း၁၆-၁၈၊ ၁ကော ၁၁း၂၆)။

ပွဲတော်မင်္ဂလာ၏အဓိက အချက်

၁။ယူဆောင်

၂။ချီးမွမ်း

၃။ ချိုးဖဲ့

၄။ ဝေမျှခြင်း

  1. မုန့်

ယေရှုကလည်း ငါသည်အသက်မုန့်ဖြစ်၏။ ငါထံသို့လာသောသူသည် နောက်တစ်ဖန် အဆာအမွတ် မခံရ၊ ငါ့ကိုယုံကြည်သောသူသည်နောက်တစ်ဖန် ရေငတ်မခံရ။ (ယော ၆း၃၅)။ လူသားများ၏ဘဝတွင်စားဝတ်နေရေးသည် အခြေခံလိုအပ်ချက်များပင်ဖြစ်သည်။ စားဝတ်နေရေးသည် လူတစ်ဦးတစ်ယောက်အတွက် အရေးကြီးအခြေခံကျသကဲ့သို့လူမျိုးတစ်မျိုး၊ တိုင်းပြည်တစ်ပြည်နှင့် တစ်ကမ္ဘာလုံးအတွက်လည်း အဓိကကျလျက်ရှိပါသည်။ မုန်းတီးခြင်း၊ မနာလိုခြင်း၊ လက်နက်ကိုင်တိုက်ပွဲများ၊ဝါဒတိုက်ပွဲများအစရှိသော အကြမ်းဖက်မှုမျိုးစုံတို့၏အစသည် ဤအခြေခံလိုအပ်မှုဖြစ်သော စားဝတ်နေရေးပဋိပက္ခကြောင့်ပင်ဖြစ်သည် ယနေ့ကမ္ဘာသည် စီးပွားရေးကျပ်တည်းမှုမျိုးစုံကို ရင်ဆိုင်နေရပါသည်။ ဤသို့ဖြစ်ရခြင်းမှာ သဘာဝသယံဇာတပစ္စည်းများလျော့ပါးလာမှု၊ မတရားသော စီးပွားရေးစနစ်၊ ခေါင်းပုံဖြတ်မှုနှင့် မျှဝေခြင်းပြဿနာအစရှိသောအကြောင်းအမျိုးမျိုးတို့ကြောင့်ပင်ဖြစ်သည်။ ချမ်းသာကြွယ်ဝမှုများကဆင်းရဲသောသူများအား ချယ်လှယ်သောကမ္ဘာလွှမ်းပတ်ဆက်နွယ်မှုစနစ်(Globizalization) နှင့် ထိုစနစ်မှထွက်ပေါ်လာသော ဈေးကွက်စီးပွါးရေးစနစ်ကြောင့် ချမ်းသာသူနှင့်ဆင်းရဲသားများအကြား ရှိကွာဟမှု ပိုမိုကြီးမားလာပါတော့သည်။ ဆင်းရဲသား အများစုမှာ ထမင်းနပ်မှန်အောင်မစားနိုင်သော အချိန်၌ပင် ချမ်းသာသူများသည် စားမကုန် သောက်မကုန်ဖြစ်နေပါတော့သည်။ ဆင်းရဲနွမ်းပါးခြင်း၊ စားဝတ်နေရေးပြဿနာသည်မတရားသော စီးပွားရေးစနစ်၊ ကြင်နာတရားခေါင်းပါးမဲ့စနစ်တို့၏ရလဒ်များဖြစ်နေရာ၊ မေတ္တာတရားကိုအခြေခံလျက် တရားဥပဒေဘောင်အတွင်းမှ ပြုပြင်သွားရမည်။ ဆင်းရဲသားများ၏ရပိုင်ခွင့်၊ တရားသဖြင့်ရသင့်ရထိုက်သော အခွင့်အရေးများကို ဖန်တီးပေးကာသူတို့၏သိက္ခာ(dignity) ကို မြှင့်တင်လျက် သူတို့၏ကံကြမ္မာကို သူတို့ ကိုယ်တိုင်ဖန်တီးတည်ဆောက်နိုင်ဖို့ရန် ပြုလုပ်ပေးရပါမည်။ လူများအစာစားရခြင်းမှာဆာလောင်မှု ပပျောက်စေဖို့၊ ခန္ဓာကိုယ်ပျက်စီးခြင်းမှ ကင်းလွတ်ဖို့ရန်ဖြစ်သည်။ လူတွေ လိုအပ်သောအစားအစာအားလုံးရရှိရန်အတွက် ကောင်းကင်က မိုးရေကို လိုအပ်သလို နေရောင်ခြည်နှင့် သဘာဝ တရားကြီးတစ်ခုလုံးတို့သည် သဟဇာတဖြစ်ဖို့ အရေးကြီးပါသည်။ ထိုအရာအားလုံးကို ဘုရားသခင်က ချုပ်ကိုင်ထားပါသည်။ ဘုရားသခင် မကြိုက်သောအသက်တာအားဖြင့် လူအများစုပြုလုပ်ဆောင် ရွက်နေကြသောကြောင့်သဘာဝတရားကြီးအားဖြင့် ရေကြီး၊ မုန်တိုင်း၊ ငလျင်နှင့် အခြားသောကပ်ဆိုးအမျိုးမျိုးတို့ဖြင့် ယနေ့လူများကိုသတိပေးလျက်ရှိပါသည်။ လူတွေမှာ စားစရာများကြောင့်အခက်အခဲဖြစ်နေသော အခြေအနေကိုအဓိကအားဖြင့် (၂) မျိုးတွေ့ရှိရသည်။

(၁) အစားအစာကို ပါးစပ်နှင့်စားသောက်ရပါသည်။ အချို့လူများ၏အသက်တာသည် မိမိရှေ့မှာ စားစရာ ရှိနေသော်လည်း ပါးစပ်လှုပ်မရသောသူများစွာရှိနေပါသည်။ ပါးစပ်ပိတ်ထားခြင်းခံရသောသူများ၊အကျိုးအကြောင်းကိုသိပေမယ့် အကြောင်းအမျိုးမျိုးကြောင့် သမ္မာတရားအတွက် နှုတ်ဆိတ်နေသူများ၊ လောကမှာတွေ့နေရပါသည်။ အဘယ်ကြောင့်ဆိုသော် ရသင့်ရထိုက်သောအစာများထက် ပိုပြီး စားမိသောကြောင့် ဗိုက်ပြည့်နေသူများပင်ဖြစ်သည်။ ရိက္ခာအတွက် အသက်ရှင်နေသူများသာဖြစ်သည်။

(၂) ပါးစပ်လှုပ်ပေမယ့် စားစရာမရှိသောသူများလည်းလောကမှာ မြောက်များစွာတွေ့နေရပါသည်။ ဘဝအတွက် ကြိုးစားရင်းမှမိမိရပိုင်ခွင့်၊ ရသင့်ရထိုက်သော အခွင့်အရေးများ ဆုံးရှုံးနေသောသူများဖြစ်သည်။ ယနေ့ခေတ် ကျေးလက်ဒေသများတွင် စပါးကိုယ်တိုင် စိုက်ပျိုးပြီး ဝမ်းစာမရှိသောလယ်သမားများကို တွေ့နေရပါသည်။ လူအချို့မှာသိက္ခာအတွက် အသက်ရှင်ရင်း ခက်ခဲမှုများစွာကို ကျော်ဖြတ်နေရသောသူများလည်း မြောက်များစွာတွေ့ရှိရသည်။သုတ္တံ့ဆရာက၊ လူအချို့သည် ဒုစရိုက်နှင့်ဆိုင်သော မုန့်ကိုစား၍ညှင်းဆဲခြင်းနှင့်ဆိုင်သော စပျစ်ရည်ကိုသောက်တတ်ကြ၏။ (သု ၄း၁၇)။လူအချို့မှာ အခြေအနေအရ ဒုစရိုက်မုန့်ကိုစားနေရကြသည်။ စာရေးဆရာအောင်သင်းက ငိုပြီးစားပါလို့အကြံပေးပြီး၊ နောက်တစ်ကြိမ် ရှောင်ပါ၊ မရှောင်နိုင်လျှင် အခြေအနေအပေါ် သာယာသွားလိမ့်မည် ဖြစ်ပါသည်။ ဝန်ထမ်းလောကမှ ဇာတ်လမ်းတစ်ပုဒ်ဖော်ပြပါရစေ။ လူတစ်ယောက် ရုံးသို့သွားပြီး သူ့အလုပ်အတွက် လိုအပ်သော ထောက်ခံစာကိုအရာရှိအားထောက်ခံပေးရန် ဝန်ဆောင်ခအနေဖြင့် စာအိတ်ထဲမှာ ငွေကြေးထည့်ပေးပြီး အရာရှိကိုပေးရာ အရာရှိက ထိုသူအား ငါက ဝန်ထမ်း၊ဒါပေမယ့် ငါ့မိန်းမက ဝန်ထမ်းမဟုတ်ပါဟုပြောခဲ့သည်။ အဓိပ္ပါယ်ကရုံးမှာလာမပေးနှင့် အိမ်မှာလာပေးရင် အဆင်ပြေတယ်လို့ ပြောပြခြင်းဖြစ်ပါသည်။ မိမိ၏အလုပ်ကြောင့် အခြေအနေ အရစားမိလျင် ပြန်အန်ထုတ်ပါ။ သခင်ယေရှု ကိုယ်တော်တိုင်မိန့်မှာသည်က လူသည် မုန့်အားဖြင့်အသက်မွေးရမည်မဟုတ် ဘုရားသခင် မိန့်တော်မူသမျှအားဖြင့် အသက်ကို မွေးရမည် ကျမ်းစာလာသည်ဟု မိန့်တော်မူ၏။ (မဿဲ ၄း၄) သခင်ယေရှုက မုန့်အရေးမကြီးဘူးဟုမပြောပါ။ မုန့်အတွက်ပဲ လူသည် အသက်ရှင်ရမည်မဟုတ်၊ တရားတော်နှင့်အညီ သိက္ခာအတွက် အသက်ရှင်ဖို့လိုအပ်လှပေသည်။ လူတစ်ယောက်အဖို့ လူပီသစွာ အသက်ရှင်ချင်လျှင်ရိက္ခာအတွက်ရော သိက္ခာအတွက်ပါ အသက်ရှင်ရမည်ဖြစ်ပါသည်။ ပါးစပ် (နှုတ်) နှင့် အစာ ညီညွတ်နေမှ စားသုံးသူအတွက်ခွန်အားရရှိပြီးအရသာရှိ၊ အကျိုးရှိမှာဖြစ်ပါသည်။ ယနေ့ကမ္ဘာကြီး၏ လူဦးရေတစ်ဝက်ကျော်မှာ ဗိုက်မပြည့်ဘဲ အိပ်ယာဝင်နေရပါသည်။ လူတိုင်း၏ပါးစပ်မှာနေ့စဉ်စားရမည့်အစာရှိနေလျှင် ကမ္ဘာကြီးမှာ ဒီထက် ပိုပြီးသာယာမည်မှာ မလွဲပါ။ လူတိုင်းအဖို့ ရသင့်ရထိုက်သော အစာကိုသာ စားဖို့ရန် လိုအပ်ပြီး အကြောင်းအမျိုးမျိုးကြောင့်အစာအတွက် အခက်အခဲ ဖြစ်နေသူများကို ကူညီဖေးမကာအသက်ရှင်လျှင်ဖြင့် ပွဲတော်မင်္ဂလာတည်းဟူသောမုန့်ကိုစားသုံးခြင်းက ပိုမိုအဓိပ္ပါယ်ရှိလာမှာ ဖြစ်ပါသည်။

  1. စပျစ်ရည် (အသွေး)

လူ၏အသက်သည် အသွေး၌တည်ပါ၏။ လူတစ်ယောက်၏အသက်ရှင်ခြင်း၊ သေဆုံးခြင်းကို ကျန်းမာရေးပညာရှင်များက နှလုံးခုန်၊မခုန်စစ်ဆေးကြပါသည်။ မခုန်ခဲ့လျင် ရုပ်နှင့်နာမ် (သေဆုံးခြင်း) ဟုအဓိပ္ပါယ် ယူပါသည်။ နှလုံးခုန်ဖို့ရန်အတွက် သွေးလည်ပတ်မှု လိုအပ်ပါသည်။ သွေးလည်ပတ် သူမရှိတော့လျင် လူဟာ သေဆုံခြင်းပင် ဖြစ်သည်။ ထို့ကြောင့် အသွေးသည် အသက်ဟုခေါ်ဆိုခြင်းဖြစ်သည်။ ပွဲတော်၌ သုံးဆောင်သော စပျစ်ရည်မှာ သခင်ယေရှု၏ အသွေးတော်မြတ်ဖြစ်ပါသည်။ ထိုအသွေးတော်ကြောင့် လူသားတစ်ရပ်လုံးအတွက် အကျိုးကျေးဇူး(ယခုဘဝ၊ တမလွန်ဘဝ) များစွာရရှိခဲ့ပါသည်။ ၄င်းတို့မှာ

(၁) အသွေးတော်သည် လူသားအားလုံကို ရွေးနှုတ်ကယ်တင်တော်မူသည်။

သိုးသူငယ်၏အသွေးသည် သင်တို့နေရာအိမ်၌ သင်တို့၏ လက္ခဏာ သက်သေဖြစ်၍ ထိုအသွေးကို ငါမြင်သောအခါ သင်တို့ကို ငါလွန်သွားမည်း၊ ထိုသို့ အဲဂုတ္တုပြည်ကို ငါသည်ဒဏ်ခတ်သောအခါ ပျက်ဆီးခြင်းဘေးဥပဒ်သည် သင်တို့ကိုမသင့်မရောက်ရ။ (ထွက် ၁၂း၁၃)။ သိုးသူငယ်၏ အသွေးကိုအိမ်တံခါးဝတွင် သုတ်လိမ်းခြင်းအားဖြင့် သားဦးများကိုတရားစီရင်ခြင်းမှလွတ်မြောက်ခဲ့သလို သခင်ယေရှု၏အသွေးတော်ကသူကိုယုံကြည်လက်ခံသူတိုင်းအား ငရဲမှကောင်းကင်နိုင်ငံတော်သို့ ပို့ဆောင်ပေးလျက်ရှိပါသည်။ သားတော်ကိုယုံကြည်သောသူသည် အပြစ်စီရင်ခြင်းကိုမခံရ၊ မယုံကြည်သောသူမူကား ဘုရားသခင်၏ တစ်ပါးတည်းသောသားတော်ကိုမယုံကြည်သောကြောင့်ယခုပင် အပြစ်စီရင်ခြင်းကို ခံရ၏။ (ယော ၃း၁၈)။

(၂) အသွေးတော်သည် လူသားများ၏ အပြစ်ရှိသမျှကို စင်ကြယ်စေတော်မူသည်။

လူသည်မွေးလာချိန်မှစတင်၍ သေဆုံးသည့်အချိန်အထိ အပြစ်လုပ်တတ်သောအမျိုး ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် အပြစ်သားဖြစ်နေသောကြောင့်ဖြစ်သည်။ မိမိ၌ရှိသောအပြစ်အားလုံးကို သခင်ယေရှု၏ အသွေးတော်အားဖြင့်၊ ဖြူစင်ခွင့်ရှိနေကြောင်း သမ္မာကျမ်းစာက တိကျစွာဖော်ပြထားသည်။ ဘုရားသခင်၏ သားတော်ယေရှုခရစ်တော်၏အသွေးတော်သည် ငါတို့အပြစ်ရှိသမျှကို ဆေးကြောတော်မူ၏။ (၁ယော၁း၇)။

