သက်သာလောနိတ် ဩဝါဒစာ (ဒုတိယစောင်)

2 Thessalonians

နိဒါန်း Introduction

‘သို့သော် သူဟိုလိုပြောတယ်လို့ ကျွန်ုပ်ထင်တယ်…’ ၊ ‘ကျွန်ုပ်သေချာတာ

က သူဒီလို ဆိုလိုခြင်တာ…’ ၊ ‘ကျွန်ုပ်အတွက် ရှင်းလင်းတာ တခုက သူဒီလို လုပ်သင့်တယ်…’ ၊ ‘ကျွန်ုပ်သဘော မတူတာက ကျွန်ုပ်တို့ ဒီလိုလုပ်သင့်တယ်…’။

တစ်ဦးနှင့်တစ်ဦး ထိထိရောက်ရောက် ဆက်သွယ်နိုင်ရန်မှာ ခက်ခဲလှသည်။ ကြိမ်ဖန်များစွာ၌ပင် ပေးပို့သော အကြောင်းအရာ၏ ဆိုလိုချက်နှင့် လက်ခံသော အိမ်၊ ဈေး၊ ရပ်ကွက်၊ အသင်းတော်မှ နားလည်သော ဆိုလိုချက် တို့သည် ကွဲပြားလေ့ ရှိသည်။ ကျွန်ုပ်တို့မှာ ရှင်းလင်းစွာ ဖော်ပြရေးသားထား စေကာမူ ထိုရေးသားချက်ကို မှားယွင်းစွာ အဓိပ္ပါယ်ဖွင့်တတ်၊ မှားယွင်းစွာ နားလည်တတ်သည်။ အထူးသဖြင့် အခြေအနေ သိရှိလက်ခံ ထားပြီးသော အချက်များကို အခြေခံ၍ အဓိပ္ပါယ်ဖွင့်သော အခါများ၌ ထိုကဲ့သို့ ပို၍ဖြစ်တတ်သည်။

ပေါလုနှင့် သက်သာလောနိတ်မြို့သားတို့သည် ထိုကဲ့သို့သော ပြဿနာမျိုး ကြုံခဲ့ရသည်။ ပထမစာ၌ ဖော်ပြထားသော ခရစ်တော်ကြွလာခြင်း၏ စစ်မှန်မှုကို စိတ်ချသေချာခြင်းအားဖြင့် ထိုမြို့သားတို့အား ယုံကြည်ခြင်းတိုးမြှင့်မှု၊ သက်သာမှု၊ အားရမှုကို ဖြစ်စေလိုသည်။ လအနည်းငယ် ကြာသောအခါ၌ ပေါလုသည် ခရစ်တော် ဒုတိယအကြိမ်ကြွလာခြင်းနှင့် ပတ်သက်၍ သက်သာလောနိတ်မြို့သား အချို့မှ မှားယွင်းစွာ နားလည်သည့် သတင်းကို ကြားရသည်။ ခရစ်တော် မည်သည့် အချိန်၌မဆို ကြွလာနိုင်သည်ဟု ပေါလုမှ ပြောကြား ချက်သည် ထိုသူတို့အား မည်သည့် အလုပ်ကိုမျှ မလုပ်ကြတော့ဘဲ ထိုအချိန်ကို စောင့်ဆိုင်းစေပြီး၊ သူတို့၏ မှားယွင်းစွာ လုပ်ဆောင်မှုများကို ပေါလုစာအား ထောက်ရှုပြီး ကာကွယ် ပြောဆိုကြသည်။ အသင်းတော်အား ဆက်လက်ညှင်းပန်း နှိပ်စက်ခြင်းသည် ထိုမှားယွင်းသော အယူကို မီးထိုးပေး သကဲ့သို့ ရှိသည်။ ထိုလူအများမှ ယူဆထားသည်မှာ ထိုအချိန်သည် အမှန်တကယ်ပင် သခင်ဘုရား၏ နေ့ရက်ဖြစ်သည်။

ပေါလုသည် ထိုနုနယ်သော အသင်းတော်သို့ ချက်ချင်းပင် ပြန်စာ ရေးခဲ့သည်။ ဤစာ၌ ခရစ်တော်ကြွလာခြင်း သခင်ဘုရား၏ နေ့ရက်တို့နှင့် ပတ်သက်သော ထပ်မံ ညွှန်ကြားချက် များကို ရေးသားခဲ့သည်။ (၂း၁-၂) ထို့ကြောင့် ဤစာသည် သက်သာလောနိတ်သြဝါဒစာ ပထမစောင်၏ အဆက်ဖြစ်ပြီး၊ ဆက်လက်၍ ခွန်အားရှိရန်နှင့် ဆက်လက် လုပ်ဆောင်ကြရန် အားပေးထားသည်။

ဤစာသည် ပေါလု၏ ကိုယ်ပိုင်ရေးသားဟန်ဖြစ်သော ဂါရဝပြုခြင်း (Greetings)၊ သူတို့၏ ယုံကြည်ခြင်းအတွက် ကျေးဇူးတော် ချီးမွမ်းခြင်းနှင့် အစပြုထားသည်။ (၁း၁-၃) သူတို့သည် ညှင်းဆဲမှု၊ ဒုက္ခဆင်းရဲမှု၊ စုံးစမ်းမှု များကို ခံရချိန်၌ပင် သည်းခံခြင်း ရှိကြောင်းကို ဖော်ပြပြီး (၁း၄) ထိုအခြေအနေကို အသုံးပြု၍ ခရစ်တော်ကြွလာခြင်းနှင့် ပတ်သက်သည်တို့ကို အစပြုရေးသားထားသည်။ ထိုအချိန်၌ ခရစ်တော်သည် ဖြောင့်မတ်ခြင်း၌ မွေ့လျှော်သော သူတို့အား နိုင်ငံတော်သို့ ဝင်စားခြင်း အခွင့်ကိုလည်းကောင်း၊ မတရားသော သူတို့အား စီရင်ခြင်းကိုလည်းကောင်း၊ ပြုတော်မူမည် (၁း၅-၁၂)။

ထို့နောက် ပေါလုသည် နောက်ဆုံးသော အချိန်ကာလ၌ ဖြစ်ပေါ်မည့် အရာများနှင့် ပတ်သက်၍ မှားယွင်းသော နားလည်မှုများကို ဖော်ပြထားသည်။ ပေါလုမှ သခင်ဘုရား၏ နေ့ရက်သည် အစပြုလေပြီဟူသော မမှန်ကန်သည့် သတင်းများ (၂း၁-၂) ကို နားမထောင်ရန် ပြောခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ခရစ်တော်ကြွလာမည့် အချိန်မတိုင်မီ အချိန်၌ အဖြစ်အပျက် အချို့တို့သည် ကြိုတင်၍ ဖြစ်ပျက်ရဦးမည်ဖြစ်သည် (၂း၃၊ ၁၂)။ ထိုအချိန်အထိ ထိုသူတို့သည် ခရစ်တော်၏ အမှန်တရား၌ ခိုင်မာစွာ ရပ်တည်ခြင်း (၂း၁၃-၁၅)၊ ဘုရားရှင်၏ အားပေးမှု၊ မျှော်လင့်ခြင်းကို ခံယူခြင်း (၂း၁၆-၁၇)၊ ခွန်အားပေးရန် ဆုတောင်းခြင်း၊ ဘုရားရှင်၏ သတင်းတော်ကို ပြန့်ကြားစေခြင်း (၃း၁-၅)၊ မတရားသော သူတို့အား သတိပေးခြင်း (၃း၆၊ ၁၅) တို့ကို လုပ်ဆောင်ရမည်။ ပေါလုသည် နှုတ်ဆက်ခြင်း၊ အဆုံးသတ် ဆက်ကပ်ဆုတောင်းခြင်းဖြင့် ဤစာကို အဆုံးသတ်သည် (၃း၁၆-၁၈)။

ယခုအချိန်သည် ခရစ်တော်ကြွလာရန် ပို၍နီးစပ်လာပြီဖြစ်သည်။ သို့သော်လည်း ဘုရားရှင်သည် ချက်ချင်း ကြွလာတော့မည် အတွက်ကြောင့် မည်သည့်အလုပ်ကိုမျှ မလုပ်ဘဲ စောင့်စားခြင်း ကောင်းကင်သို့ ငေးမျှော်နေခြင်းတို့သည် မှားယွင်းသော လုပ်ဆောင်မှုများဖြစ်သည်။ ခရစ်တော်ကြွလာခြင်းအတွက် ပြင်ဆင်ခြင်းဆိုသည်မှာ ဧဝံဂေလိတရားအား ဖြန့်ဝေခြင်း၊ လိုအပ်သောသူများကို မစခြင်း၊ အသင်းတော်ကို တည်ဆောက်ခြင်းဖြစ်သည်။ သက်သာလောနိတ်သြဝါဒစာ ဒုတိယစောင်ကို ဖတ်ရှုခြင်းဖြင့် သင်သည် ခရစ်တော်ပြန်လည် ကြွလာခြင်း၏ စစ်မှန်မှုနှင့် ထိုအချိန်အထိ သင်၌ရှိသည့် ဘုရားရှင်မှ ပေးထားသော တာဝန်များကို ရှင်းလင်းစွာ တွေ့မြင်လာလိမ့်မည်။

ရေးသားခြင်း၏ ရည်ရွယ်ချက်

ခရစ်တော် ဒုတိယအကြိမ် ကြွလာခြင်းနှင့် ပတ်သက်သော မရှင်းလင်းမှုများကို ရှင်းလင်းစေရန်

ကျမ်းစာရေးသူ

ပေါလု

ရည်ညွှန်းသူ

သက်သာလောနိတ်မြို့ရှိ အသင်းတော်နှင့် နေရာ အနှံ့အပြားရှိ ယုံကြည်သူများ ထံသို့

ကျမ်းစာရေးသားချိန်

အေဒီ ၅၁ (သို့) ၅၂ (A.D. 51 or 52) သက်သာလောနိတ် သြဝါဒစာ ပထမစောင်ကို ရေးသားပြီး လအနည်းငယ် အကြာတွင်၊ ကောရိန္တုမြို့ (Corinth) မှ ရေးသားခဲ့သည်။

သမိုင်းနောက်ခံ

အသင်းတော် များစွာတို့သည် ခရစ်တော်ကြွလာမည့် အချိန်နှင့် ပတ်သက်၍ ရှုပ်ထွေးလျက်ရှိသည်။ နှိပ်စက်ညှင်းပန်း မှုများမှာ လွန်စွာ ဆိုးဝါးသည်ဖြစ်၍ ထိုသူတို့မှ သခင်ဘုရား၏ ရက်ကာလသည် လွန်စွာနီးလျက် ရှိသည်ဟု ထင်ပြီး၊ မည်သည့် အချိန်၌မဆို ကျရောက်တော့မည် ဖြစ်ကြောင်း ပေါလု၏ ပထမစာ၌ ရေးထားသည်ဟု အဓိပ္ပါယ်ကောက်ယူသည်။ ထိုနားလည် မှားမှုကြောင့် ခရစ်တော်အား စောင့်နေသည်ဟု အကြောင်းပြပြီး လူအများတို့သည် မှားယွင်းစွာ၊ အစီအစဉ် ကင်းမဲ့စွာဖြင့် လုပ်ဆောင်နေကြသည်။

အဓိကကျမ်းချက်

ဘုရားသခင်ကို ချစ်စေခြင်းငှာလည်းကောင်း၊ ခရစ်တော်နည်းတူ သည်းခံစေခြင်းငှာလည်းကောင်း၊ ဘုရားသခင်သည် သင်တို့စိတ်နှလုံးကို ပြင်ဆင်တော်မူပါစေသော (၃း၅)

အဓိကပုဂ္ဂိုလ်များ

ပေါလု (Paul)၊ တိမောသေ (Timothy)၊ သိလွှာနု (Silas)

အဓိကနေရာ

သက်သာလောနိတ်မြို့ (Thessalonica)

ထူးခြားချက်

ဤစာသည် ပထမစာ၏ နောက်ဆက်တွဲစာ ဖြစ်သည်။ ဤစာ၌ ပေါလုသည် ခရစ်တော် ပြန်လည် မကြွလာမီ ကြိုတင်၍ ဖြစ်ပျက်မည့် အရာများကို ဖော်ပြ ထားသည်။

အခြေခံအချက်

၁။ ခရစ်တော် ပြန်လည်ကြွလာခြင်းသည် မျှော်လင့်ခြင်း၏ ရောင်ခြည် (၁း၁ – ၂း၁၇)

၂။ ခရစ်တော် ပြန်လည်ကြွလာခြင်း အလင်း၌ အသက်ရှင်ခြင်း (၃း၁-၁၈)

ပေါလုသည် ညှင်းပန်းနှိပ်စက် ခံနေရသော သူများအား အားပေးရန်နှင့် ခရစ်တော် ပြန်လည်ကြွလာသော အချိန်နှင့် ပတ်သက်၍ မှားယွင်းစွာ ယူဆထားချက်ကို ပြင်ဆင်ရန်အတွက် ဤစာကို ရေးသားခဲ့သည်။ ဤနုပျိုသော အသင်းတော်၌ ဘုရားရှင် ပြန်လာခြင်းနှင့် ပတ်သက်၍ သင်ကြားသော အချိန်တွင် မှားယွင်းသော လုပ်ဆောင်မှုများကို ဖြစ်ပေါ်စေခဲ့သည်။ ခရစ်တော် ကြွလာချိန် နီးကပ်ခြင်းသည် ကျွန်ုပ်တို့အား မည်သည့် အခါ၌မျှ မှားယွင်းသော လုပ်ဆောင်မှု (မည်သည့််အလုပ်ကိုမှ မလုပ်တော့ဘဲ စောင့်စားနေခြင်း) ကို မဖြစ်စေရပါ။ ထိုအချိန်ကို စောင့်စားနေချိန်၌ ကျွန်ုပ်တို့သည် ပို၍ ကြိုးစား လုပ်ဆောင်ရမည် (သန့်ရှင်းစွာ နေထိုင်ခြင်း၊ အချိန်ကို အကျိုးရှိစွာ အသုံးချခြင်း၊ ဘုရားရှင်၏ နိုင်ငံတော်အတွက် လုပ်ဆောင်ခြင်း) ထိုလုပ်ဆောင်မှုများကို သက်တောင့်သက်သာရှိသော အချိန်များတွင်သာ မဟုတ်ဘဲ ခက်ခဲသော အချိန်များ၌လည်း လုပ်ဆောင်ရမည်။ ခရစ်ယာန်တို့သည် ခရစ်တော် ကြွလာခြင်းအား စိတ်ရှည်စွာ စောင့်စားလျှက် ထိုသို့စောင့်စားနေချိန်တွင် ဘုရားရှင်အတွက် လုပ်ဆောင်ရမည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်များ

ညှင်းပန်းနှိပ်စက်ခြင်း

ရှင်းလင်းချက်

ပေါလု(Paul) သည် အသင်းတော်အား အခက်အခဲ၊ စုံစမ်းမှုများ တွေ့ကြုံနေရသည့် တိုင်အောင် သည်းခံမှု ရှိရန် အားပေးထားသည်။ ဘုရားရှင်သည် သစ္စာရှိသော သူ၏ နောက်လိုက်များအား အောင်မြင်ခြင်းကို ပေးမည်ဖြစ်ပြီး ထိုသူအား နှိပ်စက်သော သူများကို စီရင်မည်ဖြစ်သည်။

အရေးပါမှု

ဘုရားရှင်သည် သူ၏ တန်ခိုးကို ကျွန်ုပ်တို့သည် အားပေးပြီး ကျွန်ုပ်တို့သည် ညှင်းပန်းနှိပ်စက်မှုကို ခံရသော အချိန်များ၌ ကူညီမည်ဟု ကတိပြုခဲ့သည်။ ကျွန်ုပ်တို့ ယုံကြည်ခြင်း အတွက်ကြောင့် ခံစားရသော နာကျင်မှုများသည် ဘုရားရှင်အတွက် အစေခံခြင်းအား ခွန်အားကိုဖြစ်စေသည်။ ကျွန်ုပ်တို့သည် ဘုရားရှင်အား သစ္စာရှိရမည်။

ခရစ်တော်ပြန်လည်ကြွလာခြင်း

ရှင်းလင်းချက်

ပေါလုမှ ဘုရားရှင်သည် မည်သည့် အချိန်၌မဆို ပြန်လည်ကြွလာတော်မူမည်ဖြစ်ကြောင်း ပြောကြားသောအခါ၌ သက်သာလောနိတ်မြို့သား ယုံကြည်သူ အချို့တို့သည် ခရစ်တော်ကို စောင့်စားရန်အတွက် မည်သည့် အလုပ်ကိုမျှ မလုပ်တော့ပေ။