(၃) အသွေးတော်သည် ရန်ကိုငြိမ်းစေသည်။

ဘုရားသခင်ဖန်ဆင်းသော ဧဒင်ဥယျာဉ်မှလူသားသည် ဘုရားသခင်၏ စကားနားမထောင်ခြင်းကြောင့် ဘုရားနှင့်ဝေးကွာခဲ့ရသည်။သခင်ယေရှု၏အသွေးတော်သည် ဘုရားသခင်နှင့်လူ၏အကြား ပြန်လည်မိတ်သဟာယဖြစ်လျက် ရန်ငြိမ်းခြင်းအမှုကိုဖြစ်ပေါ်စေပါသည်။ လက်ဝါးကပ်တိုင်ပေါ်မှာ သွန်းသောအသွေးတော်သည် ရန်ကိုငြိမ်းစေ၍ ခပ်သိမ်းသောအရာတို့ကို သားတော်အားဖြင့် ဘုရားသခင်နှင့် မိသဟာယဖွဲ့စေခြင်းငှါ၎င်း အလိုရှိတော်မူ၏။ (ကောလောသဲ ၁း၂၀)။

(၄) အသွေးတော် သည် ဝေးသောသူကို နီးစေတော်မူ၏။

ပွဲတော်မင်္ဂလာပြုလုပ်ချိန်၌လူတန်းစားအလွှာအသီးသီးမှ သခင်ယေရှုကို ယုံကြည်သောသူများ ဖြစ်သည်။ (ဆင်းရဲသား၊ ပညာမဲ့၊ ပညာရှိ၊ချမ်းသာမှု) အမျိုးမျိုးဖြစ်သော်လည်း လက်ရည်တပြင်တည်း၊ တလုံးတဝတည်း စိတ်နှင့်သုံးဆောင်ကြရသည်။ သည်အချိန်မှာ လူလူချင်း အားလုံးအတူတူပင် ဖြစ်သည်။ ဝေးသောသူများကို နီးစေသော အခြေအနေပင်ဖြစ်သည်။ သင်တို့သည် အထက်ကဝေးလျက်ရှိသော်လည်း ယခုမှာ ယေရှုခရစ်၌ဖြစ်၍ အသွေးတော်အားဖြင့် အနီးသို့ရောက်ကြပြီ။ (ဧဖက် ၂း၁၃)။

(၅) အသွေးတော်သည် ပဋိညာဉ်တ ရားအသစ် ဖြစ်သည်။

ဓမ္မဟောင်းခေတ်တွင် ဘုရားသခင်နှင့် နောဧပဋိညာဉ်ပြုခဲ့သည်။ ငါ၏သက်တံ့ကိုမိုးတိမ်၌ငါထား၏ ထိုသက်တံ့သည် မြေကြီးနှင့်ငါပြုသောပဋိညာဉ်သက်သေဖြစ်လိမ့်မည်။ (ကမ္ဘာ ၉း၁၃-၁၆)။ ဘုရားကနောဧအား သက်တံ့အားဖြင့် နောက်တစ်ဖန် ကမ္ဘာကြီးကို ရေမလွှမ်းတော့ဘူးဟု ကတိပေးခဲ့သည်။ ဓမ္မသစ်တွင် ပွဲတော်မင်္ဂလာသည် ခရစ်တော်နှင့်သူ့ကို ယုံကြည်သောသူများအားပဋိညာဉ်ပြုသောတရားအသစ်ဖြစ်သည်။ သက်သေမှာ အသွေးပင်ဖြစ်သည်၊ ဘုရားသခင်ဘက်က လူကိုတောင်းဆိုသောအရာမှာ သူ့အပေါ် ဘယ်လိုအခြေအနေမျိုးမှာပင်ဖြစ်စေကာမူ သေသည့်တိုင်အောင်သစ္စာစောင့်သိဖို့တောင်းဆိုပါသည်။ သေသည့်တိုင်အောင် သစ္စာစောင့်လော့။ သို့ဖြစ်လျင် အသက်သရဖူကိုငါပေးမည်။(ဗျာ ၂း၁၀)။ လူအပိုင်းက ဘုရားသခင် အပေါ်သစ္စာစောင့်သိခြင်းအမှုကို သေသည့်တိုင်သစ္စာထားလျှင် ဘုရားသခင်၏ကာကွယ်မှု၊ အကူအညီပေးမှုနှင့် လုံခြုံစိတ်ချသောဘဝကို ပိုင်ဆိုင်နိုင်မည်ဖြစ်ပါသည်။ ပွဲတော်သုံးဆောင်သောသူသည် သွေးနှင့် သစ္စာပြုထားသောကြောင့် သွေးသောက်များဖြစ်လာကြပြီး လူလူချင်း သစ္စာရှိဖို့ရန် သာမက ဘုရားသခင်အပေါ်မှာလည်း သစ္စာရှိဖို့ လိုအပ်လှပေသည်။

  1. ငါ့ကိုအောက်မေ့ဖို့ရန်ဤသို့ပြုလော့။

ပွဲတော်မင်္ဂလာဝတ်အစီအစဉ်ကို မိမိတို့အသင်းတော်၏ အခြေအနေအရ တစ်လ (၁) ကြိမ်၊ သုံးလ (၁)ကြိမ် အမျိုးမျိုး ပြုလုပ်ဆောင်ရွက်ကြသည်။ မြို့ကြီးများတွင် တစ်လ (၁) ကြိမ် အများစု ပြုလုပ်ကြပါသည်။ စာရေးသူ၏အသင်းတော်တွင် ပွဲတော်မင်္ဂလာပြုလုပ်ရန် တစ်ပတ် အလိုတွင် လမ်းမှာ အသင်းသားများနှင့် တွေ့သဖြင့် ပွဲတော်စားဖို့ဖိတ်ခေါ်ရာ၌ အသင်းသားများ၏ တုံ့ပြန်ပုံမတူညီတာတွေကို တွေ့ရှိရပါသည်။

(၁) ဆရာ ကျွန်တော်တို့ က အခြားအပတ်တွေသာရောက်လျှင် မရောက်မှာ ပွဲတော်အပတ်ဆိုလျှင် အမြဲတမ်း ဘုရားကျောင်းရောက်တယ်။ အဘယ်ကြောင့်ဆိုသော် တစ်လလုံး အပြစ်အများကြီး လုပ်ထားတာ ပွဲတော်စားလျှင် အပြစ်လွတ်သွားပြီလို့ ပြန်ပြောသံကြားခဲ့ရ၏။ပွဲတော်ကသည် လူအတွက် အပြစ်လုပ်ခွင့်ပေးသော လိုင်စင်ဖြစ်နေပါတော့သည်။

(၂) ဆရာရေ ကျွန်တော်ဒီတစ်ပတ်ပွဲတော်မလာတော့ဘူး၊အဘယ်ကြောင့်ဆိုသော် သည်တစ်လ ကျွန်တော် လုပ်ခဲ့တဲ့ အပြစ်တွေကများလို့ ပွဲတော်ဟာသန့်ရှင်းတဲ့အတွက် နောက်မှပဲ လာစားတော့မယ်လို့ပြောခဲ့သည်။ သည်လူအတွက် မိမိအသက်တာသန့်ရှင်းမှ စားမယ်လို့ဆုံးဖြတ်လျှင် ဘယ်တော့မှ စားရတော့မည်မှာမဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော်ကျွန်တော်တို့အားလုံးမှာ အပြစ်သားများဖြစ်နေသောကြောင့် ဖြစ်ပါ၏။

ပွဲတော်စားမည့် သူ၏ထားရမည့် စိတ်နေသဘောထား

(၁) သခင်ယေရှု၊ တိုင်တော်ပေါ်မှ စွန့်တော်မူသော အသွေးတော်က လူသားအားလုံး၏အပြစ်များကို ဆေးကြောသန့်ရှင်းစင်ကြယ်စေခဲ့သည်ကို ယုံကြည်ရမည်။

(၂) သခင်ယေရှုသည်သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူသော ဘုရားဖြစ်ကြောင်းကို ယုံကြည်ရမည်။

(၃) ပွဲတော် သုံးဆောင်ခြင်းသည် ဘက်ထရီအားသွင်းသလိုမျိုးပင်ဖြစ်သည်။ ယုံကြည်သူများသည် လောကကြီးထဲမှာ သွားလာလှုပ်ရှား အသက်ရှင်ရာတွင် ကုန်ခမ်းသွားသောဝိညာဉ်အင်အားများကို ပြန်လည် ဖြည့်စွမ်းခြင်းပင်ဖြစ်သည်။

(၄) ပွဲတော်မှရရှိလာသော ဝိညာဉ်အရှိန်တန်ခိုးများဖြင့်ကမ္ဘာလောကကြီးထဲသို့ တိုးဝင်၍ သူတစ်ပါး၏ ခြေကိုဆေးခြင်း၊ ဝန်ထုပ်များကိုကူညီထမ်းပေးခြင်း၊ အစေခံ၍ လူသားအကျိုးပြုသော လုပ်ငန်းများ ကိုလုပ်ဆောင်ရင်းမှ သခင်ယေရှုသည် စစ်မှန်သော ဘုရားဖြစ်ကြောင်းကို ခရစ်တော်ကချမှတ်ထားသော တရားတော်ဖြင့် လက်တွေ့လိုက်လျှောက် ကျင့်သုံးဖို့ရန်မှာ ပွဲတော်စားသုံးသူတိုင်း၏ တာဝန်ဖြစ်ပါသည်။ပွဲတော်နှင့်ပတ်သက်သော ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ကိုတင်ပြပါရစေ၊ ဗီယက်နမ်နိုင်ငံအသင်းတော်တစ်ပါးတွင် ဖြစ်ခဲ့သည်မှာ၊အစိုးရအရာရှိတစ်ဦးနှင့် အဖွဲ့ဝင်များက အသင်းတော်တစ်ပါးရှိ သင်းအုပ်ဆရာကိုခေါ်တွေ့ပြီး၊ ဆရာကြီးအသင်းတော်တွင် အသင်းသားဘယ်နှစ်ယောက် ရှိသလဲ။ ဘယ်အချိန်မှာ အားလုံးတွေ့နိုင်မလဲမေးမြန်းရာ ဆရာကြီးက အသင်းသား(၁၀၀) ဦးရှိပြီး မနက်ဖြန်ပွဲတော်မင်္ဂလာရှိတဲ့အတွက်အားလုံးတွေ့နိုင်ပါတယ်လို့ပြောကြားရာ အရာရှိက ပွဲတော်မင်္ဂလာကို ကျွန်တော်လာခဲ့မယ်၊ ပွဲတော်မင်္ဂလာဝတ်ပြုကိုးကွယ်သည့်အချိန်မှာ အရာရှိနှင့်အဖွဲ့များက လာရောက်ဝတ်ပြုပြီး ပွဲတော်စားပြီးသောအခါ အရာရှိကအသင်းသားအားလုံးကို စကားပြောခွင့်တောင်းပြီး စကားပြောရာတွင်ကျွန်တော် ဒီအသင်းတော်ကို လာရခြင်းအကြောင်းမှာ အစိုးရနှင့် ဆန့်ကျင်သော အဖွဲ့များနှင့် ဆက်သွယ်သောသူများ ဒီကျေးရွာတွင် ရှိနေပါတယ်။ ဆက်သွယ်သောသူများဟာ ခရစ်ယာန်များသာဖြစ်တဲ့အတွက် လာရောက်စစ်ဆေးခြင်းသာဖြစ်တယ်။ မိမိအပြစ်မရှိရင် ဘာမှ ကြောက်စရာမလိုဘူး၊ ကျွန်တော်က ခရစ်ယာန်များကိုသာ စစ်ဆေးသွားမှာပါ မိမိကိုယ်မိမိ ခရစ်ယာန်မဟုတ်ဘူးလို့သတ်မှတ်လျှင် အပြင်ထွက်နိုင်ပါတယ်၊ ကျန်တဲ့သူများကိုသာ စစ်ဆေးသွားမည်ဟု ပြောကြားရာ ပွဲတော်စားပြီးခါစအသင်းတော်ရှိလူ (၁၀၀) နီးပါးဟာ (၁၀)မိနစ်ကြာသောအခါ လူ ခုနစ်ယောက်သာ ကျန်ရှိပါတော့သည်။ အရာရှိက သင်းအုပ်ဆရာအား ပြောသည်မှာ ဆရာကြီးအသင်းသား (၁၀ဝ) မဟုတ်ပါ။ စစ်မှန်သော အသင်းသား ခုနစ်ယောက်သာဖြစ်ပါတယ်လို့ပြန်ပြောခဲ့သည်။ စာဖတ်သူပရိသတ်ဟာ အသင်းသား (၁ဝဝ)ဦးထဲတွင် ပါဝင်မည်ဆိုပါက မည်ကဲ့သို့ ဆုံးဖြတ်ပါမည်နည်း။

ပွဲတော်စားသုံးသူသည် ဘဝမှာ မည်ကဲ့သို့သောအခြေအနေတွင်ဖြစ်စေကာမူ မိမိသခင်အပေါ်သေသည့်တိုင်အောင်သစ္စာရှိဖို့ရန် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ပွဲတော်၏စပျစ်ရည်သည်သခင်၏အသွေးနှင့်သစ္စာပြုထားသောကြောင့်ဖြစ်ပါသည်။

နိဂုံး

ပွဲတော်မင်္ဂလာစားသုံးသောသူတိုင်းမှာ အစဉ်အလာ တစ်ခုအနေနှင့် သုံးဆောင်ခြင်းမျိုးမဟုတ်ဘဲ သခင်၏ သက်စွန့်မေတ္တာတော်ကိုကိုယ်တိုင်သိရှိသူများ ပီသစွာ သခင်ရဲ့ သက်စွန့်မေတ္တာတော်နှင့် ထိုက်တန်စွာ လောကအလယ်တွင် အသက်ရှင်နေထိုင်ဖို့ရန် လိုအပ်ပါသည်။ထိုမေတ္တာတော်ကို အခြားသူများအား လက်ဆင့်ကမ်းဝေမျှသူများဖြစ်အောင် ကြိုးစား အသက်ရှင်နိုင်သောသူများဖြစ်စေဖို့အတွက် မေတ္တာဖြင့်ဝေခွန်အားပေးလိုက်ပါသည်။

သမိုင်းတွင်သည့်နေ့ရက်များ

ခရစ်ယာန်အိမ်ထောင်ရက်သတ္တပတ်

(Christian Home Week)

ခရစ်ယာန်အိမ်ထောင်နှင့်ပတ်သက်၍ ပထမဦးစွာ အိမ်ထောင်အကြောင်းကို စဉ်းစားရမည် ဖြစ်သည်။ ဘုရားသခင်သည်သာလျှင် အိမ်ကို ဦးစွာတည်ထောင်ခဲ့သည်။ ဘုရားသခင်သည် လူယောက်ျားကို ဖန်ဆင်းပြီးနောက် လူသည်တစ်ယောက်တည်း မနေကောင်း။ သူနှင့်မိတ်ဆွေဖြစ်ဖို့ အဖော်လိုအပ်သည်သာမက အထောက်အမအကူ အညီလည်းလိုအပ်သဖြင့် လူမိန်းမကိုဖန်ဆင်းခဲ့ကြောင်းကို သမ္မာကျမ်းစာအားဖြင့်သိရသည်။ အသင်းတော်တည်ရှိခြင်း၊ ပညာရေးကဏ္ဍ၊ နိုင်ငံတော် အုပ်ချုပ်ရေး စသည်တို့အတွက် အိမ်ထောင်မှ ဦးစွာ အစပြုခြင်းပင်ဖြစ်သည်။ဘုရားသခင်နှင့် အစပြု၍ တည်ထောင်ခဲ့သော အိမ်ထောင်ကို ဘုရားသခင် ကိုယ်တော်တိုင် အုပ်စိုးပါမှသာလျှင် အိမ်ထောင်သည် ချစ်ခြင်းမေတ္တာဖြင့် ပြည့်ဝလျက် ရှိမည် ဖြစ်သည်။ဘုရားသခင်ဖြစ်စေလိုသော အိမ်ထောင်သည် လူတို့အတွက်တည်းခိုခြင်း၊ ကိုယ်ခန္ဓာအတွက် အပန်းဖြေရာနေရာ၊ စားဝတ်နေရေးအတွက် နေရာသာမဟုတ်ဘဲ အိမ်ထောင်၏အနှစ်သာရဖြစ်သော ကောင်းကင်နိုင်ငံတော်၏ အရသာကို ရရှိခံစားရခြင်း၊ ဝိညာဉ်ရေးရာအတွက်တည်ဆောက်သော အိမ်ဖြစ်ခြင်း၊ ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို ဖော်ထုတ်ခြင်းစသည်ဖြင့် ခရစ်ယာန်အိမ်ထောင်၏ အဓိပ္ပါယ်ကို ထိရောက်စွာအသက်ရှင်ပြသော အိမ်ထောင်ဖြစ်ရပေမည်။ ထို့ကြောင့် အိမ်ထောင်မိသားစုတိုင်း၊ အသင်းတော်တိုင်း၊ နိုင်ငံတိုင်းသည်လည်း ငြိမ်းချမ်းသာယာသော လူ့ဘောင်လောကကြီးကို ခံစားရနိုင်မည်ဖြစ်သည်။ ၄င်းအနှစ်သာရကိုရရှိနိုင်စေဖို့ ခရစ်ယာန်အသင်းအဖွဲ့များက တွေးတော ကြံဆလျက်၊ ခရစ်ယာန်အိမ်ထောင်နေ့တစ်နေ့ သတ်မှတ်ကျင်းပပေးရန် လိုအပ်ကြောင်း သိရှိလာရသည်။ ဤသို့ပြုလုပ်ပေးနိုင်ပါက အိမ်ထောင်မိသားစုအတွက် အထောက်အကူ၊ အကျိုးကျေးဇူးများနှင့် ခရစ်ယာန်အိမ်ထောင်၏ အနှစ်သာရကို သိရှိလာမည်ဖြစ်သည်ကို တွေ့ရှိရသည်။

ထို့ကြောင့် လွန်ခဲ့သောနှစ်ပေါင်းများစွာက ခရစ်ယာန်အဖွဲ့အစည်း တချို့က ကျင်းပခဲ့ရာတွင် မြန်မာနိုင်ငံအောက်ပိုင်းရှိ ခရစ်ယာန်အသင်းတော်များကလည်း နိုဝင်ဘာလတွင် ကျင်းပခဲ့ကြောင်း တွေ့ရသည်။ မြန်မာနိုင်ငံ အထက်ပိုင်းခရစ်ယာန်အသင်းတော်များကမူ ဇန်နဝါရီလတွင် သတ်မှတ်၍ ကျင်းပခဲ့ကြသည်။ ဤသို့တစ်နိုင်ငံတည်း ကျင်းပသော အချိန်များမတူသောကြောင့် ၁၉၆၂ ခုနှစ်တွင် မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်မှ ခရစ်ယာန်အိမ်ထောင် ကော်မတီကိုဖွဲ့စည်းကာခရစ်ယာန်အိမ်ထောင်ရက်သတ္တပတ်’ အဖြစ် အသိအမှတ်ပြုပြီး နိုဝင်ဘာလ တတိယပတ်တွင် တစ်ပတ်လုံး ကျင်းပရန် အတည်ပြုပေးခဲ့ပါသည်။ ထိုအချိန်မှစ၍ ခရစ်ယာန်အိမ်ထောင်ရက်သတ္တပတ်နေ့ကို နိုဝင်ဘာလ တတိယပတ်တွင် အထူးအစီအစဉ်များရေးဆွဲကာ ယနေ့တိုင်နှစ်ခြင်းခရစ်ယာန်အသင်းတော်များမှ ကျင်းပလျက်ရှိပါသည်။တချို့သောအသင်းတော်များက တစ်ပတ်တာအစီအစဉ်ကိုအထူးပြုလုပ်ကြသည်။ အသင်းချုပ်မှ ရေးဆွဲပေးခဲ့သော အစီအစဉ်များအပြင် သမ္မာကျမ်းစာ လေ့လာသင်ကြားခြင်း၊ ခရစ်ယာန်အိမ်ထောင်နှင့်ဆိုင်သောပြဇာတ်များပြသခြင်း၊ မိဘနှင့်သားသမီးတို့ ရင်းနှီးစွာ မိတ်သဟာယဖွဲ့ခြင်း၊ ခရစ်ယာန်အိမ်ထောင်နှင့်ဆိုင်သော ဟောပြောခြင်းစသည့် အစီအစဉ်များကို ပြုလုပ်ကြပါသည်။ ခရစ်ယာန်အိမ်ထောင်နေ့ကျင်းပပေးခြင်းအားဖြင့် မိသားစုထဲတွင် ဘုရားသခင်၏ သတင်းစကားများကို အတူဝေမျှ သက်သေခံနိုင်သောသူတစ်ဦးဖြစ်လာဖို့ရန် ရည်ရွယ်ခြင်းလည်း ဖြစ်သည်။ အိမ်ထောင်မြို့သားစုတိုင်း သင့်မြတ်စွာ နေထိုင်နိုင်ရေးနှင့် ရိုသေလေးစားမှုရှိကြရေးတို့အတွက်လည်း လိုအပ်သည်။ သို့မှသာ ဘုရားသခင် အလိုတော်နှင့်အညီ သာယာသော ခရစ်အိမ်ထောင်၏ အနှစ်သာရကို ထိရောက်စွာ ခံစားရရှိမည်ဖြစ်သည်။ခရစ်ယာန်အိမ်ထောင်နေ့အတွက် ရည်ရွယ်ချက်များမှာ

၁။ ခရစ်ယာန်တိုင်း စစ်မှန်သော ခရစ်ယာန်အိမ်ထောင်ဖြစ်ဖို့

၂။ ခရစ်ယာန်အိမ်ထောင်တိုင်း အခြားသောအနီးပတ်ဝန်းကျင်ရှိ အိမ်‌ထောင်ရှင်များအား ပျော်ရွှင်သော အိမ်အဖြစ်ပြသရန်၊

၃။ အိမ်ထောင်မိသားစုတစ်ဦးစီတိုင်း အိမ်ထောင်အတွက်နှင့် အသင်းတော်အတွက် အကျိုးဖြစ်ထွန်းစေရန်၊

၄။ အိမ်ထောင်မိသားစုများ ဘုရားသခင်၏ သာသနာ့လုပ်ငန်းကို စိတ်ထက်သန်လာစေရန်၊

၅။ အိမ်ထောင်မိသားစုအတွင်း၌ မိဿဟာယဖွဲ့လျက် ရင်းနှီးပွင့်လင်းမှုများ တိုးတက်ဖွံ့ဖြိုးလာစေရန်တို့ဖြစ်သည်။

စိမ်းစိုလန်းဆန်း မိသားစု

ထ၀ရဘုရားသည် အိမ်ကို ဆောက် တော်မမူလျှင်၊‌ ဆောက်သော သူ တို့ သည် အ ချည်းနှီးလုပ်ဆောင်ကြ၏။ ထာဝရဘုရားသည် မြို့ကို စောင့်တော် မမူလျှင် ကင်းစောင့် တို့ သည်အချဥ်းနှီး‌ ဆောက်ကြ ၏(ဆာလံ ၁၂၇း၁-၂)။

သီရိဟူသောစကား၏အဓိပ္ပါယ်မှာ တင့်တယ်ခြင်း၊ မင်္ဂလာရှိခြင်း၊ကျက်သရေရှိခြင်းဟု ခေါ်ဆိုနိုင်ပြီး မဟာဟူသော ပါဠိစကားမှာ နေအိမ်ဖြစ်သည်။ သီရိဂေဟာဟူသည်မှာ ကျက်သရေရှိသော အိမ်မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော အိမ်၊ တင့်တယ်သောအိမ်ဟူ၍ခေါ်ဆိုနိုင်သည်။ယင်းကဲ့သို့သော အိမ်ဖြစ်ပေါ်လာနိုင်ဖို့ရန်မှာ နေအိမ်အဆောက်အအုံကိုငွေကြေးအကုန်အကျမြောက်များစွာခံလျက် တည်ဆောက်ဖွဲ့စည်းခြင်းဖြင့် မရနိုင်သလို အိမ်အသုံးအဆောင် ပရိဘောဂအဖိုးတန်ပစ္စည်းများသုံး၍ ကျားကန်ထားလို့လည်း မရနိုင်ပါ။ အိမ်ဟူသည်မှာ နေထိုင်ရန်အတွက်သာ ဆောက်လုပ်ထားသော အဆောက်အဦး သက်သက်မျှမဟုတ်ပါ။ ယင်းအဆောက်အဦးပေါ်တွင် ခိုဝင်နေနားသည့် မိသားစုအဝန်းအဝိုင်းကို ကိုယ်စားပြုသည့် သာယာချမ်းမြေ့သောအိမ် ဟုတ်၊မဟုတ်ဟူသော ရလဒ်သည်သာ ယင်းအိမ်မှာ နေထိုင်သောမိသားစု၏ပျော်ရွင်ချမ်းမြေ့ခြင်းနှင့် တိုက်ရိုက်အချိုးကျလျက်ရှိသည်။ ယင်းအိမ်မှာနေထိုင်သော အိမ်သူအိမ်သားများမှာ မေတ္တာဓါတ်အပြည့်နှင့် ကြည်နူးနေပါက ယင်းအိမ်သည် သာယာချမ်းမြေ့သော အိမ်(သို့) သီရိဂေဟာဟုကင်ပွန်းတပ်သတ်မှတ်နိုင်မည်ဖြစ်သည်။

စိမ်းလန်းသော မိသားစုဖြစ်ပေါ်လာရန်အတွက် လိုက်လျှောက်အခက်ရှင်ရမည့်အချက်များ

(၁) ပုံပြင်နှင့် အိမ်ကလေး

ယနေ့ခေတ် TV Game ကွန်ပျူတာ Game တွေကစစ်ဖြစ်ခြင်း၊လူသတ်ခြင်း၊ ကလဲ့စားချေခြင်း စသည့်ဇာတ်လမ်းတွေဖြင့် ဖွဲ့စည်းထားသောကြောင့် လူ၏နှလုံးသားနှင့်ကျင့်ဝတ်သိက္ခကို ထိခိုက် ပျက်စီးစေပါ၏။ TV ကွန်ပျူတာတို့နှင့် Game စွဲနေသော ကလေးတွေကို လူမှုရေးပညာရှင်တွေက (Bionic Kids) စက်ရုပ်တစ်ပိုင်း လူတစ်ပိုင်းဟု ခေါ်ဆိုကြသည်။ ဦးနှောက်ဖွံ့ဖြိုးပေမည့် ဘဝ၏ဟန်ချက်မညီနိုင်ပါ။ အမြင်ကျယ်ပေမည့် မနက်ရှိုင်းနိုင်ပါ။ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအားနည်းနေပါသည်။ထိုရောဂါကိုဖြေရှင်းဖို့ရန်အတွက် တစ်ခုတည်းသောနည်းလမ်းမှာ မိဘများမှ မိမိရင်သွေးကိုပုံပြင်ပြောပြဖို့ပင်ဖြစ်သည်။ ဆရာကြီးမင်းသုဝဏ်ကပုံနားထောင်ချင်တဲ့ဝါသနာဟာအမျိုးဇာတ်နဲ့လည်းမဆိုင်ဘူး၊ ကာလဒေသနဲ့လည်း မဆိုင်ပါ။ ကလေးတိုင်း ဝါသနာပါသောအရာပင်ဖြစ်သည်။ ဆရာအောင်သင်းကလည်း ပုံပြင်တွေဟာ လောကကို ယုံကြည်စိတ်ချစေတယ်အသိုင်းအဝိုင်းတစ်ခုထဲမှာ ပါဝင်နေတယ်လို့ခံစားရတယ်၊မေတ္တာဓါတ်ကိုရတယ်၊ လောကကို အကျိုးပြုချင်တဲ့စိတ်တွေ ဖွံ့ဖြိုးကြီးထွားစေတယ်။ ရသလည်းခံစားရသလို၊ ကစားနည်းတစ်မျိုးလည်းဖြစ်တယ်ဟုရေးသားခဲ့သည်။ ကမ္ဘာကျော် ဘောလုံးသမားဒေးဗစ်ဘက်ဟမ်းက သူရေးသော (My World) စာအုပ်တွင် သူ့သားများအား ပုံပြင်စာအုပ်ဖတ်ပြတယ်ဟု ရေးသားထားသည်။ ပုံပြင်တွေက ရသခံစားချက်များနှင့်အတူအဆိုးအကောင်း၊ ဓမ္မ၊ အဓမ္မခွဲခြားနိုင်လောက်အောင် စွမ်းဆောင်နိုင်ရုံသာမက ဟာသနဲ့ဉာဏ်ပညာကိုပါ ရရှိစေပါတယ်။ ပုံပြင်သည် မိဘနဲ့သားသမီးတို့ကို ရင်းနှီးနွေးထွေးစေသောအရသာကိုရစေပြီးလျှောက်လမ်းရမည့် ဘဝလမ်းခရီးအတွက် အစမ်းလေ့ကျင့်ခန်းလုပ်သလို ဖြစ်သွားပါသည်။ ဣသရေလလူမျိုးများက ညဘက်တွေမှာ အဘိုးအဘွားများကမြေးများကို ပုံပြင်ပြောရင်းမှ လူမျိုးများ၏ဓလေ့ထုံးစံ၊ ယဉ်ကျေးမှုနှင့်ဘုရားသခင်၏ ပို့ဆောင်တော်မူသော ဘ၀အတွေ့အကြုံများကို နှုတ်တိုက်ပြောကြားခြင်းတို့ဖြင့် မိမိ၏အိမ်ကိုစိမ်းလန်းစိုပြေအောင် ပြုလုပ်ပေးနိုင်ခဲ့သည်။ ယခုခေတ်လူတွေကော ပုံမှပြောတတ်ကြသေးရဲ့လား မသိတော့ပါ။ မိဘများသည် မိုးလင်းမိုးချုပ် အလုပ်ထွက်လုပ်ပြီး အိမ်ပြန်လာလျှင် မောပန်းကာ သားသမီးများကို အချိန်မပေးနိုင်ဘဲ TV မှထုတ်လွင့် သောကိုးရီးယားဇာတ်လမ်းတွဲများကိုကြည့်ပြီး အိပ်ကြပါတော့၏။ အိပ်ခါနီး နာရီဝက်လောက် အချိန်ပေးကာ မိမိရင်သွေးများအား အိပ်ရာဝင်ပုံပြင်နှင့် သမ္မာကျမ်းစာမှပါဝင်သော အကြောင်းအရာများကို ပြောကြားခြင်းတို့ဖြင့် မိမိ၏ အိမ်ကို စိမ်းလန်းစိုပြေလာအောင် ပြုလုပ်ဖို့ရန်မှာမိဘတိုင်း၏ တာဝန်ဖြစ်ပါ၏။ ယနေ့ ငါမှာထားသော စကားကို နှလုံးသွင်းရမည်။ ထိုစကားကို သင်၏သားသမီးတို့အား ကြိုးစား၍ သွန်သင်ရမည်၊အိမ်၌ ထိုင်လျက်နေသည်ဖြစ်စေ ခရီး၌ သွားသည်ဖြစ်စေ၊ အိပ်လျက်ထလျက်ရှိသည်ဖြစ်စေ ထိုစကားကိုပြောရမည်။ (တရားဟော ၆း၆-၇)။တီဗီ၊ ဗီဒီယိုတို့ကို နာရီပေါင်းများစွာ ကြည့်ရှုသော ကလေးများသည် အသိဉာဏ်နှင့် ဘက်စုံဖွံ့ဖြိုးမှုတို့ကို များစွာထိခိုက်စေပါသည်။အထူးသဖြင့် တီဗီဂိမ်းများများကစားသူသည် ကျန်းမာဖွံ့ဖြိုးမှုကို အားပေးသောတက်ကြွစွာလှုပ်ရှားမှုကို ဆုံးရှုံးရပါသည်။ ဒေါက်တာမြင့်သန်း(ညောင်လေးပင်) က တီဗီနှင့်ကျန်းမာရေးဆောင်းပါးတွင် နှစ်နှစ်အောက်ကလေးများ တီဗီမကြည့်ရဟု အကြံပေးထား၏။ အကြောင်းမှာ ကြာကြာစာထိုင်ဖတ်နိုင်မှု အားနည်းစေပြီးဦးနှောက်အတွင်းရှိ ကလပ်စည်းများထိခိုက်ပျက်စီးစေကြောင်းကို ဖော်ပြထားသည်။ တီဗီကို အချိန်အနည်းငယ်ကြည့်ရုံမျှဖြင့် ပြဿနာမဖြစ်နိုင်သော်လည်း ကြာမြင့်စွာကြည့်ပါကမျက်ကြောတက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ တစ်ကိုယ်တည်းနေတတ်လာခြင်း၊(ကြာလျှင် စိတ်ဖိစီးမှုကြုံလာရသော စိတ်ကျရောဂါခံစားရတတ်သည်)