အရေးပါမှု

ခရစ်တော်သည် ကြွလာပြီးနောက် သူအား ယုံကြည်ကိုးစား သူများကို အဆုံးစွန်သော အောင်မြင်ခြင်း ပေးတော်မူမည်။ အကယ်၍ ကျွန်ုပ်တို့သည် ထိုအချိန်အတွက် အသင့်ဖြစ်လျှင် ထိုအချိန်သည် မည်သည့်အချိန် ဖြစ်မည်ဆိုသည့် အချိန်အား တွေးပူရန် မလိုပါ။ ကျွန်ုပ်တို့သည် ခိုင်မာစွာရပ်တည်လျက် ဆက်လက်လုပ်ဆောင်ခြင်းဖြင့် ခရစ်တော်အား စောင့်စားရမည်။

ကြီးမာသောပုန်ကန်ခြင်း

ရှင်းလင်းချက်

ခရစ်တော် ပြန်လည် မကြွလာမီ အချိန်၌ ဒုစရိုက်လူ (ပညတ်တရား မရှိသောသူ၊ အန္တိခရစ် (Antichrist)) သည် ကြီးမားသော ပုန်ကန်ခြင်းကို ဦးဆောင်မည်။ ဘုရားရှင်သည် ထိုသူအား လွတ်လပ်စွာ လုပ်ဆောင်စေပြီးမှ ပုန်ကန်သူများ အပေါ် စီရင်မည်ဖြစ်သည်။ အန္တိခရစ်သည် လူအများအား သွေးဆောင်ရန် ကြိုးပမ်းမည်။

အရေးပါမှု

မကောင်းမှုများ တိုးပွားခြင်းကို မြင်သောအခါ၌ ကျွန်ုပ်တို့သည် ကြောက်ရွံ့ရန် မလိုပါ။ ကမ္ဘာကြီးသည် မည်မျှပင် ဆိုးဝါးလာစေကာမူ ဘုရားရှင်သည် အရာရာတိုင်းကို ထိန်းချုပ်လျက်ရှိပြီး စာတန် (Satan) သည် ကျွန်ုပ်တို့အား တိုက်ခိုက်သော အချိန်များ၌ ဘုရားရှင်သည် အာမခံချက်ပေးသည်။ ကျွန်ုပ်တို့သည် ဘုရားရှင်အား ဆက်လက်သစ္စာရှိခြင်းဖြင့် မကောင်းမှုအား အောင်မြင်ခြင်းကို ရရှိနိုင်ပါသည်။

ဆက်လက်လုပ်ဆောင်ခြင်း

ရှင်းလင်းချက်

အသင်းဝင် သူတို့၏ အလုပ်ထွက်ခြင်း၊ ဖရိုဖရဲနှင့် နာခံမှု မရှိခြင်း စသော သူတို့၏ မှားယွင်းပျင်းရိမှုများ အပေါ် ပေါလုက စီရင်ပြောဆိုခဲ့သည်။ ပေါလုမှ သူတို့အား ရဲဝံ့ရန်နှင့် စစ်မှန်သော ခရစ်ယာန်တို့၏ လုပ်ဆောင်မှုများကို လုပ်ကိုင်ရန်ပြောခဲ့သည်။

အရေးပါမူ

ကျွန်ုပ်တို့သည် မှန်ကန်သော အရာကို ပင်ပန်းစွာ လုပ်ဆောင်ရသောကြောင့် ဆက်လက် မလုပ်ဆောင်တော့ဘဲ ရှောင်သွားခြင်းမျိုး မည်သည့်အခါမျှ မလုပ်ရပါ။ ကျွန်ုပ်တို့၏ အချိန်၊ စွမ်းဆောင်နိုင်မှုကို အကျိုးအရှိဆုံး အသုံးပြုရမည်။ ကျွန်ုပ်တို့၏ သည်းခံခြင်းသည် ဆုလာဘ်ကို ရရှိစေမည် ဖြစ်သည်။

အခန်းကြီး ၁

၁း၁ ပေါလုသည် ဤစာကို သက်သာလောနိတ်သြဝါဒစာ ပထမစောင် ရေးသားပြီး တစ်နှစ်အတွင်း၌ ကောရိန္တုမြို့(Corinth) တွင် ရေးသားခဲ့သည်။ သူနှင့်သူ့အဖော် (တိမောသေ (Timothy)၊ သိလွှာနု (Silas)) တို့သည် ပေါလု၏ ဒုတိယ သာသနာပြု ခရီးစဉ်၌ သက်သာလောနိတ်မြို့သို့ သွားရောက်ခဲ့ပြီးဖြစ်သည် (တမန် ရး၁-၁၀)။ ထိုမြို့၌ သူတို့သည် အသင်းတော်ကို တည်ထောင်ခဲ့သော်လည်း နှိပ်စက်မှုများကြောင့် ပေါလုသည် ထိုမြို့မှ ချက်ချင်း ထွက်ခွာခဲ့ရသည်။ ယင်းသည် ပေါလုအား သက်သာလောနိတ်သြဝါဒစာ ပထမစောင်ကို ရေးသားခြင်းဖြစ်စေပြီး နှစ်သိမ့်အားပေး စကားများကို ထိုစာ၌ တွေ့ရသည်။ ထိုစာအား သက်သာလောနိတ်မြို့သားများမှ မည်ကဲ့သို့ တုန့်ပြန်သည်ကို ပေါလုသည် နောက်ပိုင်းတွင်ကြားရသည်။ ကောင်းသော သတင်းမှာ ထိုသူတို့သည် ယုံကြည်ခြင်း ဆက်လက်တိုးပွားခြင်းဖြစ်သည်။ မကောင်းသော သတင်းမှာ ခရစ်တော်ပြန်လာခြင်းနှင့် ပတ်သက်၍ မှားယွင်းစွာ သင်ကြားမှုသည် ပြန့်နှံ့ပြီး လူများစွာတို့သည် အလုပ်မှထွက်၍ ကမ္ဘာကြီး အဆုံးသတ်မည့် နေ့ကိုစောင့်စားနေကြသည်။ ထိုကြောင့် ပေါလုသည် ဤစာကို ထပ်မံရေးရသည်။ ပေါလု၏ ပထမစာသည် ခရစ်တော် ဒုတိယအကြိမ် ပြန်လည်ကြွလာတော်မူခြင်း သေချာမှု အားဖြင့် သက်သာလောနိတ်မြို့သားများအား နှစ်သိမ့်မှုကို ဖြစ်စေပြီး၊ ဒုတိယစာသည် ဒုတိယအကြိမ် ပြန်လည်ကြွလာတော် မူခြင်းနှင့် ပတ်သက်၍ မှားယွင်းသော သင်ကြားမှုများကို ပြင်ပေးသည်။

၁း၁ ပေါလု၊ သိလွှာနုနှင့် တိမောသေ တို့သည် ကောရိန္တု မြို့၌ အတူရှိခဲ့သည် (တမန် ၁၈း၅)။ ပေါလုသည် ဤစာအား ထိုသူ အားလုံးတို့ကို ကိုယ်စားပြု ရေးသားခဲ့သည်။ ပေါလုသည် တိမောသေအား သူနှင့် အတူတကွ သူ၏ စာများကို ရေးသားသူအဖြစ် ဖော်ပြမှုများ ရှိခဲ့သည် (ဖိလိပ္ပိ ၁း၁၊ ကောလောသဲ ၁း၁၊ ၁ သက် ၁း၁)။ ပေါလုနှင့် ပတ်သက်၍ တမန် ၉ ၌လည်းကောင်း၊ တိမောသေနှင့် ပတ်သက်၍ ၁ တိ ၌လည်းကောင်း၊ သိလွှာနုနှင့် ပတ်သက်၍ တမန် ၁၆ ၌လည်းကောင်း ဆက်လက်ဖတ်ရှုပါ။