ထိုအရာများကိုဖြေရှင်းနိုင်ဖို့ရန်မှာ တစ်ခုတည်းသောနည်းလမ်း မီဒီသားသမီးများအား ပုံပြောပြပေးပါ။ သူငယ်သွားရာလမ်းဝ၌ သူ၏ မျက်စိကို ထိန်းချုပ်လမ်းတည့်ပေးခြင်းဖြင့် သူသည်ဆိုသောအခါ သမ္မာတရား၌မွေ့လျော်အသက်ရှင် သူဖြစ်လာလိမ့်မည်ဟု ယုံကြည်မိပါသည်။

(၂) နှီးဒေါင်းလန်းတွေ နှင့် အိမ်ကလေး

တစ်နေ့က စာရေးသူတို့ မိသားစုအိမ်မှာ စုံစုံညီညီရှိနေတုန်း၊နံနက်စာထမင်းဝိုင်းပြင်ပြီး စားဖို့ ထိုင်လိုက်သည့်အခါ ဇနီးသည်က “စားထားနှင့်အဝတ်လျှော်ချင်လို့ပြီးမှ စားမယ်” လို့ပြောသည့်အခါတွင် စာရေးသူ၏ စိတ်ထဲဘယ်လိုမှအလိုမကျနိုင်တော့ပါဘူး။ ဒါတွေ နောက်မှလျှော် အခု စားလို့ပြောတော့မှ အတူတူစားဖြစ်ခဲ့သည့်ထမင်းဝိုင်းသည် ဟင်ကောင်းတာ၊ မကောင်းတာအပထား၍ ထမင်းဝိုင်းဆိုလျှင် မိသားစုစုံညီစွာပဲ စားချင်မိပါသည်။ ထမင်းထပ်ခူးကြ၊ ဟင်းချိုထခပ်ကြ၊ ဟင်းခွက်လက်ချင်းဆုံလိုက်ကြ၊ နီးကပ်စုစည်းတဲ့အရသာ ဒိုးတူပေါင်ဖက်အရသာသည်မိသားစုထမင်းဝိုင်းမှသာ ရရှိနိုင်ပါ၏။ အိမ်များကို ပျော်စရာကောင်းအောင် လုပ်သည့်အထဲမှာ မိသားစုထမင်းဝိုင်းကအဓိကကျပါသည်။ စာရေးသူသည် ငဖဲရိုးမအမ်းတောင်ကြားလမ်းရှိ ဘုံဘောအသင်းတော်မှာအမှုတော်ဆောင်ခဲ့စဉ်က အဖြစ်အပျက် တစ်ခုအားဖော်ပြပါရစေ။ ရွာသူရွာသားများထမင်းစားသည့်အခါ ပန်းကန်မပါ၊ ခွက်မပါ၊ ထမင်းကိုနှီးဒေါင်းလန်းကြီးဖြင့်စားသည့်အခါ စာရေးသူက ကျန်းမာရေးရှုထောင့်ကမကောင်းဘူးလို့ အကြံပေးသည်တွင် “ဆရာတို့ ရန်ကုန်မှာ မိဘနဲ့ သားသမီး၊ သမက်နဲ့ချွေးမ စကားများတဲ့အခါရှိသလားဟု မေးမြန်းရာ ရှိတာပေါ့ လူပဲလို့ ပြန်ပြောရာ ထိုသူက ထမင်းကို ပန်းကန်ပြားနဲ့ စားတဲ့အတွက်ဖြစ်တယ်။ ငယ်ငယ်ကတည်းက နှီးဒေါင်းလန်းကြီးနဲ့ စားရင် ဒီလိုမဖြစ်ဘူး၊နှီးဒေါင်းလန်းကြီးနဲ့ထမင်းစားတာဟာ လက်ရည်တပြင်တည်း၊ စည်းလုံးညီညွတ်ခြင်း အဓိပ္ပါယ်ဆောင်တဲ့အတွက် မိသားစုအချင်းချင်းဘယ်တော့မှစိတ်ဝမ်းမကွဲနိုင်ဘူး” လို့ ပြန်ဖြေကြားခဲ့ပါ၏။ အခုခေတ်မှာ မြို့ပြ အိမ်ရာတွေ ဖွံ့ဖြိုးလာသောကြောင့် အချို့မိသားစုအသိုက်အဝိုင်းတွေထဲမှာဒေါင်းလန်းကြီး အဓိပ္ပါယ်များပျက်ယွင်းစပြုနေပါပြီး အိမ်သူအိမ်သားတွေထမင်းအတူတူမစားဖြစ်ကြတော့ပါ။ မိတ်ဆွေတစ်ယောက်၏ အိမ်မှာဟင်းခွက်တွေများစွာကို အုပ်ဆောင်းကြီးနဲ့ အုပ်ထားသော်လည်း မိသားစုအတူတူ ထမင်းမစားဖြစ်ကြတော့ပါ။ စက်ရုံကိုသွားရသည့် အဖေ၊ ဆေးရုံတစ်ရုံမှာ အလုပ်သင် သွားနေရသောသမီးကြီး ကွန်ပျူတာဆိုင်ဖွင့်ထားသောသား၊ ဘာသာစကားသင်တန်းတက်နေသောသမီးငယ်၊ မိသားစုများက ထွက်သွားချိန်၊ ပြန်လာချိန်မတူကြတော့ပါ။ ထမင်းကို ဘူးဖြင့်ယူချင်သည့်သူယူ၊ ခူးခပ်စားသွားသူကသွား၊ အပြင်မှာ ဝယ်စားမှအဆင်ပြေသူက အပြင်မှာဝယ်စား၊ တစ်လတစ်ကြိမ်တောင် မိသားစု စုံစုံညီညီထမင်းအတူတူမစားဖြစ်တော့ပါ။ သူတို့လို မိသားစုမျိုးတွေ၊ မြို့ပြမှာအများကြီး ရှိပါ၏။ ငွေ(သို့) ပညာ သို့မဟုတ် အောင်မြင်မှုတစ်ခုခုကိုလိုက်ရှာရင်းမှ လူတွေကထမင်းဝိုင်းမှာမဆုံဖြစ်တော့ပေ သည်လိုဖြစ်နေချိန်မှာ တစ်ပါတ်တစ်ခါဖြစ်ဖြစ် နှစ်ခါဖြစ်ဖြစ်မိသားစုတွေသည် ထမင်းဝိုင်းမှာ ဆုံဖြစ်အောင် အစီအစဉ်ဆွဲထားသင့်ပါ၏ ထမင်းဝိုင်းမှာ ရယ်မောကြ၊ စားသောက်ကြလျှင် ရင်ဘတ်ချင်းပိုမိုနီးကပ်ကြ၊ ပိုပြီး မေတ္တာ အကြင်နာဖွံ့ဖြိုးလာကြ၍ စိတ်၏ပျော်ရွှင်မှု၊ လုံခြုံမှုတွေကို ထမင်းဝိုင်းမှသာရရှိနိုင်ပါသည်။ စာရေးသူငယ်ငယ်က ထမင်းဝိုင်း လူမစုံလျှင်ဘယ်တော့မှမစားရပါ။ တစ်ယောက်တစ်လေလိုနေလျှင် အဖေက မျက်နှာမကောင်းတော့ပေ။ ခုတော့ နှီးဒေါင်းလန်းကြီးတွေမရှိတော့ သည့်ခေတ်၊ ဘယ်လိုပင် ခေတ်ပညာတွေ ဖွံ့ဖြိုးဖွံ့ဖြိုး၊ ဘယ်လိုပဲအလိုရမ္မက်နောက်ကို လိုက်ရလိုက်ရ မိသားစုအရသာပြည့်ဝဖို့အတွက် လက်ရည်တစ်ပြင်တည်း ထမင်းဝိုင်းကလေးကိုတော့ တတ်နိုင်သမျှ ဆုံဆည်းအောင်ကြိုးစားဖို့က အိမ်သူ “အိမ်သားအားလုံးရဲ့တာဝန်ပါ မိမိနေထိုင်သောအိမ်ကို စိမ်းလန်းဖို့၊ ငြိမ်းချမ်းဖို့အတွက်သာ ဖြစ်ပါသည်။

(၃)တာဝန် ကို ယ်စီနှင့် အိမ်ကလေး

မိသားစုတစ်ခုမှာ နေထိုင်သော အိမ်သူ၊ အိမ်သားများသည်တာဝန်ကိုယ်စီ ကျေပြွန်စွာ ထမ်းဆောင်မှသာ အိမ်ဆိုသည်က ပျော်ရွှင်ချမ်းမြေ့မှာဖြစ်ပါသည်။ တာဝန်မကျေပြွန်သောမိဘကြေင့် သားသမီးတွေ မျက်နှာငယ်ရတာမျိုး၊ သားသမီတွေမသိတတ်တာကြောင့် မိဘတွေမျက်နှာပျက်ရတာမျိုး မဖြစ်အောင် အသက်ရှင်ရပါမည်။ မိဘများကအရွယ်ရောက်လာသောသားသမီးကို သူအရွယ်နဲ့သူလိုက်ဖက်သော တာဝန်ပေးမှု ရှိရပါမည်။

သားငယ်ငယ်တုန်းက အဖေသည် ကိုယ်တိုင်ရေချိုးပေးရမှ အင်္ကျီဝတ်ပေးရမှ ဆိုသည်ဆန္ဒရှိသော်လည်း အလယ်တန်းကျောင်းသားဖြစ်လာသောအခါ သားကို အဖေကလုပ်မပေးချင်တော့ပါ။ ရေကို ကိုယ့်ဖာသာကိုယ်ချိုး၊ အင်္ကျီအား ကိုယ်ဖာသာကိုယ်ဝတ်စေပါသည် ပြီးတော့ တစ်ပိုင်တစ်နိုင် အလုပ်ကလေးတွေမှာ သားတို့ပါဝင်လာဖို့ရန် အဖေအလိုရှိပါ၏။ကိုယ်တတ်နိုင်တဲ့ဝန်ကို ကိုယ်တိုင်ထမ်းချင်တဲ့ စိတ်ဓါတ်ဟာ မိသားစုအတွင်း ပြုစုပျိုးထောင်သင့်တဲ့ စိတ်ဓါတ်ပင်ဖြစ်ပါသည်။ စင်္ကာပူဝန်ကြီးချုပ် လီကွမ်ယု (၁၉၅၉-၁၉၉၀) ဝန်ကြီးဖြစ်ခါစတွင် အစိုးရမှပေးသောအစ်စတာနာအိမ်မှာ သွားမနေဘူးလို့ ဆုံးဖြတ်ခဲ့ပါသည်။ အကြောင်းမှာသူ၏သားသမီးတွေ အခိုင်းအစေတွေ၏ ဦးစားပေးမှု၊ အယုအယတွေကြားမှာ မထားလိုသည့်အတွက် ဖြစ်ပါ၏။ ဘဝမှာ အသာစီးနေလိုသောစိတ်နှင့် ကိုယ်ထမ်းရမည့်တာဝန်ကို အခြားသူအပေါ် တင်လိုချင်သည့်စိတ်မျိုးဝင်သွားမှာ စိုးရိမ်သည့်အတွက်ဖြစ်ကြောင်း သက်သေခံခဲ့ပါ၏။လူဘဝမှာအသာစီးရလိုတဲ့စိတ်အားမိသားစု နေ့စဉ်ကိုယ်တာဝန် ကိုယ်ကျေပွန်စွာ ထမ်းဆောင်ရင်းဖြင့် တိုက်ဖျက်ရမည်။ မြန်မာလူအဖွဲ့အစည်း၏ အချို့သောမိခင်များမှာ သားသမီးများကို ဘာမျှပေးမလုပ်ဘဲ အားလုံးတာဝန်ကို သူတစ်ယောက်ထဲသာလုပ်ပြီး သူ့မေတ္တာကြီးမားကြောင်းကိုပြသခဲ့၏။ ထိုသည်က စေတနာ မှားသည့်လုပ်ရပ်ပါ။ သားသမီးများကိုသူ့အရွယ်နှင့်သူ လိုက်ဖက်သော တာဝန်များကိုပေးအပ်ရင်းမှ စိမ်းလန်းသောမိသားစုဖြစ်လာအောင် တာဝန်ကိုယ်စီကျေပွန်စွာ ထမ်းဆောင်ဖို့ရန် လိုအပ်ပါကြောင်း ယုံကြည်မိပါသည်။

(၄) ဓမ္မသီချင်းတွေနှင့် အိမ်ကလေး

ငှက်ကလေးတစ်ကောင်တစ်လေ၏ တေးဆိုသံမကြားရသည့်တောလိုမျိုးပင် သီချင်းသံမကြားရသည့် အိမ်ကသွေ့ခြောက်နိုင်လွန်းလှပါ၏။ လောကမှာသီချင်းဆိုသံသည် စိမ်းလန်းသောမိသားစုတိုင်းမှာရှိနေရမည့် အရာတစ်ခုပါ၊ စာရေးသူနံနက် စောစောထချိန်တွင်အိမ်ဘေးနားကသစ်ပင်မှာစာငှက်များ၏အသံကိုကြားရလျှင် စိတ်ကိုကြည်နူးစေပါ၏။

အဲဘတ် အိုင်းစတိန်း(Albert Einstein) သည် ရူပဗေဒပုစ္ဆာတွေနှင့်ခေါင်းထဲရှုတ်ထွေးသည့်အခါ တယောပြားကလေးပေါ်မှာ ဘိုးတံကို တင်လိုက်သည်နှင့် အဖြေအသစ်များနှင့် စိတ်ကြည်လင်မှုကို ဖြစ်ပေါ်စေသည်လို့ ဖော်ပြခဲ့ပါ၏။ ဂီတသည်လူတွေ၏ ဉာဏ်ပညာ၊ ခြေကုန်လက်ပန်းကျမှုနှင့် စိတ်ဓါတ်ခြောက်သွေ့မှုကို ကုစားနိုင်သော ဆေးတစ်ခွက်ပင်ဖြစ်သည်။ ဆရာမြသန်းတင့်က ဂီတ (သီချင်းဆိုခြင်းဟာ စိတ်ကို ဆေးကြော သန့်စင်ပေးသော အလုပ်ဟု ဘာသာပြန်ဆိုခဲ့သည်။ ဂီတနဲ့ ပတ်သက်မှုတွင် စမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့ပါ၏။ ပန်းခင်းနှစ်ခင်းတွင် တစ်ခင်းမှာ ငြိမ့်ညောင်းသည့် ဂီတသံတွေကို အမြဲဖွင့်ထားပြီး၊ ပန်းပွင့်သည့်အခါသီချင်းတွေနဲ့ ပန်းခင်းက ပိုပွင့်ကြပါသည်။ ထိုနည်းတူ ဥစားကြက်ခြံမှာလည်း သီချင်းတွေနှင့် ကြက်တွေကပိုဥကြပါသည်။ ယခုခေတ် ဆေးသိပ္ပံပညာရှင်များ၏ အဆိုမှာ မိခင်လောင်းတွေသည် ကိုယ်ဝန်ဆောင်စဉ်အချိန်၌ ငြိမ့်ညောင်းသည့် သီချင်းသံကို နားထောင်သင့်သည်လို့ ပြောပါသည်။ ဂီတနှင့်နေထိုင်သည့် ကလေးဟာ ဉာဏ်ရည်ပိုမိုထက်တယ်လို့လက်ခံလာကြသည်။ စာရေးသူ ငယ်ငယ်တုန်းက လမ်းထဲက အိမ်တွေမှာညရောက်လာလျှင် အိမ်တိုင်းနီးပါး ညဝတ်ပြုကိုးကွယ်ရာ သီချင်းသံများအား အစီအရီ ကြားခဲ့ရပါ၏။ သည်တုန်းကရေဒီယိုပဲရှိနေသည့်အချိန်ပါ။ယခုခေတ်မှာတော့ ညဝတ်ပြုကိုးကွယ်ရာညအချိန်ကို တီဗီဇာတ်လမ်းတွဲတွေက အစားထိုးလာကာ ညဝတ်ပြုကိုးကွယ်သည့် သီချင်းသံများမှာမကြားရသလောက်ဖြစ်ခဲ့ရပါ၏။ “ယေရှု၏ မိသားစုဆောင်ပုဒ်မှာ ငါနှင့်ငါ့အိမ်သားဖြစ်လျှင် ထာဝရဘုရားကိုသာ ဝတ်ပြုကိုးကွယ်မည်” (ယောရှု ၂၄း၁၅)။

(၅) ဘု ရားသခင်နှင့် အိမ်ကလေး

ထာဝရဘုရားသည် အိမ်ကိုဆောက်တော်မမူလျှင် ဆောက်သောသူတို့သည် အချည်းနှီးလုပ်ဆောင်ကြ၏။ (ဆာလံ ၁၂၇း၁-၂)။ ဓမ္မပညာရှင်တစ်ဦးက ချစ်ခြင်းမေတ္တာကင်းမဲ့သွားလျှင် အိမ်(သို့) မိသားစုဆိုသည်မှာ ဘုရားသခင်ရှေ့မှာ မရှိတော့ပါ၊ အိမ်မှာနေထိုင်သောသူများသည် တစ်ဦးနှင့်တစ်ဦး ချစ်ခြင်းမေတ္တာနှင့် ပတ်ရစ်ချည်နှောင်ကာအသက်ရှင်ပါမှ ဘုရားသခင်ရှေ့မှာအိမ်ဖြစ်ပြီး ကောင်းချီးမင်္ဂလာခံစားရမှာဖြစ်ပါ၏။ အိမ်သားများသည် လူသားများဖြစ်သည့်အတွက် တစ်ဦးနှင့်တစ်ဦးအပေါ်မှာအပြစ်တင်မြိုငြင်တာ ရှိကြမှာဖြစ်ပေမယ့် နားလည်မှုအပြည့်နဲ့ခွင့်လွှတ်ပြီး အသက်ရှင်ဖို့သာ အရေးကြီးကြောင်း အဖြစ်အပျက်တစ်ခုအားဖြင့် ဖော်ပြပါရစေ။ တစ်ခါက အိမ်ထောင်ကျခါစ ဇနီးမောင်နှံနှစ်ဦး နေထိုင်သော အိမ်၌ဇနီးသည်၏ အမေနေမကောင်းဖြစ်သည့်အတွက် ရွာပြန်ဖို့ အကြောင်းဖန်လာကာဇနီးသည်က ခရီးမသွားခင်ခင်ပွန်းသည်အတွက် စားစရာတစ်ပတ်စာ ရေခဲသေတ္တာအပြည့် ထည့်ထားပြီး ခရီးပြုရာတွင် ခင်ပွန်းသည်က ဇနီးသည်ပြင်ဆင်ထားပေးသောစားစရာများကို ဖြစ်သလို ချက်ပြုတ်စားသောက်ကာ တစ်ညတွင် ကော်ဖီသောက်ချင်တဲ့အတွက် နို့ဆီကုန်သဖြင့် လမ်းထိပ် စတိုးဆိုင်သို့သွားဖို့ပြင်ရာတွင် မီးပြတ်သွားသည့်အတွက် ဖယောင်းတိုင် ၅ တိုင်ထွန်းပြီးထွက်သွား၏။ ပြန်ရောက်သော အခါအခန်းက အနည်းငယ် မှောင်နေပြီးတံခါးဖွင့်ကြည့်ရာတွင် ဖယောင်းတိုင်လေးတိုင်ကမီးငြိမ်းနေပြီး မီးမငြိမ်းသော ဖယောင်းတိုင်မှ အလင်းရောင်ကသာ တစ်ခန်းလုံးအတွက် အလင်းရောင် ပေးပါသည်။ ဖယောင်းတိုင်တွေမှာ နံမည် ကိုယ်စီနှင့်ပါ။ ငြိမ်းသွားသောဖယောင်းတိုင်များက (၁) ချစ်ခြင်း (၂) မေတ္တာ (၃) ကိုယ်ချင်းစာတရား (၄) မုဒိတာများဖြစ်ပြီးအရေးကြီးပြီး မငြိမ်းသော ဖယောင်းတိုင်၏အမည်မှာ နားလည်မှုပင်ဖြစ်သည်။ စာရေးသူက ဆိုချင်သည်မှာ “နားလည်မှုတည်းဟူသော ဖယောင်းတိုင်ရှိလျှင် ချစ်ခြင်း၊ မေတ္တာ၊ ကိုယ်ချင်းဇာတ ရား၊ မုဒိတာ ဖြစ်ပေါ်လာနိုင်တယ်။ နားလည်မှုတည်းဟူသော(ယောင်းတိုင်ကို ဘ၀မှာဘယ်တော့မှ မငြိမ်းလိုက်ပါနှင့် မိသားစုအိမ်မှာနားလည်ပေးမသာမိဘ၊ မောင်နှမများရှိသည်က ကျေးဇူးတော်ပါ၊ လုပ်ငန်းခွင်မှာ နားလည်ပေးသော လုပ်ဖော်ဆောင်ဖက် အလုပ်ရှင်ရှိတာပျော်ရွှင်စရာပါ။ နားလည်မှု ရှိသော ပတ်ဝန်းကျင်သာ ပျော်ရွှင်ဝမ်းမြောက်စရာပါ။ ဒါပေမယ့် ကိုယ့်ကိုနားလည်ပေးသော မိခင်ကို စိတ်ပျက်အောင် မနေဖို့က သားသမီးများရဲ့တာဝန်ပါ။ ကိုယ့်ကို နားလည်ပေးသောသူကို တန်ဖိုးထားပြန်လည်အသက်ရှင်မှသာ ပျော်ရွှင်ဝမ်းမြောက်မည်ဖြစ်ပါတယ်။” တစ်ဦးနှင့်တစ်ဦး နားလည်မှု အပြည့်ဖြင့် တည်ဆောက်ထားသော အိမ်သည်သာ ဘုရားသခင်၏ကောင်းချီးမင်္ဂလာကိုခံစားရမှာ မုချဧကန်ပင်ဖြစ်ပါသည်။ ဓမ္မပညာရှင်တစ်ဦးက အိမ်ဆိုသည်မှာ – ဘယ်လောက်ဖြည့်ဖြည့်မပြည့်နိုင်သော နေရာပင်ဖြစ်ပါသည်။ သို့သော် ဘုရားသခင်ကိုဖြည့်လိုက်ပါ အိမ်မှာလိုအပ်မှုများရှိပေမည့် အားလုံးအဆင်ပြေသွားမှာ ဖြစ်ပါသည်။ အိမ်၏ အဓိကအရေးကြီးဆုံးသော အချက်မှာဘုရားသခင်ပင်ဖြစ်သည်။ အဖြစ်အပျက်တစ်ခု ဖော်ပြပါရစေ တစ်ခါကဇနီးမောင်နှံနှစ်ဦးနှင့် ဇနီးသည်၏မိခင်ရှိသော အိမ်မှဖြစ်ရပ်တစ်ပုဒ်ဖြစ်သည်။ အိမ်မှာ သမီးနှင့်အမေရှိနေသောနေ့ခင်းအချိန်တွင် ခြံတံခါး၌လူသုံးဦးတံခါးလာခေါက်ရာတွင် သွားရောက်ဖွင့်ပေးသော ဇနီးသည်ကဘယ်သူနဲ့တွေ့ချင်သလဲဟု မေးမြန်းရာ ထိုသူတို့က “မင်းတို့ အိမ်သားစုံလား၊ စုံမှငါတို့ သုံးယောက်မင်းတို့ အိမ်ထဲဝင်လာမှာ ဒါပေမယ့် ငါတို့သုံး ယောက်စလုံးမဝင်ဘူး၊ တစ်ယောက်ထဲဝင်မှာ ကြိုက်တဲ့ လူကိုရွေးချယ်ခွင့်ရှိတယ်။ ငါတို့ သုံးယောက်နံမည်က (၁) ဦးမေတ္တာ (၂) ဦးဓန (၃)ဦးအောင်မြင်တို့ဖြစ်တယ်။ ညနေမှာ မင်းအမျိုးသားပြန်လာတဲ့အချိန်မှတစ်ခေါက်ပြန်လာမယ်”ဟုပြောပြီးထွက်သွား၏။ ညနေ ခင်ပွန်းသည်ပြန်ရောက်သောအခါ ဇနီးသည်က နေ့ခင်းကအဖြစ်အပျက်ကို ပြောကြားရာတွင် ခင်ပွန်းသည်က ဇနီးသည်အား မင်းဆိုလျှင် ဘယ်သူကို ရွေးမှာလဲဟု မေးလိုက်ရာ ဇနီးသည်က ဦးဓနဟုပြန်ပြောခဲ့သည်။ အကြောင်းမှာသူ၏အိမ်ကို ဓနဥစ္စာနှင့်ပြည်စုံစေချင် သောကြောင့် ဖြစ်သည်။ ဇနီးသည်၏သဘောထားကို ခင်ပွန်းသည်ကသိရှိသွားသည့်အခါ မျက်စိမျက်နှာပျက်နေသောကြောင့် ရှင်ကဘာရွေးချင်တာလဲဟု မေးမြန်းရာ ခင်ပွန်းသည်က “ငါသာရွေးချယ်ခွင့်ရရင်ဦးအောင်မြင်ကိုရွေးချယ်မှာ။ အဘယ်ကြောင့်ဆိုသော် ငါ့ဘဝရဲ့ အိပ်မက်က အောင်မြင်ကျော်ကြားတဲ့မိသားစုဖြစ်ချင်လို့” ဟုဖြေကြားခဲ့သည်။ သားနှင့်သမီး၏ သဘောထားကို သိရှိအပြင်းအထန်ကန့်ကွက်ပါသည်။ “သမီး ဦးဓနကို မရွေးနဲ့အမေတို့ ရပ်ကွက်ထဲမှာ သိန်းထောင်နဲ့ ချီချမ်းသာတဲ့သူတွေကို သမီးကြည့် ပိုက်ဆံအများကြီးသုံးနေရပေမယ့် သူတို့ဘဝက ပိုက်ဆံရဲ့ ပူလောင်ခြင်းကြောင့် ပင်ပန်းစွာကျော်ဖြတ်နေတယ်။ သား၊ မင်းလည်း ဦးအောင်မြင်ကို မဖိတ်နဲ့တော့ အောင်မြင်တဲ့သူအားလုံး ဘဝမှာလွတ်လပ်မှုမရှိတော့ဘူး အမေကတော့ ဦးမေဘဲရွေးလိုက်တယ်။” ထိုအချိန်မှာ အိမ်ရှေ့မှာ လူသုံးယောက်ရောက်လာပြီးတံခါးလာခေါက်ရာတွင် ဇနီးသည်ကဖွင့်ပေးပြီး “ငါတို့အိမ်က ဦးမေတ္တာကိုရွေးလိုက်ပြီးမို့ ကျန်တဲ့သူနှစ်ယောက်ပြန်လို့ရပြီ”ဟု ပြောလိုက်သောအခါမှာ ဦးမေတ္တာက ဦးဆောင်ပြီးကျန်သည့် လူနှစ်ယောက်က နောက်ကလိုက်လာ၏။ ဦးမေတ္တာက “အိမ်ထဲ ရောက်မှရှင်းပြမယ်” ဟု ပြောခဲ့၏။ အိမ်ထဲမှာ ဧည့်သည် သုံးယောက်၊အိမ်ရှင်သုံးယောက်ပါ။ဦးမေတ္တာက “မင်းတို့အိမ်ဟာပညာရှိနဲ့ တူတဲ့အိမ်ပဲငါတို့သုံးယောက်စလုံး လူတစ်ဦးစီရဲ့ ဘဝတွေမှာ တံခါးလိုက် ခေါက်နေတာ၊ လူအများစုက ငွေရရင်ပြီးရော၊ အောင်မြင်မှုရရင်ဘဝမှာ ဘာပဲပေးဆပ်ရပေးဆပ်ရ ရွေးချယ်ကြပါတယ်။ ဦးဓန၊ ဦးအောင်မြင်ကို ရွေးချယ် ရင်တစ်ယောက်ထဲ ဝင်လာမှာပါ။ဘုရားသခင်မပါတဲ့ ငွေကြေးချမ်းသာကြွယ်ဝမှု၊ ဘုရားသခင်မပါတဲ့ အောင်မြင်မှုတွေက လူ့ဘဝရဲ့တန်ဖိုးတွေကို ပျက်စီးစေပါတယ်။ မင်းတို့အိမ်က ဦးမေတ္တာကို ထိပ်ဆုံးကဖိတ်တဲ့အတွက် အောင်မြင်မှုရော၊ ဓနဥစ္စာပါ အိမ်ထဲ ရောက်နေပြီ”ဟုရှင်းလင်း ပြောပြခဲ့သည်။ စာဖတ်သူပရိတ်သတ်လည်း မိမိအိမ်မှာ ဘာကိုဖိတ်ခေါ်ထားပါသလဲ။ ဦးမေတ္တာတည်းဟူသော ဘုရားသခင်ကိုရွေးချယ်ဖို့အိမ်သူ၊ အိမ်သားအားလုံး၏ တာဝန်ပင်ဖြစ်ပါသည်။ ဘုရားသခင်သည်ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏။ (၁ယော ၄း၈)။ အိမ်ဆိုသည်မှာ ပြဿနာအများဆုံးကိုနေ့စဉ်နဲ့အမျှ ဖြေရှင်းရင်ဆိုင်နေရသောနေရာပင် ဖြစ်သည်။ပြဿနာကိုဖြေရှင်းပေးနိုင်သောဘုရားသခင်ကို ဦးထိပ်ထားပြီး အသက်ရှင်နိုင်မှသာ ၂၁ ရာစု အိမ်ထောင်များမှာ လောကဓံရဲ့ ဖိစီးမှုများစွာကို ကြံ့ကြံ့ခံနိုင်ပြီးလျှင် ဘုန်းတော်ထင်ရှားစွာဖြင့် အသက်ရှင်နေနိုင်မှာဖြစ်ပါသည်။ အကြင် သူသည် ငါဟောပြောသော ဤစကားကိုကြား၍နားထောင်၏ ထိုသူသည် ကျောက်ပေါ်မှာအိမ်ဆောက်သော ပညာရှိနှင့်တူကြောင်းကို ငါပုံပြမည်။ မိုးရွာ၍ ရေစီးသည်နှင့် လေလာ၍ ထိုအိမ်ကိုတိုက်သည်ရှိသော် ကျောက်ပေါ်မှာတည်သောကြောင့် မပြိုမလဲနေ၏။