၁း၁ သက်သာလောနိတ်မြို့သည် ရောမ အင်ပါယာ (Roman Empire)၊ မာကေဒေါနိပြည် (Macedonia) ၏ မြို့တော်နှင့် အကြီးဆုံးမြို့ ဖြစ်သည်။ ရောမတို့အတွက် အရေး အပါဆုံး လမ်းမကြီး (ရောမနှင့် Orient) ကို ဆက်သောလမ်းသည် သက်သာလောနိတ်မြို့ ကိုဖြတ်သွားသည်။ ထိုလမ်းမကြီးနှင့် စည်ကားသော ဆိပ်ကမ်းသည် သက်သာလောနိတ် မြို့အား ရောမအင်ပါယာ၌ အချမ်းသာဆုံး၊ အကြွယ်ဝဆုံးသော စီးပွားရေး အချက်အချာမြို့ ဖြစ်စေသည်။ သက်သာလောနိတ်မြို့အား လွတ်လပ်သောမြို့အဖြစ် အသိအမှတ်ပြုထားပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးကာ အခြားမြို့များ၌ ထားရှိသော ချုပ်ချယ်မှုများကို ထိုမြို့၌ မထားရှိပေ။ ထိုမြို့၏ လွတ်လပ်မှုကြောင့် အခြားသော ဘာသာများ၊ ယဉ်ကျေးမှု များသည် ထိုမြို့ရှိ ခရစ်ယာန်တို့၏ ယုံကြည်ခြင်းကို စိန်ခေါ်လျက်ရှိသည်။

၁း၃ ပေါလု၏ စာရေးသားဟန်မှာ ပုံသေဖြစ်သည်။ ပေါလုသည် သူ၏စာ အစဦး၌ သူသည် စာဖတ်သူတို့အား မည်မျှအလေးထားကြောင်း၊ သူတို့၏ဘုရားရှင်အပေါ် ယုံကြည်ခြင်း၌ မည်မျှ ဝမ်းမြောက်မှု ဖြစ်ရပါကြောင်းကို ဖေါ်ပြထားသည်။ ကျွန်ုပ်တို့သည်လည်း အခြားယုံကြည်သူများအား မည်သို့အားပေးနိုင်မည့်၊ တည်ဆောက်နိုင်မည့် နည်းလမ်းများကိုရှာဖွေရမည်။

၁း၄ ညှင်းဆဲခြင်း၊ ဒုက္ခဆင်းရဲခြင်း၊ စုံစမ်းခြင်းများ၌ ဆက်လက် ရှင်သန်နိုင်မည့် သော့ချက်မှာ သည်းခံ၍ ယုံကြည်ခြင်းပင် ဖြစ်သည်။ ကျွန်ုပ်တို့သည် လွန်စွာခက်ခဲမှု ပြဿနာများကို တွေ့ကြုံရသောအခါ၌ ဘုရားရှင်သည် ထိုအခြေအနေများ အားဖြင့် ကျွန်ုပ်တို့ အကျိုးအတွက် သူ၏ ဘုန်းတော် ထင်ရှားရန် အတွက် လုပ်ဆောင်ကြောင်း ယုံကြည်မှု ရှိနိုင်သည်။ ဘုရားရှင်သည် တရားမျှတသော ဘုရားဖြစ်ကြောင်းကို သိရှိခြင်းသည် ကျွန်ုပ်တို့နာကျင်စွာ ခံစားနေရသော အချိန်များ၌ သည်းခံမှုကိုဖြစ်စေသည်။ အဘယ်ကြောင့်ဆိုသော် သူသည်ကျွန်ုပ်တို့အား မည်သည့်အခါ၌မျှ မမေ့ကြောင်းကို ကျွန်ုပ်တို့မှ သိ၍ဖြစ်သည်။ သူ၏အချိန်နာရီ၌ သူသည် ကျွန်ုပ်တို့၏ ခက်ခဲမှုများကို ဖယ်ရှား၍ ကျွန်ုပ်တို့အား ညှင်းပန်းသူတို့ အပေါ်၌ စီရင်မည်ဖြစ်သည်။ သင်သည် ဘုရားရှင်၏ အချိန်နာရီကို ယုံကြည်စိတ်ချပါသလား။

၁း၄-၆ ပေါလုသည် သက်သာလောနိတ်မြို့ ပထမ ခရီးစဉ်၌ပင် ညှင်းပန်းနှိပ်စက်ခြင်းကို ခံခဲ့ရသည်။ (တမန် ၁ရး၅-၉) ပေါလု၏ သွန်သင်ချက်ကို တုန့်ပြန်ပြီး ခရစ်ယာန်ဖြစ်လာသော သူများသည် ဂျူးနှင့် တပါးအမျိုးသားများ၏ ညှင်းပန်းနှိပ်စက်ခြင်းကို ခံရသည်။ ပေါလု၏ ပထမစာ၌ ခရစ်တော် ကြွလာသောအခါ၌ ထိုနှိပ်စက်မှုများမှ လွတ်မြောက်ခြင်းကိုလည်းကောင်း၊ နှိပ်စက်မှုပြုသူများအား စီရင်မည်ကိုလည်းကောင်း ဖေါ်ပြထားသည်။ ထိုအချက်သည် လူတို့အား ခရစ်တော်သည် ချက်ခြင်းကြွလာ၍ ကယ်တင်ပြီး၊ အခြားသူအား စီရင်ရန် မျှော်လင့်ခြင်းကို ဖြစ်စေသည်။ ထို့ကြောင့် ပေါလုမှ ထောက်ပြထားချက်မှာ ဘုရားရှင်၏ နိုင်ငံတော်ကို စောင့်မျှော်နေစဉ် ကာလ၌ ယုံကြည် သူတို့သည် သည်းခံခြင်း၊ မိမိတို့၏ ယုံကြည်ခြင်းအတွက် နှိပ်စက် ခံခြင်းတို့ကို ခံနိုင်အောင် လေ့လာကျင့်ကြံရမည်။

၁း၅ ခရစ်တော်အတွက် အသက်ရှင်သော အခါ၌ ကျွန်ုပ်တို့သည် အခက်အခဲများကို တွေ့ကြုံရပေမည်။ အဘယ်ကြောင့်ဆိုသော် ဤဆိုးဝါးလှသော ကမ္ဘာ၌ ဘုရားရှင်၏ လူစုအနေဖြင့် အသက်ရှင်ရန် ကြိုးစားနေ၍ ဖြစ်သည်။ အချို့တို့က ပြဿနာများသည် အပြစ် (သို့) ယုံကြည်ခြင်း မရှိသောကြောင့် ဖြစ်ရသည်ဟု ပြောကြသော်လည်း ပေါလုမှ သင်ကြားသည်မှာ ယင်းတို့သည် ယုံကြည်သူများ အတွက် ဘုရားရှင်၏ အစီအစဉ် တစိတ်တဒေသ ဖြစ်နိုင်သည်။ ကျွန်ုပ်တို့၏ ပြဿနာများသည် ကျွန်ုပ်တို့အား မိမိကိုယ်ကို အာရုံစိုက်စေခြင်းမှ အထက်သို့ (သို့) ရှေ့သို့ အာရုံစိုက်ခြင်းဖြစ်အောင် ကူညီနိုင်သည် (မာကု ၁၃း၃၅-၃၆၊ ဖိလိပ္ဗ္ပိ ၃း၁၃-၁၄)။ ခိုင်မာသော ကိုယ်ကျင့်တရားကို တည်ဆောက်ပေးသည် (ရောမ ၅း၃-၄)။ အခြားရုန်းကန်လျက်ရှိသော သူများအား နှစ်သိမ့်နိုင်အောင် အခွင့်အရေးများ ဖြစ်စေသည် (၂ ကော ၁း၃-၅)။ သင်၏ အခက်အခဲများသည် သင်မှခရစ်တော်အတွက် ရပ်တည်လျက် ရှိကြောင်းကို ပြသသော အမှတ်သညာများ ဖြစ်နိုင်သည်။

၁း၅-၇ ပေါလုမှ သက်သာခြင်းနှင့် ပတ်သက်၍ အမြင်နှစ်ရပ်ကို ဖော်ပြထားသည်။ ကျွန်ုပ်တို့၏ ဆင်းရဲခြင်းများသည် ကျွန်ုပ်တို့အား ခွန်အားကိုပေးပြီး ခရစ်တော်၏ နိုင်ငံတော်အတွက် ကျွန်ုပ်တို့အား အသင့်ဖြစ်စေကြောင်းကို သိရှိခြင်းဖြင့် သက်သာခြင်းကို ရရှိသည်။ နောက်အမြင် တစ်ရပ်မှာ တနေ့၌ လူတိုင်းသည် ဘုရားသခင်၏ ရှေ့မှောက်၌ ရှိပြီး မတရားသော သူတို့သည် စီရင်ခြင်းကို ခံရပြီးနောက် မကောင်းမှု အားလုံးတို့သည် အဆုံးသတ် လိမ့်မည်ဖြစ်ကြောင်း သိခြင်းဖြင့် သက်သာခြင်းဖြစ်သည်။

၁း၇-၉ ပေါလုဖော်ပြထားသော ‘ထာဝရ ပျက်စီးခြင်း’ သည် ဗျာဒိတ်ကျမ်း ၂၀း၁၄ ၌ ဖော်ပြထားသော မီးအိုင်ဖြစ်သည်။ ထိုနေရာသည် ဘုရားရှင်နှင့် ထာဝရ ကွာဝေးခြင်းကို ဖြစ်စေမည့် နေရာဖြစ်သည်။ ထိုသို့ ဘုရားရှင်နှင့် ထာဝရ ခွဲထားခြင်းကို ခံရသော သူတို့အတွက် ကယ်တင်ခြင်းရရန် မျှော်လင့်ဖွယ်အကြောင်းမရှိတော့ပေ။

၁း၁၁-၁၂ ကျွန်ုပ်တို့အား ဘုရားရှင်မှ ခွဲခန့်မှတ်သားထားသည်မှာ ခရစ်တော်၏ ပုံသဏ္ဍာန်နှင့် တညီတည်း ဖြစ်စေရန်ဖြစ်သည် (ရောမ ၈း၂၉)။ ယင်းသည် တဖြည်းဖြည်းနှင့် ကျွန်ုပ်တို့၏ အသက်တာ တလျှောက်တွင် ဖြစ်ပေါ်လာမည်ဖြစ်ပြီး ခရစ်တော် ပေါ်ထွန်းလာသော အချိန်၌ ကျွန်ုပ်တို့သည် ပြီးပြည့်စုံခြင်းသို့ရောက်မည် (၁ ယော ၃း၂) ကိုခွဲခန့် မှတ်သားတော် မူချက်နှင့် ထိုက်တန်အောင် ကျွန်ုပ်တို့သည် ခရစ်တော်ကဲ့သို့ မှန်ကန်ကောင်းမွန်စွာ နေထိုင် လိုရပေမည်။ ကျွန်ုပ်တို့သည် ပြီးပြည့်စုံသော သူများ မဟုတ်သော်လည်း ကျွန်ုပ်တို့အတွင်း၌ ဘုရားရှင် လုပ်ဆောင်သည့်အတိုင်း ကျွန်ုပ်တို့သည် ပြောင်းလဲရမည်။

အခန်းကြီး ၂

၂း၁ ပေါလုသည် ကမ္ဘာကြီး၏ နောက်ဆုံးသော အချိန်နှင့် ခရစ်တော် ဒုတိယအကြိမ် ကြွလာခြင်းကို ဖော်ပြထားသည်။ ထိုအချိန် မတိုင်မီတွင် ကြီးမားသော ခက်ခဲဆင်းရဲမှုများ၊ ပြဿနာများသည် ဖြစ်ပေါ်ရမည် ဖြစ်သော်လည်း မကောင်းမှုသည် အစဉ်စိုးစံရမည် မဟုတ်ပါ။ အဘယ်ကြောင့် ဆိုသော် ခရစ်တော်သည် လူများကို စီရင်ရန်အတွက် ကြွလာမည်ဖြစ်သည်။ ပေါလုမှ နောက်ဆုံးသော အချိန်ကာလတွင် ဖြစ်ပျက်မည့် နိမိတ်လက္ခဏာ အချို့တို့ကို ဖော်ပြခဲ့သော်လည်း ခရစ်တော် ကဲ့သို့ပင် (မာကု ၁၃) သူ အလေးထား ဖေါ်ပြလိုသော အရာမှာ လူတို့သည် ထိုအချိန် နာရီအတွက် နေ့စဉ် မှန်ကန်စွာ ပြုမူဆောင်ရွက်ခြင်းဖြင့် ပြင်ဆင်မှုရှိရန် လိုအပ်ကြောင်း ဖြစ်သည်။ ဘုရားရှင်သည် အဖြစ်အပျက် အားလုံးကို ထိန်းချုပ်ထားသည် (၁ သက် ၄း၅)။

၂း၁-၂ ‘သခင်ဘုရား၏ နေ့ရက်’ ကို နည်းလမ်း၂ မျိုးဖြင့် သုံးထားသည်။ ယင်းသည် နောက်ဆုံးသော အချိန်ကာလ (ခရစ်တော် မွေးဖွားချိန်မှ ယနေ့အချိန် အထိ) ကို ဆိုလိုသကဲ့သို့ နောက်ဆုံးသော တရားစီရင်တော်မူရာ နေ့ရက် (အနာဂတ် ကာလ၌) ကိုလည်း ဆိုလိုသည်။ အဘယ်ကြောင့်ဆိုသော် မှားယွင်းသော ဆရာများမှ တရားစီရင်တော်မူရာ နေ့ရက်သည် ကျရောက်ပြီးပြီဟု သင်ကြားသောကြောင့် ယုံကြည်သူ များစွာတို့သည် စီရင်ခြင်းကိုခံရန် မျှော်လင့်လျက်၊ ခက်ခဲမှုများမှ လွတ်မြောက်ခြင်းကို မျှော်လင့်လျက်ရှိကြသည်။ သို့သော် တရားစီရင်တော်မူရာ နေ့ရက်သည် မကျရောက်သေးပါ။ အဘယ်ကြောင့်ဆိုသော် ထိုနေ့မတိုင်မီ အခြားသော ဖြစ်ရပ်များစွာတို့သည် ဖြစ်ပေါ်ရပေဦးမည်။

၂း၂ ပရောဖက်ပြုခြင်း (Prophecy)၊ အဖြစ်အပျက်များကို တင်ပြခြင်း (Report)၊ စာ (Letter) ရေးသားပေးပို့ ခြင်း အမှုများတွင် မှားယွင်းသော အဓိပ္ပါယ်ကောက်မှုများ ဖြစ်ပေါ်တတ်သည်။ ယင်းတို့မှာ

(၁) လူတစ်ဦးမှ ဘုရားရှင်၏ ဖော်ပြချက်ကို လက်ခံရရှိ ပါသည်ဟု ကြေငြာပြောခြင်း

(၂) ပေါလုမှ ပေးပို့သကဲ့သို့ ရှိသော သင်ကြားမှုများကို လူတစ်ဦးမှ ဖြန့်ဝေခြင်း

(၃) ပေါလုမှ ရေးသားသကဲ့သို့ ရှိသော စာကို ဖြန့်ဝေခြင်း

တို့ဖြစ်သည်။

၂း၃ သမိုင်းတလျှောက်လုံးတွင် မကောင်းမှုအတွက် ရပ်တည်သူများ၊ ခရစ်တော်၏ ရပ်တည်မှု အားလုံးအား အစဉ်ဆန့်ကျင် တုန့်ပြန်သူများရှိခဲ့သည် (၁ ယော ၂း၁၈၊ ၄း၃၊ ၂ ယော ၇)။ ထိုအန္တိခရစ် (Antichrist) အဖွဲ့များသည် လူမျိုးနွယ်ဆက်တိုင်း၌ ရှိပြီး မကောင်းမှုများကို ဆက်လက်လုပ်ဆောင် ကြလိမ့်မည် ခရစ်တော် မကြွလာမီ အချိန်၌ ဒုစရိုက်လူ (လုံးဝ ဆိုးဝါးသောသူ၊ တရားမဲ့သောသူ၊ ပျက်စီးမှုကိုသာ စိတ်ထက်သန်သောသူ) သူသည်ပေါ်လာ လိမ့်မည်။ သူသည် စာတန် (Satan) ၏ တန်ဆာပလာ (Instrument) ဖြစ်ပြီး စာတန်၏ တန်ခိုးနှင့် အစွမ်းကို ရရှိထားသည် (၂း၉)။ ထိုသူသည် အန္တိခရစ်လည်းဖြစ်သည်။