(မဿဲ ၇း၂၄-၂၅)။

စိမ်းစိုလန်းဆန်းသောမိသားစုနှင့် ပျော်ရွှင်ဖွယ် ကောင်းသောခရစ်ယာန်အိမ်ထောင်ဖြစ်ဖို့ရန်မှာ ချစ်ခြင်းမေတ္တာ၊ နားလည်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် သည်းခံမှုများကသာလျှင် အိမ်ထောင်တိုင်းအတွက်အရေးအကြီးဆုံး လိုအပ်သောအရာများပင်ဖြစ်ပါသည်။ စာဖတ်သူ ဓမ္မပရိသတ်အားလုံးတို့သည် စိမ်းလန်းစိုပြေပြီးဘုန်းတော်ထင်ရှားသော အိမ်ထောင်များကို တည်ဆောက်နိုင်ပါစေဟု ဆန္ဒပြုရင်း ဝေငှခြင်းကို နိဂုံးချုပ်လိုက်ပါသည်။

မှီငြမ်း

ဆရာမောင်သာချို (စိမ်းလန်းသောမိသားစု)

Rev.ဆရာဦးထွန်းထွန်းအေး

ထိန်းချုပ်ကာကွယ် တီဗီ၊ ဗီဒီယိုစွဲလန်းမှုအန္တရယ်

ဆရာကြီးယုဒသာန် (မြန်မာကျမ်းစာ)

ခရစ်တော်မွေးနေ့ပွဲ (Christmas Day)

သခင်ခရစ်တော်၏မွေးနေ့မွေးရက်အတိအကျကို မည်သူမျှမသိကြပေ။ ရှေးခေတ်ပညာရှင်များက သခင်ခရစ်တော်၏မွေးနေ့သည် နွေရာသီအချိန်ဖြစ်မည်ဟု ယူဆခဲ့သည်။ လွန်ခဲ့သောနှစ်ပေါင်းများစွာကသခင်ခရစ်တော်၏မွေးနေ့ကို ဇန်နဝါရီလ (၆) ရက်၊ အချို့က မတ်လ(၂၅) ရက်နေ့ အချို့တို့က ဒီဇင်ဘာလ (၂၅) ရက်၌ ကျင်းပပြုလုပ်ခဲ့ကြသည်။ ခရစ်တော်မွေးနေ့တော်ပွဲ ကျင်းပပြုလုပ်ခြင်းသည် အေဒီ ၃၃၆-ခုနှစ်တွင်ဖြစ်ကြောင်း ရှေးကနဦးရောမပြက္ခဒိန်မှ ပထမဦးဆုံး ဖော်ထုတ်တွေ့ရှိခဲ့ရသည်။ ကျင်းပသောနေ့ရက်မှာ ဒီဇင်ဘာလ (၂၅) ရက်နေ့ဖြစ်ကြောင်း ထိုပြက္ခဒိန်မှ ညွှန်ပြခဲ့သည်။ သို့သော်လည်း ခရစ်နှစ် (၃၅၄)ခုနှစ်တွင် ရောမသာသနာပိုင် (Bishop)များက ဒီဇင်ဘာလ (၂၅)ရက်ကို ပိုပြီးနှစ်သက်ယုံကြည်လေးစားကြသည်သာမက ဘုရင်မင်းမြတ်ကိုယ်တိုင်ပင် ထိုနေ့ရက်၌ ဗိမာန်တော်သို့ လာရောက်ကာ သခင်ခရစ်တော် ၏မွေးနေ့ကို ကြိုဆိုဂုဏ်ပြုသောကြောင့် ဖြစ်သည်။ ထို့နောက်ပိုင်း၌ခရစ်ယာန်အများစုက သဘောတူညီစွာခံယူလျက် ကျင်းပပြုလုပ်ခဲ့ကြသည်။ ခရစ်စိုစတော်မ် (Chysostorm)၏ စာအုပ်ထဲတွင် ဖော်ပြမှတ်တမ်းတင်ခဲ့သည့်အတိုင်း ရောမပုပ်ရဟန်းမင်း ပထမဂျူလီယပ်စ် (PopeJulius 1st) ကလည်း ဒီဇင်ဘာလ (၂၅) ရက်နေ့ကို ပိုမိုနှစ်သက်ပြီး၊ပိုမိုနီးစပ်မှုရှိသည်ဟု ကြေငြာခဲ့သည်။ ထိုအချိန်မှစ၍ ယခုထက်ထိတိုင်အောင် ခရစ်ယာန်များကထိုနေ့ရက်တွင်မွေးနေ့ပွဲကိုအတူတကွကျင်းပ ပြုလုပ်ခဲ့ကြသည်ကို တွေ့ရသည်။ သို့သော်အရှေ့ပိုင်း အသင်းတော်(Eastern Orthodxo Church)က ဇန်နဝါရီလ (၅) ရက်ကိုသာ လက်ခံသတ်မှတ်၍ ကျင်းပကြသည်။

သခင်ခရစ်တော်မွေးနေ့ ကျင်းပခြင်းအကြောင်းကို ပြန်လည်လေ့လာကြည့်လျှင် ခရစ်နှစ် (၁၁၀၀) ခုနှစ် နောက်ပိုင်း၌ စတင်ပေါ်ပေါက်လာခဲ့သည်။ ဤသို့ ခေါ်ဆိုရခြင်းသည်လည်း ‘Cristes messe’ ဟူသောဝေါဟာရမှ ဆင်းသက်လာ သည်ကို မှတ်တမ်းတင်ခဲ့သည်။ ယင်းဝေါဟာရသည် ရှေးသုံး အင်္ဂလိပ်ဘာသာစကားအားဖြင့် ‘Mass of Christ’ ဟုအဓိပ္ပါယ်ရသည်။ အများအားဖြင့် ဥရောပတောင်ဘက်တွင်စည်းဝေးပြုလုပ်သည့် အချိန်တွင် (Nativity) ဟုခေါ်ဝေါ်ကြသည်။ ဂျာမဏီပြည်မှာမူ ဆက်ကပ်ခြင်းနေ့ (Die Weihnachten)ဟုလည်း ခေါ်ကြသည်။

ခရစ်တော်မွေးနေ့တော်ပွဲ (ခရစ္စမတ်) သည် အသင်းတော်ပြုပြင်ပြောင်းလဲသောကာလ (Reformation) ဖြစ်သည့် အေဒီ-၁၅၀ဝ ပတ်ဝန်းကျင်တွင် ရေပန်းစားလာခဲ့သည်။ ထိုကာလတွင် ပရိုတက်စတင့် ဟူ၍ပေါ်ထွက်လာခဲ့သည်။ ထိုကာလမတိုင်မီ ၁၂ဝဝ ဝန်းကျင်တွင် စိန်နီကိုလပ်စ်က လက်ဆောင်များ ဝေငှပေးကမ်းသည့် အလေ့အထရှိခဲ့သည်။AD ၁၄၀၀ နှင့် ၁၅၀၀ အတွင်းတွင် အနုပညာရှင်များက ဖွားမြင်တော်မူခြင်း နိပါတ်တော် (Nativity)ကို သရုပ်ဖော်ရေးဆွဲလာခဲ့ကြသည်။အသင်းတော်ပြုပြင်ပြောင်းလဲသောကာလအတွင်းတွင် မွေးနေ့ တော်ပွဲနှင့်ပတ်သက်၍ ဘာသာရေးမဆန်သော ထုံးစံဓလေ့များ ပါဝင်နေသောကြောင့် အချို့သောခရစ်ယာန်များက တွေးတော ဆင်ခြင်လာခဲ့ကြသည်။သို့သော် ၁၆၀၀- ခုနှစ် အတွင်းအထိလက်ဆောင်များ ဝေငှလဲလှယ်ခြင်းဓလေ့ကိုတော့မူ ဆက်လက်လုပ်ဆောင်ခဲ့ကြသည်။၁၈ဝဝ ခုနှစ်အတွင်း၌မူ ခရစ္စမတ်ထုံးစံနှစ်ခုတို့ဖြင့် တိုးပွားလုပ်ဆောင်လာခဲ့ပြီးလျှင်ပို၍ ရေပန်းစားလာပြန်သည်။ ထိုထုံးစံတို့မှာ ခရစ္စမတ်သစ်ပင်အလှဆင်ခြင်းနှင့် ဆွေမျိုးမိတ်သင်္ဂဟများထံသို့ ခရစ္စမတ်သဝဏ်လွှာကတ်ပြားများ ပေးပို့ခြင်းတို့ဖြစ်ကြသည်။ ထိုကာလအတွင်း“တိတ်ဆိတ်ည၊ သန့်ရှင်းည” နှင့် နားထောင်ကောင်းကင်သားကြွေးကြော် ‘မေ့တေးများအပါအဝင် ကျော်ကြားသော ဓမ္မသီချင်းများကို လိုက်လံသီဆိုကြသည်။ လက်ဆောင်များကိုလည်း စိန့်နီကိုလပ်စ်အစား စင်တာကလော့စ်က လိုက်လံဝေငှသော ဓလေ့ဖြစ်ပေါ်လာသည်။၁၉၀၀ – ခုနှစ်အတွင်းတွင်မူ ခရစ္စမတ်ပွဲတော်ကျင်းပခြင်းသည်တိုးတက်အရေးပါလာပြီး၊ အလုပ်သဘောဆန်လာလျှင် မတွေ့ရသည်။

ယနေ့ခေတ်ကာလတွင် ကုမ္ပဏီများက ခရစ္စမတ် အမခင်မောင်များ၊ မီးရောင်စုံများနှင့် အခြားသောအလှဆင်ပစ္စည်းများကို တစ်နှစ်ပတ်လုံး ထုတ်လုပ်လာကြသည်။ အချို့တို့ က ခရစ္စမတ်သစ်ပင်များကို စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ် ရောင်းချလာကြသည်။ အချို့ဈေးဆိုင်များ၊ စတိုးများက ခရစ္စမတ်ပွဲတော်ကာလအတွင်း လုပ်သား ကို၊၍ ခန့်ထားပြီး၊အရောင်းမြှင့်တင်မှုများ ပြုလုပ်လာကြသည်။တစ်ခါတစ်ရံ ခရစ္စမတ်ဟူသော ဝေါဟာရကို Christmas အစားX mas ဟုဖော်ပြကြသည်။ ဤဓလေ့မှာ ကနဦးအသင်းတော်မှ စတင်ခဲ့ခြင်းဖြစ်၍ ကတိစကားအားဖြင့် “X”သည်ခရစ်တော်၏ အမည် နာမမှပထမဆုံး စာလုံးကိုပုံဆောင်သည်။ ထိုမှတစ်ဆင့် ဤ “X”စကားလုံးကိုသန့်ရှင်းသော အမှတ်အသား (Holy Symbol) အဖြစ် မကြာခဏအသုံးပြုလာကြသည်။

ဤပွဲနေ့ကို ကျင်းပရခြင်းမှာဘုရားသခင်သည် လူသားများအတွက် ကယ်တင်ခြင်းကို ပြန်လည်သတိရ အောက်မေ့ရန်အတွက် ဖြစ်သည်။ ဘုရားသခင်၏ အကြံအစည်တော်အား လူတို့ နားလည်နိုင်စေရန်အတွက် သခင်ယေရှုသည် ကြီးမြတ်သော ဘုန်းတော်ကိုစွန့်လျှက်၊ လူဇာတိကိုခံယူလိုက်ခြင်း (Incarnation)ဖြစ်ကာယေရှုသည် လူနှင့်တစ်သွေးတည်း၊ တစ်သားတည်း (Flesh) ဖြစ်ကြောင်းကို ဖော်ပြပါသည်။လူ့ဇာတိခံယူခြင်းသည် ဘုရားသခင်အား လူ၏ ပုံသဏ္ဍန်ကဲ့သို့ ခံယူစေလျက် သခင်ခရစ်တော်ဟူသော လူသားတစ်ယောက်အနေဖြင့် မွေးဖွားလာရခြင်းဖြစ်သည်။

နိုင်စီး (Nicene) ၏ သွန်သင်ချက်ထဲ၌ ဖော်ပြပါရှိသကဲ့သို့သခင်ခရစ်တော်သည် လူသားအားလုံးအတွက် ကယ်တင်ခြင်းပေးရန်ကောင်းကင်ဘုံမှ ဆင်းသက်လာ၍ အပျိုကညာမာရိအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်ကိန်းဝပ်ရာ အသွေးအသားအဖြစ် လူဇာတိကို ခံယူလိုက်ခြင်းဖြစ်သည်။ သူသည် မိုးကောင်းကင်နှင့် လူသားတို့ နေထိုင်သောကမ္ဘာမြေကြီးကို မျက်နှာခြင်းဆိုင်ပေးခြင်းသာဖြစ်သည်။ တစ်နည်းအားဖြင့် ကောင်းကင်နှင့်ကမ္ဘာမြေကြီးတို့ သဟဇတဖြစ်လာစေရန် သခင်ခရစ်တော်မွေးဖွားလာရခြင်းဖြစ်သည်။ ထို့ကြောင့် သမ္မာကျမ်းစာ၌ အဓိကသော့ချက်ဖြစ်သော ရှင်ယောဟန် ၃၁၆ တွင်ဖေါ်ပြသည့် ဘုရားသခင်၏လူသားများအပေါ် ထားရှိသောအနန္တမေတ္တာကို ပေါ်လွင်စေခဲ့ပါသည်။ဘုရားသခင်၏ သဘောတော်ဖြစ်သောပျော်ရွှင်ခြင်း၊ ငြိမ်းချမ်းခြင်း၊ နှိမ့်ချခြင်း၊ ချစ်ခြင်းမေတ္တာ၊သူတစ်ပါးအား စာနာထောက်ထားခြင်း၊ ဘုရားသခင်ကို အစဉ်မျှော်လင့်ခြင်းများထားရှိဖို့ လိုအပ်ကြောင်းနားလည်ရပါသည်။

ခရစ္စမတ် ဆို သည်မှာ

ငါတို့အဘို့သူငယ်ကိုသွားမြင်၏။ ငါတို့အား သားကို သနားတော်မူ၏၊ ထိုသူသည် အုပ်စိုးခြင်းအာဏ စက် ရှိလိမ့်မည်။ နာမ၌မူကား အံ့ဩဘွယ်၊ တိုင်ပင်ဘက်၊ တန်ခိုးကြီးသော ဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းက ရှင်ဟု ခေါ်ဝေါ်သမုတ်ခြင်းခံတော်မူလိမ့်မည်။ (ဟေရှာယ ၉း၆)။