သို့သော်လည်း လူတစ်ဦးကို အန္တိခရစ်ဟု သမုတ်လျက် ယင်း၌ အခြေခံပြီး ခရစ်တော်ကြွလာချိန်ကို မှန်းဆရန် ကြိုးပမ်းခြင်းသည် အန္တရာယ်များသော လုပ်ဆောင်မှုဖြစ်သည်။ ပေါလုသည် အန္တိခရစ်နှင့် ပတ်သက်၍ ဖော်ပြခြင်းမှာ ကျွန်ုပ်တို့မှ မည်သူသည် အန္တိခရစ် ဖြစ်ကြောင်းကို ဖော်ထုတ်နိုင်ရန် မဟုတ်ဘဲ ထိုအချိန်၌ ကျွန်ုပ်တို့ ယုံကြည်ခြင်းကို ချိန်းခြောက်လာမည့် အရာများအတွက် ကျွန်ုပ်တို့မှ အသင့်ရှိစေရန်ဖြစ်သည်။ အကယ်၍ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းသည် ခိုင်မာမှုရှိလျှင် ကျွန်ုပ်တို့ ရှေ့၌ရှိသည့် အရာများအတွက် ကျွန်ုပ်တို့သည် ကြောက်ရွံ့ရန် မလိုပါ။ အဘယ်ကြောင့်ဆိုသော် ထိုသူသည် မည်မျှပင် တန်ခိုးရှိပါစေ၊ ကျွန်ုပ်တို့၏ အခြေအနေသည် မည်မျှပင် ဆိုးဝါးနေပါစေ ဘုရားရှင်သည် ထိုဒုစရိုက်လူအား အောင်နိုင်ပြီး ဖြစ်သည်။ ဘုရားရှင်သည် အရာအားလုံးကို ထိန်းချုပ်လျက် ရှိပြီး အန္တိခရစ်အား အောင်မြင်မည့် သူဖြစ်သည်။ ကျွန်ုပ်တို့၏ တာဝန်မှာ ခရစ်တော် ကြွလာခြင်းအတွက် ပြင်ဆင်ခြင်း၊ ဧဝံဂေလိတရားကို ပြန့်ပွားစေခြင်းဖြင့် လူများစွာတို့အား ထိုအချိန်အတွက် အဆင်သင့်ရှိစေခြင်း ဖြစ်သည်။

၂း၃ ပေါလုမှ သက်သာလောနိတ်မြို့သို့ ပထမစာကို ရေးချိန်၌ ထိုသူတို့၏ ဒုတိယအကြိမ် ကြွလာခြင်းနှင့် ပတ်သက်သော မျှော်လင့်ချက်သည် ပျောက်ဆုံးလုနီးပါးရှိသည်။ ထိုစာကိုရရှိပြီး နောက်တွင် သူတို့သည် အခြားတစ်ဖက်စွန်းသို့ တွေးပြန်သည်။ ယင်းမှာ ယေရှုသည် အချိန်မရွေး ကြွလာတော့မည်။ ပေါလုသည် ထိုအစွန်းရောက်သော အမြင်များကို ပြန်လည်မှန်ကန်စေရန်အတွက် ခရစ်တော်မကြွလာမီ ဖြစ်ပေါ်ရမည့် အရာများကို ဖော်ပြထားသည်။

၂း၆-၇ (ဒုစရိုက်လူ) အဓမ္မလူကို မည်သူသည် ဆီးတားထား သနည်း။ ယင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့သည် သေချာစွာမသိရှိပါ။ ဖြစ်နိုင်သည်မှာ

(၁) အစိုးရနှင့် တရားဥပဒေတို့သည် မတရားမှုများအား တားဆီးမှုကိုဖြစ်စေသည်။

(၂) အသင်းတော်၏ သာသနာပြုလုပ်ငန်းနှင့် ဧဝံဂေလိတရား၏ အကျိုးသက်ရောက်မှုသည် လည်းကောင်း

(၃) သန့်ရှင်းသော ဝိညာဉ်တော်သည်လည်းကောင်း ထိုတားဆီးမှုကို ဖြစ်စေသည်။

ကျမ်းစာ၌ ထိုဆီးတားသော သူမှာ အဘယ်သူ ဖြစ်သည်ဟု ရှင်းလင်းစွာ မဖော်ပြထားသော်လည်း ထိုသူမှ အစဉ်ဆီးတားမည် မဟုတ်ကြောင်း ဖော်ပြထားသည်။ သို့သော် ကျွန်ုပ်တို့သည် ထိုသူမှ ဆီးတားမှု မရှိတော့သော အချိန်၌လည်း ကြောက်ရွံ့ရန် မလိုပါ။ အဘယ်ကြောင့် ဆိုသော် ဘုရားရှင်သည် အဓမ္မလူထက် စွမ်းအားတန်ခိုး ရှိပြီး သူ၏လူများကို ကူညီလေ့ ရှိသောကြောင့် ဖြစ်သည်။

၂း၇ ‘ဝှက်ထားလျက်ရှိသော ထိုအဓမ္မအရာသည် ယခုပင်ပြုပြင်ဆဲ ရှိ၏’ ယင်းသည် အန္တိခရစ်မှ လုပ်ဆောင်မည့် အရာများကို ယခုအချိန်မှစ၍ လုပ်ဆောင်နေပြီ ဖြစ်ကြောင်းဆိုလိုသည်။ ‘ဝှက်ထားလျက်ရှိသောအရာ’ ယင်းသည် လူတို့မှရှာ၍ မတွေ့နိုင်သော ဘုရားရှင်မှ ဖော်ပြလိမ့်မည့် အရာကိုညွှန်းသည်။ အဓမ္မအရာသည် အပြစ်အားလုံး၏ အရင်းအမြစ်ဖြစ်သည့် ဝှက်ထားလျက်ရှိသော တိမ်မြှုပ်လျက်ရှိသော အရာဖြစ်သည်။ ဤလူ့ဘောင် အဖွဲ့အစည်းသည် တရားဥပဒေ ထိန်းချုပ်မှု၊ ပညာရေး၊ သိပ္ပံပညာ၊ စဉ်းစားဆင်ခြင်မှု များအားဖြင့် ဖြူစင်မှုများ ရှိနေသေးသည်။ သို့သော်လည်း ပြစ်မှု ချိုးဖောက်မှု များကြောင့် ကျွန်ုပ်တို့သည် ထိတ်လန့်လျက်ရှိသည်။ လုံးဝတရားဥပဒေ စိုးမိုးမှု မရှိသော အခြေအနေကို ကျွန်ုပ်တို့ရောက်ရှိ ရပေဦးမည်။ ယင်းသည် ဆီးတားသောသူ (သန့်ရှင်းသော ဝိညာဉ်တော်) အားပယ်ရှင်းမည့် ကာလ၌ ဖြစ်ပေါ်မည်။ ဘုရားရှင်သည် အဘယ်ကြောင့် ထိုသို့ဖြစ်ပေါ်စေသနည်း။ ဘုရားရှင်မှ လူတို့အား လည်းကောင်း၊ တိုင်းနိုင်ငံတို့အားလည်းကောင်း၊ သူတို့၏ အပြစ်နှင့်ကြွယ်ဝမှုကို ပြသရန်နှင့် ခရစ်တော်၏ အုပ်စိုးမှုကို မခံသောအခါ၌ တွေ့ကြုံရမည့် ခါးသီးမှုများကို ပြသရန်အတွက် ထိုသို့ဖြစ်ပေါ်စေသည်။ ဘုရားမရှိသော သူသည်တိရစ္ဆာန်ကဲ့သို့ဖြစ်သည်။ အဓမ္မအမှုသည် တစ်စုံ တစ်ခုသော အတိုင်းအတာအထိ ဖြစ်ပျက်လျက် ရှိနေပြီ ဖြစ်ပြီး၊ အဓမ္မလူသည် ထင်ရှားခြင်းမရှိသေးပါ။

၂း၉ အဓမ္မလူသည် မဟုတ်မမုန်သည့် ထူးဆန်းသော တန်ခိုး၊ နိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှု အမျိုးမျိုးကို အသုံးပြု၍ သွေးဆောင်လိမ့်မည်။ ဘုရားရှင်ထံမှ လာသော အံ့ဘွယ်သော အမှုတို့သည် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းအား ခိုင်မာစေပြီး၊ ခရစ်တော်ထံသို့ လူတို့အား ပို့ဆောင်သည်။ သို့သော် အံ့ဘွယ်သော အမှု အားလုံးတို့သည် ဘုရားရှင် ထံမှ မဟုတ်ပါ။ ခရစ်တော်၏ အံ့သြဘွယ်သော အမှုတို့သည် ထူးခြားမှု ရှိခြင်းမှာ ယင်းတို့၏ တန်ခိုးကြောင့်သာ မဟုတ်ဘဲ ယင်း၏ ရည်မှန်းချက် (ကူညီရန်၊ အနာရောဂါ ပျောက်ကင်းစေရန်၊ ဘုရားရှင်ထံ လမ်းညွှန်ရန်) ကြောင့်ဖြစ်သည်။ အဓမ္မလူသည် အံ့သြဘွယ်သော အမှုများကိုပြုလုပ်ရန် တန်းခိုးရှိသော်လည်း ထိုတန်ခိုးသည် စာတန်ထံမှ လာသည်။ သူသည် ထိုတန်ခိုးကို လူတို့အား ဖျက်စီးရန်၊ ဘုရားရှင်ထံမှ သူ၏ ထံသို့ ဆွဲဆောင်ရန် အသုံးပြု လိမ့်မည်။ မည်သည့် သာသနာပြုမဆို လူတို့အား သူ့ထံသို့ အာရုံစိုက်စေလျှင် သူ၏ လုပ်ဆောင်မှု များသည် ဘုရားရှင်ထံမှ မဟုတ်ပါ။

၂း၁၀-၁၂ အဓမ္မလူသည် တန်ခိုးနိမိတ် လက္ခဏာများကို အသုံးပြု၍ ဘုရားရှင်အား ငြင်းဆန်သူတို့ကို သွေးဆောင်လိမ့်မည်။ ဘုရားရှင်သည် လူတို့ကို ဘုရားရှင်၏ အမှန်တရားများကို မယုံကြည်ဘဲ စာတန် (Satan) ၏ လိမ်လည်မှုများကို ယုံကြည်လိုလျှင် လွတ်လပ်စွာ ယုံကြည်ခွင့်ပေးသည်။ အကယ်၍ လူတို့သည် အမှန်တရားကို ငြင်းပယ်လျှင် သူတို့၌ ရှိသော အပြစ်၏ အကျိုးဆက်များကို ခံစားရလိမ့်မည်။

၂း၁၃ ပေါလုမှ တစိုက်မတ်မတ် သင်ကြားခဲ့သည်မှာ ကယ်တင်ခြင်းသည် ဘုရားရှင်၌ အစပြုပြီး ဘုရားရှင်၌ အဆုံးသတ်သည်။ ကျွန်ုပ်တို့သည် ကယ်တင်ခြင်းရရန် အတွက် မည်သို့သော လုပ်ဆောင်မှုကိုမျှ မလုပ်ဆောင်နိုင်ဘဲ ဘုရားရှင်မှ ပေးသည့် ကယ်တင်ခြင်းကျေးဇူးကို လက်ခံခြင်းဖြင့်သာ ရရှိနိုင်သည် (ဧဖက် ၁း၄)။ အပြစ်လွတ်ခြင်းကို ရရှိရန် မည်သည့်နည်းလမ်းမျှ မရှိပါ။ ပေါလုမှ သက်သာလောနိတ်မြို့ရှိ ယုံကြည်သူများကို အားပေးထားသည်မှာ သူတို့သည် အစဦးမှပင် ဘုရားရှင်မှ ရွေးကောက်ထားသော သူများဖြစ်သည်။ သန့်ရှင်း ခြင်းသည် သန့်ရှင်းသော ဝိညာဉ်တော်မှ ကျွန်ုပ်တို့အား ခရစ်တော်ကဲ့သို့ဖြစ်စေရန် ပြုပြင်သော ခရစ်ယာန်တို့၏ အသက်တာ ရှင်သန်ကြီးထွားမှု ဖြစ်စဉ်ဖြစ်သည် (ရောမ ၈း၂၉၊ ၂ သက် ၁း၁၁-၁၂)။

၂း၁၄ သက်သာလောနိတ်မြို့သားတို့သည် အမှန်တရားနှင့် ယုံကြည်ခြင်းမှ ဖယ်ရှောင်ရန်အတွက် ဖိနှိပ်မှုများ၊ မှားယွင်းသော သင်ကြားမှုများ၊ လောကီဆန်မှုများ၊ စိတ်ပျက်မှုများ၏ သွေးထိုးလှုံဆော်မှုများကို ကြုံတွေ့နေရကြောင်း ပေါလုသိသည်။ ထို့ကြောင့် ပေါလုမှ ခိုင်မာစွာရပ်တည်ပြီး သူမှလည်းကောင်း၊ စာအားဖြင့် လည်းကောင်း သင်ကြား ခဲ့ပြီးသော အရာများ အပေါ်၌ စွဲမြဲရန်တိုက်တွန်းသည်။ ကျွန်ုပ်တို့သည်လည်း နှိပ်စက်ညှင်းပန်းမှုများ၊ မှားယွင်းသော သင်ကြားမှုများ၊ လောကီဆန်မှုများ၊ စိတ်ပျက်မှုများကို တွေ့ကြုံရပေမည်။ ထိုအချိန်များ၌ ကျွန်ုပ်တို့သည် ခရစ်တော်၏ သင်ကြားမှု အမှန်တရားများကို စွဲကိုင်ရမည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့၏ အသက်တာသည် ထိုအရာ၌ တည်သောကြောင့် ဖြစ်သည်။ ခရစ်တော်၏ အသက်တာနှင့် ချစ်ခြင်းမေတ္တာတို့၏ စစ်မှန်မှုများကို မည်သည့်အခါမျှ မမေ့လျော့ပါနှင့်။

အခန်းကြီး ၃

၃း၁-၃ ကျွန်ုပ်တို့ နေ့စဉ်အသက်တာ၏ မမြင်နိုင်သော ကမ္ဘာ၌ မမြင်ရသော ဝိညာဉ်တန်းခိုးသည် အပြင်းအထန် တိုက်ခိုက်လျက်ရှိသည်။ ထိုအရာများကို ကျွန်ုပ်တို့ ကာကွယ်ရန်အတွက် အဓိကကျသော နည်းလမ်းမှာ ဆုတောင်းခြင်းဖြစ်သည်။ ယင်းသို့ပြုလုပ်ခြင်းသည် ဘုရားရှင်မှ ကျွန်ုပ်တို့အား မကောင်းမှုမှ ကာကွယ်ခြင်း၊ ခွန်အားပေးခြင်းတို့ကို ဖြစ်ပေါ်စေသည် (ဧဖက် ၆း၁၀-၁၉)။ အောက်ပါလမ်းညွှန်ချက်များသည် စာတန် (Satan) ၏ တိုက်ခိုက်မှုများအား ကြိုတင်၍ ပြင်ဆင်နိုင်ရန်နှင့် တိုက်ခိုက်မှုများကို ခံရစဉ်၌ ရှင်သန်နိုင်ရန် သင့်ကိုကူညီလိမ့်မည်။

(၁) ဝိညာဉ်ရေးရာ ထိုးနှက်မှုများအား အလေးထားခံယူပါ။

(၂) ဘုရားရှင် ထံမှ ခွန်အားနှင့် အကူအညီ ရအောင် ဆုတောင်းပါ။

(၃) စာတန်၏ ထိုးနှက်မှု နည်းစနစ်များအား သိနိုင်အောင် ကျမ်းစာကို လေ့လာပါ။

(၄) ကျမ်းစာကို အလွတ်ကျက်မှတ်ခြင်းသည် သင့်အား မည်သည့် အခြေအနေမဆို ခွန်အားကို ဖြစ်စေသည်။