လေ့လာရမည့် ကျမ်းချက်များ – ယော ၃း၁၆၊ လုကာ ၂း၁၊ မဿဲ ၁း၁၈ – ၂း၂၃။

ခရစ္စမတ်ဟူသောဝေါဟာရသည် (CHRISTESMAESS) ဟူသော ဝေါဟာရမှဆင်းသက်လာသည်။ ထိုဝေါဟာရ၏ အဓိပ္ပါယ်မှာအင်္ဂလိပ်စကားအရ (MAESSE OF CHRIST) ဖြစ်ပြီး ခရစ်တော်၏လူစုလူဝေး(သို့) ခရစ်တော်အားဝတ်ပြုခြင်းဟူသော အဓိပ္ပါယ်ရှိပါသည်။ကာလကြာသောအခါ CHRISTESMA ဟုပြောင်းလဲဖြစ်ပေါ်လာခဲ့သည်။ ခရစ်စမတ်ဆိုသည်မှ ခရစ်တော်ယေရှုဘုရားသည့် လူ့အသွေးအသားနှင့်ခံယူခြင်း အဖြစ်အပျက်ကိုခေါ်ဆိုခြင်းဖြစ်သည်။ ခရစ္စမတ်ပွဲကျင်းပရခြင်းအကြောင်းမှာ ဘုရားသခင်သည် လူသားများအတွက် ကယ်တင်ခြင်းပေးသည်ကို လူသားများက ပြန်လည်အောက်မေ့တန်ဖိုးထားရန်ဖြစ်ပါသည်။ ဘုရားသခင်၏ အကြံအစည်တော်အား လူတို့နားလည်နိုင်ဖို့ရန်အတွက် ကြီးမြတ်သောဘုန်းတော်ကိုစွန့်လျက် လူ့ဇာတိကိုခံယူလိုက်

ခြင်း (Incarnation) ဖြစ်၍လူနှင့်အသွေးတစ်သားတည်း (Flesh) ဖြစ်ကြောင်းကို ဖော်ပြသောလူ့ဇာတိခံယူခြင်းသည် ဘုရားသခင်အား လူ၏ပုံသဏ္ဍန်ကဲ့သို့ခံယူလျက် သခင်ခရစ်တော်ဟူသော လူသားတစ်ယောက်အနေဖြင့် မွေးဖွားလာခြင်း ဖြစ်သည်။ (နိုင်စီး) Nicene ၏ သွန်သင်ချက်ထဲမှ ဖော်ပြထားသကဲ့သို့သခင်ခရစ်တော်သည် လူသားအားလုံးအတွက်ကယ်တင်ခြင်းကိုပေးရန်အတွက် ကောင်းကင်ဘုံမှဆင်းသက်လာ၍ အပျိုကညာ မာရိအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်ကျိန်းဝပ်ရာ အသွေးအသားအဖြစ် လူ့ဇာတိကို ခံယူလိုက်ခြင်း ဖြစ်သည်။ မိုးကောင်းကင်နှင့်လူသားတို့နေထိုင်သော ကမ္ဘာမြေကြီးတို့အား သဟဇာတဖြစ်လာစေရန်အတွက် သခင်ယေရှုမွေးဖွားလာရခြင်း ဖြစ်သည်။ ကျမ်းစာ၏ အဓိကသော့ချက်ဖြစ်သော (ယော ၃း၁၆) ဖော်ပြသည့်အတိုင်း ဘုရားသခင်၏လူသားများအပေါ်ထားရှိသော အနန္တမေတ္တာတော်ကို ပေါ်လွင်ထင်ရှားစေခဲ့သည်။

သမ္မာကျမ်းစာတွင်တွေ့ရသောမတ်၏အဓိကအကြောင်းအရာများစာတန်၏လုပ်ငန်းအားလုံးကို ဖျက်ဆီးဖို့ရန် သခင်ယေရှု ကြွလာခြင်း ဖြစ်သည်။စာတန်သည် မြွေအားဖြင့် ဧဒင်ဥယျာဉ်၌ လူသားအား လှည့်စား၍ ထာဝရပျက်စီးခြင်းရောက်အောင် ပို့ဆောင်နိုင်ခဲ့သည်။ ထိုအချိန်မှစတင်၍လူသားတစ်ရပ်လုံး အပေါ်သို့ ကျိန်ခြင်းအမင်္ဂလာတည်းဟူသောသေခြင်းတရားကြီး ကျရောက်ခဲ့လေသည်။ သခင်ယေရှု၏ လူ့ဇာတိခံယူပြီးလောကသို့ကြွလာတော်မူရသော ခရစ္စမတ်၏ အဓိကအချက်မှာ စာတန်၏ တန်ခိုးကို ဖျက်ဆီးဖို့ရန်ကြွလာရခြင်းပင်ဖြစ်သည်။ မာရ်နတ်သည်ရှေးဦးစွာမှစ၍ ဒုစရိုက်ကိုပြုသောသူဖြစ်သောကြောင့် အကြင်သူသည်ဒုစရိုက်ကိုပြု၏။ ထိုသူသည်မာရ်နတ်နှင့်ဆိုင်၏၊ မာရ်နတ်အမှုတို့ကို ပယ်ဖျက်ခြင်းငှါ ဘုရားသခင်၏သားတော်သည် ထင်ရှား ပေါ်ထွန်းတော်မူ၏။

(၁ယော ၃း၈)။တစ်ခါက ပန်းချီကား စုဆောင်းခြင်းနှင့် ကိုယ်တိုင်ရေးဆွဲခြင်းကိုဝါသနာပါသော သားအဖနှစ်ယောက်ရှိသည်။ သားမှာ အရွယ်ရောက်လာသည့်အတွက် သူတို့နိုင်ငံ၏ဥပဒေအရစစ်မှု သုံးနှစ်ထမ်းဆောင်ခဲ့ရသည်။ထို့ကြောင့် သားအဖနှစ်ယောက်ဝေးကွာခဲ့ရသည်။ ဝေးကွာနေစဉ် စစ်မြေပြင်၏ အတွေ့အကြုံများကို သားက အဖေ့ထံစာရေးကာ အဆက်အသွယ်ပြုလုပ်ခဲ့ပါသည်။ စစ်မှုထမ်းသက် သုံးနှစ်ပြည့်ရန် ခြောက်လ အလိုတွင်ရန်သူ့နယ်မြေ၌ သားသည်တိုင်းပြည်အတွက် အသက်စွန့်ခဲ့ရပါသည်။ဖခင်က သားပြန်လာလျှင် မိမိကိုယ်တိုင် ဆွဲသောပန်းချီကားနှင့် ဝယ်၍စုဆောင်းထားသော နာမည်ကြီးပန်းချီဆရာများ၏ ပန်းချီကားများအကြောင်းကို အတူပြောဖို့ရန် အားခဲထားသည်။ သို့ သော် သား၏သတင်းကို ကြားရသည့်ဖခင်သည် အလွန်ပင်စိတ်ထိခိုက် ဝမ်းနည်းခဲ့ရသည်။နောက် (၆) လကြာသောအခါ၊ လူငယ်တစ်ဦးကထိုဖခင်ဆီသို့ရောက်လာခဲ့ပြီး ၄င်း၏သားနှင့်အတူ တွေ့ကြုံခဲ့ရသောစစ်မြေပြင်အကြောင်းကို ပြောပြခဲ့သည်မှာ

“ဦးလေးက ကျွန်တော့်ကိုသိမှမဟုတ်ဘူး၊ ကျွန်တော်က ဦးလေးအကြောင်းကို ဦးလေးသားကတစ်ဆင့် သိရှိပြီးသားဖြစ်တယ်၊ ဦးလေးသားသေဆုံးရခြင်းဟာ ကျွန်တော်ရဲ့ အသက်အတွက် သူ့အသက်ကိုစွန့်ပြီးကာကွယ်ခဲ့လို့ ဖြစ်တယ်။ ကျွန်တော့မှာ အဖေအမေပေးတဲ့ အသက်မရှိတော့ဘူး။ ဦးလေးသားပေးတဲ့အသက်ပဲရှိတယ်။ ဒါကြောင့် ဦးလေးသားကိုဂုဏ်ပြုတဲ့အနေနဲ့ ဦးလေးသားရဲ့ စစ်မြေပြင်ကပုံတွေကို ကျွန်တော်ရေးဆွဲပြီးလာပေးတာပါ။ ဦးလေးလက်ခံပေးပါ”

ဖခင်ကသား၏ပုံကိုဝမ်းနည်းဝမ်းသာစွာလက်ခံခဲ့သည်။ ဖခင်သည် သား၏စိတ်နှင့်ပင် မကြာမီသေဆုံးခဲ့ရသည်။ ဖခင်၏သေတမ်းစာ၌သူတို့သားအဖနှစ်ယောက်ပိုင်ဆိုင်သောပန်းချီကားများကို လေလံတင်ရောင်းချရန် စီစဉ်ခဲ့ပါသည်။ ပန်းချီကားလေလံတင်ခြင်းကို သူတို့မြို့၌ပန်းချီကားစုဆောင်းလိုသူများကငွေထုတ်ပိုက်ပြီး လာရောက်ခဲ့၏ ဦးဆောင်သူက စစ်မြေပြင်မှ သား၏ပုံကိုဒေါ်လာ (၃၀ဝ) ဟုပြောခဲ့ရာလာရောက်သူအများစုက ပန်းချီဆရာကြီးများ၏လက်ရာမဟုတ်တဲ့အပြင် ပန်းချီမျက်လုံးဖြင့် ကြည့်လျှင် ယူချင်စရာမရှိလောက်သည့်အတွက် ယူမဲ့သူမရဲ ဖြစ်နေရာ နောက်သုံးလ (၁၀၀)နှင့် ပြီး လေလံတင်ရာလူတစ်ဦးက သူ၌ ပါလာသေး ဒေါ်လာ (၁၀၀) ဖြင့် သား၏ ပုံကိုဝယ်ယူရန် လက်လေဝင်လိုက်သည်။ ဦးဆောင်သူကသည်အချိန်မှာ လေလံတင်ခြင်းအစီအစဉ်မှာ သုံးပြီဖြစ်ကြောင်းကို ကြော်ငြာခဲ့ပါသည်။ ပန်းချီကားလာရောက် ဝယ်ယူရန် ပြင်ဆင်ကြသူများထံမှ မကျေနပ်သံများထွက်ပေါ်လာခဲ့သည်။ ဖခင်က သေလမ်းခထဲ၌ရေးသားခဲ့သည်မှာ သား၏ပုံကို စတင်လက်ခံသောသူသည် ပန်းချီကားချပ်အားလုံးကို ပိုင်ဆိုင်ရမည်သူဖြစ်ကြောင်းနှင့် သ၏ပုံကိုမရသောသူသည်က ပိုက်ဆံမည်မျှပေး၍ ပန်းချီကားချပ်များကို ပိုင်ဆိုင်ခွင့်မရှိဟု ရေးသားခဲ့ပါသည်။ စာရေးသူ ဆိုလိုချင်သည်ကလည်း သူငယ်ဒ်သခင်ယေရှုကို ယုံကြည်သူတိုင်း သေခြင်းတရားတည်းဟူသော စာတန်ကိုအောင်မြင်သောသူများ ဖြစ်ပါသည်။ ရှင်ပေါလုက အိုသေခြင်း၊ သင်၏လက်နက်သည် အလယ်မှာရှိသနည်း။ အိုမရဏနိုင်ငံ သင်၏အောင်မြင်ခြင်းသည်အဘယ်မှာရှိသနည်း၊ ငါတို့ သခင်ယေရှုခရစ်အားဖြင့် ငါတို့အား အောင်မြင်ခြင်းအခွင့်ကို ပေးတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်သည်ကြီးလှစွာတကား။ (၁ကော ၁၅း ၅၅-၅၇)။ ထို့ကြောင့် သူငယ်တော်ယေရှုလောကသို့ကြွလာခြင်းသည်ကား စာတန်၏တန်ခိုး (သေခြင်း)ကို ရိုက်ချိုးဖို့ပင်ဖြစ်သည်။

၂။ လူသားအားလုံး၏ အပြစ်ကို ဆောင်ယူသွားဖို့ရန် သခင်ယေရှုကြွလာခြင်းဖြစ်သည်။

လူတိုင်း၌ တူညီသောရောဂါတစ်ခုရှိသည်။ ၄င်းမှာ အပြစ်ဆိုသောအရာပင်ဖြစ်သည်။ လူတစ်ယောက် နေမကောင်းလျှင် ဆရာဝန်ဆီသွားရမှာဖြစ်သည်။ သို့ သော် ဆရာဝန်ကလူနာဆီသို့ ကိုယ်တိုင်ကြွလာ၍ ဆေးကုပေးခြင်းသည်ကား ထိုလူနာအတွက် ဝမ်းမြောက်စရာသတင်းကောင်းပင် ဖြစ်သည်။ လူနာဆိုသည်ကား လူသားအားလုံးကို ပုံဆောင်သည်၊ ဆရာဝန်ဆိုသည်ကား သခင်ယေရှု (သူငယ်တော်လေး) ကို ပုံဆောင်ခြင်း ဖြစ်သည်။ ကုသရမည့်၊ ရောဂါမှာအပြစ်တရားပင်ဖြစ်သည်။

ကောင်းကင်တမန်များက သူငယ်တော်လေးအား နာမည်မှည့်ခေါ်ရာတွင်သားယောက်ျားကို ဖွားမြင်လိမ့်မည်။ ထိုသားသည် မိမိလူတို့ကို အပြစ်မှကယ်ချွတ်မည့်သူဖြစ်သောကြောင့် ယေရှုဟူသော အမည်ဖြင့် မှည့်ရမည်ဟု ကောင်းကင်တမန်ဆို၏။ (မဿဲ ၁း၂၁)။တစ်ခါတုန်းက မြို့ တစ်မြို့ တွင် မီးအကြီးအကျယ်လောင်ခဲ့ရာ၌ဖခင်ရော၊ မိခင်ပါ မီးထဲပါသွားပြီး လျှင်သေဆုံးသွားသည်။ မီးအရှိန်ပူပြင်းသည့်အတွက် အိမ်ထဲမှာကျန်ရစ်နေသော သားငယ်ကိုကယ်တင်နိုင်ရန်အခက်အခဲဖြစ်နေချိန်၌ မမျှော်လင့်ဘဲ မီးသတ်သမားတစ်ဦးသည် မိမိအသက်ကိုမငဲ့ဘဲ အန္တရယ်ကြီးစွာဖြင့် ထိုကလေးကိုကယ်တင်နိုင်ခဲ့ပါသည်။မိဘမဲ့ဖြစ်နေသော ကလေးအား မြို့တော်ဝန်မှကလေး၏ နောင်ရေးစိတ်အေးရန်အတွက် ကလေးအနာဂတ်ကို တာဝန်ယူမည့်မိဘများရှိလျှင်သတင်းပေးပြီးမြို့တော် ခန်းမတွင် တရားဝင်မိဘများအဖြစ် ကလေးမွေးစားမည့်သူများ လာရောက်အကြောင်းကြားရန် ကြေငြာသောအခါ မွေးစားလိုသူများ လာရောက်ခဲ့ကြပါသည်။ ပထမဇနီးမောင်နှံက ကလေးအတွက် မိမိတို့ပိုင်ဆိုင်သော ငွေကြေးအားလုံးကို ကလေးနာမည်နှင့်လွှဲပေးမည်။ ဒုတိယဇနီးမောင်နှံက သူတို့သည်ပါမောက္ခ ပညာရေး ဝန်ထမ်းများဖြစ်သည့်အတွက် ကလေးကို မိမိတို့တတ်ကျွမ်းသော ပညာအမွေအားလုံး လက်ဆင့်ကမ်းပေးမည်ဟု ပြောကြပါသည်။ ကလေးကအဆိုပါဇနီးမောင်နှံနှစ်ဦးစလုံးကိုငြင်းပယ်ပြီး နောက်ဆုံးမှာ မီးသတ်သမားကတက်လာပြီး ကလေးနောင်ရေးအတွက် အထက်ဖော်ပြပါငွေကြေးဥစ္စာပညာအမွေများမပေးနိုင်သော်လည်း ကလေးဘဝ အနာဂတ်စိတ်ချဖို့ရန်အတွက် ကျွန်တော် ယူလာသောအရာကတော့ဟုဆိုပြီးလျှင် မိမိဝတ်ထားသောအင်္ကျီကိုချွတ်ပြရာတွင် လက်နှင့်ရင်ဘတ်တွင် မီးလောင်ထားသောအရာများကိုတွေ့ရှိရပြီး ကလေးအတွက် ကျွန်တော်မှာရှိသော မေတ္တာတွေအားလုံးပေးပါမည်ဟုပြောကြားရာ၌ နောက်ဆုံးတွင် ကလေးက သူ့အသက်ကိုစွန့်ပြီး ကယ်တင်ခဲ့သောမီးသတ်သမားကြီးကို သူ့ဖခင်အဖြစ်လက်ခံလိုက်လေသည်။ ယနေ့မွေးဖွားလာသော သူငယ်တော် သခင်ယေရှုသည် လူသားအားလုံးအား ထာဝရသေခြင်းသို့မရောက်ရှိရန်အတွက် မိမိအသက်ကို လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံပြီး လူသားအားလုံး၏အပြစ်ကြွေးကို ဆပ်ခဲ့သောအရှင်ဖြစ်ပါသည်။ ထိုသခင်ကို လက်ခံယုံကြည်သူတိုင်းမှာ ထာဝရအသက်ရှင်ခြင်းဆီသို့ ကူးပြောင်းနိုင်ပါသည်။ထို့ကြောင့် သူငယ်တော်ယေရှုသည် လူသားအားလုံး၏အပြစ်များကို ယူဆောင်သွားရန် ဤလောကကြီးထဲသို့ကြွလာတော်မူခဲ့ရခြင်း ဖြစ်ပါသည်။ကိုယ်တော်သည် ငါတို့အပြစ်များကို ဆောင်သွားခြင်းငှါ ထင်ရှားပေါ်ထွန်းတော်မူသည်ကို သင်တို့ သိကြ၏။ (၁ယာ ၃း၅)။