(၅) အမှန်ကို ပြောသော သူတို့နှင့် ပေါင်းဖော်ပါ။

(၆) ဝိညာဉ်ရေးရာ ခေါင်းဆောင်များမှ သင်ကြားသည့် အတိုင်း ကျင့်ဆောင်ပါ။

၃း၆-၁၀ ဤအခန်း၌ ပေါလု (Paul) သည် ပျင်းရိသောသူ တစ်ဦး၏ အကြောင်းကို ရေးထားသည်။ ပေါလုမှ ရှင်းပြထားသည်မှာ သူနှင့် သူ၏ အဖော်တို့သည် သက်သာလောနိတ်မြို့၌ ရှိစဉ် ကြိုးစား၍ အလုပ်လုပ်ကိုင်ပြီး သူတို့ လိုအပ်သော အရာများကို ဝယ်ယူခြင်းအားဖြင့် အခြားသော ယုံကြည်သူများအား ဝန်ထုထ်ဝန်ပိုး မဖြစ်စေပါ။ သူတို့ လိုက်သောလမ်းစဉ်မှ ‘အလုပ် မလုပ်ချင်သောသူ မည်သည်ကား အစာကိုလည်း မစားစေနှင့်’ အနားယူခြင်းနှင့် ပျင်းရိခြင်းသည် ကွာခြားသည်။ အနားယူခြင်းသည် ကျွန်ုပ်တို့ အသက်တာအတွက် လွန်စွာအရေးကြီး သော်လည်း၊ အလုပ်လုပ်ရမည့် အချိန်၌ ခရစ်ယာန်တို့သည် ချက်ခြင်းအားစိုက် လုပ်ရမည်။ ကျွန်ုပ်တို့၏ အချိန်နာရီ၊ အစွမ်းသတ္တိကို ကျွန်ုပ်တို့ အတွက်လည်းကောင်း၊ ကျွန်ုပ်တို့အပေါ်၌ မှီခိုလျက်ရှိသော သူများ အတွက်လည်းကောင်း အသုံးပြုရမည်။ နားသင့်သော အချိန်၌ အနားယူပြီး၊ အလုပ် လုပ်သင့်သော အချိန်၌အလုပ်လုပ်ပါ။

၃း၆-၁၅ သက်သာလောနိတ်မြို့ရှိ အချို့သော သူတို့မှ မှားယွင်းစွာ ယုံကြည်ကြသည်မှာ ခရစ်တော်သည် ပြန်လာတော့ မည်ဖြစ်သောကြောင့် မိမိတို့ တာဝန်များမှ ရှောင်ဖယ်ခြင်း၊ အလုပ်ထွက်ခြင်း၊ ရှေ့ရေး အတွက် မပြင်ဆင်တော့ခြင်းဖြင့် ဘုရားရှင်အား စောင့်ရမည်။ သို့သော် သူတို့၏ မည်သည့် အရာကိုမျှ မလုပ်ဆောင်ခြင်းသည် သူတို့အား အပြစ်လုပ်ခြင်းကို ဖြစ်စေသည်။ အသင်းတော်သည် သူတို့အား ကျွေးမွေးထား ရသောကြောင့် အသင်းတော်၌ ဝန်ထုတ်ဝန်ပိုး ဖြစ်ရပြီး အခြားသူများအား မကူညီဘဲ ကိုယ်နှင့် မဆိုင်သော အမှု၌ ရောနှောသူများ ဖြစ်လာကြသည်။ အသင်းသားတို့သည် ထိုသူတို့အား ပို၍ ဘာသာရေး ကိုင်းရှုင်းသူများ အဖြစ် ထင်မြင်ကြမည် ဖြစ်သော်လည်း ပေါလုမှ ထိုသူတို့အား မိမိတို့ တာဝန်ကို မိမိတို့ သိရန်နှင့် လုပ်ငန်းခွင်သို့ ပြန်ကြရန် ပြောခဲ့သည်။ ခရစ်တော် အတွက် အသင့်ရှိခြင်း ဆိုသည်မှာ အသက်တာ၏ အစိတ်အပိုင်း တိုင်း၌ နာခံမှု ရှိခြင်းကို ဆိုလိုသည်။ ခရစ်တော် ပြန်လည်ကြွလာတော့ မည်ကို ကျွန်ုပ်တို့သည် သိသောကြောင့် ကျွန်ုပ်တို့ ယုံကြည်ခြင်းနှင့် ကျွန်ုပ်တို့၏ နေ့စဉ် လုပ်ဆောင်မှု များသည် သူပြန်လာသော အခါ၌ သူ၏ စိတ်တော်နှင့် တွေ့နိုင်ရန် ကျွန်ုပ်တို့မှ ယုံကြည်လုပ်ဆောင် အသက်ရှင်ရမည်။

၃း၁၁-၁၂ ကိုယ်နှင့် မဆိုင်သော အမှု၌ ရောနှောသော သူသည် အတင်းပြောသောသူ ဖြစ်သည်။ ပျင်းရိသူသည် သူ၏ အချိန်နာရီကို အကျိုးမရှိသော လုပ်ဆောင်မှု (အတင်းပြောခြင်း) များဖြင့် ကုန်လွန်စေသည်။ မဟုတ်မမှန်၊ မှားယွင်းသော၊ ပြောကြားမှုများသည် ဆွဲဆောင်မှုရှိသော၊ နားထောင်ကောင်းသော၊ အရာများကဲ့သို့ ဖြစ်ပြီး နားထောင်သူအား ပြောကြားသူနှင့် ရင်းနှီးသော မိတ်ဆွေတစ်ဦကဲ့သို့သော ခံစားမှုကို ဖြစ်စေသည်။ သို့သော် ယင်းတို့သည် လူတို့အား ပျက်စီး စေသည်။ သင်သည် အခြားသူ၏ အမှု၌ နားထောင်သူအား ပြောကြားသူနှင့် ပါဝင်နေလျှင် သင်သည် အလုပ် မလုပ်သောသူ ဖြစ်သည်။ သင်သည် ခရစ်တော်အတွက်၊ သင်၏ မိသားစုအတွက် လုပ်ဆောင်မှု တာဝန်တစ်ခုကို ရှာဖွေလုပ်ဆောင်ပါ။

၃း၁၄-၁၅ ပေါလုသည် အသင်းတော်အား ဆက်လက်၍ ပျင်းရိသော သူများကို ငွေကြေးထောက်ပံ့ခြင်း မပြုရန်နှင့် ထိုသူတို့နှင့် အရောမဝင်ရန် ညွှန်ကြားခဲ့သည်။ ဆာလောင်ခြင်း၊ အထီးကျန် ဖြစ်ခြင်းသည် ပျင်းရိသော သူအား အလုပ် လုပ်စေသော နည်းလမ်းကောင်းများ ဖြစ်သည်။ ပေါလုမှ ကြင်နာမှု မရှိရန် ရက်စက်ရန် အကြံပြုနေခြင် းမဟုတ်ဘဲ ညီအစ်ကိုမောင်နှမများ အပေါ်၌ စစ်မှန်သော ချစ်ခြင်းမေတ္တာကို ပြသစေခြင်းသာဖြစ်သည်။

၃း၁၈ သက်သာလောနိတ် သြဝါဒစာ ဒုတိယစောင်သည် သူတို့၏ ယုံကြည်ခြင်းကြောင့် ညှင်းပန်းနှိပ်စက်မှု၊ ဖိအားပေးမှု များကို ခံနေရသော သူများအတွက်လွန်စွာ အဓိပ္ပါယ်ရှိလှသည်။

    အခန်းကြီး ၁ တွင် ကျွန်ုပ်တို့၏ ခံစားရမှုများသည် ကျွန်ုပ်တို့၌ မည်သည့်အရာအား ဖြစ်စေမည်ကို သိရှိစေသည်

    အခန်းကြီး ၂ တွင် ကျွန်ုပ်တို့၏ နောက်ဆုံးသော အောင်ပွဲ၌ စိတ်ချမှုကို ရှိစေသည်

    အခန်းကြီး ၃ တွင် ခက်ခဲမှုများ တွေ့ကြုံနေရစေကာမူ တာဝန်ရှိစွာဖြင့် ဆက်လက် အသက်ရှင်ရန် ကျွန်ုပ်တို့အား အားပေးထားသည်

ခရစ်တော် ပြန်လည်ကြွလာခြင်းသည် ယူဆချက် အတွေးအခေါ် တစ်ခုသာ မဟုတ်ဘဲ ယင်းသည် ကတိတော်လည်း ဖြစ်သည်။ ယင်းသည် အနာဂတ် ကာလအတွက်သာ မဟုတ်ဘဲ၊ ကျွန်ုပ်တို့ ယခုအချိန်၌ မည်သို့ အသက်ရှင် ရမည်နှင့် ပတ်သက်၍ အရေးပါသော အခြေခံ အချက်လည်းဖြစ်သည်။

မှတ်ချက်။ ။ သက်သာလောနိတ် သြဝါဒစာကို ကိုးကားထားသည်။

  1. EH RAYMOND MU, M.D.

Dip. Theology C. Missiology

Diplomate (American Board of Internal Medicine)

Member (American College of Physicians,

American Society of Internal Medicine)

Leave a Reply

Your email address will not be published. Required fields are marked *