၃။ လူသားအားလုံးမှာ ဘု ရားသခင်ကိုမြင်တွေ့ဖို့ရန်အတွက် သူငယ်တော်လေးကြွလာခြင်းပင်ဖြစ်ပါသည်။

ရှေးကမ္ဘာဦးလူသားများသည် သဘာဝတောတောင်များကို အမှီပြု၍ အမဲလိုက်ကာအသက်မွေးဝမ်းမှုပြုခဲ့ကြသည်။ သားရဲများ၏ အန္တရာယ်မှကာကွယ်ရန် လက်နက်များကိုအားကိုးမိရာမှ လူတို့၏စိတ်ထဲတွင်တစ်ခုခုကို အားကိုးလိုသော သဘောထားပေါ်လာရသည်မှ စတင်၍လူတို့၏ စိတ်ထဲတွင် (religious instinct) ဝင်လာသည်။နှစ်ပေါင်းများစွာကြာလာသောအခါ လယ်ယာစိုက်ပျိုးလုပ်ကိုင်ခြင်းဖြင့် အသက်မွေးရာ၌ သီးနှံများအောင်မြင် ဖြစ်ထွန်းရန် မိုးကို အမှီပြုလာရသည်။ ထိုမှတစ်ဆင့် မိုးနတ်မင်းကြီးကို အားကိုးတကြီးနှင့် ပူဇော်ပသဆုတောင်းလာကြသည်။ ထိုကဲသို့ဆုတောင်းခြင်းပြုရာ၌ ရွတ်ဆိုမှုပုံစံနည်းစနစ်များဖြင့် ရွတ်ဖတ်လာကြရာမှ ကိုးကွယ်ဆည်းကပ်ခြင်းကိုစတင်လာသည်။ အသက်မွေးဝမ်းကြောင်းဖူလုံလာကြသောအခါ တန်ခိုးအာဏာများ ရယူပိုင်ဆိုင်ချင်လာကြသောကြောင့်လည်း တစ်နိုင်ငံနှင့်တစ်နိုင်ငံစစ်တိုက်၍ နယ်မြေချဲ့ ထွင်လာရာမှ စစ်အောင်နိုင်ရေးအတွက်စစ်အင်အားကိုဖြည့်ဆည်းရုံသာမက မိမိကိုးကွယ်သော အရှင်သခင်ကိုအားကိုးတကြီး အကူအညီတောင်းခဲ့ရာ စစ်နိုင်စေသောအရှင်သခင်သည်တန်ခိုးကြီးသော ဘုရားဟု လူများကသတ်မှတ်လာကြသည်။ နောက်ပိုင်းလူသားများသည် မိမိတို့၏အတွင်းစိတ်ငြိမ်းချမ်းမှု ရရှိလာရန် ဘာသာတရားအား ကိုးကွယ်ဝတ်ပြုလာကြသည်။ ကိုးကွယ်ဝတ်ပြုရာ၌ သူတို့ကိုးကွယ် ယုံကြည်ကြသောသူများတို့က မိမိတို့၏လက်ရှိဘဝသာမကနောင်တမလွန်ဘဝအတွက်ပါ စိတ်ချရသော ဘုရားရှင်အား ကိုးကွယ်ကြပါသည်။ သခင်ယေရှုဘုရားသည် လောကကို အောင်မြင်သူဖြစ်ပါသည်။သခင်ယေရှု၏လောကကိုအောင်မြင်ခြင်းများသည်ကား ဆိုရလျှင်မူ –

(၁) သာမာန်ထက်ထူးခြားစွာမွေးဖွားလာခြင်း

(က) သခင်ယေရှုမွေးဖွားချိန်တွင်အရှေ့ ပြည်မှကြယ်ကြီးတစ်လုံး ထွန်းလင်းခဲ့သည်။ (မဿဲ ၂း၉)။

(ခ) မာဂုပညာရှိများ (ရွှေ၊ လောဗန်နှင့်ရန်) ဆိုသည့်ပူဇော်စရာပစ္စည်းများကို အပ်နှံပူဇော်ခြင်း၊ သိုးကျောင်းသားများမှ လာရောက်ဖူးမြော်ခြင်း။

(ဂ) နွားစားခွက်၌မ့်ချစွာမွေးဖွားခြင်း၊

(ဃ) နာမတော်- ယေရှု (အပြစ်မှကယ်ချွတ်မည့်သူ)

(၂) တဏှာကင်းသောသူ

အပျိုစင်မယ်တော်မာရိသည် သန့်ရှင်းသောဝိညာဉ်တော်ကြောင့်ပဋိသန္ဓေစွဲယူနေ၏။ (မဿဲ ၁း၁၈)။

(၃) စာတန်မာရ်နတ်ကို အောင်နိုင်ခြင်း

သခင်ယေရှုသည် ရက်(၄၀) အစာရှောင်ဆုတောင်းစဉ်တွင် စာတန်၏ဖြားယောင်းသွေးဆောင်ခြင်းများဖြစ်သော (က) ကျောက်ခဲမုန့်(အစားအသောက်) (ခ) ဗိမ္မာန်တော်အထွဋ်ပေါ်မှ ခုန်ချခိုင်းခြင်း (အာဏာတန်ခိုး) (ဂ) တိုင်းနိုင်ငံ (စည်းစိမ်ဥစ္စာ) များကို သခင်ယေရှုမှကျမ်းစာ၏ နှုတ်ထွက်စကားတော်ဖြင့် စာတန်ကို အောင်မြင်ခဲ့သူ ဖြစ်သည်။ (မဿဲ ၄း၁-၁၁)။

(၄) သေခြင်းတရားကို အောင်မြင်ခြင်း

သခင်ယေရှုသည် သုံးရက်မြောက်သောနေ့၌ သေခြင်းကိုအောင်မြင်နိုင်ခဲ့သလို သူ၏အမှုတော်ဆောင်ခြင်း၌ သေနေသော လူသုံးဦးကို အသက်ရှင်အောင်ပြုလုပ်ပေးနိုင်ခဲ့သူဖြစ်ပါသည်။

(၁) တရားဇရပ်မှူး၏သမီး (မာကု ၅း၄၁)

(၂) လာဇရု (ယော ၁၁း၄၃-၄၄)

(၃) မုဆိုးမ၏သား (လုကာ ၇း၁၄)

(၅) လောက ကို အောင်မြင်ခြင်း

သခင်ယေရှုသည် အသေခံပြီး သုံးရက်မြောက်သောနေ့တွင် ရှင်ပြန်ထမြောက်ကာ လောကကို အောင်မြင်ပြီး ကောင်းကင်နိုင်ငံတော်သို့ပြန်လည်တက်ကြွသွားခဲ့သည်။ (တမန် ၁း၉-၁၀၊ မဿဲ ၂၈း၂၀)။သခင်ယေရှုဘုရားသည် အထက်ဖော်ပြပါတို့ကိုအောင်မြင်ပါ၏။သူငယ်တော်သခင်ယေရှုသည် လောကကိုအောင်မြင်ခဲ့သော အရှင်ပင်ဖြစ်ပါသည်။ သခင်ယေရှုသည် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်၊ ထာဝရအသက်ရှင်သော သခင်ဘုရားဖြစ်ပါ၏။ ဖိလှိဖူကလည်း သခင်၊ ခမည်းတော်ကို (ဘုရားသခင်) ကျွန်ုပ်တို့အား ပြတော်မူပါ။ ထိုသို့ပြတော်မူလျှင်အကျွန်ုပ်တို့အလိုပြည့်စုံပါမည်ဟုလျှောက်လျှင် ယေရှုက ဖိလ္လိ ဤမျှကာလပတ်လုံး ငါသည်သင်တို့နှင့်အတူရှိပြီးမှ သင်တို့သည် ငါ့ကို မသိသေးသလော။ ငါ့ကိုမြင်သောသူသည်ခမည်းတော် (ဘုရားသခင်) ကိုမြင်၏။ (ယော ၁၄၉)။

လူသားအားလုံးတို့မှာ ဘုရားသခင်အား ကိုယ်တိုင်မြင်ဖို့ရန်အတွက် သူငယ်တော်ယေရှုကိုယ်တော်တိုင် မေဖြင့် ကြွလာတော်မူရခြင်း ဖြစ်ပါသည်။

၄။ ထိုသခင်ယေရှုကို မျှော်လင့်လျက်နေသောသူများအတွက်ကယ်တင်ခြင်း ရရှိစေဖို့ရန် အလို့ ငှာ သူငယ်တော်လေးကြွလာရခြင်းပင်ဖြစ်ပါသည်။

ထို့ကြောင့် သူငယ်‌တော်သခင်ယေရှု, မိမိ၏ နှလှံးသားပလ္လင်တော်ပေါ်တွင် ကယ်တင်ပိုင်ရှင် အသက်ခင် အဖြစ် လက်ခံ‌ သောသူတိုင်းမှာ ကယ်တင်ခြင်းကိုရရှိစေသည်မှာ ခရစ္စမတ်၏ အဓိကပ္ပါယ်ပင်ဖြစ်ပါသည်။ စာဖတ်သူဓမ္မပရိသတ်များသည် သူငယ်တော်လေး ကို ယခုပင် ခေါ်ဖိတ်လက်ခံလိုက်ပါလျှင် တန်ဖိုးမဖြတ်နိုင်သော ထာဝရကယ်တင်ခြင်းဆုကျေးဇူးကို ကိုယ်တိုင်ရရှိမည်ဖြစ်ပါသည်။ အသင်းတော်တစ်ပါးတွင် ဖြစ်ပျက်ခဲ့သော ခရစ္စမတ်ဇာတ်လမ်းတစ်ပုဒ်ကို ဖော်ပြပါရစေ။ အသင်းတော် ဓမ္မပညာကျောင်းဆရာမက ခရစ္စမတ်ပြဇတ်တော်အတွက် ကလေးများအား သရုပ်ဆောင်ရန် လူရွေးသော အခါအများစုကကောင်းကင်တမန်၊ သိုးထိန်း၊ မာကုပညာရှိ၊ ယောသပ်၊ မာရိတို့ကို အသီးသီးရွေးချယ်ပြီးသော်လည်း တည်းခိုခန်းပိုင်ရှင်ကိုရွေးဖို့ရန်အတွက် အခက်အခဲ ဖြစ်နေသည်။ သို့သော် မောင်သုတ ဆရာမကရွေးချယ်ရာမောင်သုတက မလုပ်ချင်သော်လည်း မိခင်ပေးမည့်ခရစ္စမတ်လက်ဆောင်“စူပါမင်း အင်္ကျီအလိုချင်သောကြောင့် တည်းခိုခန်းပိုင်ရှင်နေရာ၌သရုပ်ဆောင်ခဲ့ပါသည်။ ပြဇာတ်ပြသော အခါ၌ ကလေးများက တစ်ခန်းပြီးတစ်ခန်း သရုပ်ဆောင်ပြသခဲ့ရာ မောင်သုတ၏အခန်းရောက်သောအခါ ယောသပ်၊ မာရိ၏ တံခါးခေါက်သံကိုကြား၍ မောင်သုတက ဖွင့်ပေးပြီးလျှင် “အခန်းတွေပြည့်နေပြီမရှိတော့ဘူး” ဟု ပြောရမည့်အစားယောသပ်၊ မာရိဇနီးမောင်နှံကိုကြည့်ပြီး “ကျွန်တော်ရဲ့ ပိုင်ဆိုင်တဲ့အကောင်းဆုံး အခန်းမှာ သခင်ယေရှုအား မွေးဖွားပါဟု မောင်သုတမှပြောကြားခဲ့သဖြင့် သူငယ်ခ်လေးမှာ နွားတင်းကုပ်ထဲမှာ မမွေးဖွားရတော့ဘဲ အကောင်းဆုံးအခန်း၌ မွေးဖွားသန့်စင်ခဲ့ပါသည်။ ဆရာမကပရိသတ်များအား “သခင်ယေရှုကို နွားတင်းကုပ်ထဲမှာပဲ ပြန်ပြီးမွေးဖွားခိုင်းဦးမှာလား။ ကျွန်တော်တို့ရဲ့ အကောင်းဆုံး အခန်းဖြစ်သော စိတ်နှလုံးထဲ၌ မောင်သုတကဲ့သို့မွေးဖွားကြပါစို့” ဟု ခရစ္စမတ်ပြဇာတ်ကိုလှပစွာဖြင့်အဆုံးသတ်ခဲ့ပါသည်။

ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည်ငါ၏အသံကိုကြား၍ တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ ငါဝင်၍ အတူစားသောက်မည်။ သူသည်လည်း ငါနှင့်အတူ စားသောက်ရလိမ့်မည်။ (ဗျာ

၃း၂၀)။

ကျွန်တော်တို့အားလုံးပင် နှစ်စဉ် ရေစ္စမတ်မွေးနေ့တော်ကို တွေ့ကြုံနေရသော်လည်း ယခုဖော်ပြသော သမ္မာကျမ်းစာမှ ခရစ္စမတ်ရောင်းလို့ ကိုယ်တိုင်သိရှိပြီး ရေမတ်မှရရှိသော ကယ်တင်ခြင်းဆုကျေးဇူးကို ကိုယ်တိုင်ရရှိသည်သာမကအခြားသူများကိုလည်း ဤဝမ်းမြောက်ဖွယ်ရာသတင်းကောင်းအား ပြန်လည်ဝေ လက်ဆင့်ကမ်းပေးနိုင်သူများဖြစ်စေရန် ဆန္ဒပြုရင်းမေတ္တာဖြင့် ဝေခြင်းကို နိဂုံးချုပ်လိုက်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *